Transparency Myanmar

transparency.myanmar@gmail.com

By Kari Chongkittavorn, 23 - Nov - 2009 / The Nation

        အာဆီယံ၏ ခေါင်းဆောင်ဟောင်းများဖြစ်သော အင်ဒိုနီးရှား သမ္မတ ဆူဟာတို၊ စင်္ကာပူ ဝန်ကြီးချုပ် လီကွမ်ယူး နှင့် မလေးရှား ဝန်ကြီးချုပ် မဟာသီယာတို့၏ တူညီသော အချက်မှာ ဒေသတွင်း အုပ်စုဖွဲ့မှုကို နှစ်နှစ်ကာကာ ယုံကြည်ခြင်းနှင့် အာဆီယံ၏ အရည်အသွေးနှင့် တန်ဖိုးများကို ကာကွယ်ရန် အဆင်သင့်ရှိခြင်းပင် ဖြစ်ပါသည်။ ၎င်းတို့သည် အာဆီယံမဟုတ်သော နိုင်ငံများ၏ ပြင်းထန်သော ဝေဖန်မှုများကို ခိုင်ခိုင်မာမာ ရပ်တည်၍ ဆန့်ကျင်ခဲ့ကြပါသည်။ အတိုချုပ် ဆိုရလျှင် ပြင်ပမှ တောင်းဆိုမှုများကို အားလုံး၏ သဘောတူညီချက်ကို မယူပဲ လိုက်နာရန် ငြင်းဆန်ခဲ့ ကြပါသည်။

          ပထမဆယ်စုနှစ် သုံးခုအတွင်းတွင် ၎င်းတို့၏ မပြောင်းလဲသော ခေါင်းဆောင်မှုနှင့် ခံယူချက်မှာ ASEAN ကို လူမသိ သူမသိ ဒေသတွင်း အုပ်စုဖွဲ့မှုမှ နိုင်ငံတကာ ပလေယာအဖြစ် အထပ်ထပ် အခါခါ လမ်းညွှန်ခဲ့ကြခြင်းပင် ဖြစ်ပါသည်။ ဥပမာအားဖြင့် (၁၃) နှစ်ကြာ ကမ္ဘောဒီးယား ပဋိပက္ခတွင် အာဆီယံ၏ စိတ်ရှည်မှု၊ အခက်အခဲကြားမှ ဆုံးဖြတ်ချက် ခိုင်ခိုင်မာမာဖြင့် ဆောင်ရွက်ပြနိုင်ခဲ့ခြင်းပင် ဖြစ်ပါသည်။ ၁၉၇၉ မှ ၁၉၉၂ ခုနှစ်များအတွင်း အာဆီယံ သံတမန်များနှင့် ကိုယ်စားလှယ်များသည် ကမ္ဘာအနှံ့သို့ သွားရောက်၍ ကမ္ဘောဒီးယားတွင် ဝင်ရောက်နေသော နိုင်ငံခြားတပ်များ ရုတ်သိမ်းရေးအတွက် ကုလသမဂ္ဂ ဆွေးနွေးမှုများတွင် မဲရရှိရေးနှင့် စုပေါင်းထောက်ခံမှုများ ရရှိရေးအတွက် စည်းရုံးရေး ဆင်းခဲ့ကြပါသည်။

          သူတို့၏ တူညီသောအမြင်မှာ စုစည်း ညီညွတ်သော အာဆီယံဖြစ်မှသာ ပြင်ပမှ ဖိအားပေးမှုများ၊ လွှမ်းမိုးရန် ကြိုးစားမှုများကို တွန်းလှန်နိုင်မည် ဖြစ်သည်ဟု ဖြစ်ပါသည်။ ASEAN စတင် တည်ထောင်စဉ်က ကမ္ဘာလုံးဆိုင်ရာ ပါဝါကစားပွဲတွင် နယ်ရုပ်ကလေးတစ်ရုပ် (Pawn) အဖြစ် ကျယ်ပြန့်လာသော စစ်အေးတိုက်ပွဲ၏ အစိတ်အပိုင်း၌ ပါဝင် အသုံးတော်ခံခဲ့ပါသည်။ အာဆီယံသည် ကိုယ်ပိုင် ခံယူချက်ရှိသည် ဆိုသည်ကို ပြသနိုင်ခဲ့ပါသည်။ ထို့ကြောင့် တခါတရံ ၎င်းတို့၏ အနောက်နိုင်ငံ မဟာမိတ်များနှင့် မိတ်ဆွေများ၏ စိတ်အခန့်မသင့်မှုများကိုလည်း ကြုံတွေ့ရပါသည်။

          ၁၉၉၀ ခုနှစ်များက ခေါင်းမာသော မြန်မာနိုင်ငံ၏ ချဉ်းကပ်မှုအား လက်ခံခဲ့ခြင်းသည် ပြင်ပ ဖိအားပေးမှုကို တွန်းလှန်ခဲ့သော ပြယုဂ်ပင် ဖြစ်ပါသည်။ အနောက်နိုင်ငံများက မြန်မာအစိုးရ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် နိုင်ငံရေးအရ ဖိနှိပ်မှုများကြောင့် အာဆီယံအဖွဲ့ဝင်အဖြစ် လက်မခံရန် ဖိအားပေးခဲ့ကြပါသည်။ ဆူဟာတိုနှင့် မဟာသီယာသည် နိုင်ငံတကာ ဆန့်ကျင်မှုများ ကြားမှ မြန်မာနိုင်ငံကို ထောက်ခံမှု ပေးခဲ့ကြပါသည်။ ထို့နောက် မြန်မာနိုင်ငံသည် ၁၉၉၇ ခုနှစ်တွင် အာဆီယံအဖွဲ့သို့ ဝင်ရောက်ခဲ့ပါသည်။

          အာဆီယံ၏ အရာရာကို ငြင်းဆန်သော နေ့ရက်များမှာ ကုန်ဆုံးသွားခဲ့ပြီ ဖြစ်ပါသည်။ ဒေသတွင်းမှာပင် ထိရောက်သော စကားပြောဆိုမှုများ၊ စကားမပြောပဲ အမူအရာဖြင့် ပြခြင်းစသည့် နည်းလမ်းသစ်များ လျင်မြန်စွာ ထွက်ပေါ်လာနေပြီ ဖြစ်ပါသည်။ ရှင်းရှင်းပြောရလျှင် အာရှ၏ နိုးထလာမှုအပေါ် ခိုစီးပြီး၊ အာဆီယံသည် အကျိုးများစွာ ရရှိပါသည်။ ASEAN အတွင်းတွင်ရော ပြင်ပတွင်ပါ ရုတ်တရက် ပြောင်းလဲမှုများအတွက် အချို့သော အချက်အလက်များက အထောက်အကူ ဖြစ်စေပါသည်။

          ပြီးခဲ့သောနှစ်က အနောက်နိုင်ငံများမှ စတင်ဖြစ်ပွားသော ကမ္ဘာ့စီးပွားရေးနှင့် ငွေကြေး အကျပ်အတည်းသည် အာရှ၏ စီးပွားရေး၏ နေရာကဏ္ဍကို ပြဿနာဖြေရှင်းနိုင်ရေးအတွက် ရှေ့တန်းသို့ တွန်းတင်ပေးခဲ့ပါသည်။ ကမ္ဘာတွင် တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့၏ လွှမ်းမိုးမှု တိုးတက်လာနေမှုသည် အာဆီယံအတွက် နိုင်ငံတကာတွင် နေရာတွင်ကျယ်မှု ပိုမို ခိုင်မာလာခဲ့ပါသည်။ တရုတ်နှင့် အိန္ဒိယသည် အာဆီယံ၏ အဓိက ဆွေးနွေးဖက် နိုင်ငံများ ဖြစ်ကြပါသည်။

          ဒေသတွင်း အုပ်စုဖွဲ့မှုအတွင်းတွင်လည်း ပြီးခဲ့သည့် ဒီဇင်ဘာလက ပြုပြင်ပြောင်းလဲမှုများ ထွက်ပေါ်လာခဲ့ပါသည်။ အာဆီယံသည် ချာတာကို အတည်ပြုပြီး၊ စည်းမျဉ်းကို အခြေခံသော အဖွဲ့အစည်းအဖြစ် အသွင်ပြောင်းခဲ့ပါသည်။ နှစ်အနည်းငယ်အတွင်း ထိရောက်သော အဖွဲ့အစည်း အဖြစ် မြင်တွေ့ရရေးမှာမူ စောင့်ကြည့် အကဲဖြတ်ရမည် ဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် အချို့သော အာဆီယံ အဖွဲ့ဝင်များသည် အသစ်ထွက်ပေါ်လာသည့် လိုက်နာရမည့် အချက်များနှင့် ကတိများကို လိုက်နာကျင့်သုံးခြင်း မရှိသေးသောကြောင့် ဖြစ်ပါသည်။ (၁၆) နှစ်ခန့် အချိန်ဆွဲ၍ ပြင်ဆင်ခဲ့သော Asean Intergovernment Commission for Human Rights ကို ပြီးခဲ့သည့်လက ဖွဲ့စည်းတည်ထောင် နိုင်ခဲ့ပါသည်။ ထိုသို့ ဖွဲ့စည်းနိုင်ခဲ့ခြင်းမှာ အာဆီယံအနေဖြင့် နိုင်ငံတကာစံများ နှင့် အခြေခံများကို တဖြည်းဖြည်း လက်ခံရန် လိုလားသည့် သဘောထားကို ပြသနေပါသည်။

          လွန်ခဲ့သော နှစ်ပတ်က အမေရိကန် သမ္မတနှင့် အာဆီယံ ခေါင်းဆောင်များ စင်္ကာပူတွင် တွေ့ဆုံရာတွင် Obama သည် အနာဂတ် ဒေသတွင်း တည်ဆောက်မှုအသစ်အတွက် ကြိုးပမ်းမှုတွင် အာဆီယံ ဗဟိုပြုရေး အစီအစဉ်ကို အတည်ပြုနိုင်ခဲ့ပါသည်။ အာဆီယံကို အဓိက မောင်းနှင်အားဟု ဝါရှင်တန်က အသိအမှတ်ပြုခြင်းသည် အာဆီယံနိုင်ငံများ အပေါ်တွင်ရော အာဆီယံ ဒေသကြီး တစ်ခုလုံး အပေါ်တွင်လည်းကောင်း၊ အနာဂတ် အမေရိကန်၏ ကဏ္ဍအပေါ်တွင် အပေါင်းလက္ခဏာ ဆောင်သော အကျိုးသက်ရောက်မှုများ ပေးပါသည်။ နောက်ဆုံးရလဒ်အဖြစ် အာဆီယံသည် စိတ်ဆိုး တကြီး တုန့်ပြန် ကာကွယ်တတ်သော အာဆီယံမဟုတ်တော့ပဲ၊ အာဆီယံအသစ်တစ်ခု ထွက်ပေါ်လာခြင်း ဖြစ်ပါသည်။

          ယခုအခါ အမေရိကန်နှင့် အာဆီယံခေါင်းဆောင်များသည် ဒေသတွင်းနှင့် ကမ္ဘာအလယ်တွင် ပူးပေါင်း ဆောင်ရွက်ရေးနှင့် ပူးတွဲ ရပ်တည်ရေးကို စကားပြောနေကြပြီ ဖြစ်ပါသည်။ အဆိုပါ အချက်ကို ကြည့်ခြင်းအားဖြင့် အုပ်စုဖွဲ့မှုသည် တူညီသော စိမ်ခေါ်မှုများကို ဖြေရှင်းရန်အတွက် ဆွေးနွေးဖက်များအတွင်း နီးကပ်စွာ ပူးပေါင်း ဆောင်ရွက်ရန် လိုလားကြောင်း နည်းလမ်းအသစ်ကို ကျင့်သုံးလိမ့်မည်ဟု အကောင်းမြင် ခန့်မှန်းရပါသည်။

          ယခုကဲ့သို့ အာဆီယံအတွင်း အချင်းချင်း ယုံကြည်မှု၊ မိမိကိုယ်ကိုယ် ယုံကြည်မှုများ ဖြစ်ပေါ်လာရေးအတွက် ဆယ်စုနှစ် သုံးခုလောက် ကြာပါသည်။ အာဆီယံသည် ၁၉၇၇ ခုနှစ်တွင် ဆွေးနွေးဖက် နိုင်ငံစနစ် (Dialogue Partner System) ကို စတင်စဉ်က ၎င်း၏ဒေသတွင်း စိတ်ဝင်စားမှုများအတွက် အတ္တကို အခြေခံသော အကြောင်းပြချက်များ ပေးရေးအတွက် သက်သက်ဖြစ်ပါသည်။ အကြောင်းပြချက်များသည် ညှိနှိုင်းနိုင်သည့် ပါဝါ (Bargaining Power) တိုးပွားလာရေး၊ ဈေးကွက်နေရာ ချဲ့ထွင်ရေး၊ နည်းပညာဆိုင်ရာ Know-how များကို ရရှိရန်နှင့် ဘဏ္ဍာရေးဆိုင်ရာ အကူအညီများ ရရှိရေးအတွက် မိမိအတ္တကိုသာ အခြေခံပါသည်။

          ထိုင်းနိုင်ငံတွင် ပြုလုပ်သော ပြီးခဲ့သည့် ထိပ်သီး အစည်းအဝေး နှစ်ခုတွင် အာဆီယံအဖွဲ့ကြီး အနေဖြင့် ပြင်ပ ပလေယာများနှင့် ပိုမို ကောင်းမွန်စွာ ဆက်ဆံခြင်းများ၊ တုန့်ပြန် ဆောင်ရွက်ခြင်းများ ပြုလုပ်နိုင်ခဲ့ပါသည်။ အာဆီယံ ဥက္ကဌ ထိုင်းဝန်ကြီးချုပ် Abhist ကြားခံ ဆောင်ရွက်ပေးမှုအရ အာဆီယံ အဖွဲ့ဝင်များသည် ဂျပန်နှင့် သြစတြေးလျနိုင်ငံများမှ အဆိုပြုချက်များကို နားထောင်ရန် ပိုမို စိတ်အားထက်သန်လာကြပါသည်။ ယခင်ကကဲ့သို့ သံသယအကြည့်များ မရှိတော့ပဲ အာဆီယံသည် ၎င်း၏ နေရာကဏ္ဍ ခိုင်မာလာစေမည့် ချဉ်းကပ်မှု အသစ်များကို လက်ခံတတ်လာပြီ ဖြစ်ပါသည်။ ဒေသတွင်း ပုံဖော်မှုအတွက် တည်ဆောက်ရာတွင်ပင် ကြည့်ပါက အာဆီယံသည် အာဆီယံ +  လုပ်ငန်းစဉ်ကို ပြောင်းလဲရန် အစဉ်တစိုက် ငြင်းဆိုလာမှုကို စွန့်လွှတ်ခဲ့ပြီ ဖြစ်ပါသည်။

          သို့သော် အာဆီယံအဖွဲ့တွင်း ဆက်ဆံရေးတွင် စိုးရိမ်ဖွယ်ရာ လမ်းစများ ရှိလာနေပါသည်။ ထိုင်း - ကမ္ဘောဒီးယား အငြင်းပွားမှုသည် ပုဂ္ဂိုလ်ရေး ကိစ္စများကို အခြေခံ၍ ဖြစ်လာပြီး၊ အာဆီယံ၏ အရေးကြီးသော မူဝါဒဖြစ်သော ဝင်ရောက်မစွက်ဖက်ရေးနှင့် အိမ်နီးချင်းကောင်း ဖြစ်စေရေးများကို ထိပါးလာပါသည်။ အာဆီယံ အထွေထွေ အတွင်းရေးမှူးချုပ် Dr. Surin Pitsuwan က နှစ်ဖက်စလုံးကို အစွမ်းကုန် ငြိမ်းချမ်းစွာ ဖြေရှင်းရန် တောင်းပန်ပြီး ကြားဝင် ကြိုးပမ်းပေး နေသော်လည်း၊ အာဆီယံ အဖွဲ့ဝင် အနည်းငယ်ကသာ အဆင်သင့် ပူးပေါင်း ပါဝင်ကြပါသည်။ Surin တောင်းပန်မှုသည် စည်းမျဉ်းကို အခြေခံသော အဖွဲ့အစည်းအနေဖြင့် အာဆီယံ ဒေသတွင်း အကျိုး ရှိစေသော ဆက်ဆံရေး နည်းလမ်းများ၏ တစိတ်တပိုင်းကို ပြသခြင်းပင် ဖြစ်ပါသည်။

          စင်္ကာပူ နိုင်ငံခြားရေးဝန်ကြီး George Yeo က Dr. Surin ထံ ထောက်ခံကြောင်း စာရေးသား ပေးပို့ချိန်တွင် ဗီယက်နမ် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး Pham Gia Khien က ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး Hor Namhong ထံ အေးအေးဆေးဆေး ဖြေရှင်းရန် တိုက်တွန်းခဲ့ ပါသည်။

          အာဆီယံသည် အဖွဲ့ဝင်နိုင်ငံများကြား ဖြစ်ပွားသော ပြဿနာများကို ဖြေရှင်းရာတွင် အားနည်းချက် ရှိပါသည်။ အာဆီယံနိုင်ငံများ ချုပ်ဆိုထားသော Treaty of Amity and Cooperation တွင် အဆိုပါပြဿနာများကို ဖြေရှင်းရန် ကောင်စီ (High Council) ရှိပါသည်။ သို့သော် မည်သူကမျှ အသုံးမချခဲ့ကြပါ။ ၎င်းတို့သည် နိုင်ငံတကာခုံရုံးကို ပို၍ အသုံးပြုကြပါသည်။ ကံကောင်း ထောက်မစွာပင် ပြီးခဲ့သော (၄၂) နှစ် အတွင်း အာဆီယံ အဖွဲ့ဝင်များ အချင်းချင်းကြားတွင် စစ်မက် ဖြစ်ပွားခြင်း မရှိခဲ့ပါ။ ယခုအချိန်အထိ ထိုင်းနိုင်ငံရော ကမ္ဘောဒီးယားကပါ မိမိမှားကြောင်း ဝန်ခံမှုများ မရှိသေးပါ။ စင်္ကာပူတွင် ထိုင်းဝန်ကြီးချုပ် Abhisit ရော၊ ကမ္ဘောဒီးယား ဝန်ကြီးချုပ် ယွန်ဆန်ကပါ အင်ဒိုနီးရှား သမ္မတ Susilo Bambang Yudhoyono ကို အခြေအနေကို ရှင်းပြခဲ့ကြပါသည်။ ထို့ကြောင့် Yudhoyono သည် နိုင်ငံခြားရေးဝန်ကြီး Marty Natalegawa ကို တိုးတက်မှု အခြေအနေများကို မျက်ခြေမပြတ် စောင့်ကြည့်ရန် တာဝန်ပေးထားပြီး၊ အင်ဒိုနီးရှားအနေဖြင့် အာဆီယံကိုယ်စား ဝင်ရောက်ဆောင်ရွက်နိုင်ရန် မျှော်လင့်နေပါသည်။ အကယ်၍ ယခု ထိုင်း - ကမ္ဘောဒီးယား ပြဿနာမှာ လူမျိုးရေး သွေးဆူနေပြီး၊ စောင့်ကြည့်၍ ဖြေရှင်းခြင်း မပြုနိုင်ခဲ့လျှင် လက်နက်ကိုင် တိုက်ပွဲများ ဖြစ်လာနိုင်ပြီး၊ ယခုကဲ့သို့ အရေးကြီးသော အခြေအနေတွင် အာဆီယံ၏ ထင်မြင်ယူဆချက်များကို အများကြီး ထိခိုက်ပါသည်။

          မကြာတော့သည့် အနာဂတ်တွင် ၎င်းတို့၏ ဆွေးနွေးဖက်နိုင်ငံများသို့ (Dialogue Partners) များကို ဌာနချုပ်များအား အမြဲတမ်း ရုံးအဖွဲ့များမှတဆင့် တိုးချဲ့ဆက်ဆံခြင်းများသည် အရေးကြီးပြီး အသုံးဝင်ကြောင်း ပြသနိုင်ပေလိမ့်မည်။ တရုတ်နှင့် အမေရိကန်သည် လာမည့်နှစ်တွင် အာဆီယံ၌ အမြဲတမ်း ရုံးဖွင့်ရန် ဆုံးဖြတ်ပြီး ဖြစ်ပါသည်။ ဂျပန်၊ တောင်ကိုရီးယား၊ သြစတြေးလျ၊ အိန္ဒိယ၊ နယူးဇီလန်နှင့် ဥရောပသမဂ္ဂတို့က မကြာခင်လိုက်၍ ဖွင့်ကြပါလိမ့်မည် ဖြစ်ပါသည်။ အခြား (၂၄) နိုင်ငံ ကလည်း ၎င်းတို့၏ သံအမတ်များကို အာဆီယံ၌ အသိအမှတ်ပြုပြီးဖြစ်ရာ၊ အမြဲတမ်းရုံးများ ဖွင့်လှစ်လာရန်သာ ကျန်ပါတော့သည်။


--~--~---------~--~----~------------~-------~--~----~
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/   upon their request.

-~----------~----~----~----~------~----~------~--~---

0 comments:

Post a Comment