yangonchronicle 2011 |
၂ဝ.၉.၂ဝ၁၁
ဘာသာပြန်သတင်းများ
- ကုလအကြီးအကဲနှင့် မြန်မာနိုင်ငံခြားရေးဝန်ကြီး နယူးယောက်၌တွေ့ဆုံ
(18 September 2011 ရက်စွဲပါ VOA မှ UN Chief meets Burmese Minister at General Assembly သတင်းကို ဘာသာ ပြန်ဆိုသည်)
- တရုတ်ပြည်မှ ထွက်ခွာလာခြင်း
(15 September 2011 ရက်စွဲပါ The New York Times မှ Liao Yiwu ရေးသားသော Walking out on China : When There’s are options to leave, It’s to say goodbye ကို ဘာသာ ပြန်ဆိုသည်)
- မဟာဗျူဟာကျသော အကျိုးစီးပွား သုံးခုရှိနေသော နိုင်ငံ
(19 September 2011 ရက်စွဲပါ International Relation and Security Interests တွင် David I Steinberg ရေးသားသော Burma/ Myanmar : The triangulation of Strategic Interests ကို ဘာသာပြန်သည်)
- မြန်မာ့တပ်မတော်ကိုယ်စားလှယ်များ လွှတ်တော်သစ်တွင် သြဇာပြ
(Channel News Asia မှ 19Sept, 2011 ရက်စွဲပါ "Myanmar army allies doubt on show at new parliament" သတင်းဆောင်းပါးကို ဘာသာပြန်ဆိုသည်။)
******************************************************************************************************************************
ကုလအကြီးအကဲနှင့် မြန်မာနိုင်ငံခြားရေးဝန်ကြီး နယူးယောက်၌တွေ့ဆုံ
(18 September 2011 ရက်စွဲပါ VOA မှ UN Chief meets Burmese Minister at General Assembly သတင်းကို ဘာသာ ပြန်ဆိုသည်)
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းနှင့် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်တို့ အမေရိကန် ပြည်ထောင်စု၊ နယူး ယောက်မြို့တွင် ကုလအထွေထွေညီလာခံ ကျင်းပစဉ်အတွင်း သီးခြားတွေ့ဆုံမှု ပြုလုပ်ခဲ့ကြောင်း ကုလသမဂ္ဂက သတင်းထုတ်ပြန်သည်။
အဆိုပါတွေ့ဆုံမှုအတွင်း မစ္စတာဘန်ကီမွန်းက မြန်မာနိုင်ငံတွင်လတ်တလောကာလများအတွင်းဖြစ်ပေါ်နေသည့် ထင်ရှားမှုရှိသော တိုးတက် ဖွံ့ဖြိုးမှုများကို အသိအမှတ်ပြုကြောင်း၊ သို့သော် မြန်မာအစိုးရအနေဖြင့် ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်မှုများကို ထပ်မံတိုးမြှင့်လုပ်ကိုင်သင့်ကြောင်း စသည်ဖြင့် မြန်မာနိုင်ငံခြားရေးဝန်ကြီးကို ပြောကြားခဲ့ကြောင်း သတင်းက ဆိုသည်။
မြန်မာနိုင်ငံမှ နိုင်ငံရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ စိန်ခေါ်မှုများကို ကုလသမဂ္ဂက ကူညီဖြေရှင်းပေးသွားရန် ဆုံးဖြတ်ထားကြောင်းလည်း မစ္စတာ ဘန်ကီမွန်းက ဆိုသည်။ စစ်တပ်ကျောထောက်နောက်ခံ မြန်မာအရပ်သားအစိုးရသစ်သည် VOA၊ Reuters၊ BBC သတင်းဌာနများ အပါအဝင် ကာလ ကြာရှည်စွာပိတ်ပင်ခဲ့သော သတင်းဝက်ဘ်ဆိုက်များကို ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း ပြန်လည် ဖွင့်ပေးခဲ့သည်။ ထို့ပြင် ကုလသမဂ္ဂအဖွဲ့ကြီးက ဒီဇိုင်း ဆွဲထားသော နိုင်ငံတကာ ဒီမိုကရေစီနေ့ အခမ်းအနားကိုလည်း ပထမဆုံးအကြိမ်အဖြစ် မြန်မာနိုင်ငံတွင်းကျင်းပပြုလုပ်ပေးခဲ့သည်။
ဦးဝဏ္ဏမောင်လွင်နှင့်တွေ့ဆုံရာ၌ ဖမ်းဆီးထိန်းသိမ်းထားသော နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေးကိစ္စကို မစ္စတာဘန်ကီမွန်းက ထပ်မံ တိုက်တွန်း ပြောဆိုသည်။ မြန်မာနိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်များတွင် သံဃာတော်များနှင့် ကျောင်းသားများအပါအဝင် နိုင်ငံရေးအကျဉ်းသား ၂၁၀၀ ခန့် ဖမ်းဆီးထိမ်းသိမ်းခံထားရဆဲဖြစ်သည်။
လတ်တလော မြန်မာအစိုးရက အတိုက်အခံ ဒီမိုကရေစီအင်အားစုများနှင့် အနောက်အစိုးရများအပေါ် ပဏာမ ချဉ်းကပ် ဆက်ဆံမှုများ ပြုလုပ် ခဲ့ရာ နှစ်ပေါင်း ၅၀ ခန့်ကြာမျှ စစ်အုပ်ချုပ်ရေးစနစ်အောက်တွင်နေခဲ့သော မြန်မာနိုင်ငံတွင်း ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုများ စတင်ပေါ်ပေါက်လာပြီဟု လေ့လာစောင့်ကြည့်သူများက သုံးသပ်ဝေဖန်လျက်ရှိသည်။
ပြီးခဲ့သည့် မတ်လကုန်ပိုင်းတွင် ဖွဲ့စည်းလိုက်သည့် မြန်မာအစိုးရသစ်သည် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် ကမ်းလှမ်းမှုများပြုလုပ်ခဲ့ပြီး နိုင်ငံခြားကိုယ်စားလှယ်များနှင့် တွေ့ဆုံမှုများလည်း ပြုလုပ်ခဲ့သည်။ မြန်မာနိုင်ငံသမ္မတသစ် ဦးသိန်းစိန်သည် လည်း ပြီးခဲ့သည့် သြဂုတ်လအတွင်း အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် နေပြည်တော်မြို့တော်တွင် ရင်းရင်းနှီးနှီး တွေ့ဆုံ ဆွေးနွေး မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
**************************************************************************************************************
တရုတ်ပြည်မှ ထွက်ခွာလာခြင်း
(15 September 2011 ရက်စွဲပါ The New York Times မှ Liao Yiwu ရေးသားသော Walking out on China : When There’s are options to leave, It’s to say goodbye ကို ဘာသာ ပြန်ဆိုသည်)
တရုတ်နိုင်ငံ အနောက်တောင်ရှိ ယူနန်ပြည်နယ်သည် ကာလကြာရှည်ကပင် တရုတ်ပြည် ပြင်ပတွင် ဘဝသစ်ရှာဖွေသူ တရုတ်လူမျိုးများအ တွက် ထွက်ပေါက်ဖြစ်နေခဲ့သည်။ တရုတ်ပြည်မှ တိတ်တဆိတ်ထွက်ခွာလိုပါက သစ်တောများကိုဖြတ်၍လည်းကောင်း Lancang မြစ်မှတဆင့် လည်း ကောင်း ဖြတ်သွားနိုင်သည်။ Lancang မြစ်သည် နောက်ပိုင်းတွင် မဲခေါင်မြစ်အဖြစ် ပြောင်းလဲသွားသည်။
မြေနီများရှိသော ထိုဒေသသို့ ကျွန်တော်ရောက်တိုင်း စိတ်များသည် ကစဥ့်ကလျားဖြစ်ရသည်။ ကျွန်တော်သည် တရုတ်အစိုးရ၏ 1989 ကျောင်းသား ဆန္ဒပြမှုတွင် သွေးထွက်သံယို နှိပ်စက်မှုများကို ရှုတ်ချသော ကဗျာရေးမှုကြောင့် ထောင် လေးနှစ် ချခံခဲ့ရသည်။ ကျွန်တော်သည် တရုတ် ပြည်မှ ထွက်ခွာရန် ခွင့်တောင်းခဲ့ရာ ( ၁၆ ) ကြိမ် ငြင်းပယ်ခံခဲ့ရသည်။
ကျွန်တော်မှ ဆေးမိသူပမာ ဖြစ်နေသည်။ နိုင်ငံကူးလက်မှတ်သော်လည်းကောင်း၊ ဗီဇာသော်လည်းကောင်း အရေးမကြီးပေ။ အိတ်ထဲတွင် ငွေမည်မျှရှိသည်ဆိုသည်ကသာ အရေးကြီးသည်။ လက်ကိုင်ဖုန်းကို ပစ်ချပြီး ပြင်ပကမ္ဘာနှင့် အဆက်ဖြတ်လျက် မိမိအား ကူညီနိုင်မည့်ရွာသား သို့မဟုတ် မှောင်ခိုသမား တစ်ဦးဦး ရှိမည့် ရွာတစ်ရွာသို့ ကိုယ်ယောင်ဖျောက် ဝင်ရောက်နိုင်သည်။ ထို့နောက် ဈေးညှိပြီးလျှင် တရုတ်ပြည်မှ လျှို့ဝှက် လမ်းမှတဆင့် ထွက်သွားနိုင်မည်။
ယခုနှစ်အစောပိုင်းအထိ ကျွန်တော်သည် ထွက်ပြေးရန် တိုက်တွန်းမှုများကို ဆန့်ကျင်နေခဲ့သည်။ ကျွန်တော်သည် တရုတ်နိုင်ငံတွင်ပင် ဆက် နေရန် ရွေးချယ်ထားပြီး၊ အောက်ခြေလူတန်းစားများ၏ဘဝကို မှတ်တမ်းတင်ရန်ကိုသာ လုပ်ဆောင်လျက်ရှိသည်။ ထို့နောက် အာရပ်ကမ္ဘာတွင် ဒီမိုကရေစီ ဆန္ဒပြမှုများ ဖြစ်လာပြီး၊ အင်တာနက်တွင် တရုတ်ပြည်တွင်လည်း ထိုသို့သော လမ်းမပေါ် ဆန္ဒပြမှုလေးများ ပြုလုပ်ရန် လှုံ့ဆော်မှုများ ရှိလာ သည်။ ဖေဖေါ်ဝါရီနှင့် မတ်လများတွင် ဒါဇင်ပေါင်းများစွာသော မြို့ကြီးများ၏ လူစည်ကားသော အရောင်းအဝယ်နေရာများ၊ ကမ္ဘာလှည့်များစုဝေးသည့် နေရာများတွင် ငြိမ်းချမ်းစွာ လူစုလူဝေးမှုများ ရှိလာသည်။ အစိုးရသည် တုန်လှုပ်သွားခဲ့ပြီး၊ တစ်ပြည်လုံးအတိုင်းအတာဖြင့် စစ်သားများသည် အရပ်ဝတ် လဲ၍ လမ်းများတွင် သေနတ်ဖြင့် ကင်းလှည့်ပြီး သံသယရှိသူမှန်သမျှကို ဖမ်းဆီးခဲ့သည်။
တချိန်တည်းမှာပင် တူနီးရှား၏ စံပယ်ဖြူတော်လှန်ရေး (Jasmine Revolution) ကို ညွှန်းဆိုမှု၊ စံပယ်ဖြူဆိုသည့်စကားလုံးကိုပင် အင်တာနက်တွင် ဆင်ဆာဖြတ်ခဲ့သည်။ ရဲများသည် လူ့အခွင့်အရေးရှေ့နေများ၊ စာရေးဆရာများနှင့် အနုပညာရှင်များကို စောင့်ကြည့်နေကြသည်။ China Democratic Party ဖွဲ့ရန် အကူအညီပေးမှုကြောင့် ထောင်ထဲတွင် ကိုးနှစ်နေခဲ့ရသူ ဒီမိုကရေစီလှုပ်ရှားသူ Liu Xianbin ကို နောက်ထပ် ( ၁၀ ) နှစ် အပြစ်ဒဏ်ချခဲ့သည်။ အနုပညာရှင် Ai Weiwei မှာလည်း ဧပြီလက ရုတ်တရက်ပျောက်သွားခဲ့ပြီး၊ အစိုးရ၏ စောင့်ကြည့်မှုအောက်တွင် နေခဲ့ရပြီး ဇွန်လ လယ်က ပြန်လည်လွတ်မြောက်ခဲ့သည်။
ကျွန်တော်သည် ခေတ်ဟောင်းပုံစံ စာရေးဆရာဖြစ်သည့်လျောက် အင်တာနက်ကို ကြည့်ခဲလှသည်။ ထို့ကြောင့် အာရပ်နွေဦးတော်လှန်ရေး မှာလည်း ကျွန်တော့်အတွက် မသိလိုက်မသိဘာသာ ပြီးသွားခဲ့သည်။ သို့သော်လည်း ရဲများ၏ အနှောက်အယှက်ပေးမှုကတော့ ရှိနေဆဲဖြစ်သည်။ ကျွန်တော်၏ စာအုပ်များ ဂျာမနီ၊ တိုင်ဝမ်နှင့် အမေရိကန်တို့တွင် ထုတ်ဝေမည်ဟု လုံခြုံရေးအရာရှိများ သိသွားသောအခါ၊ ၎င်းတို့သည် ကျွန်တော့်အား ဖုန်း ဆက်၍ မကြာခဏ လာတွေ့ကြသည်။
မတ်လတွင် ကျွန်တော့်ကိုကိုင်တွယ်သော ရဲများသည် ကျွန်တော်တိုက်ခန်းအပြင်တွင် စခန်းချနေထိုင်လျက် ကျွန်တော်၏ နေ့စဉ် လှုပ်ရှားမှု များကို စောင့်ကြည့်လာကြသည်။ “ အနောက်နိုင်ငံမှာ ပုံနှိပ်ထုတ်ဝေခြင်းဟာ တရုတ်ဥပဒေကို ချိုးဖောက်တာပါပဲ ” ဟု ၎င်းတို့က ကျွန်တော့်အား ပြော သည်။ “ထောင်အတွေ့အကြုံများကို ရေးသားခြင်းသည် တရုတ်ထောင်စနစ်၏ ဂုဏ်သိက္ခာကို ကျဆင်းစေကြောင်း၊ ‘God is red’ ဘုရားသခင်ဆိုသည် ရဲရဲနီသည်ဟု ဆိုခြင်းသည် ပါတီ၏ ဘာသာရေးဆိုင်ရာမူဝါဒကို ထင်ယောင်ထင်မှားဖြစ်စေပြီး၊ မြေအောက် ဘုရားရှိခိုးကျောင်းများ တိုးလာစေသည် ” ဟု ၎င်းတို့က ပြောလိုကြသည်။
ထို့နောက်တစ်ရက်တွင် Salman Rushide ထံမှ ကျွန်တော်အား နယူးယောက်တွင်ကျင်းပမည့် PEN Word Voices ပွဲတော် တက်ရောက်ရန် ဖိတ်စာရရှိခဲ့သည်။ ကျွန်တော်သည် ချက်ခြင်းပင် ဒေသဆိုင်ရာအာဏာပိုင်များနှင့် ဆက်သွယ်၍ တရုတ်နိုင်ငံမှ ထွက်ခွာခွင့်တောင်းခံ၍ လေယာဉ် လက်မှတ် ပြုလုပ်ခဲ့သည်။ သို့သော် မထွက်ခွာမီတစ်ရက်တွင် ရဲအရာရှိက ကျွန်တော့်အား လက်ဘက်ရည်သောက်ရန်ခေါ်ပြီး၊ ထွက်ခွာရန်ငြင်းပယ် ကြောင်း သတင်းပေးသည်။ အကယ်၍ ကျွန်တော်သည် လေဆိပ်သို့ သွားခဲ့ပါက Ai Weiwei ကဲ့သို့ ပျောက်သွားအောင် လုပ်ဆောင်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
စာရေးဆရာတစ်ယောက်အနေဖြင့် လွတ်လပ်စွာပြောဆိုခွင့်နှင့် ပုံနှိပ်ထုတ်ဝေခွင့်သည် မိမိတို့ဘဝထက် ပို၍ အဓိပ္ပါယ်ရှိသည်။ ကျွန်တော်သည် တရုတ်နိုင်ငံတွင် ဖြစ်ပျက်နေသည်များကို မျက်မြင်သက်သေအဖြစ် မှတ်တမ်းတင်ရန် ဆန္ဒပြင်းပြသည်။ ကျွန်တော်၏ မိတ်ဆွေကောင်းဖြစ်သူ နိုဘယ် ဆုရှင် Liu Xiaobo သည် ၎င်း၏ရေးသားမှုများနှင့် နိုင်ငံရေးလှုပ်ရှားမှုများအတွက် တန်ဖိုးကြီးစွာ ပေးဆပ်ထားရသူဖြစ်သည်။ ကျွန်တ်ာကမူ ၎င်း၏ လမ်းစဉ်ကို မလိုက်လိုပေ။ ထောင်ထဲသို့ ပြန်ဝင်ရန် ရည်ရွယ်ချက်မရှိပေ။ ထို့အပြင် ကျွန်တော်သည် မြင့်မားသော ထောင်နံရံအပြင်ရှိ လူများ၏ လွတ်မြောက်ခြင်း၏ ပြယုဂ် (symbol of freedom) အဖြစ် ချီးမြှောက်မှုကိုလည်း မခံယူလိုပေ။
တရုတ်ပြည်တည်းဟူသော ကြီးမား၍ မမြင်နိုင်သော ထောင်မှလွတ်မြောက်မှသာ ကျွန်တော်လွတ်လပ်စွာရေးသားထုတ်ဝေနိုင်မည် ဖြစ်သည်။ စီးပွားရေးဖွံ့ဖြိုးတိုးတက်သော တရုတ်ပြည်၏နောက်ကွယ်တွင် ဖြစ်ပျက်နေသော သရုပ်မှန်များကို ကမ္ဘာကသိစေရန် ပြုလုပ်ရမည့်တာဝန် ကျွန်တော်တွင် ရှိနေသည်။ တရုတ်နိုင်ငံသည် သာမန်ပြည်သူများ၏ ပြည့်နှက်နေသောမကျေနပ်မှုများကို မသိကျိုးကျွံပြုထားသည်။
ကျွန်တော်သည် မိမိ၏အစီအစဉ်များကို လျှို့ဝှက်ထားသည်။ ယခုတစ်ခေါက်တွင် ယခင်အတိုင်း ခွင့်တောင်းခြင်း မပြုတော့ပေ။ အဝတ်အစား အနည်းငယ်၊ တရုတ်ပုလွေ၊ တိဗက် သီချင်းဆိုသော bowl နှင့် ဆုရသော ကျွန်တော့်စာအုပ်နှစ်အုပ်ဖြစ်သော “ The records of the Grand Historian” နှင့် “ I Ching” တို့ကို ထုပ်ပိုးခဲ့သည်။ ရဲများ မစောင့်ကြည့်မီ အိမ်မှ ယူနန်သို့ထွက်ခွာခဲ့သည်။ ယူနန်တွင် ရာသီဥတု ပူပြင်းလှသော်လည်း ကျွန်တော့မှာမူ ဆောင်းတွင်းမှ ကြွက်ငယ်လေးလို ခံစားနေရသည်။ အချိန်အတော်များများကို လမ်းပေါ်မှ လူများနှင့် အချိန်ကုန်ခဲ့ရသည်။ နဲနဲရှာဖွေလိုက်လျှင် ထွက် ပေါက် တွေ့နိုင်မည်ဟု ခံစားနေရသည်။
ကျွန်တော်တွင် နိုင်ငံကူးလက်မှတ်၊ ဂျာမနီ၊ အမေရိကန်နှင့် ဗီယက်နမ်တို့မှ ဗီဇာများ ရှိခြင်းကြောင့်၊ စတင်လှုပ်ရှားခဲ့သည်။ ယခုအစီအစဉ်တွင် ပါဝင်ကူညီကြသော အနောက်နိုင်ငံများမှ သူငယ်ချင်းများနှင့် အဆက်အသွယ်ပြုပြီးနောက် ကျွန်တော်၏ လက်ကိုင်ဖုန်းကို ပိတ်ပစ်ခဲ့သည်။ ရက်အနည်း ငယ် အကြာတွင် နယ်စပ်မြို့ငယ်လေးတစ်ခုသို့ ရောက်ရှိခဲ့သည်။ ထိုမြို့လေးမှ ကြည့်လျှင် ရေစီးသန်သော မြစ်တစ်ဖက်ကမ်းတွင် ဗီယက်နမ်ကို တွေ့ရ သည်။ ဒေသခံ ကူညီသူတစ်ဦးက ငွေပေး၍ တစ်ဖက်ကမ်းကူးလျှင် ပို့ပေးမည့်သူရှိကြောင်း ပြောသည်။ သို့သော် ကျွန်တော်ကမူ တံတားပေါ်ရှိ နယ်စပ် ဂိတ်မှ ထွက်ရန် ရွေးချယ်ခဲ့သည်။
ကျွန်တော်အား ဒေသခံက နယ်စပ်အနီး ဟိုတယ်တစ်ခုတွင် နေရာချထားပေးသည်။ မိုးတစ်ဖြောက်နှစ်ဖြောက်ရွာနေစဉ်အတွင်း အိမ်မက်များ နှင့် အိပ်ပျော်သွားပြီး တံခါးခေါက်သံကြား၍ လန့်နိုးခဲ့ရသည်။ ကြေးစားမယ်လေးမိုးမိ၍ ခိုစရာ တောင်းသည်နှင့် ကြုံရသည်။ သနားသော်လည်း ကူညီရန် မဖြစ်နိုင်ပေ။
ဇူလိုင်လ ( ၂ ) ရက် နံနက် ၁၀ နာရီတွင် ကျွန်တော်သည် မီတာတစ်ရာလောက်တွင်ရှိသော နယ်စပ်ဂိတ်သို့ အဆိုးဆုံးကိုပြင်ဆင်ပြီး သွားခဲ့ သည်။ သို့သော် အံ့သြဖွယ်ရာများကြုံရသည်။ အရာရှိသည် ကျွန်တော်၏ စာရွက်စာတမ်းများကို စစ်ဆေး၍ ကျွန်တော့်အား တစ်ချက်ကြည့်၍ နိုင်ငံကူး လက်မှတ်ပေါ်တွင် တံဆိပ်ထုပေးခဲ့သည်။ ထို့နောက် ကျွန်တော်သည် ဟနွိုင်းသို့ မနားတမ်းသွားရောက်ခဲ့ပြီး ပိုလန်သို့ လေယာဉ်စီးပြီး တဆင့် ဂျာမနီသို့ သွားရောက်ခဲ့သည်။ ဇူလိုင်လ ( ၆ ) ရက် နံနက် ဘာလင်ရှိ Tegel လေဆိပ် မှ လမ်းလျှောက်ထွက်လာသော ကျွန်တော်အား သူငယ်ချင်း ဂျာမန် အယ်ဒီတာ Peter Sillem က “ အံ့သြလိုက်တာ၊ အံ့သြလိုက်တာ ” ဟု ဆိုသည်။ ၎င်းသည် ကျွန်တော် ဂျာမနီရောက်လာသည်ကို မယုံနိုင်အောင် ဖြစ်နေ သည်။ လေဆိပ်အပြင်ရောက်သည်နှင့် လေမှာ လတ်ဆတ်အေးမြပြီး၊ လွတ်လပ်မှုကို ခံစားရသည်။
အထိုင်ကျသည်နှင့် ကျွန်တော်၏ မိသားစုနှင့် ရည်းစားထံ ဖုန်းခေါ်ခဲ့သည်။ ကျွန်တော်ထွက်ပြေးသွားသည့်သတင်း ပျံ့နှံ့မှုမှာ မြန်ဆန်လွန်းလှ သည်။ ပန်းချီဆရာသူငယ်ချင်းက Ai Weiwei ထံ သွားရောက်လည်ပတ်ရင်း ကျွန်တော်ဂျာမနီရောက်သွားသည့်သတင်း ပြောပြခဲ့ရာ Ai က ‘ တကယ် လား၊ တကယ်လား၊ တကယ်လား ’ ဟု မယုံကြည်နိုင်ပဲ မေးခဲ့သည်ဟု ဆိုသည်။ Ai Weiwei မှာ ယခုထိ အနီးကပ်စောင့်ကြည့်မှုကို ခံနေရဆဲဖြစ်သည်။
************************************************************************************************
မဟာဗျူဟာကျသော အကျိုးစီးပွား သုံးခုရှိနေသော နိုင်ငံ
(19 September 2011 ရက်စွဲပါ International Relation and Security Interests တွင် David I Steinberg ရေးသားသော Burma/ Myanmar : The triangulation of Strategic Interests ကို ဘာသာပြန်သည်)
လွန်ခဲ့သော ဆယ်နှစ် ၂၀၁၁ ဖေဖေါ်ဝါရီလက ဝါရှင်တန်တွင် Georgetown တက္ကသိုလ်မှ ကြီးမှူး၍ ဘင်္ဂလားပင်လယ်အော်ရှိ ပြဿနာများနှင့် မြန်မာနိုင်ငံ (Burma/ Myanmar : Nexus on the Bay of Bengal) ခေါင်းစဉ်ဖြင့် ကွန်ဖရင့် ကျင်းပခဲ့သည်။ ကျင်းပရခြင်းမှာ Bush အစိုးရသစ်အား အဆိုပါနိုင်ငံ၏ မဟာဗျူဟာအရ အရေးပါမှုကို အမေရိကန်နိုင်ငံခြားရေးမူဝါဒတွင် ထည့်သွင်းရမည့်အချက်တစ်ခုအဖြစ် စဉ်းစားနိုင်ရန် အားပေးသည့် အနေဖြင့် ဖြစ်သည်။ အဆိုပါကွန်ဖရင့်သို့ သြဇာရှိသော ပုဂ္ဂိုလ် ( ၁၅၀ ) ခန့် တက်ရောက်ခဲ့သော်လည်း အဆိုပါ စိတ်ပျက်စရာ၊ သနားစရာကောင်းသော တိုင်းပြည်၏ အရေးကြီးသော တည်နေရာကို အကြောင်းပြု၍ မူဝါဒရေးဆွဲရန် ရည်မှန်းချက်ပြီးမြောက်ခဲ့ခြင်း မရှိပေ။ မြန်မာနိုင်ငံအပေါ် အမေရိကန် မူဝါဒသည် ဆက်လက်ရှိနေပြီး ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအပေါ်တွင်သာ အခြေခံချမှတ်ထားသည်။ သို့သော် နိုင်ငံခြားရေးမူဝါဒတွင် အထက်ပါ အချက်ကိုသာ အခြေခံ စဉ်းစား၍ မရနိုင်ပေ။ ယခုအခါ မြန်မာနိုင်ငံသည် မဟာဗျူဟာကျသော မူဝါဒသုံးခုကို အာရုံပြုလျက်ရှိရာ ဒေသတွင်းနှင့် မြန်မာ ပြည်သူများအပေါ် လုံးဝသက်ရောက်မှုများ ရှိလာတော့မည် ဖြစ်သည်။
ဝါရှင်တန်သည် မြန်မာနိုင်ငံနှင့်ပတ်သက်၍ အများပြည်သူသို့ ပြောကြားမှုများတွင် မဟာဗျူဟာကျသော အရေးကိစ္စများကို လစ်လျူရှု ထားခဲ့ သော်လည်း၊ တရုတ်နိုင်ငံကမူ လွန်ခဲ့သောဆယ်နှစ်ကတည်းက မြန်မာနိုင်ငံတွင် ၎င်း၏ အမျိုးမျိုးသောအကျိုးစီးပွားများ သေချာရေးအတွက် အံ့သြဖွယ် လုံ့လစိုက်ထုတ်စတင် ကြိုးပမ်းခဲ့သည်။ တရုတ်သည် စစ်တပ်နှင့် စီးပွားရေးအရ ထောက်ပံ့ကူညီမှုများပေးခဲ့ပြီး ဒေါ်လာ ဘီလီယံ ဆယ်ဂဏန်းခန့်ကို ရင်းနှီးမြှုပ်နှံမှုနှင့် အခြေခံအဆောက်အဦးဖွံ့ဖြိုးမှုလုပ်ငန်းများတွင် အသုံးပြုခဲ့သည်။ ၂၀၁၁ ခုနှစ် သမ္မတ ဦးသိန်းစိန် Beijing သို့ လာရောက်လည်ပတ် ခဲ့ရာ နှစ်နိုင်ငံသည် အားလုံးပါဝင်သည့် မဟာဗျူဟာကျသည့် လုပ်ဖော်ကိုင်ဖက် (a comprehensive strategic partnership) အဖြစ် တရုတ်က ကြေညာခဲ့သည်။ ထိုကဲ့သို့ သုံနှုန်းမှုမျိုးကို ယခင်က မြန်မာနှင့် ဆက်ဆံခဲ့သမျှ တစ်ကြိမ်မျှ မသုံးခဲ့ဘူးပေ။ ထိုအချက်က တရုတ်အတွက် မြန်မာက အရေးကြီး သလို၊ မြန်မာအတွက်လည်း တရုတ်၏ ကြီးမားသောအခန်းကဏ္ဍ တည်ရှိနေမှုကို ပြဆိုနေသည်။
အိန္ဒိယသည် အစောပိုင်းက တရုတ်၏ မြန်မာနိုင်ငံတွင် ထိုးဖောက်ဝင်ရောက်နေသည် ဆိုသည်ကို အိန္ဒိယ၏ အမျိုးသား အကျိုးစီးပွားနှင့် မပတ် သက်ဟု ခံယူထားခဲ့သည်။ ၁၉၉၃ ခုနှစ်ခန့်တွင် အိန္ဒိယသည် မြန်မာစစ်အစိုးရအပေါ် ထားရှိသော အနုတ်လက္ခဏာဆောင်သည့် မူဝါဒကို ပြောင်းပစ် ခဲ့ပြီး၊ တရုတ်၏ သြဇာလွှမ်းမိုးမှုကို တန်ပြန်ရန်နှင့် နောက်ပိုင်းတွင် မြန်မာသယ်ယူပို့ဆောင်ရေး လမ်းကြောင်းများမှတဆင့် ၎င်း၏သူပုန်များသော အရှေ့ မြောက်ဒေသ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးအကူအညီများပေးခဲ့သည်။ ထိုဒေသသည် မြန်မာနိုင်ငံနှင့် နယ်စပ်ခြင်း ထိနေပြီး၊ တရုတ် နိုင်ငံနှင့်လည်း အချို့အပိုင်းများတွင် အငြင်းပွားနေဆဲဖြစ်သည်။
တရုတ်နှင့်အိန္ဒိယတည်းဟူသော ထောက် (ဒေါက်) နှစ်ချောင်းမှာ နေသားတကျရှိနေပြီးဖြစ်သည်။ မကြာသေးမီကမှ တတိယဒေါက် တစ် ချောင်း ထွက်ပေါ်လာသည်။ ၎င်းမှာ မြန်မာနိုင်ငံအရှေ့ပိုင်း ထိုင်းနယ်စပ်အနီးရှိ ထားဝယ်တွင် ပြုလုပ်မည့် ဒေါ်လာ 8.6 ဘီလီယံ တန်ဖိုးရှိ Italian- Thai ၏ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းပင်ဖြစ်သည်။ အဆိုပါ စီမံကိန်းတွင် အကြီးစားစက်မှုလုပ်ငန်း အများအပြားပါဝင်မည့် အဓိက စက်မှုဖွံ့ဖြိုးဇုန် ဖြစ်သည်။ ပင်လယ် ဆိပ်ကမ်း သုံးခုနှင့် လမ်းများအပြင် ဓါတ်မြေသြဇာစက်ရုံ၊ ရေနံဓာတုစက်ရုံ စသည့် လုပ်သားအင်အား အသုံးပြုရသည့် စက်ရုံများ အဆိုပါ အထူး စီးပွားရေးဇုန်တွင် ပါဝင်သည်။
မူအရ သဘောတူညီမှုများကို ၂၀၁၀ နိုဝင်ဘာလတွင် ရေးထိုးနိုင်ခဲ့ပြီး၊ ငွေကြေးဆိုင်ရာများ ၂၀၁၁ ဒီဇင်ဘာတွင် ပြီးစီးမည် ဖြစ်သည်။ အဆိုပါ လုပ်ငန်း စီမံကိန်းမျိုးကို ပတ်ဝန်းကျင်ဆိုင်ရာများကြောင့် ထိုင်းနိုင်ငံတွင် လုပ်ဆောင်၍ မရနိုင်ဆိုသည်ကို ယခင် ထိုင်းဝန်ကြီးချုပ်က သိရှိခဲ့သည်။ သို့ သော် မြန်မာနိုင်ငံအတွက်မူ လုပ်သင့်သည်ဟု ရှုမြင်နိုင်သည်။ ယခု ဖွံ့ဖြိုးမှုစီမံကိန်းအတွက် အကျိုးစီးပွားမှာ ထိုင်းနိုင်ငံတစ်ခုတည်းသာမဟုတ်၊ စင်္ကာပူ ကလည်း ပါဝင်ပတ်သက်နေပြီး မကြာသေးမီက ဂျပန်က ပါဝင်ရန်ပင် ဖြစ်နိုင်ချေများရှိနေသည်။
ဂျပန်နိုင်ငံသည် မြန်မာနိုင်ငံ၌ ၎င်း၏ စီးပွားရေးကဏ္ဍတစ်ခု ရရှိရေးအတွက် အဆက်မပြတ်စိတ်ဝင်စားခဲ့သည်။ ဂျပန်သည် ယခင်ခေါင်းဆောင် ဟောင်း ဗိုလ်ချုပ်ကြီးနေဝင်း လက်ထက်က နီးကပ်သော ဆက်ဆံရေးရှိခဲ့သည်။ ဦးနေဝင်း အငြိမ်းစားယူပြီးနောက်ပိုင်း ဂျပန်၏ စီးပွားရေးကျဆင်းမှုနှင့် အတူ ဂျပန်၏ မြန်မာနိုင်ငံပေါ် အရေးပါသော သြဇာလွှမ်းမိုးမှုမှာ တရုတ်ကို လွှဲပေးခဲ့ရသည်။ တရုတ်သည် မြန်မာနိုင်ငံအပေါ် မဟာဗျူဟာကျသော စီးပွားရေးနှင့်မူဝါဒဆက်ဆံရေးများဖြင့် အားကောင်းစွာဆက်ဆံခဲ့သည်။ သို့သော် တရုတ်သည် ဂျပန်၏အမျိုးသားအကျိုးစီးပွားတွင် မပါဝင်ဟု အငြိမ်းစား ဂျပန် ဗိုလ်ချုပ်တစ်ဦးက တိတ်တဆိတ် မှတ်ချက်ပြုခဲ့ဘူးသည်။
ထို့ကြောင့် ကျွန်ုပ်တို့သည် မတူကွဲပြားသော တိုးတက်ဖြစ်ပေါ်မှုမြင်ကွင်းများကို မြင်တွေ့ခဲ့ရပြီ ဖြစ်သည်။ သို့သော် ၎င်းတို့၏ မဟာဗျူဟာ ကျသော အကျိုးစီးပွားသည် မြန်မာနိုင်ငံကို ဗဟိုပြုနေသည်။ အဆိုပါအကျိုးစီပွားများသည် တစ်ခုနှင့်တစ်ခု အပြိုင်အဆိုင်ဖြစ်နေလင့်ကစား ၎င်းတို့ကို မြန်မာအာဏာပိုင်များက သေချာဂရုပြုချုပ်ကိုင်ထားပြီး၊ ၎င်းတို့ကလည်း မြန်မာအစိုးရကို ကြီးစွာသောအထောက်အပံ့များ ပေးသည်။ ၁၉၈၈ ခုနှစ်တွင် ဆိုရှယ်လစ် အစိုးရအား စစ်တပ်မှ ဖယ်ရှားခဲ့စဉ်က မြန်မာနိုင်ငံတွင် နိုင်ငံခြားငွေအရန် ဒေါ်လာ သန်း ( ၃၀ ) ခန့်သာရှိသည်။ ယနေ့ အရန်နိုင်ငံခြားငွေမှာ ဒေါ်လာ ( ၅ ) ဘီလီယံခန့်ရှိလာပြီး အများစုမှာ ထိုင်းနိုင်ငံသို့ သဘာဝဓါတ်ငွေ့များ ရောင်းချရခြင်းကြောင့် ရရှိခဲ့ခြင်းဖြစ်သည်။ လာမည့် နှစ်နှစ် တရုတ်၏ အာဖရိကနှင့် အရှေ့အလယ်ပိုင်းမှ သယ်ယူမည့်ရေနံများအတွက် ရေနံပိုက်လိုင်းနှင့် မြန်မာကမ်းလွန်မှ သဘာဝဓါတ်ငွေ့ပိုက်လိုင်းပြီးစီးပါက မြန်မာ အစိုးရ သယံဇာတမှ ငွေများစွာ ရရှိတော့မည်ဖြစ်သည်။ ထားဝယ်စီမံကိန်း စတင်လည်ပတ်သည်နှင့် ဝင်ငွေများစွာ တိုးပွားလာနိုင်သည်။
တိုးပွားလာသည့် သယံဇာတများကို မည်သို့ အသုံးပြုမည်ဆိုသည်နှင့် မြန်မာပြည်သူများအတွက် ထိရောက်အကျိုးရှိစွာ အသုံးပြုမပြု ဆိုသည် မှာ အရေးကြီးသော မေးခွန်းများဖြစ်သည်။ အမေရိကန်ပြည်ထောင်စုအနေဖြင့် မြန်မာနိုင်ငံကို ဆက်လက် အထီးကျန်ပြုထားမည် ဆိုပါက လက်ရှိ အမှန် တရားနှင့် အနာဂတ်အတွက်အကဲဖြတ်ပြီးပြောရလျှင် ရလဒ်ကောင်းမထွက်ဆိုသည်မှာ သံသယဖြစ်ဖွယ်မရှိပေ။ အမေရိကန်ပြည်ထောင်စုကဲ့သို့သော ဒီမိုကရေစီနိုင်ငံတွင် ပြည်သူအား ပြောကြားသော မိန့်ခွန်းများတွင် မြန်မာနိုင်ငံတွင် အာရှနိုင်ငံများ၏ အဓိက အကျိုးစီးပွားများကို လစ်လျူရှု၍ အနောက် နိုင်ငံနှင့် အမေရိကန်၏ စီးပွားရေးအရ ပိတ်ဆို့အရေးယူရေးကို ဆွဲဆောင်နေဦးမည်ဆိုပါက၊ အဆိုပါ အရေးကြီးသော ဒေသအပေါ် အမေရိကန်၏မူဝါဒ ညီညွှတ်မှု ရှိမရှိနှင့် ရေရှည် အမေရိကန်၏ အမျိုးသားအကျိုးစီးပွားကို အလေးအနက် မေးခွန်းထုတ်ရတော့မည်ဖြစ်သည်။
၁၉၅၀ ခုနှစ်များက မြန်မာဝန်ကြီးချုပ် ဦးနုက ပြောခဲ့ဘူးသည်။ မြန်မာနိုင်ငံသည် ကန္တာရဆူးပင်များဝန်းရံနေသော ဘူးတောင်း (gourd) ဖြစ် ကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံ၏ ကြားနေနိုင်ငံခြားရေးမူဝါဒမှာ လိုအပ်ကြောင်းဆိုခဲ့သည်။ စစ်အေးကာလ ပြီးဆုံးသွားသောအခါ မြန်မာနိုင်ငံသည် ၎င်း၏ ဆူးများရှိနေသော အိမ်နီးချင်းများနှင့် ပေါင်းသင်းခဲ့သည်။ သို့သော် ထိုသို့ လုပ်ဆောင်မှု မြန်မာပြည်သူများ၏ နေထိုင်မှုဘဝ ကောင်းမွန်ရေးနှင့် ဒေသတွင်း လုံခြုံရေးအပေါ် မည်သို့ သက်ရောက်မှုရှိမည်ဆိုသည်ကိုမူ မေးခွန်းထုတ်ရမည် ဖြစ်သည်။ ************************************************************************************************************************************
မြန်မာ့တပ်မတော်ကိုယ်စားလှယ်များ လွှတ်တော်သစ်တွင် သြဇာပြ
(Channel News Asia မှ 19Sept, 2011 ရက်စွဲပါ "Myanmar army allies doubt on show at new parliament" သတင်းဆောင်းပါးကို ဘာသာ ပြန်ဆိုသည်။)
မြန်မာနိုင်ငံ၏ အပျံသင်စ လွှတ်တော်အဝင်ပေါက်ကို အာဏာရပါတီ၏ အမှတ်တံဆိပ် ခြင်္သေ့များက စောင့်ကြပ်နေသည့်ပုံစံမှာ တပ်မတော်နှင့် ယင်း၏ နိုင်ငံရေးကိုယ်စားပြုအမတ်များ၏ လွှမ်းမိုးမှု လက္ခဏာလားဟု အတွေးပွားစရာဖြစ်နေသည်။
လွန်ခဲ့သောငါးနှစ်က တမင်တကာ တည်ဆောက်ခဲ့သော အဝေးမြို့တော် နေပြည်တော်၏ အလယ်ဗဟိုမှ ခမ်းနားကြီးကျယ်သော လွှတ်တော် အဆောက်အဦးသည် နိုင်ငံကို ဆယ်စုနှစ်ပေါင်းများစွာ အုပ်ချုပ်ခဲ့သည့် တပ်မတော်ခေါင်းဆောင်က ကတိပေးခဲ့သော ဒီမိုကရေစီလမ်းညွှန် မြေပုံ၏ "ဟန်ပြရှိုး" တစ်ခုပင်ဖြစ်လေသည်။
မာဘယ်ကြမ်းပြင်စင်္ကြန်လမ်းများ၊ မီးပန်းဆိုင်းများ၊ လေအေးစက်များပေးထားသော ခန်းမများ၏ အတွင်းရှိ ဆောင်ပုဒ်တစ်ခုတွင် ပြည်သူတို့၏ မျှော်မှန်းချက်များကို လွှတ်တော်က အကောင်အထည်ဖော်မည်ဟု ကြွေးကြော်ထားသည်။
မနှစ်က နာမည်ကျော်ရွေးကောက်ပွဲများမတိုင်မီကပင် လွှတ်တော်အမတ်နေရာ လေးပုံတစ်ပုံကို တပ်မတော်က သီးသန့်ကြိုတင်ရယူ ထား သည့် လွှတ်တော်တွင် ကျန်နေရာများ၏ ၈၀ ရာခိုင်နှုန်းကိုလည်း တပ်မတော်အားပြု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ USDP က ရယူခဲ့သည်။
ဇန်နဝါရီလက စတင်ဖွင့်လှစ်ခဲ့သော လွှတ်တော်တွင် ရှားရှားပါးပါး ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲ၌ USDP ပါတီအတွင်းရေးမှူး ဦးဋ္ဌေးဦးက "ကျွန်တော်တို့ဆီမှာ အတိုက်အခံဆိုတာ မရှိပါဘူး၊ အားလုံးဟာ လုပ်ဖော်ကိုင်ဖက်တွေပါ။ လွှတ်တော်ထဲမှာ အတိုက်အခံလုံးဝမရှိပါဘူး၊ အပြင်မှာလည်း အတိုက်အခံဆိုတာ မရှိပါဘူး" ဟု ပြောကြားခဲ့သည်။
အမျိုးသားအများစုပါဝင်သော အရေအတွက် ရာဂဏန်း လွှတ်တော်အမတ်များတွင် ယူနီဖောင်းဝတ် လေးပုံတစ်ပုံပါဝင်ပြီး ကျန်အဝတ်အများစု မှာ USDP ခြင်္သေ့သင်္ကေတ ဝတ်စုံများ ဆင်မြန်းထားကြကာ ကျန်းမာရေး ကဏ္ဍမှသည် တရုတ်စွမ်းအင်ကဏ္ဍများအထိ ပါဝင်သော ရှည်လျား ထွေပြား သည့် အမေး၊အဖြေ အစီအစဉ်များကို ပြုလုပ်လျှက် ရှိကြသည်။
မြန်မာတို့၏ လမ်းလျှောက်သင်စ လွှတ်တော်သည် အကျဉ်းသား လွတ်ငြိမ်းချမ်းသာခွင့် အဆိုပြုထောက်ခံခြင်းကို မကြာသေးမီက ခွင့်ပြုခဲ့ပြီး ယင်းအချက်သည် ဒီမိုကရေစီ ဘီးများ လှိမ့်နေခြင်းကို ပြသနေသည်ဟု USDP ပါတီက ဆိုသည်။
မြန်မာနိုင်ငံမှ နိုင်ငံရေးအကျဉ်းသား ၂၀၀၀ကျော် လွတ်မြောက်ရေးအတွက် တောင်းဆိုမှုသည် မြန်မာအစိုးရကို အရေးယူဒဏ်ခတ်ထားကြ သော အနောက်နိုင်ငံများ၏ ကာလရှည်ကြာ ဦးစားပေးကိစ္စတစ်ခု ဖြစ်သည်။
မနှစ်က ရွေးကောက်ပွဲတွင် အကျဉ်းကျ NLD ပါတီဝင်များ မပါဝင်နိုင်အောင် ဥပဒေထုတ်ပြန်ခဲ့ခြင်းကြောင့် ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့ သည်။ NLD ပါတီနှင့် ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့မှာမူ လွှတ်တော်တွင်း ပြောရေးဆိုခွင့် မရနိုင်တော့ပေ။
NLD ပါတီ၏ ရွေးကောက်ပွဲ သပိတ်မှောက်မှု ရလာဒ်မှာ ပါတီဖျက်သိမ်းခံရခြင်းဖြစ်ပြီး အစိုးရက NLD ပါတီကို တရားမဝင် နိုင်ငံရေးလှုပ်ရှားမှု များ ရပ်ဆိုင်းရန် သတိပေးခဲ့သည်။
ဒီမိုကရေစီခေါင်းဆောင်က ရန်ကုန်မြို့တွင် AFP နှင့် ပြုလုပ်သော အင်တာဗျူး၌ " ခြိမ်းခြောက်မှု၊ လိမ်လည်မှု၊ မသမာမှုများစွာဖြင့် နာမည် ပျက်ခဲ့ သော ရွေးကော်ပွဲကို မဝင်ခြင်းသည် မှန်ကန်သော ဆုံးဖြတ်ချက်ဟု ယခုတိုင် စွဲစွဲမြဲမြဲ ယုံကြည်လျှက် ရှိကြောင်း" ပြောကြားခဲ့သည်။
ဖြောင့်မတ်တယ် သိက္ခာရှိတယ်လို့ ပြည်သူတွေက မယူဆတဲ့ ပါတီက ပြည်သူတွေရဲ့ ထောက်ခံမှုကို မျှော်လင့်လို့မရပါဘူး။ ဒါကြောင့် ပြည်သူ တွေရဲ့ ယုံကြည်မှု၊ ထောက်ခံမှု ပျက်ပြားသွားစေမည့် အလားအလာရှိသော လှုပ်ရှားမှုအဖြစ် အကျဉ်းကျပါတီဝင်များ ရွေးကောက်ပွဲမဝင်နိုင်အောင် တားမြစ် ထားသည့် ယခင်ဥပဒေကို ပြင်ဆင်ဖွယ်ရှိသည်ဟု သမ္မတ၏ အကြံပေး ဦးကိုကိုလှိုင်က ပြောကြားသည်။
သို့သော်လည်း လွှတ်တော်သစ်က အပြောင်းအလဲပြုလုပ်ပြခဲ့ခြင်းကို ဒေါ်အောင်ဆန်းစုကြည်က သံသယရှိနေပုံရသည်။ "အဆိုပြုတင်ပြတဲ့ အမတ် တွေ၊ ပြောဆိုဆွေးနွေးတဲ့အမတ်တွေ ရှိနေပြီဆိုပေမယ့် ပြည်သူတွေရဲ့ ဘဝကို အပြောင်းအလဲဖြစ်သွားစေမယ့် အရာမျိုးတွေ ထွက်ပေါ်လာပြီလို့ ကျွန်မ မယူဆပါဘူး" ဟု သူမက ဆိုသည်။
မနှစ်က ရွေးကောက်ပွဲကို NLD က သပိတ်မှောက်ခဲ့ခြင်းကြောင့် အတိုက်အခံပါတီ နှစ်ခြမ်းကွဲသွားခဲ့ရပြီး ခွဲထွက်သွားသော အုပ်စုက အမျိုးသား ဒီမိုကရေစီအင်အားစု NDF ပါတီကို ဖွဲ့စည်းကာ လွှတ်တော်၌ လက်တစ်ဆုပ်စာအမတ်နေရာ အချို့ အနိုင်ရခဲ့သည်။
NDF ပါတီခေါင်းဆောင် ဦးခင်မောင်ဆွေက မြန်မာနိုင်ငံသည် အသွင်ကူးပြောင်းနေသည့် ကာလဖြစ်ကြောင်း AFP သို့ပြောကြားသည်။ "အခု အချိန်မှာ အပြည့်အဝ အသားကျပြီးသား ဒီမိုကရေစီကို မျှော်လင့်လို့မရပါဘူး၊ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ဒီလိုလွှတ်တော်ပုံစံမျိုးကို ကျွန်တော် တို့ လက်သင့်ခံကြရမှာပါ" ဟု ဦးခင်မောင်ဆွေက မှတ်ချက်ပေးသည်။
သို့ရာတွင် လွှတ်တော်သစ်၏ အပြင်ဖက်ရပ်ဝန်းတွင် ပိုမိုသိသာထင်ရှားသော နိုင်ငံရေးအပြောင်းအလဲ လက္ခဏာများ ထွက်ပေါ်လာခဲ့သည်။ ယခင် တပ်မတော်အစိုးရ ခေါင်းဆောင်ဟောင်းများထဲမှ တစ်ဦးဖြစ်သော လက်ရှိသမ္မတ ဦးသိန်းစိန်သည် ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်သို့ ဖိတ်ခေါ်ကာ သူ၏ သမ္မတအိမ်တော်တွင် တွေ့ဆုံ၍ တံခါးပိတ်ဆွေးနွေးမှု ပြုလုပ်ခဲ့သည်။
၁၉၉၀ ပြည့်ရွေးကောက်ပွဲတွင် အနိုင်ရခဲ့ပြီး အာဏာမရခဲ့သော NLD ပါတီ၏ ခေါင်းဆောင် ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်က "ယခုသမ္မတကြီး သည် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုကို လုပ်ဆောင်ပေးလိုသည့် ဆန္ဒ ရင်ထဲ၌ ကိန်းအောင်းနေသည်" ဟု သူမယုံကြည်ကြောင်း ထုတ်ဖော်ပြောကြား လိုက် သည်။
ယခင် ဦးသန်းရွှေအစိုးရက ချောင်ထိုးထားခဲ့သော်လည်း ပြည်သူများက လေးစားနေကြဆဲ လွတ်လပ်ရေး သူရဲကောင်း ဗိုလ်ချုပ်အောင်ဆန်း (ဒေါ်အောင်ဆန်းစုကြည်၏ ဖခင်) ၏ ရုပ်ပုံကားချပ်ကို နောက်ခံထားကာ နှုတ်ဆက်၍ ဓါတ်ပုံအရိုက်ခံခြင်းကိုပင် သမ္မတ ဦးသိန်းစိန်က ပြုလုပ်ပြခဲ့သည်။
ယခင် အာဏာရှင် ဦးသန်းရွှေအစိုးရက ကာလကြာရှည်ထိန်းသိမ်းထားကာ ရွေးကောက်ပွဲပြီးမှ လွှတ်ပေးခဲ့သော ဒေါ်အောင်ဆန်းစုကြည်နှင့် ယခုအစိုးရအကြား ထိပ်ပိုင်းအဆင့် တွေ့ဆုံမှုများထဲတွင် ဦးသိန်းစိန်နှင့် ယခင်လက တွေ့ဆုံမှုသည် သမိုင်းဝင်မှတ်တမ်းဖြစ်လာလိမ့်မည်။
သမ္မတ၏ အကြံပေး ဦးကိုကိုလှိုင်က "နိုင်ငံရေး ရပ်ဝန်းထဲမှာ မျက်နှာဟောင်းတွေပဲရှိနေသေးပေမယ့် ဂိမ်းကစားပွဲကတော့ ပြောင်းလဲနေပါပြီ" ဟု ပြောကြားသည်။
"အရင်ကတော့ တပ်မတော်အစိုးရဆိုတော့ အထက်အောက် ဒေါင်လိုက်စနစ်ပေါ့၊ ဗဟိုက ချုပ်ကိုင်လွန်းတဲ့ အမိန့်ပေးစနစ်ပေါ့။ အခုအချိန်မှာ တော့ ဒီမိုကရေစီစနစ်ကို ကျင့်သုံးနိုင်တော့မယ့် အတိုင်းအတာ တစ်ခုကို ရရှိနေပါပြီ" ဟု ဦးကိုကိုလှိုင်က AFP သို့ ပြောကြားသည်။
မည်သို့ပင်ဖြစ်စေ အချို့က ဦးသိန်းစိန်ကို တပ်မတော်အစိုးရ၏ ရှေ့ထွက်မင်းသားဟု ရှုမြင်နေကြပြီး အချို့ကလည်း ယခုသမ္မတသည် ဆင်းရဲ နွမ်းပါးသော သနားစရာ ပြည်သူနှင့် နိုင်ငံကို ပြုပြင်ပြောင်းလဲ ကယ်တင်ရန် အဆင်သင့် ရှိနေသော အလယ်အလတ်ဝါဒီ တစ်ဦးဟု ယုံကြည်မျှော်လင့် နေကြ သည်။
"အခု သမ္မတကြီးမှာ အပြုသဘော ပြောင်းလဲမှုတွေလုပ်ဖို့ စိတ်ရင်း စေတနာကောင်းတွေတော့ ရှိနေပါတယ်" ဟု ပြောကြားသော NDF ပါတီ ခေါင်းဆောင် ဦးခင်မောင်ဆွေက "ဒါပေမယ့် အစိုးရအဖွဲ့အတွင်း အာဏာလွန်ဆွဲမှုတွေနဲ့အတူ ခက်ခဲမှုများစွာကို သမ္မတကြီး ရင်ဆိုင်နေရပါတယ်" ဟု သုံးသပ် ပြောဆိုသည်။
ယခုကဲ့သို့ ထင်သာမြင်သာ ပြောင်းလဲမှု လက္ခဏာများ ရှိလာသည့် တိုင်အောင် အစိုးရ၏ လိုက်လျောပျော့ပျောင်းမှုသည် နိုင်ငံရေး အကျဉ်းသား များ လွှတ်ပေးခြင်းကဲ့သို့သော ကိစ္စမျိုးထက် ပို၍ထွက်ပေါ်ပါ့မလား ဟု အများက စိုးရိမ်ပူပန်နေကြသည်။
"အားတက်စရာကောင်းတဲ့ ဆက်ဆံရေး နွေးထွေးရင်းနှီးမှုတွေကို အတော်လေးတွေ့နေရပါပြီ" ဟု ပြောကြားသူမှာ ရန်ကုန်မြို့မှ အနောက်နိုင်ငံ သံတမန်တစ်ဦးဖြစ်သည်။
"ဒါပေမယ့်လည်း လူတိုင်းဟာ အရင်က ဇတ်လမ်း(သမိုင်းကြောင်း) တွေကြောင့် စိတ်ဓါတ်မတက်လာပဲ ဖြစ်နေပါတယ်၊ အရင်က ပေါ်လာဖူးတဲ့ တိုးတက်မှုလက္ခဏာတွေ တစ်ခုမှ ဖြစ်မလာတာကို သမိုင်းမှတ်တမ်းမှာ တွေ့နိုင်ပါတယ်။ ဒဏ်ရာဟောင်းတွေ၊ အမာရွတ်တွေကြောင့် ပြည်သူတွေမှာ သံသယ စိတ်အခံ ရှိနေတာဟာ မဆန်းပါဘူး" ဟု အဆိုပါ သံတမန်က မှတ်ချက်ပေးပြောဆိုခဲ့သည်။
************************************************************************************************************************************
Google Docs makes it easy to create, store and share online documents, spreadsheets and presentations.