Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011
Document yangonchronicle2011

Snapshot of the item below:
yangonchronicle2011

၁.၁၂.၂၀၁၂

ပြည်တွင်းသတင်း  

  1. ပြည်တွင်းသို့တရုတ်ရင်းနှီးမြှုပ်နှံမှုများ ဝင်လာပါကအကျိုးမရှိနိုင်
  1. စီမံကိန်းလုပ်ဆောင်ရန် လိုအပ်သည်ထက် မြေဧကပိုမိုတောင်းခံ
  2. နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု နည်းဥပဒေရေးဆွဲနိုင်ရန် သက်ဆိုင်ရာပညာရှင်များက ကော်မတီဖွဲ့၍ အကြံပြုမည်

နိုင်ငံရေးသတင်း

  1. ရပ်/ကျေး အုပ်ချုပ်ရေးမှူးများအား ဒီဇင်ဘာလအတွင်း အသစ်ရွေးချယ်ခန့်အပ်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

  ********************************************************************************************

ပြည်တွင်းသတင်း

ပြည်တွင်းသို့တရုတ်ရင်းနှီးမြှုပ်နှံမှုများ ဝင်လာပါကအကျိုးမရှိနိုင်

မြန်မာနိုင်ငံအတွင်းသို့ တရုတ်စီးပွားရေး ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာပါက သဘာဝသယံဇာတများသာ ဆုံးရှုံးမည် ဖြစ်သည့်အတွက် နိုင်ငံ အတွက် အကျိုးမရှိနိုင်ကြောင်း ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်တချို့နှင့် အရပ်ဘက် လူအဖွဲ့အစည်းများက သုံးသပ်ကြသည်။

လက်ရှိအချိန်တွင် ပြည်ထောင်စုလွှတ်တော်မှ  နိုဝင်ဘာ ၂ ရက်နေ့တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေကို ပြဋ္ဌာန်းလိုက်ပြီး ဖြစ်သည့် အတွက် ပြည်တွင်းသို့ နိုင်ငံတကာမှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ တရှိန်ထိုး ဝင်ရောက်လာမည်ဖြစ်ပြီး အမေရိကန်နှင့် ဂျပန်ကဲ့သို့သော ကုမ္ပဏီများ ဝင်ရာက်ရင်းနှီးမြှုပ်နှံပါက နိုင်ငံနှင့် ပြည်သူများအတွက် အကျိုးရှိနိုင်ကြောင်း သိရသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက မြန်မာနိုင်ငံတွင် ဆောင်ရွက်လျက်ရှိသော ကျောက်ဖြူ အထူးစီးပွားရေးဇုန်တည်ဆောက်မှုတွင် တရုတ်က ၎င်းတို့ ၏ ပုံရိပ်ကောင်းကိုပြသမည်ဖြစ်ကြောင်း တရားဝင် ပြောကြားထားသော်လည်း လက်ရှိတရုတ်နိုင်ငံမှ ဆောင်ရွက်လျက်ရှိသည့် မြစ်ဆုံဆည်စီမံကိန်းနှင့် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းများတွင် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုများကြောင့် ပြဿနာများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

ထို့ပြင် မြန်မာနိုင်ငံရှိ ကျောက်စိမ်းထွက်သော ဖားကန့်ဒေသတွင် တရုတ်လုပ်ငန်းရှင်များ၏ အလွန်အကျွံထုတ်ယူ သုံးစွဲမှုကြောင့် တောင်များ ကွယ်ပျောက်ကုန်၍ ဥရုချောင်းမှာလည်း တိမ်ကောပျက်စီးသွားကြောင်းသိရသည်။

YC

                                                     **************************************                      

စီမံကိန်းလုပ်ဆောင်ရန် လိုအပ်သည်ထက် မြေဧကပိုမိုတောင်းခံ

မြန်မာနိုင်ငံအတွင်း ဒေသအချို့၌ စီမံကိန်းများလုပ်ဆောင်ရန် လိုအပ်သည့်မြေဧကထက် လုပ်ငန်းရှင်များမှ မြေဧက ထောင်သောင်းများစွာ ပိုမို တောင်းခံခဲ့ကြောင်း သိရသည်။

ထိုသို့ စီမံကိန်းလုပ်ဆောင်ရန် မြေဧက ပိုမိုတောင်းခံမှုများကို သက်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများအရ ထိန်းချုပ်သွားမည်ဖြစ်ကြောင်း သိရ သည်။

လုပ်ငန်းရှင်များသည် လက်ရှိအချိန်များထက် နောင်နှစ်ပေါင်း ၃၀ အချိန်သို့ထိတိုင်ဆွဲတွေး၍ မြေဧကပိုမိုတောင်းခံခဲ့ပြီး စီမံကိန်း မြေနေရာများပေါ်တွင် နေထိုင်သူများအားသစ်တောမှ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အကြောင်းပြ၍ နှင်ထုတ်ခြင်းများ ပြုလုပ်ခဲ့မှုများကြောင့် လူမှုအဖွဲ့အစည်းများအနေဖြင့် ကြိုတင်ပြင်ဆင်လုပ်ဆောင်သင့်ကြောင်း မကြာသေးမီက နေပြည်တော်တွင် ပြုလုပ်ကျင်းပခဲ့သည့် မြေယာပိုင်ဆိုင် လုပ်ကိုင်ခွင့်နှင့် အသုံးပြုခွင့်ဆိုင်ရာ အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲတွင် သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်နိုင်သိန်းက ပြောကြား သည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံ အနှံ့အပြားတွင် လယ်ယာမြေ သိမ်းဆည်းမှုများ၊ စီမံကိန်း နယ်မြေများကြောင့် ပြောင်းရွှေ့ခဲ့ရသည့် ရွာများမှ ဒေသခံများက ဆန္ဒဖော်ထုတ်ခြင်းများ အများအပြား ဖြစ်ပေါ်လျက် ရှိသည့်အတွက် ယင်းကိစ္စရပ်များအား ပြေလည်နိုင်စေရန် နိုင်ငံတော် အစိုးရအနေဖြင့်အမြန်ဆုံး ဆောင်ရွက်သင့်ကြောင်း ပြည်တွင်လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။           

YC

**************************************  

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု နည်းဥပဒေရေးဆွဲနိုင်ရန် သက်ဆိုင်ရာပညာရှင်များက ကော်မတီဖွဲ့၍ အကြံပြုမည်

ပြည်ထောင်စုလွှတ်တော်မှ နိုဝင်ဘာလ ၂ ရက်နေ့တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေကို ပြဋ္ဌာန်းခဲ့ပြီး ဖြစ်သည့်အတွက် ကျန်ရှိသည့် နည်းဥပဒေများ ရေးဆွဲနိုင်ရန် သက်ဆိုင်ရာစီးပွားရေး လုပ်ငန်းရှင်များနှင့် ပညာရှင်များက ကော်မတီတစ်ရပ် ဖွဲ့စည်း၍ အကြံပြုချက်များပေးသွားမည် ဖြစ်ကြောင်း UMFCCI မှတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု နည်းဥပဒေရေးဆွဲရာတွင် ပြည်တွင်းလုပ်ငန်းရှင်များအတွက် အကျိုးရှိစေနိုင်မည့် လုပ်ထုံးလုပ်နည်း၊ နည်းဥပဒေများ ဖြစ်နိုင်စေရန် ကော်မတီက Sector အလိုက်ခွဲ၍ ရေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် နည်းဥပဒေ ရေးဆွဲရေးအတွက် ကျန်ရှိသည့် အဆင့်များကို သက်ဆိုင်ရာဝန်ကြီးဌာနများ၊ သက်ဆိုင်ရာ အသင်းအဖွဲ့များနှင့် ဆက်လက်ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံတော်သမ္မတနှင့် ပြည်ထောင်စုလွှတ်တော်အကြား အပြန်အလှန် ပေးပို့လျက်ရှိသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒကြမ်းကို နိုဝင်ဘာလ ၁ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်၌ ဆွေးနွေးခဲ့ပြီး အချက်(၁၀)ချက် ပြင်ဆင်၍ နိုဝင်ဘာလ ၂ ရက်နေ့တွင် ထုတ်ပြန်ပြဋ္ဌာန်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

လက်ရှိ ပြဋ္ဌာန်းခဲ့သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေတွင် ပြည်တွင်းလုပ်ငန်းရှင်များအတွက် အခက်အခဲဖြစ်စေနိုင်မည့် အချက်များကို ပြင်ဆင်ကာ ပြည်ထောင်စုလွှတ်တော်မှ ပြဋ္ဌာန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

YC

 

***************************************************************************************************

နိုင်ငံရေးသတင်း

ရပ်/ကျေး အုပ်ချုပ်ရေးမှူးများအား ဒီဇင်ဘာလအတွင်း အသစ်ရွေးချယ်ခန့်အပ်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်

ပြည်ထောင်စုအစိုးရအဖွဲ့၏ အခြေခံအုပ်ချုပ်ရေးဖြစ်သည့် ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများအား ဒီဇင်ဘာလအတွင်း အသစ်ရွေးချယ် ခန့်အပ်သွားတော့မည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ဒီဇင်ဘာလ ၁ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြပါရှိသည်။

ထို့ပြင် ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်မှ "ရပ်ကွက်(သို့)ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေ"ကို ပြဋ္ဌာန်းခဲ့ကြောင်း သိရသည်။ ပြည်ထဲရေးဝန်ကြီးဌာနမှလည်း ၂၀၁၂ ဇူလိုင် ၆ ရက်နေ့တွင် ရပ်/ကျေးအုပ်ချုပ်ရေးမှူး ခန့်အပ်ရေးဥပဒေအား အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ရပ်ကွက်(သို့)ကျေးရွာအုပ်စု အုပ်ချုပ်ရေးဆိုင်ရာ နည်းဥပဒေ ကို အမိန့်ကြေငြာစာအမှတ်(၃၈၆/၂၀၁၂)ဖြင့် ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။

ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ ခန့်အပ်ရေးနှင့်ပတ်သက်၍ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၂၈၉ တွင်ရပ်ကွက်(သို့)ကျေးရွာ အုပ်ချုပ်ရေးမှူးများ ခန့်ထားရာတွင် ရပ်ရွာမှကြည်ညိုလေးစား၍ သိက္ခာသမာဓိရှိသည့် ပုဂ္ဂိုလ်တစ်ဦးဦးအား ဥပဒေနှင့်အညီ ခန့်အပ်တာဝန်ပေးအပ်ရန် ပြဋ္ဌာန်းခဲ့သည်။

YC

****************************************************************************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ          

“တိုင်းရင်းရင်းသားလူမျိုးစုတွေရဲ့ အရေးကိုမဖြေရှင်းနိုင်သရွေ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးဆိုတာ မဖြစ်နိုင်သေးဘူး။ အဲဒါက ဖက်ဒရယ်ရမှဖြစ်မှာ။ ဖက်ဒရယ်ရဖို့ဆိုရင် အခြေခံဥပဒေကို ပြင်ဖို့လိုတယ်။ အခုလိုဆွေးနွေးပွဲတွေဆိုတာကလည်း အခြေခံဥပဒေပြင်ဖို့ တွန်းအားတစ်ခုဖြစ်စေမှာပါ။”

ဒီဇင်ဘာ ၁ ရက်နေ့ထုတ် Unity Journal အတွဲ (၁) အမှတ် (၃၆) တွင်ပါရှိသော “နောက်ပြန်မဆုတ်သော ငြိမ်းချမ်းရေးရအောင် အထူးတွန်းအားပေး ဆောင်ရွက်သွားမည်ဟု ရှမ်းတိုင်းရင်းသားများ ငြိမ်းချမ်းရေး ဖိုရမ် သဘောထားထုတ်ပြန်” သတင်းမှ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) နာယက ဗိုလ်ချုပ်ဆေထင် ၏ပြောကြားချက်အားကောက်နှုတ်ချက်။

                                                     ***********************************

“ပြီးခဲ့တဲ့လွှတ်တော်ကော်မတီတွေ ပြည်ထောင်စုအဆင့် ဖြစ်မဖြစ်ဆိုတဲ့ ကိစ္စတုန်းက ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးအပေါ်လွှတ်တော်က လုပ်ဆောင်သလိုမျိုးရှေ့ကိုဆက်လုပ်မလားဆိုပြီး စိုးရိမ်ရတဲ့ အခြေအနေလွှတ်တော်ထဲမှာ ပေါ်ပေါက်ခဲ့တယ်။ ဒီတုန်းက ရှေ့တိုးပြီး အယုံအကြည်မရှိဆိုတဲ့ အဆိုတင်မိကြရင် အင်အားပြိုင်တယ်ဆိုတာ မကောင်းဘူး။ နောက်ကြောင်းပြန်သွားနိုင်မလားဆိုတဲ့ စိတ်မျိုးတွေပေါ်ခဲ့ရတယ်။”

ဒီဇင်ဘာ ၁ ရက်နေ့ထုတ် Unity Journal အတွဲ (၁) အမှတ် (၃၆) တွင်ပါရှိသော “ဖွဲစည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥပဒေကြမ်းကြောင့် သမ္မတနှင့် လွှတ်တော်အားပြိုင်မှုဖြစ်လာ၊ သမ္မတလက်မှတ်မထိုးသည့် ဥပဒေများ နောက်ပိုင်းအများအပြား ထွက်ပေါ်လာနိုင်ဟုဆို” သတင်းမှ ဒေါက်တာအေးမောင် ၏ပြောကြားချက်အားကောက်နှုတ်ချက်။

                                                                 ************************************

“ကျွန်တော်တို့က လူထုနဲ့အတူ ရပ်တည်ပါတယ်။ လပြည့်နေ့က ဖြေရှင်းနည်းကိုတော့ ကျွန်တော်တို့လည်း လက်မခံဘူး။ နောက်ကြောင်းပြန်တာ ကောင်းလား၊ မကောင်းလားဆိုတာ အစိုးရက စဉ်းစားရမယ့်ကိစ္စပါ။ ဒါပေမယ့် လောလောဆယ်မှာတော့ နောက်ကြောင်းပြန်မလှည့်နိုင်တဲ့ လမ်းကြောင်း ပေါ်ကိုရောက်နေပြီလို့ မြင်ပါတယ်။”

နိုဝင်ဘာလ ၃၀ ရက်နေ့ထုတ် မော်ဒန်ဂျာနယ် အမှတ် (၃၃၅) တွင်ပါရှိသော “နောက်ကြောင်းပြန်မလှည့်နိုင်ဟုဆို” သတင်းမှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်၏ ပြောကြားချက်အားကောက်နှုတ်ချက်။

                           ******************************************************************************************

 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

yangonchronicle 2011 - (2)
Document yangonchronicle 2011 - (2)

Snapshot of the item below:
yangonchronicle 2011 - (2)

၃၀.၁၁.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း(၂)

  1. ADB စွမ်းအင်အစီရင်ခံစာတွင် မြန်မာနိုင်ငံ၌ စွမ်းအင်အရင်းအမြစ်ကြွယ်ဝဟုဆို

(27 Nov 2012 ရက်စွဲပါ ADB မှ ADB energy assesment shows wealth of possibilities in Myanmar ကိုဘာသာပြန်ဆိုသည်)

  1. အမေရိကန်ဆီနိတ်တာက ဖမ်းမိသောမြောက်ကိုးရီးယား ပစ္စည်းသတင်းများနှင့်ပတ်သက်၍ ရှင်းလင်းရန် တောင်းဆို

(29 November 2012 ရက်စွဲပါ Canada.com မှMelthew Pennington ,AP ရေးသားသော US senator writes Myanmar Leader over seported seizure of suspect North Korea cargo ကိုဘာသာပြန်ဆိုသည်)

****************************************************

ဘာသာပြန်သတင်းများ

ADB စွမ်းအင်အစီရင်ခံစာတွင် မြန်မာနိုင်ငံ၌ စွမ်းအင်အရင်းအမြစ်ကြွယ်ဝဟုဆို

(27 Nov 2012 ရက်စွဲပါ ADB မှ ADB energy assesment shows wealth of possibilities in Myanmar ကိုဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံတွင် စွမ်းအင်ထုတ်လုပ်မှုနှင့်ပတ်သက်၍ ရေနံနှင့်သဘာဝဓာတ်ငွေ့အစ မြေတွင်းအပူဓာတ်များ၊ သုံးမကုန်နိုင်သော သဘာဝရင်းမြစ်များ အဆုံးများစွာရှိနေသော်လည်း၊ ထုတ်လုပ်သုံးစွဲရန် ငွေအရင်းအနှီး လိုအပ်လျက်ရှိကြောင်း အာရှဖွံ့ဖြိုးရေးဘဏ်(ADB)၏ မြန်မာနိုင်ငံ စွမ်းအင်ကဏ္ဍအပေါ် ကနဦးအကဲဖြတ်ချက်တွင် ဖော်ပြထားပါသည်။

“မြန်မာ့စွမ်းအင်ကဏ္ဍဟာ ဆယ်စုနှစ်များစွာထိုက်သင့်တဲ့ ရင်းနှီးမြှုပ်နှံမှုမရှိခဲ့ပါဘူး။ ဒါကြောင့်လူလေးဦးမှာ တစ်ဦးသာ လျှပ်စစ်အသုံးပြု နိုင်ပါတယ်”ဟု ADB ၏ အရှေ့တောင်အာရှဌာန စွမ်းအင်ဌာနခွဲဒါရိုက်တာ Anthony Jude ကပြောပါသည်။

“မြန်မာနိုင်ငံမှာတံခါးဖွင့်လာတော့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်တွင်းစွမ်းအင် အရင်းအမြစ်တွေကို အသုံးပြုနိုင်မယ့် အခွင့်အရေး ကောင်းတွေရှိလာပါတယ်။ ဒါပေမယ့် ပတ်ဝန်းကျင်ဆိုင်ရာနဲ့ လူမှုရေးဆိုင်ရာတွေကို ကာကွယ်စောင့်ရှောက်မှုကို ဦးစားပေးရပါမယ်”ဟု ၄င်းက ဆိုပါ သည်။

လက်ရှိမြန်မာနိုင်ငံတွင် တစ်ဦးချင်း လျှပ်စစ်အသုံးပြုနိုင်မှုသည် အာရှတွင်အနိမ့်ဆုံးအဆင့်၌ ရှိပါသည်။ ခန့်မှန်းခြေအားဖြင့် မြန်မာနိုင်ငံတွင် မူလစွမ်းအင် အသုံးပြုမှု၏သုံးပုံနှစ်ပုံသည် ထင်း၊ မီးသွေး၊ စိုက်ပျိုးရေး စွန့်ပစ်ပစ္စည်းများနှင့် တိရိစ္ဆာန်စွန့်ပစ်ပစ္စည်းများကဲ့သို့သော အရာများမှ ရရှိပါသည်။ လျှပ်စစ်ဓာတ်အားပေးနိုင်မှုသည် ရန်ကုန်တွင် ၆၇% ရှိပြီး၊ ကျေးလက်ဒေသများတွင် ၁၆% သာရှိပါသည်။

မြန်မာနိုင်ငံတွင် ရေအားလျှပ်စစ်နှင့် သဘာဝဓာတ်ငွေ့ကဲ့သို့သော စွမ်းအင်အရင်းအမြစ်များစွာ ရှိသော်လည်း၊ ၄င်းတို့ကိုအသုံးပြုရန် နှောင့်နှေး နေရခြင်းမှာ ငွေကြေးအကန့်အသတ်ဖြစ်နေခြင်း၊ အရည်အချင်းပြည့်ဝသော ပညာရှင်များ မရှိခြင်း၊ စည်းမျဉ်းဥပဒေများ ချို့တဲ့ခြင်း၊ စွမ်းအင်နှင့်ဆိုင်သော ဝန်ကြီးဌာနများကြား ပူးပေါင်းဆောင်ရွက်မှုနှင့် စီမံမှုမရှိခြင်းကြောင့်ဟု အကဲဖြတ် အစီရင်ခံစာတွင်ဖော်ပြထားပါသည်။

အကဲဖြတ် အစီရင်ခံစာတွင်အကြံပြုထားရာတွင် မြန်မာနိုင်ငံ၏ စွမ်းအင်ကဏ္ဍတွင်ရင်းနှီးမြှုပ်နှံမည့် နိုင်ငံတကာရင်းနှီးမြှုပ်နှံသူများသည် အလယ်အလတ်ကာလနှင့် ကာလရှည်စီမံချက်များကို အာရုံပြုရမည်ဟု ဖော်ပြထားပါသည်။ စွမ်းအင်ထုတ်လုပ်မှု ပြန်လည်ထူထောင်ရေးလုပ်ငန်း၊ ထုတ်လုပ်ဖြန့်ဖြူးခြင်း လုပ်ငန်းနှင့် ရန်ကုန်တွင်ဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံများ ဆောက်လုပ်ခြင်း၊ မြောက်ဖက်မှ ရန်ကုန်သို့ 500KV ဓာတ်အားလိုင်းတည်ဆောက်ခြင်း၊ ရေအားလျှပ်စစ်တိုးတက်ထုတ်လုပ်ရာတွင် စုစည်းနိုင်မှု၊ အသေးစိတ်ပါဝင်နိုင်မှု အစီအစဉ်များချနိုင်ရေး၊ ကျောက်မီးသွေးနှင့် ဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံများ ပြန်လည်ပြင်ဆင်ရေးနှင့် အဆင့်မြှင့်ခြင်း၊ ဓာတ်ငွေ့ပိုက်လိုင်းများ ပြင်ဆင်အဆင့်မြှင့်ခြင်းများ ပါဝင်ပါသည်။

                        *******************************************************

အမေရိကန်ဆီနိတ်တာက ဖမ်းမိသောမြောက်ကိုးရီးယား ပစ္စည်းသတင်းများနှင့်ပတ်သက်၍ ရှင်းလင်းရန် တောင်းဆို

(29 November 2012 ရက်စွဲပါ Canada.com မှMelthew Pennington ,AP ရေးသားသော US senator writes Myanmar Leader over seported seizure of suspect North Korea cargo ကိုဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံသို့သွားသော သဘောင်္ပေါ်မှ နျူကလီယားကိစ္စတွင် အသုံးပြုဖွယ်ရှိသောပစ္စည်းများ ဖမ်းသောသတင်းများနှင့် ပတ်သက်၍ မြန်မာသမ္မတထံသို့ အဖြေတစ်စုံတစ်ရာပေးပါရန် အမေရိကန်ဆီနိတ်တာတစ်ဦးက တောင်းဆိုထားပါသည်။

မြောက်ကိုးရီးယားသည် ယူရေနီယံသန့်စင်မှု(သို့မဟုတ်) ဒုံးကျည်ထုတ်လုပ်မှုတွင် အသုံးပြုမည့်ပစ္စည်းများကို တရုတ်နိုင်ငံမှတဆင့် မြန်မာနိုင်ငံသို့ သဘောင်္တင်ပို့ရန် ကြိုးစားကြောင်း ဂျပန်နိုင်ငံ၏ အဆာဟိရှင်ဘွန်း သတင်းစာတွင် ဖော်ပြထားပါသည်။ ဂျပန်အာဏာပိုင်များသည် သြဂုတ်လက မြောက်ကိုရီးယားသဘောင်္ ဂျပန်တွင်ပြင်ဆင်နေစဉ်အတွင်း အမေရိကန်၏တောင်းဆိုမူကြောင့် ဖမ်းဆီးခဲ့ရာ သတ္တုပိုက်များနှင့် အဆင့်မြင့် အလျုမီနီယမ်သတ္တုစပ်များ ပါဝင်သည်ဟု အဆိုပါသတင်းစာက ဆိုပါသည်။

ကွန်ကရက်တွင် နျူကလီယားမပြန့််ပွားရေး ဦးဆောင်လှုပ်ရှားသူ ရီပတ်ဗလစ်တင် ဆီနိတ်တာ Richard Lugar ကအင်္ဂါနေ့က မြန်မာသမ္မတထံ စာရေး၍ အဆိုပါပစ္စည်းများအသုံးပြုရန် စီစဉ်ထားမှုများနှင့် ရည်ရွယ်ချက်များကိုဖွင့်ပြောရန် တောင်းဆိုခဲ့ပါသည်။ AP သတင်းဌာနက ကြာသာပတေးနေ့က အဆိုပါစာ၏မိတ္တူကို ရရှိခဲ့ပါသည်။

ယခုဖမ်းမိမှုများသည် မြန်မာနိုင်ငံက မြောက်ကိုးရီးယားနှင့် စစ်ရေးအရဆက်ဆံရေးကို ဖြတ်တောက်ရန် ကတိများလိုက်နာခြင်းနှင့်ပတ်သက်၍  စိတ်ပူပန်ဖွယ်ရာ ဖြစ်ရပါသည်။

ဦးသိန်းစိန်က မကြာသေးမီက နျူကလီးယားလုပ်ဆောင်မှုမှန်သမျှ ကုလသမဂ္ဂ၏ စစ်ဆေးမှုခံယူခြင်းကို ခွင့်ပြုရမည့် နိုင်ငံတကာ သဘောတူညီချက်ကို လက်မှတ်ရေးထိုးရန် သဘောတူညီမူအား Lugau ကချီးကျုးခဲ့ပါသည်။

ယခု ဂျပန်က ဖမ်းဆီးရမိမှုများမှာ မြန်မာအစိုးရအတွက် ပွင့်လင်းမြင်သာမှုကိုပြသရန် အခွင့်ကောင်းဖြစ်သည်ဟု Lugar ကပြောပါသည်။

“သဘောင်္မှပစ္စည်းများ၏ ရည်ရွယ်ချက်သည် အာဆီယံအဖွဲ့အတွင်း ငြိမ်းချမ်းရေးကို ထိခိုက်နိုင်ပါတယ်”ဟု lugar ကရေးသားထားပါသည်။

*****************************************************************************************


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive