Transparency Myanmar

transparency.myanmar@gmail.com

Q & C
Document

Snapshot of the item below:
Q & C

 

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ 

“လူ့အခွင့်အရေးချိုးဖောက်ခံရတာနဲ့ပတ်သက်ပြီး တိုင်ကြားတယ်ဆိုတဲ့ ကိစ္စတွေဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၄၀၊ ၅၀ လောက်က စပြီး မရှိခဲ့ဘဲ အခုမှဆိုတော့ တိုင်ကြားမှုတွေကို ချက်ခြင်းကြီး အဖြေပေးလို့မရပါဘူး။ ဝန်ကြီးဌာန တွေမှာ ပြန်စီစစ်မှာဖြစ် တယ်။ ဒီလုပ်ထုံးလုပ်နည်းက ကျွန်တော်တို့နိုင်ငံမှာ အခုမှစခဲ့တာဆိုတော့ အဓိက ကျွန်တော် ပြောချင်တာက လူ့အခွင့်အရေး ချိုးဖောက်ခံရတယ်ဆိုပြီး တိုင်ကြားလာရင် လျစ်လျူရှုထားလို့ မရတော့ဘူး။ ဒါ အရေးကြီးတယ်လို့တော့ မြင်ပါတယ်။ လူ့အခွင့်အရေး ချိုးဖောက်ခံရတယ်လို့ တိုင်ကြားပါ။ ဒါဆိုရင် ကျွန်တော်တို့တက်နိုင်သမျှ ဂရုစိုက်နားထောင် ပေးမယ်။ စီစစ် ပေးမယ်။ တကယ်ဖောက်ဖျက်ခဲ့တာ မှန်တယ်ဆိုရင် သက်ဆိုင်ရာကို အလေးပေးတင်ပြပြီး အရေးယူနိုင်အောင် ဆောင်ရွက် ပေးပါမယ်။”

စက်တင်ဘာလ ၁၉ ရက်နေ့ထုတ် Daily Eleven နေ့စဉ်ထုတ်သတင်းစာတွင်ပါရှိသော “လယ်ယာမြေသိမ်း ဆည်းခံရမှုနှင့် ဆေးမှားယွင်း ကုသသည့်ဆရာဝန်များအား တိုင်ကြားသည့်စာများအပါအဝင် တိုင်ကြားစာပေါင်း ၄၀၀၀ နီးပါး လူ့အခွင့်အရေးကော်မရှင်သို့ရောက်ရှိ” သတင်းမှ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မရှင်ဥက္ကဋ္ဌ ဦးဝင်းမရ ၏ပြောကြားချက်အားကောက်နှုတ်ချက်။


“ငြင်းခုံတယ်ဆိုတာ အပြုသဘောဆောင်တဲ့ ငြင်းခုံမှုမျိုးဆိုရင် လက်ခံရမယ်လေ။ ငြင်းခုံရာကနေ ရလဒ်ကောင်း တွေထွက်လာတက်တာပဲ။ ရလဒ်ကောင်းတွေ ထွက်လာရင် ကောင်းတဲ့ငြင်းခုံမှု ဖြစ်တာပဲလေ။ လွှတ်တော်မှာ ငြင်းခုံတယ်ဆို တာကလည်း ပြည်သူတွေတော့ ရည်စူးပြီးတော့လုပ်တဲ့ ငြင်းခုံမှုမျိုးဆိုရင် အကျိုးရှိနိုင်တဲ့အတွက် လက်သင့်ခံ ရမှာပါ။ လက်သင့်မခံဘူးဆိုရင်တော့ ဒီမိုကရေစီယဉ်ကျေးမှုအရ မဖြစ်သင့်ဘူးပေါ့။”

စက်တင်ဘာလ ၁၉ ရက်နေ့ထုတ် စံတော်ချိန် နေ့စဉ်ထုတ်သတင်းစာ တွင်ပါရှိသော “လွှတ်တော်တွင် အချေ အတင် မပြောရန် ရန်ကုန်တိုင်းလွှတ်တော်ဥက္ကဋ္ဌ ပြောကြား”သတင်းမှ သင်္ဃန်းကျွန်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၁)မှ လွှတ်တော်ကိုယ်စားလှယ် ဦးကျော် ၏ ပြောကြားချက်အားကောက်နှုတ်ချက်။


“ဆွေးနွေးပွဲမှာ နှစ်ဖက်စလုံးက နည်းပညာခေါင်းဆောင်တွေ တက်ရောက်ကြတယ်။ မြန်မာအစိုးရက လာမယ့် အောက်တိုဘာ လအတွင်း လက်နက်ကိုင်အဖွဲ့အားလုံးနဲ့ ပြည်ထောင်စုအဆင့်ဆွေးနွေးပွဲကို တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ကျင်းပမှာ ဖြစ်ပါ တယ်။ အခု ဆွေးနွေးပွဲက အဲဒီအတွက် အထောက်အပံ့ ဖြစ်စေမယ်လို့ ယူဆပါတယ်။”

စက်တင်ဘာလ ၁၉ ရက်နေ့ထုတ် ရန်ကုန်တိုင်းမ် နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော “KIO နှင့် အစိုးရ ပြည်ထောင်စုအဆင့် အောက်တိုဘာလဆန်းတွင် တွေ့မည်” သတင်းမှ ကချင်ငြိမ်းချမ်းရေးအကျိုးတော်ဆောင် ဦးဆန်အောင် ၏ ပြောကြားချက်အားကောက်နှုတ်ချက်။


 

“ကျွန်တော်တို့ကတော့ အခုလိုကာလမျိုးမှာ စစ်တပ်ကနေပြီးတော့ တပ်အင်အားတိုးချဲ့တာဟာ ဒေသခံ လယ်သမားတွေဆီ ကနေပြီးတော့ လယ်မြေတွေ သိမ်းဆည်းတာဖြစ်နေတယ်။ မလုပ်သင့်မလုပ်ထိုက်တဲ့ အလုပ် ဖြစ်တယ်။ ဒါကြောင့် ကျွန်တော် တို့ ကန့်ကွက်တယ်။ ကျွန်တော်တို့ကတော့ ငြိမ်းချမ်းရေးလို့ ပြောနေကြတဲ့ အချိန်မှာ ပြည်ပ အန္တရာယ်မရှိဘဲနဲ့ စစ်တပ်တွေကို တစ်ခုပြီးတစ်ခုတိုးချဲ့နေတာ မလုပ်သင့်တဲ့ ကိစ္စတစ်ခု ဖြစ်တယ်။ တိုင်းပြည်ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ တိုင်းပြည်ရဲ့ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်တွေမှာ ထိခိုက်တယ်လို့ မြင်တယ်။”

စက်တင်ဘာလ ၂၀ ရက်နေ့ထုတ် မြန်မာပို့စ် ဂလိုဘယ် ဂျာနယ် အမှတ် (၁၂၇) တွင်ပါရှိသော “အစိုးရစစ်တပ် ၏ စစ်လေ့ကျင့်ရေးကျောင်း တည်ဆောက်ခြင်းကို ကယားပြည်နယ်နိုင်ငံရေးပါတီများနှင့် လက်နက်ကိုင် အဖွဲ့ အစည်းများ ကန့်ကွက်” သတင်းမှ ကယန်းပြည်သစ်ပါတီမှ အတွင်းရေးမှူး ဗိုလ်မှူးကြီးစောလွင် ၏ ပြောကြား ချက်အားကောက်နှုတ်ချက်။


မေး- ကရင်ပြည်ရဲ့ ငြိမ်းချမ်းရေးအခြေအနေ သိချင်ပါတယ်။

ဖြေ- အပစ်အခတ်ရပ်စဲပြီးတဲ့ ကရင်လက်နက်ကိုင်အဖွဲ့အားလုံးဟာ KNU ကနေ ဆင်းသက်လာတဲ့ အဖွဲ့အစည်း တွေချည်းပဲ။ အဲဒီအဖွဲ့တွေအားလုံးဟာ မြေပေါ်ရောက်လာပြီပေါ့။ KNU ကတော့ မလာသေးဘူး။ KNU မလာသေးတဲ့အတွက် ငြိမ်းချမ်း ပြီလို့ ပြောလို့မရသေးဘူး။ နောက်တစ်ခုက အပစ်အခတ်ရပ်စဲရုံနဲ့ ငြိမ်းချမ်းရေး ရပြီလို့ ပြောလို့မရသေးဘူး။ အခြား စဉ်းစား စရာတွေ အများကြီးရှိသေးတယ်။ အပစ်အခတ်ရပ်စဲထားတဲ့ လက်နက်ကိုင် တပ်ဖွဲ့တွေရဲ့ စားဝတ်နေရေးအတွက် ဆက်ကြေး ကောက်တာတို့၊ အခွန်အကောက်တို့ လုပ်လာတယ်လို့ သိရတယ်။ အဲဒီလို ဆိုရင် ငြိမ်းချမ်းရေးဟာ ဘယ်လိုရနိုင်မလဲ။ ပြည်သူတွေက အရင်ခံစား ရတဲ့ဟာကိုပဲ ပြန်ခံစားရဦးမှာပေါ့။ တကယ့် ငြိမ်းချမ်း ရေးက မရနိုင်သေးဘူး။ ဒါကိုလဲ ပြင်ဆင်ရ ဦးမယ်။

စက်တင်ဘာလ ၁၉ ရက်နေ့ထုတ် ပြည်ထောင်စုနေ့စဉ် နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော “အပစ်အခတ် ရပ်စဲရုံနှင့် ငြိမ်းချမ်းရေးရပြီဟု မပြောနိုင်သေး ကရင်ပြည်နယ်၌ ဆက်ကြေးကောက်ခံမှုများရှိနေသေးသည်ဟု ဆို” အင်တာဗျူးမှ ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ ဒုတိယဥက္ကဌ ဦးမန်းအောင်ပြည်စိုး ၏ပြောကြားချက် အားကောက်နှုတ်ချက်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

Current News
Document

Snapshot of the item below:
Current News

ပြည်တွင်း နိုင်ငံရေး၊ စီးပွားရေး သတင်းစဉ်


မြန်မာနိုင်ငံတွင် စစ်တပ်၏ အခန်းကဏ္ဍကို လျော့ချနေပြီဟု တပ်မတော်ကာချုပ် ပြောကြား

မြန်မာနိုင်ငံသည် နှစ်ပေါင်း ၆၀ ကျော် တပ်မတော်စစ်အစိုးရ အုပ်ချုပ်မှုအောက်တွင် ရှိနေခဲ့သော်လည်း ၂၀၁၀ ခုနှစ် အရပ်သားအစိုးရသစ် တက်လာပြီးနောက်ပိုင်း ယခုအခါ ဒီမိုကရေစီစနစ်ကို အသွင်ကူးပြောင်းနေပြီဖြစ်သောကြောင့် စစ်တပ်၏အခန်းကဏ္ဍကို လျှော့ချထားပြီး နိုင်ငံရေးတည်ငြိမ်မှုလည်း ရရှိနေပြီဖြစ်ကြောင်း ထိုင်းနိုင်ငံသို့ ချစ်ကြည်ရေး ခရီးရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စက်တင်ဘာလ ၁၇ ရက်နေ့ တွင် ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စယင်လပ်ရှင်နာဝပ်နှင့် ဘန်ကောက်မြို့ရှိ ထိုင်းအစိုးရအဖွဲ့အိမ်တော်၌ တွေ့ဆုံစဉ် ပြောကြား ခဲ့သည်။

ထို့ပြင် မြန်မာနိုင်ငံအနေဖြင့် ၂၀၁၁ ခုနှစ်ကစတင်ပြီး ဒီမိုကရေစီစနစ်ဖြင့်  ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များ လုပ်ကိုင်ရာတွင် တပ်မတော်အနေဖြင့် အောင်မြင်အောင် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ တိုင်းပြည်ဖွံ့ဖြိုးတိုး တက်ရေးအတွက် နိုင်ငံအတွင်း တည်ငြိမ်မှုရှိရန်လိုအပ်ပြီး အရပ်သားများ၏ အခန်းကဏ္ဍသည် ပိုမိုအရေးပါလာကြောင်း  ၄င်းက ထပ်မံပြောကြားခဲ့သည်။

နိုင်ငံတော်သမ္မတဦးသိန်းစိန်အနေဖြင့်လည်း ထိုင်းနိုင်ငံနှင့် လုပ်ဆောင်နေသော ထားဝယ်ရေနက် ဆိပ်ကမ်း စီမံကိန်း၏ အရေးကြီးမှုကို လက်ခံထားပြီး အဆိုပါစီမံကိန်းကို အောင်မြင်စွာ ပြီးမြောက်ရန် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်လိုကြောင်းနှင့် ထိုင်းစီးပွားရေးလုပ်ငန်းရှင်များကို လာရောက်ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ် ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တိုက်တွန်းပြောကြားခဲ့သည်။

ထိုင်းနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုတစ်ခုဖြစ်သော ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းသည် နှစ်နိုင်ငံ အစိုးရအကြား အရေးပါပြီး အဆိုပါစီမိံကိန်းကို စီးပွားရေးလုပ်ငန်းရှင်များ လာရောက်ရင်းနှီးမြှုပ်နှံအောင် နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်မှုကို အရှိန်မြှင့်တင်ရမည်ဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ်ယင်လတ်ခ်က ပြောကြားခဲ့သည်။

ဆက်လက်ပြီး ယင်းတွေ့ဆုံရာတွင် ထိုင်း-မြန်မာ နှစ်နိုင်ငံနယ်စပ်အကြား နယ်နိမိတ်စည်းမျဉ်းအတိအကျ သတ်မှတ်ရေး၊ တရားမဝင် မူးယစ်ဆေးဝါးမှောင်ခိုရောင်းဝယ်ခြင်း၊ နယ်စပ်ကုန်သွယ်ရေးစခန်းများ ထပ်မံ ဖွင့်လှစ်ရေးနှင့် ထိုင်းနိုင်ငံရောက် တရားမဝင် မြန်မာရွှေ့ပြောင်းလုပ်သားများအရေးတို့ကို ဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။

ဘန်ကောက်မြို့တွင် ပထမဦးဆုံးအကြိမ် ပြုလုပ်မည့် နှစ်နိုင်ငံစစ်ဘက်ဆိုင်ရာ အဆင့်မြင့် အရာရှိခေါင်းဆောင် များ အစည်းအဝေးသို့ တက်ရောက်ရန် မြန်မာကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့သည် ထိုင်းနိုင်ငံသို့ ရောက်ရှိ နေခြင်းဖြစ်သည်။

ထို့ပြင် ထိုင်းနိုင်ငံသို့ ရောက်ရှိနေသော မြန်မာနိုင်ငံသား ဟု ပြောဆိုနေသည့် ဘင်္ဂါလီဒုက္ခသည်များကို ထိုင်းအစိုးရ တာဝန်ရှိသူများက မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ရန် ကြိုးစားနေပြီ တရားမဝင် ရွှေ့ပြောင်း လုပ်သား  ပြဿနာ များကြောင့် နှစ်နိုင်ငံဗီဇာမလိုဘဲ သွားလာခွင့်ကို ထိုင်းအစိုးရက ငြင်းဆိုထားကြောင်း သိရ သည်။

YC


 

နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပွဲတွင် အစိုးရမှ နိုင်ငံရေးဆွေးနွေးပွဲလုပ်မည်ဆိုသည့် ကတိကဝတ်ကို ပေးမည်ဟုဆို

နိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပွဲကျမှ အစိုးရက နိုင်ငံရေးဆွေးနွေးပွဲလုပ်မည်ဆိုသည့် ကတိကဝတ်ကို ပေးမည်ဖြစ်ကာ ၂၀၁၄ ခုနှစ် နှစ်ဆန်းပိုင်းတွင် အားလုံးပါဝင်သည့် နိုင်ငံရေးဆွေးနွေးပွဲလုပ်ရန် စီစဉ်ထားကြောင်း Myanmar Peace Center မှ အကြီးတန်းအကြံပေး ဦးလှမောင်ရွှေက ပြောသည်။

လက်ရှိအစိုးရအနေဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအားလုံးတောင်းဆိုနေသည့် နိုင်ငံရေးဆွေးနွေးပွဲသို့ သွားနိုင်ရေးအတွက် အောက်တိုဘာလတွင် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးရန် စီစဉ်လျက်ရှိပြီး ထိုသို့ လက်မှတ်ရေးထိုးပြီးပါက နိုင်ငံရေးဆွေးနွေးပွဲကို ပြင်ဆင်သည့် Framework Meeting ကဏ္ဍကို ဆက်လက် အကောင်အ ထည်ဖော်သွားမည်ဖြစ်ကာ ထိုမှတစ်ဆင့် အားလုံးပါဝင်သည့် နိုင်ငံရေးဆွေးနွေးပွဲ ပြုလုပ်မည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

“ ကျွန်တော် နားလည်သလောက်ကတော့ အခုတစ်ခေါက်မှာ ဘယ်တုန်းကမှ မလုပ်ဖူးတဲ့ နိုင်ငံရေးဆွေးနွေးမှုက အခုပါမှာ ဖြစ်ပါတယ်။ အရင်တုန်းက ကျွန်တော်တို့လုပ်ခဲ့တာက အပစ်အခတ်ရပ်စဲရေး လောက်ဘဲ လုပ်ခဲ့တာဖြစ်တယ်။ အခုဟာက သင့်တော်တဲ့ အချိန်ရောက်နေပြီဖြစ်တဲ့အတွက် နိုင်ငံရေးဆွေးနွေးပွဲလုပ်ပါမည်ဆိုတဲ့ ကတိကဝတ်ကို နိုင်ငံရေး နိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးလက်မှတ်ရေးထိုးပွဲမှာ ပေးမယ်လို့ ကျွန်တော်တို့ နားလည်တယ်” ဟု ဦးလှမောင်ရွှေ က ပြောသည်။

သို့ရာတွင် အစိုးရမှ စီစဉ်နေသော နိုင်ငလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး စာချုပ်လက်မှတ်ရေးထိုးပွဲသည် နိုင်ငံရေး အာမခံချက်မရှိသဖြင့် လက်မှတ်ရေးထိုးပွဲတက်ရောက်ရန် မသေချာသေးကြောင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်း ၁၁ ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)က စက်တင်ဘာ ၈ ရက် ငြိမ်းချမ်းရေးဆွေးနွေးပွဲအပြီးတွင် တရားဝင်ထုတ်ဖော်ပြောကြားခဲ့သည်။

အကယ်၍ အစိုးရအနေဖြင့် တက်ရောက်စေလိုသည့် ဆန္ဒရှိပါက တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲကြောင်း အစိုးရဘက် မှ တရားဝင်ထုတ်ပြန်ကြေညာပေးရန်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ လူထုအခြေပြုလူမှုအဖွဲ့ အစည်းများနှင့် Stake Holders အားလုံးပါဝင်သည့် ဆွေးနွေးမှုမှ တစ်ဆင့်ရရှိသော ပြည်ထောင်စုသဘောတူညီချက်ကို ပွင့်လင်းစွာ ထုတ်ပြန်ပေးပါရန် အချက်နှစ်ချက်အပါအဝင် အခြားငါးချက်ကို တိုင်းရင်းသားများ၏ သဘောထားအဖြစ် တင်ပြထား ကြောင်း UNFC ၏ တွဲဖက်အထွေထွေအတွင်းရေးမှူး ဖဒိုမန်းမန်းက ပြောသည်။

နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး စာချုပ်တွင် အကြောင်းအမျိုးမျိုးကြောင့် လက်မှတ်မထိုးနိုင်သေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ နိုင်ငံရေးဆွေးနွေးပွဲတွင် ပါဝင်နိုင်ရေးအတွက် အဆင့်တိုင်းတွင် လမ်းဖွင့်ပေး မည်ဟု ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း က စက်တင်ဘာလ ၈ ရက်နေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ UNFC နှင့် တွေ့ဆုံစဉ်တွင် ပြောကြားခဲ့သည်။

လက်ရှိတွင်ပြည်နယ်အဆင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးထားသော်လည်း တိုက်ပွဲများပြန်လည် ဖြစ်ပွားနေ သည့်အတွက် နောက်တစ်ကြိမ် ထပ်မံရေးထိုးမည့် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များက သံသယရှိနေပြီး နိုင်ငံရေးဆွေးနွေးပွဲများအမြန်ဆုံးစတင်ရန်နှင့် လက်ရှိပြဋ္ဌာန်း ထားသော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖက်ဒရယ်အခြေပြု ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်အောင် ပြင်ဆင်ရန် တိုင်းရင်း သား အဖွဲ့များက တောင်းဆိုထားသည်။

YC


 

နိုင်ငံ၏ ဘဏ္ဍာရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ဘဏ္ဍာရေး ဝန်ကြီးဌာနမှ သတင်းရှင်းလင်းပွဲပြု လုပ်မည်

မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ သတင်းစာ ရှင်းလင်းပွဲတစ်ရပ်ကို စက်တင်ဘာလ ၂ဝ ရက်နေ့တွင် နေပြည်တော်၌ ကျင်းပသွားမည် ဖြစ်ပြီး အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် မြန်မာနိုင်ငံမှ နိုင်ငံတကာရှိ ဘဏ်များတွင် ဘဏ်စာရင်း အကောင့်ငါးခုဖြင့် အပ်နှံထားသော ကိစ္စကိုလည်း ရှင်းလင်း ပြောကြားသွားမည် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ မှ နိုင်ငံတကာ ဘဏ်များတွင် အပ်နှံထားသည့် ငွေကြေးများနှင့် ပတ်သက်၍ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦးမှ နိုင်ငံတော်အစိုးရ ပိုင်းမှ အဓိက တာဝန်ရှိသူများ ဖြေရှင်းမှသာ ရှင်းလင်းနိုင်မည် ဖြစ်ကြောင်း ပြောကြားခဲ့ပြီးနောက်ပိုင်းတွင် ယခုလို သတင်းစာရှင်းလင်း ပွဲ ပြုလုပ်ရန် အကြောင်းဖန်လာ ခဲ့ခြင်း ဖြစ်သည်။

ယခု ကျင်းပပြုလုပ်မည့် သတင်းစာ ရှင်းလင်းပွဲတွင် ဘဏ္ဍာရေး နှင့် ပတ်သက်သည့် မေးခွန်းများအားလုံး မေးမြန်းနိုင်ကြောင်း၊ မေးခွန်းများ ကြိုတင် ပေးပို့ထားခြင်း မဟုတ်ဘဲ သတင်းစာ ရှင်းလင်းပွဲ ရောက်ရှိမှ ဖြစ်လျှင်လည်း မေးမြန်းနိုင်ကြောင်း ဘဏ္ဍာရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မြန်မာနိုင်ငံ အပေါ် ကမ္ဘာ့ဘဏ်မှ အကြွေးမလျှော်ပေးခဲ့ခြင်းမှာ ပြည်ပတွင် ဘဏ်စာရင်း ငါးခုဖြင့် အမေရိကန် ဒေါ်လာ ၁၁ ဘီလျံ အပ်နှံထားခြင်းကြောင့်ဟု ကမ္ဘာ့ဘဏ်၏ အာရှဒေသဆိုင်ရာ ငွေကြေးစီစစ်ရေးဆိုင်ရာ တာဝန်ရှိသူ မန်နေဂျာက ပြောကြားမှုကို ပြည်တွင်းမီဒီယာတစ်ခုဖြစ်သည့်  Daily Eleven သတင်းစာမှ ထုတ်ဖော်ရေးသားခဲ့ပြီးနောက်  ယင်းသတင်းစာနှင့် အစိုးရပိုင်း ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေး ဒု ဝန်ကြီး ဦးရဲထွဋ်တို့ ကြား အငြင်းပွားမှုများ ဆက်တိုက်ဖြစ်ပွားခဲ့သည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ဦးဌေးဦးက “အင်တာနက်ပေါ်က ရေးထားတဲ့ဟာကို အချက်အလက်ကို ယူပြီး ပြောကြမယ်ဆိုရင် သိပ်မကွာဘူး။ ဟုတ်တယ်ဆိုတဲ့ ပြောထားတဲ့ဟာ သူပြောမယ်ဆိုရင် လွှတ်တော်ထဲက ကိုယ်စား လှယ်တွေ မသိနိုင်ဘူး။ တကယ် သိနိုင်တာတော့ အစိုးရပဲ” ဟု ပြောကြားသည်။

မြန်မာနိုင်ငံမှ နိုင်ငံတကာတွင် အပ်နှံထားသော နိုင်ငံခြားအရန်ငွေ အမေရိကန် ခုနှစ်ဘီလျံ ရှိကြောင်း ၂ဝ၁၂ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်တွင် ပြုလုပ်ခဲ့သော ပြည်ထောင်စုလွှတ်တော်တွင် ဘဏ္ဍာရေး နှင့် အခွန်ဝန်ကြီးက ပြောကြား ထားသည်။

ယခုကျင်းပမည့် နိုင်ငံ၏ ဘဏ္ဍာရေးငွေစာရင်း ကိစ္စများနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲကို နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာနတွင် စက်တင်ဘာ ၂ဝ ရက်နေ့ နံနက် ၁ဝ နာရီတွင် စတင် ကျင်းပမည် ဖြစ်သည်။

YC 


 

 

 

 

 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive