umpo.org,1 Dec 2009
မြန်မာနိုင်ငံရေး လေ့လာသူ သန့်မြင့်ဦးနှင့် တွေ့ဆုံ စကားပြောခဲ့စဉ် ဒတ်ခ်ျ နိုင်ငံခြားရေးဝန်ကြီး Maxime Verhagen က မြန်မာနိုင်ငံအတွင်း ဒီမိုကရေစီ ထွန်းကားရေး ချို့တဲ့မှု၊ ဖိနှိပ် ချုပ်ချယ်ခံနေရသော လူ့အခွင့်အရေး အနေအထား၊ နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်အပေါ် ပြုမူ ဆက်ဆံမှု၊ အထူးသဖြင့် သူမ၏ အကျယ်ချုပ် သက်တမ်းကို တိုးမြှင့်ခြင်းနှင့် လူမျိုးစု တပ်ဖွဲ့များကို စစ်ရေးအရ တိုက်ခိုက်မှု စသော ကိစ္စများနှင့် ပတ်သက်၍ စိုးရိမ် ပူပန်ကြောင်း အလေးအနက် ဖော်ပြခဲ့ပါသည်။
မြန်မာနိုင်ငံတွင်းရှိ တိုးတက် ပြောင်းလဲမှုများကို နိုင်ငံတကာ အသိုင်းအဝိုင်းက ပိုမို ထိရောက်စွာ လွမ်းမိုးနိုင်မည့် နည်းလမ်းများနှင့် ပတ်သက်၍ အကြံဥာဏ်များ ဆွေးနွေး ဖလှယ်ရန် Verhagen နှင့် သန့်မြင့်ဦးတို့ တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။ မြန်မာနိုင်ငံရေး လေ့လာသူ သမိုင်းပညာရှင် သန့်မြင့်ဦးသည် ယခင် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်၏ မြေး ဖြစ်ပါသည်။ မြန်မာနိုင်ငံနှင့် ပီပီပြင်ပြင် တွေ့ဆုံ ဆွေးနွေး ညှိနှိုင်းခြင်းဖြင့် အစဆွဲမိနေပြီ ဖြစ်သော ဒီမိုကရေစီ တိုးတက်မှု လမ်းစကို မြှင့်တင် ဆောင်ရွက်နိုင်လိမ့်မည်ဟု ၎င်းက ယုံကြည်ထားပါသည်။
နှစ်ပေါင်း အတန်ကြာ အရေးယူ ပိတ်ဆို့မှုများသည် မည်သည့်ရလဒ်မှ မရသည့်အဆုံး နယ်သာလန်သည်လည်း အခြားနိုင်ငံများ နည်းတူ မြန်မာနိုင်ငံတွင် အပေါင်းလက္ခဏာ ဆောင်သော တိုးတက်မှုများ ရရှိနိုင်မည့် နည်းလမ်းများကို ရှာဖွေနေပါသည်။ ၂၀၁၀ ရွေးကောက်ပွဲအတွက် ကြိုတင် ပြင်ဆင်သည့် ကာလတွင် ပိုမို ပွင့်လင်းသော အခြေအနေကို ဖန်တီးပေးရန်နှင့် ဒီမိုကရေစီဆိုင်ရာ ပြောင်းလဲမှုများကို အားပေးရန် မျှော်လင့်ချက်ဖြင့် မြန်မာ အာဏာပိုင်များနှင့် တိုက်ရိုက် ဆွေးနွေးမှုများ စတင်မည့် ရည်ရွယ်ချက်ကို အမေရိကန် အစိုးရသစ်က မကြာသေးမီက ထုတ်ပြန် ကြေညာခဲ့ပါသည်။
အထက်ပါ လမ်းကြောင်းအတိုင်း ပါဝင်ဆောင်ရွက်ရေးနှင့် ပတ်သက်ပြီး ဥရောပ သမဂ္ဂတွင် လည်း ဆွေးနွေးမှုများ ပြုလုပ်နေပါသည်။ ယခင် ချမှတ်ထားသော အရေးယူ ပိတ်ဆို့မှုများကို ဆက်လက် ထားရှိဦးမည် ဖြစ်၍ မြန်မာအစိုးရက မှန်ကန်သော လမ်းကြောင်းအတိုင်း လုပ်ကိုင် ဆောင်ရွက်မှသာလျှင် အရေးယူမှုများကို ဖြေလျော့ပေးမည် ဖြစ်ပါသည်။
--Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.