The Nation, 31st May 2010
ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် ၁၈၇၄ ကို ချိုးဖောက်မှုအဖြစ် သံသယ အဖြစ် လက်နက်များ တင်ဆောင်လာသည့် မြောက်ကိုရီးယား သင်္ဘောတစ်စင်း မြန်မာနိုင်ငံတွင် ယခင်လက ဆိုက်ကပ်ခဲ့ကြောင်း အတည်ပြုခဲ့ပြီးနောက် အမေရိကန် ပြည်ထောင်စုက လျင်မြန်စွာ တုန့်ပြန်လှုပ်ရှား ခဲ့သည်။ ရက်အနည်းငယ် ကြာပြီးနောက် ဧပြီလ တတိယပတ် အတွင်းတွင် အမေရိကန် နိုင်ငံခြားရေး ဌာနက အာဆီယံမြို့တော်များသို့ အရေးပေါ် အကြောင်းကြားလွှာ ပေးပို့ခဲ့ရာတွင် မေ ၃ ရက် မှ ၅ ရက်အထိ ဆီယက်တယ်နှင့် ဝါရှင်တန်ဒီစီတွင် ကျင်းပရန် စီစဉ်ထားသော အာဆီယံ - အမေရိကန် စီးပွားရေး ဝန်ကြီးများ တွေ့ဆုံပွဲကို မြန်မာ ကိုယ်စားလှယ် အဆင့်အတန်း အားလုံး မပါဝင်ဘဲ ပြုလုပ်ရန် အကြံပြုခဲ့သည်။ ထိုသို့ လွန်ကဲသော အပြုအမူသည် အာဆီယံ ခေါင်းဆောင်များကို အံ့အားသင့်စေခဲ့သည်။
အမေရိကန်၏ ရာဇသံသည် ခြောက်လုံး၊ လှန့်လုံး မဟုတ်သော်လည်း စိတ်အနှောင့်အယှက် ဖြစ်ကြောင်း အမှန်တကယ် ထုတ်ပြလိုက်ခြင်း ဖြစ်သည်။ မြောက်ကိုရီးယား အပေါ် အရေးယူ ပိတ်ဆို့ထားသော ကုလသမဂ္ဂ ဆုံးဖြတ်ချက်ကို မြန်မာနိုင်ငံက လေးစား လိုက်နာကြောင်း တစ်စုံတစ်ရာ လုပ်ဆောင်ခဲ့ခြင်း မရှိပါက ကြောက်မက်ဖွယ် အကျိုးဆက်များ ဖြစ်ပေါ်လာလိမ့်မည် ဟူသော ပြင်းထန်သည့် သတိပေးမှုကို မြန်မာနှင့် ကျန်အာဆီယံ တစ်ဖွဲ့လုံးထံ ယခုတစ်ခေါက် ပေးပို့ရန် အမေရိကန်က ဆန္ဒရှိနေသည်။ နိုင်ငံရေး ကိစ္စများကို အသာထား၍ ယခု မြန်မာနိုင်ငံ၏ နျူကလီယာ ရည်မှန်းချက်သည် အနာဂတ် အာဆီယံ - အမေရိကန် ဆက်ဆံရေးကို ထိခိုက်စေလိမ့်မည် ဖြစ်သည်။ အမေရိကန် - အာဆီယံ စီးပွားရေး ကောင်စီမှ တဆင့် အမေရိကန် ကုန်သွယ်ရေး ကိုယ်စားလှယ်ရုံး နှင့် အာဆီယံ စီးပွားရေး ဝန်ကြီးများ အကြား လအတန်ကြာ အသေးစိတ် ကြိုတင် စီစဉ်ထားခဲ့သော သြဇာကြီးမားသည့် စီးပွားရေး တွေ့ဆုံပွဲကို အမေရိကန်က အဆင့်လျှော့ ကျင်းပခဲ့ခြင်းသည် ပထမဆုံး အကြိမ် ထုံးစံ မဟုတ်သော ဆောင်ရွက်မှု တစ်ခု ဖြစ်ခဲ့သည်။
စင်္ကာပူမှ လွဲ၍ ကျန်အာဆီယံ နိုင်ငံအားလုံး နီးပါးက ၎င်းတို့၏ ကုန်သွယ်ရေး (သို့) စက်မှုဝန်ကြီးများ စေလွှတ်ရန် ဆုံးဖြတ်ခဲ့ကြချိန်တွင် အမေရိကန် တောင်းဆိုသည့် အတိုင်း မြန်မာ ကိုယ်စားလှယ်များ မပါဘဲ တွေ့ဆုံပွဲကို ဆက်လက် စီစဉ်ပြုလုပ်သင့်ကြောင်း သဘောတူခဲ့ကြသည်။ သို့ရာတွင် လိုက်လျော ညှိနှိုင်းမှု အချို့ ပြုလုပ်အပြီးတွင် ဝါရှင်တန် ဒီစီ မြန်မာသံရုံးမှ ယာယီသံရုံး တာဝန်ခံ အဆင့်ကို လက်ခံ တက်ရောက်ခွင့် ပေးရန် အမေရိကန်က အလျော့ပေး သဘောတူခဲ့သည်။ သို့သော်လည်း ရန်ကုန်မှ သံတမန်များကို တိုက်ရိုက် စေလွှတ်လိုသော မြန်မာ အစိုးရက ထိုအစီအစဉ်ကို လက်ခံခြင်း မပြုရန် ရွေးချယ်ခဲ့သည်။ ထို့အပြင် အာဆီယံ၏ သဘောတူညီမှု မရှိဘဲ "အရှေ့တောင်အာရှ စီးပွားရေး အသိုင်းအဝိုင်း တွေ့ဆုံပွဲ" ဟု နာမည်သစ်ကို သုံးစွဲခဲ့ခြင်းမှာ ရယ်ရွှင်ဖွယ် ကောင်းလှသည်။ ၎င်းမှာ ယခင်က သုံးခဲ့ဖူးသော အမည်တစ်ခု ဖြစ်ဖွယ် ရှိသည်။
လတ်တလောတွင် မြန်မာနိုင်ငံသို့ ဒုတိယ အကြိမ် သွားရောက်ခဲ့သော အရှေ့အာရှနှင့် ပစိဖိတ်ဆိုင်ရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Kurt Campbell က စစ်အစိုးရ ခေါင်းဆောင်များအား ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် အမှတ် ၁၈၇၄ ကို အပြည့်အဝ လိုက်နာ ကျင့်သုံးရန် ဒဲ့ဒိုး ပြောကြားခဲ့သည်။ ဤသည်မှာ မြောက်ကိုရီးယားနှင့် မြန်မာအကြား ဆက်နွယ်မှု ကြီးထွားလာခြင်းနှင့် နျူကလီယာ ဆက်စပ် နည်းပညာများ လွှဲပြောင်း ပေးပို့ခြင်းတို့ အပေါ် ဝါရှင်တန်၏ အပြင်းအထန် စိုးရိမ်မှုကို ပြသခဲ့ခြင်း ဖြစ်သည်။ ပြီးခဲ့သော ဇွန်လကလည်း မြောက်ကိုရီးယား ကုန်သင်္ဘော ကန်နမ်သည် အမေရိကန် ရေတပ်၏ နောက်ယောင်ခံမှုကြောင့် မြန်မာသို့ ဦးတည်နေရာမှ ပြန်လှည့်သွားခဲ့သည်။
အဖျက်စွမ်းအားကြီး လက်နက်များ တပ်ဆင်ရာတွင် အသုံးပြုမည့် အဆင့်မြင့် ပလူတိုနီယံ ထုတ်လုပ်နိုင်မည့် နျူကလီယာ ဓာတ်ပေါင်းဖို တည်ဆောက်ရာတွင် မြန်မာနိုင်ငံကို မြောက်ကိုရီးယားက ကူညီ ထောက်ပံ့နေသည့် အထောက်အထားများကို ၂၀၀၀ ခုနှစ်ကပင် အနောက်နိုင်ငံ ထောက်လှမ်းရေး အဖွဲ့များက စုဆောင်း ရရှိခဲ့သည်။ မြန်မာ စစ်တပ်မှ ထွက်ပြေး ခိုလှုံလာသော တပ်မတော် အရာရှိ နှစ်ဦးထံမှ ရရှိသော သတင်းများ၊ တယ်လီဖုန်း ကြားဖြတ် နားထောင်မှုများ၊ ထိုင်း - မြန်မာ နယ်စပ်မှ ပေးပို့သော ထောက်လှမ်းရေး သတင်းများကို အသုံးပြု တင်ပြထားသည့် အစီရင်ခံစာများအား မနှစ်က ထုတ်ပြန်ခဲ့ရာ သတင်းအချက် အားလုံးက မြန်မာနိုင်ငံ၏ နျူကလီယာ ရည်မှန်းချက်ကို လက်ညှိုးညွှန်ပြ နေသည်။
ယင်းသို့ အစီရင်ခံစာများ နောက်ဆုံးအကြိမ် ထွက်လာသောအခါ စစ်အစိုးရ၏ နျူကလီယာ ရည်ရွယ်ချက်များ အပေါ်တွင် စစ်ရေး ကျွမ်းကျင်သူများနှင့် မဟာဗျူဟာ ပညာရှင်များ အကြား သံသယများ ကြီးထွားလာခဲ့သည်။ အများစုကမူ အထောက်အထား ပြည့်စုံမှု မရှိဟု ဆိုကြသည်။ အချို့ကမူ နိုင်ငံတကာ အမြင်တွင် စစ်အစိုးရ သိက္ခာကျစေရန် ကြိုးစားမှုဟု ရှုမြင်ကြသည်။ နောက်ဆက်တွဲ မေးမြန်းစူးစမ်းမှု အနေဖြင့် အထူးသဖြင့် လက်ရှိ လျှို့ဝှက် နျူကလီယာ အစီအစဉ်တွင် တိုက်ရိုက် ပတ်သက်ခဲ့သူ မြန်မာ့ တပ်မတော် ဗိုလ်မှူးဟောင်း စိုင်းသိန်းဝင်းအား မေးမြန်းခဲ့ရာ မြန်မာ အစိုးရသည် နျူကလီယာ နည်းပညာကို စုံစမ်း လေ့လာနေသည် ဟူသော အချက် ရှင်းလင်းစွာ ပေါ်ထွက်လာသည်။ IAEA တွင် အလုပ်လုပ်ခဲ့ဖူးသော အရာရှိ တစ်ဦးထံမှ ကျွမ်းကျင်သူ မှတ်ချက်နှင့်အတူ များပြားသော သတင်း အချက်အလက်သစ်များ အပေါ် အခြေခံ တင်ပြသည့် အထူး အစီရင်ခံစာကို ယခု တစ်ပတ်တွင် ထုတ်ပြန်မည် ဖြစ်သည်။
ယခုအတိုင်း ဆိုပါက ၁၉၉၅ အရှေ့တောင်အာရှ နျူကလီယာ လက်နက် ကင်းစင်ရေးဇုံ SEANWFZ နှင့် မပြန့်ပွားရေး သဘောတူ စာချုပ်ကို လက်မှတ် ရေးထိုးခဲ့သော အာဆီယံနှင့် အဖွဲ့ဝင်များ၏ ရည်မှန်းချက်များ ပြည့်ဝရန် အလှမ်းဝေးနေဦးမည် ဖြစ်သည်။ လောလောဆယ်တွင် အာဆီယံသည် SEANWFZ ဆိုင်ရာ ပဋိဥာဉ် စာတမ်းကို လက်မှတ်ထိုးရန် အဓိက နျူကလီယာ ပါဝါ နိုင်ငံကြီးများ အားလုံးကို ခက်ခက်ခဲခဲ စည်းရုံးနေသည်။ ၎င်းပဋိဥာဉ်ကို လက်ခံရန် တရုတ်နိုင်ငံကလည်း နှောင့်နှေး ကြန့်ကြာနေသည်။
အဖွဲ့ဝင် နိုင်ငံများ အနေဖြင့် နျူကလီယာ စွမ်းအင်နှင့် လုံခြုံမှု အပေါ် တူညီသော ပုံစံ တစ်ခုဖြင့် မည်ကဲ့သို့ ဆက်လက် လှုပ်ရှားကြမည် ဆိုသည်ကို အာဆီယံ အဖွဲ့အတွင်း တခဲနက် သဘောတူညီမှု မရရှိခြင်းကြောင့် ယခုကိစ္စမှာ ဆက်လက် ရှုပ်ထွေးနေဦးမည် ဖြစ်သည်။ နျူကလီယာ လက်နက် မပြန့်ပွားရေး သဘောတူ စာချုပ် အဖွဲ့ဝင် နိုင်ငံများ၏ မကြာသေးမီက ကျင်းပခဲ့သော ညီလာခံတွင် သဘာပတိ အဖြစ် ဆောင်ရွက်ကာ ဦးဆောင်ကဏ္ဍမှ ပါဝင်နေသည့် ဖိလစ်ပိုင်နိုင်ငံ၏ နျူကလီယာ လက်နက် မတပ်ဆင်ရေး မူဝါဒကို အာဆီယံက ယေဘုယျအားဖြင့် ထောက်ခံထားသည်။
ထိုင်း၊ ဘရူနိုင်း၊ မြန်မာနှင့် အင်ဒိုနီးရှားတို့က နျူကလီယာ စမ်းသပ်မှု အပြည့်အဝ တားမြစ်ချက် စာချုပ်ကို ယခုတိုင် လက်မှတ် မထိုးသေးခြင်းမှာလည်း မဖြေရှင်းနိုင်သေးသည့် ပြဿနာ တစ်ခု ဖြစ်သည်။ အင်ဒိုနီးရှား၏ ကိစ္စကို ကြည့်လျှင် ၎င်းနိုင်ငံသည် စာချုပ်၏ နောက်ဆက်တွဲ ၂ စာရင်းတွင် ပါဝင်နေပြီး သဘောတူညီချက်များကို ဆက်လက် ကျင့်သုံးရန်အတွက် အဆိုပါ စာရင်းတွင် ပါဝင်သော ၄၄ နိုင်ငံစလုံးက လက်မှတ် ရေးထိုးရမည် ဖြစ်သည်။ လာမည့် အောက်တိုဘာလတွင် ဟနွိုင်း၌ ပြုလုပ်မည့် အာဆီယံ ထိပ်သီး ညီလာခံတွင် အာဆီယံအဖွဲ့ အတွင်း ကျင့်သုံးနိုင်မည့် အများသဘောတူ အနေအထား တစ်ရပ်ကို အာဆီယံ ခေါင်းဆောင်များ လေ့လာ သုံးသပ်ကြမည် ဖြစ်သည်။ ထို့အပြင် တောင်တရုတ်ပင်လယ်၊ ရာသီဥတု အပြောင်းအလဲ၊ နျူကလီယာ နည်းပညာ ဆက်စပ်ကိစ္စများ စသည့် အကဲခတ်သည့် ကိစ္စများ အပေါ်တွင် အာဆီယံ အနေဖြင့် မည်သို့ ကိုင်တွယ်မည် ဆိုသည့် ပြဿနာမှာလည်း ကျန်ရှိနေသေးသည်။
လတ်တလော ဝါရှင်တန် ဒီစီတွင် ကျင်းပခဲ့သော နျူကလီယာ ညီလာခံတွင် နျူကလီယာ စွမ်းအင် ငြိမ်းချမ်းစွာ အသုံးပြုရေးနှင့် မပြန့်ပွားရေး ဆိုင်ရာ သဘောထားများ တင်ပြကြရန် ဗီယက်နမ်၊ အင်ဒိုနီးရှား၊ မလေးရှားနှင့် ထိုင်းနိုင်ငံမှ ခေါင်းဆောင်များကို အမေရိကန် သမ္မတ ဘားရက် အိုဘားမားက ဖိတ်ကြားခဲ့သည်။ ၎င်းတို့က နျူကလီယာ အကြမ်းဖက် ဝါဒကို တားဆီးရန် ဆောင်ရွက်မည့် ညီလာခံ၏ အစီအစဉ်ကို ထောက်ခံခဲ့ကြသည်။ အဆိုပါ အာဆီယံ အဖွဲ့ဝင်များတွင် စွမ်းအင်ရင်းမြစ် အတွက် ငြိမ်းချမ်းစွာ အသုံးပြုမည့် နျူကလီယာ ဓာတ်အားပေး စက်ရုံများ တည်ဆောက်ရန် ရေရှည် အစီအစဉ်များ ရှိနေသည်။ ဗီယက်နမ်က နျူဓာတ်အားပေး စက်ရုံ နှစ်ရုံ တည်ဆောက်ရန် ယခင်ကပင် ဆုံးဖြတ်ထားခဲ့ပြီး ထိုင်းနိုင်ငံကလည်း လာမည့် ၁၀ နှစ် အတွင်း နျူဓာတ်အားပေး စက်ရုံ တစ်ရုံ တည်ဆောက်ရန် စီစဉ်နေသည်။ အင်ဒိုနီးရှားကလည်း နျူကလီယာ စွမ်းအင်ကို လေ့လာရန် လွှတ်တော်၏ ခိုင်မာသော အားပေး ထောက်ခံမှုကို ရရှိထားသည်။ စင်္ကာပူ စီးပွားရေး မဟာဗျူဟာ ကော်မတီကပင်လျှင် ၎င်းတို့ ကျွန်းနိုင်ငံ၏ စွမ်းအင် ဖူလုံရေး အတွက် ရေရှည် ဖြေရှင်းနည်း အဖြစ် နျူကလီယာ စွမ်းအင်ကို စဉ်းစားသင့်ကြောင့် အကြံပြုထားသည်။ အိုဘားမားသည် ယခုလ ဒုတိယပတ် အတွင်း အင်ဒိုနီးရှားသို့ သွားရောက်မည့် အချိန်တွင် ယခုကိစ္စကို အသေအချာ ထပ်မံ ဆွေးနွေးဦးမည် ဖြစ်သည်။
မြန်မာနိုင်ငံ၏ နျူကလီယာ လုပ်ငန်းစဉ် အပေါ် ထိုင်းလုံခြုံရေး ယန္တရားက ဂရုတစိုက် မရှိခြင်းမှာ စိတ်ဝင်စားစရာ အကောင်းဆုံး အချက်ပင် ဖြစ်သည်။ ယခင် နှစ်ကုန်ပိုင်းက ကာကွယ်ရေး ကောင်စီ၏ ထုံးစံ မဟုတ်သော အစည်းအဝေး နှစ်ကြိမ် ပြုလုပ်ခဲ့ခြင်းမှလွဲလျှင် သြစတြေးလျ ထောက်လှမ်းရေးနှင့် ရင်းနှီးစွာ ဆက်ဆံ လုပ်ကိုင်နေသည့် ထိုင်းစစ်ဖက် ထောက်လှမ်းရေး အရာရှိ လက်တဆုပ်စာ အတွင်း၌သာ ယခုကိစ္စကို ဆွေးနွေးခဲ့ကြသည်။ အငြင်းပွားဖွယ် နျူကလီယာ အစီအစဉ်ကို စတင်မည့် နျူကလီယာ စွမ်းရည် အားလုံးကို ဖော်ပြခြင်း မပြုသည့် မြန်မာနိုင်ငံ၏ ရည်မှန်းချက်ကို ထိုင်းအမျိုးသား လုံခြုံရေး ကောင်စီက ယခုတိုင် မယုံကြည်သေးပါ။ စိုးရိမ် ပူပန်သော အရာရှိများကမူ ပြည်တွင်းရေး ပြဿနာများအား ဦးစားပေး ဖြေရှင်းနေရဆဲ အခြေအနေကို စောဒက တက်လျက် ရှိသည်။
--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.