Transparency Myanmar

transparency.myanmar@gmail.com

Current News
Document

Snapshot of the item below:
Current News

ပြည်တွင်း နိုင်ငံရေး၊ စီးပွားရေး သတင်းစဉ်


အရပ်ဘက်အဖွဲ့အစည်း များအပေါ် ထိန်းချုပ်မှုများကို လျော့ချရန်လိုအပ်ကြောင်း ဝန်ကြီးများပြောဆို

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးကို အောင်မြင်စွာဆောင်ရွက်နိုင်ရန်အတွက် အစိုးရ၏ အရပ်ဘက် လူ့အဖွဲ့အစည်းများအပေါ် ထိန်းချုပ်မှုများကို လျော့ချရန်လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီး သုံးဦးနှင့် အရပ်ဘက် အဖွဲ့အစည်းများ ရန်ကုန်မြို့တွင် တွေ့ဆုံစဉ်၌ ပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါတွေ့ဆုံပွဲအခမ်းအနားတွင် ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် အရပ်ဘက်အဖွဲ့အစည်းများ၏ အကြံပြု ချက်များကို ရယူပြီး  ဆင်းရဲနွမ်းပါးမှု လျှော့ချရေး လုပ်ငန်းစဉ်ကို အောင်မြင်စွာ ဖော်ဆောင်နိုင်ရေးအတွက် အစိုးရ၏ ထိန်းချုပ်မှု လျှော့ချ၍ ထိန်းကြောင်းမှုများသာ ပြုလုပ်ရန်ဆိုသည့် အချက်ကို သဘောတူကြောင်း သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းက ပြောကြားခဲ့သည်။

“ဒီကိစ္စကို ဆောင်ရွက်ဖို့ဆိုအတွက် ဝန်ကြီးအယောက် ၃၀ လောက်နဲ့၊ လွှတ်တော်အမတ် ၆၀၀ လောက် လုပ်ရုံနဲ့ မဖြစ်နိုင်ပါဘူး။ အားလုံးပါဝင်ဖို့လိုပါတယ်”ဟု ၄င်းက ဆက်လက်ပြောဆိုခဲ့သည်။

အစိုးရဌာနဆိုင်ရာများနှင့် ကျေးလက်ဖွံ့ဖြိုးရေးအတွက် အလုပ်တွဲလုပ်ရန် ဖိတ်ခေါ်ရာတွင် ခက်ခဲမှုများ ရှိပြီး ယင်းလုပ်ငန်းလုပ်ဆောင်ရန်အတွက် ခွင့်ပြုချက်တောင်းခံရာတွင်လည်း အစိုးရနှင့် အကြိုသဘောတူလက်မှတ် (MOU)များ လိုအပ်သည်ဆို၍ ငြင်းပယ်ခံရမှုများရှိကြောင်း Myanmar NGO Network ဒုတိယဥက္ကဋ္ဌ ဦးခင်မောင်ဝင်းက ပြောကြားခဲ့သည်။

အစိုးရ၏ ချုပ်ကိုင်မှုများကို ဖြေလျှော့ပေးမည်ဟု သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းက ပြောကြားခဲ့သော်လည်း မကြာခင်က ထွက်ရှိလာသော အသင်းအဖွဲ့ဆိုင်ရာ ဥပဒေမူကြမ်းတွင် အစိုးရ၏ ချုပ်ကိုင်မှုများစွာ ပါဝင်ပတ်သက်မှု ရှိကြောင်း အရပ်ဘက်လူ့အဖွဲ့အစည်းများ၊ NGO နှင့် INGOများက ပြောကြားခဲ့သည်။

“အစိုးရအနေနဲ့ ပြည်သူအပေါ်တို့ ပေးကမ်းမှ ရမှာဆိုတဲ့ စိတ်ထားတွေကို ပြင်ဖို့လိုတယ်။ သမားရိုးကျ အတွေးအခေါ်နဲ့တော့ ကျေးလက်ဖွံ့ဖြိုးရေးကို လုပ်နိုင်မှာ မဟုတ်ဘူး”ဟု စီမံခန့်ခွဲမှုပညာရှင် ဒေါက်တာအောင်ထွန်းသက် က ဝေဖန်ထောက်ပြခဲ့သည်။

ပြည်ထောင်စုအစိုးရနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရများကြားတွင် အုပ်ချုပ်ရေးဆိုင်ရာ ညှိနှိုင်းရမည့်အချက်ပေါင်း ၁၆၀ ကျော်ရှိနေကြောင်း နိုင်ငံတော်သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးတင်နိုင်သိန်းက ပြောဆိုခဲ့သည်။

အဆိုပါအချက်များကို သြဂုတ်လ ၉ ရက်နေ့တွင် နိုင်ငံတော်သမ္မတနှင့် ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များတွေ့ဆုံသည့်အခမ်းအနား၌ တောင်းခံခဲ့ခြင်းဖြစ်ပြီး တင်ပြချက်များမှ စိစစ်ကာ ညှိနှိုင်းရမည့်အချက်ပေါင်း ၁၆၉  ချက်ကို ဒုတိယသမ္မတတစ်ဦးထံသို့  တင်ပြထားကြောင်း သိရသည်။

ယင်းတွေ့ဆုံသည့်အခမ်းအနားတွင် နိုင်ငံတော်သမ္မတမှ ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များအား ဒေသဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းများအတွက် ဘဏ္ဍာငွေခွဲဝေပေးရေးကို ညှိနှိုင်း ဆောင်ရွက်သွားရန်လည်း ပြောကြားခဲ့သည်။

 YC


အစိုးရနှင့် UNFCတို့၏ နိုင်ငံရေးဆွေးနွေးပွဲတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်တွင်းနိုင်ငံရေး အင်းအားစုများအား ဖိတ်ကြားသွားမည်

အစိုးရ ငြိမ်းချမ်းရေးဖောင်ဆောင်ရေးအဖွဲ့နှင့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီတို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် နိုင်ငံရေး ဆွေးနွေးပွဲကျင်းပရန်ရှိရာ ယင်းသို့ ဒေါ်အောင်းဆန်းစု ကြည်၊ ပြည်တွင်းနိုင်ငံရေး အင်းအားစုခေါင်းဆောင်များ၊ ညီညွတ်သော တိုင်းရင်းသားလူမျိုးစုများ မဟာမိတ်အဖွဲ့(UNA)နှင့် ညီနောင်တိုင်းရင်းသား များပါတီ ဖက်ဒရေးရှင်း(NBF) တို့ကို ဖိတ်ကြားသွားရန် စီစဉ်နေကြောင်း UNFC ပြောခွင့်ရ ပုဂ္ဂိုလ်များက ပြောသည်။

အဆိုပါငြိမ်းချမ်းရေး ဆွေးနွေးပွဲကို သြဂုတ်လအတွင်း ကျင်းပမည်ဖြစ်ကြောင်း UNFC ၏ အတွင်းရေးမှူး (၁) ဖဒိုမန်းမန်းက အတည်ပြုပြောကြားသည်။ ယင်းဆွေးနွေးပွဲ၌ နိုင်ငံရေးကို လွှတ်တော်ပြင်ပမှ ဆွေးနွေးပြီး ဖက်ဒရယ်ပြည်ထောင်စုစနစ်တည်ဆောက်ရေး၊ တိုင်းရင်းသားဒေသများ၌ အစိုးရအစိုးရတပ်စခန်းများ ပြန်လည်လျှော့ချ ရေး၊ နိုင်ငံရေးဆွေးနွေးပွဲများနှင့် ပတ်သက်သည့် လမ်းပြမြေပုံရေးဆွဲရေးများကို ဆွေးနွေးမည်ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နှင့် UNFC တို့ တွေ့ဆုံဆွေးနွေးမည့်ကိစ္စနှင့် ပတ်သက်ပြီး ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက "ဒီလကုန် နောက်လဆန်းလောက် သူတို့ဆီကနေ Framework သွားလက်ခံမယ်" ဟု သြဂုတ် ၁၇ ရက်က ရန်ကုန်မြို့ရှိ Myanmar Peace Center တွင် သတင်းထောက်များအား ပြောကြားသွားခဲ့သည်။

အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့၏ Technical Team နှင့် UNFC ၏ Technical Team တို့ ဇူလိုင်လလယ်က ထိုင်းနိုင်ငံ ဇင်းမယ်မြို့တွင် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

YC


ယာယီမှတ်ပုံတင် ကုမ္ပဏီများ ကနဦးမတည်ငွေကို ဘဏ်စာရင်းသွင်းရန် ကြေညာချက်ထုတ်သော်လည်း  လိုက်နာခြင်း မရှိသည့်အတွက်  ကုမ္ပဏီများကို စိစစ်ရန် ထပ်ဆင့်ကြေညာချက်ထုတ်

ယာယီကုမ္ပဏီမှတ်ပုံတင်လက်မှတ်ရရှိသော ကုမ္ပဏီများနှင့် လုပ်ငန်းရည်ရွယ်ချက် တိုးမြှင့်မည့် ကုမ္ပဏီများ သည် ကနဦးမတည်ငွေကို  မြန်မာနိုင်ငံတွင်းရှိ ဘဏ်တစ်ခုခုတွင် ငွေသွင်းစာရင်းဖွင့်ရန်   ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ ထုန်ပြန်ထားပြီး ယင်းဥပဒေ၊ နည်းဥပဒေများနှင့် လုပ်ထုံးလုပ်နည်းများကို လိုက်နာမှုမရှိသော ကုမ္ပဏီများရှိသည့်အတွက်  ကုမ္ပဏီစာရင်းကို စိစစ်နိုင်ရန် ထပ်ဆင့်ကြေညာချက် ထုတ်ပြန်ခြင်းဖြစ်ကြောင်း  ညွန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ပြောကြားသည်ဟု သိရသည်။

ကုမ္ပဏီမှတ်ပုံတင်ရာတွင် ပုဂ္ဂလိကကုမ္ပဏီများအတွက် ကနဦးမတည်ငွေရင်းသည် ဝန်ဆောင်မှု လုပ်ငန်းများအတွက် ကျပ်သိန်း ၅၀ ၊ ထုတ်လုပ်မှုလုပ်ငန်းအတွက်  ကျပ်သိန်း ၅၀၀ နှင့်  အများပိုင်ကုမ္ပဏီအတွက် ကျပ်သိန်း ၅၀၀၀  သတ်မှတ်ထားသည်။ စင်ကာပူနိုင်ငံတွင်  စင်ကာပူဒေါ်လာသုံးရာဖြင့် မှတ်ပုံတင်နိုင်ပြီး ဒေါ်လာအနည်းငယ်ရင်းနှီး၍ ကုမ္ပဏီထောင်နိုင်သည်။

ကုမ္ပဏီသက်တမ်းကို သုံးနှစ်မှ ငါးနှစ်အထိတိုးလိုက်သည့်အတွက်  အခွန်တိမ်းရှောင်သော ကုမ္ပဏီများသည်  သက်တမ်း မပြည့်မီအချိန်အထိ  ဆောင်ရွက်ပြီးနောက် ပျောက်ကွယ်သည့်အတွက်  နိုင်ငံတော်အခွန်ဘဏ္ဍာများ ဆုံးရှုံးကြောင်း ဒုဝန်ကြီးဦးလင်းအောင်က  ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ပြောကြားသည်။ ကနဦးမတည်ငွေ စာရင်း ကျပ်သိန်း ၅၀ မှာ အပန်းမကြီးသော်လည်း  မလိုအပ်ဘဲ နိုင်ငံသားများကို  စည်းမျဉ်းစည်းကမ်း မတင်းကျပ်စေ လိုကြောင်း  ကုမ္ပဏီမှတ်ပုံတင်ရေးလုပ်ငန်းများ ဝန်ဆောင်မှု ပေးနေသော လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

မြန်မာနိုင်ငံတွင် ကုမ္ပဏီမှတ်ပုံတင်ကြေးမှာ  အနည်းဆုံး ကျပ်ဆယ်သိန်းရှိသည်။ အလုပ်မလုပ်သော ကုမ္ပဏီများနှင့် လိပ်စာအတိအကျမရှိသော ကုမ္ပဏီများ စာရင်းကို စိစစ်ပြီးနောက် ဇူလိုင်လတွင် ကုမ္ပဏီ ၁၇၅၂ ခုကို ပယ်ဖျက်လိုက်ကြောင်း  ရင်းနှီးမြှုပ်နှံမှုနှုင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန မှ ထုတ်ပြန်ထားသည်။

ယခု ကြေညာချက်နှင့် ပတ်သက်၍   မှတ်ပုံတင်သည့်အခါ ဘဏ်များတွင် ငွေစာရင်းဖွင့်ခြင်းနှင့် ငွေခေတ္တ ငှားရမ်းခြင်း  ပိုလာဖွယ်ရှိပြီး  ကုမ္ပဏီထောင်သူတိုင်း  သိန်း ၅၀၀ ပြရန်  မဖြစ်နိုင်ကြောင်းနှင့် ထိုသို့  ငွေစာရင်းဖွင့်ခြင်းကို ကုမ္ပဏီသက်တမ်းတိုးသည့်အကြိမ်တိုင်း ပြသရန် လိုမလို သိရှိလိုကြောင်း  စသည်တို့ကို  ယင်းဌာန၏ လူမှုကွန်ရက် စာမျက်နှာတွင်  မေးမြန်းထားသည်ကို တွေ့ရသည်။

YC


မြန်မာနိုင်ငံတွင် ၂၀၁၅ ရွေးကောက်ပွဲ၌ PR စနစ် အမှန်တကယ် ကျင့်သုံးပါက တိုင်းရင်းသားများ အခွင့်အရေး ပိုမိုရရှိရန်  ဖက်ဒရယ်ယူနီယံပါတီကို ထူထောင်မည်

၂၀၁၅ ရွေးကောက်ပွဲတွင် မြန်မာနိုင်ငံ၌ ပီအာရ်စနစ်ကို ကျင့်သုံးမည်ဆိုပါက ကိုယ်စားလှယ် အရေအတွက် များများ အနိုင်ရရှိရေးအတွက် ညီနောင်တိုင်းရင်းသား ပါတီများအနေဖြင့် ဖက်ဒရယ်ယူနီယံပါတီ (FUP) ကို ထူထောင်သွားမည် ဖြစ်ကြောင်း တိုင်းရင်းသားပါတီများထံမှ သိရသည်။

ကိုယ်စားလှယ်ဦးရေ အရေအတွက်များများ အနိုင်ရနိုင်ရန်အတွက် ညီနောင်တိုင်းရင်းသားပါတီ ၁၅ ပါတီ စုပေါင်း၍ ဖက်ဒရယ်ယူနီယံပါတီအဖြစ် ထူထောင်ကာ ရွေးကောက်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်မည် ဖြစ်ပြီး ယခုအခါ မိမိတို့အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ အပါအ၀င် တိုင်းရင်းသား အခွင့်အရေး ကိစ္စရပ်များအား လွှတ်တော် အတွင်း၊ အပြင် ဆောင်ရွက်လျက်ရှိကြောင်း အင်းအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ ဥက္ကဋ္ဌ အင်းတိုင်းရင်းသားရေးရာ ၀န်ကြီး ဦးဝင်းမြင့်က ပြောကြားသည်။

“၂၀၁၅ ရွေးကောက်ပွဲကို ဒီပါတီနဲ့ ၀င်ပြိုင်မှာပါ။ ဒါမှ ရွေးချယ်တင်မြှောက်ပွဲမှာ ပီအာရ်စနစ် သုံးခဲ့ရင် ကျွန်တော်တို့ ကိုယ်စားလှယ် အရေအတွက် များများရမှာပါ။ အခုလက်ရှိတော့ ဖွဲ့စည်းပုံဥပဒေကိစ္စ၊ တိုင်းရင်းသား အခွင့်အရေးကာကွယ်ရေး ကိစ္စရပ်တွေရယ်၊ ပြည်တွင်း ငြိမ်းချမ်းရေး ကိစ္စရပ်တွေကိုပဲ အဓိက ထား ဆောင်ရွက်နေ ပါတယ်” ဟု ၀န်ကြီးက ပြောကြားသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ချင်းအမျိုးသားပါတီဥက္ကဋ္ဌ ဦးဇိုဇမ်က တိုင်းရင်းသားပါတီများအတွက် ပိုမိုကောင်းမွန်သည့် ပေါင်းစည်းမှုတစ်ခု ဖြစ်ကြောင်း၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှုအတွက် ကောင်းမွန်သော အကျိုးဆက်များ ဖြစ်ထွန်းလာနိုင်ကြောင်း ပြောကြားသည်။

“တိုင်းရင်းသားအချင်းချင်း ပေါင်းစည်းမှု၊ စည်းလုံးညီညွတ်မှုကို အခြေခံပါတယ်။ ရလဒ်ကောင်းတွေ ပေါ်ထွက် လာနိုင်ရင် အရမ်းကောင်းမှာပါ” ဟု ၎င်းက ဆိုသည်။

အဆိုပါ ဖက်ဒရယ်ယူနီယံ ပါတီကို ပြီးခဲ့သည့် သြဂုတ်လ ၈ ရက်က ရွေးကောက်ပွဲကော်မရှင်ထံ တင်ပြကာ ဖွဲ့စည်းထားခြင်း ဖြစ်ပြီး ပါတီစုံဒီမိုကရေစီ စနစ်အတွက် အကောင်းဆုံး ပူးပေါင်းဆောင်ရွက်သွားမည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။

လက်ရှိအချိန်တွင် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ အနိုင်ရပါတီများဖြင့် ဖွဲ့စည်းခဲ့သော ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (UNA) ကလည်း “ရှမ်းမူ”ကို အခြေခံသော ရှစ်ပြည်နယ်စနစ် ဖက်ဒရယ်ဖွဲ့စည်းပုံ အသစ်ရေးဆွဲရန် ဆန္ဒရှိနေပြီး ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) က အမျိုးသား ပြည်နယ်များဖြင့် ဖက်ဒရယ် ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ကို ရေးဆွဲရန် ဆန္ဒရှိနေကြ သည်။

              YC



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

International Media (2)
Document

Snapshot of the item below:
International Media (2)

နိုင်ငံတကာသတင်းများ (၂)

  • ရခိုင်ပြည်နယ်တွင်း ပဋိပက္ခထပ်မံဖြစ်ပွားပြီးနောက် ငြိမ်းချမ်းရေးဒိုင်ယာလော့ခ်လုပ်ရန် ကုလတောင်းဆို

(AFP သတင်းဌာနမှ 14 Aug 2013 ရက်စွဲပါ UN call for talks after Burma clashes ကိုဘာသာပြန်ဆိုသည်)

  • တာလီဘန်များ မြန်မာနိုင်ငံတွင် စစ်စခန်းဖွင့်

(16 Aug 2013 ရက်စွဲပါ hdnews24.com မှ Taliban opens camp in Myanmar ကို ဘာသာပြန်ဆိုသည်)


ရခိုင်ပြည်နယ်တွင်း ပဋိပက္ခထပ်မံဖြစ်ပွားပြီးနောက် ငြိမ်းချမ်းရေးဒိုင်ယာလော့ခ်လုပ်ရန် ကုလတောင်းဆို

(AFP သတင်းဌာနမှ 14 Aug 2013 ရက်စွဲပါ UN call for talks after Burma clashes ကိုဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်စခန်းတစ်ခုတွင် ရိုဟင်ဂျာမွတ်စလင်များနှင့် ပတ်သက်၍ အကြမ်းဖက် ပဋိပက္ခ တစ်ရပ်ဖြစ်ပွားခဲ့ပြီးနောက် ကုလသမဂ္ဂက ဒိုင်ယာလော့ခ်တစ်ရပ် ပြုလုပ်ရန် မေတ္တာရပ်ခံလိုက်ကြောင်း သိရသည်။ ဆူပူအကြမ်းဖက်မှုဖြစ်ပွားရာ အဆိုပါရခိုင်ပြည်နယ်ထဲသို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အထူးသံတမန် သောမတ် ကင်တားနား အဆိုပါဒေသသို့ သွားရောက်လေ့လာခဲ့ပြီးနောက် ထိုသို့ ပန်ကြားလိုက်ခြင်းလည်းဖြစ်သည်။

ရခိုင်ပြည်နယ်တွင် နောက်ဆုံးအကြိမ်ဖြစ်ပွားခဲ့သည့် အဆိုပါဆူပူအကြမ်းဖက်မှုတွင် လူပေါင်း ၁၀ ဦးခန့် ဒဏ်ရာရရှိခဲ့ပြီးအနည်းဆုံး လူတစ်ဦးသေဆုံးကြောင်း ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ အေဂျင်စီဖြစ်သော UNHCR ကပြောကြားသည်။

"ပြည်တွင်း ရွှေ့ပြောင်းနေထိုင်ရသူများနှင့် အစိုးရအကြားငြိမ်းချမ်းရေး ဒိုင်ယာလော့ခ်တစ်ရပ် အမြန်ဆုံးကျင်းပ ပြု လုပ်နိုင်ရန် ကုလသမဂ္ဂက ထပ်မံပန်ကြားလိုက်ပါတယ်။ နောက်ထပ်တစ်ကြိမ် အလားတူဆူပူအကြမ်းဖက်မှုတွေ မဖြစ်ပေါ်နိုင် ရေးအတွက် အဆိုပါငြိမ်းချမ်းရေး ဒိုင်ယာလော့ခ်က များစွာအခရာကျသည်ဟု ကျွန်တော်တို့က ယုံကြည်ထား ပါတယ်" ဟု UNHCR ၏ ပြောရေးဆိုခွင့်ရှိသူ Adrian Edwards က ဂျနီဗာမြို့ တွင်ပြောကြားသည်။ ယင်းသို့ ကြေညာချက် ထုတ်ပြန်ခြင်း သည် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အထူးသံတမန် သောမတ်ကင်တားနား၏ မြန်မာပြည်ခရီးစဉ်နှင့်လည်း တိုက်ဆိုင် လျက်ရှိသည်။

ပြီးခဲ့သည့် မတ်လအတွင်း မြန်မာနိုင်ငံ အလယ်ပိုင်းဒေသ၌ ဗုဒ္ဓဘာသာဝင်များနှင့် မွတ်စလင်များအကြား ဖြစ်ပွားခဲ့ သည့်ဆူပူအကြမ်းဖက်မှုတွင် ရဲတပ်ဖွဲ့ဝင်များနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက နှိမ်နင်းမှုပြုလုပ်ရန် တုံ့နှေးနေခဲ့ခြင်းကြောင့် လူ ပေါင်းဒါဇင်ပေါင်း များစွာသေဆုံးခဲ့ပြီး အိုးအိမ်စည်းဇိမ်များ ပျက်စီးခဲ့ရကြောင်း၊ အဆိုပါဖြစ်ရပ်ကိုကြည့်လျှင် ဆူပူအကြမ်းဖက် မှု၌ နိုင်ငံတော်အစိုးရက ပါဝင်ပတ်သက်နေသည်ဟု ယူဆရကြောင်း သောမတ်ကင်တားနားက သုံးသပ်ပြောကြား ခဲ့သည်။

သို့သော် ၎င်း၏ ပြောဆိုချက်မှာ မှန်ကန်မှုမရှိပါကြောင်း မြန်မာအစိုးရက တုံ့ပြန်ဖြေရှင်းခဲ့သည်။

မြန်မာနိုင်ငံ လူဦးရေစုစုပေါင်း၏ ၁ ရာခိုင်နှုန်းခန့်မျှရှိသော မွတ်စလင်များကို တိုက်ခိုက်အကြမ်းဖက်မှုများသည် ဗုဒ္ဓ ဘာသာဝင် အများစုနေထိုင်ရာ လူ့အဖွဲ့အစည်း၌ မွတ်စလင်မုန်းတီးရေး သဘောတရားများ နက်ရှိုင်းစွာ ရှိနေသည်ဟူသော အချက်ကို ပေါ်လွင်စေခဲ့သလို အစိုးရ၏ ပြုပြင်ပြောင်းလဲမှုများအပေါ်လည်း များစွာလောင်းရိပ် ကျရောက်စေသည်။

ရခိုင်ပြည်နယ်အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းမြိုင်က အထူးသံတမန် သောမတ်စ်ကင်တားနားသည် ဒုက္ခသည် စခန်းများ အပါအဝင် ရခိုင်ပြည်နယ်ရှိ မြို့အတော်များများသို့ သွားရောက်လေ့လာခဲ့ကြောင်း ပြောကြားသည်။

ရခိုင်ပြည်နယ်တွင် ယမန်နှစ် ဇွန်လနှင့် အောက်တိုဘာလအတွင်း ဆူပူတိုက်ခိုက်မှုများဖြစ်ပွားခဲ့ပြီးကတည်းက ယခု အချိန်အထိ တင်းမာမှုများမှာ မြင့်တက်လျက် ရှိဆဲပင်ဖြစ်သည်။ ထိုဖြစ်စဉ်များတွင် လူပေါင်း ၂၀၀ ကျော်ခန့် သေဆုံးခဲ့ရသည်။ မြန်မာနိုင်ငံတွင် ရိုဟင်ဂျာမွတ်စလင်များကို ဘင်္ဂလားဒေ့ရှ်မှ တရားမဝင် ဝင်ရောက်လာသူများအဖြစ် လူအများစုကသတ်မှတ် ထားကြသည်။ ဆူပူအကြမ်းဖက်မှုများကြောင့် ရခိုင်ပြည်နယ်ရှိ လူ့အဖွဲ့အစည်းတွင်း အကွဲအပြဲများဖြစ်ပေါ်ခဲ့သလို မွတ်စလင် နှင့် ဗုဒ္ဓဘာသာရခိုင်လူမျိုးများနှင့် လုံခြုံရေးတပ်ဖွဲ့များ အကြား ယုံကြည်မှုများလည်း ပျောက်ဆုံးခဲ့ရသည်။

ပြီးခဲ့သည့် ဇွန်လတွင် ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်စခန်းများ၌ အချင်းများမှုများဖြစ်ပွားပြီး ဆူပူအကြမ်းဖက် တိုက်ခိုက် ခဲ့ကြရာတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဝင်ရောက်ပစ်ခတ်ခြင်းကြောင့် ရိုဟင်ဂျာမွတ်စလင် အမျိုးသမီး သုံးဦးသေဆုံးခဲ့သည်။

UNHCR အဆိုအရနာက်ဆုံးအကြိမ်ဖြစ်ပွားခဲ့သည့် ပဋိပက္ခသည် စစ်တွေအနီးမစ်ကြောင်းတစ်ခု၌ လူသေ အလောင်း တစ်ခုတွေ့ရှိခဲ့ပြီးနောက် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အဆိုပါ လူသေအလောင်းနှင့်ပတ်သက်၍ ဒုက္ခသည်စခန်းတွင် နေထိုင် သူများနှင့် ရဲတပ်ဖွဲ့ဝင်များအကြား အချင်းများကြရာ ရဲတပ်ဖွဲ့က ထိပ်တိုက်ပဋိပက္ခဖြစ်ပွားခဲ့ပြီးနောက် အကြမ်းဖက် တိုက်ခိုက် ကြခြင်းဖြစ်သည်ဟု ယူဆရသည်။ ယင်းဖြစ်ရပ်ကြောင့် မွတ်စလင်လေးဦး ဒဏ်ရာရရှိသွားပြီး တစ်ဦးမှာ အသက်အန္တရာယ် စိုးရိမ်ရသည့် အခြေအနေသို့ရောက်ရှိသွားသည်။

သို့အတွက်ကြောင့် လွန်ခဲ့သည့် ရက်သတ္တပတ်တစ်ခုလုံး ယင်းဒုက္ခသည်စခန်းသို့ လူသားချင်းစာနာ ထောက်ထား သည့် အကူအညီများပေးနိုင်ခဲ့ခြင်းမရှိကြောင်း သို့သော် တနင်္လာနေ့မှစတင်ကာ တင်းမာမှုများလျော့ကျခဲ့ခြင်းကြောင့် ပြန် လည်ဝင်ရောက် ပံ့ပိုးနိုင်ခဲ့ကြောင်း UNHCR ကဆိုသည်။


တာလီဘန်များ မြန်မာနိုင်ငံတွင် စစ်စခန်းဖွင့်

(16 Aug 2013 ရက်စွဲပါ hdnews24.com မှ Taliban opens camp in Myanmar ကို ဘာသာပြန်ဆိုသည်)

Urdu ဘာသာဖြင့်ဖ်ာပြသော အင်တာနက်ဖိုရမ်တစ်ခုတွင် နှစ်ဒါဇင် ကျော်ကျော် အလွန်ကောင်းမွန်သော ပုံများဖြင့် တာလီဘန်များသည် မြန်မာနိုင်ငံရှိ အမည်မဖော်လိုသော စခန်းတစ်ခုတွင် ရိုဟင်ဂျာ မူဆလင်များ၊ ဘင်္ဂလားဒေ့ရှ်များ၊ အင်ဒို နီးရှားလူမျိုးများကို စုဆောင်း၍ အောင်မြင်စွာ လေ့ကျင့်သင်ကြားမှုများ ပေးလျက်ရှိသည်ဟု Asia News International (ANI) က ပြောကြားခဲ့ပါသည်။

အဆိုပါ ပုံများကို Urdu ဘာသာစာများဖြင့် ‘Bab-e-Islam Jihadi Internet Forum’တွင် ဖော်ပြထားသည်ကို ဇူလိုင် လ ၁၂ ရက်နေ့က ဖေ့စ်ဘုတ်တွင် တွေ့ရှိရသည်ဟု ဝါရှင်တန်အခြေစိုက် သုတေသန အင်စတီကျူဖြစ်သော အရှေ့အလယ် ပိုင်းမီဒီယာသုတေသန အင်စတီကျူ (MEMRI)၏ Jihad and Terrorism Threat Monitor(JTTM)၏ အဆိုအရ သိရှိရပါသည်။

အဆိုပါ အင်စတီကျူသည် ဆိုရှယ်မီဒီယာများတွင် ရယ်ဒီကယ်အစ္စလာမ် မီဒီယာနှင့် ကွန်ရက်များဖြင့် ၎င်းတို့၏ ဘာသာဖြင့် ဝါဒဖြန့်မှုများကို စောင့်ကြည့်၍ ဘာသာပြန်မှုများကို အထူးပြုလေ့လာပါသည်။

Bab-e-Islam Internat ဖိုရမ်တွင် မြန်မာနိုင်ငံ၌ယူနီဖောင်း ဝတ်ထားသူများအား စစ်သင်တန်းပေးနေသည့် ဓါတ်ပုံကို ဖော်ပြထားပြီး နေရာအတိအကျကိုမူ ဖော်ပြမထားပါ။

Arrahmah.com ဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသောပုံတွင် သင်တန်းသားများ ဘုရားရှိခိုးနေသည့်ပုံကို ဖော်ပြထား ပါသည်။

အခြားပုံများတွင် လေ့ကျင့်သင်ကြားပေးကြသော တာလီဘန် အဆင့်မြင့်အရာရှိများ၏ မျက်နှာကိုမူဖျက်၍ ဖော်ပြ ထားပါသည်။

JTTM ကဓါတ်ပုံနှင့် တွဲလျက်ပါသောစာအားဘာသာပြန်ခဲ့ရာ “ဤဂျီဟတ်တပ်ဖွဲ့သစ်သည် မြန်မာနိုင်ငံသို့ တပ်မှူးများ ဖြစ်သော Abu Sufiya နှင့် Abu Arif တို့၏ ဦးဆောင်မှုဖြင့် ဝင်ရောက်ခဲ့ပြီ” ဟု ဖော်ပြထားသည်ဟု ဆိုပါသည်။

ပုံတွင် ဖော်ပြထားသောစာများတွင် အဆိုပါစုဆောင်းထားသော အဖွဲ့သစ်သည် မြန်မာစစ်တပ်မှ ယာဉ်နှစ်စီးဖျက်ဆီး ၍ စစ်သား ၁၇ ဦးကို သတ်ဖြတ်ခဲ့သည်ဟု ဖော်ပြထားပါသည်။

အဆိုပါစာများတွင်ပင်ထိုတပ်ဖွဲ့သစ်သည်မူဆလင်များအားသတ်ဖြတ်ခဲ့ခြင်းကို လက်စားချေသည့်အနေဖြင့်ဘုန်းကြီး တစ်ပါး အပါအ၀င် ဗုဒ္ဓဘာသာသုံးဦးအား ခေါင်းဖြတ်သတ်ခဲ့သည်ဟု ဖော်ပြထားပါသည်။

မြန်မာနိုင်ငံမှ မူဆလင်ရိုဟင်ဂျာအရေးကိစ္စသည် နိုင်ငံတကာသတင်းခေါင်းကြီးပိုင်းကို နေရာယူခဲ့သည်မှာ လွန်ခဲ့ သော နှစ်ကတည်းကဖြစ်ပြီး အများစု ဗုဒ္ဓဘာသာများ၏ တိုက်ခိုက်မှုဒဏ်ကို ခံစားကြရပါသည်။

တိုင်းရင်းသားရိုဟင်ဂျာ မူဆလင်များ ရာနှင့်ချီ၍ သတ်ဖြတ်ခံရပြီး ထောင်ပေါင်းများစွာ အိုးမဲ့အိမ်မဲ့ ဖြစ်ကြရပါသည်။

ဖော်ပြထားသော ဓါတ်ပုံများတွင် လူ ၁၀၀ မှ ၂၀၀ ခန့်ထိ သေနတ်ပစ် လေ့ကျင့်နေပုံများ ပါဝင်ပါသည်။

ဝါရှင်တန်အခြေစိုက် သုတေသန အင်စတီကျူက ပြောကြားရာတွင် Ansarullah jihadi ဖိုရမ်၏ အာရပ်ဘာသာဖြင့် ဖော်ပြမှုများကို Bab-e-Islam ဖိုရမ်မှ တစ်ဆင့် အဓိက လုပ်ဆောင်သည်ဟု ဆိုပါသည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive