Transparency Myanmar

transparency.myanmar@gmail.com

      ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် အမေရိကန်အစိုးရက မြန်မာ စစ်အစိုးရနှင့် တိုက်ရိုက်စေ့စပ် ညှိနှိုင်းမှုများ ပြုလုပ်မည်ဟူသော မူဝါဒသစ်ကို ထောက်ခံပြီး မကြာမီ မြန်မာနိုင်ငံသို့ လာရောက်မည့် အမေရိကန် ထိပ်တန်းသံတမန်နှစ်ဦး၏ ခရီးစဉ်ကိုလည်း  ကောင်းစွာ သိရှိနားလည်ထားကြောင်း သူမ၏ ရှေ့နေက ပြောကြားသည်။

      အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ကတ်ကမ်းဘဲလ်နှင့် အကြီးတန်း အရာရှိ တစ်ဦးတို့သည် နိုဝင်ဘာလ ၂ရက်နေ့နှင့် ၃ ရက်နေ့တို့တွင် မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်မည်ဖြစ်သည်။ ၎င်းတို့နှစ်ဦးသည် ခရီးစဉ်အတွင်း စစ်အစိုးရခေါင်းဆောင်များနှင့် ရော ဒေါ်အောင်ဆန်းစုကြည်နှင့်ပါ တွေ့ဆုံဆွေးနွေးရန် စီစဉ်ထားသည်။ အဆိုပါ ခရီးစဉ်သည် အမေရိကန် အစိုးရ၏  မြန်မာနိုင်ငံအပေါ် ထားရှိသော မူဝါဒသစ်၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး ယခင် သမ္မတဘွတ်ရှ် လက်ထက်က မူဝါဒနှင့် ကွဲလွဲသည်။

      မစ္စတာ ကတ်ကမ်းဘဲလ်သည် ပြီးခဲ့သည့် စက်တင်ဘာလ နယူးယောက်မြို့ တွင် ကျင်းပပြုလုပ်သော ကုလသမဂ္ဂ အထွေထွေညီလာခံအတွင်း မြန်မာစစ် အစိုးရ၏ ထိပ်တန်း အရာရှိကြီးများနှင့် တွေ့ဆုံဆွေးနွေးမှုများကို ယခုနိုဝင်ဘာ ခရီးစဉ်အတွင်း ပြန်လည်စတင်မည်ဖြစ် သည်။ ယခု ကတ်ကမ်းဘဲလ်နှင့် စစ်အစိုးရ ခေါင်းဆောင်များ တွေ့ဆုံမှုသည် ဆယ် စုနှစ် တစ်ခုအတွင်း ပထမဆုံးဖြစ်သည်။

      "အမေရိကန် ထိပ်တန်းသံတမန်တွေ မြန်မာပြည် လာမယ့်ကိစ္စကို ကျွန်တော်တို့ ဒေါ်အောင်ဆန်းစုကြည်ကို အသိ ပေးထားပါတယ်" ဟု ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေ ဦးဥာဏ်ဝင်းက ပြောကြားသည်။" အမေရိကန် သံတမန်တွေ စစ်အစိုးရ အပါအ၀င် အတိုက်အခံ အင်အားစုတွေနဲ့ တွေ့ဆုံဆွေးနွေးတယ် ဆိုတာ ဒေါ်အောင်ဆန်းစုကြည် ဆန္ဒရှိခဲ့တဲ့ကိစ္စပါ" ဟု  ဦးဥာဏ်ဝင်း ကပြောသည်။

      အမေရိကန် အစိုးရ၏ စေ့စပ်ညှိနှိုင်းရေး မူဝါဒကို ထောက်ခံသူများက မြန်မာနိုင်ငံကို အထီးကျန် ဖြစ်အောင်လုပ်ခြင်းသည် အမေရိကန် ပြည်ထောင်စုနှင့် မြန်မာနိုင်ငံသားများ ရင်းနှီး ကျွမ်းဝင်မှုကို မှေးမှိန်စေပြီး တရုတ်နိုင်ငံအတွက် သြဇာလွှမ်းမိုးမှု ပိုမိုရရှိစေရန် ဖန်တီးပေး နေသလို ဖြစ်ကြောင်း သုံးသပ်ပြောကြားသည်။ မစ္စတာ ကတ်ကမ်းဘဲလ်က မြန်မာနိုင်ငံနှင့် စေ့စပ်ညှိနှိုင်းပါက အမေရိကန် ပြည်ထောင်စုအနေဖြင့် မြန်မာစစ်အစိုးရ ခေါင်းဆောင်များ၏ ရည်ရွယ်ချက်များ နှင့် ဆန္ဒသဘောထားများကို ပိုမိုလေ့လာ သိရှိနိုင်မည်ဖြစ်ကြောင်း ပြောကြား သည်။

      နိုင်ငံရေး လေ့လာအကဲခတ်သူများက ယခုကဲ့သို့ စေ့စပ်ညှိနှိုင်းမှုများ ပြုလုပ်ရန် ကြိုးပမ်းခြင်းဖြင့် မြန်မာစစ်အစိုးရ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့်  ဖိနှိပ်မှုတို့ကို မျက်ခြည်မပြတ် စောင့်ကြည့် လေ့လာနိုင်မည်ဖြစ်သည် ဟုသုံးသပ်သည်။ အမေရိကန် အစိုးရက မြန်မာနိုင်ငံကို တင်းကြပ်သော နိုင်ငံရေး နှင့် စီးပွားရေး ပိတ်ဆို့အရေးယူမှုများ ပြုလုပ်သွားမည်ဟု ထုတ်ဖော်ထားသည်။ အမေရိကန်နှင့် အနောက်ကမ္ဘာ နိုင်ငံများက ယင်းသို့ ပိတ်ဆို့ဒဏ်ခတ်မှု များ ပြုလုပ်ရသည့် အကြောင်းမှာ မြန်မာစစ်အစိုးရ၏ လူ့အခွင့်အရေးကို အလေးမထားသော မူဝါဒများနှင့် ၁၉၉၀ပြည့် နှစ်တွင်ကျင်းပခဲ့သော ဒီမိုကရေစီရွေး ကောက်ပွဲ အနိုင်ရရှိခဲ့သော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို အာဏာလွှဲ ပြောင်းပေးခဲ့ခြင်း မရှိသောကြောင့်ဖြစ် သည်။

      ဦးฺာဏ်ဝင်း၏ အဆိုအရ ယခုအခါ ရန်ကုန်အခြေစိုက် အမေရိကန် သံရုံးသည် မြန်မာနိုင်ငံသို့ လာမည့် ၀ါရှင်တန်အစိုးရ၏ အထူးသံတမန်များနှင့် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ခေါင်းဆောင်များ တွေ့ဆုံနိုင်ရန် စီစဉ်လျက်ရှိ ကြောင်းသိရသည်။

အေပီသတင်းဌာန၏ Official says US envoys in Myanmar unlikely to meet military chief ကိုဘာသာပြန်ထားခြင်း ဖြစ်ပါသည် ။



--
Posted By icypress to Sensible Rumour at 11/02/2009 03:40:00 AM

0 comments:

Post a Comment