Transparency Myanmar

transparency.myanmar@gmail.com

Quote & Comment and News in brief
Document Quote & Comment and News in brief

Snapshot of the item below:
Quote & Comment and News in brief

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ

“နိုင်ငံသားတစ်ယောက်အနေနဲ့တော့ ဂုဏ်ယူပါတယ်။ ဒါပေမဲ့ တကယ့်အနေအထားမှာ ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး အာမခံ ချက်ရှိတဲ့ အနေအထားတစ်ခုတောင် မရောက်သေးပါဘူး။ အခု ရရှိထားတာကလည်း အပစ်အခတ်ရပ်စဲရေး အဆင့်ပဲ။ ဒါတွေ က မနက်ဖြန်၊ သန်ဘက်ခါ ပြန်ပြီးတိုက်ပွဲ ဖြစ်နိုင်တာပဲ။ ကျွန်တော်ကတော့ ထိုက်တန်တယ်၊ မထိုက်တန်တယ်ဆိုတာထက် ဒီဆုဟာ အခုဖြစ်နေတဲ့ အခြေအနေတွေကို ပိုကောင်းအောင်လုပ်ဖို့ တွန်းအားပေးလိုက်တာလို့မြင်တယ်။ ဒါကို သမ္မတကြီးကို လည်း နားလည်စေချင်တယ်”

ဧပြီလ ၂၆ ရက်နေ့ထုတ် မြန်မာတိုင်း(မ်) ဂျာနယ် အတွဲ (၃၁) အမှတ် (၆၁၈) တွင်ပါရှိသော “နိုင်ငံတကာ ဝေဖန် မှုများကြား မှ ICG ၏ ငြိမ်းချမ်းရေးဆု သမ္မတဦးသိန်းစိန်ရရှိခဲ့”သတင်းမှ ကချင်လူမျိုး ကိုဂျော်ဂွန်း၏ ပြောကြား ချက်အား ကောက်နှုတ်ချက်။


“ပဋိပက္ခဆိုတာ တစ်ဖက်တည်းမဟုတ်ဘူး။ ဘက်ပေါင်းစုံက ကြည့်ရတာ။ ပြည်တွင်းအနေအထားကို အပြင်ကကြည့်တာနဲ့ ပြည်တွင်းကကြည့်တာ မတူပါဘူး။ ဒီမိုကရေစီပြုပြင် ပြောင်းလဲရေးကာလမှာ အရင်တုန်းက မကျေနပ်ချက်တွေ တောင်းဆိုလာကြတာဟာ အထူးအဆန်းမဟုတ်ပါဘူး။ လွတ်လပ်မှုကြောင်း ထွက်ပေါ်လာတဲ့ ဝေဖန်မှုတွေကိုလည်း ပိတ်ပင် လို့ မရပါဘူး။ ဒီဝေဖန်မှုကနေ လုံခြုံရေးအဖွဲ့အစည်းတွေရဲ့ ဆောင်ရွက်ချက်တွေ၊ နောက် Change of Commands မှာ ပြဿနာ ရှိနေလားဆိုတာတွေကို ပြန်သုံးသပ်ဖို့ လိုတယ်လို့ထင်တယ်”

ဧပြီလ ၂၆ ရက်နေ့ထုတ် မြန်မာတိုင်း(မ်) ဂျာနယ် အတွဲ (၃၁) အမှတ် (၆၁၈) တွင်ပါရှိသော “ရခိုင်ကော်မရှင်၏ အစီရင်ခံစာ သမ္မတရုံးသို့ တင်ပြထားပြီးဖြစ်”သတင်းမှ  ဦးအောင်နိုင်ဦး၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“လာမယ့် လွှတ်တော်မှာ လယ်သမားအတွက်ရော၊ လက်ရှိပြောင်းလာတဲ့စနစ်အရရော ခေတ်မမီတော့တဲ့ ၁၈၉၄ မြေသိမ်း အက်ဥပဒေကို ပြင်ဆင်ဖို့ တင်ပြသွားမှာပါ။ ၁၈၉၄ ကတည်းက ဖြစ်တဲ့အတွက် တော်တော့ကိုလည်း ကြာနေပြီ။ ပြီးတော့ အဲဒီ ဥပဒေပြင်ဆင်ရေးအပြင် သောင်ထွန်းလယ်မြေတွေကို မြေအသိမ်းခံလယ်သမားတွေကို အချိုးကျပြန်လည် ခွဲဝေပေးဖို့ ကိစ္စ ကိုလည်း လာမယ့်လွှတ်တော်မှာ ဆက်လက်ကြိုးစား တင်ပြသွားမှာပါ”

ဧပြီလ ၂၅ ရက်နေ့ထုတ် Hot News Journal အတွဲ (၃) အမှတ် (၁၃၇) တွင်ပါရှိသော “ခေတ်မမီတော့သည့် ၁၈၉၄ မြေသိမ်းအက်ဥပဒေပြင်ဆင်ရေးအတွက် လာမည့်လွှတ်တော်တွင် တင်ပြနိုင်ရန်အတွက် ကြိုးပမ်းသွားမည်ဟုဆို” သတင်းမှ ပြည်သူ့လွှတ်တော် ပြုပြင်ပြောင်းလဲရေးကော်မတီဥက္ကဋ္ဌ ဥိးအောင်သိန်းလင်း၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“ဖွဲ့စည်းပုံဆိုတာ ပြင်လို့ရပါတယ်။ ဒါပေမယ့် ပြည်သူတွေအတွက် အကျိုးရှိရမယ်။ ပြင်ရုံမက အသစ်တောင် ဆွဲခဲ့သေးတာပဲ။ ခေတ်အဆက်ဆက် နိုင်ငံရေးလမ်းကြောင်း ရွေးတဲ့အခါမှာလည်း ပြည်သူတွေအတွက် နိုင်ငံအတွက် အကျိုးရှိမှာကိုပဲ ရွေးခဲ့ တာ။ တစ်ပါတီစနစ် သွားတုန်းကလည်း ဖွဲ့စည်းပုံအသစ် ဆွဲခဲ့တာပဲ။ အဲဒါက ၁၉၇၄ မှာနောက်ကျတော့ တစ်ပါတီစနစ်သည် မကောင်းဘူး။ အပြန်အလှန် ထိန်းကျောင်းမှုစနစ်အရ တစ်ဦးတစ်ယောက်တည်းမှာ အာဏာအများကြီး ပေးထားရင် မှား တက်တယ်။ ဒါ့ကြောင့် ပါတီစုံစနစ်လို လက်ခံကျင့်သုံးမယ်ဆိုပြီး ၂၀၀၈ မှာ အသစ် ရေးဆွဲခဲ့တာပဲလေ။ ဒီတော့ ဖွဲ့စည်းပုံက ပြင်ရုံမက အသစ်ပါရေးလို့ရတယ်။ ဒါပေမယ့် ဒီလိုပြင်ခြင်းက နိုင်ငံနဲ့ပြည်သူအတွက် အကျိုးရှီမှာလား၊ နောက်ဘာကြောင့် ပြင်မှာလည်းဆိုတဲ့ အကြောင်းပြချက်ကလည်း အရေးကြီးတယ်။ တစ်ဦးတစ်ယောက်အတွက်လား အဖွဲ့အစည်းတစ်ခု အတွက်လားဆိုတာလည်း စဉ်းစားရမယ်။ ဒီအချက်တွေစုံလင်ပြီဆို ဘာကိုပြင်မှာလဲဆိုတာလည်း စဉ်းစားရမယ်”

ဧပြီလ ၂၅ ရက်နေ့ထုတ် Hot News Journal အတွဲ (၃) အမှတ် (၁၃၇) တွင်ပါရှိသော “ဖွဲ့စည်းပုံ ဥပဒေ၌ ပြင်မည့်အချက်များ ပြည်သူလူထု အကျိုးကိုသာ ကိုယ်စားပြုရန်လို” သတင်းမှ ပြည်ခိုင်ဖြိုးပါတီဒုဥက္ကဋ္ဌ ဦးဋ္ဌေးဦး၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“မြန်မာနိုင်ငံတွင်း ကျနော်တို့ လုပ်ငန်းတွေမှာတော့ ကျနော်တို့အာရုံထားလုပ်ကိုင်တဲ့ ကိစ္စတချို့ရှိပါတယ်။ ပထမတခု ကတော့ ဈေးကွက်ဖွင့်ပြီး စီးပွားရေးအခြေအနေ တိုးတက်ကောင်းမွန်အောင်လုပ်ဖို့၊ နောက် ပြည်သူပိုင်နဲ့ ပုဂ္ဂလိကပိုင် ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းတွေကို အားပေးကူညီဖို့၊ သိပ်မကြာခင်က ကျနော် မြန်မာပြည်ကိုသွားခဲ့တုန်းကလည်း ကျနော် နဲ့အတူ အမေရိကန်က နည်းပညာဆိုင်ရာ ကုမ္ပဏီကြီးတွေလိုက်ပါပြီး အဆင့်မြင့်ပညာရေး လုပ်ငန်းတွေမှာ ပူးပေါင်း ဆောင်ရွက်ဖို့နဲ့ မြန်မာနိုင်ငံမှာ စီးပွားရေး အခွင့်အလမ်းတွေ ရှာဖွေဖို့ ကိစ္စတွေကို ဆောင်ရွက်ခဲ့ပါတယ်။"

ဗီအိုအေ သတင်းဌာနတွင်ပါဝင်သော “မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေး USAID တိုးမြှင့်ကူညီ” သတင်းမှ USAID အကြီးအကဲ ရာဂျစ်ရှား (Rajiv Shah) ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

CURRENT NEWS
Document CURRENT NEWS

Snapshot of the item below:
CURRENT NEWS

ပြည်တွင်း နိုင်ငံရေး၊ စီးပွားရေး သတင်းစဉ်

  1. တပ်မတော်နှင့် SSA တို့၏တိုက်ပွဲတွင် လူ့အခွင့်ရေးချိုးဖောက်မှုများရှိနေ
  2. ထားဝယ်စီမံကိန်းနှင့်ပတ်သက်၍ သမ္မတဦးသိန်းစိန်နှင့် ထိုင်းဝန်ကြီးချုပ်ယင်လတ်တို့ ထပ်မံဆွေးနွေးမှုများ ပြုလုပ်မည်
  3. သွင်းကုန်လိုင်စင်ရရှိရန် ပို့ကုန်ရငွေသွင်းကုန် အကျိုးခံစားခွင့်(Earning) ပြသရန် မလိုအပ်တော့
  4. ၂၀၁၃ - ၂၀၁၄ ဘဏ္ဍာနှစ်တွင် အီးယူ - မြန်မာ ကုန်သွယ်မှုမြင့်တက်လာမည်

တပ်မတော်နှင့် SSA တို့၏တိုက်ပွဲတွင် လူ့အခွင့်ရေးချိုးဖောက်မှုများရှိနေ

Photo Credit:Online

လက်ရှိ ရှမ်းပြည်နယ်မြောက်ပိုင်း၌ အစိုးရတပ်မတော်အနေဖြင့် ရှမ်းတပ်ဖွဲ့နှင့် ရင်ဆိုင်တိုက်ပွဲများ ဖြစ်ပွားရာတွင် လူ့အခွင့်အရေးချိုးဖောက်မှုများ ပြုလုပ်ခဲ့ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်မှ ဧပြီလ ၂၂ ရက်နေ့တွင် သဘောထားကြေညာ ချက် တစ်စောင် ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။

အဆိုပါ ထုတ်ပြန်ကြေညာချက်တွင် သင်္ကြန်ကာလအတွင်း တပ်မတော်နှင့် ရှမ်းပြည်မြောက်ပိုင်း တပ်မတော်တို့ တိုက်ပွဲများ ဖြစ်ပွားရာတွင် တပ်မတော်မှရှမ်းတပ်များအား အလစ်အငိုက်ဝင်ရောက် တိုက်ခိုက်ရုံမျှမက ဒေသခံရွာနှစ်ရွာအား လက်နက်ကြီးများဖြင့် ပစ်ချခဲ့သည့်အတွက် ဒေသခံကလေးနှစ်ဦး ဒဏ်ရာရရှိခဲ့သည့်အပြင် စာသင်ကျောင်းများနှင့် လူနေအိမ် အချို့မှာလည်း မြန်မာစစ်တပ်၏ ဖျက်ဆီးခြင်းခံခဲ့ရသည့်အပြင် ရွာ(၉)ရွာရှိ ရွာသားများ၊ သက်ကြီးရွယ်အိုများနှင့် ကလေး ငယ်များကိုလည်း ဖမ်းဆီးရိုက်နှက်မှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

ထို့ပြင် သင်္ကြန်တွင်း ရေထွက်ကစားခဲ့ကြသည့် အမျိုးသား၊ အမျိုးသမီး ၅၀ ဦးကိုလည်း တပ်မတော်မှထိန်းချုပ်မှုများ ပြုလုပ်၍ အစိုးရတပ်မတော် အကာအကွယ်အဖြစ် ရှမ်းစစ်တပ်၏ တိုက်ခိုက်မှုများအားကာကွယ်ရန် ရှေ့တန်းစစ်မျက်နှာ ပြင်တွင် လမ်းလျှောက်ခိုင်းမှုများ ပြုလုပ်ခဲ့သည့်အပြင် ရွာသားများထွက်ပြေးရန် အသုံးပြုသည့် ယာဉ်များကိုလည်း မီးရှို့ ဖျက်ဆီးမှုများ ပြုလုပ်၍ လူ့အခွင့်အရေးချိုးဖောက်မှုများကို ပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

လက်ရှိအချိန်တွင် တပ်မတော်နှင့် ရှမ်းပြည်မြောက်ပိုင်း တပ်ဖွဲ့(SSA)တို့၏ တိုက်ပွဲများကြောင့် စစ်ဘေးရှောင် ဒုက္ခ သည် ၆၀၀ ကျော်မှာတန့်ယန်းမြို့ရှိ အောင်မင်္ဂလာဘုန်းတော်ကြီး ကျောင်းများတွင် ခိုလှုံလျက်ရှိပြီး အစားအသောက်နှင့် နေထိုင်ရေး အကူအညီများ အထူးလိုအပ်လျက် ရှိကြောင်းသိရသည်။ အဆိုပါ တပ်မတော်၏လူ့အခွင့်အရေး ချိုးဖောက်မှုများ အတွက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အပါအဝင် အစိုးရအဖွဲ့အတွင်းရှိ တာဝန်ရှိသူများအနေဖြင့် တာဝန်ယူရမည်ဖြစ်ကြောင်း ကြေညာချက်တွင် တောင်းဆိုခဲ့ကြောင်း သိရသည်။

အစိုးရ၏ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA) တို့သည် ပြီးခဲ့သည့် ၂၀၁၂ အောက်တိုဘာလ ၁၀ ရက်နေ့တွင် ရှမ်းပြည်နယ်၊ လားရှိုးမြို့၌ ငြိမ်းချမ်းရေးတွေ့ဆုံ ညှိနှိုင်းမှုများကိုပြုလုပ်ခဲ့ပြီး ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေးသဘောတူ စာချုပ်ကိုချုပ်ဆိုနိုင်ခဲ့သော်လည်း သင်္ကြန်မတိုင်မီကာလအတွင်းမှစတင်၍ အောက်ခြေအဆင့် အထင်အမြင်လွဲမှားမှုများကြောင့် တိုက်ပွဲများပြန်လည် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

YC


ထားဝယ်စီမံကိန်းနှင့်ပတ်သက်၍ သမ္မတဦးသိန်းစိန်နှင့် ထိုင်းဝန်ကြီးချုပ်ယင်လတ်တို့ ထပ်မံဆွေးနွေးမှုများ ပြုလုပ်မည်

                                                Photo Credit: Online

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အတွင်း မြန်မာ-ထိုင်း နှစ်နိုင်ငံပူးတွဲ၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် တည်ဆောက်ရေးစီမံကိန်းများနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ထိုင်းဝန်ကြီးချုပ် ယင်လတ်ရှီနာဝပ်ထရာတို့မှ လာမည့် မေလ ၂ ရက်နေ့တွင် ဘရူနိုင်းနိုင်ငံ၌ ကျင်းပလျက် ရှိသည့် အာဆီယံထိပ်သီး ခေါင်းဆောင်များအစည်းအဝေး တက်ရောက်စဉ်၎င်းတို့နှစ်ဦး သီးသန့် တွေ့ဆုံသွားမည်ဖြစ်ကြောင်း The Nation သတင်းဌာနဖော်ပြချက်အရ သိရသည်။

ထိုသို့ ဆွေးနွေးရာတွင် ထားဝယ်စီမံကိန်း အကောင်အထည်ဖော်မှု နောက်ဆုံးဖြစ်ပေါ် တိုးတက်မှုများကို ထည့်သွင်း ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်နယ်အတွင်း တည်ဆောက်လျက်ရှိသည့် ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းတွင် ဆိပ်ကမ်းတစ်ခု၊ လျှပ်စစ် ဓာတ်အားပေး စက်ရုံများနှင့် အခြားစက်ရုံများ ပါဝင်မည်ဖြစ်သည့်အပြင် အဆိုပါ ရေနက်ဆိပ်ကမ်းသို့ သွားရောက်ရန် ထားဝယ် မှ ထိုင်းနိုင်ငံနယ်စပ်ကိုဖြတ်ကာ ဘန်ကောက်မြို့သို့ ဆက်သွယ်ထားမည့် အဝေးပြေးလမ်းမကြီးတစ်ခု တည်ဆောက် သွားမည် ဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံအခြေစိုက် အီတာလျံထိုင်းကုမ္ပဏီမှတာဝန်ယူအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ထားဝယ် ရေနက်ဆိပ်ကမ်း အကောင်အထည်ဖော် ဆောင်ရွက်နေမှုများနှင့်ပတ်သက်၍ မြန်မာနိုင်ငံမှ တာဝန်ရှိသူများနှင့် ကုမ္ပဏီအကြား အကြိမ်ကြိမ်ဆွေးနွေးမှုများပြုလုပ်ခဲ့ပြီး ထိုင်းအစိုးရမှလည်း အဆိုပါကုမ္ပဏီအား ငွေကြေးထောက်ပံ့မှုများပင် ပြုလုပ်ပေး ခဲ့ကြောင်း သိရသည်။

ထို့ပြင် ပြီးခဲ့သည့် မတ်လ ၂၁ ရက်နေ့တွင် ထိုင်းဝန်ကြီးချုပ်ပောာင်း သက်ဆင်ရှင်နာဝပ်မှ မြန်မာနိုင်ငံသို့လာရောက်၍ တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းသို့သွားရောက်လေ့လာ၍ ထားဝဝ်ရေနက်ဆိပ်ကမ်းစီမံကိန်း ခရီးသွားလုပ်ငန်းဆိုင်ရာ ကိစ္စရပ်များဆွေးနွေးခဲ့ကြောင်း သိရသည်။

 

YC


သွင်းကုန်လိုင်စင်ရရှိရန် ပို့ကုန်ရငွေသွင်းကုန် အကျိုးခံစားခွင့်(Earning) ပြသရန် မလိုအပ်တော့

Photo Credit: Online

ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်များ သွင်းကုန်လိုင်စင်ရရှိရန် ယခင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန သို့ တင်ပြရသော ပို့ကုန်ရငွေစိစစ်သော ပို့ကုန်ရငွေသွင်းကုန်အကျိုးခံစားခွင့်(Earning)ကို တင်ပြရန် မလိုအပ်တော့ကြောင်း စီးပွား/ကူးသန်းဝန်ကြီးဌာနက ဧပြီလ ၂၂ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။

ယခင် လုပ်ငန်းရှင်များအနေဖြင့် သွင်းကုန်လိုင်စင် ရရှိရေးအတွက် စီးပွား/ကူးသန်းဝန်ကြီးဌာနသို့ ပြသရသည့် (Earning)မရှိသည့်အတွက် Earning ရှိသည့် လုပ်ငန်းရှင်ထံမှ ပြန်လည်ဝယ်ယူခဲ့ရသော်လည်း ယခုကဲ့သို့ ဖြေလျော့လိုက် သည့်အတွက်  လုပ်ငန်းရှင်များအနေဖြင့် ပို့ကုန်သွင်းကုန်လုပ်ငန်းများကို အချိန်ကုန်သက်သာစွာဖြင့် ပိုမိုလွတ်လပ်စွာ တင် သွင်းနိုင်တော့မည် ဖြစ်ကြောင်း သိရသည်။

ထိုသို့ ပို့ကုန်ရငွေသွင်းကုန် အကျိုးခံစားခွင့်(Earning)ကိုတင်ပြရန် မလိုအပ်တော့သည့်အတွက် ရေကြောင်းမှ တစ်ဆင့် ကုန်သွယ်မှုပြုလုပ်သူများအနေဖြင့် တင်သွင်းလာသည့် ကုန်ပစ္စည်းများအား ဈေးကွက်အတွင်းသို့ ပြန်လည်ဖြန့်ချီ သည့် အချိန်တွင် ဈေးနှုန်းချိုသာစွာဖြင့် ပြည်သူများ သုံးစွဲနိုင်ရန် ဖြန့်ချီပေးနိုင်တော့မည်ဖြစ်ကြောင်း Blue Export & Inport ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ထိုသို့ Earning မလိုအပ်ဘဲ ပို့ကုန်၊ သွင်းကုန်လုပ်ငန်းများကို နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းနှင့် တရားဝင် ကုန်သွယ်ရေး လမ်းကြောင်းများတွင်ပါ အသုံးပြုနိုင်မည်ဖြစ်သကဲ့သို့ ကုန်သွယ်ရေး အခွန်အခများကိုလည်း ကျပ်ငွေဖြင့်သာ ထမ်းဆောင်နိုင်မည်ဖြစ်ပြီး ကုန်သွယ်မှု လုပ်ငန်းများတွင်လည်း အချိန်ကုန်၊ ကုန်ကျစရိတ် သက်သာစွာဖြင့် ဆောင်ရွက် နိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

YC


၂၀၁၃ - ၂၀၁၄ ဘဏ္ဍာနှစ်တွင် အီးယူ - မြန်မာ ကုန်သွယ်မှုမြင့်တက်လာမည်

ဥရောပသမဂ္ဂ(အီးယူ) အဖွဲ့ဝင်နိုင်ငံများက မြန်မာနိုင်ငံအပေါ် စီးပွားရေးအရပိတ်ဆို့ အရေးယူများကို ယခုအခါ ဖြေလျော့ ပေးလိုက်ပြီဖြစ်၍ အီးယူ-မြန်မာကုန်သွယ်မှုမှာ ၂၀၁၃ - ၂၀၁၄ ဘဏ္ဍာနှစ်တွင် တိုးတက်လာမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ အကြံပေးအရာရှိ ဒေါက်တာမောင်အောင်က ပြောကြားခဲ့ကြောင်း သိရသည်။

ယခုနှစ် မတ်လ ၅ ရက်က ဥရောပကောင်စီဥက္ကဋ္ဌ မစ္စတာ ဟာမင်ဗန်ရွန်ပိုင်နှင့်အတူ ဥရောပကော်မရှင်ဥက္ကဋ္ဌ မစ္စတာဟိုဆေးမန်နျုရယ် ဘာရိုဆိုတို့က နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံခဲ့ပြီးနောက် အီးယူအဖွဲ့ဝင် နိုင်ငံများနှင့် မြန်မာနိုင်ငံအကြား ကုန်သွယ်ရေးနှင့် ရင်းနှီးမြုပ်နှံမှုတို့တွင် ပူးပေါင်းဆောင်ရွက်သွားရန် သဘောတူညီခဲ့ပြီး အဆိုပါ သဘော တူညီချက်အရ မြန်မာ့ပို့ကုန်များအား ကုန်သွယ်မှုဆိုင်ရာ အထူးအခွင့်ရေး တစ်ခုဖြစ်သည့် GSP ဆိုင်ရာ သက်သာခွင့်များ ရရှိ ရေးအပါအဝင် အီးယူဈေးကွက်အတွင်းသို့လည်း မြန်မာနိုင်ငံ အဟန့်အတားမရှိ ဝင်ရောက်နိုင်ရေးအတွက် အီးယူနိုင်ငံများ အနေဖြင့် စတင်အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိကြောင်း သိရှိရသည်။

ထို့ပြင် အီးယူနှင့် မြန်မာနိုင်ငံတို့အကြား ရင်းနှီးမြှုပ်နှံမှုတိုးမြင့်ရေးအတွက် နှစ်ဖက်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သဘော တူညီချက်ကိုရေးထိုးနိုင်ရန် ဖြစ်နိုင်ခြေကိုလေ့လာ ဆောင်ရွက်သွားမည်ဖြစ်ပြီး အထူးသဖြင့် သယံဇာတတူးဖော်မှုလုပ်ငန်းများ တွင် စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်ယူမှုဆိုင်ရာ အလေ့အကျင့်ကောင်းများကို မြှင့်တင်သွားရန် သဘောတူညီခဲ့ကြောင်း သိရှိရသည်။

အီးယူဈေးကွက်သို့ အထည်ချုပ်၊ ရေထွက်ကုန်နှင့် သစ်အချောများတင်ပို့မှု ဈေးကွက်များကို မြန်မာနိုင်ငံမှ ပြန်လည် ရရှိမည်ဖြစ်ပြီး အီးယူအဖွဲ့ဝင်နိုင်ငံများနှင့် ကုန်သွယ်မှု ရှိလာသည်နှင့်အမျှ ရင်းနှီးမြှုပ်နှံမှုလည်း ရှိလာမည် ဖြစ်သော ကြောင့် ကုန်သွယ်မှုနှင့်အတူ ရင်းနှီးမြှုပ်နှံမှုပမာဏ တိုးတက်လာမည်ဖြစ်ကြောင်း ဒေါက်တာမောင်အောင်မှ ထပ်မံပြောကြား ခဲ့သည်။

မြန်မာနိုင်ငံမှ အထည်အချုပ်လုပ်ငန်းရှင်များအနေဖြင့် ဥရောပသမဂ္ဂကပေးမည့် ကုန်သွယ်မှုဆိုင်ရာ အထူး သက်သာခွင့်(GSP)ကို ရရှိမည်ဆိုလျှင် ဥရောပဈေးကွက်သို့ အထည်ချုပ်လုပ်တင်ပို့နေသည့် အိမ်နီးချင်းများနှင့်အပြိုင် ယှဉ်ပြိုင် တင်ပို့နိုင်မည်ဖြစ်ကြောင်း ကုန်သည်အသင်းချုပ်ရုံးမှ ဒုတိယဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေးက ပြောကြားခဲ့ သည်။

မြန်မာနိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှုပမာဏမှာ ၂၀၁၂ - ၂၀၁၃ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၁၈ ဒသမ ၄၂ ဘီလျံကျော် ရရှိခဲ့သည့်အတွက် ပြီးခဲ့သည့် ဘဏ္ဍာနှစ်နှင့် နှိုင်းယှဉ်လျှင် ဒေါ်လာ ၂၅၀ သန်းကျော် ပိုမိုရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ စာရင်းများအရ သိရှိရသည်။

YC


 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

INTERNATIONAL MEDIA (2)
Document INTERNATIONAL MEDIA (2)

Snapshot of the item below:
INTERNATIONAL MEDIA (2)

နိုင်ငံတကာသတင်းများ (၂)

  1. မူဆလင်ဆန့်ကျင်ရေး အကြမ်းဖက်မှုကို ဖြေရှင်းရန် မြန်မာကို အင်ဒိုနီးရှားသမ္မတ တိုက်တွန်း

(Reuters မှ 23 April 2013 ရက်စွဲပါ Indonesian President urges Myanmar to address Muslim violence သတင်းကို ဘာသာပြန်ဆိုသည်)

  1. သွားရမည့်ခရီး ဝေးလွန်းသော မြန်မာနိုင်ငံ

(The Telegraph မှ 22 April 2013 ရက်စွဲပါ Burma has far to go သတင်းဆောင်းပါးကို ဘာသာပြန်ဆိုသည်)


မူဆလင်ဆန့်ကျင်ရေး အကြမ်းဖက်မှုကို ဖြေရှင်းရန် မြန်မာကို အင်ဒိုနီးရှားသမ္မတ တိုက်တွန်း

(Reuters မှ 23 April 2013 ရက်စွဲပါ Indonesian President urges Myanmar to address Muslim violence သတင်းကို ဘာသာပြန်ဆိုသည်)

photo credit by presidentoffice.gov.mm

ကမ္ဘာ့လူသိများ မူဆလင်နိုင်ငံ အင်ဒိုနီးရှား၏ သမ္မတက မူဆလင်များအပေါ် ဗုဒ္ဓဘာသာဝင်များ ဦးဆောင်အကြမ်းဖက်နေမှုကို ဖြေရှင်းရန် မြန်မာအစိုးရကို တိုက်တွန်းမည်ဖြစ်ကြောင်း၊ ထိုအကြမ်းဖက်မှုသည် ဒေသတွင်းနေရာတကာမှ မူဆလင်များအတွက် ပြဿနာများဖြစ်စေနိုင်ကြောင်း အင်္ဂါနေ့တွင် ပြောကြားသည်။

မူဆလင်ဆန့်ကျင်ရေးဂယက်ကို နှိုးဆွပေးလိုက်သော မိတ္ထီလာမြို့မှ အနည်းဆုံး လူ ၄၃ ဦး သေဆုံးခဲ့ရသည့် အကြမ်းဖက်ဖြစ်စဉ်အပြီး တစ်လခန့်အကြာတွင် ဆူဆီနိုဘမ်ဘန်း ယူဒိုယိုနို၏ မြန်မာခရီးစဉ် ပေါ်ထွက်လာခြင်း ဖြစ်သည်။

“တကယ်လို့ ဖြစ်နိုင်သမျှ အကောင်းဆုံးနည်းလမ်းနဲ့ မဖြေရှင်းဘူးဆိုရင် အကျိုးဆက်က မြန်မာနိုင်ငံအတွက် မကောင်းသလို မူဆလင်လူများစုနေထိုင်တဲ့ အင်ဒိုနီးရှားအတွက်လည်း ကောင်းမှာမဟုတ်ဘူး”ဟု စင်္ကာပူတွင်ပြုလုပ်သော Thomson Reuters Newsmaker event တွင် ယူဒိုယိုနိုက ပြောကြားသည်။

အခြေအနေဆိုးသော မိတ္ထီလာနှင့် အလယ်ပိုင်းမြို့များတွင် အာဏာပိုင်များက မာရှယ်လောထုတ်ပြန်ကာ တပ်ဖြန့် ထားသဖြင့် ယခုအခါ အခြေအနေပြန်လည်ငြိမ်သက်လာပြီဖြစ်သည်။ ၎င်းဖြစ်ရပ်များတွင် အကြမ်းဖက်မှုများကို ရဲတပ်ဖွဲ့က လျစ်လျူရှုထားခဲ့ရာ စနစ်တကျ စီစဉ်ထားခြင်းဖြစ်ကြောင်းကို Reuters သတင်းဌာန၏ လေ့လာဆန်းစစ်မှုများက ပြသနေသည်။

“ဒီပြဿနာကို မြန်မာနိုင်ငံက တွေးတွေးဆဆဆီလျော်မှန်ကန်စွာ ဖြေရှင်းပြီး တင်းမာမှုတွေကို တားဆီးလိမ့်မယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်။ ဒီအတွက် မြန်မာနိုင်ငံကို ကူညီဖို့ အင်ဒိုနီးရှားက အဆင်သင့်ရှိနေပါတယ်” ဟု ယူဒိုယိုနိုက ဆိုပါသည်။

အင်ဒိုသမ္မတသည် မြန်မာခရီးစဉ်တွင် သမ္မတဦးသိန်းစိန်နှင့် တွေ့ဆုံမည်ဖြစ်ကြောင်း၊ ဆန်စပါးကုန်သွယ်ရေး နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးမည်ဖြစ်ကြောင်း၊ HRW က လူမျိုးတုန်းသန့်စင်မှုဟု တနင်္လာနေ့ အစီရင်ခံစာတွင် စွပ်စွဲထားသော မနှစ်က အကြမ်းဖက်အဓိကရုဏ်း ဖြစ်ပွားရာ ရခိုင်ပြည်နယ်သို့လည်း သွားရောက်မည်ဖြစ်ကြောင်း အင်ဒိုနီးရှားအစိုးရ တာဝန်ရှိသူတစ်ဦးက ပြောကြားပါသည်။

“မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေ ရင်ဆိုင်နေရတဲ့ လူမျိုးရေးတင်းမာမှုလိုမျိုး အခြားစိန်ခေါ်မှုတွေလည်း ရှိနေပါတယ်”ဟု ယူဒိုယိုနိုက ပြောကြားသည်။

မနှစ်က ရခိုင်ပြည်နယ်က အဓိကရုဏ်းတွင် အနည်းဆုံး လူ ၁၁၀ ခန့် သေဆုံးခဲ့ရပြီး လူပေါင်း ၁၂၀,၀၀၀ ခန့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်။

ရိုဟင်ဂျာများက မြန်မာနိုင်ငံတွင် သူတို့နေထိုင်ခဲ့သည်မှာ ရာစုနှစ်ချီနေပြီဟု စောဒကတက်ကြသော်လည်း မြန်မာအစိုးရက ရခိုင်ပြည်နယ်မှ ခန့်မှန်းခြေ ရိုဟင်ဂျာ ၈၀၀,၀၀၀ ခန့်ကို ဘင်္ဂလားဒေ့ရှ်မှ တရားမဝင် ရွှေ့ပြောင်းလာသူများဟု သတ်မှတ်ထားကာ နိုင်ငံသားခံယူခွင့်ကို ပယ်ချထားသည်။ ဘင်္ဂလားဒေ့ရှ်ကလည်း ၁၉၉၂ နောက်ပိုင်းတွင် ရိုဟင်ဂျာများကို ဒုက္ခသည်အဆင့်အတန်းပေးရန် ငြင်းဆန်ခဲ့သည်။

မနှစ်က အကြမ်းဖက်အဓိကရုဏ်းကြောင့် ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာထောင်ပေါင်းများစွာသည် စက်လှေများဖြင့် ပင်လယ်ဖြတ်ကူးကာ အင်ဒိုနီးရှားအပါအဝင် အရှေ့တောင်အာရှနိုင်ငံများသို့ ဦးတည်ထွက်ပြေးလျှက်ရှိသည်။ ထိုအကျိုးဆက်ကြောင့် ပြီးခဲ့သောလက အင်ဒိုနီးရှား လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းတွင် မြန်မာနှင့် ရိုဟင်ဂျာများ အငြင်းပွားသတ်ဖြတ်မှုဖြစ်ပွားခဲ့ရသည်။

ယူဒိုယိုနိုက “အင်ဒိုနီးရှားသည် မြန်မာခေါင်းဆောင်များနှင့် အမြဲထိတွေ့ဆက်ဆံခဲ့သော သမိုင်းကြောင်းရှိခဲ့ကြောင်း၊ မြန်မာတို့၏ ဒီမိုကရေစီ ကူးပြောင်းရေးလုပ်ငန်းစဉ်ကိုလည်း ဆက်လက်လုပ်ဆောင်ရန် အားပေးနေကြောင်း၊ သို့ဆိုပါက အရေးယူပိတ်ဆို့မှုများကြောင့် နိုင်ငံထိခိုက်နစ်နာရန် မရှိတော့ကြောင်း” ဆက်လက်ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် ၂၀၁၁ ခုနှစ်က စစ်အုပ်ချုပ်ရေးအဆုံးသတ်ပြီးနောက်ပိုင်း ဒီမိုကရေစီပြောင်းလဲမှုများ ဆက်တိုက်ပြုလုပ်နေသောကြောင့် ဥရောပသမဂ္ဂ အိးယူကလည်း အရေးယူပိတ်ဆို့မှုများကို တနင်္လာနေ့က ရုတ်သိမ်းပေးလိုက်ပြီဖြစ်သည်။

“အခုအချိန်မှာ ပြောင်းလဲသွားပြီဖြစ်တဲ့ မြန်မာနိုင်ငံကို ကမ္ဘာ့ခေါင်းဆောင်တွေ များစွာလာရောက်လည်ပတ်နေကြပါပြီ။ ကျွန်တော်လည်း မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီကူးပြောင်းရေး၊ နိုင်ငံတည်ဆောက်ရေး၊ ဥပဒေစိုးမိုးရေး၊ လူ့အခွင့်အရေးလေးစားရေးလုပ်ငန်းစဉ်တွေကို ထောက်ခံအားပေးဖို့အတွက် မြန်မာနိုင်ငံကို ဒီကနေ့သွားမှာပါ”ဟု အင်ဒိုနီးရှားသမ္မတ ယူဒိုယိုနိုက ပြောကြားသွားသည်။


သွားရမည့်ခရီး ဝေးလွန်းသော မြန်မာနိုင်ငံ

(The Telegraph မှ 22 April 2013 ရက်စွဲပါ Burma has far to go သတင်းဆောင်းပါးကို ဘာသာပြန်ဆိုသည်)

သင်၏ ယုံကြည်စိတ်ချရမှုသိက္ခာသည် အများတောင်းဆိုသော အစီအစဉ်များ လုပ်ဆောင်ခြင်းပေါ်တွင် မူတည်နေသည် ဟူသောအချက်မှာ ဒီပလိုမေစီထိရောက်မှုနှင့် ပတ်သက်သည့် သံမဏိစည်းမျဉ်းတစ်ခုပင် ဖြစ်သည်။

အီးယူနိုင်ငံခြားရေးဝန်ကြီးများသည် မြန်မာနိုင်ငံအပေါ် လက်နက်ကုန်သွယ်မှုမှလွဲ၍ ကျန်ပိတ်ဆို့မှုများအားလုံး တရားဝင်ရုတ်သိမ်းပေးခြင်းဖြင့် အထက်ပါသင်ခန်းစာကို မနေ့က လျစ်လျူရှုလိုက်ကြပြီဖြစ်သည်။

ထိုသို့ဆောင်ရွက်ရန်အတွက် သမ္မတဦးသိန်းစိန်အစိုးရသည် စည်းကမ်းချက် ၄ ချက်နှင့် ကိုက်ညီမှသာ ဖြစ်လိမ့်မည်ဟု ထိုဝန်ကြီးများက မနှစ်က ပြောခဲ့ကြသည်။

မြန်မာအစိုးရသည် နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးခြင်း၊ နိုင်ငံတစ်လွှား ကယ်ဆယ်ရေး အကူအညီဖြန့်ဖြူးရန် ခွင့်ပြုခြင်း၊ ရိုဟင်ဂျာဟုခေါ်သော မူဆလင်များ၏ လူမှုဘဝနှင့် အဆင့်ကို မြှင့်တင်ပေးခြင်းတို့ကို လုပ်ဆောင်ရမည်ဖြစ်သည်။

အမှန်တကယ်တွင်မူ အဆိုပါစည်းကမ်းချက်များ တစ်ခုမှ ပြည့်မှီခဲ့ခြင်း မရှိပါ။ ဗုဒဘာသာဘုန်းတော်ကြီးများက အများအားဖြင့် ဦးဆောင်လေ့ရှိသော လူမျိုးရေးနှိပ်ကွပ်မှုများ၏ ပစ်မှတ်ဖြစ်နေသည့် ရိုဟင်ဂျာမူဆလင်များအား ဆက်လက်ခွဲခြားဆက်ဆံနေခြင်းမှာ အထင်ရှားဆုံး ပြယုဂ်တစ်ခုဖြစ်သည်။ နောက်ဆုံးရရှိသော ကြောက်မက်ဖွယ် ဖြစ်ရပ်မှန် ရုပ်သံမှတ်တမ်းတွင် ပြီးခဲ့သောလက မိတ္ထီလာမြို့၌ မူဆလင်များ အကြမ်းဖက်ရိုက်နှက်ခံရ၊ နေအိမ်နှင့် ဆိုင်များ မီးရှို့ဖျက်ဆီးခံနေရချိန်တွင် ရဲတပ်ဖွဲ့ဝင်များက ရပ်ကြည့်နေသော ပုံရိပ်များကို တွေ့မြင်ရပါသည်။

ယခုကဲ့သို့ သွေးစွန်းသော ဖြစ်ရပ်များ ဖုံးမရ ဖိမရပေါ်ထွက်လာချိန်မျိုးတွင် sanction များရုတ်သိမ်းပေးရန် ဗြိတိသျှနိုင်ငံခြားရေးဝန်ကြီး ဝီလျံဟိဂ်က သဘောတူလိုက်ခြင်းမှာ အလွန်အမင်း စိတ်အနှောက်အယှက် ဖြစ်စရာကောင်းပါသည်။

မြန်မာအစိုးရက စစ်မှန်သော ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခဲ့သည်မှာ အမှန်ပင်ဖြစ်သည်။ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်မှ လွှတ်ပေးကာ နိုင်ငံရေးလှုပ်ရှားခွင့် ပြုပေးခဲ့ခြင်းပင်ဖြစ်သည်။

သို့သော် မြန်မာအစိုးရ၏ စစ်မှန်သော ပြုပြင်ပြောင်းလဲမှုများအတွက် အသိအမှတ်ပြု တုန့်ပြန်ပေးရသော မုန်လာဥနှင့် ပြုပြင်ပြောင်းလဲမှုများ ဆက်လုပ်အောင် ထိန်းကျောင်းပေးရသော ကြိမ်လုံးတို့အကြား ဟန်ချက်မှန်အောင် ထိန်းရသည့်ကိစ္စမှာ အင်အားကြီးနိုင်ငံများအဖို့ အမြဲတစေ ခက်ခဲလေ့ ရှိပါသည်။

မည်သို့ပင်ဖြစ်စေ ယခုအခါ ဝီလျံဟိဂ်နှင့် အပေါင်းအပါ အီးယူဝန်ကြီးများထံတွင် ကြိမ်လုံးများ မရှိတော့ခြင်းမှာ အန္တရာယ်တစ်ခု ဖြစ်နေပါသည်။ သူတို့ကိုယ်တိုင် ရွေးချယ်စရာမရှိအောင် လုပ်သလိုဖြစ်သွားပြီး အရာရာမှာ မြန်မာအစိုးရ၏ စိတ်ရင်းစေတနာပေါ်တွင်သာ မူတည်နေပါတော့သည်။

အကယ်၍ မြန်မာတို့၏ ပြုပြင်ပြောင်းလဲမှုများ ရပ်ဆိုင်းသွားမည်ဆိုပါက အီးယူဝန်ကြီးများ၏ ယခုဆုံးဖြတ်ချက်သည် ကြီးမားသောအမှား ကျူးလွန်မိခြင်းဖြစ်ကြောင်းကို သမိုင်းက အဆုံးအဖြတ်ပေးသွားပါလိမ့်မည်။

မြန်မာပြည်တွင်းမှ အကဲခတ်သူများကမူ မြန်မာ့နွေဦးသည် နှေးကွေးသော်လည်း ရပ်တန့်ဖွယ်မရှိဟု ဆိုကြသည်။ အကြောင်းမှာ နောက်ကွယ်မှ အာဏာရှင်အဖို့ ပြုပြင်ပြောင်းလဲရေးမှလွဲ၍ အခြားရွေးစရာ မရှိတော့သောကြောင့်ဖြစ်သည်ဟု သူတို့က မှတ်ချက်ပေးကြသည်။


 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive