အတိုက်အခံခေါင်းဆောင်ဦးဝင်းတင်နဲ့ မေးခွန်းများ
မိုးမခ
ဧပြီ ၁၃၊ ၂၀၁၀
လူမှုရေးနဲ့ နိုင်ငံရေးလှုပ်ရှားမှု အတိုင်းအတာ
အင်န်အယ်ဒီရဲ့ ဗဟိုပါတီကော်မီတီဝင်၊ အတိုက်အခံခေါင်းဆောင်၊ အနှစ် ၂၀ နိုင်ငံရေးအကျဉ်းသား၊ (ခုချိန်ထိ နိုင်ငံရေးအကျဉ်းသားတဦးလို နေထိုင်နေဆဲမို့ - အကျဉ်းသားဟောင်းလို့ မဆိုချင်)၊ သက်ကြီးဝါရင့် စာနယ်ဇင်းသမား ဦးဝင်းတင်နဲ့ မေးခွန်းတွေ ဆက်မေးဖြစ်တဲ့အထဲက ခုချိန်မှာ ရေပန်းစားတဲ့ မေးခွန်းတခုကို မေးဖြစ်ခဲ့ပါသေးတယ်။ အင်န်အယ်ဒီက နိုင်ငံရေးဆက်လုပ်မှာလား။ ဒါမှမဟုတ် လူမှုရေးလုပ်တဲ့ အဖွဲအစည်းအဖြစ်ကို "ဦးလှည့်" သွားတော့မှာလား ဆိုတဲ့ မေးခွန်းပါ။ ဆရာဦးဝင်းတင်က အခုလို ပြန်ပြောပြပါတယ်။
"ဒီနေရာမှာ ပြန်ပြီး ရှင်းပြချင်တဲ့အချက်က၊ မီဒီယာတွေမှာလည်း ပြောပြီးပါပြီ။ မတ်လ ၂၉ အင်န်အယ်ဒီပါတီရဲ့ ဆုံးဖြတ်ချက်က ဘာအဓိပ္ပါယ်လဲ ဆိုတဲ့အချက်။ ကျနော်က ဘာပြောခဲ့သလဲဆိုတော့ - ကျနော်တို့က အခုဒီလိုဆုံးဖြတ်လိုက်ကြတာလဲဆိုတော့ နိုင်ငံရေးမှာ ခေါင်းပြတ်မခံနိုင်လို့ ဆိုတာ ဖြစ်တယ်။ ခြေပြတ်၊ လက်ပြတ်တာကို ခံနိုင်မယ်။ ခေါင်းပြတ်သွားတာကို မခံနိုင်ဘူး။ ခြေပြတ် လက်ပြတ်ရင်တောင်မှ အစားထိုးပြီး ရှင်သန်လို့ရတယ်။ ခေါင်းပြတ်သွားရင် ခြေလက်တွေ ကောင်းနေသည့်တိုင် ဘာမှ အသုံးမ၀င်တော့ဘူး။ ဒါကြောင့် မတ် ၂၉ ဆုံးဖြတ်ချက်ဆိုတာ အင်န်အယ်ဒီသည် နိုင်ငံရေးဆက်လုပ်မယ့် ဆုံးဖြတ်ချက်၊ ခေါင်း အပြတ်မခံနိုင်ဘူးဆိုတဲ့ အဓိပ္ပါယ်ဖြစ်တယ် ဆိုတာကို ထင်ရှားစေချင်တယ်။ နားလည်ကြစေချင်ပါတယ်။"
အဲသည်မှာ ဆရာ့ကို ထပ်ပြီး မေးခွန်းထပ်ထုတ်တာက - ပါတီတွင်းမှာ အချို့က ပါတီ မရှိတော့ရင်၊ ပါတီအဖြစ် ဆက်လက် မရပ်တည်နိုင်တော့ရင် ဆိုတဲ့ အချက်တွေပေါ်မှာ အခြေခံပြီးတော့ အင်န်အယ်ဒီပါတီက အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတခုလို၊ အင်န်ဂျီအိုတွေလိုမျိုး ရပ်တည်လာမယ် အစရှိသဖြင့် ထင်မြင် ယူဆ မှန်းချက်ထုတ် ပြောဆိုကြတဲ့ အချက်ကို ရှင်းလင်းပေးနိုင်ရန် မေးခွန်းမေးတာ ဖြစ်ပါတယ်။
"ဒီနေရာမှာ ပြောချင်တာက ကျနော်တို့တတွေဟာ နိုင်ငံရေးမပါဘဲနဲ့ လူမှုရေးတွေချည်းပဲ လုပ်နေလို့ မရဘူး ဆိုတာ ဖြစ်ပါတယ်။ လူမှုရေးဆိုတာကလည်း လူထုနှင့် တသားတည်း ရင်းနှီး ထဲဝင်ဖို့ အလွှာတခုအနေနဲ့ ရှိနေရမယ်။ ရှိနေတယ်။ ဒါ့ထက်မကတဲ့ နိုင်ငံရေးလုပ်ငန်းဆောင်တာတွေကို ဆက်လုပ်ဆောင်သွားရမှာ ဖြစ်တယ်လို့ ပြောချင်ပါတယ်။ ခုနင်က ပြောခဲ့သလို (ယခင်အင်တာဗျူးဆောင်းပါး - ဒီ/ချုပ်၊ ဒီ/လှုပ် ဆောင်းပါး) အင်န်အယ်ဒီရဲ့ ဂွင် လေး ဂွင်၊ ဒေါက်လေးဒေါက်မှာ ပြည်သူလူထု ဆိုတာက တခု ပါပြီး ဖြစ်နေတယ်။
ပါတီတွင်း တည်ဆောက်ရန်၊ မဟာမိတ်များနှင့် လက်တွဲရန်၊ နိုင်ငံတကာမှာ အားလုံးနှင့် ဆက်သွယ်ရန်၊ ပြည်သူလူထုနှင့် အတူတကွ ရှိရန် ဆိုတဲ့ အတွက် လူထုကို မျက်နှာမူတဲ့ နိုင်ငံရေးလုပ်ကြမယ်။ အဲသည်မှာ အလုပ်သမားအရေး၊ လယ်သမားအရေး၊ HIV လူနာတွေ၊ ကလေးစစ်သား၊ ရဟန်းသံဃာအရေး စတာတွေ အကုန်လုံး ပါဝင်လာမှာပဲ။ ဒါတွေကိုလည်း ခပ်ခွာခွာမနေဘဲနဲ့ ပါဝင် လက်တွဲ ဆောင်ရွက်တာတွေ လုပ်ရမှာ ဖြစ်ပါတယ်။ အဲသည်လိုမျိုး နားလည်ကြစေချင်တယ်။ နောက်ပြီးတော့ ဒီအလုပ်တွေဟာ အင်န်အယ်ဒီရဲ့အလုပ်၊ အစကတည်းက လုပ်နေတဲ့၊ လုပ်နေရမယ့်အလုပ်တွေ ဖြစ်လို့ ဒါတွေဟာ အကြမ်းဖက်တဲ့အလုပ် မဟုတ်ပါ။ ပြီးတော့ ယူဂျီအလုပ်လည်း မဟုတ်ပါဘူး ဆိုတာကိုလည်း ထပ်ပြောချင်တယ် …"
လို့ ဆရာက ပြန်လည် ဖြေကြားပါတယ်။
လူမှုရေးနဲ့ နိုင်ငံရေးအကြောင်းကို အဓိကထားတဲ့ စကားပြောဝိုင်းဖြစ်နေတော့ မိုးမခကနေပြီးတော့ ဆရာ့ကို တင်ပြမိကြတာက ပြည်ပက၊ အမေရိကန်ပြည်ထောင်စုရောက် မြန်မာမိသားစုတွေရဲ့ မြို့နယ်အလိုက် စုစည်းပြီး ဆောင်ရွက်လာတဲ့ ပြည်သူ့ဂုဏ်ရည်လို့ အမည်ပေးထားတဲ့ စေတနာဝန်ထမ်းလူမှုလုပ်ငန်း စွမ်းဆောင်သူတွေကို ဂုဏ်ပြုရန် စီစဉ်နေတဲ့ အကြောင်း ဖြစ်ပါတယ်။ ဆရာဦးဝင်းတင်ကလည်း မျက်မှောက်ခေတ်ကို မျက်ခြေပြတ်မခံသူပီပီ အဲသည် ပြည်သူ့ဂုဏ်ရည်အစီအစဉ်အကြောင်း ကြားပြီးပြီ ဖြစ်တဲ့အကြောင်း၊ သဘောကျ အားပေး ထောက်ခံပါကြောင်း မှတ်ချက်ပေးသွားပါတယ်။
"အဲသည်မှာ လူမှုရေးလုပ်တဲ့နေရာမှာ သတ္တိရှိရှိနဲ့၊ ရဲရဲဝံ့ဝံ့နဲ့ စွန့်စားပြီး၊ စွန့်လွှတ်ပြီးတော့ အနစ်နာခံပြီး လုပ်ကြရတာကို ပြောချင်ပါတယ်။ အဲသည်လို လုပ်ကြတဲ့သူတွေ ရှိလာ များလာတဲ့အခါမှာ ပြည်သူတွေက အားတက်လာတယ်။ အားရှိလာတယ်။ ဥပမာဆိုရင် - ကိုဇာဂနာလိုမျိုး ဆောင်ရွက်သွားတာမျိုးတွေကို ကျနော်တို့က အသိအမှတ်ပြုရမယ်။"
လို့ ဆရာက သူ့အမြင်ကို ပြောပါတယ်။
ဆရာ့ကို ဆက်ပြောဖြစ်ပြန်တာက အဲသည်ပြည်သူ့ဂုဏ်ရည်ဆုပေးဖို့ မြန်မာအမျိုးသားအချင်းချင်း ကြိုးစားဆောင်ရွက်ကြတဲ့နေရာမယ် ဂုဏ်ပြုရန်အမည်စာရင်း တင်သွင်းခံရသူ ၂၄ ဦး ရရှိတယ်လို့ ဆိုတဲ့အကြောင်း၊ အဲသည်ထဲမှာ ကိုဇာဂနာအပါအ၀င် ကိုကျော်သူတို့လို အနုပညာသမားတွေအပြင် နိုင်ငံရေးနဲ့ အင်န်အယ်ဒီနယ်ပယ်ထဲက မဖြူဖြူသင်း၊ ဦးမြင့်အေး၊ ဦးအေးမြင့်၊ ဦးအောင်သိန်း စတဲ့ရှေ့နေအစုအဖွဲ့တွေ ပါဝင်လာကြသလို လူမှုရေးအသင်းကြီးတွေ၊ ဘာသာရေးအဖွဲ့တွေ၊ ဆရာတော်တွေရဲ့ အမည်တွေ ပါဝင်လာတဲ့အကြောင်း တွေ့ရသည်များကို တင်ပြမိပါသေးတယ်။ ဆရာကလည်း သူနေထိုင်မကောင်းစဉ်က မိတ်ဆွေများက ပေးပို့ကူညီကြတဲ့ ငွေကြေးတွေကို ခွဲဝေပြီးတော့ အဲသည်က လူမှုလုပ်ငန်း စေတနာ့ဝန်ထမ်းစွမ်းဆောင်သူတွေထံ ပေးပို့ လှူဒါန်းတဲ့အကြောင်း၊ မိမိနဲ့ ဘ၀တူ နိုင်ငံရေးအကျဉ်းသားတွေ၊ မိသားစုတွေကို ကူညီအားပေးရန် သုံးစွဲတဲ့အကြောင်းတွေ ၀မ်းသာရအောင် ပြန်ပြောင်း ပြောပြပါတယ်။
"ခုနင်ကလို ဖြူဖြူသင်းတို့ စောင့်ရှောက်နေတဲ့ လူနာတွေရဲ့ လုပ်ငန်းတွေက မနည်းဘူးပဲ။ အများကြီး။ အစက ကိုယ်က အဲသလောက်လို့တောင် မထင်မိဘူး။ နောက်ကျတော့မှ သိလာရတာလေ။ လူတွေက ဘယ်လောက် အားကိုးတကြီး ဖြစ်ကြသလဲဆိုတာ သိသာပါတယ်။ ဥပဒေအထောက်အကူအဖွဲ့တွေ ဆိုတာလည်း အရေးပါတယ်ဆိုတာ တွေ့ရပါတယ်။ လူတွေက ဥပဒေကြောင်းအရ ကူရာမဲ့၊ ကယ်ရာမဲ့ ဖြစ်နေရတာတွေ အများကြီး ရှိတယ်။ ဒါတွေကို သူတို့တတွေ လုပ်နိုင်ကြဖို့ လိုအပ်ပါတယ်။ နာရေး၊ ကျန်းမာရေး၊ ပညာရေးတွေမှာ လိုအပ်နေတာတွေ ရှိပါတယ်။"
အဲသည်မှာ မေးဖြစ်တဲ့ မေးခွန်းကတော့ အင်န်အယ်ဒီကသာ ဒီနေရာတွေမှာ အင်န်ဂျီအိုတွေလိုသာ ၀င်ရောက်လုပ်ကိုင်လာမယ်သာဆိုရင် ဘယ်လိုမျိုး တုန့်ပြန်ချက်တွေ ရလာနိုင်သလဲ ဆိုတဲ့ မေးခွန်းဖြစ်ပါတယ်။ အဲသည်မှာ ဆရာဦးဝင်းတင်ရဲ့ ပြောပြချက်အရ အင်န်အယ်ဒီကသာ အဲသည်လိုရပ်တည်မယ်သာဆိုရင် ဘယ်လိုမျိုး အကူအညီတွေ၊ အထောက်အပံ့တွေ ပေးရမလဲလို့ ကမ်းလှမ်းလာကြတာတွေ ရှိတဲ့အကြောင်း၊ ဆရာအနေနဲ့ကတော့ ဒါမျိုးတွေကို စိတ်မ၀င်စားတဲ့အကြောင်း၊ မိမိတို့မူလ ရပ်တည်ချက်များ၊ ဆောင်ရွက်စရာများကို ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ဖြေကြားသွားပါတယ်။
ဆရာဦးဝင်းတင်ရဲ့ သဘောထားများအရ နိုင်ငံရေးလုပ်ငန်းများကို ဆက်လက် ဆောင်ရွက်ဖို့ ဒီ/ချုပ်နဲ့ ဒီ/လှုပ်တွေမှာ ခိုင်မာညီညွတ်တဲ့ ရပ်တည်ချက်တွေ ရှိတယ် ဆိုတဲ့အတွက် မေးမိတဲ့ မေးခွန်းနောက်တခုကတော့ မြန်မာပြည်မှာ ပါတီတွေ၊ ခေါင်းစဉ်တွေ မရှိဘဲနဲ့ ရပ်တည်ခဲ့တဲ့ နိုင်ငံရေးလှုပ်ရှားမှုတခုကို ကောက်နုတ်ပြဖို့ဖြစ်ပါတယ်။
"၁၉၅၀ ခုနှစ်တွေတုန်းက ဆရာကြီးသခင်ကိုယ်တော်မှိုင်းကို ၀န်းရံပြီး လှုပ်ရှားခဲ့တဲ့ ပြည်တွင်းငြိမ်းချမ်းရေးလှုပ်ရှားမှုကြီးကို သာဓကပြချင်ပါတယ်။ အဲသည်မှာ ဆရာကြီးသခင်ကိုယ်တော်မှိုင်းကို မဏ္ဍိုင်ပြုပြီး နိုင်ငံရေးသမားတွေ၊ စာပေအနုပညာရှင်တွေ၊ လူငယ်တွေ၊ တသီးပုဂ္ဂလတွေ၊ အလုပ်သမား၊ လယ်သမား လူတန်းစားအလွှာစုံက ပြည်တွင်းငြိမ်းချမ်းရေးအတွက် ၀ိုင်းရံဆောင်ရွက်ကြတာတွေကို တွေ့နိုင်ပါတယ်။ အဲသည်မှာ ပါတီတွေ၊ ခေါင်းစဉ်တွေ၊ ရာထူးတွေ ဆိုတာမျိုး အကန့်အသတ်တွေ မရှိကြဘူး။ အားလုံးမှာ လုပ်စရာ အလုပ်တွေပဲ ရှိတယ်။ ခုချိန်မှာလည်း အဲသည်လိုမျိုး အားလုံးဝိုင်းရံကြရမယ့် မဏ္ဍိုင်ကို အားလုံးက ၀ိုင်းရံပြီး လုပ်ကြရမယ့် သဘောမျိုးလို့ ပြောချင်ပါတယ်။"
ဒီစကားဝိုင်းမှာ ပြောမိကြတဲ့ ခေါင်းစဉ်ဖြစ်တဲ့ လူမှုရေးနဲ့ နိုင်ငံရေး လှုပ်ရှားမှုနဲ့ အတိုင်းအတာများအကြောင်းကတော့ ဒီလောက်ပါပဲ။ မေးစရာ ကျန်သေးတဲ့ မေးခွန်းတွေနဲ့ စီစဉ်နိုင်သေးရင် စီစဉ်တင်ဆက်ပါဦးမယ်။
/ချုပ်ရဲ့ ဒီ/လှုပ်တွေရဲ့ လူထုကို မျက်နှာမူတဲ့ နိုင်ငံရေး
မတ်လ ၂၉ ရက် အင်န်အယ်ဒီပါတီက ၂၀၁၀ ရွေးကောက်ပွဲဥပဒေအလိုအတိုင်း ပါတီကို ထပ်ပြီး မှတ်ပုံတင်နေစရာမလိုဘူးလို့ ဆုံးဖြတ်တယ်။ အဲသည်တော့ ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရပါတီ အင်န်အယ်ဒီက စစ်အစိုးရ ထပ်မံကျင်းပဦးမှာ ဖြစ်တဲ့ ၂၀၁၀ ရွေးကောက်ပွဲကို ငြင်းပယ်လိုက်တာ ဖြစ်ပါတယ်။
အဲသည်နောက်မှာ မိုးမခမှာ မောင်ရစ်က မြန်မာပြည်သူတွေရဲ့ ခေါင်းဆောင်၊ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပါတီရဲ့ သဘောထားဟာ တထပ်တည်းကျတယ်။ လူထုရဲ့ သဘောထားကို ထင်ဟပ်တယ်။ အဲသည် မတ် ၂၉ ဆုံးဖြတ်ချက်ဟာ ဦးဝင်းတင်ပြောသလို မြန်မာပြည်ဒီမိုကရေစီရေးအတွက် အောင်ပွဲတခုဖြစ်တယ်လို့ ဆိုတာကို ကောက်နုတ်တယ်။ ပြီးတော့ ဒေါ်စု၊ ပါတီ၊ ပါတီဝင်နဲ့ ပြည်သူတွေရဲ့ အများစုဆန္ဒကို ကြားထဲကနေပြီး ၀င်နှောက်နေစရာ၊ သံသယသွေးထိုးစကားတွေ ပြောနေစရာမလိုဘူး ဆိုပြီး ဆောင်းပါးက ရေးထားပါသေးတယ်။
နောက် မိုးမခမှာပဲ နောက်ဆောင်းပါးတခုမှာ (မိုက်ခဲစိန်) က အင်န်အယ်ဒီပါတီရဲ့ ပြည်သူလူထုထံ ပြန်ကြားချက် ( အနှစ် ၂၀ လုံးလုံး ဒီမိုကရေစီရေးကို စွန့်လွှတ်အနစ်နာခံပြီး ဆောင်ရွက်ခဲ့ကြတဲ့ အင်န်အယ်ဒီပါတီဟာ ပြည်သူလူထုကို တောင်းပန်ပါတယ် ဆိုတဲ့စာ) ကို ပြန်ပြီး သုံးသပ်ပြရာမှာ အင်န်အယ်ဒီပါတီဟာ စစ်အစိုးရကမ်းလှမ်းခဲ့တဲ့ ၁၉၉၀ ရွေးကောက်ပွဲလမ်းကြောင်းကို လက်ခံပြီး စစ်အစိုးရရဲ့ စကားအတိုင်း ရွေးကောက်ပွဲဝင်ခဲ့တယ်၊ အနိုင်ရတဲ့နောက်ပိုင်းမှာလည်း စစ်အစိုးရနဲ့ တွေ့ဆုံဆွေးနွေး အဖြေရှာဖို့ အမြဲကြိုးစားတယ်။ အနှစ် ၂၀ လုံးလုံး မှာ စစ်အစိုးရချပေးတဲ့ ရွေးကောက်ပွဲလမ်းကြောင်းဟာ မအောင်မြင်တဲ့ လမ်းကြောင်း၊ ဆုံးရှုံးနစ်နာမှုနဲ့ ထိခိုက်ပျက်စီးစေတဲ့ ငရဲလမ်းကြောင်းပဲ ဖြစ်တယ်ဆိုတာကို အင်န်အယ်ဒီက မီးမောင်းထိုးပြပြီးတော့ သတ္တိရှိရှိနဲ့ စစ်အစိုးရရဲ့ ငရဲလမ်းကြောင်းကနေ လမ်းခွဲလိုက်တာဖြစ်လို့ တောင်းပန်နေစရာမလိုပါလို့ ဆိုထားခဲ့ပါတယ်။
အဲသည်အချိန်ကာလ မတ် ၂၉ ကနေ ယခု ဧပြီ ၁၀ ရက်အတွင်း ၁ ပတ်ကျော်ကာလအတွင်းမှာ အင်န်အယ်ဒီပါတီရဲ့ ခြေလှမ်းအပေါ်မှာ အမျိုးမျိုးသော တုန့်ပြန်ချက်တွေ၊ ဝေဖန်မှုတွေ၊ အာဘော်တွေ မျိုးစုံ တွေ့ရ ကြုံရ ကြားရပါတယ်။ အဓိကကတော့ အင်န်အယ်ဒီဟာ စစ်အစိုးရ ဖြစ်စေချင်သလို ကိုယ့်တပ်ကို ကိုယ် ဖျက်သိမ်းလိုက်တယ် ဆိုတဲ့ အသံတချို့လည်း ပါဝင်ပါတယ်။
ဖြစ်ချင်တော့ တိုက်တိုက်ဆိုင်ဆိုင် အင်န်အယ်ဒီက ပါတီခေါင်းဆောင်အချို့ကနေပြီးတော့ ပါတီကို စနစ်တကျဖျက်သိမ်းနိုင်ရေးအတွက် ဦးတင်ဦးဦးဆောင်ပြီး စီမံခန့်ခွဲရေး အထူးကော်မီတီဖွဲ့လိုက်တယ်လို့ ထုတ်ပြန်လာပါတယ်။ အတိုက်အခံခေါင်းဆောင်ဦးတင်ဦးကလည်း ပါတီပိုင် ပစ္စည်းတွေ၊ စာရင်းတွေကို စနစ်တကျဖြစ်အောင် ပြင်ဆင်တယ်လို့ ဆိုလိုက်ပါတယ်။ အဲသည်မှာ ပါတီကို ဖျက်သိမ်းဖို့ ပြင်ဆင်တာမဟုတ်၊ ပါတီက ဆက်လက်မှတ်ပုံတင်မှာ မဟုတ်လို့ ပြေပြေလည်လည်ဖြစ်အောင် ဆိုပြီး ပြင်ဆင်တာလို့ ပြောထားတော့ အဲသည်ကိစ္စဟာ တဖက်က ထောက်ပြစရာ၊ အင်န်အယ်ဒီရဲ့ တည်ရှိမှုကို မေးခွန်းထုတ်စရာ ဖြစ်လာပါတော့တယ်။
အဲသည်အတွက် ပါတီရဲ့ ခေါင်းဆောင်များထဲက လွတ်လပ်ပွင့်လင်းစွာ ပြောဆိုလေ့ရှိသူ ဦးဝင်းတင်အတွက် မေးခွန်းတွေကို မေးမြန်းပြီး အဖြေရှာကြရန် ကြိုတင်ပြင်ဆင်ကြပါတယ်။ ပါတီက မေလ ၆ ရက်တောင် မရောက်သေးခင်မှာ အစောကြီးကတည်းက ကြိုပြီးတော့ ပစ္စည်းစာရင်းတွေ လုပ်နေရပြီလား။ ဘာလဲ၊ ဘယ်လဲ ဆိုတဲ့ မေးခွန်းပါ။ ပါတီဟာ ၁၉၉၀ မတိုင်ခင် ၁၉၈၈ စက်တင်ဘာ ၂၇ မှာကတည်းက မှတ်ပုံတင်ထားတဲ့ ပါတီဖြစ်တယ်။ ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရထားတဲ့ အတိုက်အခံပါတီကြီးတခုလည်း ဖြစ်နေတယ်။ ၂၀၁၀ ရွေးကောက်ပွဲဥပဒေက တောင်းဆိုနေတဲ့အတိုင်း မှတ်ပုံ ထပ်မံတင်နေစရာမလိုဘူးလို့ သဘောထား ထုတ်ပြန်ထားတာမျှသာ ဖြစ်ပါတယ်။ ဥပဒေစကားအရ ကပ်ပြီး ပြောကြကြေးဟေ့ ဆိုရင် မှတ်ပုံထပ်တင်စရာ မလိုလို့ ပြောရုံနဲ့ တင်ပြီးသား မှတ်ပုံတင်ကို ပြန်အပ်လိုက်ပြီ၊ ရုတ်သိမ်းလိုက်ပြီ ဆိုတာမျိုး ပြောဆိုတာမျိုးလည်း မသက်ရောက်ပါ။ ဒါတွေက ဘာသဘောလဲ။ ပါတီဝင်တွေနဲ့ ပြည်သူတွေက ဘယ်လို နားလည်မှာလဲ ဆိုတဲ့ မေးခွန်းပါ။
ဆရာကို မေးခွန်းမေးဖို့ တွေ့ဆုံရန် ကြိုးစားနေစဉ်ကာလမှာပဲ မိုးမခရဲ့ အတည်မပြုနိုင်တဲ့ သတင်းအရ အဲသည် စီမံခန့်ခွဲရေးကော်မီတီကို စေခိုင်းသူက ပါတီဥက္ကဋ္ဌ ဦးအောင်ရွှေ ဖြစ်တဲ့အကြောင်း၊ ပစ္စည်းစာရင်းလုပ်ဖို့ သိမ်းကြ ဆည်းကြဖို့အတွက် ဦးတင်ဦးနဲ့ အဖွဲ့တဖွဲ့ ထူထောင်ပြီး လုပ်တာကို ဒေါ်အောင်ဆန်းစုကြည်နဲ့ အချို့သော ပါတီခေါင်းဆောင်တွေက သဘောထားပေးကြရာမှာ နိုင်ငံရေးပါတီတရပ်ဟာ စတင်ဖွဲ့စည်းထားစဉ်ကအတိုင်း မူလအတိုင်းရပ်တည်မယ်လို့ ဆိုထားတဲ့အတွက် ဒီအလုပ်တွေ လုပ်နေစရာ မလိုဘူး၊ ပါတီဟာ လက်ရှိ လုပ်ငန်းစဉ်များ၊ လှုပ်ရှားမှုများ၊ အလံတော်များ၊ ဆိုင်းဘုတ်များအတိုင်း ဆက်လက် ရပ်တည် ရှိမြဲ နေမြဲအတိုင်း နေရမှာ ဖြစ်တယ်လို့ ၀ိုင်းဝန်းပြောဆိုကြတဲ့အတွက် အဲသည် စီမံခန့်ခွဲမှုကော်မီတီစခန်းလည်း ရပ်တန်းက ရပ်သွားတယ် ဆိုတဲ့အကြောင်း ကြားသိရပါတယ်။
ဆရာ့ကို အထက်က မေးခွန်းကို မေးရန် ရည်ရွယ်ထားတဲ့အတိုင်း မေးတဲ့အခါမှာတော့ ဆရာက ဒီကိစ္စတွေကို အကျယ်တ၀င့် အသေးစိတ်မပြောနေတော့ဘဲ အခုလို သဘောထားကို ပေးပါတယ်။
"အခုအချိန်မှာ အင်န်အယ်ဒီဟာ အဖွဲ့အစည်းအမည်အားဖြင့် ဒီ/ချုပ် - ဒီမိုကရေစီအဖွဲ့ချုပ် ဖြစ်တယ်။ ဒီ/ချုပ်မှာ ပါဝင်ကြတဲ့သူတွေဟာ ဒီမိုကရေစီရေး လှုပ်ရှားသူတွေ - ဒီ/လှုပ် တွေ ဖြစ်တယ်လို့ ပြောချင်ပါတယ်။ ဒီ/ချုပ် ပဲ ဖြစ်ဖြစ်၊ ဒီ/လှုပ် ပဲ ဖြစ်ဖြစ် ဒီမိုကရေစီအရေးအတွက် လုပ်စရာတွေက အများကြီး ရှိနေပြီး ဖြစ်တယ်။ ပါတီရဲ့ ရွှေဂုံတိုင်ကြေငြာချက်ကို မူတည်ပြီးတော့၊ ပြီးတော့ ပါတီရဲ့ မူလရပ်တည်ချက်တွေဖြစ်တဲ့ ဒီမိုရေစီရေး၊ ငြိမ်းချမ်းရေး၊ တွေ့ဆုံဆွေးနွေးအဖြေရှာရေးအတွက် ထောက်ရမယ့် ဒေါက်တွေကိုလည်း ဆက်လက် တည်တံ့ခိုင်ခန့်အောင် လုပ်နေရမှာ ဖြစ်တယ်။
ပါတီအဖွဲ့အစည်းရဲ့ ပါတီတွင်း ပြန်လည်တည်ဆောက်ရမယ်၊ တိုးတက်အောင်လုပ်ရမယ်။ ပါတီရဲ့ မဟာမိတ်တွေဖြစ်တဲ့ စီအာရ်ပီပီနဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေ၊ မိတ်ဆွေတွေနဲ့လည်း ဆက်လက် လက်တွဲ ဆောင်ရွက်သွားရမယ်။ ပြီးတော့ နိုင်ငံတကာက မိသားစုတွေ၊ သံတမန်တွေ အားလုံးနဲ့ အရှေ့ အနောက် အားလုံးနဲ့ အပြုသဘောအဖြစ် ဆက်ဆံသွားရမယ်။ တိုးချဲ့ရမယ်။ တပြိုင်နက်တည်းမှာပဲ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးလိုလားတဲ့ မြန်မာပြည်သူတွေရဲ့ အရေးကိစ္စတွေအတွက်လည်း ပိုပြီးတော့ ထဲထဲဝင်ဝင် ရင်းရင်းနှီးနှီးနဲ့ ၀ိုင်းဝန်းဆောင်ရွက်ရမှာ ဖြစ်တယ်။ ဒါတွေကို ခွင်လေးခွင်၊ ဒေါက်လေးဒေါက်လို့ ပြောပြချင်ပါတယ်။"
အဲသည်မှာ ထပ်မေးတဲ့ မေးခွန်းကတော့ - အဆုံးစွန်ဆုံး တွေးကြတာက ပါတီခေါင်းစဉ်မရှိတော့ဘူး။ ပါတီအလံတော် မရှိတော့ဘူး။ ပါတီဖွဲ့စည်းပုံတွေ၊ ခေါင်းဆောင်မှု အဆင့်ဆင့်တွေ မရှိတော့ဘူးလို့ လူတွေက ယူဆလိုက်တဲ့အခါမှာ အင်န်အယ်ဒီနဲ့ အင်အယ်ဒီအဖွဲ့ဝင်တွေရဲ့ လမ်းကြောင်းက ဘာလဲ ဘယ်လဲ ဆိုတဲ့ မေးခွန်းဖြစ်ပါတယ်။ မြန်မာနိုင်ငံရေးသမိုင်းမှာ အစဉ်အမြဲ ပြောဆိုကြတဲ့ လှုပ်ရှားမှု - ယူဂျီ ဆိုတဲ့ မြေအောက်လှုပ်ရှားမှုတွေ ဖြစ်သွားမှာလား ဆိုတဲ့ မေးခွန်း ဖြစ်ပါတယ်။
"ဒီ/ချုပ် ရဲ့ ဒီ/လှုပ်တွေထဲမှာ အထင်ရှားဆုံး ဥပမာကတော့ ဒေါ်အောင်ဆန်းစုကြည်ပဲ။ ပါတီ ရှိနေတာ၊ မရှိတာက သူ့အတွက် အရေးမကြီးဘူး။ သူ့ရဲ့ ရပ်တည်မှုနဲ့ ဆောင်ရွက်ချက်တွေကပဲ အရေးကြီးတယ်။ ဒါကိုပဲ ပြည်သူတွေနဲ့ နိုင်ငံတကာက ထောက်ခံရပ်တည်ကြတာ ဖြစ်တယ်။ အခု အဲဒီသဘောက ပါတီနဲ့ ပါတီဝင်တွေအားလုံးပေါ်ကို အဲသည်လိုအခွင့်အရေး ညီတူညီမျှ ကျရောက်လာပြီ ဖြစ်တယ်။ အဲသည်လိုမျိုး ပါတီခေါင်းစဉ်တွေ၊ ပါတီအလံတော်တွေ ရှိနေတဲ့ကြားက သူတို့သဘောနဲ့ သူတို့ ရပ်တည်ပြီးတော့ ဒီမိုကရေစီရေးလှုပ်ရှားမှုတွေ လုပ်ကြတဲ့သူတွေ ပါတီဝင်တွေ ရှိကြတယ်။ စုစုနွေးတို့၊ ဖြူဖြူသင်းတို့၊ ဥပဒေပညာရှင်အစုအဖွဲ့တွေ။ တချို့ဆိုရင် ပါတီကို ထိခိုက်မှာစိုးလို့ဆိုပြီး ပါတီနဲ့ ခပ်ခွာခွာနေပြီး လုပ်ကိုင်ကြရတာတွေရှိတယ်။ အရင်တုံးကဆိုရင် အဲသည်လို အပြုအမူတွေအတွက် ပါတီရဲ့ အရေးယူခံရတာတွေတောင် ရှိတယ်။ အခုချိန်မှာ သည်လိုမျိုး အတားအဆီးတွေ၊ အဟန့်အတားတွေ မရှိတော့ဘူးပေါ့။ ဒီ/ချုပ်က ဒီ/လှုပ်တွေ တစုတစည်းတည်း ညီညီညွတ်ညွတ်နဲ့ ပိုပြီး လုပ်ကိုင်နိုင်ကြဖို့သာ ရှိပါတယ်။ အဲသည်လူတွေမှာ ပြီးခဲ့တဲ့ အဲသလိုအချိန်တွေမှာတုံးက ပါတီခေါင်းစဉ်တွေ၊ ပါတီရုံးခန်းတွေ၊ ပါတီကျောထောက်နောက်ခံတွေ ရှိခဲ့သလား။ မရှိဘူး။ ဒါပေမယ့် ပြည်သူလူထုကို မျက်နှာမူတဲ့ နိုင်ငံရေးကို လုပ်ခဲ့ကြတာဖြစ်တယ်။ အကြမ်းဖက်လုပ်ငန်းတွေ မလုပ်ဘူး။ နေ့စဉ် ပုံမှန် သွားလာရင်း လုပ်ကိုင်ကြတာဖြစ်တယ်။ ခုချိန်နဲ့ ဘာမှထူးခြားသွားတာ၊ ပြောင်းလဲသွားတာတွေ မရှိတဲ့အတွက် မြေအောက်လှုပ်ရှားမှုတို့၊ ယူဂျီတို့ ဖြစ်သွားစရာလည်း မရှိဘူး လို့ ပြောချင်ပါတယ်။"
ဆရာဦးဝင်းတင်ရဲ့ ဖြေကြားချက်ထဲမှာ ဒီ/လှုပ်တွေ ဆိုတဲ့ အသုံးအနှုံးအသစ်တခု ပါလာပါတယ်။ အဲသည် ဒီ/လှုပ် ဆိုတာက နိုင်ငံတကာမှာ ခေတ်စားတဲ့ Activist ဆိုတဲ့ တက်ကြွလှုပ်ရှားသူ ဆိုတဲ့ သဘောထားနဲ့များ တူသွားသလား။ အဲဒါကို ထပ်မေးဖြစ်ပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံတကာက Activist နဲ့ အဖွဲ့တွေဆိုတာက နိုင်ငံရေးပါတီဆိုတဲ့ အဆင့်မှာ မရှိဘူး။ အာဏာရှိ၊ သြဇာရှိတဲ့ အစိုးရ သို့မဟုတ် လုပ်ငန်းရှင်ကျောရိုးကြီးများရဲ့ မူဝါဒ၊ သဘောထားနဲ့ လုပ်ငန်းစဉ်တွေရဲ့ အချက်တခုသို့မဟုတ် အချက်အချို့တွေပေါ်မှာ သဘောမတူသည့်အပေါ်မှာဖြစ်စေ၊ သဘောတူသည့်နေရာတွင်ဖြစ်စေ ကန့်ကွက်တဲ့ အလုပ်၊ ထောက်ခံတဲ့ အလုပ်တွေ ဆောင်ရွက်ခြင်း၊ လူထုလှုပ်ရှားမှုများပြုလုပ်ခြင်း၊ အစီရီခံစာများ၊ ရန်ပုံငွေလှုပ်ရှားမှုများ ပြုလုပ်ခြင်းတို့နဲ့ ၎င်းတို့ အာဘော်တွေကို ခေတ်စားအောင်လုပ်တဲ့ နေရာကဏ္ဍမှာသာ ရပ်တည်တွက်အတွက် Activist ဆိုတဲ့ တက်ကြွလှုပ်ရှားသူ အဆင့်ကို မြန်မာပြည်ရဲ့ အဓိကနိုင်ငံရေးပါတီကြီးက ပြောင်းလဲသွားပြီလား ဆိုတဲ့ မေးခွန်း ဖြစ်ပါတယ်။
"အခုချိန်မှာ အင်န်အယ်ဒီက ဆုံးဖြတ်ချက်ချပြီး ထုတ်ပြန်တာက နိုင်ငံရေးပါတီအဖြစ် ထပ်မံ မှတ်ပုံမတင်တော့ဘူးဖြစ်တယ်။ အတိုက်အခံနိုင်ငံရေး အင်အားစုတခုအနေနဲ့ မူလကတည်းက ချမှတ်ထားပြီးသား မူဝါဒတွေ၊ သဘောထားတွေနဲ့ ကြေငြာချက်တွေကို ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်တယ်။ နိုင်ငံရေးလုပ်တယ်ဆိုတာ ပါတီမူဝါဒတွေ၊ လမ်းကြောင်းတွေကို ဖော်ဆောင်ရတာ။ ဒါ့ထက် အရေးကြီးတာက တိုင်းပြည်တပြည်လုံးရဲ့ လူထုအားလုံးကို ကိုယ်စားပြုတဲ့ လူ့အရေး၊ နိုင်ငံ့အရေးတွေ လုပ်နေတာ ဖြစ်တယ်။ အဲသည်အလုပ်တွေဟာ ၂၀၀၉ ခုနှစ် ဧပြီ - ရွှေဂုံတိုင်ကြေငြာစာတမ်း ထုတ်ပြန်စဉ်က ပြောခဲ့တဲ့ ကျနော့်ရဲ့ စကားအတိုင်းပြောရရင် ပြည်သူကို မျက်နှာမူတဲ့ နိုင်ငံရေးကို လုပ်ကြဖို့ပဲ ဖြစ်ပါတယ်။ အခုလည်းပဲ အဲသည်အတိုင်း ဒီ/ချုပ်ရဲ့ ဒီ/လှုပ်တွေက ရပ်တည်နေကြတာကို မြင်တွေ့နိုင်ပါတယ်လို့ ပြောချင်ပါတယ်။"
ဆရာဦးဝင်းတင်နဲ့ စကားပြောခဲ့သမျှထဲက ကောက်နုတ်ဖော်ပြလိုက်ပါတယ်။ ဆရာဦးဝင်းတင်နဲ့ မေးခွန်းများ ဆက်မေးဖြစ်သေးရင် ဆက်လက်ဖော်ပြပါဦးမယ်
--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.