Transparency Myanmar

transparency.myanmar@gmail.com

CURRENT NEWS

Snapshot of the item below:
CURRENT NEWS

ပြည်တွင်း နိုင်ငံရေး၊ စီးပွားရေး သတင်းစဉ်


 နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်ရေး လက်မှတ်ထိုးရန် သင့်မသင့် လိုင်ဇာညီလာခံတွင် ဆုံးဖြတ်မည်

အစိုးရက ယခုနှစ်အတွင်း လက်မှတ်ရေးထိုးနိုင်မည်ဟု ကြေညာထားသော နိုင်ငံလုံးဆိုင်ရာ အပစ် အခတ်ရပ်စဲရေးကို လက်မှတ်ရေးထိုးရန် သင့်၊ မသင့် KIO ဌာနချုပ် လိုင်ဇာ၌ ပြုလုပ်လျက်ရှိသော တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ ညီလာခံ တွင်ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း ညီညွတ်သောတိုင်းရင်းသားများ ဖက်ဒရယ် ကောင်စီ (UNFC) အတွင်းရေး မှူး ဦးနိုင်ဟံသာက ပြောသည်။

အောက်တိုဘာလ ၃၀ ရက်နေ့က ကျင်းပသော အစည်းအဝေး ပထမနေ့တွင်ကျင်းပသော အစည်းအဝေး ပထမနေ့တွင် KNU နှင့် RCSS အဖွဲ့တို့၏ နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး မူဝါဒများနှင့် ပတ်သက်ပြီး အစိုးရနှင့် ဆွေးနွေးထား သည့် အချက်အလက်များကို တင်ပြခဲ့ကြောင်း၊ လက်နက်ကိုင်တပ်ဖွဲ့ အားလုံးက နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး နှင့်ပတ်သက်သော တက်ပြချက်များကို ဆွေးနွေးခဲ့ကြောင်း နိုင်ဟံသာ ကဆိုသည်။

အဆိုပါညီလာခံတွင် အစိုးရကပေးပို့ထားသော နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး မူဝါဒနှင့် ပတ်သက်ပြီး ဆွေးနွေးကာ နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးအတွက် လက်မှတ်ထိုးရန် သင့်မသင့်ကို ညီလာခံ တက်ရောက်လာ သော လက်နက် ကိုင်တပ်ဖွဲ့များထံမှ ဘုံသဘောတူညီချက် တစ်ခုရယူသွားမည်ဖြစ်ကြောင်း ၎င်းကပြောသည်။

KIO ဒုတိယဥက္ကဋ္ဌ နှင့် UNFC ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်နေသူ ဒုတိယဗိုလ်ချုပ်ကြီး အင်ဘန်လ က “ဒီအစည်းအဝေးရလဒ် ကို တစ်ပြည်လုံးကရော၊ နိုင်ငံတကာကပါ စောင့်နေပါတယ်။ ကျွန်တော်တို့အမှား မခံနိုင်တော့ ပါဘူး။ သေချာတိကျဖို့လိုတဲ့အပြင် ကျွန်တော်တို့ သတ္တိရှိဖို့လည်း လိုပါတယ်”ဟု ပြောကြားခဲ့သည်။

သို့ရာတွင် အစိုးရပေးပို့ထားသည့် လက်မှတ်ရေးထိုးရေး သဘောထားမူကြမ်းနှင့် UNFC ၏မူကြမ်းမှာ ၈၀ ရာခိုင်နှုန်းခန့် အထိ ကွဲလွဲနေကြောင်း နှင့် အပစ်အခတ်ရပ်စဲရေးကို သဘောတူခဲ့ပါက လက်နက်ကိုင်အဖွဲ့များးအားလုံး သဘောတူ မည်ဖြစ်ပြီး တစ်ဖွဲ့ သို့မဟုတ် နှစ်ဖွဲ့က သီးသန့်သဘောတူညီမှု ပြုလုပ်သွားမည်မဟုတ်ကြောင်း  UNFC အတွင်းရေးမှူး (၂) ဗိုလ်မှူးကြီးခွန်ဥက္ကာ ကရှင်းပြသည်။

မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် လက်နက်ကိုင်ပဋိပက္ခများသည် နိုင်ငံရေးပြဿနာများကြောင့် ဖြစ်ပေါ်  လာရခြင်းဖြစ်ပြီး ယင်းပြဿနာများကို တွေ့ဆုံဆွေးနွေးရေးနည်းလမ်းဖြင့် တစ်ဆင့်ချင်းဖြေရှင်းနိုင်ရန် ကြိုးပမ်းရ မည်ဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးမူတူးဆေးဖိုး ကအဆိုပါညီလာခံ တွင်ပြော ကြားခဲ့သည်။

အဆိုပါညီလာခံသည် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးနှင့် နိုင်ငံရေးဆွေးနွေးပွဲများအတွက် မူဘောင်များ ချမှတ်နိုင် မည်ဟုယုံကြည်ကြောင်း နိုင်ငံတော်သမ္မတဦးသိန်းစိန်က ယင်းညီလာခံသို့အောက်တိုဘာလ ၃၀ ရက်နေ့တွင် သဝဏ်လွှာ ပေးပို့ခဲ့သည်ဟု နိုင်ငံတော်သမ္မတ ရုံးကထုတ်ပြန်ထားသည်။

အဆိုပါညီလာခံသို့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ၁၇ ဖွဲ့မှ ကိုယ်စားလှယ်ပေါင်း ၈၀ နီးပါး တက်ရောက် လာသော်လည်း ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်းတွင် အခြေစိုက်သည့် “ဝ” ပြည်သွေးစည်းညီညွတ်ရေး ပါတီ( UWSA) နှင့်မိုင်းလား လက်နက်ကိုင်တပ်ဖွဲ့တို့သည် ယင်းညီလာခံသို့ တက်ရောက်ခြင်းမရှိကြောင်း သိရသည်။

YC


အကျဉ်းထောင်နှစ်ခု ပြင်ဆင်မည့် စီမံကိန်းတောင်းခံငွေ ခွင့်မပြုသင့်ဟု ဆို

အကျဉ်းထောင်နှစ်ခု ပြန်လည်တည်ဆောက်ရေး စီမံကိန်းအတွက် ပြည်ထဲရေးဝန်ကြီးဌာန၊ အကျဉ်းဦးစီးဌာန၏ တောင်းခံ ငွေကို ခွင့်မပြုသင့်ကြောင်း ပြည်သူ့လွှတ်တော်၊ ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု ကော်မတီက အောက်တိုဘာလ ၃၀ ရက်က  ကျင်းပသော ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် အစီရင်ခံစာ တင်သွင်း ခဲ့ကြောင်း လွှတ်တော်ကိုယ်စားလှယ်များကို ပြောကြားသည်။

“ပြည်ထဲရေး ဝန်ကြီးဌာန၊ ငွေလုံးငွေရင်း အသုံးစားရိတ်ခေါင်းစဉ်၊ အကျဉ်းဦးစီးဌာန ဖြည့်စွက်တောင်းခံငွေမှာ ငွေကျပ် ၄၂၅ သန်းဖြစ်ပြီး မူလ ငွေလုံးငွေရင်း အသုံးစားရိတ်တွင် လျာထားခြင်းမရှိသော မိုးညင်းအကျဉ်းထောင်နှင့် မော်လမြိုင် အကျဉ်းထောင် စီမံကိန်းများ ပါဝင်နေပါတယ်။ အကျဉ်းထောင်သစ် စီမံကိန်းများ ဖြစ်တဲ့အတွက် ၂၀၁၄ -၂၀၁၅ ဘဏ္ဍာရေး နှစ် BE မှသာ တောင်းခံသင့်ပါကြောင်း ကော်မတီမှ တင်ပြအပ်ပါတယ်” ဟု ပဲခူးတိုင်းဒေသကြီး ကြို့ပင်ကောက်မဲ ဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်က ဆိုသည်။

ဗဟိုအဖွဲ့အစည်း ၆ ခု၊ ပြည်ထောင်စု ဝန်ကြီးဌာန ၃၀ ခု၊ နိုင်ငံတော်ပိုင် စီးပွားရေး အဖွဲ့အစည်း ၁၂ ခု၊ စည်ပင်သာယာရေး ကော်မတီ သုံးခု၊ စုစုပေါင်း ၅၁ ခုမှ ထပ်မံတောင်းခံသည့် ဘတ်ဂျက်များအနက် ဝန်ကြီးဌာနနှစ်ခုမှ တောင်းခံထားသည့် ကျပ် ၁၉၉၆၁ သန်းကျော်အား ခွင့်ပြုရန် မသင့်ဟု လွှတ်တော်ကိုယ်စားလှယ်များက ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ဆွေးနွေးခဲ့ကြောင်း သိရသည်။

ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု ကော်မတီအနေဖြင့် စိစစ်ရာတွင်  ခွင့်ပြုရန် မသင့်ကြောင်း သုံးသပ်ခဲ့သော ဝန်ကြီးဌာန နှစ်ခုမှ ပြည်ထဲရေးဝန်ကြီးဌာနနှင့် အားကစားဝန်ကြီးဌာနတို့ ဖြစ်ပြီး ပြည်ထဲရေးဝန်ကြီးဌာန၊ အကျဉ်းဦးစီး ဌာန၏ ကျပ်သန်း ၄၂၅ နှင့် အားကစားဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာ ဦးစီးဌာန၏ ကျပ်သန်း ၁၉၅၃၈ ဒသမ ၂၉၀ ဖြစ်ကြောင်း ယင်းကော်မတီ၏ အစီရင်ခံစာအရ သိရသည်။

YC


့လက်ရှိရေးဆွဲနေသော ဘဏ်များနှင့် ငွေကြေးဆိုင်ရာ အဖွဲ့အစည်းများ ဥပဒေတွင် ငွေကြေး ခဝါချမှုဆိုင်ရာ ပြဋ္ဌာန်းချက်များ ပါရှိ

လက်ရှိကမ္ဘာ့ဘဏ်မှ ဦးဆောင်ရေးဆွဲလျက်ရှိသော ဘဏ်များ နှင့် ငွေကြေးဆိုင်ရာ အဖွဲ့အစည်းများဆိုင်ရာ ဥပဒေကြမ်းတွင် ငွေကြေးခဝါချမှုဆိုင်ရာ ကာကွယ်တားဆီးရေးပြဋ္ဌာန်းချက်များ ပါရှိမည်ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါဘဏ်များ နှင့် ငွေကြေးဆိုင်ရာ အဖွဲ့အစည်းများဥပဒေနှင့် ပတ်သက်၍ ပြည်သူ့လွှတ်တော် ဘဏ်များ နှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ အဖွဲ့ဝင် ကိုဖြိုးမင်းသိန်းက “ဒီနေ့မှာ နေပြည် တော်မှာ အလုပ်ရုံ အစည်းအဝေးပွဲ ပြီးတယ်။ ပြီးတော့ နောက် အသစ်ထွက်မယ့် ဥပဒေနဲ့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ရယ်၊ ကမ္ဘာ့ဘဏ်က နေ လာပြီးတော့ရှင်းပါတယ်။ ဥပဒေကတော့ နိုင်ငံတကာအဆင့်မီအောင် ရေးဆွဲ ထားတဲ့ဥပဒေပါ။ သတ်မှတ်ထားတဲ့ စံချိန်စံညွန်းတွေနဲ့အညီ ဆွဲထားတာပါ။ ဒါပေမဲ့လက်ရှိဥပဒေနဲ့ ပြောင်းလဲ လာမယ့် ဥပဒေကြမ်းထဲမှာတော့ ဆောင်ရွက်ရ မယ့် ကိစ္စလေးတွေရှိတယ်။ အဲဒီ ကိစ္စရပ်တွေကို ဘယ်လိုပုံစံမျိုး ပြောင်းလဲဆောင်ရွက်မလဲဆိုတဲ့ အပိုင်းကိုတော့ ထပ်ညှိနှိုင်းရမယ်” ဟု ပြောကြားသည်။

မြန်မာနိုင်ငံအတွင်းရှိ ပြည်တွင်းဘဏ်များအနေဖြင့် မူးယစ်ဆေးဝါးမှောင်ခိုမှုများနှင့် ပတ်သက်သောကြောင့် နိုင်ငံတကာမှဖိအားပေးခဲ့ပြီး ၂ဝ၁၃ ခုနှစ်တွင်  ဘဏ်လုပ်ငန်းများ အကြပ်ရိုက်ခဲ့ကာ အချို့ဘဏ်များ ဖျက်သိမ်း လိုက်ရ သည်။

ထိုကဲ့သို့ ငွေကြေးခဝါချမှုများနှင့် ပတ်သက်၍ ကိုဖြိုးမင်းသိန်းက ယခု ရေးဆွဲနေသည့် ဘဏ်များနှင့် ငွေကြေး ဆိုင်ရာ အဖွဲ့အစည်းများ ဥပဒေကြမ်းတွင် ငွေကြေးခဝါချမှုများနှင့်ပတ်သက်၍ ပြဋ္ဌာန်းထားချက်များ ပါရှိသဖြင့် ဥပဒေ နှင့် ပတ်သက်၍ အားတက်စရာကောင်းပြီး ဗဟိုဘဏ်မှ သတ်မှတ်ထားသော နှုန်းထားများပါရှိသည့် အတွက် နိုင်ငံခြား Bank စာရင်းများကိုလည်း လက်လွတ်စပယ် ပြုလုပ်၍ရမည်မပာုတ်ကြောင်း၊ ကိုယ့်နည်း ကိုယ့်ဟန်ဖြင့် လုပ်ဆောင်ထားသော ဘဏ်စာရင်းများ နိုင်ငံခြားဘဏ်များ၌ ရှိနိုင်သော်လည်း Bank account များမှာမူ ဗဟိုဘဏ်ကို အသိပေး ပြီးမှသာ ဖွင့်ခွင့်ရရှိမည်ဖြစ်သည့်အတွက် ယင်းဥပဒေအား အရေးယူမှုပြုပေး ရန်သာ လိုအပ်မည်ဖြစ်ကြောင်း ပြောကြား သည်။

သို့သော် အဆိုပါ ဥပဒေကြမ်းကို ရေးဆွဲနေဆဲ ကာလမှာပင် ပြည်တွင်းရှိ ဘဏ်လုပ်ငန်းများ အနေဖြင့် နိုင်ငံခြား ဘဏ်များ လွှမ်းမိုးလာနိုင်မှုအပေါ် စိုးရိမ်နေမှုများနှင့် ပတ်သက်၍လည်း “ပြည်တွင်းဘဏ် လုပ်ငန်းရှင်တွေ အနေနဲ့ စိုးရိမ်မှုတွေ ရှိပေမယ့် နိုင်ငံသားဘဏ်တွေရဲ့ ရပ်တည်မှုကို အကာအကွယ်ပေးနိုင်တဲ့ ဥပဒေဖြစ်မယ် လို့ ယုံကြည်ပါ တယ်” ဟု ကိုဖြိုးမင်းသိန်းက ဆက်လက်ပြောကြားသည်။

ယခုထွက်ပေါ်လာမည့် ဥပဒေကြမ်းနှင့် ပတ်သက်၍ မြန်မာအရှေ့တိုင်းဘဏ်မှ တာဝန်ရှိသူတစ်ဦးက နိုင်ငံခြား သားများသာ ပြည်တွင်းဘဏ်များ၏ ရှယ်ယာများကို ဝယ်ယူခွင့်ရရှိပါက ပြည်တွင်း ဘဏ်များကို ဝါးမျိုးသွား မည်ဟု ပြောဆိုနေခြင်းသည် လူများ၏ ခန့်မှန်းပြောဆိုချက်သာဖြစ်ကြောင်း၊ အဖြေမှန် သဲသဲကွဲကွဲကို ဥပဒေ ရေးဆွဲပြီးထွက်ရှိ လာမှသာ သိနိုင်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

YC 



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

Q & C

Snapshot of the item below:
Q & C

  

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ

“ပြည်သူ သန်း ၆၀ အလုပ်အကိုင်နဲ့ စီးပွားရေးဖွံ့ဖြိုးမှုကိုလိုချင်ရင် စိုက်ပျိုးရေးအခြေခံတဲ့ လုပ်ငန်းတွေကို အစိုးရပိုင်းက ပိုပြီးအာရုံစိုက် အကောင်အထည်ဖော်ပေးဖို့လိုတယ်။ လယ်ယာကဏ္ဍက လူဦးရေ ၇၅ % ကို ကိုယ်စားပြုတာလေ၊ အလုပ်အကိုင်တွေ ပိုမိုပေါဖို့ဆိုရင်လည်း သက်မွေးကြောင်းဆိုင်ရာ Training တွေ များများ အကောင်အထည်ဖော် ပေးဖို့လိုတယ်။”

အောက်တိုဘာလ ၂၈ ရက်နေ့ထုတ် Flower News Journal အတွဲ (၉) အမှတ် (၄၂) တွင်ပါရှိသော “မြန်မာ့ လူဦးရေး ၆၄ ရာခိုင်နှုန်းကျော် အလုပ်လုပ်နိုင်စွမ်းရှိသော်လည်း အစိုးရက အလုပ်အကိုင် ဖန်တီးပေးမှုတွင် အားနည်းချက်များ ရှိနေဟုဆို” သတင်းမှ နိုင်ငံတော်သမ္မတအကြံပေး ဒေါက်တာအောင်ထွန်းသက် ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ဖို့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်း ကော်မတီကို ပြည်ထောင်စုလွှတ်တော်မှာ ဖွဲ့စည်းပြီးလုပ်ဆောင်ခဲ့ပါတယ်။ အဲ့ဒီလို ဆောင်ရွက်တဲ့နေရာမှာ ဦးတည်ချက် သုံးရပ်ချမှတ်ခဲ့ ပါတယ်။ ဒီဘောင်အတွင်းကနေ နိုင်ငံအကျိုးစီးပွားတိုးတက်ဖို့ ဆောင်ရွက်နေတဲ့ အခါမှာ ပြည်တွင်းကဖြစ်စေ၊ ပြည်ပကဖြစ် စေ မည်သို့ပင် ဖိအားပေးမှုရှိရှိ မိမိတို့က မိမိတို့သွားမယ့်လမ်းကြောင်း အပေါ်မှာ မူတည်ပြီးတော့ ဆက်လက်ဆောင်ရွက်သွား မှာ ဖြစ်တယ်။ အောင်မြင်အောင်လည်း ကြိုးစားသွားမှာ ဖြစ်ပါတယ်။”

အောက်တိုဘာလ ၂၈ ရက်နေ့ထုတ် The Street View Journal အတွဲ (၂) အမှတ် (၄၁) တွင်ပါရှိသော “ပြည်တွင်း၊ ပြည်ပဖိအားပေးမှုများမည်မျှရှိရှိ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအား ဆက်လက်ဆောင်ရွက် မည်ဟု ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်း ပြောကြား” သတင်းမှ သူရဦးရွှေမန်း၏ ပြောကြားချက် အားကောက်နှုတ်ချက်။


“အပစ်အခတ်ရပ်စဲမှုတွေကို ခိုင်မာအောင်လုပ်ဖို့က အရေးကြီးတယ်။ နိုင်ငံရေးဆွေးနွေးပွဲတွေကို သွားတဲ့အခါ ဟိုမှာ ဆွေးနွေးနေတယ်။ ဒီမှာ သတ်နေတယ်ဆိုရင် အများကြီးထိခိုက်တယ်။ ဒါ့ကြောင့် အပစ်အခတ်ရပ်စဲရေး စာချုပ်ကို နိုင်ငံ တကာရှေ့မှာ တရားဝင်ချုပ်တယ်ဆိုရင် ပိုကောင်းမယ်။”

အောက်တိုဘာလ ၃၀ ရက်နေ့ထုတ် မြန်မာပို့စ် ဂျာနယ် အတွဲ (၅) အမှတ် (၄၃) တွင်ပါရှိသော  “အပစ်အခတ် ရပ်စဲရေးစာချုပ်များမှာ ခိုင်မာမှုမရှိဟု မြန်မာ့ငြိမ်းချမ်းရေးစင်တာမှ ဒါရိုက်တာတစ်ဦး ဝန်ခံ” သတင်းမှ ဒါရိုက် တာ ဦးအောင်နိုင်ဦး ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“နိုင်ငံမှာက တပ်မတော်ရဲ့အခန်းကဏ္ဍက အရေးကြီးတယ်။ မြန်မာ့နိုင်ငံရေးမှာက တိုင်းပြည်ရဲ့အာဏာကို စစ်တပ်က အကြိမ်ကြိမ်သိမ်းတယ်လေ။ တပ်မတော်ဟာ မြန်မာနိုင်ငံရဲ့ဒီမိုကရေစီကူးပြောင်းတဲ့ကာလမှာ အင်မတန်ကို အရေးကြီးတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးမှာ ဒီမိုကရေစီ လူထုခေါင်းဆောင်တစ်ယောက် ဖြစ်တဲ့အတွက် မြန်မာ့ဒီမိုကရေစီခေါင်းဆောင်တစ်ဦးနဲ့ ကာချုပ်တို့ဟာ ဆုံတွေ့သင့်တယ်။ ဒီမိုကရေစီအပြောင်းအလဲအတွက် ဒီတပ်မတော် ခေါင်းဆောင်တွေကလည်း နိုင်ငံရေးနယ်ပယ်ထဲကို ရောက်လာတာရှိပါတယ်။ သမ္မတကြီး၊ လွှတ်တော် ဥက္ကဋ္ဌကြီး တို့ရှိပါတယ်။ သူတို့တွေလည်း ပြုပြင်ပြောင်းလဲရေးမှာပါဝင် လာပြီ၊ ငြိမ်းချမ်းရေးဖြစ်စဉ်မှာပဲဖြစ်ဖြစ်၊ အခြေခံဥပဒေ ပြင်ဆင်ရေးမှာပဲဖြစ်ဖြစ်၊ အဓိက Key Players တွေ တွေ့ဆုံဖို့လိုလာပြီ။ သူတို့နှစ်ဦးရဲ့ တွေ့ဆုံမှုဟာ အခြေခံဥပဒေပြင်ဆင် ရေး၊ လက်ရှိနိုင်ငံရေး ပြုပြင်ပြောင်းလဲမှု၊ ငြိမ်းချမ်းရေး အဆင်ပြေချောမွေ့မှုတွေ ဖြစ်လာဖို့ သူတို့ နှစ်ဦးရဲ့ တွေ့ဆုံမှုဟာ ရလဒ်ကောင်းတစ်ခု ဖြစ်လာမှာပါ။”

 အောက်တိုဘာလ ၂၈ ရက်နေ့ထုတ် Messenger Journal အတွဲ (၄) အမှတ် (၂၃) တွင် ပါရှိသော  “သူတို့တွေ့ဆုံ ဆွေးနွေးဖြစ်မယ် ဆိုရင်” ဆောင်းပါးမှ ဦးဖြိုးမင်းသိန်း (ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်) ၏ ပြောကြားချက် အား ကောက်နှုတ်ချက်။


“ပြည်တွင်းစစ်ရဲ့ အဓိကက သံသယပဲ။ အဲဒီ သံသယကို ချေဖျက်နိုင်အောင် ပွင့်လင်းမြင်သာမှုနဲ့ သဘောထားကြီးမှုတွေလို အပ်တယ်။ ဒါတွေကို ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ထည့်သွင်းရမယ်။ ပြည်တွင်းစစ်၊ အာဏာရှင် အုပ်ချုပ်ရေး ဒါတွေအကုန်လုံး က ဖွဲ့စည်းပုံအခြေခံဥပဒေကို အခြေခံပြီးပေါ်လာတာပဲ။ ဒီအခြေခံပြဿနာကို ဖြေရှင်းနိုင်ဖို့  လိုပါတယ်။”

အောက်တိုဘာလ ၂၈ ရက်နေ့ထုတ် Weekly Eleven Journal အတွဲ (၃) အမှတ် (၉) တွင် ပါရှိသော “ပြည်တွင်းစစ်မီး အပြီးသတ်ငြိမ်းနိုင်ရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရန် လိုအပ်ကြောင်း ဧရာဝတီ တိုင်းဒေသကြီး NLD ပါတီဥက္ကဋ္ဌပြောကြား” သတင်းမှ NLD ပါတီဧရာဝတီတိုင်းဒေသကြီး ဥက္ကဌ ဒေါက်တာ မျိုးညွန့် ၏ပြောကြားချက်အားကောက်နှုတ်ချက်။


 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive