yangonchronicle2011 Op-Ed |
၁၉.၅.၂၀၁၂
ဆောင်းပါးကဏ္ဍ
- စိတ်မကောင်းပါဘူး မောင်ကကြီး
*****************************************
ဆောင်းပါးကဏ္ဍ
စိတ်မကောင်းပါဘူး မောင်ကကြီး
အောင်မောင်း
လွန်ခဲ့သည့်တစ်ပတ်က ကျွန်တော့်မိတ်ဆွေတစ်ဦးက သူ၏လုပ်ဖော်ကိုင်ဖက်တစ်ဦးနှင့် မိတ်ဆက်ပေးပါသည်။ ထိုသူ၏ အမည်မှာ မောင်ကကြီး ဟု ဆိုပါစို့။ ကျွန်တော် မီဒီယာသမားဆိုသည်နှင့် အနှီမောင်ကကြီးက ကျွန်တော့်ကို အားကိုးတကြီး အကူအညီတောင်းတော့သည်။ အခြားမဟုတ် သူ့ဟာ သူ ကားအသစ်အဟောင်း လဲလှယ်ခွင့်ပြုစဉ်က လောဘတက်၍ ဝယ်ထားသော ကားအဟောင်းများမှာ ယခုအခါ လွတ်လပ်စွာ ကားအသစ် တင်သွင်းခွင့် ပြုလိုက်သည့် မူဝါဒကြောင့် သူတို့ကားပွဲစားလောကအခေါ် သူ့ကားအဟောင်းတွေ ကျိုးသွားသောကြောင့် ထိုကိစ္စကို နိုင်ငံတော်အကြီးအကဲများ သိစေ ရန် မီဒီယာမှတဆင့် ရေးသားတင်ပြပေးရန် အကူအညီတောင်းခြင်းဖြစ်သည်။ ထိုကဲ့သို့ နိုင်ငံတော်ကမူဝါဒတွေကို အမျိုးမျိုးပြောင်းလဲနေ၍ ရရာအလုပ် အကိုင်လေး လုပ်နေရရှာသော သူ့လိုလူတွေ စီးပွားပျက်ရသည်ဟုလည်း နိုင်ငံတော်အစိုးရကို ပယ်ပယ်နယ်နယ် ပြစ်တင်စွပ်စွဲပြန်သည်။ သူသည် ရသမျှ အကျိုးအမြတ်ကို မျက်မမြင်ကျောင်း၊ မိဘမဲ့ကျောင်း စသည်တို့တွင် လှူဒါန်း၍ ပရဟိတလုပ်ငန်းလေးများကို တတ်နိုင်သလောက် လုပ်နေသည်ဖြစ်ရာ ယခုကဲ့သို့ သူ့ကားတွေ ကျိုးသဖြင့် အလှူအတန်းလုပ်ရသည်မှာ အားလျော့သွားကြောင်းလည်း ပြောပြ၍ အခန့်မသင့်လျှင် နိုင်ငံတော်အစိုးရပင်လျှင် ကံကြီးထိုက်တော့မည်သဖွယ် ပြောဆိုပြန်လေသည်။
ကျွန်တော်ကမူ ထိုခေတ်ပျက်သူဌေး၊ ငါးပွက်ရာငါးစာချတတ်သည့် တောသူဌေးကို ဘာမှပြောလိုစိတ်မရှိတော့ပေ။ သို့သော် မိတ်ဆွေ၏ မျက်နှာ ကလည်း ရှိသေးသဖြင့် သူ၏အခက်အခဲကို နားလည်ပါကြောင်း၊ သို့ရာတွင် အစိုးရဆိုသည်မှာ ပေါ်လစီတစ်ခုချမှတ်တိုင်း လူအများစုအတွက် ကြည့်ရ သဖြင့် တခါတရံတွင် လူနည်းစုကို ခြုံငုံမိခြင်းမျိုးလည်း မရှိတတ်ပါကြောင်း၊ မီဒီယာဆိုသည်မှာလည်း တစ်ဖက်သက်အမြင်ကို ရေး၍မရသဖြင့် ယခုကိစ္စ တွင် စီးပွားရေး ပညာရှင်များ၊ ဥပဒေပညာရှင်များ၊ က.ည.န စသည်တို့၏ သဘောထားမှတ်ချက်များလည်း မေးမြန်း၍ ဆောင်းပါးရေးရမည်ဖြစ်သဖြင့် အချိန်အနည်းငယ် စောင့် ပေးစေလိုပါကြောင်းသာ အေးရာအေးကြောင်း ပြန်ပြောလိုက်ရလေသည်။
သို့ရာတွင် အနှီမောင်ကကြီး ကိုယ့်ဘက်ကိုယ်ယက်သမားက ငြိမ်ငြိမ်မနေ၊ ယခုကဲ့သို့ မော်တော်ယာဉ်အသစ်များ စိတ်ကြိုက်တင်သွင်းခွင့် ပြု လိုက်သဖြင့် ကားဟောင်းများ၊ ပါမစ်များ ဈေးထိုးကျသွားပြီး ကားအဟောင်းများ မအပ်ချင်ကြတော့ကြောင်း၊ ထိုကိစ္စရပ်သည် ယာဉ်ကြောရှုပ်ထွေးမှု အပါ အဝင် သဘာဝပတ်ဝန်းကျင်ကို အကြီးအကျယ် ထိခိုက်နိုင်ကြောင်းလည်း ပရော်ဖက်ဆာကြီးတစ်ယောက်သဖွယ် မှတ်ချက်ပြုပြရင်း ကျွန်တော်ကို ထိုကိစ္စ နှင့်ပတ်သက်၍ ဆောင်းပါးတစ်ပုဒ်အမြန်ရေးရန် အတင်းပင် ထပ်မံပူဆာလေတော့သည်။ ထိုမျှ ဉာဏ်တုံးလှသော မောင်ကကြီးငနဲအား ကျွန်တော့်အနေ ဖြင့် ပါမစ်၊ Transaction Cost၊ Free Market စသည်တို့ကို ရှင်းပြနေလျှင်လည်း နွားကိုပလာတာကျွေးရန်ကြိုးစားသည့် အောင်မောင်းဖြစ်တော့မည် ဖြစ် သဖြင့် မအီမသာပြုံးပြ၍သာ အမြန်ဆုံးစကားဖြတ်၍ ပြန်ခဲ့တော့သည်။
ပွင့်ပွင့်လင်းလင်းပြောရလျှင် ကိုယ်ပိုင်ကားစီးဖို့ဆိုသည်မှာ ကျွန်တော့်အတွက် အရင်တုန်းကလည်း အိပ်မက်မက်ဖူးခဲ့သလို လက်ရှိကားဈေးတွေ ကျနေသည့်တိုင် ကားစီးရန် မတတ်နိုင်သေးသဖြင့် ထိုကားကိစ္စကို စိတ်ထဲက ပါလှသည် တော့မဟုတ်ပါ။ မီဒီယာသမားပင် ဖြစ်သော်ငြားလည်း ဟိုစပ်စပ် ဒီစပ်စပ်ထက် ကိုယ်စိတ်ဝင်စားမှုရှိသော ကဏ္ဍတစ်ခုတည်းသာ လုပ်လိုသည့် ကျွန်တော့်အတွက်မူ ထိုကားကိစ္စမှာ မောင်ကကြီးပြောသည့်အတိုင်းတော့ မမှန်ရာဟုလည်း တွေးမိပါသည်။
ယခုလဆန်းပိုင်းလောက်မှစ၍ ၂၀၀၇မော်ဒယ်အထက် ကားအသစ်တင်သွင်းလိုပါက ပါမစ်မလိုဘဲ တင်သွင်းခွင့်ပြုလိုက်သည့်ကိစ္စသည် မည် သည့်နိုင်ငံမှာမှ မရှိခဲ့သည့် ပါမစ်ဆိုတာကြီးကို အပြီးတိုင်ဖျက်သိမ်းလိုက်ခြင်းပင် ဖြစ်သည်။ စင်စစ်မူ မိမိတိုင်းသူပြည်သားများကို တနေ့လုပ်တနေ့စား ဘဝနှင့် လည်ပတ်ပြီး နိုင်ငံရေးဘက်ကို လှည့်မလာစေချင်သည့် အစိုးရက နိုင်ငံခြားငွေသုံးစွဲမှုနှင့် ပြန်လည်ရရှိမှုကို ကာမိစေရန်ဟု အကြောင်းပြ၍ ကား တင်သွင်းခွင့်ကို ပါမစ်နှင့် ထိန်းထားလိုက်သည်။ စင်စစ်အားဖြင့် မြန်မာနိုင်ငံတွင် မော်တော်ကားတင်သွင်းခွင့်နှင့် ပတ်သက်၍ မည်သည့်ဥပဒေက တားဆီး ပိတ်ပင်ထားပါ သနည်းဟု မေးလာလျှင် မည်သည့်ဥပဒေကမျှ ပိတ်ပင်မထားပါ။ နှုတ်မိန့်ဖြင့်သာ ကားမသွင်းရ ပိတ်ပင်ထားပြီး ပါမစ်ရပုဂ္ဂိုလ်များမှာလည်း ဗိုလ်ချုပ်ကြီးများ၏ မိသားစုများနှင့် ၎င်းတို့၏ လက်ဝေခံများအထွက် အမြတ်ကြီးစားလက်မှတ်ကို ပေးထားခြင်းသာဖြစ်ပါသည်။ ၎င်းတို့ထံမှ ကားပါမစ်ကို မတန်တဆပေး၍ ဝယ်ယူရသည့်အတွက် မြန်မာနိုင်ငံမှာ ကားဈေး တော်တော်ကြီးသွားပြီး တိုယိုတာ၊ နစ်ဆန်း၊ မီဆူဘီရှီ စသည့် ကုမ္ပဏီကြီးများမှ စီအီး အိုများသာ ထိုသို့ မိမိတို့၏ ကားများ မြန်မာပြည်မှာ ဈေးကောင်းရနေကြောင်းသိလျှင် ကိုယ့်နဖူးကိုယ် ရိုက်သေကြဖို့ ရှိပေသည်။ ထိုကဲ့သို့ အခွင့်ထူးခံ လူတန်းစားများ ကားပါမစ်ကိုင်ထားကြခြင်းတွင် အကြောင်းအရင်းနှစ်ရပ်ရှိပြီး တစ်ခုမှာ အမြတ်ကြီးစားလိုခြင်းနှင့် လက်ဝါးကြီးအုပ်ခြင်းဖြစ်သည်။ ဒီမိုက ရေစီဆိုသော နိုင်ငံများတွင်ပင် လက်ဝါးကြီးအုပ်မှုမှာ ဖြေရှင်း၍မရသေးသည့် ပြဿနာဖြစ်သလို တော်ဝင်မိသားစုများက တိုင်းပြည်၏ လုပ်ငန်းကြီးများကို လက်ဝါးကြီးအုပ်ထားကြဆဲပင် ဖြစ်ပါသည်။ သို့သော် မြန်မာနိုင်ငံမှ တော်ဝင်မိသားစုကြီးများကဲ့သို့ အမြတ်ကြီးတော့မစားပေ။ သိန်းသုံးဆယ်မျှတန်သော ဗင်ဖင်ကောက်တစ်စီးကို သိန်းတစ်ထောင်နီးပါးရအောင် အမြတ်ကြီးစားကြသော မြန်မာပြည်မှ အမြတ်ကြီးစားတို့ကမူ လွန်လွန်းသည်ဟုသာ ဆိုရတော့ မည်ဖြစ်သည်။ ထို့ကြောင့် လူတိုင်း အလွယ်တကူ ကားမသွင်းနိုင်၊ မစီးနိုင်သဖြင့် ယနေ့ကဲ့သို့ စုတ်ချာလှသောကားများ မြန်မာနိုင်ငံတွင် ဖောင်းပွနေရခြင်း ပင် ဖြစ်တော့သည်။
ယခု ကားပါမစ်ကို ဖျက်သိမ်းလိုက်ခြင်းမှာ နိုင်ငံသားတို့အတွက် လွတ်လပ်စွာ ယှဉ်ပြိုင်ရောင်းချခွင့်ပြုလိုက်ခြင်း ဖြစ်သလို နိုင်ငံသားအခွင့်အရေး ကို အသိအမှတ်ပြုလိုက်ခြင်းလည်း ဖြစ်သည်။ တစ်ဖက်တွင်လည်း ခေတ်ပြောင်းစနစ်ပြောင်းတွင် အခွင့်ထူးခံလူတန်းစား မရှိတော့ပြီကို ပြသလိုက်ခြင်း လည်း ဖြစ်သည်။ သယ်ယူပို့ဆောင်ရေး စရိတ်၊ ဆက်သွယ်ရေး စရိတ်များ ကျဆင်းလာသည်နှင့်အမျှ ကုန်ထုတ်လုပ်မှုလည်း တိုးတက်လာတော့မည် ဖြစ် သဖြင့် Transaction Cost တွေ နည်းနိုင်သမျှ နည်းအောင်လုပ်ပေးရမည်ဆိုသည့် သမ္မတကြီး၏ မိန့်ခွန်းထဲကအတိုင်းလည်း ဆောင်ရွက်ခြင်းဖြစ်ပါ သည်။ ထို့ကြောင့် ကားဈေးများမှာ ယခုထက်ပင် ပိုမိုကျဆင်းစရာရှိသဖြင့် ကျွန်တော့်မှာ မအူမလည်နှင့် ခေတ်ပျက်သူဌေး လုပ်ချင်ရှာသော မောင်ကကြီး ကို သနားမိတော့သည်။ ပြောရလျှင် ကျွန်တော်တို့နိုင်ငံ၏ ဒိတ်ဒိတ်ကြဲ သူဌေးကြီးများပင်လျှင် အချို့မှာ ခေတ်ပျက်သူဌေးဘဝက လာရခြင်းဖြစ်သဖြင့် သူတို့ကိုအားကျရှာသော မောင်ကကြီးကို သနားရခြင်း ဖြစ်တော့သည်။ ဒိတ်ဒိတ်ကြဲခေတ်ပျက်သူဌေးကြီးများကား အစိုးရဆီမှ သတင်းစုံကြိုတင်ရသဖြင့် အချို့ကိစ္စများကို လက်ရှောင်နိုင်ကြသော်ငြား မီးစင်ကြည့်ကရသော တောသူဌေးမောင်ကကြီးကတော့ ကားပါမစ်တွေ အကြီးအကျယ် ကျိုးရခြင်းဖြစ် သည်။
မောင်ကကြီးအနေဖြင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အချိတ်အဆက်တွေကို နားမလည်ရကောင်းလားဟူ၍တော့ ကျွန်တော့်အနေဖြင့် ဒေါသမ ဖြစ်မိပါ။ မောင်ကကြီးလို ငါးပွက်ရာငါးစာချနေရသည့်ထဲတွင် ယနေ့မြန်မာနိုင်ငံ၏ ထိပ်တန်းသူဌေးကြီးတချို့လည်း ပါနေ၍ဖြစ်သည်။ ပြည်သူတွင် ဘယ် သောအခါမှ အပြစ်မရှိဟု ဆိုရမည်ဖြစ်ရာ ယခုကဲ့သို့ ရရာအလုပ်ကို ရှာဖွေစားသောက်နေရသည့် ဘဝတွေရောက်အောင် တွန်းပို့ခဲ့သည့် အစိုးရကိုသာ အပြစ်တင်ရတော့မည် ဖြစ်သည်။ စွန့်ဦးတီထွင်မှု၊ စနစ်တကျ အလုပ်လုပ်ကိုင်တတ်မှု၊ ပရော်ဖက်ရှင်နယ်ဖြစ်မှုတွေ ပျောက်ဆုံးခဲ့သဖြင့် ဓာတ်တိုင်လိုက်ထူ ရသည့်လုပ်ငန်း၊ ဓာတ်ဆီထုတ်ရောင်းရသည့်လုပ်ငန်း၊ ဖုန်းဝယ်ရောင်းလုပ်ငန်း စသည်ဖြင့် ငါးပွက်ရာ ငါးစာလိုက်ချတတ်သည့် အလေ့အထတွေနှင့် ယဉ် ပါးနေသည့် ကျွန်တော်တို့ပြည်သူတွေ ပြည်ပရင်းနှီးမြှုပ်နှံမှုတွေဝင်လာလျှင် ဘာတွေဖြစ်ကြဦးမည်နည်းဆိုသည်မှာ တွေးကြည့်လျှင် ရင်လေးဖွယ်ကောင်း လှသည်။ အလျဉ်းသင့်၍ဆိုရလျှင် စီးပွားရေးမှာသာမဟုတ်၊ နိုင်ငံရေးသမားများနှင့် ကျွန်တော်တို့မီဒီယာတွေမှာလည်း ကိုယ့်အရည်အသွေးကိုယ် ဖြည့်ကြ ဖို့လိုနေပြီဖြစ်သည်။ ကျွန်တော့်၏ အိမ်ပြန်လမ်းမှာ တွေးစရာ အစီအရီ။ ကျွန်တော်မောင်ကကြီးကို မပြောဖြစ်ခဲ့သည့် စကားတစ်ခွန်းတော့ ရှိသည်။ ဒါက လည်း သူစိတ်မကောင်းမှာစိုး၍ ဖြစ်သည်။
ကားအဟောင်းတွေ၊ကားအစုတ်တွေမှာ သဘာဝပတ်ဝန်းကျင်ထိခိုက်စရာမလို၊ ကားပျက်၍ လမ်းပိတ်နေပါက စည်ပင်က ကရိန်းဖြင့် လာဆွဲ မည်၊ ကားက သက်တမ်းလွန်နေလျှင် သံရည်ကြိုစက်ပို့လိုက်ကြပါလိမ့်မည်၊ ထိုကဲ့သို့စနစ်များ မြန်မာနိုင်ငံတွင်လည်း မကြာမီဖြစ်လာပါတော့မည်။ ထိုကိစ္စ တွေသာ မောင်ကကြီးသိလျှင် သွေးတက်နေမည်၊ ခေါင်းကိုက်သွားမည်၊ အခန့်မသင့်လျှင် ငုတ်တုတ်သေသွားနိုင်၍ ဖြစ်သည်။ စိတ်မကောင်းပါဘူး မောင်ကကြီးဟုသာ . .
.*****************************************
Google Docs makes it easy to create, store and share online documents, spreadsheets and presentations.