Transparency Myanmar

transparency.myanmar@gmail.com

Current News
Document

Snapshot of the item below:
Current News

ပြည်တွင်း နိုင်ငံရေး၊ စီးပွားရေး သတင်းစဉ်


နိုင်ငံရေးတွေ့ဆုံမှုပြီးမှသာ တစ်ပြည်လုံးအပစ်အခတ်ရပ်စဲရန် တိုင်းရင်းသားလက်နက်ကိုင်များ လိုလား

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအားလုံးနှင့် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ပြီးမှသာ တစ်ပြည်လုံး အပစ်အခတ်ရပ်စဲရေးလုပ်သင့်ကြောင်း တိုင်းရင်းသားလက်နက်ကိုင်အသိုင်းအဝိုင်းနှင့် နိုင်ငံရေးအသိုင်း အဝိုင်းက သုံးသပ် ပြောကြားထားကြောင်း သိရသည်။

KNU မှအထွေထွေအတွင်းရေးမှူး ဖဒိုစောကွယ်ထူးက “တစ်ချို့အပစ်ရပ်ဖို့ ဆွေးနွေးရမဲ့အချက်တွေ ကျန်သေး တာနဲ့ ညှိနှိုင်းရမဲ့အချက်တွေ ကျန်နေသေးတာအတွက် တန့်နေတာဖြစ်တယ်။ အဓိကက နိုင်ငံရေးအရသွားမယ်ဆိုရင် နိုင်ငံရေးအရဆွေးနွေးရမယ့် အချက်တွေကို ကတိကဝတ်ပြုပြီးမှ ပဋိပက္ခတွေပြေလည်သွားမဲ့ သဘောရှိတယ်။ တစ်ပြည်လုံး အပစ်ရပ်ဖို့ ကြေညာရုံနဲ့ မပြီးဘူး။ တစ်ပြည်လုံးအပစ်ရပ်တဲ့နေရာမှာ ဘာတွေပါသင့်တယ်ဆိုတာကို နိုင်ငံရေးအရ ကတိက ဝတ်ပြုပြီးမှ ဆက်လို့ရမယ်” ဟုပြောသည်။

ထိုကဲ့သို့ နိုင်ငံရေးအရတွေ့ဆုံခြင်းဆိုသည့်နေရာတွင် တိုင်းရင်းသားလက်နက်ကိုင်တစ်ဖွဲ့ချင်းစီမဟုတ်ဘဲ တိုင်းရင်းသား အဖွဲ့အစည်းများအားလုံး သမ္မတအပါအဝင် အစိုးရအဖွဲ့၊လွှတ်တော်၊ တပ်မတော်စစ်ဦးစီးချုပ်ပါဝင်၍ တစ်ပြည်လုံးအတိုင်း အတာဖြင့် အပစ်အခတ်ရပ်စဲရေးတွင် ပါဝင်ရမည့်အချက်များကို ဆွေးနွေးရမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌဦးခွန်ထွန်းဦးက “ အခုက KIA နဲ့အဆင်မပြေသေးဘူး။ တအောင်းပလောင် နဲ့ကလဲ ပြည်နယ်အဆင့်တွေ့ထားပေမဲ့ တိုက်ပွဲတွေပြန်ဖြစ်နေတယ်။ အခုတိုင်းရင်းသားတွေ ပြောလာ ကြတာရှိတယ်။ အပစ်ရပ်လက်မှတ်က အရင်ကတည်းကလဲ ထိုးခဲ့တာတွေရှိတယ်။ တိုက်ပွဲတွေ ပြန်ဖြစ်တယ်။ အပစ်ရပ်တဲ့ လက်မှတ်ထိုးဖို့ ဆွေးနွေးတာထက် နိုင်ငံရေးအဓိပ္ပာယ်ပါတဲ့ ဆွေးနွေးပွဲတွေ လုပ်ဖို့လိုလားတယ်။ ဒါပြီးမှ တစ်နိုင်ငံလုံး အပစ်အရပ်လက်မှတ်ထိုးဖို့ ပြောလာကြတယ်။ နိုင်ငံရေး မပြေလည်မှုတွေကြောင့်ဘဲ လက်နက်ကိုင်တိုက်ပွဲ ဝင်တာ ဖြစ်လာတာကိုး။ ဒီလိုနိုင်ငံရေးအရ ဆွေးနွေးပွဲတွေ အရင်လုပ်ပြီးမှ အပစ်ရပ်တာ လုပ်ရင် ပိုအဆင်ပြေမယ်။” ဟုပြောသည်။

လက်ရှိအချိန်တွင် အစိုးရမှ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြုလုပ်နေသော်လည်း အောက်ခြေတွင် တပ်ဖွဲ့များအချင်းချင်း ယုံကြည်မှုမတည်ဆောက်နိုင်သေးခြင်းအပါအဝင် ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် နိုင်ငံရေးအရ ဆွေးနွေးရမည့်အချက်များကို ထည့်သွင်းသဘောတူနိုင်ခြင်းမရှိသည့် အခြေအနေများကြောင့် တိုင်းရင်းသား လက်နက်ကိုင်အချို့နှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ဆက်လက်ရှေ့ တိုးဆောင်ရွက်နိုင်ခြင်းမရှိသည့် အခြေအနေများဖြင့် ကြုံတွေ့နေရခြင်းဖြစ်ကြောင်း တိုင်းရင်းသားလက်နက်ကိုင် အသိုင်း အဝိုင်းနှင့် နိုင်ငံရေးအသိုင်းအဝိုင်းက သုံးသပ် ပြောကြားထားခဲ့သည်။

YC


တိုင်းရင်းသား ပူးပေါင်းဆောင်ရွက်ရေး အလုပ်အဖွဲ့ (WGEC)မှ အစိုးရနှင့် အဆင်ပြေ ရန် ကြိုးစားနေ

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)မှ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲ ရး အတွက် နိုင်ငံရေးအာမခံချက် မရှိသေးကြောင်း စက်တင်ဘာလ ၈ ရက်နေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ပြုလုပ်သော ပြည်တွင်း ငြိမ်းချမ်းရေးဖော်ဆောင်ရေး အဖွဲ့ နှင့် ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲတွင် ပြောဆိုခဲ့သော်လည်း တိုင်းရင်းသားလူမျိုးများ ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ (WGEC)မှာမူ အစိုးရနှင့် အဆင်ပြေရန် ကြိုးစားနေကြောင်း သိရှိရသည်။

“ကျွန်တော်တို့ကတော့ အစိုးရနဲ့ ပြေလည်အောင် ကြိုးစားနေတာပဲ။ ညှိနှိုင်းပွဲတွေလည်း အကြိမ်ပေါင်း များစွာ လုပ်ပြီးပြီ။ ကျွန်တော်တို့ဘက်က WGEC ရဲ့ မူဘောင်တွေကို တင်ပြထားတယ်။ အစိုးရ ဘက်တော့ အဲဒီမူဘောင်တွေကို ငြင်းခုံစရာ သိပ်မရှိဘူး လို့ ပြောတယ်။ အကြမ်းဖျင်းအားဖြင့်ပေါ့။ အသေးစိတ် ကိစ္စ တွေကိုတော့ ညှိနှိုင်းနေတယ်” ဟု WGEC အဖွဲ့ဝင် RCSS/SSA ၏ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် ဗိုလ်မှူးကြီး စိုင်းလှက ပြောကြားသည်။

ယခုကဲ့သို့ UNFC နှင့် WGEC တို့အကြားတွင် သဘောထားကွဲလွဲမှုများ ရှိနေသော်လည်း လက်ရှိ WGEC မှ ချမှတ်ထား သော နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်များမှာ လက်ရှိ UNFC မှ ကိုင်စွဲနေသော အခြေခံမူခြောက်ချက်နှင့် များစွာ ကွဲလွဲမှုမရှိကြောင်း သိရသည်။

 WGEC အဖွဲ့သည် နိုင်ငံရေးဆွေးနွေးပွဲ   မူဘောင် တွင် အပိုင်းလေးပိုင်း ခွဲခြားထားပြီး နှစ်ဖက်လုပ်ငန်း စဉ်များ ပူးပေါင်းရေး၊ တစ်ပြည်လုံး အပစ်အခတ်ရပ်စဲရေး၊ နိုင်ငံရေး ဆွေးနွေးပွဲ နှင့် ပြောင်းလဲရေးကာလ အတွင်း လက်နက်ကိုင်တပ်ဖွဲ့ဝင်များ၏ နေထိုင်ရေးဆိုင်ရာ ကိစ္စရပ်တို့ပါဝင်ကြောင်း သိရသည်။

 “WEGC အနေနဲ့ နိုင်ငံရေးဆွေးနွေးပွဲအတွင်း မူဘောင်တွေရှိတယ်။ ခေါင်းစဉ်ကြီးတွေ၊ ခေါင်းစဉ်ငယ် တွေရှိ တယ်။ အားလုံးတော့ ဖြစ်လာနိုင်မှာ မဟုတ်ဘူး။ ဒါပေမဲ့ ကြိုးစား လုပ်ဆောင်နေတယ်” ဟု ဗိုလ်မှူးကြီး စိုင်းလှက ဆက်လက် ပြောကြားသည်။

တိုင်းရင်းသားများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (WGEC) တွင် ယခင်က ညီညွတ်သော  တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) မှ ၁၁ ဖွဲ့ အပါအဝင် UNFC မဟုတ်သော RCSS/SSA ၊ ALP (ရခိုင် လွတ်မြောက်ရေးပါတီ) နှင့် လူထုအခြေပြု အဖွဲ့အစည်း ခြောက်ဖွဲ့လည်း ပါဝင်ကြောင်း သိရသည်။ WGEC အဖွဲ့သည် ပြီးခဲ့သည့် ၂ဝ၁၃ ဧပြီလတွင် နိုင်ငံရေးအရ ဆွေးနွေးပွဲများ ကျင်းပသည့် မူကြမ်းအား ရေးဆွဲခဲ့ပြီး ထိုမူကြမ်းအား အစိုးရနှင့် ဆွေး နွေးရာတွင် ကော်မတီတစ်ခု ထပ်မံဖွဲ့ပြီး ဆွေးနွေးရန် ဆုံးဖြတ်ခဲ့သည့်နောက်ပိုင်း ၂ဝ၁၃ ဇွန်လတွင် UNFC အဖွဲ့မှ WGEC မှ နုတ်ထွက်ခဲ့သည်။

ယခုလက်ရှိတွင် WGEC (တိုင်းရင်းသားများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့) သည် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နှင့် စက်တင်ဘာလ ၁၁ ရက်နေ့ (ယနေ့) တွင် ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးစင်တာ တွင် နိုင်ငံရေးမူဘောင်များ တိတိကျကျ သတ်မှတ်နိုင်ရေး ဆွေးနွေးသွားမည်ဖြစ်ပြီး အဆိုပါ ဆွေးနွေးပွဲသို့ WGEC ဘက်မှ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီမှ ဗိုလ်မှူးကြီး စိုင်းလှ၊ ဒု - ဗိုလ်မှူးကြီး စိုင်းငင်း တို့နှင့် ကရင် အမျိုးသား အစည်းအရုံး (KNU) မှ အထွေထွေ အတွင်းရေးမှူး ပဒို စောကွင်းထူးဝင်း တို့ တက်ရောက် မည် ဖြစ်ကြောင်း သိရသည်။

YC


ပြည်တွင်း အကြမ်းဖက်မှုများ မဖြစ်ပွားစေရန် ဘာသာပေါင်းစုံမှ ထုတ်ပြန်ချက်ထုတ်ရန်အတွက် လက်မှတ်ရေး ထိုး

မြန်မာနိုင်ငံ ပြည်တွင်း၌ ဘာသာရေး၊ လူမျိုးရေးဆိုင်ရာ ပဋိပက္ခများနှင့် အကြမ်းဖက်မှုများ ထပ်မံ မဖြစ်ပွား စေရန်အတွက် ပူးပေါင်းလက်တွဲလုပ်ဆောင်သွားမည်ဖြစ်ကြောင်း စက်တင်လာလ ၁၀ ရက်နေ့တွင် ပြုလုပ်ကျင်းပခဲ့ သော တတိယအကြိမ်မြောက် ဘာသာပေါင်းစုံ ဆွေးနွေးပွဲတွင် သဘောတူ ကြေငြာချက်တစ်ခု လက်မှတ်ရေး ထိုးထုတ်ပြန် နိုင်ခဲ့ကြောင်း သိရသည်။ ဆွေးနွေးပွဲကို မစိုးရိမ်တိုက်သစ်ဆရာတော် ဦးဝီးရသူ ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့များ၊ ငြိမ်းချမ်းရေးချစ်ကြည်ရေး သံတမန်ကွန်ရက်တို့မှ ဦးဆောင်ဆွေးနွေးခဲ့ကြပြီး ဘာသာပေါင်းစုံ သဘောတူ လက်မှတ်ရေးထိုးခဲ့ကြသည်။

“ဥပဒေမဲ့တုံ့ပြန်ခြင်းကြောင့် တိုင်းပြည်လူမျိုး၊ ဘာသာ၊ သာသနာ ထိခိုက်နစ်နာရကြောင်းကို အများပြည်သူ သိမြင်နားလည်ပြီး ဥပဒေမဲ့တုန့်ပြန်ခြင်းမျိုး ရှောင်ကျဉ်နိုင်အောင် ကျယ်ပြန့်စွာ ဟောပြောပို့ချ ဆုံးမသွားမယ်ဟု ကတိပြုခဲ့ပါတယ်” ဟု အဆိုပါဆွေးနွေးပွဲတွင် ဆရာတော် ဦးဝီရသူမှ မိန့်ကြားခဲ့သည်။

ဆွေးနွေးပွဲတွင် ငြိမ်းချမ်းရေးချစ်ကြည်ရေးသံတမန်အဖွဲ့မှ တာဝန်ခံ ဒိုင်းမန်းဦးရွှေကြည်က “ဖြစ်ပွားခဲ့သော အဓိကရုဏ်းများရဲ့ အကြောင်းအရင်းများကို ရှာဖွေကြည့်တဲ့အခါ အမျိုးသမီးများကို အကြမ်းဖက်ခြင်း၊ သံဃာတော်များကို အကြမ်းဖက်ခြင်းနှင့် အုပ်စုဖွဲ့အနိုင်ကျင့်ခြင်း ကိုတွေ့ရှိရသဖြင့် ထိရှလွယ်သော အကြမ်းဖက်အနိုင် ကျင့်ခြင်းဖြင့် ပြဿနာရှာ ရန်စခြင်းများကို အစ္စလာမ်ဘာသာဝင်များအနေဖြင့် လုံးဝမပြုလုပ်မိအောင် မြန်မာနိုင်ငံလုံး ဆိုင်ရာ အစ္စလာမ်ဘာသာရေး အဖွဲ့ချုပ်ကြီးက ဆုံးမသွန်သင်ခြင်းဖြင့် ပဋိပက္ခများ ကာကွယ်နိုင်မည်ဖြစ်ပြီး ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်မည်” ဟုပြောသည်။

ထို့ပြင် မြန်မာနိုင်ငံ ဓမ္မတက္ကသိုလ် ကံဘဲ့နှစ်ခြင်း အသင်းတော်မှ ဖေကမ္ဘာငြိမ်းက “တိုင်းပြည်ငြိမ်းချမ်းရေးအတွက် ကောင်းရာကောင်းကြောင်း အရှင်ဘုရားတို့ ဆောင်ရွက်သည်ကို တစ်တပ်တစ်အား ကူညီသွားပါတယ်” ဟုပြောကြား ခဲ့သည်။

ဘာသာပေါင်းစုံတွေ့ဆုံပွဲကို ဇူလိုင်လအတွင်း ၂ ကြိမ်ပြုလုပ်ခဲ့ပြီး ယခုတွေ့ဆုံမှုသည် တတိယအ ကြိမ်မြောက်ဖြစ်သည်။

YC


 

 

 

 

 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

International Media (3)
Document

Snapshot of the item below:
International Media (3)

နိုင်ငံတကာသတင်းများ (၃)

လေ့လာမှုဆာဗေးအရ မြန်မာနိုင်ငံတွင် ဖုန်းဝန်ဆောင်မှု ဝယ်လိုအားကြီးမားခြင်းနှင့်အတူဈေး ကွက်မြန်ဆန်စွာ ကြီးထွားဖွယ်ရှိ

(Global Telecom Business မှ 16 Aug 2013 ရက်စွဲပါ “Myanmar Survey reveals a rapidly growing market with strong demand for telecoms services” သတင်းကို ဘာသာပြန်ဆိုသည်)

မနှစ်ကအထိ မြန်မာနိုင်ငံ၏ မိုဘိုင်းဖုန်း သုံးစွဲပျံနှံ့မှုသည် ၁၀% ပင်မပြည့်သော်လည်း ၂၀၁၇ တွင် မြို့ပေါ်သုံးစွဲမှုနှုန်း ၉၀% အပါအဝင် ပျမ်းမျှ ၅၀% ကျော်သွားဖွယ်ရှိသည်ဟု Analysys Mason လေ့လာမှုစစ် တမ်းအရ သိရှိရသည်။

သို့ရာတွင် နောက်ထပ်လေ့လာမှုများအရ မြန်မာဈေးကွက်သစ်သို့ ဝင်ကြမည့် အော်ပရေတာများအတွက် အခွင့်အလမ်းနှင့် စိန်ခေါ်မှုနှစ်မျိုးစလုံးစောင့်ကြိုနေသည်ဟု ဆိုသည်။ ပြီးခဲ့သောဇွန်လတွင် နော်ဝေ Telenor နှင့် ကာတာ Ooredoo တို့ကို အော်ပရေတာ လိုင်စင်တင်ဒါအောင်သူများအဖြစ် ရွေးချယ်ခဲ့သည်။

ယင်းသို့ လိုင်စင်များချပေးပြီးနောက်တွင် အဓိက မြို့ကြီးများ၌ မိုဘိုင်းဖုန်းသုံးစွဲနှုန်းတက်လာသော်လည်း ကျေးလက်ဒေသများတွင်မူ အနာဂတ်ရည်မှန်းချက် ပြည့်မှီနိုင်ခြင်း မရှိသေးပေ။

Analysys Mason လေ့လာမှုစစ်တမ်းကို အဓိက မြို့ကြီး ၅ မြို့ ရှိ စီးပွားရေးလုပ်ငန်း ၂၀၀ နှင့် သုံးစွဲသူ ၁၀၀၀ ခန့် ထံမှ ကောက်ယူခဲ့ခြင်းဖြစ်ပြီး၊ မိုဘိုင်းဖုန်းဝန်ဆောင်မှုများအပေါ် လက်ခံနိုင်မှု၊ သုံးစွဲမှုနှင့် သဘောထားတို့ကို မေးမြန်းခဲ့သည်။

ကျေးလက်ဒေသနေ မြန်မာပြည်သူများ ၆၅% မှာမူ ဆာဗေးတွင် ပါဝင်ခြင်းမရှိပေ။ ထို့အပြင် လူဦးရေ၏ ၁၃% အကြုံးမဝင်သော အသက် ၁၈ နှစ်မှ ၆၅ နှစ်ကြားရှိ လူများကိုသာ ဆာဗေးလုပ်ခဲ့ခြင်း ဖြစ်သည်။ ရရှိသော ကိန်းဂဏန်းများသည် အဓိကမြို့ကြီးများ ၌သာ ၁၁% ပျံနှံ့မှုကို ရည်ညွှန်း သည်။

လက်တွေ့လေ့လာမှုများအရ မြန်မာနိုင်ငံတွင် မိုဘိုင်းဖုန်း Station ပေါင်း ၁၂၀၀ မှ ၁၆၀၀ အတွင်း သာရှိပြီး၊ ကျေးလက်ဒေသများတွင် မရှိသလောက်ပင်ဖြစ်သည်ကို တွေ့ရှိရသည်။

စစ်တမ်းကောက်ယူခဲ့သော သုံးစွဲမှုထက်ဝက်ကျော်မှာ သုံးစွဲသည့် ကာလတစ်နှစ်ပင် မပြည့်သေးဟူသော အချက်က ဈေးကွက်အတွင်းတစ်နှစ်ပြီးတစ်နှစ် ကြီးထွားလာမှုကို ရည်ညွှန်းလျက် ရှိသည်။

မြန်မာဈေးကွက်၏ ကြီးထွားလာနိုင်စွမ်းကို ကျယ်ကျယ်ပြန့်ပြန့် သိရှိထားကြပြီးဖြစ်ပါသည်။ သုံးစွဲခွင့်မရသေးသော လူဦးရေရာခိုင်နှုန်းမှာ အလွန်ကြီးမားနေသည်။ သာဓကအနေဖြင့် အိမ်နီးချင်း နိုင်ငံများတွင် ဈေးကွက်ဖြေလျှော့အပြီး ၅ နှစ်ခန့်အကြာတွင် ကမ္ဘောဒီးယား၌ ၆၅%၊ လာအို၌ ၄၁% သုံးစွဲမှုနှုန်းရှိလာခဲ့သည်ကို တွေ့ရသည်။

မြန်မာနိုင်ငံ၏ မိုဘိုင်းဖုန်းသုံးစွဲမှုပျံနှံမှုနှုန်းသည် ၂၀၁၇ တွင် ၅၀% ရှိလာမည်ဟု Analysys Mason ဆာဗေးက လေ့လာတွေ့ရှိသော အချက်အလက်များကို အခြေခံ၍ ခန့်မှန်းထားပါသည်။ ဈေးကွက်အလားအလာကြီးမားမှုကြောင့် အိမ်နီးချင်းနိုင်ငံများ၏ ဆက်သွယ်ရေးတိုးတက်မှု အချိန်ကာလကို ကျော်ဖြတ်နိုင်မည်ဟု မျှော်လင့်ရသည်။

သို့သော် မြို့ကြီးများပြင်ပတွင် အခြေခံအဆောက်အဦစနစ်များ မရှိခြင်းကြောင့် အစိုးရ၏ ၂၀၁၅ တွင် ၅၀% ပျံနှံ့ရေးရည်မှန်းချက်မှာမူ ဖြစ်နိုင်ချေမရှိပါ။

မြို့ပြဧရိယာတွင် ဖုန်းဝန်ဆောင်မှုအတွက် ငွေပေးရန်ဝန်မလေးကြသော်လည်း ကျေးလက်တွင်မူ မစမ်းသပ်ရသေးပါ။ မြို့ပြရှိဈေးကွက်အလားအလာမှာမူ မြန်ဆန်စွာကြီးထွားလျက်ရှိပြီး၊ စစ်တမ်းကောက်ယူခဲ့သော ဖုန်းမသုံးစွဲရသေးသူ ၄၀ ရာခိုင်နှုန်းက လာမည့်တစ်နှစ်အတွင်း မိုဘိုင်းဖုန်းပိုင်ဆိုင်သုံးစွဲရန် ရည်မှန်းထားကြကြောင်း တွေ့ရှိရသည်။

လတ်တလော SIM ကဒ်မဲဖောက်သော စနစ်ကြောင့် ဝင်ငွေနိမ့်အလွှာတွင် ဖုန်းသုံးစွဲမှု မြင့်တက်လာခဲ့သည်။ ထို့အတွက် SIM ကဒ်ပျမ်းမျှဈေးနှုန်းမှာ ၄၅ ဒေါ်လာ (၄၅,၀၀၀ ကျပ်) ခန့်ရှိနေပြီး အကျိုးသက်ရောက်မှု နည်းပါးခြင်း၊ ပြည်သူတို့၏ ဝယ်လိုအားမြင့်တက်နေခြင်း အချက်နှစ်ချက်စလုံးကို ရည်ညွှန်းပြသနေသည်။

အထက်ပါအကောင်းမြင် အပြုသဘော ထင်မြင်ချက်မှာ အခြားသော အကြောင်းအချက်များစွာကြာင့် လွဲချော်သွားနိုင်ပါသည်။ မြို့ပြဧရိယာရှိ အချို့သူများမှာ ဖုန်းဝန်ဆောင်မှုစနစ်အပေါ် လုံးဝစိတ်ဝင်စားခြင်း မရှိကြပါ။ ကျေးလက်ဒေသရှိ အလားအလာနှင့် လိုလိုလားလား ရှိမှုတို့ကိုလည်း မလေ့လာရသေးပါ။ ထို့အပြင် နယ်စပ်ဒေသများတွင် လုပ်ကိုင်မည့် အော်ပရေတာများအနေဖြင့် စောစောစီးစီး ခြေကုပ်ယူထားပြီးသော တရုတ်နှင့် ထိုင်းကုမ္မဏီများကို ယှဉ်ပြိုင်ရပါလိမ့်မည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive