Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle 2011- (1)
yangonchronicle 2011- (1)

 

၂၄.၈.၂၀၁၂

ဘာသာပြန်သတင်းများ

  1. မကြာမီလာမည့် ယင်လပ်ခ်၏ မြန်မာခရီးစဉ်တွင် ထားဝယ်ရေနက်ဆိပ်ကမ်းကိစ္စကို ဆွေးနွေးကြဦးမည်

(The Nation သတင်းမှ 22 August 2012 ရက်စွဲပါ “Yingluck to follow up on Dawei sea port during upcoming Myanmar visit” သတင်းကို ဘာသာပြန်ဆိုသည်)

  1. မဲဆောက်တွင် ဒုတိယမြောက် ချစ်ကြည်ရေးတံတား တည်ဆောက်မည်

(The Nation သတင်းမှ  23 August 2012 ရက်စွဲပါ “Second Friendship bridge to be build at Mae Sot” သတင်းကိုဘာသာပြန်ဆိုသည်)

  1. ဆင်ဆာမရှိတော့သော်လည်း သတင်းစာလွတ်လပ်ခွင့် အပြည့်အဝမရသေး

(23 August 2012 ရက်စွဲပါ VOA News မှ “Free Press eludes Burma despite end of censorship” ကိုဘာသာပြန်ဆိုသည်)

  1. ဘဏ်လုပ်ငန်းကဏ္ဍကို လာမည့်နှစ်တွင် မြန်မာဖွင့်ပေးနိုင်ဖွယ်ရှိ

(The Wall Street Journal မှ 23 August 2012 ရက်စွဲပါ “Myanmar might open bank sector next year” သတင်းအကျဉ်းကို ဘာသာပြန်ဆိုသည်။)

  *****************************************

ဘာသာပြန်သတင်းများ

မကြာမီလာမည့် ယင်လပ်ခ်၏ မြန်မာခရီးစဉ်တွင် ထားဝယ်ရေနက်ဆိပ်ကမ်းကိစ္စကို ဆွေးနွေးကြဦးမည်

(The Nation သတင်းမှ 22 August 2012 ရက်စွဲပါ“ Yingluck to follow up on Dawei sea port during upcoming Myanmar visit” သတင်းကိုဘာသာပြန်ဆိုသည်။)

ထိုင်း-မြန်မာ ဖက်စပ်ရေနက်ဆိပ်ကမ်းစီမံကိန်းနှင့် ပတ်သက်၍ နောက်ဆက်တွဲ ဆွေးနွေးရန်အတွက် ဝန်ကြီးချုပ် ယင်လပ်ခ်ရှင်နာဝပ်ထရာ မြန်မာနိုင်ငံသို့ လာမည့်လတွင် သွားရောက်လိမ့်မည်ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆူပရာပေါင် တိုဗီချတ်ချိုင်ကူးက ဗုဒ္ဓဟူးနေ့တွင် ပြောကြားသည်။

စီစဉ်နေသော နှစ်ရက်ကြာတရားဝင် ခရီးစဉ်တွင် ဝန်ကြီးချုပ် ယင်လပ်ခ်သည် မြန်မာသမ္မတ ဦးသိန်းစိန်နှင့် နေပြည်တော်၌ တွေ့ဆုံမည်ဟု သိရ သည်။

ဇူလိုင်လတွင် သမ္မတ ဦးသိန်းစိန်၏ ဘန်ကောက်ခရီးစဉ်တွင်  လက်မှတ်ရေးထိုးခဲ့ကြသော နားလည်မှု စာချွန်လွှာများနှင့် ပတ်သက်၍ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်မှုရှိအောင် ပြုလုပ်မည့် ဝန်ကြီးချုပ် ယင်လပ်ခ်၏ ခရီးစဉ်ကို စက်တင်ဘာလ ၁၃ရက်တွင် စတင်မည်ဖြစ်သည်။

ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်း ကိစ္စအပြင် ထားဝယ် ရေနက်ဆိပ်ကမ်းနှင့် ထိုင်းနိုင်ငံ လမ်ချာဘန် ရေနက်ဆိပ်ကမ်းတို့ကို ချိတ်ဆက်ရေး အစီအစဉ်သည်လည်း ဝန်ကြီးချုပ်၏ ခရီးစဉ်၌ အဓိက ဆွေးနွေးမည့်ကိစ္စတွင် ပါဝင်သည်ဟု ဝန်ကြီးဆူပရာပေါင်က ဆိုသည်။

မြန်မာတောင်ဖက် ကမ်းရိုးတန်း ဖွံ့ဖြိုးရေးမျှသာမကပဲ ထိုင်းနိုင်ငံ အရှေ့ဖက်ကမ်းခြေနှင့်ပါ ချိတ်ဆက်မည့် ၎င်းစီမံကိန်းနှင့် ပတ်သက်၍ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးကိစ္စကို အထက်ပါနားလည်မှု စာချွန်လွှာ ၃ခုဖြင့် ထပ်မံအတည်ပြုထားခြင်း ဖြစ်သည်ဟု သိရှိရသည်။

အထူးသဖြင့် ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းနှင့် ပတ်သက်သည့် နားလည်မှုစာချွန်လွှာက“ မြန်မာနိုင်ငံ၏ မဖွံ့ဖြိုးသေးသော ဒေသကို တိုးတက်စေမည့် မဟာဗျူဟာမြောက် စီးပွားရေး စင်္ကြန်လမ်းအား အကောင်အထည်ဖော်ရန် နှစ်နိုင်ငံ ကတိကဝတ်ပြုထားသော နိုင်ငံခြားရင်းနှီးမြှပ်နှံမှု ကို အခိုင်အမာညွှန်ပြနေသည်။

ထားဝယ် ရေနက်ဆိပ်ကမ်းစီမံကိန်း မရေရာတော့ဟူသော သတင်းများကြောင့် ပြာယာခတ်သွားသည့် ထိုင်းအစိုးရသည် ကြီးမားလွန်းသော မတည်ရင်းနှီးငွေအတွက် ဂျပန်နိုင်ငံကို အကူအညီတောင်းခံလျက်ရှိပြီး၊ တစ်ဖက်တွင်လည်း အခွင့်အရေးမဆုံးရှုံးရလေအောင် မြန်မာအစိုးရအား အသည်းအသန် ညှိနှိုင်းနေသည်ဟု စီးပွားရေး လေ့လာဆန်းစစ်သူများက ပြောကြားသည်။

 --------------------------------------------------------------------------------------------------------------------------------

မဲဆောက်တွင် ဒုတိယမြောက် ချစ်ကြည်ရေးတံတားတည်ဆောက်မည်

(The Nation သတင်းမှ  23 August 2012 ရက်စွဲပါ “ Second Friendship bridge to be build at Mae Sot” သတင်းကို ဘာသာပြန်သည်)

ထိုင်း-မြန်မာ နယ်စပ်တွင် မြဝတီနှင့် မဲဆောက်ကို ဆက်သွယ်မည့် ဒုတိယမြောက် ချစ်ကြည်ရေးတံတားကို မကြာမီ ဆောက်လုပ်တော့မည်ဟု ယခုသီတင်းပတ်က ကျင်းပသော လမ်းဖွံ့ဖြိုးရေးအလုပ်ရုံဆွေးနွေးပွဲတွင် မြန်မာအစိုးရ ဆောက်လုပ်ရေးဝန်ကြီးဌာနက ထုတ်ဖော်ပြောကြားသည်။

တံတားသစ်သည် တန်၆၀ခန့် ခံနိုင်ရည် ရှိမည်ဖြစ်၍ ယာဉ်ကြီးများအတွက် အသုံးပြုမည်ဖြစ်ပြီး၊ လက်ရှိတံတားဟောင်းကို ယာဉ်ငယ်၊ ယာဉ် လတ်များအတွက် အသုံးပြုမည်ဟု ဝန်ကြီးဌာနမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးကျော်လင်းက ဆိုသည်။

တံတားသစ်တည်ဆောက်မည့် နေရာကိုလည်း ရွေးချယ်သတ်မှတ်ပြီးပြီဟု သိရှိရသည်။

အင်္ဂါနေ့က နေပြည်တော်တွင် ပြုလုပ်သော အထက်လွှတ်တော် အစည်းအဝေးတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လွင်က  “ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားအမှတ်(၂) ကိုတည်ဆောက်ရန်စီစဉ်နေကြောင်းနှင့် တံတားသစ်ဆောက်လုပ်ရန် ထိုင်းအစိုးရက အကူအညီပေးမည် ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

 --------------------------------------------------------------------------------------------------------------------------------

ဆင်ဆာမရှိတော့သော်လည်း သတင်းစာလွတ်လပ်ခွင့် အပြည့်အဝမရသေး

(23 August 2012 ရက်စွဲပါ VOA News မှ “Free Press eludes Burma despite end of censorship” ကိုဘာသာပြန်သည်)

လပေါင်းများစွာ အချိန်ဆွဲလာပြီးနောက် မြန်မာနိုင်ငံ၏ ပြန်ကြားရေးဝန်ကြီးဌာနသည် ယခုတစ်ပတ်တွင် ဆယ်စုနှစ်များစွာ သက်တမ်းကြာခဲ့သော ဆင်ဆာမူဝါဒကို ပယ်ဖျက်ပေးခဲ့သည်။ သတင်းထောက်များ၊ အယ်ဒီတာများသည် အသွင်ကူးပြောင်းရေးကာလတွင် ကြိုးစားရုန်းကန်လျက်ရှိပြီး၊ သတင်းစာ လွတ်လပ်ခွင့်မှာ ရရှိခြင်း မရှိသေးကြောင်း အများကပြောကြသည်။

ယခုတစ်ပတ်တွင် မြန်မာနိုင်ငံမှ သတင်းစာစောင်များသည် ၁၉၆၂ ကတည်းက ပထမဦးဆုံး အကြိမ်အဖြစ် ဝန်ကြီးဌာန၏ ဆင်ဆာ ပြုလုပ်ခြင်း မရှိမှုကို စတင်ခဲ့ပြီဖြစ်သည်။

ရန်ကုန်အခြေစိုက် အပတ်စဉ်စာစောင် Myanmar Times မှ ဝန်ထမ်းများအဖို့ ဆင်ဆာမရှိတော့ကြောင်း ကြေညာချက်အပြီး ပထမဆုံး စာစောင် အတွက် လုပ်ဆောင်လျက်ရှိသည်။

အယ်ဒီတာဇော်မြင့်က ရင်ခုန်စိတ်လှုပ်ရှားလျက်ရှိကြောင်း၊ အဘယ့်ကြောင့်ဆိုသော် ဆင်ဆာမရှိတော့ခြင်းကြောင့် အချိန်ကုန်သက်သာပြီး၊ သတင်းရေးသားရာတွင် အရည်အသွေး တက်လာခြင်းကြောင့်ဟုဆိုသည်။

“မင်္ဂလာဆောင်တဲ့နေ့နဲ့ အလားသဏ္ဍာန်တူနေပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ နေ့စဉ်ထုတ်ခွင့်ရရင် ပိုပျော်ပါလိမ့်မယ်။ ဆင်ဆာရဲ့ ချုပ်ကိုင်မှု မရှိတော့ပဲ ကျွန်တော်တို့ရဲ့ စာစောင်ကို နေ့စဉ်ထုတ်ခွင့်ရရင် အဲဒီအချိန်မှာ ပိုပြီးပျော်ဖြစ်မှာပါ” ဟု ၎င်းကပြောသည်။

နိုင်ငံပိုင် သတင်းစာများကသာ နေ့စဉ်ထုတ်ဝေခွင့် ရထားကြသည်။ သို့သော် ပုဂ္ဂလိက ထုတ်ဝေသူများကလည်း နေ့စဉ်သတင်းစာထုတ်ခွင့်ကို မျှော်လင့်လျှက်ရှိသည်။

နာမည်ကျော်ဘလော့ဂါ နေဘုန်းလတ်က ပြောကြားရာတွင် အွန်လိုင်းမီဒီယာများမှာ မြန်မာနိုင်ငံတွင် အကာအကွယ်မဲ့ဖြစ်လျက်ရှိကြောင်း ပြောကြားခဲ့သည်။ ၎င်းကပြောကြားရာတွင် ဘလော့ဂါများမှာ အစိုးရဆန့်ကျင်ရေးများ ကွန်ပြူတာတွင် ပိတ်ပင်ထားသော အီလတ်ထရွန်းနစ်ဥပဒေဖြင့် အရေးယူမှု ခံရနိုင်မှု ရှိနေသေးကြောင်း ပြောသည်။

“လက်ရှိမီဒီယာဥပဒေမှာ အွန်လိုင်းမီဒီယာကို ထည့်သွင်းမထားသေးပါဘူး။ ဒါကြောင့် ကျွန်တော်တို့ လုံခြုံမှုမရှိသေးပါဘူး။ အီလက်ထရွန်နစ်ဥပဒေက ရှိနေသေးတော့၊ အဲ့ဒီဥပဒေအရ ကျွန်တော်တို့ မလုံခြုံသေးပါဘူး”ဟု ၎င်းကပြောသည်။

သဘောမတူညီမှုများရှိနေသူ အယ်ဒီတာဦးကျော်မင်းဆွေကမူ အသစ်ဖွဲ့စည်းခဲ့သော စာနယ်ဇင်းကောင်စီသည် သတင်းစာဆရာများကို အကာ အကွယ် ပေးလိမ့်မဟုတ်ဘဲ ဥပဒေဖြင့် ခြိမ်းခြောက်မှုပုံစံဖြင့် ဆင်ဆာဆက်လက် ရှိနေမည်ကို စိုးရိမ်ကြောင်း ပြောကြားခဲ့သည်။

                “သူတို့က စာပေစိစစ်ရေးရဲ့ စနစ်မှာ တင်-ထုတ်ကနေ ထုတ်-တင်ကို ပြောင်းလိုက်တာပဲရှိပါတယ်။ ကျွန်တော်တို့ ထုတ်ဝေပြီးရင် တင်ပြရဦးမှာပါ။ ဒါကြောင့် အပြည့်အဝလွတ်လပ်ခွင့်ရတယ်လို့ မပြောနိုင်ပါဘူး ”ဟု ၎င်းကပြောသည်။

                ဦးကျော်မင်းဆွေသည် အစိုးရ၏ တရားစွဲဆိုမှုခံထားရသူဖြစ်သည်။ ဆင်ဆာဥပဒေ ဖြေလျှော့ပေးခဲ့သည် ဆိုသော်လည်း၊ အစိုးရ၏ အဂတိလိုက် စားမှုများ သို့မဟုတ် အကဲဆတ်သော အကြောင်းအရာများ သတင်းရေးသား ဖော်ပြပါက တရားစွဲခံရ နိုင်ပါသေးသည်။

 --------------------------------------------------------------------------------------------------------------------------------

မြန်မာနိုင်ငံလည်း ဂြိုလ်တုလွှတ်မည်

(IANS News မှ 22 August 2012 ရက်စွဲပါ“ Myanmar to Launch satellite” သတင်းကို ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံသည် ဂျပန်နိုင်ငံ၏ အကူအညီဖြင့် ဂြိုလ်တုငယ်တစ်လုံး လွှတ်တင်မည်ဟု နိုင်ငံပိုင်မီဒီယာက ဗုဒ္ဓဟူးနေ့တွင် ပြောကြားသည်။ ပို့ဆောင် ဆက်သွယ်ရေး ဝန်ကြီးဌာန လက်အောက်ခံ မိုးလေဝသနှင့် ဇလဗေဒဌာနအတွက် အသုံးပြုရန် ဂျပန်နိုင်ငံ မာရူဘီနီအေရိုစပေ့၏ အကူအညီဖြင့် ဂြိုလ်တု လွှတ်တင်ဖို့ စီစဉ်နေသည်ဟု New Light of Myanmar သတင်းစာက ဆိုသည်။

ယင်းစီမံကိန်းအတွက် ညှိနှိုင်းအစည်းအဝေးကို အင်္ဂါနေ့က နေပြည်တော်တွင် ကျင်းပရာ မြန်မာအစိုးရ ပို့ဆောင်ရေးဝန်ကြီး ဦးဥာဏ် ထွန်း အောင်နှင့် ဂျပန်နိုင်ငံ မာရူဘီနီ အေရိုစပေ့၏ အစီအစဉ်မန်နေဂျာ ရှိုအိချိဆာတိုတို့ တက်ရောက်ခဲ့ကြသည်ဟု တရုတ်ဆင်ဟွာ သတင်းဌာနက ဖော်ပြသည်။

ဂြိုလ်တုလွှတ်တင်ပြီးပါက မိုးလေဝသနှင့် ဇလဗေဒဌာနအနေဖြင့် ရာသီဥတုနှင့် မိုးလေဝသ သတင်းများကို ထုတ်လွှင့်ရန် ဂြိုလ်တုလိုင်းတစ်လိုင်း ကို အသုံးပြုနိုင်မည်ဟု သိရှိရသည်။

--------------------------------------------------------------------------------------------------------------------------------

 ဘဏ်လုပ်ငန်းကဏ္ဍကို လာမည့်နှစ်တွင် မြန်မာဖွင့်ပေးနိုင်ဖွယ်ရှိ

(The Wall Street Journal မှ 23 August 2012 ရက်စွဲပါ“ Myanmar might open bank sector next year” သတင်းအကျဉ်းကို ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံ၌ နိုင်ငံခြားဘဏ်များ လုပ်ငန်းအပြည့်အဝ စတင်ခြင်းကို ယခုနှစ်အတွင်း အစိုးရက ခွင့်ပြုဖွယ်မရှိသော်လည်း လာမည့်နှစ်တွင် ယင်း တို့၏ လုပ်ငန်းတိုးချဲ့မှု ကိုစောနိုင်သမျှစောစော ခွင့်ပြုပေးနိုင်မည့် နည်းလမ်းများကို လေ့လာရှာဖွေနေသည်ဟု မြန်မာနိုင်ငံဗဟိုဘဏ် ဒုတိယဥက္ကဌက ပြောကြားသည်။

ဘဏ်ဝန်ဆောင်မှုလုပ်ငန်းများကို ပြည်တွင်းပုဂ္ဂလိကဘဏ်၁၉ခုနှင့် အစိုးရဘဏ် ၃ခုတို့ကသာ လုပ်ကိုင်နေသော မြန်မာနိုင်ငံတွင် နိုင်ငံခြား ဘဏ်များ အနေဖြင့် ကိုယ်စားလှယ် ရုံးများသာ ဖွင့်လှစ်ခွင့်ရရှိသည်။

ရန်ကုန်မြို့တွင် ယခုသီတင်းပတ် အစောပိုင်းတွင် ပြုလုပ်သော အင်တာဗျူး၌ ဗဟိုဘဏ် ဒုတိယဥက္ကဌ ဦးမောင်မောင်ဝင်းက “ယခုနှစ်အတွင်း ၎င်း အနေအထား ပြောင်းလဲသွားမည့် အလားအလာအလွန့်အလွန် နည်းပါးကြောင်း၊ သို့သော်လည်း  လာမည့်နှစ်အတွင်း စောနိုင်သမျှစောစော ခွင့်ပြုပေးနိုင် မည့် နည်းလမ်းများကို အာဏာပိုင်များက လေ့လာသုံးသပ်နေကြောင်း” ပြောကြားခဲ့ခြင်းဖြစ်သည်။

                        ************************************************************


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive

Document yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၂၃.၈.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံး၊ပြည်သူ့လွှတ်တော်နှင့် နိုင်ငံတော်သမ္မတကြားက အဆုံးအဖြတ်

*****************************************

ဆောင်းပါးကဏ္ဍ

ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံး၊ ပြည်သူ့လွှတ်တော်နှင့် နိုင်ငံတော်သမ္မတကြားက အဆုံးအဖြတ်

နိုင်မော်

မြန်မာနိုင်ငံသည် ၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ ရွေးကောက်ပွဲများကျင်းပခြင်း ပြည်သူ့ကိုယ်စားလှယ်များကို အတည်ပြုပြီး လွှတ်တော် ဖွဲ့စည်းခြင်း၊ နိုင်ငံတော်သမ္မတနှင့် အုပ်ချုပ်ရေးအဖွဲ့အစည်းများဖွဲ့စည်းခြင်းကို ပြုလုပ်ခဲ့ပြီးဖြစ်သည်။ ထို့အတွက်ကြောင့်လည်း မိမိတို့အဆင့်အတန်း ဂုဏ် သိက္ခာနှင့်အညီအာဏာနှင့် တာဝန်ဝတ္တရားများကို အပ်နှင်းပြီးဖြစ်သည့်အတွက် မိမိတို့ကျရာတာဝန်ကို ဆောင်ရွက်နေကြရပြီ ဖြစ်သည်။

ထိုသို့ဖြစ်သည့် အားလျော်စွာ စိန်ခေါ်မှုများ၊ အခက်အခဲများ၊ ပြဿနာများကို နေ့စဉ်နှင့်အမျှ ရင်ဆိုင်ကာ နိုင်ငံတော်အကျိုးအတွက် မှန်ကန်သော ခြေလှမ်းများ လှမ်းချီဆောင်ရွက်နေကြသည်။

သို့သော် မြန်မာနိုင်ငံ၏လွှတ်တော်နှင့် အစိုးရအဖွဲ့သည် ဒီမိုကရေစီနှင့်ပတ်သက်၍ အတွေ့အကြုံ နုနယ်သေးသည် ဖြစ်သည်။ ထိုသို့ဖြစ်သည့် အတွက်ကြောင့်လည်း လုပ်ဆောင်ချက်တိုင်းကို အမြော်အမြင်ရှိရှိ ထိန်းထန်းသိမ်းသိမ်း လုပ်ဆောင်ကြဖို့ လိုအပ်သည်။ ထိုသို့ပြောရခြင်းမှာ ကိစ္စရပ်များ အကြပ်အတည်းများကို ရင်ဆိုင်ဖြေရှင်းတွင် Institution တစ်ခုနှင့်တစ်ခု အာဏာကို ကစားမှုများကြားတွင် အားလုံးအတွက် အဆင်ပြေစေမည့်  ပြဿနာ အဖြေရှာရေးဟူသော လမ်းကြောင်းကို ဦးတည်သွားစေနိုင်ဖို့ ဖြစ်သည်။

နိုင်ငံတော်၏ ဒီမိုကရေစီသို့ သွားရာလမ်းကြောင်းတွင် အခက်အခဲ အကြပ်အတည်းများ တစ်သီတစ်တန်း ကြီးရှိနေသည်ကို တွေ့မြင်ရမည် ဖြစ်သည်။ နိုင်ငံရေး၊ စီးပွားရေးအဘက်ဘက်တွင် အခက်အခဲများ မြောက်များစွာ ရှိနေသည်။ အချို့သော အခက်အခဲများကို ဖြေရှင်းနေဆဲ ဖြစ်သကဲ့သို့ အသစ်တွေ့ရတော့မည့်ဆဲဆဲ ကိစ္စများလည်း ရှိသည်။

အဆိုပါကိစ္စများအနက် အခုတစ်လော မီဒီယာများတွင် ပြောဆိုလာကြသည့် ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံး၏ ဆုံးဖြတ်ချက်နှင့် ပတ်သက်သော ပြောဆိုမှုသည် ယခုလောလောဆယ် အဖြေရှာရမည့်ကိစ္စပင် ဖြစ်ပါသည်။ သို့ဖြစ်ရာ အဆိုပါကိစ္စကို သက်ဆိုင်ရာ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ မဏ္ဍိုင်များ က မည်သို့ဖြေရှင်းကြမည်နည်းဟူသော မေးခွန်းသည် ပဟေဠိသဖွယ် ဂရုပြုစရာဖြစ်နေပေသည်။

အဆိုပါကိစ္စကို သက်ဆိုင်ရာပုဂ္ဂိုလ်တို့ မည်သို့ ညှိနှိုင်းကြမည်လဲ။ ဤဆောင်းပါးတွင် ကျွန်တော့်အနေနဲ့ သက်ဆိုင်သူတို့ လက်ရှိ ဘယ်လိုပြုမူ နေကြတယ်ဆိုတဲ့ ရှုထောင်ဘက်ကနေကြည့်၍ ကောက်ချက်ဆွဲသည့် ပုံစံဖြင့်တင်ပြသွားပါမည်။

 ဖြစ်ပေါ်နေသည့်ကိစ္စ

လက်ရှိဖြစ်ပေါ်နေသည့်ကိစ္စမှာ မတ်လ၂၈ရက်နေ့က နိုင်ငံတော်သမ္မတကိုယ်စား ပြည်ထောင်စုရှေ့နေချုပ်က အခြခံဥပဒေခုံရုံးအား လွှတ်တော်မှ ဖွဲ့စည်းသော ကော်မတီကော်မရှင်နှင့် အဖွဲ့များသည် ပြည်ထောင်စုအဆင့် အဖွဲ့စည်းဟုတ်၊ မဟုတ်ကို အနက်အဓိပ္ပာယ်ဖွင့်ဆိုရန် ပေးပို့သည့်ကိစ္စအပေါ် ခုံရုံးမှ အဆိုပါ ကော်မတီ၊ ကော်မရှင်များသည် ပြည်ထောင်စုအဆင့်မဟုတ်ကြောင်း ဆုံးဖြတ်လိုက်သည့်အတွက် ဖြစ်ပေါ်လာသည့်ကိစ္စ ဖြစ်သည်။

ထိုကိစ္စတွင် ပါဝင်ပတ်သက်သူများကို အုပ်စုသုံးခု တွေ့ရှိရသည်။ ထိုသူတို့မှာ အခြေခံဥပဒေခုံရုံး၊ ပြည်သူ့လွှတ်တော်နှင့် နိုင်ငံတော်သမ္မတတို့ ဖြစ်သည်။ ထိုသို့ဆိုရခြင်းမှာ ခုံရုံးသို့အဆိုတင်သွင်းခဲ့သည်မှာ အုပ်ချုပ်ရေးပိုင်းမှ ဖြစ်ပြီး၊ အဆိုပါဆုံးဖြတ်ချက်အပေါ် မကျေနပ်သည်မှာ ပြည်သူ့ လွှတ်တော်မှ ကိုယ်စားလှယ်များဖြစ်သောကြောင့် ဖြစ်သည်။

နိုင်ငံတော်အခြေခံဥပဒေခုံရုံး

နိုင်ငံတော် အခြေခံဥပဒေဆိုင်ရာခုံရုံးသည် တိုင်းပြည်တွင်အရေးပါသော ပြည်ထောင်စုအဆင့် အဖွဲ့အစည်းတစ်ခုဖြစ်ပြီး လွှတ်တော်များတွင် ပြဋ္ဌာန်းဆောင်ရွက်သည့်ဥပဒေများကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီညွတ်ခြင်း ရှိ၊မရှိ ဆုံးဖြတ်ပေါ်ရသော ဌာနတစ်ခုလည်း ဖြစ်သည်။ ထို့ကြောင့် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ပတ်သက်လျှင် အဓိက ဆုံးဖြတ်ပိုင်ခွင့်ရှိသော တရားရုံးဟု ဆိုနိုင်သည်။ အဆိုပါခုံရုံး၏ ထုတ်ပြန်ချက်အရ  ပြည်ထောင်စုအဆင့် အဖွဲ့ အစည်းများတွင် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖွဲ့စည်းထားသော ပြည်ထောင်စုအစိုးရအဖွဲ့၊ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ်၊ ဘဏ္ဍာရေးကော်မရှင်၊ အခြေခံဥပဒေခုံရုံး၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ပြည်ထောင်စုဝန်ကြီးဌာနများ၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးတို့ကိုသာ ပြည်ထောင်စုအဆင့်အဖွဲအစည်းဟု အခြေခံဥပဒေတွင် အတိအလင်း ဖော်ပြသောကြောင့် ထိုအဖွဲ့အစည်းများကို သာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းအဖြစ် သတ်မှတ်လိုပြီး ကျန်ကော်မတီများကို ထည့်သွင်းဖွင့်ဆိုလိုခြင်း မရှိသည်ကို တွေ့ရသည်။ ထို့ပြင် ခုံရုံးက အနက်အဓိပ္ပါယ်ဖွင့်ဆိုရေး ကိစ္စနှင့်ပတ်သက်၍ ဆုံးဖြတ်သော ကြေညာချက်တွင် “နိုင်ငံတော်သမ္မတက တင်သွင်းသည့် တင်သွင်းလွှာမှာ တည်ဆဲ ဥပဒေတစ်ရပ်ဖြစ်သော လွှတ်တော်အသီးသီးဆိုင်ရာ ဥပဒေများပါ စကားရပ်ကို အဓိပ္ပာယ်ဖွင့်ဆိုရန် တင်ပြခြင်းမဟုတ်၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ စကားရပ်ဖြစ်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖွဲ့စည်းသည့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဆိုသည့် စကားရပ်ကို အဓိပ္ပာယ် ဖွင့်ဆိုရန်သာ ဖြစ်သည်” ဟု ဖော်ပြထားလေသည်။ နိုင်ငံတော် အခြေခံဥပဒေဆိုင်ရာခုံရုံး၏ လုပ်ငန်းတာဝန်မှာလည်း ဖွဲ့စည်းပုံအခြေခံဥပဒေကို အနက် အဓိပ္ပာယ်ဖွင့်ဆိုခြင်း အပါအဝင် အခြားပြဋ္ဌာန်းထားသည့် ဥပဒေများသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီညွတ်ခြင်း ရှိ၊မရှိ စိစစ်ခြင်းတို့ကို ဖြစ်သည်။

ထို့အတွက်ကြောင့် လွှတ်တော်၏ ဥပဒေကိုအဓိပ္ပာယ်ဖွင့်ခြင်းထက် ဖွဲ့စည်းပုံအခြေခံဥပဒေကိုသာ အဓိပ္ပာယ်ဖွင့်၍ ဆုံးဖြတ်ချက်ချခြင်း ဖြစ်သည် ဟု ရှုမြင်မိသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ(၃၂၄)အရ အခြေခံဥပဒေခုံရုံး၏ ဆုံးဖြတ်ချက်သည် အပြီးအပြတ် အတည်ဖြစ်သည်ဟုလည်း ပြဋ္ဌာန်း ထား သည်ဖြစ်ရာ ယခုလက်ရှိ ဖြစ်ပေါ်နေသော အခြေအနေသို့ သက်ရောက်စေသည်ဟု ရှုမြင်မိသည်။ အခြေခံဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့သည် ပညာရှင်အဖွဲ့ အစည်းတစ်ခု ဖြစ်သော်လည်း အခြေခံဥပဒေကို အနက်အဓိပ္ပာယ် ဖွင့်ဆိုရာတွင် အားနည်းမှုရှိနိုင်သေးသည်ဖြစ်ရာ ခုံရုံးနည်းဥပဒေ အခန်း(၅) ပုဒ်မ ၂၁ (ဂ)တွင် ပါရှိသည့် “ဘာသာရပ်ကျွမ်းကျင်သူအား ဖိတ်ခေါ်ပြီး ယင်း၏ သဘောထားနှင့် အကြံဥာဏ်များ ရယူနိုင်သည်”ဟူသော အခွင့်အရေးကို အသုံးပြု သင့်သည်ဟု သုံးသပ်မိပါသည်။

ပြည်သူ့လွှတ်တော်

မြန်မာနိုင်ငံတွင် ပြည်သူ့လွှတ်တော်သည် ပြည်သူကို ကိုယ်စားပြုသော ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းပြီး နိုင်ငံတော်အတွင်းရှိ ပြည်သူများ၏ အကျိုးစီးပွားကို ယူဆောင်လာမည့် ဥပဒေများကို ပြဋ္ဌာန်းရေး၊ပြည်သူများ ကြုံတွေ့နေရသော ပြဿနာများကို အဖြေရှာရေးအတွက် ဆွေးနွေး၊ စီမံရာ နေရာဌာန ဖြစ်သည်။ ထို့နည်းတူ လွှတ်တော်တွင် ကော်မတီ၊ကော်မရှင်များသည် အဓိကအရေးပါသောကဏ္ဍမှ ပါဝင်လျက်ရှိသည်။ အဆိုပါ ကော်မတီ များ၏ ဆောင်ရွက်ချက်များသည် နိုင်ငံတော်အတွင်းရှိ ပြည်သူတစ်ရပ်လုံးကို ကိုယ်စားပြုနေသည်ဖြစ်ရာ ပြည်ထောင်စုအဆင့်မဟုတ်ဟု သတ်မှတ်လိုက် ခြင်းကြောင့် မည်သို့ရှိမည်နည်းဆိုသည်ကိုလည်း စဉ်းစားဖို့ လိုလာသည်။

ဥပမာအားဖြင့် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီသည် နိုင်ငံတော်အတွင်း ပြည်သူများအပေါ် တရားဥပဒေက ကာကွယ် ပေးမှု ရှိ၊မရှိကို သုံးသပ်တင်ပြရမည့် ကော်မတီဖြစ်ပြီး နိုင်ငံတစ်ဝှမ်းလုံးကိုယ်စား ပြုသည်လည်းဖြစ်ရာ အဆိုပါ ကော်မတီကဲ့သို့ ကော်မတီမျိုးကို ပြည်ထောင်စုအဆင့်အဖြစ် လက်မခံနိုင်ခြင်းသည် မည်သို့ရှိမည်နည်း၊ စဉ်းစားဖို့လိုသည်။ ပြည်ထောင်စုအဆင့်မဟုတ်သော အဖွဲ့အစည်း၏ မေးမြန်း ချက်များကို ပြည်ထောင်စုအဆင့်ရှိသူများက ဖြေကြားလိုမှု ရှိနိုင်မည်လား စဉ်းစားသင့်ပေသည်။

ထို့အတွက်ကြောင့် ပြည်သူ့လွှတ်တော်အနေဖြင့် အဆိုပါကိစ္စကို ဖြေရှင်းနိုင်ရန် အခြေခံဥပဒေပါ လုပ်ထုံးလုပ်နည်းများနှင့်အညီ ပြစ်တင်စွဲဆို သည့် နည်းလမ်းကို ပြည်သူ့ကိုယ်စားလှယ် (၃၀၁)ယောက်၏ ထောက်ခံချက်အရ လုပ်ဆောင်ရန် ပြင်နေခြင်းဖြစ်သည်ဟု ဆိုနိုင်သည်။ အကယ်၍ အမျိုးသားလွှတ်တော်မှ မဲအရေအတွက်နှင့်ပေါင်းပြီး သတ်မှတ်မဲအရေအတွက်ရကာ အခြေခံဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်မည်ဆိုလျှင် ခုံရုံး အနေဖြင့် မည်သို့ရှိမည်ဆိုသည်မှာလည်း စဉ်းစားစရာပင်ဖြစ်သည်။

နိုင်ငံတော်သမ္မတ

နိုင်ငံတော်သမ္မတသည် လွှတ်တော်များမှ ဖွဲ့စည်းသောကော်မတီ၊ကော်မရှင်နှင့် အဖွဲ့များသည် ပြည်ထောင်စုအဆင့် ဟုတ်မဟုတ် တင်သွင်းမေး မြန်းခဲ့သူလည်း ဖြစ်သည်။ နိုင်ငံတော်သမ္မတ၏ သဘောထားနှင့်ပတ်သက်၍ သြဂုတ်လ ၂ဝရက်နေ့က ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌထံ ပေးပို့သော သဝဏ် လွှာတွင် လွှတ်တော်ကို “စွပ်စွဲပြစ်တင်သည့်နည်းလမ်းအစား ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၁၂)တွင် တရားဝင်ပေးအပ်ထားသည့် အခွင့်အရေးကို အသုံး ပြုမည်ဆိုပါကလည်း မည်သူ့ကိုမျှ ထိခိုက်မှုမရှိဘဲ သင့်လျော်ကောင်းမွန်မည်ဟု ယူဆပါကြောင်း၊ ဤအဖွဲ့အစည်းနှစ်ခုသည် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပေးအပ်ထားသည့် သီးခြားလွတ်လပ်သော အဖွဲ့အစည်းများဖြစ်ပါသဖြင့် မိမိတို့ကြိုက်နှစ်သက်သည့် နိုင်ငံရေးလမ်းကြောင်းကို ရွေးချယ်နိုင်ခွင့်ရှိပါ ကြောင်း”ဟူ၍ ဖော်ပြထားသည်။ တနည်းအားဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန် အကြံပြုခြင်းဖြစ်သည်။

နိုင်ငံတော်သမ္မတ၏ပြန်ကြားချက်ကိုထောက်ရှုလျှင် သမ္မတအနေဖြင့် ထိုသို့နှုတ်ထွက်ရန် အကြံပြုခြင်းထက် ပိုမိုကောင်းမွန်သည့် နည်းလမ်းဖြစ် သည့် သက်ဆိုင်ရာ အခြေခံဥပဒေကို ပြင်ဆင်ရေးကိုလုပ်ဆောင်ရန် တိုက်တွန်းထားသည်ကို တွေ့ရသည်။ သို့ရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင် ရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၃၅အရ လွှတ်တော်ကိုယ်စားလှယ်စုစုပေါင်း၏ ၂၀ရာခိုင်နှုန်းက ဥပဒေမူကြမ်းအဖြစ်တင်ပြမှုကို ပြည်ထောင်စု လွှတ်တော်က လက်ခံဆွေးနွေးပြီး ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၇၅ရာခိုင်နှုန်းကျော်၏ ထောက်ခံမှုရပြီးပြီဆိုလျှင် ပြည်လုံးကျွတ်ဆန္ဒခံယူ၍ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူထက်ဝက်ကျော်၏ ဆန္ဒမဲဖြင့်သာ ပြင်ဆင်နိုင်မည်ဖြစ်သည်။ သို့ရာတွင် မည်သည့်နည်းလမ်းဖြင့် ဆောင်ရွက်မည်ဟူသည်မှာ နိုင်ငံ တော်သမ္မတ ပြောသကဲ့သို့ပင် သည်လွှတ်တော်၏ ရွေးချယ်မှုအပေါ်တွင် မူတည်မည်ဖြစ်သည်။

အဆိုပါ ပဋိပက္ခမှာခုံရုံး၏ ဆုံးဖြတ်ချက်ဆောင်ရွက်ချက်သည်ပင် ဥပဒေပြုရေးမဏ္ဍိုင်၏ ဆောင်ရွက်ချက်များကို အားနည်းသွားစေသည်။သို့ဖြင့် လွှတ်တော်အမတ်၏ မကျေနပ်မှုများယခုကဲ့သို့ အုပ်ချုပ်ရေးမဏ္ဍိုင်နှင့် ထိပ်တိုင်အငြင်းပွားမှုများကို ဖြစ်လာစေသည်။ ထို့ကြောင့် ခုံရုံး၏ ဆုံးဖြတ်ချက်မှာ အနာဂတ်မြန်မာနိုင်ငံတွင် ဒီမိုကရေစီလက်တွေ့ကျင့်သုံးမှု ပီပြင်ရေးအတွက် အရေးပါသည့်ဖြစ်ရပ် ဖြစ်မည်မှာ အသေအချာပင်ဖြစ်သည်။

ခုံရုံးက လွှတ်တော်ကဖွဲ့စည်းသော ကော်မတီကော်မရှင်နှင့် အဖွဲ့များသည် ပြည်ထောင်စုအဆင့်မဟုတ်ဟု ဆုံးဖြတ်ပြီး လွှတ်တော်က ခုံရုံးအဖွဲ့ဝင် များကို မိမိတို့အသိစိတ်ဖြင့် တာဝန်မှအနားယူရန် ကြိုးပမ်းဆောင်ရွက်သည်။ နိုင်ငံတော်သမ္မတက အခြေခံဥပဒေပြင်ရန် အကြံပြုသည်။ လွှတ်တော်အမတ် များအားလုံးကရော အခြေခံဥပဒေကို ပြင်စေလိုသလား။ ခုံရုံးအဖွဲ့ဝင်များကို ပြောင်းလိုက်ရုံဖြင့်ရော ပြေလည်သွားမည်လော၊ ယခုခုံရုံးအဖွဲ့ဝင်များကရော မည်ကဲ့သို့  ဆောင်ရွက်ကြမည်န်း။ အဆိုပါပြဿနာ၏ အဖြေသည် ခုံရုံးတွင်ရှိသလော၊ လွှတ်တော်တွင်ရှိသလော၊ သမ္မတတွင်ရှိသလော၊ အခြေခံဥပဒေ ပြင်မည်ဟု ကြွေးကြော်၍ ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ပြီး အနိုင်ရလာခဲ့သော ဒေါ်အောင်ဆန်းစုကြည်ကရော ဘယ်လိုမြင်ပြီး ဘယ်လို အဖြေရှာမည်နည်းဆိုသည်မှာ ပြည်သူများအတွက် စဉ်းစားစရာတစ်ခုပင်ဖြစ်နေပြီ ဖြစ်ကြောင်း တင်ပြလိုက်ရပေသည်။

အကောင်းဆုံးနည်းလမ်းကို ရွေးချယ်ကြပါလေ။

*****************************************


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive