Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၃.၈.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. စိန်ခေါ်များကို အခွင့်အလမ်းများအဖြစ် ပြောင်းလဲနိုင်ဖို့

*****************************************

ဆောင်းပါးကဏ္ဍ

စိန်ခေါ်များကို အခွင့်အလမ်းများအဖြစ် ပြောင်းလဲနိုင်ဖို့

မိုးမြင့်ငြိမ်း

မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး ဖြစ်ထွန်းတိုးတက်မှုများသည် ယင်းကို အမြဲစောင့်ကြည့်လေ့လာနေသော သောတုဇနများ၊ ဂျာနယ်လစ်များ အတွက် ရင်သပ်ရှုမောဖွယ်ကောင်းသော ပြဇတ်တပုဒ်လို အချိုးအကွေ့များ များစွာရှိနေသည်။ နိုင်ငံတကာမီဒီယာများမှ မြန်မာနိုင်ငံ၏ အပြောင်းအလဲ အကောင်းအဆိုးကို တခုတ်တရနဲ့ ဝေဖန်မှုများ ဆထက်တစ်ပိုး တိုးလာလျက်ရှိနေသည်။ နိုင်ငံတော်သမ္မတဦးသိန်စိန်မှ အစိုးရသစ်၏ မူဝါဒများကို ပြည်သူ များအား နိုင်ငံပိုင်မီဒီယာများမှတစ်ဆင့် ထုတ်ဖော်ပြောဆိုမှုများပြုလုပ်ခဲ့ပြီးသော်လည်း နိုင်ငံတကာအသိုင်းအဝိုင်းသိစေရန် နိုင်ငံတကာမီဒီယာနှင့် အထိ အတွေ့များ ယခုထက် ပိုမိုလုပ်ဆောင်ဖို့ လိုအပ်ပါသည်။ နိုင်ငံတကာမီဒီယာများနှင့် အထိအတွေ့များများပြုလုပ်၍ အစိုးရသစ်၏ မူဝါဒနှင့် လက်ရှိ မြန်မာ နိုင်ငံ၏ အခြေအနေများအပေါ်ထားရှိသည့် ရပ်တည်ချက်တို့ကို အကျယ်တဝံ့ ရှင်းလင်းပြနိုင်ဖို့ လိုအပ်သည်။

ယခုလက်ရှိ မြန်မာနိုင်ငံ၏ အခင်းအကျင်းမှာ ပြောင်းလဲလာသည့် အခြေအနေသစ်များ ယခုထက် ပိုမိုပီပြင်လာအောင် လုပ်ဆောင်ရတော့မည် အချိန်ဖြစ်သည်။ တနည်းဆိုရလျှင် နိုင်ငံတည်ဆောက်ရေးအပြောင်းအလဲများ၏ ဖြစ်ထွန်းတိုးတက်မှုများကို လူထုဆက်သွယ်ရေး နည်းလမ်းကောင်း များဖြင့် ပြည်သူများအား စဉ်ဆက်မပြတ် အသိပေးဖို့ပင် ဖြစ်သည်။ အခြေအနေသစ်များ၏ ဝိုးတိုးဝါးတား မပီမပြင်ဖြစ်နေမှုကို ပြည်သူများ ကြုံတွေ့နေ ရခြင်းကြောင့် ဖြစ်သည်။ မူဝါဒရေးရာတည်ငြိမ်မှု နည်းပါးနေသေးသည်ဟု ဆို၍ ရနိုင်ပါသည်။ သို့သော် သမ္မတဦးသိန်းစိန်သည် အစိုးရ၏မူဝါဒနှင့် ရပ်တည်ချက်များအပေါ် နိုင်ငံတကာအသိုင်းအဝိုင်းသိစေဖို့ စင်ကာပူအခြေစိုက် Channel New Asia ရုပ်သံလိုင်းနှင့် ဇူလိုင် ၃၀ ရက်နေ့က အင်တာဗျူး လုပ်ဆောင်ခဲ့သည်။

နိုင်ငံရေးနှင့် ပတ်သက်၍ သမ္မတဖြေကြားသွားသည့် အစိုးရမူဝါဒ (၂)ကို အဓိကထား ပြောကြားသွားခဲ့သည်။ ဤအတိုင်းလည်း အကောင်အ ထည်ဖော် ဆောင်ရွက်နေသည်။ ငြိမ်းချမ်းရေးမှာရရှိဖို့ ကြိုးစားခြင်းသည် အလွန်အကဲဆတ်သည့် အခြေအနေကို ကိုင်တွယ်နေရခြင်းဖြစ်ပြီး ရရှိပြီးလျှင် လည်း တည်ငြိမ်အောင်တနည်း ထာဝရငြိမ်းချမ်းအောင် ထိန်းသိမ်းဖို့ လိုအပ်ပါသည်။ ဦးသိန်းစိန်အနေဖြင့် သူ၏သက်တမ်းအတွင်း ငြိမ်းချမ်းရေးကို ရရှိအောင် ဆောင်ရွက်သွားဖို့ ပြတ်ပြတ်သားသား အကောင်အထည်ဖော်သွားမည့်သဘော ဖြစ်သည်။ CNA ၏ အင်တာဗျူးတွင်လည်း ယင်းကိစ္စနှင့် ပတ်သက်၍ ပြတ်သားမှုကတစ်ဖက်၊ ဆိုးရိမ်မှုကတစ်ဖက်ဖြင့် သမ္မတက “တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ငြိမ်းချမ်းရေးတည်ဆောက်ဖို့ကိစ္စက ဦးစား ပေး(၁) ဖြစ်ပါတယ်။ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဒီမိုကရေစီဆက်လက်ပြီးတော့ ရှင်သန်ဖို့အတွက် ကျွန်တော်တို့တိုင်းပြည်မှာ နိုင်ငံရေးတည်ငြိမ်ဖို့ အတွက်က ပထမအရေးကြီးပါတယ်။ နိုင်ငံရေးတည်ငြိမ်ဖို့အတွက်ဆိုရာမှာလည်း ဒေါ်အောင်ဆန်းစုကြည်ကို ဝိုင်းရံနေတဲ့အင်အားစုတွေနဲ့ အဆင်ပြေဖို့ အတွက် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် သူ့အင်အားစုတွေဟာ နိုင်ငံရေးလုပ်ငန်းစဉ်တွေမှာ ပါဝင်ဖို့ ဒါအရေးကြီးဆုံးဖြစ်ပါတယ်။ ဒီအချက်ကိုလည်း ကျွန်တော်တို့ ဦးစားပေးပြီး လုပ်ပါတယ်။ တချိန်တည်း၊ တစ်ပြိုင်တည်းမှာပဲ လက်နက်ကိုင်ပြီး ဆန့်ကျင်နေတဲ့ အဖွဲ့ ၁၁ ဖွဲ့ရှိပါတယ်။ ဒီအဖွဲ့တွေက လွတ် လပ်ရေးစရကတည်းက ဖြစ်ပေါ်လာတဲ့အဖွဲ့တွေ ရှိပါတယ်။ အရင်အစိုးရအဆက်ဆက်ကလည်း ငြိမ်းချမ်းရေးကို ကြိုးပမ်းခဲ့ပေမယ့်လည်း အောင်မြင်တာ ရှိတယ်၊ မအောင်မြင်တာ ရှိတဲ့အတွက်ကြောင့်မို့လို့ ကျွန်တော်တို့အစိုးရသစ်လက်ထက်မှာ ဒီဟာတွေက အမွေခံအနေနဲ့ ရလာတာဖြစ်ပါတယ်။ ဒီငြိမ်းချမ်း ရေးကို မတည်ဆောက်နိုင်ဘဲနဲ့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်အောင် ဒီမိုကရေစီရှင်သန်အောင် ဘယ်လိုမှ လုပ်လို့မရပါဘူး။ မရတဲ့အတွက်ကြောင့် ကျွန်တော် တို့ အစိုးရသစ်စတက်လာလာချင်း ဒီငြိမ်းချမ်းရေးကို တည်ဆောက်ဖို့အတွက် ဦးစားပေးတစ်ရပ်အနေနဲ့ ငြိမ်းချမ်ေးရးကို တည်ဆောက်ဖို့အတွက် ဖိတ် ခေါ်ခဲ့ပါတယ်။ အားလုံးလက်နက်ကိုင်အဖွဲ့ ၁၁ ဖွဲ့ရှိပါတယ်။ ၁၁ ဖွဲ့မှာ ၁၀ ဖွဲ့နဲ့ပစ်တာ၊ ခတ်တာ၊ တိုက်တာ ရပ်ဆိုင်နိုင်ခဲ့ပြီး ဖြစ်ပါတယ်။ သို့သော်လည်းပဲ နိုင်ငံရေးအရ ဆွေးနွေးသွားစရာတွေတော့ ဆက်ပြီးဆွေးနွေးသွားဖို့ရှိပါတယ်” ဟုပြောကြားသွားခဲ့သည်။

နိုင်ငံရေးတည်ငြိမ်ဖို့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အခန်းကဏ္ဍကိုလည်းသမ္မတ မှ အလေးထားကြောင်း ဤအဖြေတွင် တွေ့ရပေလိမ့်မည်။ ဒီမိုကရေစီဆိုသည်မှာ မတည့်အတူနေစနစ်တနည်း လွတ်လပ်စွာသဘောထားကွဲလွဲနိုင်မှုကို သဘောတူလက်ခံသည့် (agree to disagree) ယဉ်ကျေးမှုရှိခြင်းအတွက်ကြောင့် အာဏာရနှင့် အတိုက်အခံအသွင်ဆောင်နေသည့် ခေါင်းဆောင်နှစ်ဦးစလုံး နိုင်ငံအရေးကိစ္စတိုင်းအပေါ် သဘောထားတူညီမှု ရှိချင်မှ ရှိပေမည်။ နှစ်ပေါင်းများစွာ နေအိမ်အကျယ်ချုပ်ကျခံခဲ့ရသည့် ဒီမိုကရေစီချန်ပီယံတစ်ဦးကို ပင်မရေစီးကြောင်းနိုင်ငံရေးထဲသို့ ရောက်ရှိလာအောင် ညှိနှိုင်းအဖြေရှာ ဆောင်ရွက်ခဲ့ခြင်းမှာ အတော်လှသည့် အပြောင်းအလဲဟူဆို၍ ရနိုင်လောက်သည်။ CNA နှင့် အင်တာဗျူးတွင်လည်း သမ္မတက “မြန်မာနိုင်ငံကို ခုနကလို ဖွံ့ဖြိုးတိုးတက်အောင်၊ စီးပွားရေးတွေ တိုးတက်အောင်၊ နိုင်ငံရေးတွေ တည်ငြိမ်အောင် ဒီလိုလုပ်မယ့်အချက်တွေ ဘုံတူညီတဲ့ အချက်တွေကို လက်တွဲပြီးတော့ လုပ်ကြရအောင်ဆိုပြီးတော့ ညှိကြပြုကြတဲ့အခါမှာ သူလည်း သဘောတူပါတယ်။ သို့သော်လည်း တချို့ ကွဲပြားခြားနားတဲ့ အချက်တွေတော့ ရှိမှာပါ။ ဒါတွေကိုတော့ ဘေးမှာအသာဖယ်ထားပြီးတော့ သူနဲ့ ခုနကလို  မြန်မာနိုင်ငံဘုံအကျိုးစီးပွားဖြစ်တဲ့ တိုင်းပြည် တည်ငြိမ်အေးချမ်းရေးကိစ္စ၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့ကိစ္စ ဒီကိစ္စတွေကို အတူတကွ ပူးပေါင်းလက်တွဲလုပ်ဖို့ ဒီလိုသဘောတူညီချက်တွေ ရခဲ့ပါတယ်။ ခုန မေးခွန်းထဲမှာ မတူညီတဲ့အချက်တွေ။ မတူညီတဲ့အချက်တွေကတော့ သိပ်အထွေအထူးတော့မရှိပါဘူး။ မတူတာကတော့ ကျွန်တော်တို့က နိုင်ငံကိုစီးပွား ရေး ဖွံ့ဖြိုးတိုးတက်အောင် လုပ်ချင်တယ်။ စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင်လုပ်ဖို့အတွက် ပိတ်ဆို့ထားတာတွေကို ကျွန်တော်တို့က ဖြေလျှော့ပေးစေချင် တယ်။ လုံးဝရုပ်သိမ်းပေးစေချင်တယ်။ ဒေါ်အောင်ဆန်းစုကြည် ကမ္ဘာကိုလှည့်ပြီးပြောတဲ့ တွေ့တဲ့အထဲမှာတော့ ရင်းနှီးမြုပ်နှံမှုတွေကို ချက်ချင်းမလာဖို့၊ စဉ်းစဉ်းစားစားနဲ့လုပ်ဖို့ ဆိုတာတွေက ဒီအချက်တွေကတော့ ကွဲပြားခြားနားမှုရှိပါတယ်။ သို့သော်လည်း ဒါတွေက ညှိနှိုင်းယူလို့ရတဲ့ ကိစ္စဖြစ်ပါတယ်” ဖြေ ကြားသွားခဲ့သည်။

ထို့အပြင် စီးပွားရေးအပြောင်းအလဲနှင့် ပတ်သက်ပြီးတော့လည်း နိုင်ငံရေးအပြောင်းအလဲနောက် တဆက်တည်း လိုက်ပါပြောင်းလဲနိုင်မှု မရှိခြင်း မှာ တည်ငြိမ်သော လူ့အဖွဲ့အစည်းဖြစ်ဖို့ ကြီးစွာသောအန္တရာယ်ပင် ဖြစ်သည်။ မြန်မာနိုင်ငံတွင် ယခုအချိန်ထိ စီးပွားရေးလုပ်ဆောင်၍ကောင်းသည့် ရေခံ မြေခံမျိုး ဖန်တီးဖို့တောင် အရှိန်မရသေး ဖြစ်နေသည်။ အခြားနိုင်ငံများနှင့်ယှဉ်လျှင် နှိုင်းရအသာစီးရသည့် လုပ်ငန်းစုမျိုးကိုအစိုးရက ဖန်တီးဖော်ဆောင် မပေးသေးသလို ဈေးကွက်အင်အားစုမှလည်း မလုပ်ဆောင်သေး။ အလားအလာကောင်းရှိသည့် အထည်ချုပ်၊ ရေလုပ်ငန်းတို့တွင်တောင် ရှင်သန်နိုင်ဖို့ မနည်း ကြိုးစားနေရသေးသည်။ သမ္မတ၏ CNA အင်တာဗျူးတွင် စီးပွားရေးပတ်သက်၍ ဖြေဆိုသွားသည်မှာ စိတ်ဝင်စားဖို့ အတော်ကောင်းသည်။ “စိုက်ပျိုးနိုင်ငံ ဖြစ်ခဲ့ပါတယ်။ လယ်ယာကဏ္ဍကို ပြုပြင်ပြောင်းလဲပြီးတော့မှ လက်ရှိထွက်ရှိတဲ့နှုန်းထားတွေနဲ့ ပိုမိုပြီးတော့ ထွက်ရှိအောင် ကြိုးစားပြီး ဆောင်ရွက်နေပါတယ်။ ဒါကြောင့်မို့လို့ စိုက်ပျိုးရေးဝန်ကြီးဌာနကလည်း အရေးကြီးတဲ့ ဝန်ကြီးဌာနတစ်ခုဖြစ်ပါတယ်။ ဒုတိယအချက်ကတော့ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ဖို့အတွက် စက်မှုနိုင်ငံအဖြစ်ကိုသွားဖို့အတွက် ကျွန်တော်တို့ ရည်မှန်းထားပါတယ်။ စက်မှုနိုင်ငံအဖြစ်သွားဖို့အတွက် လတ်တလော လိုအပ် နေတာက ကျွန်တော်တို့တိုင်းပြည်မှာ အလုပ်အကိုင်အခွင့်အလမ်းတွေ တော်တော်လေး နည်းပါတယ်။ နည်းတဲ့အတွက်ကြောင့်မို့လို့ အလုပ်အကိုင် အခွင့် အလမ်း များများရတဲ့ စက်ရုံ၊ အလုပ်ရုံတွေ များများထူထောင်နိုင်ဖို့ ကျွန်တော်တို့ ကြိုးစားနေပါတယ်။ နောက် ဒုတိယအချက်က ကျွန်တော်တို့ တိုင်းပြည် မှာ ထွက်ကုန်တွေ အများရှိပါတယ်။ ဒီထွက်ကုန်တွေက ကုန်ကြမ်းအတိုင်း ရောင်းနေရတယ်။ ဒီထွက်ကုန်တွေကို Value Added လုပ်ဖို့ အသေးစား၊ အလတ်စားစက်ရုံတွေ ထူထောင်ဖို့အတွက် ဒါကိုကြိုးစားပြီး လုပ်နေပါတယ်။ တတိယအချက်ကတော့ ကျွန်တော်တို့မှာ ဂက်စ်တွေရှိတယ်။ နောက်တစ်ခါ သတ္တုတွေရှိပါတယ်။ Heavy Industry လိုဟာမျိုး ထူထောင်ဖို့၊ စတုတ္ထအချက်ကတော့ ITနဲ့ Telecommunication ကိစ္စတွေထူထောင်ဖို့ ကျွန်တော်တို့က ကြိုးစားပြီး ဆောင်ရွက်နေပါတယ်။ စက်မှုဝန်ကြီးဌာနတို့၊ ဆက်သွယ်ရေးဝန်ကြီးဌာနတို့ ဒီဝန်ကြီးဌာနတွေဟာ အရေးပါတဲ့ဝန်ကြီးဌာနတွေ ဖြစ်ပါတယ်” ဟု ပြောကြားသွားခဲ့သည်။

ဦးသိန်းစိန်အစိုးရအနေဖြင့် အစိုးရသက်တမ်းသုံးနှစ်အတွင်း စိန်ခေါ်မှုများက အလွန်များပါသည်။ နိုင်ငံ၏ နိုင်ငံရေးတည်ငြိမ်ရေး၊ အမျိုးသားပြန် လည်သင့်မြတ်ရေးနှင့် စီးပွားရေးပြုပြင်ပြောင်းလဲမှုများအပြင် အာဆီယံဒေသတွင် အလှည့်ကျဥက္ကဋ္ဌတာဝန်ယူရန်လည်း ရှိနေပါသည်။ နိုင်ငံရေးစေတနာ ကောင်းများဖြင့် ဟန်ချက်ညီညီပြောင်းလဲနိုင်လျှင် ယင်းစိန်ခေါ်မှုများမှာ အခွင့်အလမ်းများ ဖြစ်လာလိမ့်မည်ဖြစ်ပါကြောင်း…။

*****************************************


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive

Document yangonchronicle2011
yangonchronicle2011

၃.၈.၂၀၁၂

ပြည်တွင်းသတင်း

  1. ထိုင်းနိုင်ငံ၏ တရားမဝင်မြန်မာလုပ်သားဖမ်းဆီးရေ စတင်
  2. သတင်းလွတ်လပ်ခွင့်ကော်မတီအစည်းအဝေးသို့ စာပေစိစစ်မှဝန်ထမ်းတစ်ဦး တိတ်တဆိတ်တက်ရောက်
  3. အထူးပြုကုမ္ပဏီ ၅၀ ရာခိုင်နှုန်းကျော် တောင်သူများသို့ ချေးငွေပြန်ပေးမည်

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်း

  1. ကွင်တားနားနှင့် ဒီချုပ်ဥက္ကဋ္ဌတွေ့ဆုံ
  2. အလုပ်သမားဆန္ဒဖော်ထုတ်မှုများနှင့်ပတ်သက်၍ စုံစမ်းကော်မရှင်ဖွဲ့စည်းရန်အဆို ဦးအောင်သိန်းလင်း ကန့်ကွက်

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

*****************************

ပြည်တွင်းသတင်း

ထိုင်းနိုင်ငံ၏ တရားမဝင်မြန်မာလုပ်သားဖမ်းဆီးရေ စတင်

ထိုင်းနိုင်ငံအတွင်း တရားမဝင်သွားရောက်အလုပ်လုပ်ကိုင်လျက်ရှိကြသည့် တရားမဝင်မြန်မာလုပ်သားများအား ဖမ်းဆီးရေးစစ်ဆင်ရေးကို ဇူလိုင် လ ၃၁ ရက်နေ့မှ စတင်၍ ထိုင်း-မြန်မာ နယ်စပ်ရှိ မဲဆောက်တွင် စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။

“ထိုင်းနိုင်ငံ မဲဆောက်မှာရှိတဲ့ စက်ရုံ၊ အလုပ်ရုံတွေကို ထိုင်းအာဏာပိုင်တွေက ရှောင်တခင်ဝင်ပြီး စစ်ဆေးပါတယ်။ တရားမဝင် မြန်မာလုပ်သား တွေကိုတွေ့ရင် ထိုင်းရဲကဖမ်းတယ်။ အခုလက်ရှိအချိန်မှာ မြန်မာလုပ်သားတော်တော်များများကို ဖမ်းဆီးလိုက်ပါပြီ။ အဖမ်းခံရတဲ့မြန်မာလုပ်သားတွေကို မြဝတီကတစ်ဆင့် မြန်မာနိုင်ငံထဲကို နယ်နှင်ဒဏ်ပေးမယ်လို့ကြားပါတယ်။ အလုပ်ရှင်တွေကိုလည်း ထိရောက်တဲ့ အရေးယူဆောင်ရွက်မှုတွေ လုပ်ဆောင် မယ်လို့ပြောပါတယ်”ပာု ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားတစ်ဦးက ပြောကြားသည်။

ထို့ပြင် ထိုင်းနိုင်ငံ၌ တရားဝင် သွားရောက်အလုပ်လုပ်ကိုင်လျက်ရှိသော မြန်မာလုပ်သားများမှာလည်း ပွဲစားများ၏ ခေါင်းပုံဖြတ်ခြင်းကို ဆိုးဝါးစွာ ခံနေရပြီး ထိုင်းနိုင်ငံ၌ တရားဝင်အလုပ်လုပ်ကိုင်ခွင့်ရရှိရန် ပွဲစားအဆင့်ဆင့်ကို ဖြတ်သန်းနေရသည့်အတွက် အချိန်ကုန်၊ လူပင်ပန်းကာ၊ ငွေကြေးကုန်ကျ မှုများ အဆမတန်မြင့်မားလျက်ရှိကြောင်း သိရသည်။

“ပြည်တွင်းမှာက အလုပ်အကိုင် အခွင့်အလမ်းအရမ်းကိုရှားပါးပါတယ်။ ခုလက်ရှိ ပြည်တွင်းမှာ အလုပ်မရှိတဲ့သူအရေအတွက် ၁၀ သန်းလောက် ရှိပါတယ်။ ဒါကြောင့် ပြည်တွင်းကလူတွေ ပြည်ပထွက် အလုပ်လုပ်တယ်။ ဒီလိုဆို တကယ်နစ်နာတာက ကျွန်တော်တို့နိုင်ငံပဲ။ ကိုယ့်ဆီက အသိပညာရှင် တွေ၊ အတက်ပညာရှင်တွေ ပြည်ပကိုထွက်သွားတယ်ဆိုတာ တကယ့်ကိုကြီးမားတဲ့ဆုံးရှုံးမှုပါပဲ။ ဒါကြောင့် နိုင်ငံတော်အစိုးရအနေနဲ့ ဆင်းရဲနွမ်းပါးမှုလျှော့ ချရေးနဲ့ အလုပ်အကိုင်အခွင့်အလမ်းဖော်ဆောင်ရေးတွေကို အမြန်ဆုံးလုပ်ဆောင်ပေးသင့်ပါတယ်”ပာု မြန်မာ့အရေးလေ့လာသူတစ်ဦးက ပြောကြားသည်။

ထိုသို့ မြန်မာလုပ်သားများ ထိုင်းနိုင်ငံသို့တရားမဝင်သွားရောက် အလုပ်လုပ်ကိုင်ရခြင်းမှာ ပြည်တွင်း၌ အလုပ်အကိုင်အခွင့်အလမ်းရှားပါးခြင်းနှင့် နယ်စပ်မြို့များတွင် ထိုင်းနိုင်ငံသို့သွားရောက်အလုပ်လုပ်ကိုင်ရန် နိုင်ငံကူးလက်မှတ်ပြုလုပ်ရာတွင် ကြားခံပွဲစားများနှင့် ကြန့်ကြာနေသည့်အတွက် ထိုင်း နိုင်ငံသို့ တရားမဝင်သွားရောက်ခဲ့ခြင်းဖြစ်ကြောင်း မြန်မာအလုပ်သမားအရေးဆောင်ရွက်နေသူတစ်ဦးက ပြောကြားသည်။

YC

-----------------------------------------------------------------------------------------------------------------------------------

သတင်းလွတ်လပ်ခွင့်ကော်မတီ(ယာယီ)အစည်းအဝေးသို့ စာပေစိစစ်မှ ဝန်ထမ်းတစ်ဦး တိတ်တဆိတ် တက်ရောက်

၂၀၁၂ သြဂုတ်လ ၁ ရက်နေ့၌ တော်ဝင်နှင်းဆီခန်းမ၌ ပြုလုပ်ကျင်းပခဲ့သော သတင်းလွတ်လပ်ခွင့်ကော်မတီ(ယာယီ)အစည်းအဝေးသို့ စာပေ စိစစ်နှင့် မှတ်ပုံတင်ဌာနမှ အမည်မသိဝန်ထမ်းတစ်ဦး တိတ်တဆိတ်တက်ရောက်ခဲ့ကြောင်း မီဒီယာသမားတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

ယင်းစည်းဝေးပွဲသို့ တက်ရောက်ခဲ့သော စာပေစိစစ်မှ ဝန်ထမ်းသည် တက်ရောက်သူစာရင်းတွင် လက်မှတ်ရေးထိုးခဲ့သည့်အတွက် လူမှုအဖွဲ့ အစည်းတစ်ခု၏ တာဝန်ရှိသူမှ စကားထွက်ရောက်ပြောဆိုရန် ဖိတ်ခေါ်လိုက်သည့်အခါ ထွက်ပြေးသွားခဲ့ကြောင်း ၎င်းက ဆိုသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ The Voice Weekly မှ စာပေစိစစ်နှင့် မှတ်ပုံတင်ဌာန၏ ဖုန်းအမှတ် ၅၄၄၅၇၈ သို့ ယနေ့ မွန်းလွဲ ၁ နာရီ ၄၀ မိနစ် အချိန်တွင် အတည်ပြုဆက်သွယ်မေးမြန်းခဲ့ရာ တာဝန်ကျအမျိုးသမီးတစ်ဦးက "ကျွန်မတို့ဌာနက တက်တဲ့သူကိုမသိပါဘူး"ဟု ပြန်လည်ဖြေကြားပြီး ဖုန်းချ သွားခဲ့ကြောင်း The Voice Weekly ၏ Facebook စာမျက်နှာဖော်ပြချက်အရ သိရသည်။

သြဂုတ် ၁ ရက်နေ့တွင် ကျင်းပခဲ့သည့် အစည်းအဝေးပြီးနောက် သတင်းလွတ်လပ်ခွင့်(ယာယီ)ကော်မတီမှ အချက်ခုနှစ်ချက်ကို ထုတ်ပြန်ကြေ ညာခဲ့ပြီး ယင်းတို့မှ ပိတ်ခံထားရသည့် ဂျာနယ်သုံးမျိုးအား ပြန်လည်ထုတ်ဝေခွင့်ပြုရန်၊ နောက်ကြောင်းပြန်ဆွဲရန် ကြိုးစားနေသည့် ပုဂ္ဂိုလ်များအား အရေး ယူဖယ်ရှားပေးရန်၊ ၁၉၆၂ ခုနှစ်၌ ထုတ်ပြန်ထားသည့် ပုံနှိပ်အက်ဥပဒေနှင့် မီဒီယာများအား ဖိနှိပ်ကန့်သတ်ထားသော ဥပဒေများကို ဖျက်သိမ်းပေးရန်၊ သတင်းမီဒီယာများအပေါ် အရေးယူမှုများ ထပ်မံလုပ်ဆောင်ခြင်းမပြုရန်၊ ကျင့်ဝတ်နှင့်ညီသည့် မည်သည့်ရေးသားမှုမျိုးမဆို တရားစွဲဆိုမှုများ ရပ်ဆိုင်းရန်၊  မီဒီယာသမားများမပါဝင်ဘဲ ရေးဆွဲထားသည့် မီဒီယာဥပဒေများကို လက်မခံကြောင်း၊ လတ်တလောဖြစ်ပွားနေသော စာပေလွတ်လပ်ခွင့်ဆုံးရှုံးမှုများ အတွက် မီဒီယာသမားများအား နိုင်ငံတော်၏ တာဝန်အရှိဆုံးပုဂ္ဂိုလ်က အမြန်ဆုံး တွေ့ဆုံဖြေရှင်းပေးရန်တို့ဖြစ်ကြောင်း သိရသည်။

YC

-----------------------------------------------------------------------------------------------------------------------------------

အထူးပြုကုမ္ပဏီ ၅၀ ရာခိုင်နှုန်းကျော် တောင်သူများသို့ ချေးငွေပြန်ပေးမည်

အထူးပြုကုမ္ပဏီ ၅၀ ရာခိုင်နှုန်းမှ မြန်မာနိုင်ငံအတွင်းရှိ တောင်သူများ ယခုနှစ်မိုးစပါးစိုက်ရာသီတွင် အဆင်ပြေနိုင်စေရန်  ချေးငွေများ ပြန်လည် ထုတ်ချေးပေးသွားတော့မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးလုပ်ငန်းအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“ပြီးခဲ့တဲ့ ရာသီတွေမှာ တောင်သူတွေအနေနဲ့ အဆင်မပြေလို့ဆိုပြီး ဆန်စပါးကုမ္ပဏီကချေးထားတဲ့ငွေတွေ ပြန်မပေးနိုင်ဘူး။ သူတို့က ပြန်မပေး နိုင်တော့ အထူးပြုကုမ္ပဏီတွေ ရပ်ဆိုင်းရလုနီးပါးကိုဖြစ်သွားတယ်။ ဒီလိုဖြစ်သွားတော့ တောင်သူတွေကို အထူးပြုကုမ္ပဏီတွေက မချေးနိုင်။ မချေးနိုင် တော့ စိုက်ဖို့အတွက် တောင်သူတွေက အဆင်မပြေနဲ့ ဂျာအေးသူ့အမေရိုက်သလို ဖြစ်နေရတယ်။ ဒါကြောင့် တောင်သူတွေပြန်အဆင်ပြေနိုင်ဖို့အတွက် ချေးငွေပြန်ထုတ်ပေးသွားမှာပါ”ပာု ဆန်အထူးပြုကုမ္ပဏီတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ပြည်တွင်းမှ အထူးပြုကုမ္ပဏီများသည် ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်တွင် တောင်သူများအား စိုက်စရိတ်ချေးငွေ လုံလောက်စွာ ချေးပေးခဲ့သော်လည်း တောင်သူများ၏ အဆင်မပြေမှုများနှင့် အခြားအကြောင်းကိစ္စရပ်များကြောင့် အထူးပြုကုမ္ပဏီများအား ချေးငွေပြန်ဆပ်နိုင်ခြင်းမရှိသည့်အတွက် အထူးပြု ကုမ္ပဏီ ၉၀ ရာခိုင်နှုန်းသည် ယခုနှစ်မိုးစပါးစိုက်ရာသီတွင် တောင်သူများအား ချေးငွေထုတ်ပေးမှုကို ရပ်ဆိုင်းခဲ့သည်။

ထို့ပြင် မြနမာနိုင်ငံအတွင်းရှိ တောင်သူများအဆင်ပြေနိုင်စေရန်နှင့် ကမ္ဘာ့ဆန်ဈေးနှုန်းကြီးမြင့်မှုများကို ထိန်းညှိပေးနိုင်ရန် အာဆီယံဆန်စပါး လုပ်ငန်းအသင်းတစ်ရပ် ဖွဲ့စည်းထူထောင်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးလုပ်ငန်းအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“အာဆီယံဆန်စပါးလုပ်ငန်းအသင်းတစ်ခုကို ဖွဲ့စည်းတည်ထောင်သွားမှာပါ။ မြန်မာနိုင်ငံက တောင်သူတွေ အဆင်ပြေနိုင်ဖို့အတွက်နဲ့ ကမ္ဘာ့ဆန် ဈေးကို ထိန်းညှိပေးနိုင်ဖို့ ရည်ရွယ်ပါတယ်။ ဒီအသင်းကို ထိုင်းဆန်စပါးလုပ်ငန်းအသင်းက ဦးဆောင်သွားမှာပါ။ နိုင်ငံတော်သမ္မတကြီးရဲ့ ခွင့်ပြုချက်တာနဲ့ လုပ်ဆောင်သွားမှာပါ”ပာု ၎င်းက ဆက်လက်ပြောကြားသည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံအတွင်းရှိ တောင်သူများမှာ လယ်ယာမြေလုပ်သားရှားပါးမှုများ၊ ရာသီဥတုဖောက်ပြန်မှုများနှင့် စိုက်စရိတ်ချေးငွေ အပြည့်အဝ မရရှိမှုများကြောင့် အခက်အခဲအကြပ်အတည်းနှင့် ရင်ဆိုင်ရလျက်ရှိပြီး ပြည်တွင်းဆန်ဈေးနှုန်းများမှာလည်း ကျဆင်းလျက်ရှိကြောင်း သိရ သည်။

YC

*****************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်း

ကွင်တားနားနှင့် ဒီချုပ်ဥက္ကဋ္ဌတွေ့ဆုံ

သြဂုတ်လ ၂ ရက်နေ့ မနက် ၉နာရီခန့်မှ စတင်၍ တစ်နာရီခွဲကြာ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် မစ္စတာ ကွင်တားနားသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းရှိ သူမ၏နေအိမ်၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းဖော်ပြချက်များအရ သိရသည်။

"စတွေ့တာကတော့ မနက် ၉ နာရီကနေ ၁၀နာရီခွဲအထိတွေ့တာပါ။ ဒါပေမယ့် သတင်းစာရှင်းလင်းပွဲတွေဘာတွေတော့ မလုပ်သွားဘူး။ သတင်း မီဒီယာကလူတွေကတော့ ခြံထဲမှာလာစောင့်တယ်။ ဓါတ်ပုံတောင် ရိုက်ဖို့အချိန်မရခဲ့ဘူး"ဟု တွေ့ဆုံမှုအား သွားရောက်စောင့်ဆိုင်းသတင်းယူသည့် သတင်းမီဒီယာတစ်ဦးက ပြောကြားသည်။

၎င်းတို့သည် ရခိုင်အရေးကိစ္စနှင့် ပတ်သက်၍ အဓိကထား ဆွေးနွေးခဲ့ကြကြောင်း သိရှိရသော်လည်း သတင်းမီဒီယာများနှင့် တွေ့ဆုံရှင်းလင်း မှုများမပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ထို့နောက် မစ္စတာ ကွင်တားနားသည် NLDပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမှုအပြီး၌ နေပြည်တော်သို့ နေ့လည်ပိုင်းအချိန်တွင် ထွက်ခွာသွားကြောင်း သတင်းဖော်ပြချက်များအရ သိရှိရသည်။

ATM

-----------------------------------------------------------------------------------------------------------------------------------

အလုပ်သမားဆန္ဒဖော်ထုတ်မှုများနှင့် ပတ်သက်၍ စုံစမ်းကော်မရှင်ဖွဲ့စည်းရန်အဆို ဦးအောင်သိန်းလင်း ကန့်ကွက်

၂၀၁၂ သြဂုတ်လ ၁ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် ပထမအကြိမ်ပြည်သူ့လွှတ်တော် စတုတ္တပုံမှန်အစည်းအဝေး (၁၉)ရက်မြောက်နေ့တွင် သင်္ဃန်းကျွန်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွှန့်က ရန်ကုန်တိုင်းဒေသကြီးအတွင်း ဖြစ်ပွားခဲ့သည့် လုပ်ငန်းခွင်ဆိုင်ရာ အလုပ် သမားဆန္ဒဖော်ထုတ်မှုများနှင့် ပတ်သက်၍ အများကြည်ညိုလေးစားပြီး ယုံကြည်လောက်သော ပုဂ္ဂိုလ်များပါဝင်သည့် စုံစမ်းကော်မရှင်ဖွဲ့စည်းရန် အဆို တင်သွင်းခဲ့မှုအပေါ် တောင်ဥက္ကလာပမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သိန်းက ကန့်ကွက်ခဲ့ကြောင်း သတင်းရရှိသည်။

ယင်းအဆိုအား မကွေးမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်သိန်းနှင့် အလုံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦခိုင် မောင်ရည်(ခ)ဦးခင်မောင်ရည်တို့ ရေရှည်တွင် အလုပ်သမားများအတွက် ဖြစ်ပေါ်လာနိုင်သည့် ပြဿနာများဖြေရှင်းနိုင်ရန်နှင့် အလုပ်ရှင်၊ အလုပ်သမား ပဋိ ပက္ခများဖြေရှင်းနိုင်ရန်အတွက် ကော်မရှင်တစ်ရပ် ဖွဲ့စည်းဆောင်ရွက်မည်ဆိုပါက ယခင်သာဓကများအရ အဆင်ပြေနိုင်ဖွယ်ရှိကြောင်း ထောက်ခံဆွေး နွေးခဲ့သည်။

ထို့ပြင် တောင်ဥက္ကလာပမဲဆန္ဒနယ်မှ ဦးအောင်သိန်းလင်းက ယခုကဲ့သို့ အလုပ်သမားဥပဒေသစ်များကို အကောင်အထည်ဖော် ဆောင်ရွက်နေ ချိန်တွင် ဥပဒေကို အပြည့်အဝ အကောင်အထည်ဖော်နိုင်ရေးနှင့် သက်ဆိုင်သူအားလုံးက ဥပဒေနှင့် ဥပဒေအရ လုပ်ငန်းစဉ်များကို အပြည့်အဝလိုက်နာပြီး လိုက်နာကျင့်သုံးနိုင်ရေးအတွက် လုပ်ငန်းတာဝန်များ ကျန်ရှိနေသေးသည့်အတွက် အလုပ်သမားဆန္ဒဖော်ထုတ်မှုများနှင့် ပတ်သက်၍ စုံစမ်းရေးကော်မရှင် တစ်ရပ်ဖွဲ့စည်းရန် မလိုအပ်ပါကြောင်းနှင့် အလုပ်သမားနှင့် အလုပ်ရှင်ကြား ယုံကြည်စိတ်ချရမှု ပျိုးဥယျာဉ်ထူထောင်စအချိန်တွင် စုံစမ်းကော်မရှင် ဖွဲ့စည်း ခြင်းသည် တစ်ဖက်နှင့်တစ်ဖက် ယုံကြည်စိတ်ချရမှုမျိုးစေ့ကို တူးဖော်ပစ်ရန် အားထုတ်သကဲ့သို့ ဖြစ်သွားနိုင်သည့်အတွက် အဆိုကို ပြန်လည်ရုတ်သိမ်း သင့်ပါကြောင်း ပြန်လည်ကန့်ကွက် ဆွေးနွေးတင်ပြခဲ့သည်။

ထို့ကြောင့် ၎င်းအဆိုနှင့်ပတ်သက်၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၏ ဆန္ဒရယူရာ ထောက်ခံမဲ(၄၃)မဲ၊ ကန့်ကွက်မဲ(၂၈၈)မဲနှင့် ကြားနေမဲ (၁၇) မဲဖြစ်ခဲ့သည့်အတွက် အဆိုကိုလွှတ်တော်က အတည်မပြုကြောင်း ဆုံးဖြတ်ခဲ့သည်။

YC

*****************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

“ယခုတင်သွင်းသော တက္ကသိုလ်ဥပဒေကြမ်းသည် ၁၉၇၄ခုနှစ် ကာလဆိုရှယ်လစ်စနစ်ကို အထောက်အကူပြုသည့်ဥပဒေကို အနည်းငယ် ပြင်ဆင်မွမ်းမံ ထားသော ဥပဒေကြမ်းဖြစ်သောကြောင့် ထိုဥပဒေကြမ်းသည် ဒီမိုကရေစီနိုင်ငံသစ် တည်ဆောက်နေသော ယန့ကာလနှင့် ဆီလျော်အပ်စပ်မှုမရှိကြောင်း သုံးသပ်တွေ့ရှိရပါတယ်။ တက္ကသိုလ်များ၏ အုပ်ချုပ်ရေး၊ သင်ကြားရေး၊ ဘဏ္ဍာရေး စသည့် အရေးကိစ္စအားလုံးကို ဝန်ကြီးဌာနက ချုပ်ကိုင်ထား သောကြောင့် ဖြစ်ပါတယ်”

“ယနေ့စတင်နေသော ဒီမိုကရေစီစနစ်တွင် နိုင်ငံရေးပါတီများ မကြာခဏ ပြောင်းလဲနေမည်ဖြစ်ရာ ပါတီနိုင်ငံရေးလုပ် ဆောင်မှုများ တက္ကသိုလ်နယ်မြေ အတွင်းသို့ ဝင်ရောက်စွက်ဖက်ခြင်း၊ လွှမ်းမိုးခြင်းမပြုရန် တနည်းအားဖြင့် ပါတီနိုင်ငံရေးကင်းရှင်းသော တက္ကသိုလ်ပညာရေးစနစ်ဖြစ်ရန် အထူးလိုအပ်ပါ တယ်”

သြဂုတ် (၃)ရက်နေ့ထုတ် First Weekly ဂျာနယ် အတွဲ (၁) အမှတ် (၃၉) တွင်ပါရှိသည့် “လက်ရှိပညာရေးဌာနမှ တင်သွင်းလာသော ဥပဒေကြမ်းသည် ခေတ်စနစ်နှင့် ဆီလျော်မှုမရှိသောကြောင့် ပယ်ချသင့်ကြောင်းအဆိုကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် သူရဦးအောင်ကို ဆွေးနွေး”သတင်းမှ သူရဦးအောင်ကို၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်။

-----------------------------------------------------------------------------------------------------------------------------------

ကော်မရှင်ဖွဲ့ပြီးရင် ဥပဒေပါထွက်လာမယ်ဆိုတော့ လက်ရှိဥပဒေကို ကော်မရှင်က ဘယ်တုန်းကထုတ်တာလဲ။ ဘာရည်ရွယ်ချက်နဲ့ ထုတ်တာလဲဆိုတာတွေ အစက ပြန်လေ့လာရမယ်။ လေ့လာပြီးရင် သမ္မတဆီ အစီရင်ခံစာပြန်တင်မယ်။ လက်ရှိ ပြဋ္ဌာန်းထားတဲ့ဥပဒေက မခိုင်လုံတော့ အခုလိုပြဿနာတွေ ဖြစ် နေတာ”

သြဂုတ် ၃ရက်နေ့ သံတော်ဆင့်ဂျာနယ် အတွဲ(၁) အမှတ်(၂၁)တွင်ပါရှိသည့် “အလုပ်သမားနှင့် လယ်သမားနည်းဥပဒေ အားနည်း၊ ထိရောက်သောဥပဒေ ပြဋ္ဌာန်းရန်လိုအပ်” သတင်းမှ ရန်ကုန်တိုင်းဒေသကြီး တစညပါတီမှ တိုင်းအတွင်းရေးမှူး ဦးအုန်းသောင်၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်။

-----------------------------------------------------------------------------------------------------------------------------------

“လက်နက်စွန့်တာကတော့ မြန်မာနိုင်ငံမှာ ပြည်ထောင်စုစနစ် ဖြစ်တည်မယ့်အပေါ်မှာ မူတည်ပါတယ်။ မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ပြည်ထောင်စုစနစ်ကို ရေးဆွဲတဲ့နေရာမှာစနစ်ကျဖို့ အရေးကြီးတယ်။ ပြည်ထောင်စုစနစ် ရေးဆွဲတဲ့ အစီအစဉ်ကျဖို့ဆိုရင်တော့ မဖြစ်နိုင်ဘူး”

သြဂုတ် ၃ရက်နေ့ထုတ် သံတော်ဆင့်ဂျာနယ် အတွဲ (၁) အမှတ် (၂၁)တွင်ပါရှိသည့် “ကရင်ပြည်နယ် ဘားအံမြို့နယ်တောင် ကလေးဆရာတော် ငြိမ်းချမ်း ရေးအတွက်ဖြေကြား ”သတင်းမှ တောင်ကလေးဆရာတော်၏ မိန့်ကြားချက်အပေါ် ကောက်နှုတ်ချက်။

*****************************


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive