Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၁၀.၄.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. အမတ်မင်းနှင့် မျဉ်းကျား

*****************************************

ဆောင်းပါးကဏ္ဍ

အမတ်မင်းနှင့် မျဉ်းကျား

ဆာသော်ဒိုး

(Popular News အတွဲ (၅) အမှတ် (၁၂) တွင်မှ ထုတ်ယူဖော်ပြသည်။)

ကမ္ဘာကြီးမှာ ရွာကြီးတစ်ရွာ အဖြစ်သို့ ရောက်ရှိခဲ့သည်မှာ ကာလတစ်ခု ရှိလာပြီး သကာလ ‘လုံး’ရာမှ ‘ပြား’သွားသည်မှာလည်း အများသူငါ ကမ္ဘာသားတို့ ပြောလို့မဆုံးသေးဘဲ ဖြစ်ကာရှိ ပါလေ၏။ ၂ဝ ရာစု ကမ္ဘာနှင့် ၂၁ ရာစုကမ္ဘာမှာ အတော့်ကို ကွာခြားသွားပြီဖြစ်ရကား ၁၉ ရာစုကမ္ဘ္ဘာနှင့်သာ ယှဉ်ငြားက‘ဘာမှမဆိုင်’တော့သည့် ကာလအခြေအနေကို ရောက်ရှိနေပြီ ဖြစ်ပါလေ၏။ကမ္ဘာ့အရှေ့ဖျားက ရုတ်တရက်ပေါ်ပေါက်ခဲ့သော အသံကလေး သဲ့သဲ့သည်… ကမ္ဘာ့အနောက်ဖျားသို့ ချက်ချင်းရောက်လို့သွားကာ တောင်ဖျားကမ္ဘာ မြောက်ဖျားကမ္ဘာတို့တွင်လည်း အချိန်မဆိုင်း ချက်ချင်းပဲ စက္ကန့် အနည်း ငယ်လေးအတွင်း ပျံ့နှံ့ခင်းကျင်းကာ ‘သတင်းလွှာ’ကို အတူတကွ သိရှိနေရပြီဖြစ်ပါ၏။ အချိန်အတားအဆီး နေရာအတားအဆီး နံရံ အတား အဆီးတို့ သည်ကား လုံးဝလုံးဝကျုံ့ဝင်သွားကာ ‘မြေကြောရှုံ့ပညာ’မှာ ယနေ့ကမ္ဘာ၏ အဋ္ဌာရသတစ်ခုအဖြစ် တည်ရှိနေပြီဖြစ်ပါ၏။ သို့ဖြင့်… အရင့်အရင် ကာလများက ရှိရှိခဲ့သမျှ နိုင်ငံပိုင်းခြား အတားအဆီး တံတိုင်း များတို့မှာ ထုတ်ချင်းပေါက် ဖြစ်လာလျက် ‘အကြည်လွှာ’ ကလေးသာ ကမ္ဘာမှာ ရှိပါ လေတော့ ၏။ သဘောအားဖြင့် ခနော်ခနဲ့ ခြံစည်းရိုးကလေးသာ ခြားသည့် ဟိုဘက်အိမ်မှအသံသည် ဒီဘက်အိမ်သို့ ချက်ချင်းလာမှန်ကာ သူ့ထက်ဝေးကွာသော ရွာထိပ်ဘက် အိမ်ပျက်ကြီးမှ ညှော်နံ့သည်လည်း လေထဲဝေ့ကာ မိမိတို့အိမ်ဂေဟာသို့ ချက်ချင်းရောက်လို့ လာမည် ဖြစ်ပါ ၏။ ကြားခံအတားအဆီး ဟူသမျှ လျော့ပါးပါးလျသွားပြီဖြစ်ကာ တစ်ယောက်နှလုံးသားကို တစ်ယောက်ထုတ်ချင်းပေါက် မြင်တွေ့နေရပြီ ဖြစ်ပါ၏။ ‘ရွာကြီး’ဖြစ်လာသည့်‘ ကမ္ဘာ’မှာ… သူ့ နေရာနှင့်သူတည်ထား နေထိုင်ကြရာ ကိုယ်ပိုင်အိမ်ဂေဟာ တို့ဆီမှာကိုပဲ ရင်းစွဲလိုက်သည့်အတိုင်း မိသားစုအပိုင်းမှာလည်းသိုင်းသိုင်းဝိုင်းဝိုင်း ရှိကြကာ မိမိနေရာနှင့် မိမိ၊ မိမိတာဝန်နှင့် မိမိ၊ နိုင်ရာတာဝန်အစုံအစေ့ရှိကြပြီးသကာလ ဘိုးဘွားမိဘနှင့် သားသမီးမြေးမြစ်တို့မှာ သူ့နေရာနှင့်သူ ကြည်ဖြူ သင့်မျှစွာ လွတ်လပ်ပွင့်လင်းမှု အစုစုရှိကြရမည် ဖြစ်ပါပေ၏။

ယနေ့အခါ ကမ္ဘာမှာ တရားဝင်ကျေးပိုင်ကျွန်ပိုင်ရှင်ခေတ်၊ မြေရှင် ပဒေသရာဇ်ခေတ်၊ ကိုလိုနီစနစ်၊ ဖက်ဆစ်စနစ်တို့မှာ ကွယ်ပျောက်ခဲ့ပြီ ဆိုသော်ငြား ပိုက်စိတ်တိုက် ဆန်ခါချကြည့် သွားမည်ဆိုပါက … ဆန်ခါပေါ်မှာ အထက်ပါစနစ်တို့မှ အပိုင်းအစ အတုံးအခဲတို့မှာ အနည်းငယ်တင်ရှိနေလိမ့် ဦးမည်ဟု ယူဆမိပါသည်။ ထို့နည်းတူစွာပင် ‘အာဏာရှင်စနစ်’ ဆို သည့် ဆိုးရွားသည့် စနစ်တစ်ခုသည်လည်း ဟိုနားနည်းနည်းသည် နားနည်းနည်းဆိုသလို အလျှိုအလျှို ထိုထိုဤဤ ကျန်ရှိနေလိမ့်ဦးမည်သာဖြစ်ပါပေ၏။ သို့လေသော်ငြား ‘အာရပ်နွေဦး’ကား ယနေ့ ကမ္ဘာသားတို့အတွက် ‘နွေဦးတေးသံ’ သာဖြစ် လျက် လူပုဂ္ဂိုလ်တို့၏ ‘အာဏာစက်’ ကို ပယ်ဖျက်ရိုက်ချိုးခဲ့သည့် ‘ရော့ခ်’ အမျိုးအစား မာကျောပီပြင်သည့် ‘ဂန္ထဝင်တေးသွား’သာ ဖြစ်ပါပေတော့၏။ ကမ္ဘာ ရွာကြီး၏ အရှေ့တောင်ဘက်ခြမ်း…အလွန်တရာမှ စိမ်းလန်းစိုပြည်လှပသည့် နေချင့် စဖွယ်နေရာမှာ တည်ရှိနေပါသော ကျွန်ုပ်တို့၏ အိမ်ဂေဟာမှာလည်း အခြားရွာသူရွာသား အပေါင်းတို့၏   စောင်းငဲ့ကြည့်ရှု ခြင်းကို  ခံယူနေရသည့် ကာလဖြစ်ပေရာ… အလွန်တရာမှ ‘အချိန်ကျနေသည့်ကာလ’ ဖြစ်ပါပေ၏။ ကျွန်ုပ်တို့ အိမ်ခြံဝင်းထဲမှာ ခူးယူစားသုံးဖို့ရာ ‘ပဒေသာပင်ငယ်ကလေးများ’အရွက် တဖားဖားဖြင့် ဟိုနားတစ်ပင် သည်နားတစ်ပင် ပေါက်ရောက်ရှင် သန်နေ ပြီးသကာလ ရေတွင်းရေကန်များမှ ထွက်သမျှ ရေချိုတို့မှာလည်း သောက်ချိုးလို့မှ မကုန်နိုင်အောင်ဖြစ်ပြီး… အလုပ် ကောင်းစွာလုပ်နိုင်သည့် မိသားစုဝင် များမှာလည်း သူ့အပေါ် ငါ…ငါ့အပေါ်သူ ‘ကျော်’သည်ဟူ၍ မရှိကြတော့ဘဲ လေးစားချစ်ခင်ရင်းစွဲ ‘စိတ်ခွဲတမ်း’ ကိုယ်စီရှိကြတော့မည် ဖြစ်သည့်အတွက် အဘက်ဘက်မှ ပြည့်စုံလှပနေပေရာ ‘တစ်ချက်ကလေး’ အားစိုက်လိုက်သည်နှင့် ကျွန်ုပ်တို့၏ အိမ်ဂေဟာမှာ ‘ဘုံခုနစ်ဆင့်’ မြင့်သွားမည်သာ ဖြစ်ပါတော့ ၏။ ကြားသိရသည့် သတင်းများအရ..ကောင်းမြတ်မှုအဝဝ’ တို့မှာ အိမ်ဂေဟာသို့ ကြွလာတော့ မည့်လက္ခဏာပါပေ။ မိသားစုတွေ အားလုံးညီညွတ်ကာ ‘ဤ’ ကို ‘ဤ’ လို့ဖတ်ချိန် ရောက်ရှိတော့မှာကို မြင်ယောင်ယူဆကာ ပီတိဖြစ်ချင်ပါ၏။ အရေးကြီးသည်မှာ မိ သားစုဝင် အားလုံးပြုံးပျော်ရွှင်ပျရှိကြကာ မိမိ တာဝန်များကို မိမိကျေပွန်စွာ ထမ်းဆောင်ရင်း အချင်းချင်း အမျက်ဒေါသ မထွက်ကြမူဘဲ ရေရှည်လက်တွဲကာ ‘စံပြဂေဟာ’ တစ်ခုအဖြစ် ကမ္ဘာ့သမိုင်း တွင် ရစ်စေအောင် ကြံဆောင်ကြရမည် ဖြစ်ပါ၏။ လွတ်လပ်ပွင့်လင်း အရည်အချင်းပြည့်ဝသည့် မိသားစုဘဝကို ထူထောင်ကြကာ ဘေးအိမ်များနှင့်ပါ သင့်မြတ်စွာ နေထိုင်နိုင်အောင် အားထည့်ကြံဆောင်ကြရမည်ဖြစ်ပါ၏။ အမျက်ဒေါသ ခဝါချကာ ပီယဝါစာ ချစ်ဖွယ်ရာ အခေါ်အပြောတို့ဖြင့် အချင်းချင်း ဖေးမကာ လျှောက်လှမ်းကြပါလျှင်ကား အခြားရွာသူရွာသားများ အားလုံးတို့ကလည်း စွဲမက်ချစ်ခင် ကြည်လင် ရွှင်ပျ နှုတ်ဆက်ခေါ်ပြောကြပေလိမ့်မည် ဖြစ် ပါ၏။ သည့်အတွက် မိမိတို့မိသားစုမှာ စည်းကမ်းရှိရမည်၊ ညီညွတ်ရမည်၊ မျှတရမည်၊ လေးစားရမည်၊ ကြိုးစားလုပ်ကိုင်ရ မည်။ တကယ့် ရင်တွင်း နှလုံးသားများအား ဖြူစင်အောင် လျှော်ဖွပ်ထား ကြရမည်။  ‘သွေးသား’ ဟူသည် ခွဲခြား၍ မရစ ကောင်းသည့် ဆက်စပ်မှုတစ်ခုသာ ဖြစ်ပါ၏။ အဓိကကျသည့် အချက်မှာ မိသားစုဝင်တိုင်း မိသားစုဝင်တိုင်း သတ်မှတ်ပြောဆိုထားရာ ‘မိသားစုစည်းကမ်း’များကို အသီးသီး လူတိုင်းစေ့ လိုက်နာ ကြဖို့ရာဖြစ်ပါ၏။ အနှီ မိသားစု၏ စည်းကမ်းအထက်မှာ ဘယ်သူဘယ်ဝါမှ မရှိကြပါဟု အဓိဋ္ဌာန်ပြုထားကြရမည်သာ ဖြစ်ပါ ၏။ စည်းကမ်းကလနား လိုက်နာမှု အားနည်းသည့် အိမ်မှာ ကာလရှည်ကြာ ကမ္ဘာရွာမှာ မျက်နှာပျက်အရှက်ရကာ အများ သူငါကအဖက်လုပ်ကြတော့မှာမဟုတ်ပါပေ။

‘စည်းကမ်းရှိ ပါ…ညီညွတ်ကြပါ’..’စည်းကမ်းရှိပါ…ညီညွတ်ကြပါ’ ဟူသည့် အားမာန်ပြည့်ဝ အဓိပ္ပာယ်ပါလှသည့် စကားဝါကျတစ်ခုကို ကျွန်ုပ် လူပျို လူရွယ်ဘဝ လွန်ခဲ့သော အနှစ် ၂ဝ ကျော်ကာလက ရွှေတိဂုံအနောက်ဘက်မုခ်ဝမှာ ကြားနာခဲ့ရရာ ကြက်သီးမွေးညှင်းများပင် တဖွားဖွားထလျက် တကယ့် ကို စိတ်ဓာတ်တက်ကြွကာ ဤစိတ်မဟာဖြင့်သာ ယခုအထိ နေလာခဲ့ပါပေ၏။ လွန်ခဲ့သည့် ၂ဝ၁၁ ခုနှစ်၏ တနင်္ဂနွေတစ်ရက် ကျွန်ုပ်မြို့ထဲဘက်သို့ ထွက်လာရာမှာ မြို့လယ်တစ်နေရာ ၃၄- လမ်းထိပ်အရောက် နောက်မှအဆွဲခံရ၍ လှည့်ကြည့်လိုက်ရာ ကျွန်ုပ်မိတ်ဆွေ ‘ကိုခိုင်မောင် ရည်’ကို ဘွားခနဲ တွေ့လိုက်ရ ပါတော့၏။ ကျွန်ုပ်တို့လည်းဝမ်းသာအားရရှိကြကာ အနော်ရထာလမ်းမတစ်ဖက်မှာ ရှိနေပါသော လက်ဖက်ရည်ဆိုင်တွင်ထိုင်ကာ စကားပြော ကြဖို့ရာ လျှောက်လာကြပါ၏။ ကျွန်ုပ်လည်း လမ်းမကြီးပေါ် ယာဉ်အသွားအလာ ရှင်းနေသည်ကို တွေ့ပေရာလမ်းမကို ဒေါင်လိုက်ဖြတ်ချကာ ကူးသွားလိုက် ပါ၏။ ‘ကိုခိုင်မောင်ရည်’ကား နောက်နားက ကပ်ပါမလာ။ ကြည့်လိုက် ပါလေသော်..ဟိုးခပ်လှမ်းလှမ်းရှိ မဟာဗန္ဓုလပန်းခြံလမ်း (ဘားလမ်း) လူကူးမျဉ်းကြား အထိသွားကာ ဒီဘက်ကိုကူးလာပါပေ၏။ ပြီးတော့မှ ကျွန်ုပ်ကိုပြုံးပြကာ စကားတစ်ခွန်းပြောလာပါ၏။ ‘ဆာသော်ဒိုးရေ … ကျွန်တော်က ‘ပြည်ထောင်စု လွှတ်တော် အမတ်’ ဖြစ်နေပြီလေခင်ဗျ’။

*****************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment