Transparency Myanmar

transparency.myanmar@gmail.com

Q & C
Document

Snapshot of the item below:
Q & C

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ 

“စစ်မှန်တဲ့ ငြိမ်းချမ်းရေးရဖို့ လောဖို့ မလိုဘူး။ လူတွေရဲ့ အတွေးအခေါ်တွေ၊ လုပ်ဆောင်ချက်တွေ ပြောင်းလဲဖို့၊ ရင်ထဲက စိတ်ဒဏ်ရာတွေကို ကုစားဖို့လိုအပ်တယ်။ ဒါကလည်း အချိန်ယူပြီး ယုံကြည်မှု တည်ဆောက်ရမှာ ဖြစ်တယ်။ ဒီလိုမဟုတ်ပဲ မြန်မြန်ငြိမ်းချမ်းရေးရရင် ပြီးရောဆိုပြီး မြန်မြန်ပြီးအောင် ဖော်ဆောင်နေတာဆိုရင်တော့ အခြေခံမခိုင်တဲ့အတွက် အချိန်မရွေး ပေါက်ကွဲလာနိုင်တယ်”

၂၀၁၃ ခုနှစ် သြဂုတ်လ ၉ ရက်နေ့ထုတ်        လူထုပုံရိပ် ဂျာနယ် အတွဲ(၁) အမှတ် (၄၅)တွင် ပါရှိသော “မြန်မြန်ငြိမ်း ချမ်းရေး အချိန်မရွေး ပေါက်ကွဲနိုင်”သတင်းမှ  ကချင်ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့မှ ဦးမရန်ဂျော်ဂွန်း၏ ပြောကြား ချက်အား ကောက်နှုတ်ချက်။


“ဒီကနေစကားပြောရတာဟာ ဟိုတုန်းကကတ္တရာ လမ်းမတွေပေါ်မှာ ကစဥ့်ကလျား ပြန့်ကျဲပြီး ကျန်နေတဲ့ ဖိနပ်တွေ၊ သွေးစွန်းနေတဲ့ လက်ကိုင်ပဝါတွေ ကိုယ်စားပြောတာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ရက်ပိုင်းကစပြီး နိုင်ငံတကာမှာ ပြန့်ကျဲနေတဲ့ ကျွန်တော်တို့ရဲ့ အင်အားစုတွေ၊ ခေတ်ပြိုင် ကျောင်းသား တွေ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေထဲ ရောက်သွားတဲ့ အင်အားစုတွေဟာ အကုန်ပြန် စုစည်းမိပါပြီ။ ရှစ်လေးလုံးတုန်းကလို စိတ်ဓါတ်နဲ့ လက်တွဲမဖြုတ်ဖို့ မေတ္တာရပ်ခံပါတယ်။ အားလုံးမှာ တူညီတဲ့အချက်က ကျွန်တော်တို့ တိုင်းပြည်မှာ အစိုးရအဆက်ဆက်က နိုင်ငံတော်အလံနဲ့ ကြွေးကြော်သံဆိုင်းဘုတ်တွေ အမျိုးမျိုးပြောင်းသွားပေမယ့် ပြည်သူတွေရဲ့ ဒီမိုကရေစီကို ချစ်မြတ်နိုးတဲ့ ရှစ်လေးလုံး စိတ်ဓါတ်ကတော့ မပြောင်းလဲပါဘူး။ ကျွန်တော်တို့ရဲ့ ခွပ်ဒေါင်းအလံ ကလည်း လုံးဝပြောင်းလဲသွားမှာမဟုတ်ပါဘူး”

၂၀၁၃ ခုနှစ် သြဂုတ်လ ၇ ရက်  လူထုပုံရိပ် ဂျာနယ် အတွဲ(၁) အမှတ်(၁၁၆)တွင် ပါရှိသော  “ခွပ်ဒေါင်းအလံ မည်သည့် အခါမှ မပြောင်း သမိုင်းဆိုသည်မှာ အာဏာဖြင့် ရေး၍မရ” သတင်းမှ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


 

“ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အရ လုပ်ဆောင်နေတဲ့ အပစ်အခတ်ရပ်စဲရေးတွေက တကယ်ကို တည်မြဲတဲ့ အပစ်အခတ်ရပ်စဲရေး ဖြစ်ဖို့လိုတယ်။ ဒီနှစ်ပိုင်းတွေမှာ အပစ်ရပ်စဲရေးတွေကနေတစ်ဆင့် ငြိမ်းချမ်းရေးကို ချဉ်းကပ်မှု မရှိနိုင်သေးဘူးဆိုရင် နောက်နှစ်တွေမှာ စိုးရိမ်စရာဖြစ်လာပြီ၊ တိုင်းရင်းသားတွေ ဘက်ကလည်း လိုအပ်ချက်တွေ ညှိနှိုင်းလို့မရသေးတာတွေက ရှိနေသေးတယ်။ အပစ်ရပ်ထားပေမယ့် အခုထိလုံခြုံတယ်လို့ မခံစားရသေးဘူ။ စိုးရိမ်စရာတစ်ခုက နောက်ပိုင်းမှာ ငြိမ်းချမ်းရေး တိုက်ပွဲအတွက် နိုင်ငံရေးအရဖြစ်နေတဲ့ ပြည်တွင်းစစ်ကနေ သယံဇာတတိုက်ပွဲတွေ ဖြစ်လာမှာကိုပဲ”

 

၂၀၁၃ ခုနှစ် သြဂုတ်လ ၇ ရက်နေ့ထုတ် Mizzima နေ့စဉ်ထုတ် သတင်းစာ အတွဲ (၁ ) အမှတ် (၅၄) တွင် ပါရှိသော “ပထမဦးဆုံး ကျင်းပခွင့်ရသည့် ရှစ်လေးလုံး ငွေရတု အထိမ်းအမှတ်တွင် ဆွေးနွေးမှုများ တိုင်းရင်းသားအရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး အကြောင်းအရာများလွှမ်းမိုး” သတင်းမှ ဝါရင့် နိုင်ငံရေးသမားတစ်ဦးဖြစ်သူ ဦးမန်းတင်ရွှေ ၏ပြောကြားချက်အား ကောက်နှုတ်ချက်။


“ဒေသခံတွေအနေနဲ့ကတော့ စီမံကိန်းက လုပ်မယ့်အစီအစဉ်တွေကို ကုမ္ပဏီက သူတို့သိအောင် ချပြပေးဖို့ ပြောပါတယ်။ ဆွေးနွေးပြီးတော့ လေးသွန်းခံဆရာတော်က ရွာသားတွေကို စီမံကိန်းကို လက်ခံမလားလို့ မေးပါတယ်။ ရွာသားတွေကတော့ မလိုဘူးလို့ပြောပါတယ်။ နောက်ဆုံးမှာ ကုမ္ပဏီဘက်က ဒီစီမံကိန်းကို ဒေသခံတွေ လက်မခံရင် မလုပ်ဘူး ကတိပေးကြောင်း ပြောသွားပါတယ်”

၂၀၁၃ ခုနှစ် သြဂုတ်လ ၇ ရက်နေ့ထုတ်         Daily Eleven နေ့စဉ်ထုတ်သတင်းစာ တွင် ပါရှိသော “ဦးပိုင်လီမိတက်မှ တည်ဆောက်မည့် ရေနံချက်စက်ရုံစီမံကိန်းကို ဒေသခံများ သဘောတူမှ ပြုလုပ်မည်ဟုဆို ” သတင်းမှ ထားဝယ်ဖွံ့ဖြိုး တိုးတက်မှု အဖွဲ့မှ ညှိနှိုင်းရေးမှူး ကိုသန့်ဇင်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


 မေး။        ။ ဆရာကျော်ဝင်း ပြောထားတာ တစ်ခုရှိတယ်။ လူသိများထင်ရှားတဲ့ ဦးသိန်းစိန်တို့၊ ဒေါ်အောင်ဆန်းစုကြည်တို့၊ သူရဦးရွှေမန်းတို့လို ပုဂ္ဂိုလ်မျိုးတွေ ဆွေးနွေးတိုင်ပင်ပြီး ပြင်ဖို့ပါ။ အတော်ထိရောက်မယ်လို့လည်း ပြောနေကြတယ်။ ဘယ်ဟာက ထိရောက်မယ်ထင်ပါသလဲ။

ဖြေ။  ။  ဒါကလည်း ကျွန်တော်တို့ ကြိုးစားသင့်တဲ့ကိစ္စပဲ။ ဘာကြောင့်လဲဆိုတာ့ အခုတော့ကျွန်တော်တို့နိုင်ငံက လူပုဂ္ဂိလ်တွေအပေါ်မှာ ဗဟိုပြုပြီးတော့ နိုင်ငံရေးက ရွေ့နေတာ။ ဒါက လက်ရှိအရှိတရားပဲ။ ဆိုတော့ အရေးပါးတဲ့  Stakeholder တွေပေါ့။ နိုင်ငံရေးအရ အရေးပါးတဲ့သူတွေ အချင်းချင်းကြားထဲမှာ ရှိတဲ့ နားလည်မှုပေါ့။ အဲဒါက လက်ရှိနိုင်ငံရေး အဆုံးအဖြတ်ကို ထင်ဟပ်နေတုန်းပဲ ဆိုတော့ တစ်ဖက်ကလည်း ကျယ်ပြန့်တဲ့ ဆွေးနွေးပွဲတွေ လုပ်သလို တစ်ဖက်ကလည်း အရေးပါတဲ့သူတွေ အချင်းချင်းကြားထဲမှာ နားလည်မှုပေါ့။ အဖြေတစ်ခုကို ထုတ်တာက ဒါဟာ နှစ်ဖက်ပေါ့လေ။ နည်းလမ်းနှစ်ခုစလုံးလုပ်ရလိမ့်မယ်လို့ ကျွန်တော်က အဲဒီလို့မြင်တယ်”

၂၀၁၃ ခုနှစ် သြဂုတ်လ ၈ ရက်နေ့ထုတ်           Popular News ဂျာနယ် အတွဲ (၃၁) အမှတ် (၅)တွင် ပါရှိသော “  ၈၈ မျိုးဆက် ( ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)မှ ကိုကိုကြီးနှင့် တွေ့ဆုံခြင်း”သတင်းမှ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုကိုကြီး၏ပြောကြားချက်အား ကောက်နှုတ်ချက်။


 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

CURRENT NEWS
Document

Snapshot of the item below:
CURRENT NEWS

ပြည်တွင်း နိုင်ငံရေး၊ စီးပွားရေး သတင်းစဉ်

  1. မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ)နှင့် တွေ့ဆုံရန် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ကမ်းလှမ်း
  2. ဖွဲ့စည်းပုံအခြေခံဥပဒေ ဖက်ဒရယ်စနစ်ဖြစ်ရန် လမ်းကြောင်းနှစ်မျိုးရှိကြောင်း သူရဦးရွှေမန်းပြောကြား
  3.  UMFCCI ၏  ဘဏ္ဍာရေးစာရင်း ရှင်းတမ်းကို တစ်လကြာသည်အထိ ရှင်းလင်းနိုင်မှု မရှိကြောင်း ပြောဆို

မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ)နှင့် တွေ့ဆုံရန် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ကမ်းလှမ်း

မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ)အား ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်းကို ဆွေးနွေးရန်အတွက် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်က ကမ်းလှမ်းလိုက်ကြောင်း သိရသည်။ ပြည်ထောင်စုဝန်ကြီး၏ ဖိတ်ခေါ်ချက်အရ သြဂုတ် ၁၂ရက်နေ့တွင် ရန်ကုန်မြို့ရှိ Park Royal Hotal၌  ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်နှင့် စာနယ်ဇင်းကောင်စီ (ယာယီ)တို့ တွေ့ဆုံဆွေးနွေး ကြမည်ဟု သိရသည်။

“ပြည်ထောင်စုကြီးက စာနယ်ဇင်းကောင်စီကို တွေ့ဆုံဖို့ စာနယ်ကောင်စီ အဖွဲ့ဝင်အားလုံးကို ဖိတ်ကြားခဲ့ ပါတယ်”ဟု စာနယ်ဇင်းကောင်စီ အဖွဲ့ဝင်ဦးဇော်သက်ထွေးက ပြောကြားသည်။ ပြန်ကြားရေးဝန်ကြီးဌာနနှင့် စာနယ်ဇင်းကောင်စီတို့အကြား ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်းနှင့် ပတ်သက်ပြီး သဘောထားကွဲလွဲနေခဲ့ပြီး ယခုအခါ၌ ဆွေးနွေးရန်အတွက် ပြန်ကြားရေး ဝန်ကြီးဌာနမှ ကမ်းလှမ်းခဲ့ခြင်း ဖြစ်သည်။

ထိုသို့တွေ့ဆုံမှုတွင် ဆွေးနွေးမည့် အကြောင်းအရာများကို စာနယ်ကောင်စီအဖွဲ့ဝင်များ အကြား တိုင်ပင်ထားပြီဖြစ်ကာ ထိုအချက်များကို တွေ့ဆုံပွဲမတိုင်မီ ထုတ်ဖော်ပြောကြားသွားမည် မဟုတ်ကြောင်း သိရသည်။

ပြန်ကြားရေး ၀န်ကြီးဌာနနှင့် စာနယ်ဇင်းကောင်စီ (ယာယီ)တို့အကြား စာနယ်ဇင်းကောင်စီ (ယာယီ)ဖွဲ့စည်းပြီးချိန်၌ တစ်ကြိမ်၊ ပြန်ကြားရေးဝန်ကြီးဌာနမှ ရေးဆွဲပြီး လွှတ်တော်သို့ တင်ပြခဲ့သော ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်းကို ဂျာနယ်လစ် အဖွဲ့အစည်းများက ပြင်းထန်စွာ ကန့်ကွက်ပြီးချိန်၌ တစ်ကြိမ်၊ ပြီးခဲ့သည့် ဇူလိုင်လအတွင်းက စာနယ်ဇင်းကောင်စီ (ယာယီ) အဖွဲ့ဝင်များ နေပြည်တော်သို့ သွားရောက်စဉ်ကတစ်ကြိမ် အသီးသီးတွေ့ဆုံခဲ့ကြသည်။

ပထမအကြိမ် တွေ့ဆုံစဉ်က ပုံနှိပ်မီဒီယာ ဥပဒေအား စာနယ်ဇင်းကောင်စီ (ယာယီ) အား လွတ်လပ်စွာ ရေးဆွဲခွင့်ပြုမည်ဟု ကတိစကား ပြောဆိုခဲ့ပြီး ဒုတိယအကြိမ် တွေ့ဆုံချိန်တွင် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်းကို စာနယ်ဇင်းကောင်စီ (ယာယီ) မှ စိတ်ကြိုက်ပြင်ဆင်နိုင်ကြောင်းနှင့် ပုံနှိပ်မီဒီယာ ဥပဒေကိုလည်း စိတ်ကြိုက်ရေးဆွဲနိုင်ကြောင်း ကတိစကား ပြောဆိုခဲ့ပါသည်။ တတိယအကြိမ် တွေ့ဆုံမှုတွင် မည်သည့်ဆွေးနွေးမှုမျှ မရှိခဲ့ကြောင်း သိရသည်။

ပြန်ကြားရေးဝန်ကြီးနှင့် ဒုတိယအကြိမ် တွေ့ဆုံမှုရလဒ်အရ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်းကို စာနယ်ဇင်းကောင်စီ (ယာယီ) မှ ပြင်ဆင်ပေးခဲ့သော်လည်း ထိုဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်၌ အတည်ပြုပြီးချိန်တွင် စာနယ်ဇင်း ကောင်စီ (ယာယီ) မှ ပြင်ဆင်ခဲ့သော အချက်များ ပါဝင်ခဲ့ခြင်း မရှိပေ။ ထို့အပြင် စာနယ်ဇင်းကောင်စီ (ယာယီ) မှ ရေးဆွဲသော ပုံနှိပ်မီဒီယာ ဥပဒေကြမ်းကို ပြန်ကြားရေး ၀န်ကြီးဌာနမှ ရေးဆွဲသော ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်းနှင့်အတူ လွှတ်တော်သို့ တင်သွင်းပေးမည်ဆိုသော ကတိကိုလည်း ပြန်ကြားရေးဝန်ကြီးဌာနက ချိုးဖောက်ခဲ့ကြောင်း သိရသည်။

YC


 

ဖွဲ့စည်းပုံအခြေခံဥပဒေ ဖက်ဒရယ်စနစ်ဖြစ်ရန် လမ်းကြောင်းနှစ်မျိုးရှိကြောင်း သူရဦးရွှေမန်းပြောကြား

ဖက်ဒရယ်စနစ်သို့သွားရန်အတွက် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံအား လုံးဝပြောင်းလဲသည့်နည်းဖြင့် အကောင်အထည် ဖော်ခြင်းနှင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပေးထားသည့်အချက်များအား လိုအပ်သလိုပြောင်းလဲပြင်ဆင်ခြင်း နည်းလမ်းနှစ်မျိုး ရှိကြောင်း ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက သြဂုတ်လ ၆ ရက်နေ့တွင် နေပြည်တော်၌ ပြုလုပ်ကျင်းပခဲ့သည့် “ဖက်ဒရယ်စနစ်သို့သွားရာတွင် အဓိကလိုအပ်သည့် တိုင်းရင်းသားလူနည်းစုများအခွင့်အရေး ကာကွယ်ရေး ဥပဒေကြမ်းအပေါ် ဆွေးနွေးရေး” ဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။

အဆိုပါနည်းလမ်းနှစ်ရပ်အနက် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအား လုံးဝပြင်ဆင်ပြောင်းလဲသည့် နည်းလမ်းမှာ ဖြစ်နိုင်ခြေအလွန်နည်းပါးပြီး ဒုတိယနည်းလမ်းမှာသာ အသင့်တော်ဆုံးဖြစ်ကြောင်း ၎င်းကဆက်လက် သုံးသပ်ပြောကြားခဲ့သည်။

ထို့ပြင် ၎င်းမှပင်ဆက်လက်၍ ဥပဒေယခင်နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ တပ်မတော်အစိုးရ လက်ထက်က ရေးဆွဲခဲ့သော ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြန်လည်ပြင်ဆင် အသစ်ရေးဆွဲပါက ဖြစ်ပေါ်လာနိုင်မည့် တိုင်းပြည်အခြေ အနေကိုပါ ထည့်သွင်း စဉ်းစားစေလိုကြောင်းနှင့် လက်ရှိမြန်မာနိုင်ငံအတွင်း ကျင့်သုံးဆောင်ရွက်လျက်ရှိသည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေအား အသစ်ပြန်လည်ရေးဆွဲ ခြင်းသည် လူကြိုက်များသော်လည်း သတိထားရန်လိုအပ်ပြီး ယနေ့ရောက်ရှိနေသောနေရာမှ ရှေ့ဆက်သွားရမည့် ခရီးသည် အလွန်အရေးကြီးကြောင်း ၎င်းကဆက်လက် ပြောကြားခဲ့သည်။

“၂၀၀၈ ဖွဲစည်းပုံအခြေခံဥပဒေရဲ့ ပေးထားချက်တွေကို ကြည့်တဲ့အခါမှာ ကျွန်တော်တင်ပြခဲ့တယ်။ ဒီအခွင့် အရေးတွေကိုတော့ ပေးထားပြီးပြီ။ ဒါနဲ့ မရသေးဘူးဆိုရင် ဒီအခွင့်အရေးတွေ ပေးထားရုံနဲ့ မရသေးဘူးဆိုရင် ရအောင်လုပ်ဖို့ ပြည်ထောင်စုအဖွဲ့မှာတာဝန်ရှိတယ်”ပာု သူရဦးရွှေမန်းက ဆက်လက်ပြောကြားသည်။

ထို့ပြင် ဖွဲ့စည်းပုံအခြေခံဥပဒေတွင်ပါရှိသည့် တိုင်းရင်းသားများအတွက် အမှန်တကယ်ရသင့်ရထိုက်သော အခွင့်အရေး များကို တိုင်းဒေသကြီးနှင့် ပြည်နယ်များကိုပေးရန် ကျန်နေသေးပါက ရှာကြံဖြည့်ဆည်းပေးရမည်ဖြစ်ပြီး ယင်းတို့ကို ပေးအပ်ခြင်း မရှိပါက ပြည်ထောင်စုပာူသည့် စကားသည် ဆောင်ပုဒ်များ၊ ကြွေးကြော်သံများကဲ့သို့ လေထဲမှာပင် ပျောက်ကွယ်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက ဆက်လက်ပြောကြားသည်။

“ဒီအခွင့်အရေးတွေကို တိုင်းရင်းသားတွေမရဘူး။ ပြည်သူတွေမရဘူးဆိုပြီးဖြစ်ရင် ဒီစနစ်ကို ကျေနပ်မှာလား။ မကျေနပ်ရင် တိုင်းရင်းသားစည်းလုံးညီညွှတ်ရေး ဆက်အားနည်းမယ်။ အမျိုးသားပြန်လည်စည်းလုံး ညီညွှတ်ရေးဆက်အားနည်းမယ်။ အဲဒီအတိုင်းပဲ တရားဥပဒေစိုးမိုးရေးလည်း ဆက်အားနည်းမယ်။ တရားဥပဒေစိုးမိုးရေးနဲ့ပတ်သက်လို့ ပြဋ္ဌာန်းလိုက်တဲ့ဥပဒေပာာ နိုင်ငံတွင်းမှာ နေထိုင်တဲ့ နိုင်ငံသူ၊ နိုင်ငံသားများလိုက်နာနိုင်တဲ့ တရားမျှတတဲ့ ဥပဒေတွေဖြစ်ဖို့လိုတယ်”ပာု ၎င်းကဆက်လက်ဆိုသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၉ ရက်နေ့က ထိုင်းနိုင်ငံတွင် ကျင်းပခဲ့သည့် ညီညွှတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ၏ ညီလာခံတွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အသစ်ပြန်လည်ရေးဆွဲသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ ခဲ့သည်။

YC


  UMFCCI ၏  ဘဏ္ဍာရေးစာရင်း ရှင်းတမ်းကို တစ်လကြာသည်အထိ ရှင်းလင်းနိုင်မှု မရှိကြောင်း ပြောဆို

၂၀၁၃ ခုနှစ် ဇွန်လအတွင်းပြုလုပ်ခဲ့သော ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၏ နှစ်ပတ်လည်ပွဲ၌ အသင်းချုပ်၏ ဘဏ္ဍာရေးစာရင်းရှင်းတမ်းတွင် ဘဏ္ဍာရေးစာရင်းဆိုင်ရာ အငြင်းပွားမှု၊ မကျေလည်မှုများ ဖြစ်ပေါ်ခဲ့ပြီး ရုန်းရင်းဆန်ခတ် ဖြစ်သည်အထိ အငြင်းပွားမှု ဖြစ်ပေါ်ခဲ့သည့်အတွက် ယင်းပြဿနာကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနှ ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်မှ ဖြေရှင်းပေးမည်ဟု ပြောဆိုခဲ့သော်လည်း တစ်လကျော်ကြာသည်အထိ ဖြေရှင်းပေးနိုင်ခြင်းမရှိ သေးကြောင်း ဇောတိက ကုမ္ပဏီလီမိတက်မှ ဦးခင်လှိုင်က သြဂုတ်လ ၆ ရက်နေ့တွင် ပြုလုပ်သော ကုန်သည်စက်မှုအသင်းချုပ်၏ သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါ ဘဏ္ဍာရေးစာရင်းရှင်းတမ်း အငြင်းပွားမှု ပတ်သက်၍ ကုန်သည်စက်မှုအသင်းချုပ်မှ ထိပ်ပိုင်းတာဝန်ရှိသူ ဦးတင်မောင်ရွှေအပါအဝင် အဖွဲ့ဝင် ၉ ဦးနှင့်  ဇောတိက ကုမ္ပဏီလီမိတက်မှ ဦးခင်လှိုင်တို့ သြဂုတ်လ ၆ ရက်နေ့တွင် တွေ့ဆုံ ဆွေးနွေးမှုပြုလုပ်ခဲ့ကြောင်း သိရသည်။

 “တစ်လကျော်ကြာခဲ့ပြီဆိုပေမယ့် အခုကျွန်တော့်ကို အသင်းချုပ်တာဝန်ရှိသူတွေ လာမယ့် သြဂုတ် ၁၅ ရက် ကနေ ၂၀ ရက်အတွင်း ဘဏ္ဍာရေးစာရင်းရှင်းတမ်းကို ရှင်းလင်းပေးမယ်လို့ ပြောပါတယ်။ အချိန်ဒီလောက်အထိ စောင့်ခဲ့ပြီးပြီပဲ။ ကျွန်တော့် အနေနဲ့ စောင့်နိုင်ပါတယ်”ဟု ဇောတိက ကုမ္ပဏီလီမိတက်မှ ဦးခင်လှိုင်မှ ပြောဆိုခဲ့သည်။

ယင်းကိစ္စနှင့်ပတ်သက်၍လည်း တာဝန်ရှိဆုံးသူဖြစ်သော ဥက္ကဋ္ဌဖြစ်သူ ဦးဝင်းအောင်မှာလည်း ဂျာမနီနိုင်ငံသို့ သွားရောက် နေသဖြင့် ယင်းဆွေးနွေးပွဲသို့ တက်ရောက်နိုင်ခြင်း မရှိခဲ့ကြောင်း ကုန်သည်စက်မှုအသင်းချုပ်၏ ကိုယ်စား ဦးမြင့်စိုးက ပြောဆိုခဲ့သည်။

မြန်မာနိုင်ငံ၏ ပုဂ္ဂလိက အခန်းကဏ္ဍတွင် အဆင့်အမြင့်ဆုံးဖြစ်သည့် ကုန်သည်စက်မှုအသင်းချုပ်၏ နှစ်ပေါင်း ၁၀၀ ကျော်အတွင်း ပထမဦးဆုံးပြုလုပ်ခဲ့သော  ရွေးကောက်ပွဲတွင် မဲမသမာမှုများနှင့် ဘဏ္ဍာရေး စာရင်းရှင်းတမ်းအား မကျေနပ်မှု ပြဿနာများဖြင့် နိုင်ငံတော်သမ္မတ ကိုယ်စားပြုသည့် ဝန်ကြီးများ တက်ရောက်ခဲ့သောပွဲများတွင် အငြင်းပွားမှုများ ဖြစ်ပေါ်ခဲ့သည်။

လက်ရှိ အသင်းချုပ် ဥက္ကဋ္ဌမှာ အမေရိကန်ပြည်ထောင်စု၏ နာမည်ပျက်စာရင်းဝင် တစ်ဦးဖြစ်နေသည့်အတွက် မြန်မာနိုင်ငံအတွင်း ကမ္ဘာ့စံချိန်စံညွန်းများနှင့် ရင်းနှီးမြှုပ်နှံမှုများ လာရောက်လိုသော အမေရိကန်အပါအဝင် အခြားနိုင်ငံများက လာရောက်ခြင်းကိုလည်း အသင်းချုပ်ဥက္ကဋ္ဌအား တွေ့ဆုံပြောကြားလိုမှုများ မရှိသောကြောင့် အသင်းဝင်များအနေဖြင့် မျက်နှာငယ်စရာ ဖြစ်ပေါ်နေကြောင်း ဇူလိုင်လ ၁၆ ရက်၌ ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမတွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် အသင်းချုပ်မှ အဖွဲ့ဝင်ဖြစ်သူ စီးပွားရေးလုပ်ငန်းရှင်များမှ ပြောကြားခဲ့သည်။

လက်ရှိအခြေအနေတွင်လည်း အသင်းချုပ်ရှိ အမြင့်ပိုင်းရာထူးရယူထားသူများ၏ ကုမ္ပဏီအချို့မှာလည်း အခွန်တိမ်းရှောင်နေသော ကုမ္ပဏီများဖြစ်နေကြောင်း ပြည်တွင်းအခွန်ဦးစီးဌာန၏ နှစ်စဉ်ထုတ်ပြန်ထားသော သတင်းအချက် အလက်များအရ သိရသည်။ ကုန်သည်စက်မှုအသင်းချုပ်မှ အသင်းဝင်အများစုအနေဖြင့်လည်း အသင်းချုပ်၏ ငွေကြေးဆိုင်ရာ အသုံးပြုမှုများအား ပွင့်လင်းမြင်သာစွာ သိခွင့်မရှိကြောင်း သိရသည်။

YC


 

 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive