Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၂၁.၆.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. စွမ်းအင်မူဝါဒနှင့် အင်စတီကျူးရှင်းများ၏ အခန်းကဏ္ဍ

*****************************************

ဆောင်းပါးကဏ္ဍ

စွမ်းအင်မူဝါဒနှင့် အင်စတီကျူးရှင်းများ၏ အခန်းကဏ္ဍ

မိုးမြင့်ငြိမ်း

သမ္မတဦးသိန်းစိန်သည် ပြီးခဲ့သည့် ဇွန် ၁၉ ရက်နေ့က ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဒေသဥက္ကဋ္ဌများ၊ ဒုတိယဝန်ကြီးများနှင့် ဌာနဆိုင်ရာအကြီးအကဲများ တနည်းဆိုရလျှင် အစိုးရအဖွဲ့တစ်ခုလုံးနှင့် တွေ့ဆုံကာ နိုင်ငံတော်ဖွံ့ဖြိုးရေးအတွက် ပြုပြင်ပြောင်းလဲဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်းပြီး မိန့်ခွန်းပြောကြားသွားခဲ့သည်။ ထိုမိန့်ခွန်းသည် ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အထိ ပဉ္ဓမကာလတို အမျိုးသားစီမံကိန်းဥပဒေကို ရေးဆွဲပြီး ပြည်ထောင်စုလွှတ်တော်သို့ တင်ပြမှု အပါအဝင် အစိုးရမှ ယခုလက်ရှိ အကောင်အထည်ဖော်နေသည့် မူဝါဒများကို ထုတ်ဖော်သွားခြင်းဖြစ်သည်။

သမ္မတဦးသိန်းစိန်အနေဖြင့် လူ့အဖွဲ့အစည်းအတွင်း နိုင်ငံရေးမတည်ငြိမ်မှုများသည် စီးပွားရေးအရ အဆင်မပြေမှုများ၊ ပိတ်ပင်ထားမှုများ ကြီး မားနေခြင်းကြောင့်ဖြစ်ကြောင်း သဘောပေါက်နားလည်သွား၍လားမသိ စီးပွားရေးမူဝါဒများကို အဓိက ပြောကြားသွားခဲ့သည်။ ရောဂါတွေထူပြောပြီး လူမမာဖြစ်နေသည့် မြန်မာနိုင်ငံ၏ စီးပွားရေးကို တည်ဆောက်ခြင်းသည် နိုင်ငံကိုတည်ဆောက်ခြင်းပင် ဖြစ်ပါသည်။ အမျိုးသားစီမံကိန်း ငါးနှစ်တာ ကာလကို ထိထိရောက်ရောက် အကောင်အထည်ဖော်နိုင်ခဲ့ပါက မြန်မာနိုင်ငံသည် ၂၀၁၅ ခုနှစ်တွင် ရောက်လာတော့မည့် အရှေ့တောင်အာရှ စီးပွား ရေးအသိုက်အဝန်း (Asian Economic Community) အတွက် အဆင်သင့်ဖြစ်နေမှာ ဖြစ်မည်။ သို့သော် သမ္မတဦးသိန်းစိန်အနေဖြင့် အကောင်အထည် ဖော်မှုကို အလေးမထားပါက၊ စဉ်ဆက်မပြတ် ပြန်လည်သုံးသပ်ခြင်းမရှိပါက အထမြောက်အောင်မြင်ဖို့တော့ မလွယ်။ ဤနေရာတွင် တောင်ကိုရီးယား နိုင်ငံကို ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတစ်နိုင်ငံဖြစ်ထွန်းအောင် စွမ်းဆောင်သွားခဲ့သည့် ခေါင်းဆောင်တစ်ဦးဖြစ်သော ဗိုလ်ချုပ်ပတ်ချောင်ဟီး အမြဲတမ်း ပြောသည့် “အကောင်အထည်ဖော်မှု၊ အကောင်အထည်ဖော်မှု” ဆိုသည့် စကားကို သမ္မတကြီးဦးသိန်းစိန် နှလုံးသွင်းသတိမူရန် ဖြစ်သည်။

ယင်းမိန့်ခွန်းတွင် မြန်မာနိုင်ငံ၏ စွမ်းအင်မူဝါဒနှင့် ပတ်သက်၍ ပြောကြားသွားမှုမှာ စိတ်ဝင်စားစရာပင်ဖြစ်သည်။ စာဖတ်သူများ သိကြပြီးသည့် အတိုင်း မြန်မာနိုင်ငံမှာ လွန်ခဲ့သည့် တစ်လနီးပါးက လျှပ်စစ်မီးနှင့်ပတ်သက်သည့် သေးငယ်သည့် ဆန္ဒပြပွဲများ ရန်ကုန်နှင့် မန္တလေးမြို့ကြီးများတွင် ဖြစ် ပွားခဲ့ရသည်။ ပြည်သူများအနေဖြင့် ယခင်အစိုးရ၏ အမှားအယွင်းတစ်ခုဖြစ်သော မိမိနိုင်ငံမှ အလျှံပယ်ထွက်နေသည့် သဘာဝဓာတ်ငွေ့များကို ပြည်ပ နိုင်ငံသို့ ပြည်တွင်းပြည်ပအချိုးအစားမညီစွာ ရောင်းချခဲ့မှုအပေါ် ကျေနပ်မှုမရှိ။ အစိုးရဘက်မှ ကြည့်လျှင်လည်း ယင်းတို့၏ စီးပွားရေးစီမံခန့်ခွဲမှုအမှားများ တနည်း တရားမဝင်စီးပွားရေးလုပ်ငန်းအများစုဖြင့် လည်ပတ်နေရသည့် စီးပွားရေးကြောင့် နိုင်ငံ၏ စီးပွားရေး ပြိုလဲသွားခြင်းမရှိအောင် နိုင်ငံတော်၏ သဘာဝရင်းမြစ်များ ရောင်းချ၍ ရသည့်ဝင်ငွေဖြင့် တစ်ပွဲထိုးဖြေရှင်းခဲ့သည်သာ ဖြစ်သည်။

ယခုအခါတွင်တော့ ထိုသို့ဖြေရှင်းခြင်းသည် တိုင်းပြည်စီးပွားရေးတိုးတက်အောင် လုပ်ဆောင်နေခြင်းမဟုတ်ကြောင်း သိရှိနားလည်သွားပြီဟု စာရေးသူ ယုံကြည်ပါသည်။ သမ္မတဦးသိန်းစိန်က နိုင်ငံတော်၏ စွမ်းအင်အရပ်ရပ်အတွက် အမျိုးသားစွမ်းအင်ကော်မတီ (National Energy Manage -ment Committee) ကို ဖွဲ့စည်းပြီး ရေတိုရေရှည် အစီအမံများအတွက် အမျိုးသားလျှပ်စစ်စီမံကိန်း (National Electricity Plan) ကို အမျိုးသား စွမ်းအင်မူဝါဒ (National Energy Policy) နှင့်အညီ ရေးဆွဲဆောင်ရွက်သွားခြင်းဖြစ်ကြောင်း ပြောကြားသွားခဲ့သည်။ စွမ်းအင်မူဝါဒ ထည့်သွင်းပြောကြား သွားသည့် နောက်ထပ်အကြောင်းအရင်းတစ်ခုလည်း ရှိပါသေးသည်။ စာဖတ်သူများ သိကြပြီးသည့်အတိုင်း မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည်အနေဖြင့် ထိုင်းနိုင်ငံဘန်ကောက်မြို့တွင် ကျင်းပပြုလုပ်သော ကမ္ဘာ့စီးပွားရေးဖိုရိမ်၌ ပြောကြားသွားသည့် မိန့်ခွန်းတွင် မြန်မာနိုင်ငံ လက်ရှိ ကြုံတွေ့နေရသော လျှပ်စစ်မီးရရှိရေးဆန္ဒပြပွဲများသည် အစိုးရ၏ စွမ်းအင်မူဝါဒမရှိခြင်းကြောင့် ဖြစ်ကြောင်းနှင့် ဦးသိန်းစိန်အစိုးရအနေဖြင့် စွမ်းအင်မူဝါဒ တစ်ရပ် လိုအပ်နေပြီဖြစ်ကြောင်း ထည့်သွင်းပြောကြားသွားခဲ့သည်။

ဖွံ့ဖြိုးရေးပညာရှင်များက နိုင်ငံတစ်နိုင်ငံ၏ လျှပ်စစ်မီးရရှိမှု ရှိ၊ မရှိပေါ် မူတည်ပြီး နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးမှုကို တိုင်းတာကြခြင်းမျိုးလည်း ရှိပါ သည်။ တောင်ကိုရီးယားနှင့် မြောက်ကိုရီးယားနိုင်ငံအား ဂြိုလ်တုမှ ရိုက်ယူထားသည့် ဓာတ်ပုံများအရတောင်ကိုရီးယားနိုင်ငံသည် လျှပ်စစ်မီးရရှိမှု ကြောင့် နိုင်ငံ၏ နေရာတော်တော်များများမှာ ဖြူဖွေးနေပြီး မြောက်ကိုရီးယားမှာမူ မြို့တော် ပြုံးယမ်းတစ်နေရာတည်းသာ ကွက်ပြီး ဖြူနေသည်ကို တွေ့ရသည်။ ယင်းပုံကိုကြည့်ပြီး စာရေးသူစဉ်းစားမိသည့်တစ်ခုမှာ မြန်မာနိုင်ငံကိုလည်း ထိုသို့ ဂြိုလ်တုမှ ဓာတ်ပုံရိုက်လျှင် မည်သို့ရှိမည်နည်းဟူ၍ ဖြစ်ပါ သည်။ စာဖတ်သူများလည်း မြင်ယောင်မှန်းဆကြည့်စေလိုပါသည်။

တစ်ဆက်တည်းလိုလိုပင် နိုင်ငံဖွံ့ဖြိုးရေးအတွက် အရေးကြီးသည့် အချက်တစ်ခုကို ဆင်ခြင်စရာ ရှိပါသေးသည်။ တောင်ကိုရီးယားနှင့် မြောက် ကိုရီးယား နှစ်နိုင်ငံဥပမာကိုဘဲ ကြည့်ကြပါဆို့။ ယင်းနှစ်နိုင်ငံစလုံးမှာ သမိုင်းကြောင်းအရ တူညီသလို၊ ယဉ်ကျေးမှုဓလေ့ထုံးတမ်းအရလည်း တူညီကြ သည်။ သို့သော် နိုင်ငံ၏ အင်စတီကျူးရှင်းများမှာ မတူညီကြ။ မြောက်ကိုရီးယားနိုင်ငံ၏ နိုင်ငံရေးအင်စတီကျူးရှင်းမှာ တစ်ပါတီအာဏာရှင်စနစ် ဖြစ်သောကြောင့် ပြည်သူများမှာ နိုင်ငံရေးဖြစ်စဉ်တွင် ယင်း၏ အသံကို ဖော်ထုတ်ခွင့်မရကြသလို၊ စီးပွားရေးတွင်လည်း အမိန့်ပေးစီးပွားရေးစနစ်ဖြစ် သောကြောင့် ပြည်သူများမှာ စီးပွားရေးကို စွန့်စွန့်စားစား လုပ်ဆောင်ရန် မက်လုံးပေးထားခြင်းလည်း မရှိပါ။ တောင်ကိုရီးယားနိုင်ငံမှာတော့ ယင်းနှင့် ပြောင်းပြန်ပင်ဖြစ်သည်။ တောင်-မြောက် ကိုရီးယားစစ်ပွဲအပြီး ၁၉၅၀ ခုနှစ်ကတည်းက နိုင်ငံကို စတင်တည်ဆောက်ခဲ့ရာ ယခုအခါတွင် ရင့်ကျက်ခိုင်မာ သည့် ဒီမိုကရေစီစနစ်နှင့် စီးပွားရေးအရ အနောက်နိုင်ငံများနည်းတူ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ရယူနိုင်ခဲ့သည်။ ယင်းနှစ်နိုင်ငံ၏ အဓိက ကွာခြား ချက်မှာ နိုင်ငံရေး၊ စီးပွားရေး အင်စတီကျူးရှင်းများပင် ဖြစ်သည်။

ယခုအခါတွင် မြန်မာနိုင်ငံအနေဖြင့်လည်း နိုင်ငံရေးအရဒီမိုကရေစီအင်စတီကျူးများဖြင့် နိုင်ငံရေးဖြစ်စဉ်သစ်ကို ဖြတ်သန်းနေပြီဖြစ်သည်။ နိုင်ငံတော်အကြီးအကဲများကလည်း အင်စတီကျူးရှင်းဆိုင်ရာအပြောင်းအလဲကို (Institutional Change) ကို အလေးထား ပြောကြားနေပြီဖြစ်သည့် အတွက် နိုင်ငံတည်ဆောက်ရေးအတွက် အားရစရာပင် ဖြစ်သည်။ သမ္မတပြောကြားသွားသည့် မိန့်ခွန်းပါ စီးပွားရေးမူဝါဒများကို အောင်မြင်စွာ အကောင် အထည်ဖော်ဖို့ဆိုလျှင် စီးပွားရေးအင်စတီကျူးရှင်းများကို ခိုင်ခန့်အောင် တည်ဆောက်နိုင်မှ ဖြစ်မည်။ မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်မှု မရှိခဲ့ရခြင်းမှာ ယခင် အစိုးရအဆက်ဆက်၏ ဖွံ့ဖြိုးမှုကို ဟန့်တားသည့် အင်စတီကျူးရှင်းများ၏ ရလဒ်(outcome) ပင် ဖြစ်ပါကြောင်း။

*****************************************

 

 

 

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment