Unemployed Myanmar Workers Return from Abroad
By Feng Yingqiu
Yangon Oct 7th, Xinhua
အလုပ်လက်မဲ့ မြန်မာလုပ်သားများ ပြည်ပမှ ပြန်လည်ရောက်ရှိ
မလေးရှားနိုင်ငံတွင် အလုပ်လက်မဲ့ဖြစ်နေသော မြန်မာအလုပ်သမား ၁၈၈ ဦး (အမျိုးသမီးများအပါအဝင်) သည် နှစ်နိုင်ငံ တာဝန်ရှိ ပုဂ္ဂိုလ်များ၏ စီစဉ်မှုဖြင့် မြန်မာနိုင်ငံသို့ ပြန်လာကြကြောင်း ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီများက ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့သည်။
လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း အရေအတွက် မြောက်မြားစွာသော မြန်မာနိုင်ငံသားများသည် ပြည်ပတွင် အလုပ်အကိုင် ရှာဖွေရန်အလို့ငှာ နိုင်ငံကို စွန့်ခွာသွားကြရာတွင် အများစုမှာ တောင်ကိုရီးယား၊ စင်ကာပူ၊ ဂျပန်၊ ထိုင်း၊ ကာတာ၊ ဒူဘိုင်းနှင့် မလေးရှားနိုင်ငံများသို့ သွားရောက်ခဲ့ကြသည်။ ၎င်းအရှေ့တောင်အာရှနိုင်ငံများတွင် အလုပ်အကိုင် ခက်ခဲ ရှားပါးမှုနှင့် ရင်ဆိုင်နေရသည့် မြန်မာအလုပ်သမား ၂၇၀၀ ခန့်ကျန်ရှိနေသေးပြီး ၎င်းတို့ကို ပြန်လည်ခေါ်ယူနိုင်ရန် စီစဉ်မှုများ ဆက်လက် ဆောင်ရွက်နေဆဲ ဖြစ်ကြောင်းလည်း သိရှိရသည်။
ယခုကဲ့သို့ ပြန်ရောက်လာသူများကို ဆီအုန်းခြံကဲ့သို့သော စိုက်ပျိုးရေးလုပ်ငန်းများတွင် အလုပ်အကိုင်များ ဖန်တီးပေးရန် အစိုးရက စီစဉ်လျက်ရှိကြောင်း သတင်းများအရ သိရှိရသည်။
ယမန်နှစ် ဒီဇင်ဘာလတွင် မြန်မာဝန်ကြီးချုပ်က ပြည်ပတွင် အလုပ်သွားရောက်လုပ်ကိုင်သူများ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးအကျပ်အတည်းကြောင့် အလုပ်လက်မဲ့ ဖြစ်နေပါက ပြည်တွင်းသို့ ပြန်လာ၍ အလုပ်လုပ်ကြရန် တိုက်တွန်းခဲ့ဖူးပါသည်။
ကျွန်းစိုက်ခင်းများ၊ သစ်ထုတ်လုပ်ရေးလုပ်ငန်း၊ ငါးဖမ်းလုပ်ငန်းနှင့် ဆားထုတ်လုပ်ရေးလုပ်ငန်းများတွင် အလုပ်သမားများ လိုအပ်နေဆဲဖြစ်ပြီး ပြည်ပတွင် အလုပ်ပြုတ်၍ ပြန်လာသူ မြန်မာနိုင်ငံသားများအတွက် အလုပ်အကိုင်များ အဆင်သင့်ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။
ကမ္ဘာလုံးဆိုင်ရာ ငွေကြေးအကြပ်အတည်းသည် မြန်မာနိုင်ငံအပေါ် ပြောပလောက်အောင် ရိုက်ခတ်မှု မရှိကြောင်း၊ နိုင်ငံသား အားလုံးက စုစည်းညီညွတ်စွာ ကြိုးစားကြမည်ဆိုလျှင် အလုပ်အကိုင်များစွာ ပေါ်ထွက်လာမည် ဖြစ်ပြီး ပြည်သူတို့၏ စား၊ ဝတ်၊ နေရေး လိုအပ်ချက်များ ပြည့်မီနိုင်မည်မှာ ငြင်းစရာ မလိုကြောင်း၊ အနောက်နိုင်ငံများက စီးပွားရေးပိတ်ဆို့မှုများဖြင့် အရေးယူထားသည့်တိုင်အောင် မိမိတို့၏ ကိုယ်ပိုင်စွမ်းအားများအပေါ်တွင် အခြေခံ၍ မိမိတို့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မည်သာ ဖြစ်ကြောင်း စသဖြင့် ၎င်းက ဆက်လက်ပြောကြားခဲ့ပါသည်။
နိုင်ငံခြားရေးဝန်ကြီးဌာန၊ အလုပ်သမားဝန်ကြီးဌာန၊ လယ်ယာစိုက်ပျိုးနှင့် ဆည်မြောင်းဝန်ကြီးဌာနများသည် ပြည်ပတွင် အလုပ်လက်မဲ့ဖြစ်၍ ပြန်လာသူများအတွက် ကူညီရန် အဆင်သင့်ရှိနေကြောင်း ၎င်းက အာမခံပြောကြားခဲ့သည်။
ကမ္ဘာလုံးဆိုင်ရာ ငွေကြေးအကြပ်အတည်းသည် မိမိနိုင်ငံ၏ လိုအပ်သလောက် ထုတ်လုပ်တင်ပို့နိုင်မှုအပေါ် ထိခိုက်မှုမရှိကြောင်း၊ မိမိတို့ထုတ်လုပ်နိုင်သလောက် တင်ပို့နိုင်ကြောင်း၊ အဓိကပို့ကုန်ဈေးကွက်မှာ အာရှ အိမ်နီးချင်းနိုင်ငံများ ဖြစ်ပြီး အဓိက ပို့ကုန်များမှာ ဆန်၊ ပဲအမျိုးမျိုး၊ အသား၊ ငါး စသော စားသောက်ကုန်များ ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့ပါသည်။
မြန်မာနိုင်ငံသည် အနောက်အုပ်စုများ၊ဘဏ်များ၊ ငွေကြေးအဖွဲ့အစည်းများနှင့် အဆက်အသွယ် မရှိကြောင်း ထောက်ပြခဲ့ပြီး အခြားနိုင်ငံများနှင့် နှိုင်းယှဉ်လျှင် နိုင်ငံခြားချေးငွေ နည်းပါးခြင်းကြောင့် ငွေရေးကြေးရေး ကဏ္ဍတွင် မိမိတို့နိုင်ငံသည် ဆုံးရှုံးမှု လုံးဝမရှိကြောင်း ၎င်းက အခိုင်အမာပြောကြားခဲ့သည်။
မြန်မာနိုင်ငံအပေါ် စီးပွားရေးဆိုင်ရာ အကျိုးသက်ရောက်မှုများကို ၎င်းက ငြင်းပယ်လိုက်ပြီး မြန်မာအစိုးရသည် ကိုယ်ပိုင်နည်းပညာ၊ ကိုယ်ပိုင်ငွေကြေးများကို အခြေခံ၍ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ကာ အခြေခံအဆောက်အဦးများကို တည်ဆောက်နေခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ပြည်ပသို့ တရားမဝင်သွားရောက်၍ အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသား ၂ သန်းခန့်အား ပြည်တွင်းသို့ ပြန်လာ၍ အလုပ်လုပ်ကြရန် ၎င်းက လက်ကမ်းကြိုဆိုခဲ့သည်။
လက်ရှိနှစ်များအတွင်း မြန်မာ အစိုးရသည် တစ်နှစ်လျှင် ပြည်ပအလုပ်အကိုင် ၅၀၀၀၀ ခန့်ကို ၎င်း၏ ပြည်သူများအတွက် ရှာဖွေပေးခဲ့သည်။
ပြည်ပအလုပ်အကိုင် ရှာဖွေရေးအေဂျင်စီ ၇၀ ခန့်က နိုင်ငံခြားတိုင်းပြည်များနှင့် ဆက်သွယ်၍ ပြည်ပ အလုပ်အကိုင် ငါးသောင်းခန့်ကို စီစဉ်ဖန်တီးခဲ့ကြသည်ဟု ပြည်တွင်းသတင်းများက ဆိုသည်။
အလုပ်သမားဝန်ကြီးဌာနက ပြည်ပအလုပ်အကိုင် ရှာဖွေရေးအေဂျင်စီ တစ်ခုလျှင် တစ်နှစ်အတွက် အလုပ်အကိုင်နေရာ ၁၀၀ ရှာဖွေပေးရန် စည်းကမ်း သတ်မှတ်ထားပြီး အဆင့်မြင့်ပညာတတ် ကော်လာဖြူ အလုပ်သမားများက စင်ကာပူနိုင်ငံတွင် အလုပ်အကိုင်များ ရရှိနေချိန်၌ ကျန်အလုပ်သမား အများစုမှာ မလေးရှားနိုင်ငံရှိ စက်ရုံ၊ အလုပ်ရုံ၊ စားသောက်ဆိုင်၊ ဟိုတယ်နှင့် ဆောက်လုပ်ရေးလုပ်ငန်းခွင်များတွင် အလုပ်လုပ်ကိုင်နေကြကြောင်း သိရှိရသည်။ ကာတာနှင့် ဒူဘိုင်းနိုင်ငံများကလည်း မြန်မာအလုပ်သမားများ ပေးပို့ရန် အေဂျင်စီများထံ မှာကြားနေကြသည်ဟုလည်း ဆိုသည်။
လွန်ခဲ့သော နှစ်နှစ်အတွင်း မြန်မာအစိုးရသည် အိမ်နီးချင်းထိုင်းနိုင်ငံသို့ သွားရောက်မည့် အလုပ်သမားများကို ယာယီ နိုင်ငံကူးလက်မှတ် ထုတ်ပေးခဲ့ပြီး မြန်မာ-ထိုင်း နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှုဖြင့် အကောင်အထည်ဖော်ခဲ့ခြင်း ဖြစ်ပါသည်။
အစောပိုင်း ရရှိသော သတင်းများအရ ထိုင်းနိုင်ငံတွင် မြန်မာအလုပ်သမား ၃ သိန်းခန့်ရှိနေပြီး ၎င်းတို့အနက် ၈ သောင်းခန့်သာ ထိုင်းအလုပ်သမားဝန်ကြီးဌာနမှ ထုတ်ပေးသော လေဘာကတ်များ ကိုင်ဆောင်ထားကြောင်း၊ တစ်သိန်းနှစ်သောင်းခန့်မှာ နေထိုင်ခွင့် ဗီဇာသာရှိပြီး ကျန်တစ်သိန်းခန့်မှာ တရားဝင်အထောက်အထားများ မရှိဘဲ နေထိုင်လုပ်ကိုင်နေကြခြင်း ဖြစ်ကြောင်းသိရသည်။ ထိုင်းနိုင်ငံရောက် တရားမဝင် အလုပ်သမားအချို့မှာ လူကုန်ကူးသူများ၏ လုပ်အားခေါင်းပုံဖြတ်မှုကို ရင်ဆိုင်ကြုံတွေ့နေရကြောင်း သတိပေးမှုများ ရှိခဲ့ပြီး ၎င်းလူကုန်ကူးသူများသည် ပြည်ပ၌ ဝင်ငွေကောင်းသော အလုပ်များ ရရှိမည်ဖြစ်ကြောင်း အတုအယောင် မက်လုံးများနှင့် ဆွဲဆောင်ခဲ့ကြခြင်း ဖြစ်သည်။
မြန်မာအာဏာပိုင်များက တရားဝင်လုပ်ထုံး လုပ်နည်းများဖြင့်သာ ထိုင်းနိုင်ငံသို့ သွားရောက်ကြခြင်းဖြင့် လူကုန်ကူးသူများ၏ ကာကွယ်တားဆီးနိုင်မည် ဖြစ်ကြောင်း တိုက်တွန်းထားသည်။
ပြည်ပအလုပ်အကိုင် စာရင်းဇယားများအရ မြန်မာလုပ်သားများသည် ၁၉၉၆ မှ ၂၀၀၁ ခုနှစ်အတွင်း စင်ကာပူနိုင်ငံသို့ အများဆုံးသွားရောက်ခဲ့ကြသည်။ ၂၀၀၁ မှစ၍ စင်ကာပူနိုင်ငံတွင်း အလုပ်လုပ်ကိုင်သူ ဦးရေ လျော့ကျလာခဲ့ပြီး မလေးရှားနိုင်ငံသည် ပြည်ပအလုပ်ရှာဖွေသူများ၏ ဈေးကွက်နယ်မြေသစ် ဖြစ်လာခဲ့ကြောင်း သိရှိရပါသည်။
မလေးရှားနိုင်ငံ၏ တရားဝင် သတင်းအချက်အလက်များကို ကိုးကားထားသော သတင်းတစ်ရပ်အရ ပြည်ပရောက် မြန်မာလုပ်သား ၁.၈၄ သန်း အနက် အများစုမှာ မလေးရှားနိုင်ငံတွင် အလုပ်လုပ်ကိုင်လျက် ရှိနေကြောင်း ထပ်မံသိရှိရပါသည်။
မြန်မာလုပ်သားများအတွက် အလွန် အန္တရာယ်ကြီးပြီး ထိခိုက်နစ်နာဖွယ် အခြေအနေများ ရှိသည်ဟု တစ်ချိန်က သတ်မှတ်ထားခဲ့သော ဒေသတစ်ခုဖြစ်သည့် အရှေ့အလယ်ပိုင်းဒေသ ကာတာနိုင်ငံသို့ သွားရောက်အလုပ်အကိုင် ရှာဖွေသူများကို မြန်မာအစိုးရက ပထမဆုံးအကြိမ်အနေဖြင့် ၂၀၀၅ ခုနှစ်က စတင်ခွင့်ပြုခဲ့ခြင်း ဖြစ်ပါသည်။
အလုပ်သမားလိုအပ်ချက် မြင့်မားနေသော ကာတာနိုင်ငံသို့ ထိုစဉ်ကတည်းက မြန်မာလုပ်သား တစ်နှစ်လျှင် ၅၀၀ ကျော်ခန့် ရောက်ရှိခဲ့သည်ဟု ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီ သတင်းများအရ သိရှိရပါသည်။ ၂၀၀၅ ခုနှစ် ဇန်နဝါရီလက အရှေ့အလယ်ပိုင်းဒေသ၏ နာမည်ကြီး လေကြောင်းလိုင်း Qatar Airways (ကာတာအဲဝေး) က မြို့တော်ရန်ကုန်သို့ Direct Flight ပျံသန်းဆင်းသက်ခဲ့ပြီးနောက်ပိုင်း တွင် ကာတာနိုင်ငံသို့သွားရောက် လုပ်ကိုင်နိုင်မည့် ပြည်ပ အလုပ်အကိုင်အခွင့်အလမ်းများကို အစိုးရက ဖွင့်ပေးခဲ့ခြင်း ဖြစ်သည်။
လွန်ခဲ့သော ဆယ်စုနှစ်အတွင်း ပြည်တွင်း အလုပ်အကိုင် ခက်ခဲမှုများပြေလျော့စေရေး အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် ၎င်း၏ ပြည်သူများအား ပြည်ပသို့သွားရောက်အလုပ်အကိုင် ရှာဖွေရန် မြန်မာအစိုးရက တွန်းအားပေးခဲ့ပြီးနောက် မြန်မာလုပ်သားများသည် မလေးရှား၊ တောင်ကိုရီးယား၊ စင်ကာပူနှင့် ဂျပန် စသော အာရှနိုင်ငံများသို့ အရေအတွက် ထောင်နှင့်ချီ၍ ထွက်ခွာခဲ့ကြခြင်း ဖြစ်သည်။
တစ်ချိန်တည်းမှာပင် ပင်လယ်ရပ်ခြား သင်္ဘောလိုင်းများတွင် လုပ်ကိုင်နေသော မြန်မာသင်္ဘောသား အရေအတွက်မှာလည်း ယခုနှစ်များအတွင်း မြင့်တက်လာခဲ့ပြီး တရားဝင်စာရင်းဇယားများအရ မှတ်ပုံတင်ထားသော ပင်လယ်ကူးသင်္ဘောသား အရေအတွက် ၆ သောင်းကျော် ရှိသည်။ ၎င်းတို့အနက် တစ်သောင်းနှစ်ထောင်ကျော်မှာ ပင်လယ်ကူးသင်္ဘောလိုင်းများတွင် လုပ်ကိုင်လျက်ရှိသည်။ ၁၉၉၆ ခုနှစ်က လုပ်ကိုင်သူဦးရေ ကိုးထောင်သာရှိသည့်အတွက် သင်္ဘောသားဦးရေ မြင့်တက်လာသည်ကို တွေ့ရှိရပါသည်။
တစ်ပြိုင်နက်တည်းမှာပင် မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာနနှင့် ထိုင်းအလုပ်သမား ဝန်ကြီးဌာနတို့၏ ၂၀၀၇ ခုနှစ် သဘောတူညီချက်အရ ထိုင်းနိုင်ငံက မြန်မာလုပ်သား တစ်သောင်းခန့်ကို စက်မှုလုပ်ငန်းများ၊ စားသောက်ဆိုင်လုပ်ငန်းများတွင် လာရောက်လုပ်ကိုင်ခြင်းအား လက်ခံရန် ကမ်းလှမ်းခဲ့ပြီးနောက် မြန်မာအာဏာပိုင်များကလည်း ထိုင်းနိုင်ငံနှင့် ဆက်နေသော မြဝတီ၊ ကော့သောင်းနှင့် တာချီလိတ် နယ်စပ်မြို့၃မြို့တွင် ယာယီ နိုင်ငံကူးလက်မှတ် ထုတ်ပေးသော ရုံးများ ဖွင့်လှစ်ပေးခဲ့ပါသည်။
ထိုင်းနိုင်ငံ စာရင်းဇယားများအရ လက်ရှိ ထိုင်းနိုင်ငံတွင် မြန်မာလုပ်သား ငါးသိန်းမှ ခြောက်သိန်း ခန့်အထိ ရှိနေပြီး စုစုပေါင်း အရေအတွက်၏ ၈၀ ရာခိုင်နှုန်းဖြစ်ပါသည်။