အကျင့်ပျက်လာဘ်စားမှုသည် အာရှ၏အနာဂတ်ကို ခြိမ်းခြောက်နေ
(Lancaster Eagle Gazette 20 - 10 - 2009)
ကမ္ဘာ့ရှုထောင့်မှကြည့်လျှင် နယူးဇီလန်နှင့် စကင်ဒီနေးဗီးယန်းနိုင်ငံများသည် ခြစားမှု ထိန်းချုပ်ရာတွင် သိက္ခာရှိသည့် စံပြနိုင်ငံများ ဖြစ်ပေသည်။ လာဘ်စားခြစားနေသော နိုင်ငံအများစု သည် ဖွံ့ဖြိုးဆဲနိုင်ငံများဖြစ်ကြပြီး၊ အများစုသည် အာရှနိုင်ငံများဖြစ်သည်။ ကမ္ဘာ့လာဘ်စားခြစားမှု အဆိုးဝါးဆုံးသောနိုင်ငံ(၂၀)တွင် အာရှနိုင်ငံတစ်ဝက်ခန့်ပါဝင်ပါသည်။
မြန်မာ၊ အာဖဂန်နစ္စတန်၊ ကာဂျစ်စတန်၊ တပ်ခ်မင်နစ္စတန်၊ အင်ဒိုနီးရှား၊ ဘင်္ဂလားဒေ့ရှ်၊ ကမ္ဘောဒီးယား၊ လာအိုနှင့် ပါကစ္စတန်နိုင်ငံများသည် အဆိုပါစာရင်းတွင်ပါရှိကြောင်း Worldwide Governance Indications က ဖေါ်ပြထားသည်။ အိန္ဒိယနှင့်တရုတ်နိုင်ငံတို့သည် ကမ္ဘာပေါ်ရှိ ပြည်ပပို့ကုန် ထုတ်လုပ်နေသည့် နိုင်ငံ(၃၀)အကြားတွင် ကုန်သွယ်ရေးနှင့်ပတ်သက်၍ လာဘ်စားခြစားမှု အဆိုးရွားဆုံးသောနိုင်ငံများ ဖြစ်သည်။
လာဘ်စားခြစားမှုသည် အာရှတွင် ဖြစ်ရိုးဖြစ်စဉ်တစ်ခုသာဖြစ်သည်။ အာရှတွင် အဆိုးရွားဆုံးသော လာဘ်စားခြစားမှုရှိသည့် အိန္ဒိယ၊ တရုတ်နှင့် အင်ဒိုနီးရှားတို့နှင့်ပတ်သက်၍ ဆိုရိုးစကား တစ်ခုပင်ရှိသေးသည်။
"အိန္ဒိယတွင် လာဘ်စားခြစားမှုသည် စားပွဲအောက်မှသွားသည်။ တရုတ်တွင်မူ စားပွဲပေါ်က သွားသည်။ အင်ဒိုနီးရှားတွင်မူ စားပွဲတစ်ခုလုံး ပါဝင်သည်" ဟူ၍ ဖြစ်သည်။
အထက်ပါဆိုရိုးစကားကို မည်သို့ပင်အဓိပ္ပာယ်ဖွင့်ဆိုစေကာမူ၊ ငြင်းလို့မရသည့်အချက်မှာ ခြစားမှုသည် အာရှယဉ်ကျေးမှုတွင် ခိုင်မြဲစွာရှိနေကြောင်း၊ Asia Times မှ Chan Akya က ပြောကြားခဲ့သည်။ "ယနေ့တရုတ်နိုင်ငံကို ကြည့်ပါ" ဟုခေါင်းစဉ်တပ်ထားသော ဆစ်ဒနီရှိ လွတ်လပ်သောလေ့လာမှုများ (Centre for Independent Studies) မှ John Lee ရေးသားခဲ့သလို တရုတ်နိုင်ငံကြီးမှာ ချမ်းသာကြွယ်ဝနေသလို၊ တရုတ်ကွန်မြူနစ်ပါတီဝင်များသည် လည်း အာဏာရှိနေသော်လည်း၊ တရုတ်ပြည်သူတို့မှာ ချို့တဲ့နေပြီး အများစုမှာ ဆင်းရဲနေပါသည်။
Chinese Academy of Social Sciences မှလေ့လာချက်များအရ၊ ၀န်ထမ်းများ က ပြည်သူ့ဘဏ္ဍာမှ ခိုးယူမှုများသည် တစ်နှစ်လျှင် ဂျီဒီပီ၏ (၂)ရာခိုင်နှုန်းရှိကြောင်း၊ ဆက်လက်၍လည်း ပိုမိုများလာကြောင်း သိရှိရသည်။
တရုတ်ပြည်၏အကျင့်ပျက်လာဘ်စားမှုကို စောင့်ကြည့်သော ဟောင်ကောင်အခြေစိုက် Political and Economic Risk Consultancy (PERC) က ပိုမိုဆိုးရွားသော ရုပ်သွင်ကို ဖော်ပြ ထားသည်။ နိုင်ငံရေးနှင့်စီးပွားရေးအကျိုးအမြတ်ကို တရားမ၀င်နည်းလမ်းဖြင့် ရရှိအောင်ကြံဆောင် ခြင်းသည် တရုတ်နိုင်ငံတွင် လုပ်ရိုးလုပ်စဉ်ဖြစ်နေကြောင်း၊ လွတ်လပ်သောခန့်မှန်းချက်များအရ အကျင့်ပျက်မှု၏ကြီးထွားမှုသည် နှစ်စဉ် ဂျီဒီပီ၏ ၃ မှ ၅ ရာခိုင်နှုန်းအထိရှိကြောင်းသိရှိရသည်။ ဂျီဒီပီ၏ (၅)ရာခိုင်နှုန်းသော ပမာဏသည် အမေရိကန်ဒေါ်လာ (၂၂၅) ဘီလီယံ (ယွမ်ငွေ ၁.၅ ထရစ်လီယံ) ခန့်ရှိပါသည်။ နှစ်စဉ် ဂျီဒီပီတိုးတက်မှု၏တစ်ဝက်ရှိကြောင်းလည်း သိရှိရသည်။
ယနေ့တရုတ်ပြည်တွင် အာဏာရှိသူများသည် မရေတွက်နိုင်သော တရားမ၀င် အကျိုးအမြတ်များကို ခံစားနေရသည်မှာ လျှို့ဝှက်စရာပင် မလိုတော့ပေ။ တရားဝင်စီးပွားရေး လုပ်ငန်းအတွက် တစ်ပွဲလျှင် ဒေါ်လာ (၅၀၀) တန် ညစာစားပွဲ၊ သုတေသနနှင့်လေ့လာမှု ပြည်ပတွင်ပြုလုပ်ရန်အတွက် ဒေါ်လာ (၅၀၀၀) သုံးစွဲခြင်းနှင့် ဒေါ်လာ (၅၀၀၀၀) တန် အစိုးရကား ကို ပုဂ္ဂလိကအကျိုးအတွက် သုံးခြင်းများလည်း ရှိနေပါသည်။
တရုတ်ပြည်ကဲ့သို့ တစ်ပါတီအုပ်ချုပ်သည့်နိုင်ငံက အကျင့်ပျက်ခြစားမှုများကို ပိုမိုဖြစ်စေ နိုင်လျှင် အိန္ဒိယ၏ပါတီစုံဒီမိုကရေစီတွင် ပိုမိုဆိုးရွားမည်ဖြစ်သည်။ Chan Akya က လာဒ်စားခြစား မှုနှင့်ပတ်သက်၍ အိန္ဒိယသည် ရွေးချယ်ရန်မရှိကြောင်း၊ အိန္ဒိယကွန်မြူနစ်ပါတီမှလွဲ၍ အခြားသော နိုင်ငံရေးပါတီအများစုတွင် လာဘ်စားခြစားမှုအသွင် အမျိုးမျိုးရှိနေကြောင်း၊ ကွန်မြူနစ်ကို မဲပေး၍ စီးပွားရေးအရ စွန့်စားမှုပြုလုပ်ရန်သို့မဟုတ် အခြားနိုင်ငံရေးပါတီကို မဲပေး၍ လာဒ်စားခြစားမှု ပမာဏထက်များသော အကျိုးအမြတ်တိုးတက်အောင် လုပ်ရမည်လားဟူ၍သာ ရှိတော့သည်။
လာဘ်စားခြစားနေသော တရုတ်ဝန်ထမ်းများအတွက် ဂုဏ်ယူစရာတစ်ခုမှာ PERC လာဘ်စားမှု အညွှန်းအရ၊ တရုတ်ပြည်သည် လာဘ်စားခြစားမှု အဆိုးဆုံးသောနိုင်ငံများတွင် မပါဝင်ပေ။ တရုတ်သည် အဆိုးရွားဆုံးသတ်မှတ်ချက်ကို (၁၀)ထားလျှင် (၈.၃၃)တွင်ရှိပြီး၊ အင်ဒိုနီးရှားက (၉.၃၃) နှင့် အိန္ဒိယက (၉.၃)ရှိနေပါသည်။
အမေရိကန်၏အရေးကြီးဆုံးသော မဟာမိတ်တောင်ကိုရီးယားနှင့် ထိုင်ဝမ်သည်ပင်လျှင် လာဘ်စားခြစားမှုနှင့် မကင်းနိုင်ပါ။ တောင်ကိုရီးယားသမ္မတဟောင်း Roh Moo-hyan သည် လွန်ခဲ့သည့်မေလက လာဘ်စားမှုစစ်ဆေးစုံစမ်းမှုတွင် ပါဝင်ပတ်သက်မှုရှိသည်ကို တွေ့ရှိခဲ့ရာမှ ကိုယ်ကိုကိုယ်သေကြောင်းကြံစည်သွားသည်။
အာရှနိုင်ငံရေးသမားများနှင့် ဗျူရိုကရက်များသည် အဘယ်ကြောင့် ဆိုးရွားစွာ အကျင့်ပျက် လာဘ်စားမှုဖြစ်ပေါ်နေရသနည်းဟု မေးစရာရှိနေပါသည်။ အချို့သောလေ့လာသုံးသပ်သူများ၏ ပြောဆိုချက်မှာ၊ အာရှယဉ်ကျေးမှုအရ၊ လာဘ်ပေးမှုသည် ထိရောက်မှုမရှိသော ဗျူရိုကရေစီစနစ်နှင့် စီးပွားရေးကို တိုးတက်စေရန် ဥပမာအားဖြင့် ဘီးများ ကောင်းကောင်းလည်အောင် ချောဆီထည့် သည်နှင့်တူကြောင်း ဖေါ်ပြထားပါသည်။
အချို့ကမှု အာရှ၏ "လာဘ်ပေးလာဘ်ယူယဉ်ကျေးမှု" သည် အာရှသားတို့၏ ရိုးရာတစ်ခု ဖြစ်သည့် "လူကချမှတ်သော စည်းကမ်းလုပ်ထုံး" ပေါ်အဓိကထားသည့် "ဥပဒေက ချမှတ်ထား သော စည်းကမ်းလုပ်ထုံး"မဟုတ်သောကြောင့်၎င်း၊ ဥပဒေမှာပြောင်းလဲ၍ရပြီး၊ ပြီးပြည့်စုံမှုမရှိဟု ခံယူထားသောကြောင့်ဖြစ်သည်ဟု ငြင်းဆိုကြပါသည်။ ယဉ်ကျေးမှုအလျင်အရ ဟုပဲပြောပြော၊ အခြေအနေမကောင်းသော နိုင်ငံများ၏အသွင်ကြောင့်ဟုဘဲ ပြောပြော၊ အာရှနိုင်ငံများနှင့်အာရှ ခေါင်းဆောင်များနှင့် အရာထမ်းအကြားတွင် လာဘ်စားခြစားမှုအမြစ်တွယ်နေခြင်းသည် အာရှ၏ အနာဂတ်စီးပွားရေးဖွံ့ဖြိုးမှုနှင့် နိုင်ငံရေးတည်ငြိမ်မှုကို ပျက်စီးမှု ဖြစ်စေမည့်ခြိမ်းခြောက်မှုတစ်ခု ဖြစ်ပါသည်။
--~--~---------~--~----~------------~-------~--~----~
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.
-~----------~----~----~----~------~----~------~--~---