Transparency Myanmar

transparency.myanmar@gmail.com

Current News
Document

Snapshot of the item below:
Current News

ပြည်တွင်း နိုင်ငံရေး၊ စီးပွားရေး သတင်းစဉ်


မြန်မာ - တရုတ် နှစ်နိုင်ငံကြား ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်မှုသည် ဖွံ့ဖြိုးတိုးတက်မှုအတွက်  အထောက်အကူပြုဟု သမ္မတဆို

သြဂုတ် ၂ ရက်နေ့တွင် ကျင်းပသော (၁၀) ကြိမ်မြောက် အာဆီယံ-တရုတ်ကုန်စည်ပြပွဲ၌ နိုင်ငံတော် သမ္မတဦးသိန်းစိန်သည် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံအကြား ရင်းနှီးစွာပူးပေါင်းဆောင်ရွက်ခြင်းမှာ  နှစ်နိုင်ငံလုံး၏ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေပြီး တရုတ်နိုင်ငံ၏ ကူညီထောက်ပံ့မှုများကိုလည်း ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံအနေဖြင့် မဟာဗျူဟာအရ အရေးပါသော ဆက်သွယ်ရေးကို မြှင့်တင်လိုသည့်အပြင်  အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုအား တိုးမြှင့်ရန် လိုလားကြောင်း၊ သို့မှသာ  အာဆီယံ-တရုတ် ဆက်ဆံရေးနှင့် နှစ်နိုင်ငံဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုကို မြင့်တင်နိုင်မည်ဖြစ်ကြောင်း  ၎င်းက ဆက်လက် ပြောကြားသည်။

ထိုအပြင် တရုတ်ဝန်ကြီးချုပ် လီကာကျန်းသည် မြန်မာနိုင်ငံတွင် စီးပွားရေးနှင့်လူမှုရေး ပြုပြင်ပြောင်းလဲမှု ဆောင်ရွက်နေချိန်၌ တရုတ်နိုင်ငံတွင်လည်း အနောက်တောင်ပိုင်းဒေသ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို လျင်မြန်စွာ ဆောင်ရွက်နေချိန်ဖြစ်ပြီး  နှစ်နိုင်ငံလုံးမှာ တည်နေရာ ဈေးကွက်အနေအထားနှင့် နည်းပညာပိုင်း အားသာချက်များကို ရရှိထားသည်ဟု ပြောကြားခဲ့သည်။

နိုင်ငံရေးအရ အပြန်အလှန် ယုံကြည်မှု ရှိစေရန် တိုးမြှင့်သင့်ကြောင်း၊  နှစ်နိုင်ငံအကျိုးရှိစေမည့် ပူးပေါင်း ဆာင်ရွက်မှုများကို တိုးမြှင့်စေမည့် နည်းလမ်းများနှင့် အတွေးအခေါ်သစ်များကို ဆွေးနွေးသင့်ကြောင်း၊ သို့မှသာ နှစ်နိုင်ငံ ဆောင်ရွက်မည့် အကြီးစားစီမံချက်များအား ခိုင်မာစွာ အကောင်အထည်ဖော်နိုင်မည်ဖြစ်သကဲ့သို့  ဒေသခံပြည်သူ များအတွက်  အကျိုးအမြတ်များ ရရှိစေမည်ဖြစ်ကြောင်း၊ နယ်စပ်ဒေသများတွင် ချမ်းသာကြွယ်ဝရေးနှင့် လုံခြုံရေးအတွက် နှစ်နိုင်ငံပူးပေါင်းသင့်ကြောင်း၊ တရုတ်-မြန်မာဆက်ဆံရေး တည်ငြိမ်တိုးတက်ရေးအတွက် ကြိုးပမ်းသင့်ကြောင်း ဆက်လက်  ပြောကြားခဲ့သည်။

၂၀၁၄ ခုနှစ်၌ မြန်မာနိုင်ငံသည်  အာဆီယံဥက္ကဋ္ဌ ရာထူးစတင်တာဝန်ယူမည်ဖြစ်သည့်အတွက်   တရုတ်-အာဆီယံ ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရန်  မြန်မာနိုင်ငံမှ ကူညီပေးနိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်းလည်း လီကာကျန်းက ပြောကြားခဲ့သည်။သို့သော်လည်း ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်ခရိုင် ကွတ်ခိုင်မြို့နယ်အတွင်းရှိ မြေဧက ခြောက်သိန်းကို   တာမိုးညှဲချမ်းသာ သစ်အခြေခံစက်မှုလုပ်ငန်းကုမ္ပဏီနှင့်  တရုတ်နိုင်ငံအခြေစိုက်  Sun Shine Kaidi New Energy Co.Ltd တို့ပူးပေါင်း၍ ဇီဝလောင်စာဆီထုတ်လုပ်ရန် စီမံကိန်းဆောင်ရွက်မှုကို ဒေသခံများမှ သမ္မတရုံးထံသို့ လက်မှတ်ထိုး ကန့်ကွက်စာ တင်ထားသည်ဟု သိရသည်။ ယင်းစီမံကိန်း ဖော်ဆောင်မှု အောင်မြင်ပါက စိုက်ပျိုးရေးကို အခြေခံစားသောက်ရသော ဒေသခံပြည်သူများ ရပ်တည်ချက်ပျောက်သွားနိုင်သည့်အတွက် နိုင်ငံတော်သမ္မတရုံးထံသို့ လက်မှတ်ထိုး ကန့်ကွက်စာတင်ခြင်းဖြစ်သည်ဟု ကန့်ကွက်မှုတွင် ပါဝင်သော ဒေသခံတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

 YC


ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်း ရှမ်းပြည်နယ် ခရီးစဉ်အတွင်း လက်နက်ကိုင်အဖွဲ့များ၊ နိုင်ငံရေးပါတီများနှင့် လိုက်လံတွေ့ဆုံ

ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းသည် လွှတ်တော်ရပ်နားချိန်အတွင်း သွားရောက်သည့် ရှမ်းပြည်နယ် ခရီးစဉ်အတွင်း နိုင်ငံတော်အစိုးရနှင့် ငြိမ်းချမ်းရေးယူထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများနှင့် လိုက်လံတွေ့ဆုံခဲ့ကြောင်း သိရှိရသည်။

သူရဦးရွှေမန်း၏ ရှမ်းပြည်နယ် ခရီးစဉ်အတွင်း စက်တင်ဘာလ ၂ ရက်နေ့က ရှမ်းပြည်နယ် အစိုးရအဖွဲ့၊ ရှမ်း တိုင်းရင်းသားများ ဒီမိုကရေစီပါတီ (SNLD) ၊ နှင့်စက်တင်ဘာလ ၃ ရက်နေ့တွင် “ဝ” ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် နှင့် တွေ့ဆုံခဲ့သည်။

သူရဦးရွှေမန်းသည် ရှမ်းပြည်နယ် အစိုးရအဖွဲ့ အပါအဝင် ပြည်သူလူထုများနှင့် တောင်ကြီးမြို့၌ တွေ့ဆုံရာတွင် “နိုင်ငံတော်ကာကွယ်ရေးနဲ့ ပတ်သက်ရင် တပ်မတော်ဆိုတာ တိုင်းပြည်တစ်ပြည်မှာ တပ်မတော် တစ်ခုပဲ ရှိပါတယ်။ အမေရိကန်ပြည်ထောင်စုမှာလည်း ယူနီယံအာမခံ UNION ARMY ဆိုတာပဲ ရှိတယ်။ တိုင်းဒေသကြီး ပြည်နယ်တွေ အားလုံးမှာ တစ်တိုင်းကို တပ်မတော်တစ်ခု ဘယ်နိုင်ငံမှာမှ မရှိပါဘူး။ ပြည်ထောင်စုတပ်မတော်မှာပဲ အားလုံး ပါရပါမယ်” ဟု ပြောကြားခဲ့သည်။

“Power sharing (အာဏာခွဲဝေခြင်း) ဆိုတာက စဉ်းစားဆင်ခြင်ပြီး ၊ စနစ်တစ်ခုကနေ စနစ်တစ်ခု ကူးပြောင်းတဲ့အခါ လွယ်လွယ်နဲ့ မရဘူး။ အဆင့်တိုင်း၊ အဆင့်တိုင်းကို လုပ်ဆောင်သွားရမယ်” ဟု ၎င်းက ဆက်လက်ပြောကြားသွားခဲ့ကြောင်း သိရသည်။

ထို့နောက် ရှမ်းတိုင်းရင်းသား ဒီမိုကရေစီပါတီ (SNLD) နှင့် တွေ့ဆုံရာတွင် “လက်နက်ကိုင်ပြီး ဖက်ဒရယ်စနစ်ကို တောင်းဆိုနေတာထက် ပြည်နယ် ဒေသအလိုက် လွှတ်တော်တွေမှာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် တောင်းဆိုလို့ ရတာပါပဲ။ ရှမ်းပြည်နယ်အတွက် လိုအပ်တဲ့ ဥပဒေ ပြည်နယ်မှာရှိတဲ့ လွှတ်တော်တွေမှာ တင်ပြပြီး အတည်ပြု ပြဋ္ဌာန်းလို့ ရတာပဲ။ လက်နက်ကိုင်ပြီး ဖက်ဒရယ် တောင်းဆိုစရာ မလိုပါဘူး” ဟုလည်း ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက ပြောသည်။

အဆိုပါ တွေ့ဆုံပွဲတွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးက ထိုင်းနိုင်ငံတွင် အလုပ်လုပ်နေကြသော ရှမ်းတိုင်းရင်းသားများနှင့် ပတ်သက်၍ ၎င်းတို့ ပြန်လည် ရောက်ရှိလာပါက ကျေးရွာများ တည်ဆောက်ပေးကာ နိုင်ငံသားမှတ်ပုံတင်များ ရရှိအောင် ဆောင်ရွက်ပေးရန်၊ မှတ်ပုံတင်တွင် တိုင်းရင်းသားလူမျိုး အမည်မှန် ဆောင်ရွက်ပေးရေးနှင့် ပုဒ်မ ၁၇ နှင့် ၁၈ တို့ကို ဖျက်သိမ်းပေးရန် တောင်းဆို တင်ပြခဲ့ကြောင်း သိရသည်။

ထို့ပြင် ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းသည် စက်တင်ဘာလ ၃ ရက်နေ့တွင် ရှမ်းပြည်နယ် ကျိုင်းတုံမြို့၌ “ဝ” ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) နှင့်လည်း ပထမဆုံးအကြိမ် သွားရောက် တွေ့ဆုံခဲ့ပြီး တပ်ပိုင်းဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

အဆိုပါ UWSA နှင့် တွေ့ဆုံပွဲသို့ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းနှင့် လွှတ်တော် အမတ်အချို့ တက်ရောက်ခဲ့ပြီး UWSA ဘက်မှ ဒုတိယ စစ်သေနာပတိချုပ် ခွန်ဆန်၊ နိုင်ငံခြားရေးဝန်ကြီး ဦးအိုင်လိန်နှင့် ပြောရေးဆိုခွင့်ရှိသူ ဦးအောင်မြင့်တို့ တက်ရောက်ခဲ့ကြကာ မိုင်းတုံ၊ မိုင်းဆတ် နှင့် ကျိုင်းတုံမြို့ အနီးတဝိုက်တွင် နှစ်ဖက်တပ်များ တပ်များ တိုးချဲ့၍ အပြန်အလှန် ဝန်းရံနေမှု ကိစ္စများ၊ ရှေ့ရောက်နေသည့် တပ်များအား မူလနေရာ ပြန်ဆုတ်ပေးရေးနှင့် မူလနေရာတွင် ပြန်လည်နေရာပေးရေး စသည့် တပ်ပိုင်းဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း “ဝ” အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဆိုင်ပေါင်းနပ်၏ ပြောကြား ချက်အရ သိရှိရသည်။

ပြည်ထောင်စုလွှတ်တော် နာယက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် လာမည့် စက်တင်ဘာ ၆ ရက်နေ့တွင်လည်း ရှမ်းတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ဖြစ်သော ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည် တပ်မတော် (SSPP/SSA) နှင့် တွေ့ဆုံရန် စီစဉ်ထားပြီး မွန်ပြည်နယ် ၊ တနင်္သာရီ တိုင်းဒေသကြီးများသို့လည်း သွားရောက်ကာ ၎င်းဒေသများရှိ အဖွဲ့အစည်းများနှင့် တွေ့ဆုံရန် ရှိနေကြောင်း သိရှိရသည်။

 YC


၂၀၃၁ ခုနှစ်တွင် မြန်မာနိုင်ငံတစ်ဝှမ်းလုံး၏ လျှပ်စစ်ဓါတ်အား ပမာဏ ယခုထက် ငါးဆ လိုမည်

လျှပ်စစ်ဓါတ်အားဝန်ကြီးဌာနသည် ၂၀၀၀ ပြည့်နှစ်မှ စတင်ပြီး နှစ် ၃၀ အမျိုးသားစီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်ရာ အဆိုပါစီမံကိန်းအရ ၂၀၃၁ ခုနှစ်တွင် လျှပ်စစ်ဓါတ်အား လိုအပ်ချက်မှာ မဂ္ဂါဝပ်နှစ်သောင်းနီးပါး ရှိလာမည်ဖြစ်ပြီး လက်ရှိထုတ်လွှတ်နေသည့် လျှပ်စစ်ဓါတ်အားထက် ငါးဆပိုမိုလိုအပ် လာမည်ဟု  ရန်ကုန်မြို့ရှိ ကုန်သည်ကြီးများ ဟိုတယ်တွင် ကျင်းပသော Myanmar Energy Investment Summit 2013 ၌ ရေအားလျှပ်စစ်စီမံရေးဦးစီးဌာနမှ ဒုတိယညွှန်ကြား ရေးမှူး ဦးတင်လွင်ဦးက ပြောကြားခဲ့သည်။

၂၀၃၀-၂၀၃၁ ဘဏ္ဍာရေးနှစ်၌ အများဆုံးလျှပ်စစ်ဓါတ်အားပမာဏ ၁၈၉၀၄ မဂ္ဂါဝပ်အထိ လိုအပ်မည်ဖြစ်ပြီး ယခု ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် ၅၆၄၂ မဂ္ဂါဝပ်အထိ လိုအပ်မည်ဟု ခန့်မှန်းထားကြောင်း လျှပ်စစ်ဓါတ်အား ဝန်ကြီးဌာနက ထုတ်ပြန်ထားသော စာရင်းများအရ သိရသည်။

လက်ရှိမြန်မာနိုင်ငံ၌ ရေစွမ်းအင်၊ သဘာဝဓါတ်ငွေ့နှင့်ကျောက်မီးသွေးတို့မှ လျှပ်စစ်ဓါတ်အားမဂ္ဂါဝပ် လေးထောင်နီးပါး ထုတ်လုပ်နိုင်သောကြောင့် ၂၀၃၁ ခုနှစ်တွင် လိုအပ်မည့် မဂ္ဂါဝပ် နှစ်သောင်းနီးပါးကို ဖြည့်ဆည်းနိုင်ရန် စနစ်တကျ ကြိုးပမ်းရမည်ဖြစ်ကြောင်း Upstream Ayerwady မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၏ GDP တိုးတက်မှုသည်  လျှပ်စစ်ဓါတ်အားရရှိမှုနှင့် ဆက်သွယ်ရေး ဝန်ဆောင်မှု အခြေအနေများ အပေါ်တွင် များစွာမူတည်နေသောကြောင့် GDP သည် ၂၀၁၃ ခုနှစ်တွင် ၆ ဒသမ ၅ ရာခိုင်နှုန်းနှင့် ၂၀၁၄ ခုနှစ်တွင် ၆ ဒသမ ၇ ရာခိုင်နှုန်းအထိ တိုးတက်လာမည်ဟု  အာရှဖွံ့ဖြိုးရေးဘဏ် (ADB)မှ ခန့်မှန်းထားကြောင်း အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးမှုဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုခဲ့သည်။

တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသော ပြည်တွင်းလျှပ်စစ်စွမ်းအား လိုအပ်ချက်ပမာဏကို ထပ်မံဖြည့်ဆည်းရန် ၂၀၁၅ ခုနှစ်မတိုင်မီ ရေအားလျှပ်စစ် ဓါတ်အားပေးစက်ရုံငါးခုကို တည်ဆောက်သွားမည်ဖြစ်ကြောင်း လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနမှ သိရသည်။

မြန်မာနိုင်ငံတွင် အကြီးဆုံးနှင့်  ၅၀၀ မဂ္ဂါဝပ် လျှပ်စစ်ဓါတ်အား ထုတ်လုပ်နိုင်မည့်  သဘာဝဓါတ်ငွေ့သုံးစက်ရုံကို ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်၌ တည်ဆောက်ရန်အတွက် Kokrea Western Power ကုမ္ပဏီ၊ မြန်မာနိုင်ငံမှ HEXA International Group ကုမ္ပဏီနှင့်  Korea Electric Manufacture Association ကုမ္ပဏီတို့ နားလည်မှုစာချွန်လွှာ(MOU) လက်မှတ်ရေးထိုးခြင်းအခမ်းအနားကို သြဂုတ်လ ၃ ရက်နေ့တွင် ရန်ကုန်မြို့ရှိ ဆီးဒိုးနားဟိုတယ်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

YC



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

Q & C
Document

Snapshot of the item below:
Q & C

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ 

“ပုဂ္ဂလိကပိုင်းကတော့ အသင်းချုပ် အနေနဲ့ ပူးပေါင်းပြီး လုပ်ဆောင်နေတာတွေ အများကြီးပါ။ ဆန်စက် ကဏ္ဍ ကိုလဲ ပြည်တွင်း လုပ်ငန်းရှင်ရော၊ ပြည်ပနိုင်ငံတွေနဲ့ ပေါင်းပြီး လုပ်ဆောင်နေတာတွေ ရှိနေတယ်။ အစိုးရပိုင်းကလဲ သမဝါယမ အနေနဲ့ အသေးစား ငွေချေးလုပ်ငန်းတွေ လုပ်ဆောင်တာတွေ ရှိနေပေမယ့် တောင်သူတွေ ဖြစ်နေတာက အသိပညာပိုင်း အားနည်းချက်တွေ ရှိနေတယ်။ ဒီအပိုင်းကို ဖြည့်ဆည်းမယ်ဆိုရင် သူတို့နဲ့ အနီးကပ် ကူညီနိုင်ဖို့ လိုတယ်”

၂၀၁၃ စက်တင်ဘာလ ၃ ရက်နေ့ The Yangon Times နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော “မြန်မာ့ ဆန်စပါးကဏ္ဍ မြှင့်တင်ရန် Farmer Center များ မြို့နယ်တိုင်းတွင် ပေါ်ပေါက်ရန် လိုအပ်နေ” သတင်းမှ မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ် ဥက္ကဋ္ဌ ဦးချစ်ခိုင်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“နိုင်ငံတကာ အသိုင်းအဝိုင်းကို သူတို့က စပြီး ပြောလာတဲ့အခါ OIC တို့လို နိုင်ငံတကာ အဖွဲ့အစည်းတွေက ပါဝင်လာတဲ့ ကြိုးစားမှုတွေ ဖြစ်လာတယ်။ တကယ်တမ်း ဒီပြဿနာဆိုတာ ကိုယ့်ပြည်တွင်းမှာ နှစ်ဦး နှစ်ဖက် ဖြေရှင်းရမယ့် ပြဿနာပါ။ နိုင်ငံတကာ ဘယ်အစိုးရကမှ ဝင်ရောက်စွက်ဖက်တာကို မကြိုက်ပါဘူး”

၂၀၁၃ စက်တင်ဘာလ ၃ ရက်နေ့ စံတော်ချိန် နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော “ရခိုင် ပဋိပက္ခ ပြည်တွင်း၌သာ ဖြေရှင်းရမည်ဟု ဗီဂျေနမ်ဘီးယားဆို” သတင်းမှ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ၏ မြန်မာနိုင်ငံဆိုင်ရာ အထူး အကြံပေးပုဂ္ဂိုလ် ဗီဂျေနမ်ဘီးယား၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“ဖွဲ့စည်းပုံအခြေခံဥပဒေကို လေ့လာသုံးသပ်တဲ့အခါမှာ လွှတ်တော်ဥက္ကဋ္ဌ ချင်း ညှိနှိုင်းတာကောင်းတယ်။ ဒီနေ့ အသံကျယ်နေ  တဲ့ ဖက်ဒရယ်မရဘူးဆိုရင် ငြိမ်းချမ်းရေးအတွက် အခက်အခဲဖြစ်မယ်။ အမျိုးသား စည်းလုံး ညီညွတ်ရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ တရားဥပဒေ စိုးမိုးရေးအတွက် အခက်အခဲရှိမယ်။ ဒီစကားတွေဟာ ထိုက်သင့်သလောက်မှန်တဲ့အတွက် သုံးသပ်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ လွှတ်တော် တစ်ခုတည်း လွှဲမထားပါနဲ့။ ပြည်သူတွေပါ အားလုံးပါဝင်ဖို့ လိုအပ်ပါ တယ်။ ဝန်ကြီးဌာန ပုဂ္ဂိုလ်တွေ အားလုံးလို လို ခေါ်ခဲ့ပါတယ်။ နိုင်ငံတော်ကာကွယ်ရေးအတွက် တိုင်းပြည် တစ်ပြည် မှာ တပ်မတော်တစ်ခုတည်း ရှိပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ ယူနီယံအာမီ တပ်မတော်တစ်ခုတည်း ရှိပါ တယ်။ တိုင်းနဲ့ပြည်နယ်မှာ  တပ်မတော် တစ်ခုစီ ဘယ်နိုင်ငံမှာမှ ထောင်လို့ မရပါဘူး”

၂၀၁၃ စက်တင်ဘာလ ၃ ရက်နေ့ Daily Eleven နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော “ဖက်ဒရယ် မရပါက ငြိမ်းချမ်း ရေးအတွက် အခက်အခဲဖြစ်မည်ဟု ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်း တောင်ကြီးမြို့ တွင် ဒေသခံများနှင့် တွေ့ဆုံစဉ်ပြောကြား” သတင်းမှ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်း၏ ပြောကြားချက်အား ကောက်နှုတ် ချက်။


“လက်ရှိ ကျွန်တော်တို့ ရောက်နေတဲ့ အနေအထားနဲ့ နိုင်ငံတော် အနေအထားကို ပြန်ခြုံကြည့်လိုက်တဲ့ အခါမှာ တစ်နိုင်ငံလုံး ငြိမ်းချမ်းရေးရဖို့ပဲ။ ငြိမ်းချမ်းရေးဆိုတဲ့နေရာမှာ ကျွန်တော့်အနေနဲ့ ပြောချင်တာက ပြည်နယ်တွေ မှာ မူးယစ်ဆေးဝါးကြောင့်လဲ ငြိမ်းချမ်းရေးခရီးမရောက်ဘူး ဖြစ်နေတယ်။ မူးယစ်ဆေးဝါးကြောင့် ငြိမ်းချမ်းရေး လိုရာခရီးမရောက်တာလို့ ကျွန်တော်မြင် တယ်။ ပြည်သူတွေရော၊ အဖွဲ့အစည်းတွေရာ ဒီမူးယစ်ဆေးဝါးမှာ လုံးချာလည်နေတယ်။ မူးယစ်ဆေးဝါးက ဥပဒေနဲ့ မလွတ်ကင်းဘူး။ ဥပဒေနဲ့ သွားချင်ပေမယ့် မူးယစ်ဆေးဝါးက အကျိုးအမြတ် ဖြစ်ထွန်းနေတဲ့သူတွေ အတွက်ကတော့ ငြိမ်းချမ်းရေးကို ဖြည်းဖြည်းချင်း သွားချင်ကြတယ်”

၂၀၁၃ စက်တင်ဘာလ ၃ ရက်နေ့ ပြည်ထောင်စုနေ့စဉ် နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော “ငြိမ်းချမ်းရေးခရီး ကြန့်ကြာ နေခြင်းသည် မူးယစ်ဆေးဝါး ပြဿနာကြောင့်ဟု ဆို” သတင်းမှ ရှမ်းပြည်နယ် (တောင်ပိုင်း) ဟိုပုံးမြို့နယ် ပြည်သူ့လွှတ် တော် ကိုယ်စားလှယ် ဦးခွန်သိန်းဖေ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“ပူးပေါင်းကော်မတီ အစည်းအဝေး ဆုံးဖြတ်ချက်များအရ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေးဆိုင်ရာ အစီရင်ခံစာကို နောက်လေးလအတွင်း တင်သွင်းရမယ်။ ကျွန်တော်တို့ ပူးပေါင်းကော်မတီအဖွဲ့ဝင်တွေ ထဲမှာ ပါတီပေါင်းစုံက ကိုယ်စားလှယ် တွေပါတယ်။ အဲဒီပါတီတွေကလည်း ပါတီအလိုက်ရော၊ တစ်ဦးချင်းစီ အလိုက်ရော ဖွဲ့စည်းပုံအခြေခံဥပဒေ နဲ့ ပတ်သက်ပြီး အားလုံး ပြုစုနေကြပြီး တချို့လည်း အဆင်သင့် ဖြစ်နေပါပြီ။ ပြည်ခိုင်ဖြိုးပါတီ အနေနဲ့လည်း သူ့အလျောက် သူရှိနေမှာ ဖြစ်ပါ တယ်။ တချို့ ဘယ်ပါတီမှ မဟုတ် ဘဲ တစ်ဦးချင်းအနေနဲ့ ပြင်ဆင်လိုတာ ရှိမယ်။ ဒါတွေလည်း လက်ခံရမှာပါ။ အခု လက်ရှိ လွှတ်တော်နားနေတဲ့ ကာလတွေမှာလည်း ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေးဆိုင်ရာ ကိစ္စတွေကို ဆောင်ရွက်ကြဖို့ ရှိပါတယ်”

၂၀၁၃ စက်တင်ဘာလ ၃ ရက်နေ့ Daily Eleven နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော “လာမည့် လေးလအတွင်း ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ အစီရင်ခံစာ တင်သွင်းရန် အာဏာရ ပြည်ခိုင်ဖြိုးပါတီနှင့် အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ် ပြင်ဆင်” သတင်းမှ ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာ သုံးသပ်ရေး ပူးပေါင်းကော်မတီ အတွင်းရေးမှူး ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအေးမောက်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive