yangonchronicle2011 Op-Ed |
၆.၉.၂၀၁၂
ဆောင်းပါးကဏ္ဍ
- နိုင်ငံခြားရင်းနှီးမြုပ်နှံမှုဥပဒေသစ် အလားအလာ
*****************************************
ဆောင်းပါးကဏ္ဍ
နိုင်ငံခြားရင်းနှီးမြုပ်နှံမှုဥပဒေသစ် အလားအလာ
ဘုန်းထက်ဝင်း
ယခုရက်ပိုင်းအတွင်း မြန်မာအရေးနှင့် ပတ်သက်ပြီး ပြည်တွင်းမီဒီယာများရော၊ နိုင်ငံတကာမီဒီယာများတွင်ပါ အကြိတ်အနယ် ဆွေးနွေးနေ သည့်အရာမှာ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုဥပဒေသစ်ဖြစ်သည်။ မြန်မာနိုင်ငံလို စီးပွားရေးလုပ်ကွင်းလုပ်ကွက်များ များစွာ ကျန်နေသေးသည့် (နိုင်ငံတကာ မီဒီယာများ ကင်းပွန်းတပ်သလို Virgin land) ဈေးကွက်သစ်ဖြစ်ခြင်းကြောင့် နိုင်ငံခြားရင်းနှီးမြုပ်နှံသူများ အပြေးအလွှားလာရောက် ရင်းနှီးမြုပ်နှံလို သည့်နေရာလည်းဖြစ်ရာ ယခု အတည်ပြုပြဋ္ဌာန်းတော့မည့် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုဥပဒေသည် မြန်မာနိုင်ငံ၏ စီးပွားရေးအတွက် အတော်လေး အရေးကြီး သည့် အစိတ်အပိုင်းပင်ဖြစ်သည်။ သို့သော် ဂျပန်ပညာရှင်များ၏ အကူအညီဖြင့် ရေးဆွဲထားသည့် အဆိုပါ FDI ဥပဒေမူကြမ်းကိုပင် ပြည်ထောင်စု လွှတ်တော်ရှိ လွှတ်တော်အမတ်များ၊ ပြည်တွင်း စီးပွားရေးလုပ်ငန်းရှင်များ၊ နိုင်ငံတကာမှ ရင်းနှီးမြုပ်နှံလိုသူများနှင့် နိုင်ငံတကာမီဒီယာများမှ ဘက်ပေါင်းစုံ ဝေဖန်သုံးသပ်မှုများ ရှိလာသည်။
တချို့ကလည်း အရင်းအနှီးကြီးကြီးမားမား တတ်နိုင်သည့် တိုင်းရင်းသားစီးပွားရေးလုပ်ငန်းရှင်များကိုသာ ကာကွယ်မှုပေးလွန်းသည်ဟု ဆိုကြ သလို အချို့ကလည်း အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ရေရှည်ရပ်တည်နိုင်ဖို့ မလွယ်ကူဟု သုံးသပ်ကြသည်။ အထူးသဖြင့် နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု ဥပဒေကြမ်း ပုဒ်မ (၁၀)၊ ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ် (၃)ပါ “နိုင်ငံခြားသားရင်းနှီးမြုပ်နှံမှုပမာဏ အနည်းဆုံး အမေရိကန်ဒေါ်လာ ငါးသန်း၊ သို့မ ဟုတ် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က လက်ခံသည့် ယင်းနှင့်ညီမျှသော နိုင်ငံခြားသုံးငွေပါဝင်ရမည်” ဟူသော အချက်ဖြစ်သည်။ အဆိုပါဥပဒေနှင့် တစ် ဆက်တည်း ဆက်စပ်သုံးသပ်ရမည့် ဥပဒေကြမ်းမှာ ပုဒ်မ (၁၀)၊ ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ် (၄) နိုင်ငံခြားမတည်ငွေရင်း ရာနှုန်းပြည့် လုပ်ကိုင်ခွင့်မရှိသော ကန့်သတ်ထားသည့် လုပ်ငန်းများတွင် ‘ဖက်စပ်လုပ်ငန်းများအဖြစ် ဖွဲ့စည်းခွင့်ရပါက နိုင်ငံခြားမတည်ငွေရင်းသည် စုစုပေါင်းမတည်ငွေရင်း၏ အများဆုံး ၄၉ ရာခိုင်နှုန်းဖြစ်ရမည်”ဟု ပြဋ္ဌာန်းထားလေသည်။ သို့ဆိုလျှင် ပြည်တွင်း စီးပွားရေးလုပ်ငန်းရှင်၏ ဒေါ်လာငါးသန်းအပေါ် မတည်ရင်းနှီးငွေ ၅၁ ရာခိုင် နှုန်းရှိရမည်ဟု သဘောသက်ရောက်သွားလေရာ အရင်းအနှီးတတ်နိုင်သည့် crony စီးပွားရေးလုပ်ငန်းရှင်များအတွက် အခွင့်အရေးဖြစ်သော်ငြားလည်း အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းရှင်များအဖို့တော့ တွေ့ကြုံလာမည့် စီးပွားရေးအခင်းအကျင်းသစ်တွင် အကျပ်အတည်း ဆိုက်သွားနိုင်သည်။ ဤအချက်ကြောင့်ပင်လျှင် ယခု ဥပဒေမူကြမ်းမှာ ယခင်အစိုးရလက်ထက်၏ ရွေးချယ်မှုဖြင့် ချမ်းသာလာကြသော လက်တစ်စုပ်စာ စီးပွားရေးလုပ်ငန်းရှင် ကြီးများသာ အကျိုးဖြစ်ထွန်းနိုင်သည်ဟု ဝေဖန်နေခြင်းကြခြင်းဖြစ်သည်။
နိုင်ငံတကာစီးပွားရေးလုပ်ငန်းရှင်များအနေဖြင့်တော့ မြန်မာနိုင်ငံ၏ ယင်းဥပဒေကြမ်းမှာ အာဆီယံစံနှုန်းများနှင့်တောင် ကိုက်ညီမှုမရှိဟု သုံးသပ် မှုများ ရှိနေသော်လည်း ဥပဒေအတည်ဖြစ်ပြီးနောက်ပိုင်း ရင်းနှီးမြုပ်နှံမှုများ နိုင်ငံရေးအခြေအနေပေါ် မူတည်ပြီး ဝင်ရောက်လာကြမည်ပင် ဖြစ်သည်။ နိုင်ငံ တကာ ရင်းနှီးမြုပ်နှံသူများ အခြားစွန့်စားရမှုများထက် နိုင်ငံရေးစွန့်စားမှု မလုပ်လိုကြချေ။ ထိုအတွက်ကြောင့် နိုင်ငံရေးစွန့်စားရမှု နည်းပြီး ပေါ်လစီ တည် ငြိမ်မှုရှိအောင် အစိုးရမှ ဆောင်ရွက်ပေးနိုင်လျှင် စီးပွားရေးလုပ်၍ကောင်းသည့် အခြေအနေရှိသည်ဟု ယေဘုယျသတ်မှတ်နိုင်ပြီး နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု များ တဖွဲဖွဲ ရောက်လာကြမည်ပင် ဖြစ်သည်။
ထို့အပြင် ဘဏ္ဍရေးအင်စတီကျူးရှင်းများ စနစ်တကျတည်ဆောက်နိုင်မှုမှာလည်း မြန်မာနိုင်ငံ၏ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုအပေါ်တွင်သာမက စီးပွားရေးကဏ္ဍကြီးတစ်ရပ်လုံးကိုပါ သက်ရောက်မှုကြီးမားပါသည်။ မြန်မာနိုင်ငံတွင် အမျိုးသားအဆင့်စီးပွားရေးတည်ငြိမ်မှုကို ဆောင်ကြဉ်းရာတွင် ငွေကြေးဆိုင်ရာမူဝါဒများ ချမှတ်ရာ၌ အထူးပင် အရေးကြီးအခန်းကဏ္ဍကို တာဝန်ယူထားသည့် ဗဟိုဘဏ်ကဲ့သို့ လွတ်လပ်မှုရှိသည့် အဖွဲ့အစည်းမျိုး ပေါ် ထွန်းလာဖို့ လိုအပ်သည်။ သို့သော် ငွေကြေးဆိုင်ရာမူဝါဒနှင့် အခွန်အကောက်ဆိုင်ရာ မူဝါဒများကို ချမှတ်ရန် ယင်းဘာသာရပ်ကို ကောင်းစွာ တတ်ကျွမ်း နားလည်သည့် ပညာရှင်များ မြန်မာနိုင်ငံတွင် ရှားပါနေသေးသည်။
ထို့ကြောင့် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုဥပဒေကြမ်းတွင် ပါဝင်လာသည့် အထက်ပါဖော်ပြပြီးသည့် ဥပဒေနှစ်ပုဒ်ကြောင့် မြန်မာနိုင်ငံသို့ ငွေလုံးငွေရင်း များစွာ ရောက်ရှိလာပြီး ဘဏ်များမှ တဖန် အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများအား ချေးငွေများ ပြန်လည်ထုတ်ချေးခြင်းဖြင့် လုပ်ငန်းများ ဆက်လက်ရှင်သန်နိုင်အောင် ဆောင်ရွက်ပေးနိုင်မည်ဟု သုံးသပ်၍တော့ရသည်။ သို့သော် မြန်မာနိုင်ငံ၏ ဘဏ္ဍရေး အင်စတီကျူးရှင်းများဖြစ်သော ဗဟို ဘဏ်အပါအဝင်၊ အစိုးရဘဏ်များ၊ အခြားပုဂ္ဂလိကဘဏ်များ၏ စွမ်းဆောင်ရည်ရှိမှုအပေါ်တွင်လည်း များစွာမူတည်သည်။ ထိုသို့ အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ၏ ရှင်သန်နိုင်မှုကို ထည့်သွင်းစဉ်းစားခြင်းမပြုလျှင် ယင်းဂယက်ကြောင့် နိုင်ငံရေးမတည်ငြိမ်မှုဆီသို့ပါ ဦးတည်သွားနိုင်သည်။ အ ရေးကြီးသည်မှာ ၂၀၁၅ခုနှစ် အာဆီယံစီးပွားရေးအသိုက်အဝန်းသို့ ရောက်လျှင်တော့ ထိုသို့ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုများအပေါ် တင်းကျပ်ထားသည့် မူဝါဒ ဖြင့်တော့ အလုပ်ဖြစ်တော့မည်မဟုတ်။ ထို့အပြင် ရင်ဆိုင်တွေ့ကြုံရမည့် အခင်းအကျင်းများမှာ ယခုဖွင့်ပေးလိုက်လျှင် တွေ့ကြုံရမည့် အနေအထားထက် များစွာ စိန်ခေါ်မှုများ ပိုများနိုင်သည်။
မည်သို့ပင်ဖြစ်စေ မြန်မာနိုင်ငံအနေဖြင့် တံခါးဖွင့်လိုက်ပြီးဖြစ်သည့်အတွက် အခွင့်အလမ်းများစွာ ပေါ်ထွန်းလာနေပြီဖြစ်သည်။ မြန်မာနိုင်ငံမှ နှစ် ပေါင်းများစွာ အဆက်အသွယ်ဖြတ်ထားသည့် ကမ္ဘာ့စီးပွားရေးဖိုရိမ်လို အဖွဲ့အစည်းက ၂၀၁၃ ခုနှစ်တွင် မြန်မာနိုင်ငံ၌ လာရောက်ကျင်းပမည်ဟုလည်း တရားဝင် ကြေညာထားပြီးလည်း ဖြစ်သည်။ နိုင်ငံတကာစီးပွားရေးအဖွဲ့အစည်းများကလည်း မြန်မာနိုင်ငံသည် ထွန်းသစ်စ စီးပွားရေး ကျားတစ်ကောင် ဖြစ်လာနိုင်သည်ဟုလည်း ကြိုတင်နိမိတ်ဖတ်ထားကြသည်။ အမှန်လက်တွေ့ ဖြစ်နိုင်၊ မဖြစ်နိုင်ဆိုသည်မှာ စီးပွားရေးဖြစ်စဉ်သစ်တွင် ပါဝင်မည့် stakeholder အသီးသီး၏ စွမ်းဆောင်ရည်ပေါ်တွင် အဓိက မူတည်နေပါကြောင်း….။
*****************************************
Google Drive: create, share, and keep all your stuff in one place.