Transparency Myanmar

transparency.myanmar@gmail.com

CURRENT NEWS
Document CURRENT NEWS

Snapshot of the item below:
CURRENT NEWS

ပြည်တွင်း နိုင်ငံရေး၊ စီးပွားရေး သတင်းစဉ်

  1. ယခင်အစိုးရမှ ပုဂ္ဂလိကအား  စက်သုံးဆီဆိုင်များလွှဲပြောင်းရာတွင် ပွင့်လင်းမြင်သာမှုမရှိသည့်အတွက် စုံစမ်းဖော်ထုတ်မည်
  2. မြန်မာနိုင်ငံအား ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ်(UNDP)မှ ဒေါ်လာ သန်း ၁၅၀ ကူညီ
  3.  ရန်ကုန်ထက် နေပြည်တော် ဂျီဒီပီ ၁၀ ဆ မြှင့်တင်မည်
  4. မျှတသော အခွန်ဥပဒေပြဌာန်းနိုင်ရေး ဆွေးနွေး

ယခင်အစိုးရမှ ပုဂ္ဂလိကအား  စက်သုံးဆီဆိုင်များလွှဲပြောင်းရာတွင် ပွင့်လင်းမြင်သာမှုမရှိသည့် အတွက် စုံစမ်းဖော်ထုတ်မည်

 ယခင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၊ တပ်မတော်အစိုးရလက်ထက်တွင် နိုင်ငံပိုင်စက်သုံး ဆီဆိုင်များအား နီးစပ်ရာ ပုဂ္ဂလိကလုပ်ငန်းရှင်များသို့ လုပ်ပိုင်ခွင့်များ လွှဲပြောင်းပေးအပ်ရာတွင် အနိမ့်ဆုံးဈေးဖြင့် ရောင်းချ ခဲ့မှုများနှင့် ပွင့်လင်းမြင်သာမှုမရှိသည့် ကိစ္စရပ်များအား စုံစမ်းဖော်ထုတ် စစ်ဆေးသွားမည် ဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက ပြောကြားသည်။

ပြီးခဲ့သည့် ၂၀၁၀ မတ်လပိုင်းတွင် နိုင်ငံပိုင် စက်သုံးဆီအရောင်းဆိုင် ၂၄၇ ဆိုင်ကို မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းရှင်ကြီး တစ်ဦးဖြစ်သည့် ဦးဇော်ဇော်ပိုင် မက်စ်မြန်မာ၊ ဦးတေဇပိုင် ထူးထရေးဒင်း၊ ဧရာရွှေဝါ၊ IGE ကုမ္ပဏီ၊ နီလာရိုးမ၊ လွယ်ပိာန်းကုမ္ပဏီ၊ ရွှေတောင်ကုမ္ပဏီ စသည်ကုမ္ပဏီများအား ဈေးနှုန်းနိမ့်ချ၍ ရောင်းချခဲ့ခြင်းများအပေါ် စစ်ဆေး ဖော်ထုတ်သွားမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ ပြည်သူပိုင် စက်သုံးဆီဆိုင်များကို ကာလပေါက်ဈေးထက် ပိုမိုနိမ့်ချလျက်ရောင်းချခဲ့သည့်အတွက် ပြည်သူ့ဘဏ္ဍာ ဆုံးရှုံးနစ်နာမှုများ ဖြစ်ပေါ်လာသည့်အပြင် နိုင်ငံအတွက်လည်း နစ်နာမှုများဖြစ်ပေါ်ခဲ့သော အဆိုပါ ကိစ္စရပ်များကို စုံစမ်းဖော်ထုတ်၍ ဥပဒေအရ ရသင့်ရထိုက်သည့် ပြည်သူ့ဘဏ္ဍာငွေများကို ပြန်လည်ရရှိနိုင်စေရန် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံတော်ပိုင် စက်သုံးဆီဆိုင်များကို ၂၀၁၀ ခုနှစ် ဖေဖော်ဝါရီလတွင် ပုဂ္ဂလိကကဏ္ဍသို့ လွှဲပြောင်းလုပ်ကိုင်ခွင့်ပြု ပေးခဲ့ပြီး ဇွန်လ ၁၀ ရက်နေ့တွင် တစ်နိုင်ငံလုံးရှိ စက်သုံးဆီဆိုင်များ တစ်ပြိုင်နက်တည်း ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ 

YC


မြန်မာနိုင်ငံအား ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ်(UNDP)မှ ဒေါ်လာ သန်း ၁၅၀ ကူညီ

မြန်မာနိုင်ငံ၏ ဒေသတွင်းအုပ်ချုပ်ရေး၊ သဘာဝဘေးအန္တရာယ်လျှော့ချရေးနှင့် ဒီမိုကရေစီနှင့် ထိရောက်သောဖွံ့ဖြိုးမှု အစရှိသည့် ကဏ္ဍကြီးသုံးရပ် ပိုမိုဖွံ့ဖြိုးတိုးတက်လာနိုင်စေရေးနှင့် မြန်မာနိုင်ငံဆိုင်ရာ လုပ်ငန်းစဉ်များအတွက် ၂၀၁၃ မှ ၂၀၁၅ ခုနှစ်ထိတိုင် အမေရိကန်ဒေါ်လာ သန်း ၁၅၀ ကို ကူညီထောက်ပံ့ပေးသွားနိုင်ရန် ဧပြီလ ၈ ရက်နေ့တွင် အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနနှင့် UNDP တို့အကြား သဘောတူလက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

ယခုကဲ့သို့ မြန်မာနိုင်ငံအား UNDP မှကူညီထောက်ပံ့ပေးမည့်ငွေများကို စဉ်ဆက်မပြတ်လူ့အဖွဲ့အစည်းဆိုင်ရာ အလုံးစုံဖွံ့ဖြိုးမှုနှင့် ထိရောက်သော ဒေသတွင်းအုပ်ချုပ်မှုများတွင် ဒေါ်လာ ၅၉ သန်း၊ ရာသီဥတုပြောင်းလဲမှု၊ သဘာဝ ပတ်ဝန်းကျင် စွမ်းအင်နှင့် သဘာဝဘေးအန္တရာယ်လျော့ပါးရေးလုပ်ငန်းများတွင် ဒေါ်လာ ၄၆ သန်းနှင့် ဒီမိုကရေစီအုပ်ချုပ်မှုနှင့် ထိရောက်သောဖွံ့ဖြိုးမှုတို့အတွက် ဒေါ်လာ ၄၅ သန်းတို့ကို ခွဲဝေသုံးစွဲသွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံအနေဖြင့် ၁၉၉၄ ခုနှစ်မှစတင်၍ ၂၀၁၂ ခုနှစ်အထိတိုင် ၁၉ နှစ်ကြာ လူ့စွမ်းရည်ဖွံ့ဖြိုး တိုးတက်မှုအစီအစဉ်(HDI)ကို ရရှိခဲ့ပြီး ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလကုန်မှစတင်၍ Nromal Country Status (ပုံမှန်နိုင်ငံအဆင့်အတန်း)ကို ပြန်လည်ရရှိခဲ့သည့်အတွက် UNDP မှယခုကဲ့သို့ ကူညီထောက်ပံ့မှုများ ပြန်လည်ပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်း နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြပါရှိသည်။

၁၉၉၄ ခုနှစ်မှစတင်၍ မြန်မာနိုင်ငံသို့ စတင်ဝင်ရောက်လာခဲ့သည့် UNDP မှ ကုလသမဂ္ဂအပါအဝင် အခြား အဖွဲ့အစည်းတို့၏ တရားဝင်ထောက်ပံ့ငွေများ၊ ဒေသတွင်းဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် သဘာဝဘေးအန္တရာယ်သင့် ဒေသများပြန်လည်ထူထောင်ရေး လုပ်ငန်းများအတွက် အကူအညီပေးရာတွင် ပြီးခဲ့သည့်လေးနှစ်အတွင်း မြန်မာနိုင်ငံအား အမေရိကန်ဒေါ်လာ သန်း ၁၁၀ ကိုမြို့ကြီး ၆၀ တွင်ထောက်ပံ့ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

YC


 ရန်ကုန်ထက် နေပြည်တော် ဂျီဒီပီ ၁၀ ဆ မြှင့်တင်မည်

၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် နေပြည်တော်ကောင်စီနယ်မြေ၏ အသားတင်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး (GDP)ကို ရန်ကုန်တိုင်းဒေသကြီးထက် ၁၀ဆ နီးပါးမြှင့်တင်ဆောင်ရွက်သွားရန် မျှော်မှန်းထားကြောင်း သိရသည်။

နေပြည်တော်ကောင်စီနယ်မြေ၏ ဂျီဒီပီတိုတက်မှုနှုန်းကို ၇၆ ဒသမ ၇ ရာခိုင်နှုန်းရရှိနိုင်စေရန် မျှော်မှန်း ထားသည့်အတွက် ဂျီဒီပီ ၈ ဒသမ သုည ရာခိုင်နှုန်းတိုးတက်ရန် မျှော်မှန်းထားသည့်  ရန်ကုန်တိုင်းဒေသကြီးထက် ၁၀ ဆနီးပါး တိုးမြှင့်ရန် မျှော်မှန်းထားကြောင်း သိရသည်။ ယခုကဲ့သို့ နေပြည်တော်၏ ဂျီဒီပီတိုးတက်မှုနှုန်းကို မြှင့်တင်ရခြင်းမှာ ၂၀၁၃ ခုနှစ်နှောင်းပိုင်းတွင် ကျင်းပမည့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသည် နိုင်ငံဂုဏ်ကို အတိုင်းအတာတစ်ခုအထိ ဆောင်ကြဉ်းပေးနိုင်သည့် အမျိုးသား အားကစားပွဲတော်ကြီးဖြစ်သောကြောင့် အဆိုပါနေရာ၌အသုံးပြုရန်အတွက် ဖြစ်နိုင်ကြောင်း စီးပွားရေးကျွမ်းကျင်သူတစ်ဦးမှ သုံးသပ်ပြောကြားခဲ့သည်။

အစိုးရ အသုံးစရိတ်သည် စီးပွားရေးဖွံဖြိုးတိုးတက်မှုတွင်များစွာအရေးပါလှသည့်အတွက် ယခုကဲ့သို့ နေပြည်တော်ဂျီဒီပီတိုးမြှင့်မှုကြောင့် အစိုးရ၏အသုံးစရိတ်တွင် မည့်သည့်အကျိုးသက်ရောက်မှုများ ဖြစ်ပေါ်လာနိုင်သည်ကို တွက်ချက်ထားရန် လိုအပ်ကြောင်း စီးပွားရေးပညာရှင်တစ်ဦးဖြစ်သူ ဒေါက်တာအောင်ကိုကိုက ပြောကြားခဲ့ကြောင်း သိရသည်။

ထို့ပြင် လာမည့်ဆီးဂိမ်းပြိုင်ပွဲအတွင်း ပြည်တွင်းထုတ် ကုန်ကြမ်း၊ ကုန်ချော ပစ္စည်းများကို အသုံးပြုပါက ပိုမို ကောင်းမွန်မည်ဖြစ်ပြီး အခြားဒေသထွက်ကုန်များကိုပါ ရောင်းချနိုင်ရန်နှင့် ဈေးကွက်အတွင်းလိုအပ်ချက်များအရ မည်သည့် ပစ္စည်းကို ဈေးနှုန်းမည်မျှဖြင့် ရောင်းချပေးမည်ကို ပြည်တွင်း ထုတ်လုပ်သူများအနေဖြင့် ကြိုတင်စဉ်းစားထားသင့်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

မြန်မာငွေကို မြန်မာနိုင်ငံသားများ လက်တွင်းသို့ ပြန်ဝင်အောင် လုပ်ဆောင်ခြင်းဖြင့် ငွေကြေးလည်ပတ်သုံးစွဲမှု အရှိန်အဟုန် ပိုမိုကောင်းမွန်လာမည်ဖြစ်ကြောင်း ၎င်းက သုံးသပ်ပြောကြားခဲ့ကြောင်း သိရသည်။

YC


မျှတသော အခွန်ဥပဒေပြဌာန်းနိုင်ရေး ဆွေးနွေး

မြန်မာနိုင်ငံအတွင်း စီးပွားရေးလုပ်ငန်းအသီးသီးနှင့် အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများအတွက် မျှတသည့် အခွန်ဥပဒေပြဌာန်းနိုင်ရေးအတွက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသူရဦးရွှေမန်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ စီးပွားရေးဆိုင်ရာ အသင်းအဖွဲ့များ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးပွဲကို ဧပြီလ ၉ ရက်နေ့က UMFCCI ရုံးချုပ်တွင် ကျင်းပခဲ့ကြောင်း သိရှိရသည်။

အဆိုပါဆွေးနွေးပွဲ၌ စီးပွားရေးဆိုင်ရာ အသင်းအဖွဲ့များမှ အများပြည်သူသက်သာစွာဖြင့် အခွန်ထမ်းဆောင်နိုင်ရန်နှင့် ဝင်ငွေပမာဏအား သတ်မှတ်ရာတွင် အများပြည်သူ ဝင်ငွေဖြင့် ကိုက်ညီသည့် နှုန်းထားများအထိ ပြင်ဆင်သတ်မှတ် သင့်သည်များကို ပြင်ဆင်သတ်မှတ်ရန်၊ အခွန်ဆောင်လုပ်ကိုင်နေရသူများနှင့် အခွန်ကင်းလွတ်ခွင့်ရရှိ ထားသည့် လုပ်ငန်းရှင် ကြီးများကြား ကွာဟချက်နှင့် နစ်နာချက်များ၊ အဆိုပါ စီးပွားရေးလုပ်ငန်းရှင်များအား အခွန်ကင်းလွတ်ခွင့်ပေးထားကာ လုပ်ကိုင်စေခြင်း ရှိမရှိ စသောအချက်များကို မေးမြန်းတင်ပြဆွေးနွေးခဲ့ကြောင်း သိရှိရ သည်။

ထို့ပြင် မြန်မာနိုင်ငံအတွင်း အခွန်ကင်းလွတ်ခွင့် ရရှိထားသည့် လုပ်ငန်းရှင်များအား တိကျစွာတင်ပြ ပေးမည်ဆိုပါက လွှတ်တော်မှ ပြန်လည်သုံးသပ်ပေးသွားမည်ဖြစ်ပြီး လာမည့် လွှတ်တော်ပြန်လည်စတင်သည်နှင့် အခွန်ဥပဒေကို လွှတ်တော်၌ဆွေးနွေးကာ အတည်ပြုနိုင်ရေးအတွက် ယခုကဲ့သို့ဆွေးနွေးပွဲကျင်းပရခြင်းဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌသူရဦးရွှေမန်းက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံအတွင်း အခွန်ပေးဆောင်ရာတွင် ပြည်သူများတက်နိုင်သည့် အခွန်စနစ်ဖြစ်ရန်လိုအပ်ပြီး မြန်မာနိုင်ငံအတွင်း အကောက်ခွန် ယဉ်ကျေးမှုထူထောင်ရန် လိုအပ်သည့်အပြင် အခွန်အကောက်ကို အားထားရသည့် နိုင်ငံအဖြစ်ပြောင်းလဲရန် လိုအပ်ကြောင်း ပြည်သူ့လွှတ်တော် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ကြောင်း သိရသည်။

YC


 

 

 

 

 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

INTERNATIONAL MEDIA (1)
Document INTERNATIONAL MEDIA (1)

Snapshot of the item below:
INTERNATIONAL MEDIA (1)

နိုင်ငံတကာသတင်းများ

  1. အထူးအစီရင်ခံစာ-မြန်မာနိုင်ငံတွင် မူဆလင်များသတ်ဖြတ်ရေး ဗုဒ္ဓဘာသာဘုန်းတော်ကြီးများ လှုံဆော်အားပေး (အပိုင်း - ၁)

(8 April 2013 ရက်စွဲပါ Reuters မှ Jason Szep ရေးသားသော SPECIAL REPORT- Buddhist monks incite Muslim Killings in Myanmar ကိုဘာသာပြန်ပါသည်)

  1. ဗုဒ္ဓဘာသာဝင်များနှင့် မွတ်စလင်များအကြား ပဋိပက္ခကြောင့် ဂျင်မီကာတာ စိတ်အနှောက်အယှက်ဖြစ်

(UPI သတင်းဌာနမှ 8 April 2013 ရက်စွဲပါ Myanmar conflict troubles Jimmy Carter ကိုဘာသာပြန်ဆိုသည်)


အထူးအစီရင်ခံစာ-မြန်မာနိုင်ငံတွင် မူဆလင်များသတ်ဖြတ်ရေး ဗုဒ္ဓဘာသာဘုန်းတော်ကြီးများ လှုံဆော်အားပေး

(8 April 2013 ရက်စွဲပါ Reuters မှ Jason Szep ရေးသားသော SPECIAL REPORT- Buddhist monks incite Muslim Killings in Myanmar ကိုဘာသာပြန်ပါသည်)

အပိုင်း ၁

ဗုဒ္ဓဘာသာဘုန်းတော်ကြီးသည် မူဆလင်အမျိုးသမီးငယ်တစ်ဦးကို ဖမ်းချုပ်ထားပြီး လည်ပင်းတွင် ဓါးထောက်လျက် “မင်းတို့ ငါတို့နောက်က လိုက်လာရင် သူ့ကို သတ်လိုက်မှာနော်” ဟု ရဲများကို ရန်စလျက် ပြောသည်ဟု မျက်မြင်တစ်ဦးက` ပြောပါသည်။ ဗုဒ္ဓဘာသာလူအုပ်ကြီးသည် ဓါးများကို ကိုင်ဆောင်လျက် မူဆလင် (၁၀၀) ခန့် နောက်မှ အဆိုပါ မြန်မာပြည်အလယ်ပိုင်းမှ မြို့လေးတွင် လိုက်လံပြေးလျက်ရှိပါသည်။

ထိုနေ့က မတ်လ (၂၁) ရက်ကြာသာပတေးနေ့ ဖြစ်ပါသည်။ နာရီပိုင်းအတွင်း မူဆလင် ၂၅ ဦးခန့် အသတ်ခံရပါသည်။ ဗုဒ္ဓဘာသာလူအုပ်ကြီးသည် ၎င်းတို့၏ခန္ဓာကိုယ်များကို မင်္ဂလာဈေးရုံဟုခေါ်သော တောင်ပေါ်သို့ သယ်၍ မီးရှို့ခဲ့ကြပါသည်။ အချို့အလောင်းများကို သားသတ်ရုံမှာကဲ့သို့ ခုတ်ထစ်ပြီး ရေကန်ဘေး ရွှံ့နွံများထဲရှိ ကိုင်းတောထဲတွင် တွေ့ရပါသည်။ Reuters မှ ကင်မရာမင်းသည် အသက် ၁၀ နှစ် သို့မဟုတ် ၎င်းထက်ငယ်သော ကလေးနှစ်ဦး၏ မီးလောင်ထားသော အကြွင်းအကျန်ကို တွေ့ရပါသည်။

မြန်မာနိုင်ငံတွင် ၂၀၁၁ ခုနှစ် မတ်လ၌ ၄၉ နှစ်ကြာ စစ်အုပ်ချုပ်ရေး ပြီးကတည်းက တိုင်းရင်းသားအပေါ် ထားရှိသော အမုန်းတရားမှာ ဝုန်းခနဲ ထွက်ပေါ်လာပါသည်။ ၎င်းသည် ပျံ့နှံ့လာခဲ့ပြီး တိုင်းပြည်၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို ခြိမ်းခြောက်လာခဲ့ပါသည်။ တိုင်းရင်းသားများကို ရှင်းပစ်သည့် လက္ခဏာများ ပေါ်ထွက်လာပြီး အားပေးအားမြှောက်ပြုသူများ ကိုလည်း အရေးယူခြင်းမရှိပေ။

မြို့တော် နေပြည်တော်မှ မိုင် ၈၀ (၁၃၀ ကီလိုမီတာ) သာဝေးသော လူတစ်သိန်းခန့်နေသော အဆိုပါ ဖုန်ထူသော မြို့ကလေးတွင် လေးရက်အတွင်း အနည်းဆုံး လူ ၄၃ ဦးခန့်သေဆုံးခဲ့ပါသည်။ လူပေါင်း ၁၃၀၀၀ ခန့်မှာ နေအိမ်များ၊ လုပ်ငန်းများကို စွန့်လွှတ်ခဲ့ရရာ အများစုမှာ မူဆလင်များ ဖြစ်ကြပါသည်။ ဗုဒ္ဓဘာသာလူအုပ်ကြီး ဦးဆောင်သော အဆိုပါ သွေးစွန်းသောဖြစ်ရပ်များသည် မြန်မာနိုင်ငံအလယ်ပိုင်းတွင် အခြားရွာ ၁၄ ခုခန့်အထိ ပြန့်နှံ့သွားခဲ့ပြီး အာရှတွင် တိုင်းရင်းသားပေါင်းစုံ ကွဲပြားခြားနားမှုအရှိဆုံး တိုင်းပြည်တစ်ခု၌ မူဆလင်များ စိုးရိမ်နေရမည့်အနေအထားကို ဖြစ်စေပါသည်။

မျက်မြင်သက်သေ ၃၀ ကျော်ကို တွေ့ဆုံမေးမြန်းထားမှုအပေါ် အခြေခံလျှက် အဓိကရုဏ်းအပေါ် စစ်ဆေးခဲ့ရာ မိတ္ထီလာတွင် မူဆလင် ၂၅ ဦးအား သတ်ဖြတ်မှု၌ ဗုဒ္ဓဘာသာရဟန်းများက ဦးဆောင်ကြောင်း ပေါ်ထွက်ခဲ့ပါသည်။ အဆိုပါ သတ်ဖြတ်မှုများမှာ ရဲများ၏ မြင်ကွင်းရှေ့တွင် ဖြစ်ပျက်ခဲ့ပြီး ဒေသဆိုင်ရာ သို့မဟုတ် ဗဟိုအစိုးရ၏ ဝင်ရောက်ကိုင်တွယ်မှု လည်း မရှိခဲ့ပေ။ နံရံတစ်ခုပေါ်တွင် ရေးထားသော ဂရပ်ဖတီတစ်ခုက မူဆလင်ရှင်းလင်းမှု ကို တောင်းဆိုထားပါသည်။

ရန်ကုန်မြို့မှ နာရီအနည်းငယ်သာ ကားမောင်းရသောခရီးတွင် ရှိသော အခြားမြို့များတွင် ဖြစ်ပွားသော မငြိမ်သက်မှုများမှာ စနစ်တကျ စီစဉ်ထားမှုများ ရှိခဲ့ပြီး ရဲများမှာ မမြင်ချင်ယောင်ဆောင်ထားသဖြင့် အားပေးအားမြှောက် ပြုသည့်သဖွယ် ဖြစ်နေပါတော့သည်။ မတ်လ ၂၁ ရက်နေ့က သတ်ဖြတ်မှုအပြီးတွင်ပင် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် နောက်ထပ် သုံးရက် ဆက်လက်ဖြစ်ပေါ်နေမှုကို မရပ်တန့်နိုင်ခဲ့ပေ။ ထို့ကြောင့် ထရပ်ကားများကို မီးရှို့၍ လမ်းပိတ်ထားခြင်း၊ ကယ်ဆယ်ရေးလုပ်သားများကို ခြိမ်းခြောက်ခြင်းနှင့် ပတ်ဝန်းကျင်အခြေအနေတစ်ခုလုံးကို ဆိုးရွားသွားအောင် လုပ်ခဲ့သော ရက်ဒီကယ်ဘုန်းတော်ကြီးများ လက်ထဲသို့ လုပ်ချင်ရာလုပ်လေတော့ဟု အာဏာထည့်ပေးလိုက်သည့်သဖွယ် ဖြစ်နေပါတော့ သည်။

ထိုဖြစ်ရပ်အတွက် ဗုဒ္ဓဘာသာများတွင်ပင် တာဝန်ရှိသည် မဟုတ်ပေ။ ၎င်းတို့သည် အဓိကရုဏ်းကို စတင်ဖြစ်ပေါ်စေသည် ဖြစ်ကောင်းဖြစ်မည်ဖြစ်သော်လည်း ပထမဆုံးသေဆုံးသူမှာ မူဆလင်များ၏ အသတ်ခံရသော ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး တစ်ပါးဖြစ်ပါသည်။

မိတ္ထီလာသတ်ဖြတ်မှုကြီးသည် ပြီးခဲ့သည့်နှစ်က မြန်မာနိုင်ငံအနောက်ပိုင်းတွင် ဗုဒ္ဓဘာသာများ စီးစဉ်သော ပြင်းထန်သော ဖြစ်ရပ်နှင့် အစိုးရက နှောင့်နှေးပုံအား Reuters မှ အသေးစိတ်တင်ပြခဲ့ပြီးသည့်ပုံစံနှင့် ထပ်တူပင် ဖြစ်ပါသည်။ ယခုတစ်ကြိမ်တွင်မူ တိုင်းပြည်၏အလယ်ပိုင်း မဟာဗျူဟာကျသောမြို့တွင် သွေးစွန်းသောဖြစ်ရပ် ဖြစ်ခဲ့ရပါသည်။ ထို့ကြောင့်ပင် ပြုပြင်ပြောင်းလဲရေးသမား ဦးသိန်းစိန်သည် လုံခြုံရေးတပ်ဖွဲ့များအပေါ် အပြည့်အဝ ချုပ်ကိုင်နိုင်မှု ရှိ မရှိ မေးခွန်းများ ထွက်ပေါ်လာပါသည်။

ဗုဒ္ဓဘာသာအများစုနေထိုင်သော တိုင်းပြည်တွင် ယခုမငြိမ်သက်မှုသည် ဖုံးကွယ်နေသောအမှန်တရားတစ်ခုကို ထုတ်ဖော်ပြလိုက်သလို ဖြစ်ရပါသည်။ ၎င်းမှာ ဘုန်းတော်ကြီးများသည် လွန်ခဲ့သော ဆယ်စုနှစ်မှစ၍ မူဆလင်ဆန့်ကျင်ရေး မငြိမ်သက်မှုများတွင် အဓိကကျသော ကဏ္ဍမှ ပါဝင်နေသည်ဆိုသည့် အချက်ဖြစ်ပါသည်။ အဆိုပါပြင်းထန်သော ဖြစ်ရပ်များနှင့် ဆက်စပ်နေသော လူ ၄၂ ဦးအား ဖမ်းဆီးထားသည် ဆိုသော်လည်း ဘုန်းတော်ကြီးများသည် ပြဿနာကို မီးမွှေးပေးခဲ့သည့် ၉၆၉ ဟုခေါ်သည့် ဗုဒ္ဓဘာသာအမျိုးသားရေး လှုပ်ရှားမှုကို ဆက်လက်လုပ်ဆောင်နေပါသည်။

ဆန်းစစ်မှုများအရ ယခုစေ့ဆော်မှုသော အကြောင်းမှာ ဘာသာရေးကြောင့်သာမဟုတ် စီးပွားရေးနှင့် သက်ဆိုင်သော အကြောင်းများလည်း ရှိသည်ဟု အကြံပြုများ ရှိပါသည်။ မြန်မာနိုင်ငံအလယ်ပိုင်းနှင့် မိတ္ထီလာတွင် မူဆလင်များမှာ ယေဘုယျအားဖြင့် ဗုဒ္ဓဘာသာများထက် ပို၍ ချမ်းသာကြပါသည်။ မြန်မာတနိုင်ငံလုံးတွင် မူဆလင်ဦးရေသည် ၅ %ခန့်ရှိပြီး မိတ္ထီလာတွင် မူဆလင်ဦးရေသည် သုံးပုံတစ်ပုံခန့် ရှိပါသည်။ ၎င်းတို့သည် နေရာကောင်းများတွင် နေအိမ်များ ပိုင်ဆိုင်ပြီး လျှပ်စစ်ပစ္စည်းဆိုင်များ၊ အဝတ်အထည်ဆိုင်များ၊ စားသောက်ဆိုင်များနှင့် မော်တော်ဆိုင်ကယ် လက္ကားဆိုင် ကြီးများ ပိုင်ပါသည်။ ၎င်းတို့သည် မိတ္ထီလာ ဗုဒ္ဓဘာသာအများစုထက် ဝင်ငွေကောင်းပြီး ဗုဒ္ဓဘာသာများမှာ အလုပ်သမားများ လမ်းဘေးဈေးသည်များသာ ဖြစ်ပါသည်။

မြန်မာနိုင်ငံသည် ရာစုတစ်ဝက်ခန့် စစ်တပ်များ၏ မှားယွင်းသောအုပ်ချုပ်မှုအောက်တွင် အထီးကျန်ခဲ့ရာမှ စတင် လွတ်မြောက်လာရာ အာရှတွင် နောက်ဆုံးထွက်ပေါ်လာသည့် ဈေးကွက်မျက်နှာစာသစ်အဖြစ် အားကောင်းသော စီးပွားရေးအကျိုးစီးပွားများ အသင့်နေရာယူပြီး စောင့်နေသည့်သဖွယ် ရှိပါသည်။ မကြာသေးမီက ပြင်းထန်သော ဖြစ်ရပ်သည် ကာလကြာရှည်ကတည်းက စီးပွားရေးကောင်းမွန်စွာ ထူထောင် ထားသော မူဆလင်အသိုင်းအဝိုင်းကို နောက်ဆုံး ဖြစ်ပေါ်လာသည့် စီးပွားရေးအခွင့်အလမ်းများမှ ဖယ်ထုတ်နိုင်လေမည်လားဟု ခြိမ်းခြောက်လာသည့် သဘောရှိပါသည်။ မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကာလတွင် မငြိမ်သက်မှုများအတွက် မီးထိုးပေးမှုသည် ရုန်းကန်ရမည့်ကိစ္စရပ်များ၏ အစိတ်အပိုင်း ဖြစ်လာပါသည်။

ဒေါ်အောင်ဆန်းစုကြည်သည် တင်းမာမှုများ ရပ်ဆိုင်းသွားအောင် မလုပ်နိုင်၍ ၎င်း၏ပုံရိပ် အားနည်းသွားနိုင်ပါသည်။ ဒေါ်အောင်ဆန်းစုကြည်သည် ဗုဒ္ဓဘာသာကိုးကွယ်သူဖြစ်ပြီး တရားဥပဒေစိုးမိုးရေး မရှိလျှင် ပြင်းထန်သောဖြစ်ရပ်များ ပျံ့နှံ့နိုင်ကြောင်း သတိပေးသည်မှ လွဲ၍ ဘာမှ မပြောခဲ့ပေ။

ဒေါ်အောင်ဆန်းစုကြည်သည် အဆိုပါကိစ္စအတွက် အင်တာဗျူးလုပ်ရန် ငြင်းဆိုခဲ့ပါသည်။

(ဆက်လက်ဖော်ပြပါမည်)  


ဗုဒ္ဓဘာသာဝင်များနှင့် မွတ်စလင်များအကြား ပဋိပက္ခကြောင့် ဂျင်မီကာတာ စိတ်အနှောက်အယှက်ဖြစ်

(UPI သတင်းဌာနမှ 8 April 2013 ရက်စွဲပါ Myanmar conflict troubles Jimmy Carter ကိုဘာသာပြန်ဆိုသည်)

photo credit by AP

မြန်မာနိုင်ငံရှိ ဗုဒ္ဓဘာသာနှင့် မွတ်စလင်အသိုင်းအဝိုင်းအကြား ဆူပူအကြမ်းဖက်မှုများက အစိုးရ၏ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုလုပ်ငန်းစဉ်များကို အန္တရာယ်ဖြစ်စေသည်ဟု အမေရိကန်သမ္မတဟောင်း ဂျင်မီကာတာက ပြောကြားသည်။

မြန်မာအစိုးရသည် ပြီးခဲ့သည့် မတ်လအတွင်း ဗုဒ္ဓဘာသာဝင်များနှင့် မွတ်စလင်များအကြား ဖြစ်ပွားခဲ့သော ဆူပူအကြမ်းဖက် တိုက်ခိုက်မှုများကို တုံ့ပြန်သောအားဖြင့် ကာဖျူးအမိန့်နှင့် အရေးပေါ်အခြေအနေထုတ်ပြန်ခဲ့သည်။

သမ္မတ ဦးသိန်းစိန်ကမူ ထိုသို့ ဗုဒ္ဓဘာသာများနှင့်  မွတ်စလင်များ အကြမ်းဖက်တိုက်ခိုက်ခဲ့ကြသည့် ကိစ္စနှင့် ပတ်သက်၍ နိုင်ငံရေးအခွင့်အရေးသမားများနှင့် ဘာသာရေးအစွန်းရောက်များကို ပြစ်တင်ပြောဆိုထားသည်။ မတ်လ ၂၀ ရက်နေ့က စတင်ဖြစ်ပွားခဲ့သော အဆိုပါ အကြမ်းဖက်မှုများကြောင့် လူပေါင်း ၄၀ ခန့်အနည်းဆုံးသေဆုံးခဲ့ရပြီဖြစ်သည်။

မြန်မာနိုင်ငံတွင် ခွဲခြားဆက်ဆံသည့် ဓလေ့စရိုက် ပေါ်ထွန်းလာသည့်ကိစ္စနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မိသည်ဟု သမ္မတဟောင်း ဂျင်မီတာကာက မြန်မာပြည်ခရီးစဉ်အတွင်းပြောဆိုသည်။

“လတ်တလော ဘာသာရေးဆိုင်ရာ အကြမ်းဖက်မှုတွေနဲ့ တင်းမာမှုတွေနဲ့ပတ်သက်ပြီး ကျွန်တော့်အနေနဲ့ အင်မတန် စိုးရိမ်ပူပန်မိပါတယ်။ ကျွန်တော်မြန်မာပြည်ကိုရောက်တဲ့အချိန်ကစပြီး အမုန်းပွားတဲ့ပြောဆိုမှုတွေကြားခဲ့ရပြီး ဆူပူ အကြမ်းဖက်တယ်ဆိုတဲ့ သတင်းတွေမကြာခဏ ဖြစ်ပေါ်နေတဲ့အတွက်ကြောင့် အင်မတန်စိတ်အနှောက်အယှက် ဖြစ်ရပါတယ်” ဟု ၎င်းကပြောသည်။

မြန်မာနိုင်ငံသည် ၂၀၁၀ ပြည့်နှစ်တွင် ကျင်းပခဲ့သော အထွေထွေရွေးကောက်ပွဲကာလမှ စတင်ခဲ့သည့် နိုင်ငံရေးပြုပြင် ပြောင်းလဲမှုများအတွက် နိုင်ငံတကာအသိုင်းအဝိုင်း၏ အသိအမှတ်ပြုခြင်းခံခဲ့ရသည်။ သို့သော် ဆူပူအကြမ်းဖက်မှုများ မကြာခဏဖြစ်ပွားနေခြင်းကြောင့် အဆိုပါပြုပြင်ပြောင်းလဲရေးဖြစ်စဉ်အတော်များများ နောက်ကြောင်း ပြန်လှည့်သွားဖွယ်ရှိသည်ဟု လူ့အခွင့်အရေးအုပ်စုများက ပြောကြားသည်။

“လတ်တလော ဆူပူအကြမ်းဖက်မှုတွေက ခင်ဗျားတို့ တိုင်းပြည်အတွက် ရထားတဲ့ ကောင်းသတင်းကျော်ကြားမှုကို ထိခိုက်စေမယ့် အန္တရာယ်ဖြစ်စေပါတယ်” ဟု ၎င်းက ဆိုသည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive