Transparency Myanmar

transparency.myanmar@gmail.com

မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှုမှာ အနောက်ရဲ့မှန်ကန်တဲ့မူဝါဒလော..........(၁)

(ဘုန်းထက်ဝင်း)

အနောက်အုပ်စုမှ မြန်မာနိုင်ငံအပေါ် ၁၉၉၇ ခုနှစ်ကတည်းကချမှတ်ခဲ့သည့် စီးပွားရေးပိတ်ဆို့မှုကို ယခုအချိန်အခါ တွင် သုံးသပ်လေ့လာသူများက မှန်ကန်သော မူဝါဒဖြစ်မဖြစ်ကို မေးခွန်းထုတ်နေကြလေပြီ။ ဝါရှင်တန်အစိုးရမှ မြန်မာနိုင်ငံ ပေါ်ထားရှိသည့် နိုင်ငံခြားရေးမူဝါဒမှာ ထိတွေ့ဆက်ဆံရေးမူဝါဒဖြစ်သော်ငြားလည်း မြန်မာနိုင်ငံရေးအခင်းအကျင်းအရ စီးပွား ရေးပိတ်ဆို့မှုကို ဆက်လက်ပြုလုပ်ဆဲပင်ဖြစ်သည်။ ဥရောပသမဂ္ဂအဖွဲ့နိုင်ငံများထဲမှ ဂျာမနီနိုင်ငံမှာ မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှုအား ဖယ်ရှားနိုင်ရန် ကြိုးစားနေပါသော်လည်း ကမ္ဘာ့ကြီးငါးကြီးတွင် တစ်ကြီးအဖြစ် အခိုင်အမာရပ်တည် ထားသည့် ဗြိတိန်နိုင်ငံမှာမူ ဖယ်ရှားရန် ငြင်းဆန်နေဆဲဖြစ်သည်။

မြန်မာ၊ ကျူးဗားအစရှိသော တင်းကျပ်သည့် အုပ်ချုပ်ရေး စနစ်ကိုကျင့်သုံးသည့် နိုင်ငံများသည် အနောက်အုပ်စု၏ စီးပွားရေးပိတ်ဆို့မှုကို ခံထားရသော်လည်း စီးပွားရေးအကျပ်အတည်း မဖြစ်ရုံမျှမက နိုင်ငံရေးအရ အလွန်တည်ငြိမ်သည့် နိုင်ငံများဖြစ်နေသည်ကို တွေ့ရသည်။ နိုင်ငံရေးပွင့်လင်းလွတ်လပ်မှုလည်းမရှိ၊ စီးပွားရေးအရ ဖွံ့ဖြိုးတိုးတက်မှုလည်းမရှိဘဲ အလွန်တည်ငြိမ်သည့် လူ့အဖွဲ့အစည်းဖြစ်နေခြင်းကိုမူ အနောက်တိုင်း ပေါ်လစီမိတ်ကာ များက နားမလည်နိုင်ဖြစ်နေလျက်ရှိပါသည်။

သူတို့ဖြစ်စေချင်သည့် အရှင်းရှင်စနစ် ကမ္ဘာတဝန်းအပြည့်အဝကျင့်သုံးရေးနှင့် ပွင့်လင်းသည့် ဒီမိုကရေစီ လူ့အဖွဲ့အစည်းဖြစ်စေလိုလျင် မြန်မာအပါအဝင် စီးပွားရေးပိတ်ဆို့ထားသည့် အခြားနိုင်ငံများ၏ ပြည်တွင်းနိုင်ငံရေး ခေါင်းဆောင်များ၊ စီးပွားရေးလုပ်ငန်းရှင်ကြီးများ၏ သဘောထားအယူအဆများနှင့် နိုင်ငံရေး၊ စီးပွားရေး အဖွဲ့အစည်းကြီးများ၏ စွမ်းဆောင်နိုင်ရည်တို့ကိုပါ စနစ်တကျလေ့လာသုံးသပ်ရန် အထူးလိုအပ်ပါသည်။

မြန်မာနိုင်ငံ၏ အချမ်းသာဆုံးစာရင်းဝင် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သည့် ဦးတေဇက မြန်မာနိုင်ငံမှ ထွက်ရှိသော ကျောက်မျက်ရတနာများအပေါ် အင်အားကြီးနိုင်ငံတစ်ချို့မှ ပိတ်ဆို့မှုများ ပြုလုပ်နေခြင်းမှာ တရားမျှတမှု မရှိကြောင်း ယင်းကဲ့သို့ လုံးဝတရားမျှတမှုမရှိသော ပတ်ဆို့မှုအား Counter Sanction လုပ်သည့်အနေဖြင့် ကျောက်မျက် Mine များတွင်လိုအပ်သော စက်ကိရိယာပစ္စည်းများအသုံးပြုရာ အနောက်နိုင်ငံများကထုတ်လုပ်သော စက်ယန္တရားများကို သိပ်မသုံးတော့ဘဲ အာရှထုတ်ပစ္စည်းများကိုသာ အသုံးပြုကြောင်း The Future Myanmar Business Report Vol.1 ၏ အင်တာဗျူးမှာ ဖြေကြားသွားခဲ့သည်။

ကမ္ဘာစီးပွားရေး၌ အင်အားကြီးနိုင်ငံတစ်နိုင်ငံဖြစ်လာသည့် တရုတ်နိုင်ငံမှာလည်း မြန်မာနိုင်ငံ၏ အဓိက ကုန်သွယ် ဖက်နိုင်ငံဖြစ်နေသည့်အပြင် အရှေ့အာရှနိုင်ငံများ၏ စီးပွားဖက်ဒေသဖြစ်သော အာဆီယံအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံဖြစ် နေခြင်းမှာလည်း မြန်မာနိုင်ငံအပေါ် အနောက်အုပ်စု၏ စီးပွားရေးပိတ်ဆို့မှု မအောင်မြင်ရခြင်း၏ အဓိက အကြောင်းရင်း ဖြစ်သည်။ ကျောက်မျက်လုပ်ငန်းများအပေါ် အနောက်နိုင်ငံမှ ပိတ်ဆို့နေရာတွင် နိုင်ငံရေးသမားများကသာ ပိတ်ဆို့နေခြင်း ဖြစ်ပြီး၊ စီးပွားရေးသမားများက မြန်မာနိုင်ငံသို့ လာရောက်ဝယ်ယူနေကြောင်း၊ တရုတ်နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက် လာသောကြောင့် အနောက်နိုင်ငံများ၏ ပိတ်ပင်မှုမှာ မထိရောက်နိုင်တော့ကြောင်းနှင့် ကျောက်စိမ်း ဈေးကွက်၏ အဓိက ဖောက်သည်နိုင်ငံမှာ တရုတ်နိုင်ငံဖြစ်ကြောင်း အဆိုပါအင်တာဗျူးတွင် ယင်းမှ ပြောကြားသွားခဲ့သည်။

မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲနှင့် တက်လာမည့်အစိုးရအပေါ်တွင် နိုင်ငံတကာမှ ဒီမိုကရေစီ စံနှုန်းများဖြင့် တရားဝင်မှုရှိ၊ မရှိကို မေးခွန်းထုတ်နေကြသော်လည်း မြန်မာ့စီးပွားရေးဖွံ့ဖြိုးမှုအတွက် IMFနှင့် ASEAN 5 ကူညီမည့်အပြင် အာဆီယံ ကုန်သွယ်မှုကွန်ရက်စီမံကိန်းတွင် မြန်မာနိုင်ငံ၏ ပူးပေါင်းဆောင်ရွက်မှုကို ဒေသတွင်း နိုင်ငံများက လိုလားလျက် ရှိနေပါသည်။ IMF ၏ ထပ်တန်းအရာရှိကြီးတစ်ဦးက မြန်မာနိုင်ငံသည် အာဆီယံဒေသတွင်း၌ အလားအလာကောင်းသည့် ဖွံ့ဖြိုးဆဲနိုင်ငံ တစ်ခုအဖြစ် ကုလသမဂ္ဂလက်အောက်ခံအဖွဲအစည်းများက သတ်မှတ်ထားရာ IMF က စီးပွားရေးဖွံ့ဖြိုးမှု အတွက်လိုအပ်သော ဘဏ္ဍရေးအကူအညီများပေးအပ်ရန် အဆင့်ရှိနေကြောင်းပြောကြားသွားသည်။

ထို့အပြင် အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံများဖြင့် ဖွဲ့စည်းထားသည့် ASEAN ကလည်း မြန်မာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည့်အကူအညီများပေးရန် ဆန္ဒရှိနေသည်။ ထို့အပြင် ASEAN TRADE LINK စီမံကိန်းအရ စင်ကာပူ၊ ဗီယမ်နမ်စသည့် အာဆီယံဒေသ၏ ဖွံ့ဖြိုးမှုကြီးမားသော နိုင်ငံများနှင့် နယ်စပ်ကုန်သွယ်ရေး၊ ပုံမှန် ကုန်သွယ်ရေးနှင့် အထွေထွေကုန်သွယ်ရေး စသည့်  ပူးပေါင်းဆောင်ရွက်မှု လမ်းကြောင်းအားလုံး မြှင့်တင်ရန် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ပြီး လိုအပ်သည့် နည်းပညာအကူအညီများ ပေးမည် ဖြစ်ကြောင်းသိရသည်။

ယခုအခါတွင် အာရှေ့အာရှစီးပွားရေးမြှင့်တင်မှု မဟာဗျူဟာစီမံကိန်းအရ လွတ်လပ်သော ကုန်သွယ်မှုဒေသများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် FTA ဒေသ ၄၀ ကျော်ကို ညှိနှိုင်းလက်မှတ်ရေးထိုးပြီးဖြစ်သော FTAဒေသ ၁၅ ခုဝန်းကျင်ကို ထပ်မံအကောင်အထည်ဖော်ရန် ကွင်ဆင်းလေ့လာမှုများ ပြုလုပ်လျက်ရှိပြီး အရှေ့အာရှဒေသတွင်း နိုင်ငံများ၏ လွတ်လပ်သော ကုန်သွယ်မှုဒေသ ဖော်ဆောင်ရေးပူးပေါင်းဆောင်ရွက်မှု စီမံကိန်းမှာ ၂၀၁၀ နှစ်ကုန်မှ စတင်သက်ရောက်ခဲ့သည်။

မြန်မာနိုင်ငံသည် ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်း၊ ကုလားတန်မြစ်ကြောင်းဘက်စုံစီမံကိန်းနှင့် အခြားသော ကုန်သွယ်ရေး စီမံကိန်းများစွာရှိသည့်အတွက် အရှေ့အာရှဒေသနိုင်ငံအားလုံးက မြန်မာနိုင်ငံကို အာဆီယံဒေသတွင်း၌ စီးပွာရေးဖွံ့ဖြိုးတိုးတက်ရန် အလားအလာကောင်းမွန်သည့် နိုင်ငံတစ်ခုအဖြစ်သတ်မှတ်ထားသည်။

နိုင်ငံစီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံရေးဆုံးဖြတ်ချက်သည် အရေးကြီးသည့်အားလျှော်စွာ နိုင်ငံရေး တွင် အဓိက ပါဝင်ပတ်သက်နေသည့် နိုင်ငံရေးပါတီများကလည်း စီးပွားရေးပိတ်ဆို့မှုနှင့်ပတ်သက်သည့် ယင်းတို့၏ တရားဝင်ရပ်တည်ချက်ကို ထုတ်ပြန်ကြေငြာမှုများ ပြုလုပ်လာပါသည်။

အမျိုးသားဒီမိုကရေစီအင်အားစုပါတီက မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှုများ ရုပ်သိမ်းရေးနှင့် ပတ်သက် သည့် သဘောထားကြေညာချက် ၃/၂၀၁၁အား ပြည်သူများသို့ တရားဝင်အသိပေး ထုတ်ပြန်ခဲ့သည်။ "ဆယ်စုနှစ်နှစ်စု စီးပွားရေး ပိတ်ဆို့မှုခံခဲ့ရတာကို ကျွန်တော်တို့ ပြန်သုံးသပ်ကြည့်တဲ့အခါ ဒီပိတ်ဆို့မှုကြောင့် ပြည်သူတွေ ထိခိုက် နစ်နာတာကို တွေ့ရပါတယ်။ ဒါကြောင့် ရင်းနှီးမြုပ်နှံမှုတွေနဲ့ ကုန်သွယ်မှုတွေမှာလဲ အခက်အခဲတွေရှိခဲ့ပါတယ်။ စီးပွားရေး ပိတ်ဆို့မှုတွေ မရှိရင်တော့ ပြည်သူတွေရဲ့ အလုပ်အကိုင်ရော၊ တိုင်းပြည်ရဲ့ စီးပွားရေးတွေပါ ကောင်းမွန်မှာ ဖြစ်ပါတယ်"ဟု အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှ ပါတီခေါင်းဆောင် ဦးခင်မောင်ဆွေကပြောသည်။

ယင်းထုတ်ပြန်ချက်၌ နိုင်ငံနှင့် ပြည်သူတို့၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရေးကိုရည်မျှော်၍ အာဆီယံဒေသတွင်း ပထဝီနိုင်ငံရေးမျှခြေထိန်းရာတွင် မြန်မာနိုင်ငံအနေဖြင့်ပါဝင်၍ ဟန်ချက်ညီစွာ တည်ဆောက်နိုင်ရေးအတွက်လည်းကောင်း၊ ပေါ်ပေါက်လာမည့် လွှတ်တော်တွင် အများပါဝင်နိုင်သည့် စီးပွားရေးစနစ် ကျင့်သုံးနိုင်မှုဥပဒေများ ပြဋ္ဌာန်းနိုင်ရေး ကြိုးပမ်းခြင်းပြုနေရာ တစ်ဖက်တွင်လည်း ကုန်သွယ်ရေးပိတ်ဆို့မှုနှင့် ရင်းနှီးမြုပ်နှံမှုဆိုင်ရာတို့ကို ဦးစွာအဆုံးသတ် ရုပ်သိမ်းရေးကို ပြုလုပ်ပေးရန် အထူးပင်လိုအပ်သည် ယုံကြည်သဖြင့် ထုတ်ပြန်ကြေညာလိုက်ခြင်းဖြစ်ကြောင်းသိရသည်။

"အဆိုပြုချက်က အာဏာရှင်အစိုးရတွေရဲ့ စနစ်တွေ မှားယွင်းတဲ့အတွက် တိုင်းပြည်ဆင်းရဲဒုက္ခ ရောက်ရတယ်၊ အဲဒီအထဲမှာမှ အမေရိကန်နဲ့ အနောက်နိုင်ငံများက Sanction တွေလုပ်တဲ့အခါကျတော့ တိုင်းပြည်လူထုဟာပိုပြီး ဒုက္ခတွေ ခံစားကြရပါတယ်၊ ဒါကြောင့် အဲဒီ Sanction ကို ပြည်သူ့ရှုထောင့်ကနေ ကျနော်တို့ သဘောမတူဘူး၊ ပြန်ပြီး ရုတ်သိမ်း ပေးပါဆိုတဲ့အဆိုကို ကျနော်တို့ အဆိုပြုတယ်။ ထောက်ခံကြတယ်" ဟု ဒီမိုကရက်တစ်ပါတီမှ ဥက္ကဋ္ဌ ဦးသုဝေက ၂၀၁၀ ရွေးကောက်ပွဲမှာ ပါဝင်ခဲ့သည့်နိုင်ငံရေးပါတီ ၁၁ပါတီ စုပေါင်းပြီး ၆၄နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားပွဲ၌ ပြောကြားသွားသည်။

REF: ရန်ကုန်တိုင်းမ် အတွဲ(၇)၊ အမှတ်(၇) ဖေဖော်ဝါရီ ၁၇-၂၃၊ ၂၀၁၁ :  မြန်မာပို့စ် အတွဲ(၃)၊ အမှတ်(၇) ဖေဖော်ဝါရီ ၁၆၊ ၂၀၁၁ :  The Messenger အတွဲ(၁)၊ အမှတ်(၄၀) ဖေဖော်ဝါရီ ၁၄ ၂၀၁၁ :  The J CURVE ( A new way to understand why nations rise and fall) by IAN BREMMER

(အထက်ပါ ဆောင်းပါးကို ရွှေပြည်တော် ဝက်ဘ်ဆိုက်မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်။ ခရော်နီကယ် ပရိတ်သတ်များအတွက် သတင်းများနှင့် ဆောင်းပါးများကို အချိန်ပေးဖတ်ရှုရသည့်အလျှောက် ပေးရသည့်အချိန်နှင့် ထိုက်တန်သည့် ရလဒ် တခုခုကို ရရှိကျေနပ်စေရန် ရည်ရွယ်၍ ထပ်ဆင့်ဖော်ပြပေးခြင်းသာ ဖြစ်ပြီး ပေးပို့သည့် သတင်းများ၊ ဆောင်းပါးများ အားလုံးသည် yangon chronicle ၏ အာဘော်(လုံးဝ) မဟုတ်ပါကြောင်းအသိပေး ဖော်ပြအပ်ပါသည်။)

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment