yangonchronicle2011 Op-Ed |
၂၈.၆.၂၀၁၂
ဆောင်းပါးကဏ္ဍ
- ခေါင်းဆောင်ကောင်း
*****************************************
ဆောင်းပါးကဏ္ဍ
ခေါင်းဆောင်ကောင်း
မိုးမြင့်ငြိမ်း
ကျွန်တော်၏ ဆရာသမားများ မြန်မာ့လူ့အဖွဲ့အစည်း၏ ဓလေ့စရိုက်နှင့် ပတ်သက်၍ ဆိုဆုံးမတာတစ်ခုရှိသည်။ “မြန်မာနိုင်ငံမှာ ခေါင်းဆောင် ကောင်းသာရှားပါတာ၊ နောက်လိုက်ကောင်းတွေတော့ အများကြီးရှိတယ်”ဟူ၍ ဖြစ်လေသည်။ ကျွန်တော်အနေဖြင့် ထိုစကား၏ အဓိပ္ပယ်ကို အစ ပထမ ၌ သေသေချာချာ သဘောပေါက်ခြင်းမရှိသော်လည်း နောက်ပိုင်း မြန်မာ့အရေး၊ မြန်မာ့သမိုင်းတို့ကို ဖတ်မှတ်လေ့လာ သင်ယူမှတ်သားသည့် အခါကျမှ တစိမ့်စိမ့် သဘောပေါက်လာခဲ့ပါသည်။ မှန်ပါသည်။ မြန်မာလူမျိုးတို့သည် ခေါင်းဆောင်ကောင်းသာရှိပါက ထိုအရည်အချင်းရှိသော ခေါင်းဆောင်၏ ဦးဆောင်မှုနောက်သို့ ညီညီညွတ်ညွတ် တက်ညီလက်ညီ လိုက်ပါလုပ်ဆောင်စမြဲပင်ဖြစ်သည်။
မြန်မာသမိုင်းတွင် ခေါင်းဆောင်မှု၏ အခန်းကဏ္ဍပေါ်မူတည်၍ လူ့ယဉ်ကျေးမှုထွန်းကားခြင်း၊ ဆုတ်ယုတ်ခြင်းများဖြစ်ပေါ်ခဲ့သည်။ ပထမမြန်မာ နိုင်ငံကို စတင်တည်ထောင်ခဲ့သည့် ပုဂံခေတ်ကို ကြည့်လျှင် အနော်ရထားမင်း၏ ခေါင်းဆောင်မှု ကောင်းမွန်ခြင်းကို ထင်ထင်ရှားရှားတွေ့မြင်ရမည်။ ဗုဒ္ဓ သာသနာ အလွန်ထွန်းကားခဲ့ပြီး ဆန်ရေစပါး ကြွယ်ဝသည့် ဂုဏ်ရောင်ပြောင်သည့် ယဉ်ကျေးမှုတစ်ခုဖြစ်ခဲ့သည်ကို နောင်လာနောင်သားတို့ အလွန် တရာ ဂုဏ်ယူကြသည်။ ဒုတိယမြန်မာနိုင်ငံကို တည်ထောင်ခဲ့သည် ဟံသာဝတီဆင်ဖြူရှင်ဟု အသိများသည့် ဘုရင့်နောင်သည်လည်း ယဉ်ကျေးမှုတစ်ခု ထွန်းကားဆောင်ရွက်နိုင်ခဲ့သည့် ခေါင်းဆောင်ကောင်းတစ်ဦးဖြစ်သည်။ အလောင်းမင်းတရားကြီးဟု အမည်တွင်သည့် ဦးအောင်ဇေယျမှာလည်း မြန်မာ နိုင်ငံကို အရှေ့တောင်အရှတွင် အင်အားကြီးနိုင်ငံတစ်ခုဖြစ်အောင် ခေါင်းဆောင်မှုပေးနိုင်ခဲ့ပြီး တတိယမြန်မာနိုင်ငံကို တည်ဆောက်ကာ ကုန်းဘောင် ယဉ်ကျေးမှုကို တည်ထောင်နိုင်ခဲ့သူ ဖြစ်သည်။ ကိုလိုနီခေတ်တွင်လည်း ဗိုလ်ချုပ်အောင်ဆန်းမှာ အမျိုးသားခေါင်းဆောင်အဖြစ် ပေါ်ထွက်လာပြီး တစ်နိုင် ငံလုံးကို စည်းရုံးကာ ကိုလိုနီလက်အောက်မှ အမိမြန်မာနိုင်ငံကို လွတ်လပ်ရေးရအောင် ယူပေးနိုင်ခဲ့သည့် ရှားမှရှားသည့် ခေါင်းဆောင်တစ်ဦးပင် ဖြစ်သည်။ ထိုအချိန်က မြန်မာနိုင်ငံသည် အာရှတွင် ဖွံ့ဖြိုးတိုးတက်ဖို့ အလားအလာအရှိ ဆုံးနိုင်ငံတစ်နိုင်ငံဖြစ်ခဲ့သည်ဟု ယခုခေတ်ပညာရှင်များ သုံး သပ်ကြသည်။
စာရေးသူအနေဖြင့် မင်းလောင်းမျှော်၊ ခေါင်းဆောင်မျှော်ဖို့ တိုက်တွန်းနေခြင်း မဟုတ်ပါ။ နိုင်ငံဖွံ့ဖြိုးဖို့ ခေါင်းဆောင်ကောင်းရှိဖို့မှာ အရေးကြီး ကြောင်း ရေးသားသုံးသပ်ခြင်းသာ ဖြစ်သည်။ ခေါင်းဆောင်၏ အခန်းကဏ္ဍမှာ လူသားတို့၏ အရိုင်းအနေအထားဖြစ်သော ကျောက်ခေတ်မှ အရေးပါခဲ့ သည်မှာ ယခုခေတ်အခါထိပင် ဖြစ်သည်။ ယခုအချိန်တွင် မြန်မာနိုင်ငံသည် တရုတ်ပြည်မှ တိန်ရှောင်ဖိန်လို၊ မလေးရှားမှ မဟာသီယာလို့၊ စင်ကာပူမှ လီကွမ်ယုလို နိုင်ငံကို ခေတ်မီတိုးတက်အောင် ဆောင်ကြဉ်းပေးမည့် ခေါင်းဆောင်ကောင်း မကြာမီ ပေါ်ထွန်းလာတော့မည် ဖြစ်သည်။ သမ္မတ ဦးသိန်းစိန်၏ ယခုလက်ရှိ လုပ်ဆောင်ချက်များမှာ နိုင်ငံအတွက် အကျိုးကျေးဇူးကြီးမားသော်လည်း သမိုင်းဝင်ခေါင်းဆောင် ဟုတ်၊ မဟုတ်ကိုမူ စောင့်ကြည့်ရဦးမည် ဖြစ်သည်။ မြန်မာနိုင်ငံ၏ အနာဂတ်အတွက် သူသည် သမိုင်းဝင်ခေါင်းဆောင်ဖြစ်မည်လား၊ သို့မဟုတ် အကူးအပြောင်း ခေါင်းဆောင်ဖြစ်မည်လားဟူသော မေးခွန်းမှာ အတော်ပင် စိတ်ဝင်စားစရာကောင်းသည်။ မည်သို့ပင်ဆိုစေ သမ္မတဦးသိန်းစိန်လို ပြုပြင်ပြောင်းလဲရေး ခေါင်းဆောင်တစ်ဦး ရရှိလိုက်ခြင်းမှာ မြန်မာနိုင်ငံအတွက် အလွန်တရာ ကံကောင်းသည်ဟု ဆိုချင်ပါသည်။
နောက်တစ်ဦးမှာ မြန်မာနိုင်ငံရေးတွင် မဟာဗျူဟာကျသည့် နေရာတွင်ရှိနေသော ဒေါ်အောင်ဆန်းစုကြည်ပင်ဖြစ်သည်။ မြန်မာပြည်သူအပါ အဝင် နိုင်ငံတကာအသိုင်းအဝိုင်း၏ ထောက်ခံမှုကို အပြည့်အဝရရှိသော ဒေါ်အောင်ဆန်းစုကြည်မှာ လူချစ်လူခင်ပေါသည့် ခေါင်းဆောင်တစ်ဦးပင် ဖြစ်သည်။ သူမ၏သြဇာဖြင့် ဒီမိုကရေစီအရေးအတွက်၊ နိုင်ငံဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်လျှင် အခက်အခဲများကို အများတကာထက် ကျော်လွှားနိုင် မည်ဖြစ်သည်။ သို့သော် သူ့အနေဖြင့် ဗိုလ်ချုပ်အောင်ဆန်းသမီးပီပီ ဗိုလ်ချုပ်ကဲ့သို့ လက်တွေ့ကျကျ ဆောင်ရွက်နိုင်မည်ဟု မျှော်လင့်ပါသည်။ ခေါင်း ဆောင်ကောင်းတစ်ဦး၏ အဂါင်္ရပ်တွင် လက်တွေ့ကျခြင်း၊ မဟာဗျူဟာကျကျ ဆုံးဖြတ်လုပ်ကိုင်တက်ကြမှာ လုပ်ငန်းကိစ္စတစ်ခုပြီးမြောက်ဖို့ အလွန် အရေးကြီးသည့် အရည်အချင်းများပင် ဖြစ်သည်။
ထိုသို့ အမျိုးသားအဆင့်ခေါင်းဆောင်များ၏ အရည်အချင်းပြည့်ဝမှုသာ အဓိကကျသည်မဟုတ်ပါ။ အဖွဲ့အစည်းတိုင်း၊ ဌာနတိုင်းတွင်လည်း အရည်အချင်းပြည့်ဝမှုကိုသာ အဓိကထားသည့် ခေါင်းဆောင်ရွေးချယ်မှု (meritocracy) စနစ်ကို ဆောင်ရွက်သင့်ပါသည်။ မြန်မာနိုင်ငံသည် ယခင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ လက်ထက်ကတည်းက ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများတွင် အရည်အချင်းကို အဓိကထားခြင်းထက် နီးစပ်ရာလူ၊ အာဏာပိုင်နှင့် နီးစပ်သူသာ အရည်အချင်း ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ရာထူးများ ရရှိတတ်သည်။ ထိုစနစ်မှာ အရည်အချင်းရှိသူကို စိတ်အားကျစေ ပြီး၊ အဖွဲ့အစည်းများတွင်လည်း မိုးကျရွှေကိုယ်ဟု အမည်တွင်သည့် ပုဂ္ဂိုလ်များ သိပ်သွင်းစေခြင်းဖြင့် အဖွဲ့အစည်းစွမ်းဆောင်ရည် ကျဆင်းစေခဲ့သည်။
ဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံတိုင်းတွင် ပုဂ္ဂလိကပိုင်းရော၊ အစိုးရပိုင်းရော ရာထူးရွေးချယ်ရာတွင် အရည်အချင်းအဓိက မူဝါဒဖြင့်သာ ရွေးချယ်ကြ သည်။ အလုပ်ဖြစ်အောင်လုပ်ကြသည့်အတွက် အရည်အချင်းမရှိ Yes man သမားများဖြစ်သော အဖြစ်လုပ်သူများအတွက် များစွာ နေရာမရှိတော့ချေ။ ထိုသို့ ဆိုင်ရာနယ်ပယ်၏ အတတ်အသိပညာရပ်များသာမက လက်တွေ့လုပ်ဆောင်နေပုံများကို သိနားလည်သော အရည်အချင်းပြည့်ဝသူများကြောင့် အဖွဲ့အစည်းမှာ ဆထက်တပိုး တိုးတက်သွားမည်ဖြစ်ပြီး ယှဉ်ပြိုင်နိုင်မှုစွမ်းရည်လည်း ရရှိမှာဖြစ်သည်။
မြန်မာနိုင်ငံတွင် သမိုင်းခေတ်ကိုပြောင်းလဲမည့် အရည်အသွေးပြည့်ဝသည့် ခေါင်းဆောင်ကောင်း ပေါ်ထွန်းလာဖို့ အချိန်တန်ပြီဖြစ်သည်။ အနာ ဂတ်အတွက် ခေါင်းဆောင်ကောင်းများ ပေါ်ထွန်းလာဖို့မှာလည်း အရည်အချင်းအဓိကထားသည့် လူမှုပတ်ဝန်းကျင်မျိုးကို အသွင်ပြောင်းလဲဖန်တီးနိုင်ဖို့ ယခုမှစတင်၍ ကြိုးစားသွားရမည် ဖြစ်ပေသည်။
*****************************************
Google Docs makes it easy to create, store and share online documents, spreadsheets and presentations.