yangonchronicle 2011- (1) |
၃.၁.၂ဝ၁၂
ဘာသာပြန်သတင်းများ
- အကျဉ်းသားအချို့ လွတ်ငြိမ်းချမ်းသာခွင့် ထုတ်ပြန်
(AFP သတင်းဌာနမှ 2 Jan 2012 ရက်စွဲပါ Myanmar cuts prison terms on 'humanitarian grounds’ ကို ဘာသာ ပြန်ဆိုသည်)
- မြန်မာ့ စွမ်းအင်ရှာဖွေရေးလုပ်ကွက်များ၌ ထိုင်း PTTEP လုပ်ကိုင်ခွင့်ရ
(TNA သတင်းဌာနမှ 2 Jan 2012 ရက်စွဲပါ PTTEP wins Myanmar Blocks ကို ဘာသာပြန်ဆိုသည်)
**********************************************************************************
အကျဉ်းသားအချို့ လွတ်ငြိမ်းချမ်းသာခွင့် ထုတ်ပြန်
(AFP သတင်းဌာနမှ 2 Jan 2012 ရက်စွဲပါ Myanmar cuts prison terms on 'humanitarian grounds ကို ဘာသာ ပြန်ဆိုသည်)
မြန်မာနိုင်ငံမှ တပ်မတော်နောက်ခံ အစိုးရက အကျဉ်းသားအချို့ကို ပြစ်ဒဏ်လျှော့ လွတ်ငြိမ်းချမ်းသာခွင့် ပြုလိုက်ကြောင်း တနင်္လာနေ့က ထုတ်ပြန် ကြေညာလိုက်သည်။ သို့ရာတွင် အများ မျှော်လင့်နေကြသော နိုင်ငံရေးအကျဉ်းသားအချို့အတွက် လွတ်ငြိမ်းချမ်းသာခွင့် သတင်းမှာမူ မပါဝင်ခဲ့ကြောင်း တွေ့ရသည်။
ယင်းသို့ လွတ်ငြိမ်းချမ်းသာခွင့် ပြုခြင်းသည် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် လူသားချင်း စာနာထောက်ထားမှု တို့ကို လေးစားသောအားဖြင့် ပြုလုပ်ခြင်းဖြစ်သည်ဟု ကြေညာချက်တွင် ပါရှိသည်။ နိုင်ငံပိုင်ရုပ်သံနှင့်ရေဒီယိုဌာနက ပြောကြားရာတွင် သမ္မတဦးသိန်းစိန်က မြန်မာနိုင်ငံ၏ ၆၄ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် လွတ်ငြိမ်းချမ်းသာခွင့်ကို လက်မှတ် ရေးထိုးပေးခဲ့သည်ဟု ဆိုသည်။
ယင်းလွတ်ငြိမ်းချမ်းသာခွင့်တွင် အချို့ သေဒဏ်ကျ အကျဉ်းသားများကို ထောင်ဒဏ် တစ်သက်တစ်ကျွန်း၊ ထောင်ဒဏ် အနှစ် ၃ဝ အထက် ကျခံနေရသူများကို အနှစ် ၃ဝ ပြစ်ဒဏ်သို့လည်းကောင်း၊ ထောင်ဒဏ် အနှစ် ၂ဝ နှင့် အနှစ် ၃ဝ ကြား ကျခံနေရသူများကို အနှစ် ၂ဝ လျှော့ပြစ်ဒဏ်နှင့် အနှစ် ၂ဝ ကျခံနေရသူများကို အပြစ်ဒဏ်ကာလ၏ လေးပုံတစ်ပုံ လျှော့ပေါ့ ပြစ်ဒဏ် စသည်ဖြင့် သတ်မှတ်ပေးခဲ့ခြင်း ဖြစ်သည်။
ထိုသို့ လျှော့ပေါ့သတ်မှတ်ရာတွင် အကျဉ်းသားမည်မျှကို လွတ်ငြိမ်းချမ်းသာခွင့် ပေးမည်၊ နိုင်ငံရေး အကျဉ်းသား မည်မျှ ပါဝင်မည် ဆိုသည်တို့မှာ ယခုထိ မရှင်းလင်းသေးဘဲ ရှိနေသည်။ ထောင်ဒဏ် ၆၅ နှစ်ဖြင့် ကျခံနေရသည့် ထင်ရှားသော ကျောင်းသားနိုင်ငံရေးလှုပ်ရှားသူ အကျဉ်းသားများအတွက်မူ လွတ်ငြိမ်းချမ်းသာခွင့်ထဲတွင် သီးခြား ဖော်ပြခဲ့ခြင်း မရှိသည်ကို တွေ့ရသည်။
လွတ်ငြိမ်းချမ်းသာခွင့်များသည် အင်္ဂါနေ့ (ယနေ့) တွင် စတင် အကျုံးဝင်မည် ဖြစ်သည်။ ထိုကဲ့သို့ အကျဉ်းသားများ လွတ်ငြိမ်းချမ်းသာခွင့် ပေးခြင်းသည် လွတ်လပ်ရေးနေ့ ရောက်တိုင်း ပြုလုပ်နေကျ ဖြစ်စဉ်တစ်ခု ဖြစ်သော်လည်း ယခုနှစ်တွင် အစိုးရအနေနှင့် နိုင်ငံတကာဖိအားများအရ နိုင်ငံရေးအကျဉ်းသားများကို ပိုမို လွတ်ငြိမ်းချမ်းသာခွင့် ပြုမည်ဟု အများက မျှော်လင့် ခန့်မှန်းထားလျက် ရှိသည်။ မြန်မာနိုင်ငံတွင် အကျဉ်းကျ နိုင်ငံရေးသမားပေါင်း ၅ဝဝ မှ ၁၅ဝဝ ထိ ရှိလိမ့်မည်ဟု ခန့်မှန်းထားသည်။
တပ်မတော်အစိုးရက ခန့်အပ်ထားသော လက်ရှိ အရပ်သားအစိုးရသည် နှစ်ပေါင်းများစွာ စစ်ဖက်အုပ်ချုပ်ခြင်းကို အစားထိုးသည့် အနေဖြင့် ပြီးခဲ့သော မတ်လက စတင် အုပ်ချုပ်ခဲ့ခြင်း ဖြစ်ပြီး အောက်တိုဘာလက နိုင်ငံရေး အကျဉ်းသား ၂ဝဝ ခန့် အပါအဝင် အကျဉ်းသားပေါင်း ၆၃ဝဝ ဦးကို လွတ်ငြိမ်းချမ်းသာခွင့် ပြုခဲ့သေးသည်။
ပြီးခဲ့သည့်အပတ်က ပြည်သူ့လွှတ်တော် တရားစီရင်ရေးနှင့် ဥပဒေပြုရေးကော်မတီ ဥက္ကဋ္ဌဖြစ်သူ ဦးအောင်ကိုက သတင်းထောက်များကို ပြောကြားရာတွင် အမျိုးသားအားလပ်ရက်များ ဖြစ်သော ဇန်နဝါရီ ၄ ရက် (လွတ်လပ်ရေးနေ့) နှင့် ဖေဖော်ဝါရီ ၁၂ ရက် (ပြည်ထောင်စုနေ့) တို့တွင် အကျဉ်းသားများစွာ ထပ်မံ လွတ်ငြိမ်း ချမ်းသာခွင့် ပေးမည်ဖြစ်ကြောင်း ပါရှိသည်။
မြန်မာ့အတိုက်အခံများနှင့် နိုင်ငံတကာအစိုးရများအနေဖြင့် လက်ရှိအစိုးရက ဆက်တိုက်ပြုလုပ်နေသော ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်ချက် များကို ကြိုဆိုအားပေးခဲ့ကြသော်လည်း အစိုးရအနေနှင့် ကျန်ရှိနေသော ထိန်းသိမ်းခံ နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးရန် ဖိအားများပေးနေဆဲ ဖြစ်သည်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်ကလည်း မကြာသေးမီအချိန်က မြန်မာနိုင်ငံသို့ သမိုင်းဝင်ခရီးစဉ်အဖြစ် အလည်အပတ် ရောက်ရှိခဲ့စဉ်က နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးရန် တောင်းဆိုခဲ့သည်။
***********************************************************
မြန်မာ့ စွမ်းအင်ရှာဖွေရေးလုပ်ကွက်များ၌ ထိုင်း PTTEP လုပ်ကိုင်ခွင့်ရရှိ
(TNA သတင်းဌာနမှ 2 Jan 2012 ရက်စွဲပါ PTTEP wins Myanmar Blocks ကို ဘာသာပြန်ဆိုသည်)
ထိုင်းနိုင်ငံ၏ ထိပ်တန်းရေနံနှင့်သဘာဝဓာတ်ငွေ့ရှာဖွေရေးကုမ္ပဏီကြီးတစ်ခုဖြစ်သော PTTEP သည် မြန်မာနိုင်ငံရှိ ကုန်းတွင်း ရေနံတူးဖော်ရေးလုပ်ကွက်များတွင် တူးဖော်ခွင့်ရရှိသွားပြီဖြစ်ကြောင်း ထိုင်းစွမ်းအင်ဝန်ကြီး Pichai Nariphanphan ကပြောကြားသည်။
"လုပ်ကွက်နှစ်ခုမှာ တူးဖော်ခွင့်ရသွားတာသေချာပါတယ်" ဟု Pichai Nariphanphan က မြန်မာနိုင်ငံသို့ သွားရောက်လည်ပတ်ပြီးနောက် သတင်းထောက်များကို ပြောကြားသည်။ တူးဖော်ခွင့်ရရှိသည့်လုပ်ကွက်များမှာ မြန်မာနိုင်ငံမြို့တော် နေပြည်တော်နှင့် နီးကပ်သည့်နေရာဒေသတွင် တည်ရှိကြောင်း ၎င်းကဆက်လက်ပြောဆိုသည်။
မစ္စတာ Pichai သည် ထိုင်းဝန်ကြီးချုပ် ရင်းလတ်ရှင်နာဝပ်ထရာနှင့်အတူ ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်လျက်ရှိသော မြန်မာနိုင်ငံသို့ လိုက်ပါလာခြင်းဖြစ်ပြီး ၎င်းနှင့်အတူပင် ထိုင်းသို့ပြန်သွားခဲ့သည်။ PTTEP သည် အာရှထိပ်တန်းစွမ်းအင်ရှာဖွေရေးကုမ္ပဏီကြီး ၁၀ ခုအနက် တစ်ခု အပါအဝင်ဖြစ်ပြီး တရုတ်နိုင်ငံမှ CNOOC နှင့် Sinopec ကဲ့သို့သော စွမ်အင်ကုမ္ပဏီကြီးများနှင့်ယှဉ်ပြိုင်လျက်ရှိကာ မြန်မာပြည်တွင်း လုပ်ကွက်အနည်းဆုံး ၃ ခု၌ ရေနံတူးဖော်ရန် စိတ်ဝင်စားကြောင်းထုတ်ဖော်ပြောဆိုထားသည်။
"ကျွန်တော်တို့ကို စွမ်းအင်ဝန်ကြီး ဦးသန်းဌေးက လုပ်ကွက်ရတဲ့အကြောင်းပြောပါတယ်။ နောက်ထပ် အသေးစိတ်ကိုတော့ မြန်မာအာဏာပိုင်တွေ ထံမှ တရားဝင်ကြေညာချက်ထွက်လာတဲ့အထိစောင့်ရမှာပါ" ဟု ထိုင်းစွမ်းအင်ဝန်ကြီးက ဆိုသည်။ မြန်မာနိုင်ငံကုန်းတွင်း ရေနံနှင့်သဘာဝဓာတ်ငွေ့ လုပ်ကွက်သစ် ၁၈ ခု၌ စွမ်းအင်ရှာဖွေမှုပြုလုပ်ရန်ကြိုးပမ်းမှုအောင်မြင်ထားသည့် နိုင်ငံခြားကုမ္ပဏီကြီးများအနေဖြင့် ပြည်တွင်းကုမ္ပဏီများနှင့် ဖက်စပ် လုပ်ကိုင်မှုတည်ထောင်ရန်လိုအပ်ကြောင်း မြန်မာ့စွမ်းအင်ဝန်ကြီးဌာနက ပြီးခဲ့သည့် သြဂုတ်လတွင် တရားဝင်ကြေညာချက်ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၈ မှ ၂၀ ရက်အကြား မြန်မာနိုင်ငံသို့သွားရောက်လည်ပတ်ခဲ့စဉ် PTT အုပ်စုအနေဖြင့် ကမ်းလွန်စွမ်းအင် ရှာဖွေရေး လုပ်ကွက် MD7 နှင့် MD8 တို့၌ ရင်းနှီးမြှုပ်နှံလုပ်ကိုင်လိုသည့်ကိစ္စအပါအဝင် အခြားသော ရေနံရောင်းဝယ်မှုဆိုင်ရာအရေးကိစ္စတို့ကိုဆွေးနွေးခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံသည် လူ့အခွင့်အရေးချိုးဖောက်မှုစွပ်စွဲချက်များကြောင့် စီးပွားရေးပိတ်ဆို့ခံထားရဆဲဖြစ်ရာ မြန်မာပြည်တွင်းနိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုမှာ အကန့်အသတ်ရှိသည်။ သို့သော် မကြာခင်ကာလအတွင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟီလာရီကလင်တန် လာရောက်လည်ပတ် ခဲ့ပြီးနောက် စီးပွားရေးပြုပြင်ပြောင်းလဲမှုများ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ၊ ဖွံ့ဖြိုးရေးစီမံကိန်းများနှင့်ပတ်သက်၍ မျှော်လင့်ချက်များဖြစ်ပေါ်လျက်ရှိသည်။
*************************************************************************************************
Google Docs makes it easy to create, store and share online documents, spreadsheets and presentations.