yangonchronicle 2011 |
၅.၉.၂၀၁၁
ဘာသာပြန်သတင်းများ
- မြန်မာနိုင်ငံတွင်း နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု မြင့်တက်ခြင်း၏နောက်ကွယ်
(The Diplomat မှ သုံးသပ်ချက်ဆောင်းပါးကို ဆီလျော်အောင်ဘာသာပြန်ဆိုသည်)
- တရုတ်တို့၏ အဓမ္မကြင်ဖော်ဖြစ်နေသော မြန်မာမိန်းကလေးများ
(The Telegraph မှ 4 Sept 2011 ရက်စွဲပါ “Burma’s women forced to be Chinese Brides” ဆောင်းပါးကို ဘာသာ ပြန်ဆိုသည်)
- ဂျပန်နှင့် တောင်ကိုရီးယား ကုန်ထုတ်လုပ်မှုများ ဇူလိုင်လတွင်းကျဆင်း
(BBC သတင်းကို ဘာသာ ပြန်ဆိုသည်)
- မြန်မာ့တပ်မတော်က လွတ်ငြိမ်းချမ်းသာခွင့်ကို ရေရွတ်သတဲ့လား
(News Scotsman မှ 4 Sept 2011 ရက်စွဲပါ “ Burma’s bramy army cry freedom” သတင်းဆောင်းပါးကို ဘာသာ ပြန်ဆိုသည်)
******************************************************************************************
မြန်မာနိုင်ငံတွင်း နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု မြင့်တက်ခြင်း၏ နောက်ကွယ်
(The Diplomat မှ သုံးသပ်ချက်ဆောင်းပါးကို ဆီလျော်အောင်ဘာသာပြန်ဆိုသည်)
အကယ်၍ မြန်မာနိုင်ငံနှင့်ပတ်သက်သည့် သတင်းခေါင်းစဉ်များကို ညွှန်းကိန်းများအဖြစ် သတ်မှတ်မည်ဆိုပါက ၂၀၁၀-၂၀၁၁ ခုနှစ်ဘဏ္ဍာနှစ် သည် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု(FDI) နှင့် ပတ်သက်ပြီး အောင်ပွဲခံသည့်နှစ်ဟုပင် ဆိုရပေမည်။ အကြောင်းမှာ မြန်မာနိုင်ငံသည် အဆိုပါနှစ် အတွင်း အမေရိကန်ဒေါ်လာ ၂၀ ဘီလီယံ တန်ဖိုးနီးပါးရှိသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများရရှိခဲ့သောကြောင့်ဖြစ်သည်။
ထို့ပြင်အဆိုပါပမာဏသည် ၁၉၈၈ ခုနှစ်နောက်ပိုင်း ဆယ်စုနှစ် နှစ်ခုပေါင်း ကာလကထက်ပိုမိုရရှိခဲ့ခြင်းဖြစ်သလို အရှေ့တောင်အာရှ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အလားအလာ အလွန်ကောင်းလာသည့် ဗီယက်နမ်နိုင်ငံထက်ပင် သာလွန်ခဲ့သည်။ မြန်မာသို့ဝင်ရောက်လာသော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု များမှာလည်း အာရှနိုင်ငံများမှသာဖြစ်သည်။ သို့သော် ထိုသို့ဖြစ်ရခြင်းမှာအံ့အားသင့်စရာတော့မဟုတ်ပေ။ အကြောင်းမှာ စီးပွားရေးပိတ်ဆို့ အရေးယူမှု များနှင့် လူမှုဆက်ဆံရေးတွင် ဆိုးရွားသော အမည်းစက်များရှိနေခြင်းတို့က အနောက်ကုမ္ပဏီကြီးများအနေဖြင့် ဝင်ရောက်ရင်းနှီး မြှုပ်နှံမှုမပြုအောင် ဟန့်တား နေခြင်းကြောင့်ဖြစ်လေသည်။ သို့သော် မြန်မာနှင့်ပတ်သက်သော သတင်းခေါင်းစဉ်များက လုံးလုံးလျားလျား အပြုသဘောဆောင်ပါသည် ဟူသည့် သဘောမျိုးဖော်ကျူးနေချိန်တွင် အသေးစိတ် အချက်အလက်များ ကိုလည်း လေ့လာကြည့်ရန် လိုအပ်မည် ထင်ပါသည်။
မြန်မာနိုင်ငံတွင် FDI နှင့်ပတ်သက်၍ ပထမဆုံးမှတ်ချက်ပေးနိုင်သည်မှာ ရင်းနှီးမြှုပ်နှံရန် ခွင့်ပြုထားပြီးဖြစ်သည့် အမေရိကန်ဒေါ်လာ ၂၀ ဘီလီယံ တန်ဖိုးရှိသည်ဟူသော ကိန်းဂဏန်းကိစ္စပင်ဖြစ်သည်။ ရင်းနှီးမြှုပ်နှံသူများကို လုပ်ကိုင်ခွင့်ပြုမည်ဟု မီးစိမ်းပြထားသည့် ကိန်းဂဏန်းဟုဆိုလျှင် လည်း ရသည်။ သို့သော်စိတ်ဝင်စားစရာကောင်းသည်မှာ ယင်းရင်းနှီးမြှုပ်နှံမှုစီမံကိန်းကြီးများအတွက် ယနေ့အချိန်အထိ ငွေကြေးတစ်စုံတစ်ရာ ရင်းနှီး မတည်မှု မပြုလုပ်ရသေးခြင်းပင် ဖြစ်သည်။ ကုလသမဂ္ဂ ကုန်သွယ်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ကွန်ဖရင့်(UNCTAD) အဆိုအရ ယမန်နှစ်အတွင်း မြန်မာနိုင်ငံသို့ စီးဝင်လာသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုမှာ အမေရိကန်ဒေါ်လာ ၇၅၆ သန်းကျော်သာ ဖြစ်ပြီး ကမ္ဘောဒီးယားနိုင်ငံနှင့် တန်းတူနီးပါး ဖြစ် သည်။ ကမ္ဘောဒီးယား၏ ၂၀၁၀ ပြည့်နှစ် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတန်ဖိုးမှာ ဒေါ်လာ ၇၈၃ သန်းဖြစ်ပြီး ဗီယက်နမ်မှာ ဒေါ်လာ ၈ ဒဿမ ၂ ဘီလီယံဖြစ် သည်။ မြန်မာနိုင်ငံသို့ ရင်းနှီးမြှုပ်နှံမှုများ စီးဝင်လာမှုနှင့် ပတ်သက်ပြီး UNCTAD က ကိန်းဂဏန်းများထုတ်ပြန်ရာတွင် အဆိုပါနိုင်ငံနှစ်နိုင်ငံကိုလည်း ထည့်သွင်း ဖော်ပြခဲ့ခြင်း ဖြစ်သည်။
ဖြည့်စွက်ဆိုရမည်ဆိုပါက မြန်မာနိုင်ငံက ခွင့်ပြုထားသော ရင်းနှီးမြှုပ်နှံမှုများမှာ နိုင်ငံအနည်းငယ်မျှဆီကသာ ဝင်ရောက်လာခြင်း ဖြစ်သည်။ စာရင်း အတိအကျအရ ပြောပါက နိုင်ငံပေါင်း ၇ နိုင်ငံမှဖြစ်သည်။ ထိုနိုင်ငံများအနက် တရုတ်ပြည်၏ ရင်းနှီးမြှုပ်နှံမှုသည် သိသိသာသာများပြားသည်။ ၁၉၉၀ ပြည့်နှစ်များအတွင်း တရုတ်ပြည်၏ ရင်းနှီးမြှုပ်နှံမှုများ တန်ဖိုးမှာ ဒေါ်လာ ၈ ဒဿမ ၃ သန်းမျှသာ ရှိခဲ့သော်လည်း ၂၀၀၀ ပြည့်နှစ်များတွင် တဖြည်းဖြည်း များပြားလာသည်။ လွန်ခဲ့သည့်နှစ်နှစ်အတွင်းရရှိခဲ့သော စာရင်းဇယားများအရ တရုတ်သည် တစ်နှစ်လျှင် ဒေါ်လာ သန်း ၃၅၀ ခန့်ဖြင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု အများဆုံးလုပ်သည့် နိုင်ငံများ စာရင်းဝင်လာခဲ့သည်။ ရင်းနှီးမြှုပ်နှံမှု အများအပြားပြုလုပ်သည့် အခြားသော နိုင်ငံများမှာ တောင်ကိုရီးယား၊ ထိုင်းနှင့် ဟောင်ကောင်တို့ ဖြစ်ကြသည်။ သို့တိုင်အောင် ဟောင်ကောင်မှ ရင်းနှီးမြှုပ်နှံမှုပြုလုပ်သော ကုမ္ပဏီကြီးများမှာ တရုတ်ပြည်မ ကြီးတွင် နေထိုင်သူများ ပိုင်ဆိုင်ခြင်း ဖြစ်သည်။ နှိုင်းယှဉ်ချက်အားဖြင့်ပြောမည်ဆိုပါက ဗီယက်နမ်သည်လည်း မြန်မာနိုင်ငံနီးပါးပင် ယမန်နှစ်အတွင်း ရင်းနှီးမြှုပ်နှံမှုများစွာ ဆွဲဆောင်နိုင်ခဲ့သည်ကိုတွေ့ရသည်။ (ဗီယက်နမ် FDI မှာ ဒေါ်လာ ၁၉ ဒဿမ ၅ ဘီလီယံဖြစ်ပြီး၊ မြန်မာမှာ ဒေါ်လာ ၂၀ ဘီလီယံ ဖြစ်သည်) သို့သော် ဗီယက်နမ်သို့ ဝင်ရောက်သော ရင်းနှီးမြှုပ်နှံမှုများမှာ နိုင်ငံပေါင်း ၅၁ နိုင်ငံမှဖြစ်သည်။
နောက်ထပ်စိတ်ဝင်စားစရာကောင်းသည့် အချက်မှာ အိန္ဒိယနိုင်ငံမှလာသော ရင်းနှီးမြှုပ်နှံမှုများပင်ဖြစ်သည်။ မြန်မာနိုင်ငံတွင်း ရင်းနှီးမြှုပ်နှံမှု များနှင့် ပတ်သက်လာပါက အိန္ဒိယသည် အာရှအင်အားကြီး၊ အိမ်နီးချင်း တရုတ်ပြည်နှင့် မဟာဗျူဟာပြိုင်ဘက်နိုင်ငံကြီးတစ်ခုအဖြစ် အမွှန်းတင်ပြောဆို ခံထားရသည့်တိုင် ၎င်း၏ ရင်းနှီးမြှုပ်နှံမှု ကိန်းဂဏန်းကို ကြည့်ရသည်မှာ တရုတ်နှင့်များစွာကွာခြားနေသည်ကို တွေ့ရသည်။ ၂၀၀၉ ခုနှစ်၊ စက်တင်ဘာ လတစ်လျှောက် တဖြည်းဖြည်းချင်း တိုးပွားလာသော အိန္ဒိယနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုမှာ ဒေါ်လာ နှစ်သိန်းမျှသာဖြစ်သည်။ သို့သော် အိန္ဒိယမှာ နောက်ဆုံး တွင် ၎င်း၏ ရင်းနှီးမြှုပ်နှံမှုများကို တိုးမြှင့်လာသည်ကိုတွေ့ရသည်။ ဒေါ်လာ ၁၃၇ သန်းတန် ကုလားတန် စီမံကိန်းမှာ မြန်မာနိုင်ငံတွင်း အိန္ဒိယ၏ နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုဖြစ်သည်။ ယင်းစီမံကိန်းနေရာမှာ တရုတ်နိုင်ငံက အကောင်အထည်ဖော်လျက်ရှိသော စီမံကိန်းနေရာနှင့် နီးစပ်ရာတွင် ရှိ သည်။
အတိတ်ကာလတွင် ခွင့်ပြုပြီးသားဖြစ်သော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိန်းဂဏန်းများဖြင့် အသေးစိတ် အကြောင်းကိစ္စများကို သိရှိရန် ခဲယဉ်း သော်လည်း အဆိုပါကိန်းဂဏန်းများသည် အနာဂတ် ရင်းနှီးမြှုပ်နှံမှုအလားအလာကို ညွှန်းဆိုရာ၌ လွန်စွာအသုံးဝင်ပါသည်။ အကယ်၍ ယခုနှစ် အတွင်းရရှိခဲ့သော သဘောတူခွင့်ပြုချက်များသည် ညွှန်းကိန်းများ ဖြစ်မည်ဆိုပါက မြန်မာနိုင်ငံသည် FDI အခန်းကဏ္ဍတွင် စွမ်းအင်တူးဖော်ထုတ်လုပ် ရေးနှင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးအစရှိသော အဆင့်မြင့်စီမံကိန်းကြီးများအတွက် သီးခြားသတ်မှတ်ထားပြီး ဖြစ်သည်ဟုပင် ဆိုရမည်။
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတန်ဖိုး ဒေါ်လာ ၂၀ ဘီလီယံတွင် ၅၈ ရာခိုင်နှုန်းမှာ စွမ်းအင်တူးဖော်ထုတ်လုပ်ရေး အခန်းကဏ္ဍအတွက်ဖြစ်ပြီး ၄၁ ရာခိုင်နှုန်းမှာ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးအတွက် ဖြစ်သည်။ (ဧရာမ ဆည်တမံကြီး အနည်းငယ် တည်ဆောက်မှုအတွက်လည်းပါဝင်သည်။) အခြား ကျန်ရှိသည့် ၁ ရာခိုင်နှုန်းမှာမူ လယ်ယာစိုက်ပျိုးရေးနှင့် ကုန်ထုတ်လုပ်ရေး အခန်းကဏ္ဍတွင်ဖြစ်သည်။ သို့သော် အိမ်ယာမြေ သို့မဟုတ် ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းသာမက အခြားသော အခန်းကဏ္ဍများအတွက် ရင်းနှီးမြှုပ်နှံမှုများနှင့်ပတ်သက်၍ သဘောတူခွင့်ပြုချက်မရရှိသေးပေ။ ယမန်နှစ်တွင် သဘောတူ ခွင့်ပြုခဲ့သော ရင်းနှီးမြှုပ်နှံမှုများ စုစုပေါင်းပမာဏမှာ အပြသဘောမျှသာဖြစ်ပြီး လွန်ခဲ့သည့် ဆယ်စုနှစ်တစ်ခု အတွင်း အခန်းကဏ္ဍအလိုက် ခွဲဝေ မှုမှာ စွမ်းအင်တူးဖော်ထုတ်လုပ်ရေးနှင့် လျှပ်စစ်စွမ်းအားထုတ်လုပ်ရေးကဏ္ဍများသို့ ဝင်ရောက်သွားသည့် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု၏ ၉၈ ဒဿမ ၇ ရာခိုင်နှုန်းနှင့်ပတ်သက်မှုမရှိပေ။
ယခုလို ၂၀၁၀ ပြည့်နှစ်အတွင်း စွမ်းအင်တူးဖော်ထုတ်လုပ်ရေးနှင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး အခန်းကဏ္ဍများ၌ ရင်းနှီးမြှုပ်နှံမှုကို အစွမ်းကုန် အာရုံစိုက်နေခြင်းမှာ ခေတ်မီမြန်မာနိုင်ငံတည်ဆောက်ရေးအတွက် သာမန်ကိစ္စတစ်ခုဟု သတ်မှတ်နိုင်သော်လည်း ကမ္ဘာတစ်ဝန်းမှ နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုများနှင့် နှိုင်းယှဉ်ပါက သိသိသာသာ ထူးခြားကွဲပြားနေသည်။ UNCTAD ယမန်နှစ်အတွင်းထုတ်ပြန်သော ကိန်းဂဏန်းများအရ FDI ၉ ဒဿမ ၆ ရာခိုင်နှုန်းမှာ စွမ်းအင်တူးဖော်ရေးအခန်းကဏ္ဍတွင်ဖြစ်ပြီး လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးကဏ္ဍတွင် ၄ ဒဿမ ၁ ရာခိုင်နှုန်းသာ ဖြစ်ကြောင်း သိရသည်။ စက်မှုကုန်ထုတ်လုပ်ရေးအခန်းကဏ္ဍ၌မူ စုစုပေါင်း FDI တန်ဖိုး၏ ၀ ဒဿမ ၃ ရာခိုင်နှုန်းမျှသာရှိသည်။ သို့ဆိုလျှင် ယခုကဲ့သို့ သော ကိန်းဂဏန်းများက မည်သည့်အရာကို ဖော်ကျူးနေပါသနည်းဟု မေးစရာရှိလာသည်။ ပါမောက္ခ Andreea Mihalache O Keef အဆိုအရ စွမ်းအင်တူးဖော်ရေးနှင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး အခန်းကဏ္ဍများ ဟူသည် ကမ္ဘာလုံးဆိုင်ရာရှားပါးသောရင်းမြစ်များ သို့မဟုတ် ပထဝီ အနေ အထားအရ အရေးပါသည့် သဘာဝသယံဇာတများအဖြစ် မှတ်ယူ၍ရသော အကြောင်းအရာများဖြစ်သည်။ ဥပမာအားဖြင့်ဆိုပါက သတ္တုတွင်းတစ်ခု တည်ဆောက်မည် သို့မဟုတ် ရေလှောင်တမံတစ်ခုတည်ဆောက်မည်ဆိုပါက သတ္တုကြောများတည်ရှိနိုင်သည့်နေရာနှင့် မြစ်ကြောင်း စီးဆင်းမှု ကောင်းမွန် သော နေရာများကို မဖြစ်မနေရှာဖွေရမည်ဖြစ်သည်။ ယင်းအချက်သည်ပင် ရောင်းချသူ တစ်ဦး၏ ဈေးကွက်ဖြစ်ပေသည်။
ကုန်ထုတ်လုပ်သူများအနေဖြင့် ၎င်းတို့ကြိုက်နှစ်သက်သည့် မည်သည့်နေရာတွင်မဆို ရင်းနှီးမြှုပ်နှံ လုပ်ကိုင်ပေသည်။ ပုံမှန်အားဖြင့် စရိတ်စက သက်သာပြီး အမြတ်အစွန်းများစွာထွက်ရှိနိုင်သည့် နေရာဒေသမျိုးကို ရွေးချယ်ကြသည် ချည်းသာပင်ဖြစ်သည်။ နှိုင်းရအကျိုးအမြတ်ရရှိမည့် နေရာမျိုးကို ရှာဖွေလေ့ရှိကြသည်။ နိုင်ငံအသီးသီးက ကုန်ထုတ်လုပ်မှုအခန်းကဏ္ဍတွင် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမှုများ ဝင်ရောက်လာအောင် အပြိုင်အဆိုင် ကြိုးပမ်း ကြရာ၌ ယှဉ်ပြိုင်မှုပြင်းထန်မည့် စီးပွားရေးဝန်းကျင်မျိုးဖြစ်အောင် ဖန်တီးကြသည်။ အဆိုပါ စီးပွားရေးဝန်းကျင်ဟူသည်မှာ သင့်တင့် လျောက်ပတ်သော အခွန်စနစ်နှင့် ပို့ကုန်စနစ်တို့ရှိခြင်း၊ အရည်အသွေးကောင်းမွန်သည့် အခြေခံအဆောက်အအုံများရှိခြင်း၊ စီးပွားရေးလုပ်ငန်းများ လုပ်ဆောင်ရာတွင် ယေဘုယျအားဖြင့် အဆင်ပြေချောမွေ့မှုရရှိခြင်း အစရှိသည်တို့ဖြစ်သည်။ ဤသို့ဆိုပါက စက်မှုကုန်ထုတ်လုပ်မှုအခန်းကဏ္ဍမှ ရင်းနှီးမြှုပ်နှံသူများ၊ အထူး သဖြင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပိတ်ဆို့ အရေးယူခြင်း မခံရသော နိုင်ငံများမှ ရင်းနှီးမြှုပ်နှံသူများ အဘယ်ကြောင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု မပြုလုပ် ကြသနည်းဟု မေးစရာရှိသည်။
အကြောင်းမှာ မြန်မာနိုင်ငံသည် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု အမျိုးအစားအတော်များများအတွက် ယှဉ်ပြိုင်မှုရှိသော နေရာဒေသ တစ်ခု မဟုတ်သောကြောင့်ဖြစ်သည်။ မြန်မာနိုင်ငံတွင် အခြေခံအဆောက်အအုံ အရည်အသွေးများ ညံ့ဖျင်းမှု၊ ဆိပ်ကမ်းဆိုင်ရာ စရိတ်စကများမြင့်မားခြင်း၊ လျှပ်စစ် ဓာတ်အား ပုံမှန်ကောင်းမွန်စွာမရရှိခြင်း၊ ပြည်တွင်းသုံး ငွေကြေးတန်ဖိုးမတည်ငြိမ်ခြင်း၊ စီးပွားရေးလုပ်ငန်းလုပ်ကိုင်ရာ၌ နိုင်ငံရေးနှင့် ပတ်သက် သည့် အဟန့်အတားများ ရှိနေခြင်း အစရှိသည်တို့ အပါအဝင် ပြဿနာပေါင်းစုံပြည့်နှက်နေသောကြောင့်ဖြစ်သည်။ အဆိုပါစိန်ခေါ်မှုများ အနက် လတ်တလော ပြည်တွင်းသုံးကျပ်ငွေတန်ဖိုးအဆမတန်မြင့်တက်နေခြင်းကြောင့်လည်း ပို့ကုန်လုပ်ငန်းရှင်များ လွန်စွာထိခိုက်နစ်နာလျက်ရှိသည်။ မြန်မာ ကျပ်ငွေနှင့် အမေရိကန်ဒေါ်လာလဲလှယ်မှုနှုန်းထားမှာ လွန်ခဲ့သည့် တစ်နှစ်ခန့်က ၁ ဒေါ်လာလျှင် ၁၀၀၀ ကျပ်ခန့်ရှိရာမှ ယခုနှစ်သြဂုတ်လတွင် ကျပ် ၇၀၀ အောက်ထိပင် ရောက်ရှိသွားသည်။ အဆိုပါဖြစ်ရပ်ကြောင့် ယခင်ကတည်းက အခက်အခဲပေါင်းစုံနှင့်ပြည့်နှက်နေသည့် ရင်းနှီးမြှုပ်နှံမှု အခန်း ကဏ္ဍအား ပိုမိုဆိုးရွားသွားစေသည်။
သို့အတွက်ကြောင့် အမေရိကန်နှင့် အနောက်၏ ပိတ်ဆို့အရေးယူမှုများက မြန်မာ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အဟန့်အတား ဖြစ်စေသည် ဟူသော အဆိုမှာ မည်သို့မျှဖြစ်နိုင်ဖွယ်မရှိပေ။ အာရှနိုင်ငံများသည်လည်း မြန်မာနိုင်ငံတွင်း ရင်းနှီးမြှုပ်နှံမှုများနှင့်ပတ်သက်၍ ပိတ်ပင်တားဆီးမှုများ ပြုလုပ်ထားခြင်း မရှိသည်ကိုတွေ့နိုင်သည်။ သို့သော် အဆိုပါ နိုင်ငံများမှ ရင်းနှီးမြှုပ်နှံသူများက နိုင်ငံတကာအဆင့်တွင်ပြိုင်ဆိုင်မှုအားကောင်းသည့် ရင်းနှီးမြှုပ်နှံမှု အခန်းကဏ္ဍများ အပါအဝင် စက်မှုကုန်ထုတ်လုပ်မှုနှင့် အိမ်ယာမြေ တည်ဆောက်ရေးအခန်းကဏ္ဍများ၌ ဝင်ရောက်ရင်းနှီးလုပ်ကိုင်ခြင်း မရှိသေးကြပေ။ မြန်မာနိုင်ငံအစား ဗီယက်နမ်ကဲ့သို့ အရှေ့တောင်အာရှမှ အခြားနိုင်ငံများတွင် ရင်းနှီးလုပ်ကိုင်ကြရန်သာ ကြိုးပမ်းနေကြသည်။ မြန်မာ ပြည်ဟူသည် သဘာဝသယံဇာတများ၊ ရင်းမြစ်များရရှိရေး၊ ဆည်တမံတည်ဆောက်ခွင့် ရရှိရေးအတွက် နေရာသက်သက်မျှသာဖြစ်နေတော့သည်။ ထိုသို့ ဆိုလျှင် စီးပွားရေးပိတ်ဆို့အရေးယူမှုများမရှိလျှင်လည်း အနောက်နိုင်ငံများမှ ရင်းနှီးမြှုပ်နှံသူများအနေဖြင့် မြန်မာနိုင်ငံသို့လာရောက်လုပ်ကိုင်မည့် အကြောင်း ကိစ္စ တစ်စုံတရာ ရှိမည်မဟုတ်ပေ။ မြန်မာနိုင်ငံသို့ အနောက်မှ ရင်းနှီးမြှုပ်နှံလာရေးမှာ လွန်စွာ အလားအလာနည်းပါးလှသည်။
သို့သော် မြန်မာအစိုးရအဖွဲ့သစ်က လတ်တလောကာလများအတွင်း အပြုသဘောဆောင်ပြီး အကောင်း မြင်နိုင်မည့် အရိပ်လက္ခဏာများကို ထုတ်ဖော်ပြသလျက်ရှိသည်။ ပြုပြင်ပြောင်းလဲမှုများလုပ်ကိုင်ရာ၌ စီးပွားရေး အခန်းကဏ္ဍနှင့် ပတ်သက်သော ပြဿနာများကိုသိရှိထားပါကြောင်း အစိုးရ က ထုတ်ဖော်ပြောဆိုသည်။ တိုးတက် ကောင်းမွန်လာသော အုပ်ချုပ်ရေးယန္တရားနှင့် တာဝန်ယူဆောင်ရွက်မှုတို့ကြောင့် သဘာဝသယံဇာတ ထုတ်လုပ် ရောင်းချမှုမှ ရရှိနေသည့် အခွန်ဘဏ္ဍာများအား အခြေခံအဆောက်အအုံကောင်းများနှင့် အများပြည်သူဆိုင်ရာ အရေးကိစ္စများအတွက်အသုံးပြုနိုင်မည့် အခွင့်အရေးများရှိလာနိုင်သည်။ ထိုသို့ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ကိုင်ပြီး တိုင်းပြည်၏ အရည်အသွေး မြင့်တက်လာမည်ဆိုပါက အခြားသော FDI အမျိုး အစားများကို ကောင်းမွန်စွာ ဆွဲဆောင်နိုင်မည် ဖြစ်သည်။ အထူးသဖြင့် လုပ်အားကဲ စက်မှုလုပ်ငန်းများ(Labor Intensive Industry) တွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်လာနိုင်အောင် လုပ်ဆောင်နိုင်မည်ဖြစ်သည်။ မည်သို့ပင်ဆိုစေ ကမ္ဘာ့နေရာအနှံ့တွင် ဖြစ်ပေါ်နေသော “ရင်းမြစ်ရရှိမှု ကံခေခြင်း” ဟူသည့် အကြောင်းကိစ္စကြောင့် မြန်မာနိုင်ငံစစ်မှန်သော စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဆောင်ကြဉ်းလာနိုင်ရေးတွင် အကောင်းမြင်သည့်သဘောဖြင့် ကြည့်ခြင်း ထက် သတိပြု စောင့်ကြည့်ခြင်းက ပို၍ သင့်တော်မည်ဖြစ်သည်။
**************************************************************************
မြန်မာမိန်းကလေးများ တရုတ်တို့၏ အဓမ္မကြင်ဖော်ဖြစ်နေ
(The Telegraph မှ 4 Sept 2011 ရက်စွဲပါ “Burma’s women forced to be Chinese Brides” ဆောင်းပါးကို ဘာသာ ပြန်ဆိုသည်)
မြန်မာတိုင်းရင်းသူလေး “အဘာ” တရုတ်ပြည် အနာက်တောင်ပိုင်း ယူနန်ပြည်နယ်သို့ အလည်သွားရန် သူမ၏ ဇာတိဖြစ်သော မူဆယ်မှ ထွက်ခွာ ခဲ့စဉ်က အသက် ၁၂ နှစ်မျှသာ ရှိသေးသည်။ သူမ နယ်စပ်ကို ဖြတ်ကူးသွားစဉ်က နာရီပိုင်းမျှသာ အချိန်ဖြုန်းရန် မျှော်လင့်ခဲ့ခြင်းဖြစ်သည်။
သို့သော် သူမ၏ မိသားစုနှင့်ပြန်တွေ့ရန် အချိန် ၃ နှစ် ကြာသွားခဲ့သည်။ မြန်မာနိုင်ငံမှ အခြားမိန်းကလေးငယ်များ၊ အမျိုးသမီးများကဲ့သို့ပင် သူမ သည်လည်း တရုတ်နိုင်ငံသို့ သွားရန် ဖြားယောင်းခြင်းခံခဲ့ရကာ တရုတ်နိုင်ငံတွင် မိန်းကလေး (သမီး) မွေးဖွားမှု မလုံလောက်၍ မိန်းမရှာရန် ခက်ခဲ လာသည့် (အရေအတွက် တိုးပွားလာသော) တရုတ်အမျိုးသားများထဲမှ တစ်ဦးနှင့် အတင်းအကျပ် လက်ထပ်ရန် ရောင်းစားခံရခြင်း ဖြစ်ပေသည်။
တရုတ်နိုင်ငံသို့ ရောက်နေသော “အဘာ” မှာ သူမ၏ မိသားစုနှင့် မဆက်သွယ်နိုင်သည့်အပြင် အိမ်အပြင်သို့ပင် ထွက်ခွင့်မရဘဲ ပုံမှန်ရိုက်နှက် ခံရသည့်ဒုက္ခကို ခါးစည်း၍ ခံခဲ့ရသည်။ “အဘာ” သည်သူမကို ဝယ်ယူသော မိသားစုမှ သားဖြစ်သူနှင့် လက်ထပ်ရန်သာ ရှိတော့သည်ဟူသော အသိ ဖြင့်သာ နေထိုင်ရင်း ထိုခြံထဲတွင် ပြေးလွှားနေသော ဝက်ကလေး၊ ကြက်ကလေးများထဲမှ တစ်ကောင်အဖြစ်သို့ ရောက်ရှိသွားခဲ့သည်။
“ကျွန်မကို ယွမ်နှစ်သောင်း (မြန်မာကျပ်ငွေ သိန်း ၃ဝ ခန့်) လောက်နဲ့ ရောင်းစားခံခဲ့ရတာပါ။ ကျွန်မကို ဝယ်တဲ့ အချိန်တုန်းက လက်ထပ်ဖို့ အတွက် ကျွန်မက သိပ်ကို ငယ်လွန်းတယ်လေ။ သူတို့သားနဲ့ လက်ထပ်ရမယ်လို့ နောက်ပိုင်းကျမှ ကျွန်မကို ပြောကြတာပါ။ တစ်နည်းအားဖြင့် ကံကောင်း သွားတာပေါ့၊ တကယ်ရောင်းစားခံရတဲ့အချိန်တုန်း ကသာ အသက် ၂ နှစ်၊ ၃ နှစ် ပိုကြီးနေမယ်ဆိုရင် အခုချိန်မှာ လက်ထပ်လိုက်ရပြီပေါ့၊” ဟု အဘာ က ဆိုသည်။
ကလေးဘဝတွင် ပြန်ပေးဆွဲခံရပြီး ကျေးကျွန်သဖွယ်ရောင်းစားခံခဲ့ရသည့် အခြေအနေမှ ကံကောင်းလိမ့်မည်ဟု မည်သူမျှ စဉ်းစားမိကြမည် မဟုတ်ပါ။ သို့သော် အဘာသည် ကံကောင်းသူများထဲတွင် တစ်ဦးအပါအဝင်ဖြစ်ခဲ့သည်။ သူမသည် အဓမ္မလက်ထပ်ခံရခြင်းမှ လွတ်မြောက်လာရုံ သာမကဘဲ ကယ်တင်ခံရပြီး အိမ်သို့ ပြန်လာနိုင်ခဲ့ပေသည်။
အလိုမတူဘဲ လက်ထပ်ပေါင်းသင်းရန် တရုတ်နိုင်ငံဘက်သို့ ရောင်းစားခံရသည့် မြန်မာမိန်းမပျိုအများစုမှာ ပျော်ရွှင်စွာ ဇာတ်သိမ်းနိုင်ခြင်း မရှိကြဘဲ ဆင်းရဲပင်ပန်းငြီးငွေ့စရာ ကောင်းသောဘဝများကိုသာ အကောင်းဆုံးအဖြစ် ရင်ဆိုင်ကြရပြီး အဆိုးဆုံးမှာ သေကြောင်းကြံရန် ကြိုးစား မိကြခြင်းဖြစ်သည်။
သမားရိုးကျနည်းလမ်းများဖြင့် အိမ်ထောင်ဖက် မရနိုင်သော တရုတ်ကျေးလက်ဒေသမှ လူပျိုသိုးများ (သို့) ဂွမ်ဂန်းဟုခေါ်သော ယောက်ျား များနှင့် ပေါင်းသင်းရန်အတွက် နှစ်စဉ် တရားမဝင် လူကုန်ကူးခြင်း ခံနေရသော မြန်မာ မိန်းမပျို ဘယ်နှစ်ထောင်ခန့်ရှိမလဲ ဆိုသည်ကို မည်သူမျှ မသိကြပါ။ သေချာသောအချက်မှာ အချိန်နှင့်အမျှ အရေအတွက် တိုးပွားနေခြင်းသာ ဖြစ်သည်။ တရုတ်နိုင်ငံ၏ အနှစ် ၃ဝ ကြာ “ကလေးတစ်ယောက် မူဝါဒ” နှင့် တရုတ်လူမျိုးတို့၏ သားယောက်ျားလေး ဦးစားပေးသည့်ဓလေ့တို့ ပေါင်းလိုက်သည့်အခါ ဆိုးဝါးလှသော ကျား-မ ဟန်ချက်မညီမှုကို ဖန်တီး ဖြစ်ပေါ် စေခဲ့လေသည်။
ယခုအခါ တရုတ်နိုင်ငံတွင် သမီးမိန်းကလေး ၁ဝဝ မွေးတိုင်း သားယောက်ျားလေး ၁၂ဝ ခန့် မွေးဖွားနေသည်ဟု ခန့်မှန်းထားကြသည်။ Chinese Academy of Social Science ၏ အဆိုအရ သက္ကရာဇ် ၂ဝ၂ဝ အထိ တရုတ်အမျိုးသား ၂၄ သန်းခန့် မိန်းမရနိုင်ဖွယ်မရှိဟု သိရှိရသည်။
“ကလေးတစ်ယောက် မူဝါဒဟာ အလွယ်တကူ စဉ်းစားကြည့်နိုင်တဲ့ သက်ရောက်မှုမျိုး ရှိနေပါတယ်။ ကျား-မ ဟန်ချက်မညီမှု ရှိလာပြီဆိုတော့ မိန်းကလေး လိုအပ်ချက် များလာတဲ့ အနေအထားကို တွေ့ရပြီပေါ့၊ တစ်ခါတလေမှာတော့ တရားဝင် အိမ်ထောင်ဖက် ပွဲစားတွေကတစ်ဆင့် ဒီလိုအပ် ချက်ကို ပြည့်မှီသွားပေမဲ့ တခြားအချိန်တွေမှာတော့ တရားမဝင် နည်းလမ်းတွေနဲ့ဖြည့်ဆည်းလာကြတာပါ” ဟု ယူနက်စကို ဘန်ကောက်ရုံးခွဲမှ အိတ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ်နှင့် တရားမဝင်လူကုန်ကူးမှုဆိုင်ရာ နိုင်ငံတကာညှိနှိုင်းရေးတာဝန်ခံ David Feingold က ပြောကြားသည်။ ယင်းသည် ၂ဝဝ၃ ခုနှစ် မှတ်တမ်းရုပ်ရှင် Trading Women ကို ရေးသား၊ ရိုက်ကူးသူလည်းဖြစ်သည်။
ဂေါက်သီး ကစားကာ ဘုရားရှိခိုးတတ်ကြသော နားလည်ရခက်သည့် တပ်မတော်အာဏာရှင်များ အုပ်ချုပ်ခဲ့သည့် မြန်မာနိုင်ငံသည် ယခုအခါ တရုတ်နိုင်ငံမှ အဓမ္မထိမ်းမြားမှု၏ အဓိကရင်းမြစ်တစ်ခုဖြစ်နေသည်။
ကမ္ဘာ့အဖိနှိပ်ဆုံးနိုင်ငံတစ်ခု ဖြစ်ရုံသာမကဘဲ အလွန်အမင်း ဆင်းရဲမွဲတေမှုနှင့် မကြာခဏ စားနပ်ရိက္ခာ မလုံလောက်မှုများက လူကုန်ကူးသူ များအတွက် မြန်မာမိန်းမပျိုလေးများအား တရုတ်နိုင်ငံသို့ သွေးဆောင်ဖြားယောင်း ခေါ်ယူရန် အလွန်တရာပင် လွယ်ကူစေသည်။ ထို့နောက်တွင် တရုတ် မယား အဖြစ် ရောင်းစားခြင်းခံရတော့သည်။
“မြန်မာဖက်ကနေ တရုတ်ပြည်ထဲကို တရားမဝင်ခေါ်ဆောင်ခြင်းခံရတဲ့ မိန်းကလေးအများစုဟာ အဓမ္မ ထိမ်းမြား ပေါင်းသင်းခံရမှုနဲ့ပဲ အဆုံး သတ် ကြရပါတယ်” ဟု Mr.Feingold က ဆိုသည်။
ရောင်းစားခံရသည့် မိန်းကလေးများ၏ ဈေးနှုန်းမှာ အသက်အရွယ်နှင့် ရုပ်ရည်ပေါ်တွင် မူတည်ကာ ယွမ် ၆ဝဝဝ (ကျပ်ငွေ ၉ သိန်း) မှ ယွမ် ၄ဝဝဝဝ (ကျပ်ငွေ ၃၆ သိန်း) ထိ ဈေးပေါက်လျက် ရှိသည်။
ထိုင်းနိုင်ငံအခြေစိုက် Kachin Women’s Association of Thailand (KWAT) ၏ အဆိုအရ တရုတ်နိုင်ငံတွင် ရောင်းစားခံရသော မိန်းမပျို လေးများ၏ ၂၅% မှာ အသက် ၁၈ နှစ်ပင် မပြည့်ကြသေးဟု သိရှိရသည်။ “ယောက်ျားတွေက ကလေးများများ မွေးပေးနိုင်မယ့် ကျန်းမာ၊ ငယ်ရွယ်တဲ့ မိန်းကလေး တွေကို လိုချင်ကြတယ်လေ။ တကယ်တမ်းကျတော့ မိန်းမတွေကို ကလေးလုပ်တဲ့စက်လို့ပဲ သတ်မှတ်ထားကြတာပါ” ဟု ယူနန်ပြည်နယ်ရှိ (KWAT) ၏ လူကုန်ကူးမှု တိုက်ဖျက်ရေးအစီအစဉ် အကြီးအကဲ Julia Marip က ပြောကြားသည်။
မြန်မာတိုင်းရင်းသူလေး ‘အဘာ’ တစ်ခါက ရောက်ခဲ့သည့် ရွှေလီသည် မြန်မာနိုင်ငံမှ လူကုန်ကူးခံရသော မိန်းကလေးများ တစ်ထောက်နားခိုရာ ယူနန် ပြည်နယ်၏ နယ်စပ်မြို့ဖြစ်သည်။ တရုတ်ပြည် အနောက်တောင်ပိုင်းမှ ဝါဂွမ်းခြံပိုင်ရှင်မိသားစုထံ ရောင်းစားခြင်းခံရသည့် အဘာသည် ယခုအခါ ၁၆ နှစ် ပြည့်ကာ ရှက်ပြုံးလေးနှင့် မိန်းမလှလေး ဖြစ်နေပြီဖြစ်သည်။ အဘာသည် ကျပန်းအလုပ်သမားဖခင်နှင့် အလုပ်လက်မဲ့ မိခင်တို့မှ မွေးဖွားသော ကလေး ၃ ယောက် အနက်မှ တစ်ဦးဖြစ်သည်။
ပထမအကြိမ်တွေ့စဉ်က အဘာသည် ဂျင်းဘောင်းဘီ၊ အဖြူရောင်တီရှပ်ဖြင့် သာမန်ဆယ်ကျော်သက် တစ်ယောက်ဟု ထင်မြင်ရသော်လည်း တိုးတိတ်သော လေသံဖြင့် စကားပြောလိုက်သောအချိန်တွင်မူ မည်မျှ ကြောက်မက်ဖွယ်သော ဖြစ်ရပ်များနှင့် တွေ့ကြုံခဲ့ရပုံနှင့် စိတ်အမာရွတ် နက်ရှိုင်း စွာ အမြစ်တွယ်နေပုံတို့ကို ထင်ရှားစွာ ပေါ်လွင်လာသည်။ “ကျွန်မ အခုချိန်ထိ တစ်ယောက်တည်းအပြင်မထွက်ရဲသေးဘူး၊ အထူးသဖြင့် ညနေစောင်း တွေမှာပေါ့” ဟု သူမက ဆိုသည်။
“တစ်ခါတလေမှာ ပန်းခြံတွေထဲက ဈေးတန်းမှာ ရောင်းစားခံကြရတယ်၊ လူပွဲစားတွေက မိန်းကလေးတွေကို မိတ်ကပ်ပြင်ပြီး အဝတ်အစား လှလှ ဆင်ပေးကြတယ်လေ၊ တစ်ခါမှ မဝတ်ဖူးတဲ့ အဝတ်အစားကောင်းကောင်းတွေ ဝတ်ရလို့ ပျော်နေတဲ့မိန်းကလေးတွေဟာ နောက်ပိုင်းမှာတော့ ဟင်းရွက်ကန်စွန်းလို ရောင်းစားခံရတော့မှာပါပဲ၊ သိပ်ကို ရက်စက် ယုတ်မာလွန်းပါတယ်” ဟု Julia Marip က ပြောသည်။
သူမ၏ နေအိမ်နှင့် မိုင်ထောင်ချီဝေးသော အရပ်တွင် လူစိမ်းများက သူတို့၏ ကျေးကျွန်သဖွယ် နှိပ်စက်ခြင်းခံခဲ့ရသော အဘာ ခံစားခဲ့ရသည့် ကြောက်မက်ဖွယ် ဖြစ်ရပ်ကို စိတ်ကူးကြည့်လျှင်ပင် နာကျင်ပင်ပန်းလှပေသည်။
“ပထမပိုင်းမှာ တရုတ်စကားမတတ်သေးတော့ လုပ်ရမယ့် အိမ်မှုကိစ္စတွေကို နားမလည်ဘဲ အမှားတွေ လုပ်မိတာပေါ့။ ဒီတော့ အိမ်ရှင် အဘွားကြီး က ရိုက်တော့တာပါပဲ၊ စကားပြောစရာ သူငယ်ချင်းလည်း မရှိတော့ သိပ်ကို အထီးကျန်ပြီး တစ်ချိန်လုံး ကြောက်ရွံ့ထိတ်လန့်နေခဲ့ပါတယ်၊ ခဏခဏ လည်း ငိုမိပါတယ်၊ အစပိုင်းမှာ မငိုဖို့ ချော့ပြောကြပေမဲ့ နောက်ပိုင်းမှာတော့ ငိုပြီဆိုရင် အော်ဟစ် ငေါက်ငမ်းတော့တာပါပဲ” ဟု အဘာက နောက်ကြောင်း ပြန် ပြောပြသည်။
ပိုက်ဆံမရှိသည့်အပြင် တရုတ်ပြည်တွင်း သူမရောက်နေသော နေရာကိုပင် မသိသည့် အဘာအတွက် လွတ်မြောက်ရေး ဆိုသည်ကို စဉ်းစား မိ၍ပင် မရနိုင်ပါ။ တစ်ချိန်လုံး စောင့်ကြည့်နေကြတယ်။ တစ်ယောက်တည်း အပြင်ထွက်ခွင့်လည်း မပေးကြဘူး ဟု သူမက ဆိုသည်။
တစ်ရက်တွင်မူ သူမကို အနီးကပ်စောင့်ကြည့်နေကြခြင်း၏ အကြောင်းရင်းကို အဘာ သိရှိသွားတော့သည်။ အိမ်ရှင်မိသားစု၏ အသက် ၂ဝ အရွယ် သားနှင့် လက်ထပ်ရမည်ဟု သူမကို ပြောလာကြခြင်းကြောင့်ပင် ဖြစ်သည်။ “ဘာကြောင့် အခုလို ခေါ်ထားတယ် ဆိုတာကို အရင်က မသိခဲ့ဘူး လေ။ အခုလိုပြောလာတော့ ကျွန်မက ငြင်းပေမဲ့ သူတို့က လက်ထပ်ရမယ်လို့ ဇွတ်အတင်း ပြောကြပါတယ်” ဟု အဘာက ပြောပြသည်။
“အဓမ္မထိမ်းမြားပေါင်းသင်းခံရဖို့ ရောင်းစားခံရတဲ့ မိန်းကလေး အများစုဟာ မလုပ်လို့မရတဲ့ အိမ်ထောင်ရေး အကျဉ်းထောင်ထဲမှာ ပိတ်မိ သွားကြ တော့တာပါပဲ၊ အများစုဟာ မလွတ်မြောက်နိုင်ကြဘူး။ သူတို့ကို ကျွန်မတို့လည်း ကူညီလို့ မရနိုင်ပါဘူး” ဟု Miss Marip က ဆိုသည်။
မျှော်လင့်ချက်မဲ့နေသော အနေအထားနှင့် ရင်ဆိုင်ကြရသောအခါ အချို့ မိန်းကလေးများမှာ တရုတ် ကျေးလက်တွင် အလွယ်တကူ ရသော ပိုးသတ်ဆေးများကို ဘဝကို အဆုံးသတ်ရန် ရွေးချယ်လာကြသည်။
သို့ရာတွင် အဘာ ကမူ အဓမ္မထိမ်းမြားခဲ့ရခြင်းကို ရှောင်လွှဲနိုင်ခဲ့သည်။ သူမ လက်ထပ်ရန် သီတင်းပတ် အနည်းငယ်အလိုတွင် ထိုရပ်ကွက်သို့ နိုင်ငံသား မှတ်ပုံတင်ကတ် ပုံမှန်လာရောက် စစ်ဆေးသည့် ရဲများက သူမကို နိုင်ငံခြားသားမှန်း သိရှိသွားကာ ခေါ်ဆောင်သွားခဲ့ကြသည်။ သူမက ဖြစ်ပျက် သမျှကို ရှင်းပြသည့်အခါ ရဲများက ထိုမိသားစုထံ သွားရောက်၍ ခင်ဗျားတို့ လူကို ဝယ်လို့မရဘူး၊ သူတို့က တိရစ္ဆာန်တွေ မဟုတ်ဘူးဟု ပြောဆိုခဲ့ကြသည်ဟု သိရသည်။ "တရုတ်ရဲတွေက တရားစွဲမလားလို့ မေးကြပေမယ့် ကျွန်မက ငြင်းလိုက်ပါတယ်။ကျွန်မက ဒီကိစ္စကို မေ့ပစ်ပြီး အိမ်ကိုပဲ ပြန်ချင်တာပါ" ဟု အဘာက ဆိုသည်။
၃ နှစ်ကြာ မိသားစုဘဝကို ပျောက်ဆုံးခဲ့ရပြီးနောက်တွင် "အဘာ" တစ်ယောက် နယ်စပ်ကို တစ်ကိုယ်တည်း ဖြတ်ကူးကာ အိမ်သို့ ပြန်လာနိုင်ခဲ့ ပါပြီ။ "အဖေနဲ့အမေက ကျွန်မကို တွေ့တော့ အရမ်းတုန်လှုပ်သွားကြပါတယ်။ သူတို့က စပြီးငိုတော့ ကျွန်မလည်း ငိုတော့တာပေါ့၊ ပြန်တွေ့ရလို့ သိပ်ကို ပျော်မိပါတယ်" ဟု ပြောကြားသော "အဘာ" က သူမ၏ မိဘများက သူမကို ရှာရန်ကြိုးစားခဲ့ကြောင်း၊ တရုတ်ပြည်ထဲသို့ ရောင်းစားခဲ့ရခြင်း ဖြစ်သည်ဟု မူဆယ်ရဲအဖွဲ့ကို တိုင်ကြားခဲ့သော်လည်း ရဲများက စုံစမ်းပေးရန်အတွက် ယွမ် ၆၀၀၀ (မြန်မာငွေကျပ် ၉သိန်းခန့်) တောင်းသောကြောင့် သူမ ၏ မိဘများက မတတ်နိုင်ခဲ့ကြောင်း ရှင်းလင်းပြောဆိုသည်။
ယင်းပုံစံသည် မြန်မာအာဏာပိုင်များက လူကုန်ကူးမှုများကို တုန့်ပြန်နေကျ ပုံစံဖြစ်သည်ဟု KWAT အဖွဲ့က ပြောကြားသည်။နယ်စပ်၏ တစ်ဖက်တွင်မူ တရုတ်ရဲများက ပင်လယ်ရပ်ခြားမှ မိန်းကလေးများ ခိုးသွင်းသော ဂိုဏ်းများထက် ပြည်တွင်း၊ဒေသတွင်း လူကုန်ကူးမှုများကို ပိုမို တိုက်ဖျက် ရန် အာရုံစိုက်လျှက်ရှိကြသည်ဟု သိရှိရသည်။
ယခင်နှစ်ကအထိ လွတ်မြောက်လာသည့် လူကုန်ကူးခံ မိန်းကလေးအနည်းစုကို တရားမဝင် လူဝင်မှုဥပဒေဖြင့် အရေးယူကာ ပြန်မပို့ခင် အချိန်အထိ ဖမ်းဆီးထားကြသည်ဟု ဆိုသည်။
ယူနက်စကိုမှ David Feinqold က "အာဏာပိုင်တွေဒီလောက်လုပ်နိုင်တာကိုက အတော်လေးဟုတ်နေပါပြီ။ ရဲတပ်ဖွဲ့ရဲ့ အားထုတ်မှုနဲ့ လူကုန်ကူးမှုကို တိုက်ဖျက်မယ်ဆိုတာကတော့ ရယ်စရာကောင်းတဲ့ အိုင်ဒီယာပါ။ အမေရိကန် ပြည်ထောင်စုမှာတောင် ဒီကိစ္စကို မဖြေရှင်းနိုင်ပါဘူး။ နယ်စပ်ဖြတ်ကျော် ရွှေ့ပြောင်းမှုကို ဖြစ်စေတဲ့ စီးပွားရေး၊ လူမှုရေး အခြေခံပြဿနာတွေကိုသာ ခင်ဗျားအနေနဲ့ ဖြေရှင်းပေးရမှာပါ" ဟု သုံးသပ် ပြောကြားသည်။
"အဘာ"ကဲ့သို့ပင် အားလုံးကလည်း ထိုအချက်များကို သိရှိကြသည်။ မြန်မာနိုင်ငံဖက်တွင် အလုပ်အကိုင် ရှားပါးမှုကြောင့် "အဘာ"သည် လွန်ခဲ့သည့် ၄ လခန့်က ရွှေလီဖက်သို့ တရားမဝင်ပြန်၍ ကူးကာ အလုပ်ရှာခဲ့ရသည်။ ယခုအခါ စားသောက်ဆိုင်တွင် စားပွဲထိုးအလုပ်ရသောကြောင့် တစ်လလျှင် ယွမ် ၆၅၀ (မြန်မာကျပ်ငွေတစ်သိန်းခန့်) ဝင်ငွေရှိနေပြီဖြစ်သည်။
ဆယ်ကျော်သက်အရွယ်တွင် တရုတ်ပြည်ထဲသို့ လူကုန်ကူးခံရသည့် "အဘာ" သည် ယခုအခါ မန်ဒရင်း ဘာသာစကားကို ကျွမ်းကျင်နေပြီ ဖြစ် သောကြောင့် ဒေသခံများနှင့် ရောနှော၍ ရသွားပြီဖြစ်သည်။ သူမ၏ဘဝ သုံးနှစ်တာ ဆုံးရှုံးမှုအတွက် တရုတ်စကားကျွမ်းကျင်မှုကို လျော်ကြေးရခဲ့ခြင်းဟု ဆိုရတော့မည်။
"ကျွန်မအပေါ်လုပ်ခဲ့သမျှအတွက် ဒီမိသားစုကို မုန်းနေတုန်းပါပဲ၊ တစ်သက်လုံးတောင် မုန်းနေမိမယ်လို့ ထင်ပါတယ်" ဟု အဘာက ပြောပြ သွားခဲ့သည်။
*******************************************************************************
ဂျပန်နှင့် တောင်ကိုရီးယား ကုန်ထုတ်လုပ်မှုများ ဇူလိုင်လတွင်းကျဆင်း
(BBC သတင်းကို ဘာသာ ပြန်ဆိုသည်)
အာရှဒေသတွင် စီးပွားရေးအင်အားအကြီးမားဆုံးနိုင်ငံများစာရင်း၌ ပါဝင်သော ဂျပန်နှင့် တောင်ကိုရီးယား နိုင်ငံတို့၏ ကုန်ထုတ်လုပ်မှု စွမ်းရည်မှာ နှေးကွေးသွားရာ ကမ္ဘာလုံးစီးပွားရေး ပြန်လည်နာလန်ထူမှုနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများ တိုးပွားလျက်ရှိသည်။
ပြီးခဲ့သည့် ဇူလိုင်လအတွင်း ဂျပန်စက်ရုံများ၏ ကုန်ထုတ်လုပ်မှုမှာ ၀ ဒဿမ ၆ ရာခိုင်နှုန်းမြင့်တက်ခဲ့သည်။ သို့သော် ဇွန်လအတွင်း မြင့်တက်မှုနှုန်းမှာ ၃ ဒဿမ ၈ ရာခိုင်နှုန်းရှိခဲ့ရာ ဇူလိုင်လတွင်း ထုတ်လုပ်မှု ကျဆင်းခဲ့ခြင်း ဖြစ်ကြောင်း BBC သတင်းကဆိုသည်။ တစ်ချိန်တည်းမှာပင် တောင်ကိုရီးယားနိုင်ငံ၏ ဇူလိုင်လတွင်း ကုန်ထုတ်လုပ်မှုသည် ယခင်လကထက် ၀ ဒဿမ ၆ ရာခိုင်နှုန်းကျဆင်းခဲ့သည်။ အဆိုပါ အာရှရှေ့ဆောင် ပို့ကုန်အခြေခံ စီးပွားရေးအင်အားကြီး နိုင်ငံနှစ်ခု၏ ကုန်ထုတ်လုပ်မှုစွမ်းရည်သည် ကမ္ဘာလုံးဆိုင်ရာစီးပွားရေးအင်အားကောင်းမွန်မှုကို တိုင်းတာရာတွင် အဓိက ကျသော ညွှန်းကိန်း(Indicator) တစ်ခုဖြစ်သည်။
"ဒီကိန်းဂဏန်းတွေဟာ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးပြန်လည်နာလန်ထူနေတဲ့ ခြေလှမ်းတွေ နှေးကွေးနေတယ် ဆိုတဲ့ အချက်ကို ဖော်ကျူး နေသလိုပါပဲ" ဟု Daewoo ကုမ္ပဏီမှ Goh You Sun ကပြောကြားသည်။
မျှော်လင့်ချက်နည်းပါးနေပြီလော
လက်ရှိအနေအထားတွင် အမေရိကန်ပြည်ထောင်စုအနေဖြင့် စီးပွားရေးကျဆင်းမှု ပြန်လည်ကြုံတွေ့ရနိုင်ပြီး ဥရောပဒေသ၏ စီးပွားရေး တိုးတက်မှုသည်လည်း အီးယူကြွေးမြီအကျပ်အတည်းကြောင့် နှေးကွေးဖွယ်ရှိသည်ဟူသော စိုးရိမ်ပူပန်မှုများ ကြီးထွားလျက်ရှိသည်။
ပို့ကုန်တင်ပို့မှုကိုအမှီသဟဲပြုနေရသည့် အာရှစီးပွားရေးအင်အားကြီး ဂျပန်နှင့်တောင်ကိုရီးယားတို့အနေဖြင့် စီးပွားရေး တိုးတက်မှုကို ဆောင်ကြဉ်းရာ၌ အမေရိကန်နှင့်ဥရောပတည်းဟူသော ပင်မဈေးကွက်ကြီးနှစ်ခုမှ ဝယ်လိုအားအပေါ် များစွာမှီခိုနေရသည်။ လေ့လာသုံးသပ်သူများ အဆိုအရ ကမ္ဘာ့အကြီးဆုံး စီးပွားရေးဇုန်ကြီးနှစ်ခု၏ တိုးတက်မှု နှေးကွေးနေခြင်းကြောင့် ဂျပန်နှင့် တောင်ကိုရီးယားတို့မှ ထွက်ရှိသောကုန်ပစ္စည်းများ ဝယ်လိုအား ကျဆင်းဖွယ်ရှိပြီး ကုန်ထုတ်လုပ်မှုစွမ်းရည်လည်း ထိခိုက်လာမည်ဖြစ်သည်။
“ယခု ဈေးကွက်တွင်းဖြစ်ပေါ်နေတဲ့ မတည်မငြိမ်မှုတွေနဲ့ နောက်ထပ်စီးပွားရေး ကျဆင်းမယ်ဆိုတဲ့ စိုးရိမ်ပူပန်မှုတွေ ဖြစ်ပေါ်နေတာကို ကြည့်ခြင်းအားဖြင့် ကျွန်တော်တို့အနေနဲ့ ပို့ကုန်လုပ်ငန်းတွေမြင့်တက်လာဖို့ အလွန်အမင်း မျှော်မှန်းလို့မရသေးဘူးလို့ထင်ပါတယ်” ဟု တောင်ကိုရီးယား Dongbu Securities မှ Kim Hyo-Jin က ပြောကြားသည်။
ထူးခြားနေသည့်ပြဿနာများ
အမေရိကန်နှင့် ဥရောပဈေးကွက်တို့တွင် ဝယ်လိုအားများကျဆင်းမှုသည် ဂျပန်နှင့်တောင်ကိုရီးယား ကုန်ထုတ်လုပ်မှု စွမ်းဆောင်ရည် နှေးကွေးမှုအတွက် ယေဘုယျဆန်သော ဖက်တာ(Factor) အဖြစ်သတ်မှတ်နိုင်သည်။ သို့သော် ဂျပန်နှင့် တောင်ကိုရီးယားနိုင်ငံတို့၏ စီးပွားရေး လုပ်ငန်းများ အတွင်း ဖြစ်ပေါ်နေသော ပြဿနာများ ကိုယ်တိုင်၌က ၎င်းတို့၏ ကုန်ထုတ်လုပ်စွမ်းရည် နှေးကွေးအောင်ပြုလုပ်နေသည်ကိုလည်း တွေ့ရသည်။
ဂျပန်စက်ရုံများသည် မတ်လ ၁၁ ရက်နေ့ ဆူနာမီနှင့် မြေငလျင်လှုပ်ခတ်မှုကြောင့် လျှပ်စစ်ဓာတ်အား နည်းပါးမှုနှင့် ရင်ဆိုင်နေရပြီး ပြည်တွင်း အခြေခံ အဆောက်အအုံကောင်းများမှာလည်း များစွာ ထိခိုက်ပျက်စီးခဲ့သည်။ ထို့ပြင် ပြည်တွင်းသုံးယန်းငွေတန်ဖိုး အဆမတန်မြင့်တက်မှုကြောင့်လည်း နိုင်ငံခြားမှ ဝယ်လက်များအနေဖြင့် ဂျပန် ထုတ်ကုန်ပစ္စည်းများကို ဈေးပိုပေးနေကြရသည်။
တခြားတစ်ဖက်တွင် တောင်ကိုရီးယားနိုင်ငံမှ ကုန်ထုတ်လုပ်ငန်းများသည်လည်း ပြည်တွင်းဈေးကွက် ဝယ်လိုအား လျော့နည်းမှုများဖြင့် နပန်းလုံး နေကြရသည်။ စားသုံးသူကုန်စည်ဈေးနှုန်းများ မြင့်တက်ခြင်း၊ အိမ်ထောင်စုကြွေးမြီ များပြားလာခြင်းတို့ကြောင့် တောင်ကိုရီးယားဗဟိုဘဏ် အနေဖြင့် ယခုနှစ်အတွင်း ငွေချေးငှားမှုနှုန်းကို သုံးကြိမ်တိတိ မြှင့်တင်ပေးခဲ့ရပေရာ ပြည်တွင်းဝယ်လိုအားကို များစွာထိခိုက်စေခဲ့ကြောင်း စီးပွားရေး လေ့လာဆန်းစစ်သူများက ဆိုသည်။
**********************************************************************************
မြန်မာ့တပ်မတော်က လွတ်ငြိမ်းခွင့်ကို ရေရွတ်သတဲ့လား
(News Scotsman မှ 4 Sept 2011 ရက်စွဲပါ “ Burma’s bramy army cry freedom” သတင်းဆောင်းပါးကို ဘာသာ ပြန်ဆိုသည်)
ကမ္ဘာက BURMA ဟုသာ အသိအမှတ်ပြုထားကြသည့် မြန်မာနိုင်ငံကဲ့သို့ အာဏာရှင် နိုင်ငံမျိုးမှ ဆင်းရဲပင်ပန်းမှုများ၊ ဖိနှိပ်ချုပ်ချယ် ထား မှုများသည် ယင်းနိုင်ငံ၏ စစ်ဖက်အုပ်ချုပ်သူများ ပုံစံသွင်းထားသည့်အတိုင်း ရှိနေသော်လည်း ဘောလုံးကွင်းများ၏ ဂိတ်ပေါက်များသို့ ရောက်သည်နှင့် ပျောက်ကွယ်သွားပါတော့သည်။
သို့မဟုတ်ပါက ပွဲကြည့်စင် လှေကားထစ်များပေါ်တွင် လုံးဝသည်းမခံနိုင်တော့၍ ကွင်းထဲသို့ မူးယစ်သောင်းကျန်းရန် အုပ်စုလိုက် ဆင်းလာ သည့် ဘောလုံးပရိတ်သတ်များ ပြောသည့်စကားကို နားထောင်ကြည့်ပါ။
“သီးသန့်အသင်း တစ်ခုခုကို အားပေးဖို့အတွက် ကျွန်တော်လာတာ မဟုတ်ပါဘူး၊ စိတ်ရှိတဲ့အတိုင်း လွတ်လွတ်လပ်လပ် အော်ဖို့ဟစ်ဖို့ လာခဲ့ တာပါ” ဟု ပြောကြားသူမှာ လက်ရှိ ကန်နေသောပွဲကို အထူးတန်း ပွဲကြည့်စဉ်ပေါ်တွင် ရပ်နေသော ၁၅ နှစ် အရွယ် ကျောင်းသား မောင်ကျော်လင်း ဖြစ် သည်။
အားကစားသည် ကမ္ဘာ့နိုင်ငံအများစုတွင် လွတ်လပ်ခွင့်ကို ဖြည့်ဆည်းပေးလျက်ရှိသော်လည်း အစိုးရ ဆန့်ကျင်သူများကို လျှို့ဝှက်ပုလိပ် (ထောက်လှမ်းရေး) က ဖမ်းကာ ထောင်ဒဏ် အနှစ် ၁၀၀ ခန့် အထိ အပြစ်ပေးနေသော မြန်မာနိုင်ငံတွင်မူ ဆင်းရဲမှုနှင့် ကြောက်ရွံ့မှု ရောနေသော ဒုက္ခ ပင်လယ်ထဲမှ ဆူညံပူညံ ပျော်ရွှင်ခွင့်ကို ဘော်လုံးပွဲများက ဖြည့်ဆည်းပေးနေသည်။ ဘော်လုံးကွင်း ပတ်ပတ်လည်ကို အဓိကရုဏ်း နှိမ်နှင်းရေးရဲများ လော်ရီကား အစီးလိုက် ဝိုင်းရံထားသော်ငြားလည်း မိနစ် ၉၀ ခန့် လွတ်လပ်ခွင့်ကို ပေးထားသည်။
ဂျူလိုင်လက မြန်မာနှင့် အိုမန် အကြား ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် ပွဲကြည့်ပရိသတ်များက ခဲများ၊ ရေပုလင်းများ၊ ဖိနပ်များဖြင့် ကွင်းအတွင်းသို့ ပစ်ပေါက် ခဲ့ကြခြင်းကြောင့် ပွဲတစ်ဝက်နားချိန်မတိုင်မှီမှာပင် ဂျပန်ဒိုင်လူကြီး၏ ပွဲရပ်ဆိုင်းခြင်းကို ခံလိုက်ရသည်။ ပွဲကြည့်ပရိတ်သတ်၏ ပစ်ပေါက်မှု ကြောင့် အိုမန်နည်းပြ၏ ဦးခေါင်းကို ထိမှန်ခဲ့သည်ဟုလည်း သိရှိရသည်။
မည်သို့ပင်ဖြစ်စေ ယခုဖြစ်ရပ်တွင် ပွဲကြည့်စဉ်ပေါ်မှ စိတ်လှုပ်ရှား ပေါက်ကွဲမှုကို မနည်းငယ်မျှသာ လျှော့ချနိုင်ခဲ့သည်။ ယခုပွဲတွင် ကွင်းအတွင်း လဲကျသွားသော တိုက်စစ်မှူးကို ပွဲကြည့်ပရိတ်သတ် တစ်ဦးက “မင်းရဲ့ခြေထောက်တွေကို ချိုးပစ်လိုက်မယ်” ဟု လှမ်းအော်လိုက်သော စကားလုံးများ သည်ပင် အတော်လေး ယဉ်ကျေးသော အားပေးမှုဟု ဆိုနိုင်သည်။ အပေါစား အရက်နံ့များ နံစော်နေသည့် ပွဲကြည့်စင်သည် အင်္ကျီဗလာနှင့် ပရိသတ် များ ခပ်ရိုင်းရိုင်း ဆေးမှင်ကြောင်မျိုးစုံဖြင့် ဟန်ရေးပြနေသော ပုံစံမှသည် မကြာခဏပင် အန်ဖတ်ကန် ဖြစ်သွားလေ့ ရှိသည်။
မြန်မာနိုင်ငံသည် အာရှတိုက်၏ အဆင်းရဲဆုံးနိုင်ငံတစ်ခု ဖြစ်သည့်အပြင် အစစအရာရာ ဈေးကြီးလွန်းသော နိုင်ငံတစ်ခု ဖြစ်သည်။ ဆဲလ်ဖုန်း တစ်ခု Account စတင်ဖွင့်သည့် စရိတ်မှာ ပေါင်စတာလင် ၄၀၀ (မြန်မာကျပ်ငွေ ၅ သိန်း) ခန့် ရှိနေပြီး မော်တော်ကား အသစ်တစ်စီး လမ်းပေါ် လှိမ့်နိုင်ရန် အတွက် အခွန်အခနှင့် ပါမစ်များကြောင့် ပေါင်စတာလင် ၁၂၄၀၀၀ (မြန်မာကျပ်ငွေ သိန်း ၁၀၀၀ ကျော်) ပိုမို ကုန်ကျ လျက်ရှိသည်။ သို့သော် ထိုနိုင်ငံတွင် ဈေးပေါသော အရာနှစ်ခု ရှိပြီး ဆန်တစ်ပြည်လျှင် ၁၀ ပဲနိနှင့် ဘော်လုံးပွဲ လက်မှတ်ကို ၄၀ ပဲနိခန့်ဖြင့် ရနိုင်ခြင်း ဖြစ်သည်။ တမင် ရည်ရွယ် သည် ဖြစ်စေ၊ မရည်ရွယ်သည် ဖြစ်စေ မြန်မာ အစိုးရသည် ပြည်သူတို့၏ စားဝတ်နေရေးနှင့် ပျော်ရွှင်မှုဘဝကို ဘောလုံးဖြင့် အစားထိုးကာ သမိုင်း စာမျက်နှာ များကို ရေးထိုးလျက် ရှိပေသည်။
၂၀၀၇ ခုနှစ်က သံဃာတော်များ၏ ရွှေဝါရောင်တော်လှန်ရေးကို လောလော လတ်လတ် အမှတ်ရနေခြင်းနှင့် ၂၀၀၈ ခုနှစ်က နာဂစ်မုန်တိုင်း အပြီး အစိုးရ၏ လူမဆန်သော ကိုင်တွယ်ပုံ အလွဲများကြောင့် ပြည်သူတို့၏ ဒေါသ ရေချိန်မြင့်လာချိန်တွင် အစိုးရအကြီးအကဲ၏ တိုက်တွန်းအားပေးမှုဖြင့် မြန်မာ နေရှင်နယ်လိဂ်ကို ဖွဲ့စည်းလိုက်ခြင်း ဖြစ်သည်။ အစိုးရက ယင်း၏ ဝေမျှစားဖက် လုပ်ငန်းရှင်ကြီးများအား လိဂ်ပြိုင်ပွဲနှင့် ဘောလုံးအသင်းများကို ငွေကြေး ပံ့ပိုးနိုင်ရန် တွန်းတွန်းတိုက်တိုက် ခိုင်းစေခဲ့ခြင်း ဖြစ်သည်။
ယခုအခါ တတိယမြောက်ရာသီသို့ ရောက်လာပြီဖြစ်သည်။ မြန်မာလိဂ် ပြိုင်ပွဲသည် အင်္ဂလိပ် ပရီးမီးယားလိဂ်၏ ကာလရှည်ကြာ လွှမ်းမိုး ထားမှုနှင့် အတူ အောင်မြင်သော ပြည်တွင်းပွဲစဉ်တစ်ခု ဖြစ်ကြောင်း သက်သေပြခိုင်းခဲ့ပြီ ဖြစ်သည်။ မြန်မာနိုင်ငံတွင် အားကစားသတင်းစာစောင်များမှာ အားလုံးထဲတွင် ရောင်းအကောင်းဆုံး ဖြစ်နေသည်။ "တစ်စုံတစ်ယောက်ဟာ သူ့ရဲ့ နေ့စဉ်ဘဝမှာ ခက်ခဲမှု၊ မောပန်းမှုများ အနှံ့ ရင်ဆိုင်နေရတဲ့ အချိန်မှာ ဒါတွေကို မေ့ပျောက်ပစ်လိုက် ချင်တာပေါ့" ဟု ပြောကြားသူမှာ လူသိများ ဘောလုံးဆောင်းပါး ရေးသူ ကိုထွတ် ဖြစ်သည်။ ကျွန်တော်တို့ နိုင်ငံမှာ ကိုယ့်ကိုကိုယ် ဘောလုံးစတားတွေလို့ စိတ်ကူးနဲ့ မြင်ယောင် ကြည့်ချင်ကြတာပေါ့။ စတားတွေရဲ့ ဘောကန် ဖိနပ်တွေကို စိတ်ကူးနဲ့ စီးကြည့်ချင်တာပေါ့ ဟု သူက ဆက်လက်ပြောကြားသည်။
ကိုတွတ်သည် ၁၉၈၈ ခုနှစ် လူထု တော်လှန်ရေးကာလက ကျောင်းသား လှုပ်ရှားသူ တစ်ဦး ဖြစ်သောကြောင့် ၁၃ နှစ်ကြာ ထောင်ဒဏ်ကျခံခဲ့ရ သူဖြစ်သည်။ မြန်မာနိုင်ငံတွင် အားကစားအကြောင်းကို ရေးသားခြင်းသည်သာလျှင် လွတ်လပ်စွာ ရေးသားပြောဆိုခွင့်နှင့် အနီးစပ်ဆုံးဖြစ်သည်ဟု ဆို သည်။ ဖြတ်တောက်၊ ပိတ်ပင် ခြင်းခံရလွန်းသည့် နိုင်ငံရေးသတင်းဆောင်းပါး ရေးသူများနှင့် မတူပဲ ဘော်လုံးဆောင်းပါးရေးသည့် သူ့အတွက် ဆင်ဆာ အနှောက် အယှက်ပေးမှု မရှိသလောက် ရှားလှသည်ဟု ကိုတွတ်က ပြောကြားသည်။
မြန်မာနိုင်ငံ၏ ၅၅ သန်းသော ပြည်သူများအကြား အာဏာပိုင်အစိုးရအပေါ် မယုံကြည်မှု တိုးပွားလာစေခဲ့သည့် နိုင်ငံရေးအာဏာ ချုပ်ကိုင်မှု တစ်ခု ဖြစ်သည့် ၁၉၆၂ တပ်မတော် အာဏာသိမ်းပွဲ နောက်ပိုင်းမှစ၍ မြန်မာနိုင်ငံတွင် စစ်အုပ်ချုပ်ရေး၏ ဆိုးကျိုး ပေါင်းစုံကို ခံစားခဲ့ရခြင်း ဖြစ်သည်။
သို့ဖြစ်ရာ ဘောလုံးပွဲချိန်အတွင်း လုပ်ပိုင်ခွင့် အာဏာ၏သင်္ကေတဖြစ်သည့် ဒိုင်လူကြီးများ ပွဲကြည့် ပရိတ်သတ်၏ ဆဲဆိုစရာ ပစ်မှတ် ဖြစ်လာ ရခြင်းကို အံ့သြစရာ မရှိတော့ပါ။
ယေဘုယျအားဖြင့် ယဉ်ကျေးတတ်သည့် မြန်မာတို့သည် ဘောလုံးကွင်းထဲသို့ ဝင်သည့်အချိန်တွင် ယဉ်ကျေးသည့် လူ့ကျင့်ဝတ်ကို ဂိတ်ဝတွင် ထားပစ်ခဲ့ကြတော့သည်။ စီးပွားရေးလုပ်ငန်း တစ်ခုနှင့် ၃ နှစ်အရွယ် သမီးလေးတစ်ဦးကို ပိုင်ဆိုင်ထားသူ အသက် ၂၉ နှစ်အရွယ် ဦးမင်းအောင်သည် ဘောလုံးပွဲ ကြည့်စင်ပေါ် ရောက်သည်နှင့် တစ်ပြိုင်နက် ရှပ်အင်္ကျီကို ချွတ်ပစ်ကာ ပရိတ်သတ်အတွင်း အမူးသမားလို တိုးဝှေ့ကာ တစ်ဖက် အသင်းကို ဆဲဆိုအော်ဟစ်လေတော့သည်။ မကြာသေးမီက ပွဲစဉ်တွင် ထိုင်ခုံကို ချိုးဖဲ့ရန် ကြိုးစားသော်လည်း မအောင်မြင်ခဲ့သည့် ဦးမင်းအောင်က ပြီးခဲ့သော အိုမန်နှင့် ပွဲစဉ်မှ ရုန်းရင်း ဆန်ခတ် ဖြစ်မှုတွင် သူလည်း ပါဝင်ခဲ့ကြောင်း၊ ဒိုင်လူကြီးက မမျှတကြောင်း၊ လူတိုင်းက ရေပုလင်းနှင့် ပစ်ပေါက်ကြသလို သူလည်း ပါဝင်ပစ်ပေါက်ခဲ့ကြောင်း ပြောကြားခဲ့ပြီး နောင်တရသည့် လက္ခဏာမျိုးပြသခြင်း မရှိပါ။ သူသည် ရေပုလင်းများ (သို့) လက်ထဲတွင် ရှိသည့် အရာများဖြင့် ကွင်းအတွင်းသို့ မကြာခဏ ပစ်ပေါက်လေ့ရှိသူတစ်ဦး ဖြစ်သည်။
ကမ္ဘာ့ဘောလုံး အာဏာပိုင်အဖွဲ့ FiFa က ထုတ်ပြန်သော ကြေညာချက်တွင် "အိမ်ခံ ပရိတ်သတ်များက ဘော်လုံး ကွင်းအတွင်းသို့ အရာဝတ္ထု ပစ္စည်းများဖြင့် အဆက်မပြတ် ပစ်ပေါက်ခဲ့ခြင်းကြောင့် ဒိုင်လူကြီးက ပွဲကို ရပ်ဆိုင်းလိုက်ကြောင်း၊ ယခု ကိစ္စကို ဖီဖာ စည်းကမ်း ထိန်းသိမ်းရေး ကော်မတီ သို့ တင်ပြမည် ဖြစ်ကြောင်း" ဖော်ပြခဲ့သည်။
ဘော်လုံးပွဲအတွင်း ဆူပူ အော်ဟစ်မှုသည် ပြိုင်ဖက် အသင်းများ၏ ပရိတ်သတ်များအကြား ရန်ပွဲများပါ ဖြစ်ပွားတတ်သော်လည်း ပရိတ်သတ် အများစုမှာ ထိုးကြိတ်နိုင်စွမ်း မရှိအောင် အမူးလွန်နေကြသဖြင့် တင်းမာမှုများ အမြဲတစေ ပျောက်သွားရခြင်း ဖြစ်သည်။
ပရိသတ်များ မလုပ်ကြရန် မဖြစ်မနေ တားမြစ်ထားသည့် ညံ့ဖျင်းသော အပြုအမူမျိုးကို ဘောလုံးသမားများကလည်း လုပ်ခဲ့ကြဘူးသည်။ ၂၀၀၄ ခုနှစ်က စင်ကာပူနှင့် ပွဲစဉ်တွင် အနီကဒ်ဖြင့် ထုတ်ပယ် ခံရသော ဘောလုံးသမား ၃ ဦးတွင် တစ်ဦးမှာ အမှားဆက်တိုက် ကျူးလွန်သူ ဖြစ်၍ အခြားတစ်ဦးမှာ ဒိုင်လူကြီးဖက်လှည့်၍ ဗွက်ကို ကန်ခဲ့သူ ဖြစ်ပြီး နောက်တစ်ဦးမှာ စင်ကာပူ ကစားသမားကို ရေပုလင်းဖြင့် ပစ်ပေါက်ပြီး ကွင်းထဲမှ မထီမဲ့မြင် ပုံစံဖြင့် လမ်းလျှောက် ထွက်သွားသူ ဖြစ်သည်။
ယင်းဖြစ်ရပ်သည် အသင်း၏ ညံ့ဖျင်းသော ခြေစွမ်းကို မူလကပင် စိတ်ပျက်နေကြသော ပရိတ်သတ် အချို့ကို ပို၍ စိတ်အနှောင့်အယှက် ဖြစ်စေ ခဲ့ သည်။ မြန်မာအသင်း အာရှဖလား ဗိုလ်စွဲကာ အိမ်နီးချင်း ပြိုင်ဖက်များကို ပုံမှန် အနိုင်ယူနိုင်ခဲ့သော ၁၉၅၀ ခုနှစ်များနှင့် ၁၉၆၀ ခုနှစ်များသည် မြန်မာ့ ဘောလုံး၏ ရွှေရောင်ကာလများ ဖြစ်ခဲ့ဖူးသည်။
ယခုအခါ FIFA က နိုင်ငံအသင်း ၂၀၃ သင်းအနက် မြန်မာအသင်းကို အဆင့် ၁၆၈ သတ်မှတ်ထားရာ စကော့တလန်၏ နောက် အဆင့်ပေါင်း ၁၁၀ ခန့် နိမ့်ကျလျက် ရှိပေသည်။
**************************************************************************************************************************************
Google Docs makes it easy to create, store and share online documents, spreadsheets and presentations.