yangonchronicle 2011- (1) |
၁၂.၂.၂၀၁၂
ဘာသာပြန်သတင်းများ
- မြန်မာ့မီဒီယာဥပဒေသစ် သတင်းစာလွတ်လပ်ခွင့်ကို အာမခံနိုင်ဖွယ်မရှိ
(International Federation of Journalists အဖွဲ့၏ သတင်းထုတ်ပြန်ချက်ဖြစ်သော Burma's New Media Law May Fail to Ensure Press Freedom ကို ဘာသာပြန်ဆိုသည်)
- ကနေဒါနှင့် တရုတ်ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှု ပိုမိုနက်ရှိုင်းလာ
(BBC သတင်းဌာနမှ 9 Feb 2012 ရက်စွဲပါ Canada and China deepen trade ties ကို ဘာသာပြန်ဆိုသည်)
- မြန်မာနိုင်ငံကို အမေရိကန်ဘာကြောင့်လိုအပ်သနည်း
(The Voice of Russia မှ ဗော့လ်ခ်ဟွန်းစကီးဘောရစ် ရေးသားသည့် Why does US need Myanmar? ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်)
**************************************
ဘာသာပြန်သတင်းများ
မြန်မာ့မီဒီယာဥပဒေသစ် သတင်းစာလွတ်လပ်ခွင့်ကို အာမခံနိုင်ဖွယ်မရှိ
(International Federation of Journalists အဖွဲ့၏ သတင်းထုတ်ပြန်ချက်ဖြစ်သော Burma's New Media Law May Fail to Ensure Press Freedom ကို ဘာသာပြန်ဆိုသည်)
မြန်မာနိုင်ငံတွင် အဆိုပြုထွက်ပေါ်လာသော မီဒီယာဥပဒေမူကြမ်းသစ်သည် မြန်မာအစိုးရ ကတိပြုထားသည့်အတိုင်း သတင်းမီဒီယာ လွတ်လပ်မှုအတွက် အာမခံချက်ပေးနိုင်ဖွယ်မရှိဟူ၍ မြန်မာ့မီဒီယာအဖွဲ့(BMA)က စိုးရိမ်ပူပန်မိသည့်အတိုင်း နိုင်ငံတကာ သတင်းစာဆရာများအဖွဲ့ (IFJ) အနေဖြင့်လည်း စိုးရိမ်ပူပန်မိပါသည်။
အဆိုပါ မီဒီယာဥပဒေသစ်မူကြမ်းကို ပြန်ကြားရေးဝန်ကြီးဌာနလက်အောက်ရှိ စာပေစိစစ်ရေးနှင့် မှတ်ပုံတင်ဌာ (PSRD)က ရေးဆွဲခဲ့ပြီး ကုန်ခဲ့သည့် ဇန်နဝါရီလအတွင်း မြန်မာနိုင်ငံစာပေနှင့် စာနယ်ဇင်းအဖွဲ့(MWJA) နှင့် စင်ကာပူ အခြေစိုက် အာရှမီဒီယာ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးစင်တာ(AMIC) တို့က ပူးတွဲကျင်းပအပ်သော မီဒီယာအလုပ်ရုံဆွေးနွေးပွဲတွင် ထုတ်ဖော်မိတ်ဆက်ခဲ့ပါသည်။
နှစ်ရက်တာမျှကျင်းပသော အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ ပြည်တွင်းသတင်းစာဆရာများ၊ နိုင်ငံခြားသတင်း ဌာနတွင်လုပ်ကိုင်နေသော မြန်မာ သတင်းစာဆရာများနှင့် အာရှနိုင်ငံများမှ သတင်းစာဆရာများကို ဖိတ်ကြားခဲ့သော်လည်း ပါဝင်တက်ရောက်သူများအနေဖြင့် မီဒီယာဥပဒေတွင် ပါဝင်သည့် အကြောင်းအရာနှင့် အချက်အလက်များအပေါ် စေ့စေ့စပ်စပ်ဆွေးနွေးညှိနှိုင်းခွင့် မရရှိခဲ့ပေ။
နော်ဝေနိုင်ငံ၊ အော်စလိုမြို့အခြေစိုက် ဒီမိုကရက်တစ် မြန်မာ့အသံ(DVB) သတင်းဌာန၏ အဆိုအရ စာပေစိစစ်ရေးနှင့် မှတ်ပုံတင်ဌာန (PSRD) မှ ဒုတိယညွှန်ကြားရေးမှူး ဦးတင့်ဆွေက မီဒီယာဥပဒေမူကြမ်းသစ်တွင် ပါဝင်သည့်အကြောင်း အရာအချက်အလက်များကို တင်ပြခဲ့သော် လည်း ဥပဒေအသေးစိတ်ကိုမူ ထုတ်ဖော်ပြေဆိုမှု မပြုခဲ့ပေ။
PSRD နှင့် နီးစပ်သော သတင်းရင်းမြစ်များကမူ ယင်းဥပဒေမူကြမ်းသစ်သည် ၁၉၆၂ ခုနှစ် စစ်တပ်အာဏာသိမ်းမှု ဖြစ်ပေါ်ပြီးနောက် ပြဋ္ဌာန်းခဲ့သည့် ပုံနှိပ်ရေးနှင့် ပုံနှိပ်ထုတ်ဝေသူများမှတ်ပုံတင် အက်ဥပဒေကို လိုက်ဖက်ညီအောင် ပြန်လည်ပြင်ဆင်ထားခြင်း ဖြစ်ကြောင်း မြန်မာ့ မီဒီယာအဖွဲ့(BMA) သို့ ပြောကြားသည်။
"မြန်မာအစိုးရက ထုတ်ဖော်တဲ့ ဘယ်လိုမီဒီယာဥပဒေမျိုးမဆို သတင်းစာလွတ်လပ်မှုကို မြှင့်တင်ပေးပြီး သတင်းစာဆရာတွေအတွက် ကြီးမားတဲ့ လွတ်လပ်မှုနဲ့ လုံခြုံမှုပေးနိုင်ဖို့ အင်မတန်အရေးကြီးပါတယ်" ဟု IFJ မှ အာရှ- ပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Jacqueline Park က ပြောကြားသည်။
"မီဒီယာဥပဒေအနေနဲ့ မြန်မာ့မီဒီယာနယ်ပယ်အတွက် အသစ်တစ်ခု စတင်လုပ်ဆောင်နိုင်ရေးအတွက် ကိုယ်စားပြုနိုင်ဖို့ လိုပါတယ်။ အဲဒီ မီဒီယာဥပဒေဆိုတာ ခေတ်မီဆန်းသစ်တဲ့ မီဒီယာအကြောင်းအရာ အခြေအနေနဲ့ အကောင်းဆုံး ကိုက်ညီမှုအောင်၊ သတင်းစာလွတ်လပ်ခွင့်ကို အကာအကွယ် ပေးနိုင်အောင် အသေအချာရေးဆွဲသင့်ပါတယ်" ဟု ၎င်းက ဆိုသည်။
IFJ သည် မြန်မာနိုင်ငံ၏ ၁၉၆၂ ခုနှစ် ပုံနှိပ်သူများနှင့် ပုံနှိပ်ထုတ်ဝေသူများ မှတ်ပုံတင်ရေး အက်ဥပဒေနှင့် လွတ်လပ်စွာ ထုတ်ဖော် ရေးသားခွင့်ကို ကန့်သတ်သည့် အခြားသော ဥပဒေများ(ဥပမာ- ၁၉၅၀ အရေးပေါ်ပြဋ္ဌာန်းမှု အက်ဥပဒေ၊ ပြစ်မှုဆိုင်ရာဥပဒေ အပိုဒ်-၅၀၅(ခ)၊ ၁၉၂၃ လျှို့ဝှက်အက်ဥပဒေ) ပယ်ဖျက်နိုင်ရေးအတွက် မြန်မာအစိုးရကို တိုက်တွန်း ပြောဆို ရန်အလို့ငှာ BMA နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။
နယ်စည်းမခြား သတင်းထောက်များအဖွဲ့(RWB) ၏ ၂၀၁၁ခုနှစ် သတင်းစာလွတ်လပ်မှုဆိုင်ရာ ညွှန်းကိန်းတွင် မြန်မာနိုင်ငံသည် ၂၀၁၀ ပြည့်နှစ်တွင် ၁၇၄ နေရာ၌ရှိခဲ့ရာမှ ၁၆၉ နေရာသို့ရောက်ရှိလာသည်ကို တွေ့ရသည်။ မြန်မာအစိုးရ၏ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများဖြစ်သော နိုင်ငံရေး အကျဉ်းသားများ လွတ်ငြိမ်းချမ်းသာခွင့်ပြုခြင်း၊ ဆင်ဆာတည်းဖြတ်မှု လျှော့ချခြင်း အစရှိသည်တို့ကြောင့် ယင်းသို့ အဆင့်သတ်မှတ်ချက် မြင့်တက်လာခြင်း ဖြစ်သည်။ သို့သော် မြန်မာနိုင်ငံမှာ ယခင်စစ်အစိုးရအဖွဲ့ဝင်များက အရပ်သားများအသွင်ဖြင့် ဖွဲ့စည်းထားသည့် အာဏာရှင်ဆန်သော အစိုးရအဖွဲ့၏ ထိန်းချုပ်မှု အောက်တွင်ရှိနေဆဲပင် ဖြစ်သည်။ သတင်းစာဆရာ အတော်များများလည်း ၂၀၁၂ ခုနှစ်အစပိုင်းကာလအထိ ဖမ်းဆီး ထိန်းသိမ်းခံထားရဆဲပင် ဖြစ်သည်။
**************************************
ကနေဒါနှင့် တရုတ်ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှု ပိုမိုနက်ရှိုင်းလာ
(BBC သတင်းဌာနမှ 9 Feb 2012 ရက်စွဲပါ Canada and China deepen trade ties ကို ဘာသာပြန်ဆိုသည်)
ယူရေနီယံ တင်ပို့ရောင်းချမှုအပါအဝင် အခြားသောအခန်းကဏ္ဍများ၌ ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်ရန် တရုတ်နှင့် ကနေဒါ နှစ်နိုင်ငံ အစိုးရတို့ သဘောတူညီချက် ရရှိသွားပြီဖြစ်ကြောင်း သိရသည်။
ကနေဒါအစိုးရ၏ အဆိုအရ ၎င်းတို့အနေဖြင့် တရုတ်နိုင်ငံ၏ စွမ်းအင်ထုတ်လုပ်ရေးအခန်းကဏ္ဍအတွက် ယူရေနီယံများ တင်ပို့ရောင်းချ သွားမည်ဖြစ်သည်။ ထို့ပြင် ကနေဒါစီးပွားရေးလုပ်ငန်းများကလည်း တရုတ်လုပ်ငန်းကြီးများနှင့် ဒေါ်လာ ၃ ဘီလီယံတန်ဖိုးရှိသော သဘောတူညီချက် စာချုပ်များကို ဘေဂျင်းမြို့တော်၌ လက်မှတ်ရေးထိုးခဲ့သည်။
ကနေဒါဝန်ကြီးချုပ် Stephen Harper ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် တရုတ်နိုင်ငံသို့ လေးရက်တာ ခရီးစဉ်အဖြစ် သွားရောက် ခဲ့ကြသည်။ ယင်းခရီးစဉ်သည် ကနေဒါရှိ သဘာဝရင်းမြစ်ရှာဖွေတူးဖော်ရေးအခန်းကဏ္ဍများသို့ တရုတ်ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာရေး အပါအဝင် စွမ်းအင်တင်ပို့ရောင်းချမှုဖိုးကပ်စ်ကို အာရှဒေသသို့ ရွှေ့ပြောင်းရေး အစရှိသည်တို့အတွက်လည်း ဦးတည်သည်။
ယူရေနီယံရောင်းချမှု
ကနေဒါသည် ယူရေနီယံအများဆုံးထုတ်လုပ်နိုင်သော နိုင်ငံများတွင် တစ်နိုင်ငံအပါအဝင်ဖြစ်ပြီး ဖေဖော်ဝါရီလ ၈ ရက်နေ့က ချုပ်ဆိုခဲ့သော သဘောတူစာချုပ်အရ တရုတ်နိုင်ငံရှိ ကနေဒါဦးဆောင်လုပ်ကိုင်သော စီမံကိန်းကြီးများသို့ ယူရေနီယံများ တင်ပို့ရောင်းချခွင့် ရရှိမည်ဖြစ်သည်။
"ယခုရရှိလိုက်တဲ့ သဘောတူညီမှုကြောင့် ကနေဒါယူရေနီယံကုမ္ပဏီတွေအနေနဲ့ တရုတ်ပြည်ကို ယူရေနီယံတွေ အမြောက်အမြား တိုးမြှင့် တင်ပို့နိုင်တော့မှာဖြစ်ပါတယ်။ တရုတ်ပြည်ဟာ အဲဒီယူရေနီယံထွက်ကုန်တွေနဲ့ပတ်သက်ပြီး ကမ္ဘာပေါ်မှာ ကြီးထွားမှု အလျင်မြန်ဆုံးသော ဈေးကွက်ကြီး တစ်ခုလည်း ဖြစ်ပါတယ်" ဟု ကနေဒါဝန်ကြီးချုပ်ရုံး၏ ကြေညာချက်က ဆိုသည်။
ကနေဒါ ယူရေနီယံထုတ်လုပ်ရေးလုပ်ငန်းဖြစ်သော Cameco သည် တရုတ်ပြည်သို့ နောင် ၁၅ နှစ်အတွင်း ယူရေနီယံ ပေါင် ၂၉ သန်းကျော် တင်ပို့ရောင်းချရန် သဘောတူညီချက်တစ်ရပ်ကို ပြီးခဲ့သည့် ၂၀၁၀ ပြည့်နှစ်တွင်ရရှိခဲ့သည်။"အဲဒီ သဘောတူညီချက်လက်မှတ်မထိုးခင် အချိန်အထိ ကျွန်တော်တို့အနေနဲ့ ကနေဒါယူရေနီယံတွေကို တင်ပို့ရောင်းချနိုင်ခြင်း မရှိခဲ့ပါဘူး။ အခု လက်မှတ်ရေးထိုးပြီးပြီဆိုတော့ တင်ပို့ရောင်းချဖို့ တံခါးပွင့် သွားပါပြီ" ဟု Cameco ၏ အမှုဆောင်အရာရှိချုပ် Tim Gitzel က ပြောကြားသည်။ ၎င်းသည် တရုတ်နိုင်ငံသို့ သွားရောက်ခဲ့သော ကနေဒါ ကုန်သွယ်ရေး ကိုယ်စားလှယ် အဖွဲ့တွင် ပါဝင်ခဲ့သည်။
ပင်ဒါဝက်ဝံထိန်းသိမ်းစောင့်ရှောက်ရေး
ကုန်သွယ်ရေးဆိုင်ရာ ခရီးစဉ်၏ အာဂျင်ဒါတွင် လေကြောင်းလုပ်ငန်း၊ တယ်လီဆက်သွယ်ရေးလုပ်ငန်း၊ ဘဏ္ဍာရေးလုပ်ငန်း အစရှိသည်တို့နှင့် ပတ်သက်၍ ကနေဒါ-တရုတ်ကုမ္ပဏီများ သဘောတူလက်မှတ် ရေးထိုးမှုတို့လည်း ပါဝင်သည်။ သို့ရာတွင်အဆိုပါ သဘောတူညီချက် အသေးစိတ်နှင့် ပတ်သက်၍ အသေးစိတ်ထုတ်ပြန်ကြေညာခြင်းမျိုးမရှိပေ။
ငါးကြိမ်မြောက် ကနေဒါ-တရုတ် စီးပွားရေးဖိုရမ်၌ သဘောတူလက်မှတ် ရေးထိုးခဲ့ကြသည့် ကနေဒါကုမ္ပဏီများတွင် လေယာဉ်နှင့် မီးရထား ထုတ်လုပ်ရေးကုမ္ပဏီဖြစ်သော Bombardier ၊ တယ်လီဆက်သွယ်ရေးကုမ္ပဏီများဖြစ်သော Telus နှင့် Bell Canada တို့လည်း ပါဝင်သည်။ အခြားသော တိုးတက်ဖွံ့ဖြိုးမှုတစ်ရပ်မှာ "ပင်ဒါဒီပလိုမေစီ(Panda Diplomacy)" သဘောတူညီမှုအပြီးသတ်လုပ်ကိုင်ဆောင်ရွက်ရေးပင်ဖြစ်သည်။ ယင်း သဘောတူညီချက်အရ Calgary နှင့် Toronto မြို့တို့မှ တိရိစ္ဆာန်ဥယျဉ်များအနေဖြင့် "ပင်ဒါဝက်ဝံ ထိန်းသိမ်းစောင့်ရှောက်မှု ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ သုတေသန လုပ်ငန်းစဉ်"အတွက် ပင်ဒါဝက်ဝံတစ်စုံစီကို လက်ခံထိန်းသိမ်းသွားမည်ဖြစ်သည်။ ကုန်ကျမည့်စရိတ်စကနှင့် အစီအစဉ် အသေးစိတ်ကိုမူ ထုတ်ပြန်ကြေညာခြင်းမရှိပေ။
**************************************
မြန်မာနိုင်ငံကို အမေရိကန်ဘာကြောင့်လိုအပ်သနည်း
(The Voice of Russia မှ ဗော့လ်ခ်ဟွန်းစကီးဘောရစ် ရေးသားသည့် Why does US need Myanmar? ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်)
အာရှဖွံ့ဖြိုးရေးဘဏ်(Asian Development Bank-ADB) ကဲ့သို့သော နိုင်ငံတကာ ငွေကြေးအဖွဲ့အစည်းများအနေဖြင့် မြန်မာနိုင်ငံအတွက် စီးပွားရေးအကဲဖြတ်မှုများ၊ နည်းပညာဆိုင်ရာပံ့ပိုးမှုများအဆင်ပြေချောမွေ့စွာ လုပ်ကိုင်နိုင်ရန် အမေရိကန်ပြည်ထောင်စုက မြန်မာအပေါ် ပိတ်ဆို့ အရေးယူမှု အချို့ကို ဖယ်ရှားပေးလိုက်ကြောင်း Reuters သတင်းဌာနက ရေးသားဖော်ပြချက်များအရ သိရှိခဲ့ရပါသည်။
အမေရိကန်ပြည်ထောင်စု၏ အဆိုပါဆုံးဖြတ်ချက်နှင့်လုပ်ရပ်သည် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် တစ်ယောက် ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်း မြန်မာပြည်သို့ ပထမဆုံးအကြိမ်အဖြစ် လာရောက်လည်ပတ်ခဲ့ပြီးနောက် ထွက်ပေါ်လာခြင်းလည်း ဖြစ်ပေသည်။ ဟီလာရီ ကလင်တန်က သမိုင်းဝင်ခရီးစဉ်အတွင်း မြန်မာနိုင်ငံနှင့်ရင်းနှီးချစ်ကြည်သော ဆက်ဆံရေးထူထောင်သွားမည် ဖြစ်ပါကြောင်း ကတိကဝတ်ပြု ပြောဆိုခဲ့ သည်။ ဝါရှင်တန်အစိုးရကလည်း ထိုအချိန်မှစတင်ကာ နှစ်ပေါင်း ၂၀ မျှခန့်အပ်ခြင်းမရှိခဲ့သော သံအမတ်ရာထူး စတင်ခန့်အပ်မည်ဟု ကြေညာပြီး မြန်မာနိုင်ငံနှင့် သံတမန်ဆက်ဆံ ရေး အဆင့်မြှင့်တင်ရန်သဘောတူခဲ့သည်။
ရာစုနှစ်ဝက်တာမျှ စစ်အုပ်ချုပ်ရေးစနစ်လက်အောက်သို့ ရောက်ရှိခဲ့သော မြန်မာနိုင်ငံသည် အဆိုပါနှစ်များအတွင်း တင်းကြပ်သော ပိတ်ဆို့ အရေးယူမှုများကို ခါးစည်းခံခဲ့ရသည်။ အိမ်နီးချင်း တရုတ်နှင့် အိန္ဒိယနိုင်ငံတို့ကသာ အရှေ့တောင် အာရှတွင် ဆင်းရဲနွမ်းပါးမှုအဖြစ်ဆုံး မြန်မာအတွက် လိုအပ်သောအကူအညီများကို အကန့်အသတ်ဖြင့် ပေးခဲ့ကြသည်။
သို့သော် ပြီးခဲ့သည့် ၂၀၁၁ ခုနှစ်ထဲသို့ ရောက်ရှိလာချိန်တွင် မြန်မာအစိုးရက ပြုပြင်ပြောင်းလဲမှုအချို့ ပြုလုပ်ရန် အသင့်အနေအထားတွင် ရှိကြောင်း အရိပ်ပြလာသည်။ မြန်မာအစိုးရက ဖမ်းဆီးထိန်းသိမ်းထားသော နိုင်ငံရေးအကျဉ်းသားများအနက် ၆၀၀ ခန့်ကို လွတ်ငြိမ်းချမ်းသာခွင့်ပြုခြင်း၊ အတိုက်အခံခေါင်းဆောင်၊ နိုဗယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဒိုင်ယာလော့ခ်ပြုလုပ်ခြင်း၊ တိုင်းရင်းသား လက်နက်ကိုင် အုပ်စုများနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရရှိရန် ကြိုးပမ်းခြင်း အစရှိသည်တို့ကို လုပ်ဆောင်လာသည်။ သို့တိုင်အောင် စစ်အစိုးရ၏ သဘောသဘာဝ တစ်ခုလုံး တော့ ကွယ်ပျောက်သွားခြင်းမျိုး မဟုတ်ပေ။ အရပ်သားအမည်ခံ မြန်မာအစိုးရအဖွဲ့သစ်တွင် တာဝန်ယူထားသူများ အား လုံး နီးပါးမှာ မြန်မာနိုင်ငံကို နှစ်အတော်ကြာအုပ်ချုပ်ခဲ့ကြသည့် စစ်ဗိုလ်ချုပ်ကြီးများပင် ဖြစ်လေသည်။ သမ္မတဦးသိန်းစိန် ကိုယ်တိုင်သည်ပင် စစ်ဗိုလ်ချုပ် ကြီးဟောင်းနှင့် ယခင်စစ်အစိုးရအဖွဲ့ဝင်ဟောင်းဖြစ်သည်။
သို့သော် အနောက်နိုင်ငံများက လက်ရှိမြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများသည် အမှန်အကန်ဖြစ်သည့်အတွက်ကြောင့် ပိတ်ဆို့အရေးယူမှု များကို စတင်လျှော့ချပေးပါမည်ဟု ကြေညာသလို အခွင့်အလမ်းသစ်များ လက်ဆုပ်လက်ကိုင် ဖမ်းမိနိုင်ရန် အစောတလျင်ပင် ကြိုးပမ်းလာကြသည်။ မကြာသေးမီရက်ပိုင်းက The New York Times သတင်းစာတွင် ယခုနှစ်အတွင်း CIA ဒါရိုက်တာ David H Petraeus မြန်မာနိုင်ငံသို့ သွားရောက် လည်ပတ်ဖွယ်ရှိသည်ဟူသော သတင်းမှာ မြန်မာနိုင်ငံနှင့် ရင်းနှီးချစ်ကြည်သော ဆက်ဆံရေး ထပ်မံထူထောင်လိုပါသည်ဟူသော အမေရိကန် ပြည်ထောင်စု၏ နောက်ထပ်အချက်ပြမှုတစ်ခုဟုပင် ဆိုရမည်။
ဤနေရာတွင် ယခင်ဆိုဗီယက်ပြည်ထောင်စုပုံစံ နိုင်ငံရေး၊ စီးပွားရေးပြောင်းလဲမှုများပါဝင်သည့် လုပ်ကိုင်ဆောင်ရွက်မှု အချို့ကို ပြောင်းလဲ ပစ်ရန် အသင့်ဖြစ်နေပါသည်ဟူသော မြန်မာအစိုးရ၏ အသေးစားအချက်ပြမှုများသည် အဘယ့်ကြောင့် ဝါရှင်တန်အစိုးရအတွက် နွေးနွေးထွေးထွေး ကြိုဆိုစရာမျိုးဖြစ်နေရသနည်းဟု မေးစရာဖြစ်လာသည်။ အခြားသော ကမ္ဘာ့ဒေသများအတွင်း အမေရိကန်ပြည်ထောင်စု၏ လုပ်ကိုင်ဆောင်ရွက်မှု များနှင့် မြန်မာနိုင်ငံအပေါ် ပြုမူဆောင်ရွက်မှုကို နှိုင်းယှဉ်ကြည့်မည်ဆိုပါက သိသိသာသာပင် ကွဲပြားနေသည်ကို တွေ့ရပေလိမ့်မည်။ ဝါရှင်တန်သည် အခြားသော ဒေသများတွင်မူ ယခုလို အသေးစားအချက်ပြမှုမျိုးကို မသိကျိုးနွံပြုတတ်သလို တစ်ခါတစ်ရံ လက်သင့်မခံဘဲပယ်ချသည်မျိုးပင် ပြုလုပ် လေ့ရှိသည်။
အမေရိကန်၏ မဟာဗျူဟာအယူဝါဒမှာ ပြောင်းလဲသွားပြီး အထူးသဖြင့် အာရှပစိဖိတ်ဒေသအပေါ် ပိုမိုအာရုံစိုက်လာသည့် အချက်ကို ဤနေရာတွင် သတိပြုသင့်ပါသည်။ ယခင် အမေရိကန်အစိုးရအဖွဲ့မှာ အရှေ့အလယ်ပိုင်းဒေသအရေး ကိစ္စများနှင့် နစ်မြုပ်နေခဲ့ရပြီး လက်ရှိ အစိုးရ အဖွဲ့မှာ သက်တမ်း ၃ နှစ်တာကာလအတွင်း ယခင်အဖွဲ့ထံမှ လက်ဆင့်ကမ်း ရရှိလိုက်သော အရေးကိစ္စများကို ကိုင်တွယ်ဖြေရှင်းနေခဲ့ရသည်။ လက်ရှိ အစိုးရအဖွဲ့လက်ထက် ပြောင်းလဲသွားသော အမေရိကန်နိုင်ငံခြားရေးမူဝါဒဖိုးကပ်စ်မှာ အရှေ့အလယ်ပိုင်းဒေသမဟုတ်ဘဲ အရှေ့ဖျားပိုင်းဒေသတွင် ဖြစ်သည်။ တရုတ် ပြည်အနီးတစ်ဝိုက်မှ မဟာမိတ်ဟောင်းများနှင့် ချစ်ကြည်ရင်းနှီးမှု တိုးတက်ကောင်းမွန်ရေးဟူသည့် အမေရိကန်မူဝါဒသစ် ကြောင့် တရုတ်ပြည်သြဇာ အင်အားကြီးထွားမှုအပေါ် ကန့်သတ်ထိန်းချုပ်ရေး မဟာဗျူဟာမှာ ရှင်းရှင်းလင်းလင်းပင် ဖြစ်လာသည်။ (အနီးတစ်ဝိုက်ရှိ မဟာမိတ် ဟောင်းများသာမက ဗီယက်နမ်ကဲ့သို့ တစ်ချိန်က ရန်သူတော်ကို မဟာမိတ်ပြန်ဖြစ်အောင် ကြိုးပမ်းချက်များလည်း ပါဝင်သည်)
အဆိုပါ မဟာဗျူဟာအခင်းအကျင်းတွင် မြန်မာနိုင်ငံမှာ တရုတ်ပြည်၏ အမာခံနယ်မြေတစ်ခုသဖွယ် ဆက်လက် ကျန်ရှိနေသည်။ ဘေဂျင်း အတွက်တော့ မြန်မာမှာနိုင်ငံခြားမူဝါဒအရေးသက်သက်မျှပင်မဟုတ်။ လွန်စွာလက်တွေ့ကျသော စီးပွားရေးအရေးကိစ္စတစ်ရပ်ကဲ့သို့ ဖြစ်နေပေသည်။ မြန်မာပြည်တွင်း တရုတ်နိုင်ငံအထောက်အပံ့ဖြင့် အကောင်အထည် ဖော်လျက်ရှိသော လမ်းဖောက်လုပ်ရေး၊ဆိပ်ကမ်းတည်ဆောက်ရေးအစရှိသည့် စီမံကိန်းကြီးများမှာ ပါရှန်ပင်လယ်ကွေ့မှ ရေနံနှင့် အခြားလောင်စာများ အပါအဝင် အခြားကုန်ပစ္စည်းများအား တရုတ်ပြည်တွင်းသို့ ကုန်ကျစရိတ် သက်သာစွာ၊ လုံခြုံစိတ်ချမှုရှိစွာဖြင့် တင်သွင်းနိုင်ရန် ဦးတည်သည်။ မြန်မာပြည်တွင်းမှ ဖြတ်သန်းတင်ပို့မည်ဆိုပါက ယခင်ကပုံမှန်လမ်းကြောင်း ဖြစ်သည့် မလက္ကာရေလက်ကြားကို ရှောင်ရှားပြီး အချိန်အားဖြင့်လည်း များစွာတိုတောင်းသွားမည်ဖြစ်သည်။
များစွာထင်ရှားသည့်အချက်မှာ အိန္ဒိယသမုဒ္ဒရာအနောက်ပိုင်းကို မဟာဗျူဟာအရ ထိန်းချုပ်ခွင့်ရရှိမည့် အရေးပါသော နယ်မြေဒေသများ အပေါ် တရုတ်နိုင်ငံက သြဇာလွှမ်းမိုးလာမည့် အခြေအနေနှင့် အချိန်အခါမျိုးကို အမေရိကန်ပြည်ထောင်စုက မည်သို့မျှ အောင့်အီးသည်းခံမည် မဟုတ်ပေ။ သို့အတွက်ကြောင့် မြန်မာပြည်တွင်း အမေရိကန်အဆင့်မြင့် အရာရှိကြီးများ၏ သံတမန်ရေးရာ လှုပ်ရှားဆောင်ရွက်ချက်များ တိုးမြင့်လာမှုကို တွေ့မြင်လာရခြင်းဖြစ်လေသည်။
မြန်မာနိုင်ငံအနေဖြင့် ပြုပြင်ပြောင်းလဲမှုများကို မည်မျှအတိုင်းအတာအထိ လုပ်ဆောင်သွားမည် သို့မဟုတ်အဆိုပါ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်ချက်များသည် တိုင်းပြည်ဂုဏ်သိက္ခာ မြင့်တက်ရုံသက်သက်သာ ရည်ရွယ်ခြင်း ရှိ၊မရှိဟူသော အချက်တို့မှာ ယနေ့အချိန်အထိ ရှင်းရှင်း လင်းလင်း မသိရှိရသေးပေ။ သို့သော် အမေရိကန်နိုင်ငံခြားရေး မူဝါဒချမှတ်သူ (ဖောရိန်းပေါ်လစီမိတ်ကာ)များ မကြာခဏ ထုတ်ဖော်ပြသဖူးသည့် အချက်တစ်ချက်ကို ဤနေရာတွင် သတိပြုသင့်သည်။ ယင်းမှာ အမေရိကန်၏ မဟာဗျူဟာ ဘေးကျပ်နံကျပ်အခြေအနေထဲသို့ ဆိုက်ရောက်လာချိန်တွင် လူ့အခွင့်အရေးကဲ့သို့ အသေးအဖွဲအရေးကိစ္စများအား ပြဿနာတစ်ရပ်အဖြစ် ထည့်သွင်းစဉ်းစားမှု မပြုခြင်းပင်ဖြစ်လေသည်။
****************************************************************************
Google Docs makes it easy to create, store and share online documents, spreadsheets and presentations.