yangonchronicle2011 |
၁၄.၁၁.၂၀၁၁
ပြည်တွင်းသတင်းများ
- ပုဂ္ဂလိက အာမခံလုပ်ငန်းများ ပေါ်ပေါက်တော့မည်
- လူ့စွမ်းအားအရင်းအမြစ်များ ပြည်ပသို့ထွက်ခွာနေကြခြင်းကို မူဝါဒချမှတ်ကိုင်တွယ်ရန် လိုအပ်
- ကမ္ဘာ့ပညာရေးစနစ်နှင့် နှိုင်းယှဉ်၍ မြန်မာ့ပညာရေးစနစ် ပြောင်းလဲမည်
ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ
- ကြားဖြတ်ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်ရန် ညွှန်ကြားချက်ထုတ်
- ရပ်/ ကျေး အုပ်ချုပ်ရေးမှူးများ ပါတီနိုင်ငံရေးကင်းရှင်းရေး ပြည်သူ့လွှတ်တော်ကန့်ကွက်
သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ
*********************************************************************************
ပြည်တွင်းသတင်းများ
ပုဂ္ဂလိက အာမခံလုပ်ငန်းများ ပေါ်ပေါက်တော့မည်
မြန်မာနိုင်ငံ၌ ၂၀၁၀ ရွေးကောက်ပွဲအပြီး အစိုးသစ်တက်လာပြီးနောက် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းအချို့ကို ပုဂ္ဂလိကသို့ လွှဲပြောင်းပေးလျက် ရှိရာ ယခုအခါ အာမခံလုပ်ငန်းများကိုပါ ပုဂ္ဂလိကသို့ လုပ်ကိုင်ခွင့် ပေးတော့မည်ဖြစ်ကြောင်း သိရသည်။
မြန်မာ့အာမခံလုပ်ငန်းကို ပုဂ္ဂလိကသို့ လွှဲပြောင်းလုပ်ကိုင်ခွင့်ပြုပေးလိုက်ပါက အာမခံလုပ်ငန်း ပိုမိုတွင်ကျယ်လာမည် ဖြစ်သည့်အပြင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများတွင် အာမခံလုပ်ငန်းမှာ အဓိကျသည့်အတွက် နိုင်ငံခြားဝင်ငွေပါ ရရှိနိုင်မည်ဖြစ်ကြောင်း ဈေးကွက်ကျွမ်းကျင်သူတစ်ဦးက ပြောကြား ခဲ့သည်။
နိုင်ငံတကာတွင်လည်း နိုင်ငံပိုင်အာမခံလုပ်ငန်းများ ရှိသကဲ့သို့ ပုဂ္ဂလိကအာမခံလုပ်ငန်းများလည်း ရှိသည့်အတွက် မြန်မာ့အာမခံလုပ်ငန်းအား ပုဂ္ဂလိကသို့ လွှဲပြောင်းပေးနိုင်ရန် စီစဉ်ရခြင်းဖြစ်ကြောင်း မြန်မာ့အာမခံလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
ပုဂ္ဂလိကအာမခံကုမ္ပဏီ ဖွင့်ခွင့်ရရှိရန်မှာ အဓိကအနေဖြင့် လုံလောက်သည့် ရင်းနှီးမြှုပ်နှံမှု၊ အာမခံလုပ်ငန်း ပညာရပ်ဆိုင်ရာ ကျွမ်းကျင်မှု၊ လက်တွေ့ လုပ်ငန်းခွင်ဆိုင်ရာ ကျွမ်းကျင်မှုများ လိုအပ်ပြီး အာမခံကုမ္ပဏီဖွင့်နိုင်ရန် အချိန်ကာလ အတိုင်းအတာတစ်ခုထိ ကြိုတင်ပြင်ဆင်မှုများ လုပ်ရမည်ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။
လက်ရှိအချိန်တွင် မြန်မာ့အာမခံလုပ်ငန်းအား ပုဂ္ဂလိကသို့ လွှဲပြောင်းလုပ်ကိုင်ခွင့်ပြုနိုင်ရန် လိုအပ်သည့် ဥပဒေများ၊ နည်းဥပဒေများကို အာမခံ လုပ်ငန်း ကြီးကြပ်ရေးအဖွဲ့မှ ရေးဆွဲရန် စီစဉ်လျက်ရှိကြောင်း သိရသည်။
ထို့ပြင် ယခုနှစ်မှ စတင်၍ မြန်မာ့အာမခံလုပ်ငန်းမှ ဘဏ်ငွေစာရင်း ရှိသူများအတွက် လုံခြုံစိတ်ချမှု ပိုမိုရရှိစေနိုင်မည့် အပ်ငွေအာမခံ Deposit Insurance ကို ဝန်ဆောင်မှုပေးနေကြောင်း သိရသည်။
မြန်မာ့အာမခံလုပ်ငန်းမှ အာမခံအမျိုးအစားပေါင်း ၄၈ မျိုးကို လက်ခံဆောင်ရွက်လျက်ရှိပြီး မြန်မာတစ်နိုင်ငံလုံး၌ အာမခံလုပ်ငန်း ရုံးခွဲပေါင်း ၃၈ ရုံးဝန်ဆောင်မှုပေးလျက်ရှိကြောင်း သိရသည်။
YC
-----------------------------------------------------------------------------------------------------------------------------------
လူ့စွမ်းအားအရင်းအမြစ်များ ပြည်ပသို့ထွက်ခွာနေကြခြင်းကို မူဝါဒချမှတ်ကိုင်တွယ်ရန် လိုအပ်
မြန်မာနိုင်ငံရှိ ပညာရှင်များနှင့် ကျွမ်းကျင်ဝန်ထမ်းများ ပြည်ပနိုင်ငံများသို့ အကြောင်းအမျိုးမျိုးဖြင့် ထွက်ခွာနေခြင်းကို နိုင်ငံတော်မှ မူဝါဒ ချမှတ်ကာ ကိုင်တွယ်သွားရန် လိုအပ်နေကြောင်း နယူးယော့ခ် Telemark ၏ ဥက္ကဋ္ဌနှင့် အမှုဆောင် အရာရှိချုပ် Frank Dalane က အစိမ်းရောင် စီးပွားရေးအလုပ်ရုံဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။
“နိုင်ငံထဲက ပညာရှင်တွေ၊ ကျွမ်းကျင်အလုပ်သမားတွေ ပြင်ပနိုင်ငံတွေမှာ သွားရောက် လုပ်ကိုင်နေတာ Brain Drain ဖြစ်တယ်လို့ မြင်ရင် မကောင်းဘူး၊ အပြင်မှာရောက်နေတဲ့သူတွေရဲ့ ဥာဏအလုပ်သမားတွေ နိုင်ငံကို ပြန်စီးဝင်လာအောင် ဘယ်လိုလုပ်ရမလဲဆိုတာက အစိုးရပေါ်မှာ မူတည်နေတယ်။ သူတို့အားလုံး ပြန်လာမှ နိုင်ငံတိုးတက်နိုင်တာ မဟုတ်ပါဘူး၊ ပြန်မလာပေမယ့် သူတို့ရဲ့ အတွေ့အကြုံ ပညာတွေကို အသုံးချနိုင်တဲ့ မူဝါဒပဲလိုတာပါ” ဟု ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်က ပြောကြားကြောင်း သိရသည်။
မြန်မာနိုင်ငံမှ နိုင်ငံတကာသို့ သွားရောက် အလုပ်လုပ်ကိုင်နေသူများမှာ ခန့်မှန်းခြေ လေးသန်းမှ ခြောက်သန်းကြားတွင် ရှိနိုင်ကြောင်း သိရသည်။
မြန်မာနိုင်ငံမှ ကျွမ်းကျင်အလုပ်သမားများ ပြည်ပနိုင်ငံများသို့ သွားရောက် အလုပ်လုပ်ကိုင်နေခြင်းသည် ပြည်တွင်းတွင် အလုပ်အကိုင် ဖန်တီးပေးနိုင်မှု အားနည်းခြင်း၊ လုပ်ခလစာများ နည်းပါးခြင်းတို့ကြောင့် ဖြစ်ကြောင်း၊ မြန်မာ နိုင်ငံတွင် အလုပ်အကိုင်များ ပိုမိုဖန်တီးပေးနိုင်ပြီး စင်ကာပူ၊ မလေးရှားနိုင်ငံတို့နှင့် တူညီသော လုပ်ခလစာများ ရရှိနိုင်မည်ဆိုလျှင် မြန်မာနိုင်ငံမှ ကျွမ်းကျင်ပညာရှင်များသည် ပြည်ပသို့ သွားရောက်လုပ်ကိုင်ရန် မလိုအပ်ကြောင်း ကျွမ်းကျင် ပညာရှင်တစ်ဦးမှ ပြောကြားခဲ့သည်။
Ref : Messenger
-----------------------------------------------------------------------------------------------------------------------------------
ကမ္ဘာ့ပညာရေးစနစ်နှင့် နှိုင်းယှဉ်၍ မြန်မာ့ပညာရေးစနစ် ပြောင်းလဲမည်
မြန်မာနိုင်ငံ၏ လက်ရှိကျင့်သုံးလျက်ရှိသည့် ပညာရေးစနစ်အား ကမ္ဘာ့ပညာရေးစနစ်နှင့် နှိုင်းယှဉ်၍ ပြုပြင်ပြောင်းလဲသွားမည်ဖြစ်ကြောင်း ပညာရေးဌာန အသိုင်းအဝိုင်းမှ သိရသည်။
လက်ရှိအချိန်တွင် မြန်မာ့ပညာရေးစနစ်၌ ဒဿမတန်းအား တက္ကသိုလ်ဝင်ခွင့်ပာူ၍ သတ်မှတ်လိုက်ခြင်းမှာ ကျောင်းသား၊ ကျောင်းသူများ အတွက် မဆင်မပြေနိုင်သည့်အတွက် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲအား သီးသန့်သတ်မှတ်၍ ကိုယ်တိုင်ဝါသနာပါသည့် မေဂျာများတွင် အဓိကကျသည့် ဘာသာရပ်များကို လေ့လာသင်ယူဖြေဆိုနိုင်သည့် စနစ်အဖြစ် ပြောင်းလဲသင့်ကြောင်း ပညာရေးစီမံကိန်းနှင့် လေ့ကျင့်ရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
ကမ္ဘာ့နိုင်ငံအသီးသီးရှိ ပညာရေးစနစ်မှာ တိုးတက်ကောင်းမွန်နေသည့်အတွက် မြန်မာနိုင်ငံရှိ ပညာရေးကဏ္ဍတွင်လည်း ကမ္ဘာ့နိုင်ငံနည်းတူ ပညာရေးစနစ် တိုးတက်ကောင်းမွန်နိုင်စေရန် မြန်မာ့ပညာရေးစနစ်ကို ပြောင်းလဲရမည် ဖြစ်ကြောင်း ပညာရေး သုတေသီတစ်ဦးက ပြောကြားခဲ့သည်။
ထို့ပြင် မြန်မာနိုင်ငံ၌ အစိုးရသစ်လက်ထက်မှ စတင်၍ ကိုယ်ပိုင်ကျောင်းများ ဖွင့်လှစ်နိုင်ရန် နိုင်ငံတော်မှ ခွင့်ပြုခဲ့ပြီး လိုအပ်သည့် ကိုယ်ပိုင်ကျောင်း ဥပဒေများကို ပြဋ္ဌာန်းနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ယခုကဲ့သို့ မြန်မာနိုင်ငံ၏ ပညာရေးနယ်ပယ်၌ ကိုယ်ပိုင်ကျောင်းများ ပေါ်ပေါက်လာသည်မှာ ကောင်းမွန်သော်လည်း ကိုယ်ပိုင်ကျောင်း ဥပဒေကြမ်း၌ ပါရှိသည့် အချက်အလက်အချို့အား ကိုယ်တိုင်လိုက်နာ ကျင့်သုံးမည့်သူများ ဆီမှ အကြံပြုချက်များကို နားထောင်၍ ပြဋ္ဌာန်းပြင်ဆင်မှုများ လုပ်သင့်ကြောင်း ကျုရှင်ဆရာတစ်ဦးက ပြောကြားခဲ့သည်။
ထို့ပြင် လက်ရှိ မြန်မာနိုင်ငံ၌ ကျင့်သုံးနေသည့် ပညာရေးဥပဒေအချို့သည် ခေတ်နှင့်လျော်ညီခြင်း မရှိတော့သည့်အတွက် ပြန်လည်ပြင်ဆင် မှုများကို ဆောင်ရွက်ပြီး မြန်မာ့ပညာရေးကဏ္ဍအား ကမ္ဘာ့ပညာရေးနှင့် နှိုင်းယှဉ်ကာ ပိုမို ကောင်းမွန်သည့် ဥပဒေများကို ပြဋ္ဌာန်းသင့်ကြောင်း နိုင်ငံရေး လေ့လာနေသူတစ်ဦးက ပြောကြားခဲ့သည်။
YC
**************************************************************************************
ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ
ကြားဖြတ်ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်ရန် ညွှန်ကြားချက်ထုတ်
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သည် လစ်လပ်မဲဆန္ဒနယ်များတွင် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပရန် ကြိုတင်ပြင်ဆင် ဆောင်ရွက် ထားရှိရေးကို သက်ဆိုင်ရာ ခရိုင်နှင့် မြို့နယ်ကော်မရှင်အဖွဲ့ခွဲများထံသို့ ညွှန်ကြားချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။
ညွှန်ကြားချက်တွင် ၂၀၁၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ရွေးကောက် တင်မြှောက်လိုက်သည့် လွှတ်တော်ကိုယ်စား လှယ်များအနက် ပြည်သူ့လွှတ်တော်တွင် (၄၀) နေရာ၊ အမျိုးသားလွှတ်တော်တွင်(၆) နေရာ၊ တိုင်းဒေသကြီးလွှတ်တော်တွင်(၂) နေရာ စုစုပေါင်း (၄၈) နေရာ လစ်လပ်လျက်ရှိသည်ဟု သက်ဆိုင်ရာ လွှတ်တော်များက ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သို့ အကြောင်းကြားထားကြောင်း သို့ဖြစ်၍ လစ်လပ်မဲဆန္ဒနယ်များအလိုက် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာ ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၂၀ အရ မူလမဲစာရင်းကို အခြေခံ၍ နောက်ဆုံးအခြေအနေနှင့် ကိုက်ညီသော ထိရောက်မှန်ကန်သည့် မဲစာရင်းများကို ကြိုတင်ပြုစုထားကြရန်နှင့် မဲရုံနေရာများ လျာထား သတ်မှတ်ခြင်း၊ မဲပုံးနှင့် ဆန္ဒပြုခန်းများ ပြည့်စုံကောင်းမွန်မှု ရှိ၊မရှိ စိစစ်ကြပ်မတ်ခြင်းတို့ကို ကြိုတင်ဆောင်ရွက်ထားရန် အဆိုပါညွှန်ကြားချက်၌ ဖော်ပြ ထားကြောင်း သိရသည်။
ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမည့် မဲဆန္ဒနယ်များမှာ ကချင်ပြည်နယ်တွင် ပြည်သူ့လွှတ်တော် ၃နေရာ၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် အမျိုးသားလွှတ်တော် ၂နေရာ၊ ပြည်သူ့လွှတ်တော် ၃နေရာ၊ တနင်္သာရီတိုင်းဒေသကြီးတွင် ပြည်သူ့လွှတ်တော် ၂နေရာ၊ ပဲခူးတိုင်းဒေသကြီးတွင် အမျိုးသားလွှတ်တော် ၁နေရာ၊ ပြည်သူ့လွှတ်တော် ၄နေရာ၊ တိုင်းဒေသကြီးလွှတ်တော် ၁နေရာ၊ မကွေးတိုင်းဒေသကြီးတွင် အမျိုးသားလွှတ်တော် ၁နေရာ၊ ပြည်သူ့လွှတ်တော် ၅နေရာ၊ မန္တလေးတိုင်းဒေသကြီးတွင် ပြည်သူ့လွှတ်တော် ၁၀နေရာ၊ မွန်ပြည်နယ်တွင် ပြည်သူ့လွှတ်တော် ၁နေရာ၊ ရန်ကုန်တိုင်းဒေသကြီးတွင် ပြည်သူ့လွှတ်တော် ၆နေရာ၊ ရှမ်းပြည်နယ်တွင် အမျိုးသားလွှတ်တော် ၁ နေရာ၊ ပြည်သူ့လွှတ်တော် ၁ နေရာ၊ ဧရာဝတီ တိုင်းဒေသကြီးတွင် အမျိုးသားလွှတ်တော် ၁နေရာ၊ ပြည်သူ့လွှတ်တော် ၅နေရာ၊ တိုင်းဒေသကြီး လွှတ်တော် ၁နေရာတို့ ဖြစ်ကြသည်။
“ကြားဖြတ်ရွေးကောက်ပွဲ ဘယ်နေ့လုပ်မယ်ဆိုတာတော့ မသိသေးဘူး၊ ဒီတစ်ခါ ကြားဖြတ်ရွေးကောက်ပွဲက ၂၀၁၀ နိုဝင်ဘာမှာ လုပ်ခဲ့တဲ့ ရွေးကောက်ပွဲပုံစံမျိုးလိုတော့ မသမာမှုရှိတော့မှာ မဟုတ်ဘူးလို့ထင်တယ် ဘာကြောင့်လဲဆိုတော့ အခုဆိုရင် အစိုးရကလည်း ထင်သာမြင်သာတဲ့ ပြောင်းလဲမှုတွေကို လုပ်ဆောင်နေပြီ၊ အနောက်နိုင်ငံတွေကလည်း သဘောထားတွေ ပျော့ပြောင်းနေပြီဆိုတော့ ဒီကြားဖြတ်ရွေးကောက်ပွဲမှာ မသမာမှု လုပ်ရင် လက်ရှိအစိုးရ ချမှတ်ထားတဲ့ လုပ်ငန်းစဉ်ဖြစ်တဲ့ ကောင်းမွန်သောအုပ်ချုပ်မှုစနစ်နဲ့ သန့်ရှင်းသောအစိုးရ ပေါ်ပေါက်လာအောင် ဝိုင်းဝန်း လုပ်ဆောင်ရေး ဆိုတဲ့ မူဝါဒဟာ အလကားဖြစ်သွားမှာပေါ့” ဟု နိုင်ငံရေးလေ့လာသူတစ်ဦးက ပြောကြားခဲ့သည်။
YC
-----------------------------------------------------------------------------------------------------------------------------------
ရပ်/ ကျေးအုပ်ချုပ်ရေးမှူးများ ပါတီနိုင်ငံရေးကင်းရှင်းရေး ပြည်သူ့လွှတ်တော်ကန့်ကွက်
ရပ်ကွက်၊ ကျေးရွာ များကို အုပ်ချုပ်ရမည့် အုပ်ချုပ်ရေးမှူးများအား ပါတီနိုင်ငံရေးကင်းရှင်းရမည်ပာု သတ်မှတ်ထားသည့် သတ်မှတ်ချက်အား ပြည်သူ့လွှတ်တော်မှ လွှတ်တော်ကိုယ်စားလှယ်များမှ ကန့်ကွက်ထားကြောင်း သိရသည်။
ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးတွင် ပြည်ထဲရေးဝန်ကြီးဌာနမှ ရပ်/ကျေး အုပ်ချုပ်ရေးမှူးခန့်အပ်ရေး ဥပဒေကို အမျိုးသားလွှတ်တော်သို့ ပေးပို့၍သဘောထားမှတ်ချက် တောင်းခံခဲ့ရာတွင် အမျိုးသား လွှတ်တော်မှ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများကို ပါတီနိုင်ငံရေး ကင်းရှင်းရမည်ပာူသော သဘောထားမှတ်ချက်နှင့်အတူ ပြည်သူ့လွှတ်တော်သို့ ပြန်လည်ပေးပို့ခဲ့ကြောင်း သိရသည်။
ထိုသို့ ပြန်လည်ပေးပို့ခဲ့သည့် ရပ်/ကျေး အုပ်ချုပ်ရေးမှူးခန့်အပ်ရေး ဥပဒေအား ပြည်သူ့လွှတ်တော်မှ အထက်ပါအတိုင်း ကန့်ကွက်လိုက်ခြင်း ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ပြောကြားခဲ့သည်။
ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ ပါတီနိုင်ငံရေး ကင်းရှင်းရမည်ဆိုသည့်အချက်မှာ အဆင်မပြေနိုင်သည့်အပြင် နိုင်ငံရေးစိတ်ဝင်စားသည့်သူတိုင်း ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ လုပ်ကိုင်ခွင့် မရှိတော့သည့်အတွက် နိုင်ငံရေးနယ်ပယ်တွင် အားနည်းသွားနိုင်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တစ်ဦးက ပြောကြားခဲ့သည်။
၎င်း ပြည်သူ့လွှတ်တော်၏ ရပ်/ကျေးအုပ်ချုပ်ရေးမှူး ခန့်အပ်ရေးဥပဒေ ကန့်ကွက်ချက်များအရ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် နှစ်ရပ်မှာ သဘောထားကွဲလွဲလျက်ရှိနေပြီး ပြည်ထောင်စုလွှတ်တော်၏ အဆုံးအဖြတ် ကို ဆက်လက်ခံယူရန် စောင့်ဆိုင်းလျက်ရှိကြောင်း သိရသည်။
Ref: Messenger
*********************************************************************************
သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ
“ငွေကြေးကဏ္ဍပြုပြင်ပြောင်းလဲဖို့နဲ့ ရေရှည်ဖွံ့ဖြိုးမှု ဖြစ်ပေါ်စေဖို့ ဆောင်ရွက်နေပါတယ်။ တစ်ဆင့်ပြီးတစ်ဆင့် ပြုပြင်သွားမှာ ဖြစ်ပါတယ်။ လုပ်ငန်းစဉ် တရပ်အဖြစ် ပို့ကုန်ရငွေစနစ်ပယ်ဖျက်သွားဖို့ရှိတယ်။ ဒီကိစ္စ အကောင်အထည်ဖော်ပြီးရင် ငွေလဲနှုန်းထားတစ်ခု လျော့သွားမှာ ဖြစ်သလို ကုန်သွယ်ရေး လည်း တိုးတက်လာမယ်လို့ မျှော်လင့်ထားပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ဈေးကွက်စီးပွားရေးစနစ် ပီပီပြင်ပြင်သွားမယ်ဆိုရင် ပြုပြင်ပြောင်းလဲရေးတွေ အဘက်ဘက်ကလုပ်ဖို့ လိုပါတယ်။ အဓိကကပို့ကုန်ကဏ္ဍကို မြှင့်တင်နိုင်ဖို့ ကြိုးပမ်းသွားရမှာပါ”
နိုဝင်ဘာ ၁၆ ထုတ် Weekly ELEVEN အတွဲ (၇) အမှတ် (၇) တွင်ပါသည့် “ငွေလဲနှုန်းတစ်မျိုးတည်းပေါင်းစည်းရေးအတွက် ပို့ကုန်ရငွေ (Earning) စနစ် ပယ်ဖျက်ရန် ပြင်ဆင်နေ” သတင်းမှ အကြံပေးပညာရှင်တစ်ဦး၏ ပြောကြားချက်အပေါ် ကောက် နှုတ်ချက်
-----------------------------------------------------------------------------------------------------------------------------------
“ဒီမိုကရေစီအစိုးရဖြစ်တာနဲ့အညီအကျင့်ပျက်ချစားမှုတွေ၊ ကြိုးနီစနစ်တွေ တိုက်ဖျက်မယ်လို့ သမ္မတကြီးက ပြောထားတဲ့အတွက် အခုလို စုံစမ်းစစ်ဆေး တာတွေက ကောင်းပါတယ်။ အပြစ်ရှိသူက အပြစ်ရှိသလို ခံရမှာပဲ။ သမ္မတကြီးကလည်း ပြည်သူတွေ လေးစားချစ်ခင်တဲ့ အစိုးရ အုပ်ချုပ်ရေး ယန္တရား ဖြစ်အောင် လုပ်မယ်လို့ ပြောထားတာဖြစ်တဲ့အတွက် အဲဒီအပေါ်မှာ သံသယမရှိဘူး။ သမ္မတကြီးရဲ့ မိန့်ခွန်းကိုအစိုးရက ပြည်သူအားလုံး အလွှာ အသီးသီးက လေးစားလိုက်နာရမှာပါ။ အပြစ်ရှိသူကို အရေးယူမှု လုပ်ကိုလုပ်ရပါလိမ့်မယ်”
နိုဝင်ဘာ ၁၄ ထုတ် The Voice Weekly အတွဲ (၇) အမှတ် (၄၈) တွင်ပါသည့် “တရားမဝင် ကားတင်သွင်းမှု စုံစမ်းစစ်ဆေးသည့် အစီရင်ခံစာ ဘဏ္ဍာ/အခွန် ဝန်ကြီးထံတင်ပြ” သတင်းမှ ဝါရင့် အကောက်ခွန် ဝန်ဆောင်မှုဆိုင်ရာ ကိုယ်စားလှယ်တစ်ဦး၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်
-----------------------------------------------------------------------------------------------------------------------------------
“နေရာတစ်ခုကို ဖြတ်သန်းသွားလာခွင့် မရှိဘူး၊ ဆိုတိုင်း မဖြတ်ရဲတာတို့၊ ဒါကိုမလုပ်ရဘူးဆိုတာကို မလုပ်တာတို့ ဆိုတာထက် ဘာကြောင့် ဖြတ်သန်း သွားလာခွင့်မရတာလဲ ဘာကြောင့် မလုပ်ရတာလဲဆိုတာကို စုံစမ်းမေး မြန်းဖို့လိုအပ်ပါတယ်။ Human Right လူ့အခွင့်အရေးကိုမသိရင် မသိတဲ့သူ အတွက် ကြီးမားတဲ့ ဆုံးရှုံးမှုတွေဖြစ်လာနိုင်တယ်”
နိုဝင်ဘာ ၁၄ ထုတ် The Messenger အတွဲ (၂) အမှတ် (၂၆) တွင်ပါသည့် “နိုင်ငံသားတိုင်း၏ ရပိုင်ခွင့်နှင့် အခွင့်အရေးများ မဆုံးရှုံးစေရန် မူလအခွင့်အရေးနှင့် တာဝန်များကိုသိရှိထားရန်လိုအပ်” သတင်းမှ ဦးကြည်မြင့် (လသာ)၏ ပြောကြားချက် အပေါ် ကောက်နှုတ်ချက်
**********************************************************************************
Google Docs makes it easy to create, store and share online documents, spreadsheets and presentations.