Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၎.၁၀.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. ကလေးသူငယ်များအတွက် ငြိမ်းချမ်းရေးတံခါးရဲရဲဖွင့်

*****************************************

ဆောင်းပါးကဏ္ဍ

ကလေးသူငယ်များအတွက် ငြိမ်းချမ်းရေးတံခါးရဲရဲဖွင့်

မြို့မသိင်္ခ

(အောက်တိုဘာ ၃ရက်ထုတ် The Empire Journal အတွဲ (၁) အမှတ် (၂၉)မှ ထုတ်ယူဖော်ပြချက်။)

လောကမှာ ကလေးသူငယ်တိုင်း လွတ်လပ်ပျော်ရွှင်ခြင်းကို အလိုရှိကြတယ်။ ငြိမ်းချမ်းသာယာမှုကို နှစ်သက်တတ်ကြပါတယ်။ အပူအပင်အ ကြောင့်အကြကင်းတဲ့ ဘဝကို ပိုင်ဆိုင်ချင်ကြပါတယ်။ သို့သော် ဒီလိုအခွင့်အရေးရတဲ့ ကလေးသူငယ်များရှိသလို မရတဲ့ကလေးသူငယ်များလည်း ရှိတယ်။ လောကကြီးမှာ ဘယ်အရာကိုမှ ပုံသေတွက်လို့မရ မျဉ်းကြောင်းဆွဲဖို့ မလွယ်။

အခုကြည့်လေ ရန်ကုန်မြို့ပေါ်က ကလေးသူငယ်များနဲ့ ကျေးလက်တောရွာမှာနေတဲ့ ကလေးသူငယ်တွေ အခွင့်အရေးရတာချင်း မတူကြဘူး။ မြန်မာပြည်တစ်နံတလျားမှာ ခြုံငုံကြည့်လိုက်ပါဦး။ မြန်မာပြည်မြောက်ဖျားက ကလေးသူငယ်တွေနဲ့ အခြားဒေသက ကလေးသူငယ်တွေဘဝ မတူကြပြန် ဘူး။ လူချင်းတူတယ် အသက်ရှူပုံချင်းမတူဘူးဆိုတာ ဒါမျိုးကိုဆိုတယ်ထင်ပါရဲ့။

ဒီနိုင်ငံမှာနေ ဒီနိုင်ငံမိဘနှစ်ပါးက မွေးဖွားလာကြတဲ့ကလေးတွေ ဘာကြောင့် အခွင့်အရေးအတူ မခံစားကြရတာလဲ။ တခြားကလေးတွေ ခံစားခဲ့ ကြရင် တခြားကလေးတွေလည်း ခံစားနိုင်ရမယ်။ တခြားကလေးတွေရပိုင်ခွင့်ရှိရင် တခြားကလေးတွေလည်း ရပိုင်ခွင့်ရှိရမယ်။ ဒီနိုင်ငံရဲ့ ကလေးသူငယ် များဆိုင်ရာ တရားဥပဒေအကာအကွယ်ကို ကလေးသူငယ်တိုင်း ရသင့်တယ်။

အခုဆိုရင် တခြားသောဒေသက ကလေသူငယ်တွေ မိခင်ရင်ငွေ့မှာ နွေးထွေးလုံခြုံ နေတဲ့အချိန်မှာ မြန်မာပြည်မြောက်ဖျားက ကလေးသူငယ် တွေက ချမ်းချမ်းစီးစီး တောအနှံ့ ခြေဆန့်ပြေးလွှား နေရရှာတယ်။ တခြားသောဒေသက ကလေးသူငယ်တွေ လွတ်လပ်ပေါ့ပါးစွာ ဆော့ကစားနေချိန်မှာ မြန်မာနိုင်ငံမှာ ကျီးလန့်စာစား ထိတ်လန့်ခြင်းများနဲ့ သောကပင်လယ် ဝေနေကြတယ်။

ဒီမြေဟာ ဒို့မြေ၊ တို့ဘိုးဘွားပိုင်ဆိုင်တဲ့မြေ ဒီဒေသဟာ ဒို့ဒေသ တို့သွေးချင်းများရဲ့ ထာဝရရှင်သန်ခြင်းဒေသလို့တောင် မဟစ်ကြွေးနိုင်ခဲ့ပါ။ သြော် သူတို့လေးတွေမှဖြစ်ကြရတယ်လို့ ကျွန်တော်တို့ရင်ဘတ်ဖိ စုတ်သပ်နေရတယ်။ မြန်မာပြည်တစ်ပြည်လုံးမှာ ဒုက္ခသည်ပေါင်းများစွာ ရှိနေပါတယ်ဆို မှ သူတို့လေးတွေရဲ့ ဒုက္ခတွေပိုကြီးနေသလိုပါပဲလား။ ဒုက္ခသည်အစုအဝေး ပေါများတဲ့မြန်မာပြည်မှာ သူ့ထက်ကိုယ်ကပိုဆိုး။ ကိုယ့်ထက် သူတို့အခြေအ နေကတောင် မင်းမြောက်မင်းမပြောနဲ့ လူမင်းဘာမင်းညာမင်းလည်း ကယ်နိုင်မယ့်အနေအထား မရှိပါ။ လူမှုကယ်ဆယ်ရေးအဖွဲ့တွေလည်း တတ်အားသ ရွေ့ လုပ်ကိုင်ကူညီနေကြတာပါပဲ။ ဒါပေမယ့် တို့လေးတွေအဖြစ်က “ပေးကားပေး၏ မရ” “ကျွေးကားကျွေး၏ မဝ”ဆိုတဲ့ အခြေအနေမှာပဲ ရှိနေသေးတယ်။

ဒီပြဿနာတွေ ဘယ်ကစသလဲ၊။ ဒီအခြေအနေမျိုးဖြစ်လာအောင် ဘယ်သူတွေဖန်တီးခဲ့တာလဲ။ စာအုပ်စာပေတွေထဲမှာတော့ ကိုလိုနီနယ်ချဲ့စနစ်ရဲ့ ဆိုး မွေလို့ ရေးထားခဲ့ကြတာပဲ။ ကျွန်တောတို့က လွတ်လပ်ရေးခေတ်မှာ မွေးဖွားခဲ့သူတွေမဟုတ်တော့ တိတိကျကျ မဝေခွဲတတ်ဘူး။ မှန်တယ်၊ မှားတယ်လို့ လည်း အငြင်းမပွားလိုဘူး။ ကျွန်တော်မွေးဖွားခဲ့တဲ့ ဒီဘက်ခေတ်မှာတော့ တရားဥပဒေစိုးမိုးမှု လျော့နည်းတယ်။ တန်းတူညီအခွင့်အရေးမရှိဘူး။ နယ်မြေ အေးချမ်းသာယာမှု ကင်းမဲ့တယ်။

ဒီအကြောင်းတရား အခြေခံကနေ ထိတွေ့ခံစားလာခဲ့ရတဲ့ ဒုက္ခအကျိုးဆက်တွေလို့ ကျွန်တော်ထင်မြင်မိတယ်။ လက်နက်ကိုင် တိုက်ခိုက်နေတာ တွေ ခုထိမရပ်တန့်သေးဘူး။ အုပ်ချုပ်ရေးမညီမျှမှုတွေ မပြေငြိမ်းသေးဘူး။ တန်းတူညီမျှမှုတွေ မဖြေ ရှင်းနိုင်သေးဘူး။ ရပိုင်ခွင့်တွေ အဝေမတည့်ကြ သေးဘူး။ ထစ်ခနဲရှိ လက်နက်ကိုင်ဖြေရှင်းလိုတဲ့ အစွဲတွေ မပြုတ်ကြသေးဘူး။ မတ္တ၊ မာန၊ အာဃာတ မဖြုတ်နိုင်သေးဘူး။ ခုထိ မင်းဘာလဲ၊ ငါဘာလဲ၊ လုပ်နေကြသေးတယ်။ ဘယ်မှာလာငြိမ်းချမ်းရေးအဖြေ ရှာတွေ့ဦးမှာလဲ။ ဒီအတိုင်းသာဆို ဒီလိုပုံ ဒီလိုအချိုး ဒီပုံမျိုးနဲ့ မိုးချုပ်ကြိုးရှုပ်နေကြဦးမှာ ဖြစ်တယ်။ စာအုပ်တွေမှာပါသလို ကိုလိုနီနယ်ချဲ့စနစ်ရဲ့ ဆိုးမွေလို့ပဲထားဦးတော့ ကိုလိုနီနယ်ချဲ့လက်အောက်က လွတ်မြောက်လာချိန်မှာ ကိုယ့်လူမျိုးတွေပဲ တိုင်း ပြည်အုပ်ချုပ်ခွင့်ရလာကြတာ အုပ်ချုပ်ရေးစနစ် ပြောင်းလဲပစ်လို့မရဘူးလား။ ကိုလိုနီစနစ်ရဲ့ ဥပဒေတွေပယ်ဖျက်လို့ မရပေဘူးလား။ ကိုလိုနီခေတ်ရဲ့ မတရားတဲ့အမိန့်၊ ဖိနှိပ်တဲ့ဒီကရီတွေ ဖြိုဖျက်ပစ်လို့ မရပေဘူးလား။ မရလို့လည်း (ဝါ) မပြုပြင်ခဲ့လို့လည်း ခုထိ ပြည်တွင်း၊ စစ်သံသရာ လည်နေတာပေါ့။ ငြိမ်းချမ်းမှုရှာမတွေ့နိုင်သေးတာပေါ့။

ဆယ်စုနှစ်လေးငါးခု မကပြည်တွင်း၊ စစ်သံသရာလည်နေတာပေါ့။ သက်တမ်ရှည်ကြာပြီ၊ ငြိမ်းချမ်းရေးနဲ့ အလှမ်းဝေးနေမှတော့ ထိခိုက်နစ်နာ မှုတွေ၊ ပျက်စီးဆုံးရှုံးမှုတွေ ဒုနဲ့ဒေး ကျန်ရစ်ခဲ့ရတာပေါ့။ အဲဒီဒေသက သွေးချင်းညီကိုတွေမှာ ဒုက္ခပင်လယ်ဝေပြီး သောကမျက်ရည်ဖြိုင်ဖြိုင် ကျခဲ့ကြ တာပေါ့။ ပန်းပွင့်လေးတွေအစား ဗုံးဆန်အမြောက်ဆန်တွေသာရခဲ့။ ပန်းရနံ့ သင်းပျံ့ရမယ့်အစား ယမ်းငွေ့နံ့သာ ထူထပ်ခဲ့။ ကျေးငှက်သာရကာတို့ရဲ့ တေးသံအစား သေနတ်သံတွေသာ သွက်သွက်ညံခဲ့။ စမ်းရေသံအစား သွေးချောင်းစီးတာသာ မြင်တွေ့ခဲ့ရ။ တကယ်ဆိုရင် သွေးချင်းတို့ဒေသ မငြိမ်းချမ်း မှုဟာ တစ်တိုင်းပြည်လုံး မငြိမ်းချမ်းမှုလို့ပဲ ခေါ်ဆိုရမှာ ဖြစ်တယ်။

မငြိမ်းချမ်းမှုအုပ်မိုးထားတဲ့ဒေသမှာ ဒုက္ခများခါးစည်းခံရတာ ကလေးသူငယ်တွေပါပဲ။ တခြားဒေသက ကလေးသူငယ်တွေ ကျောင်းတက်ပျော်ပါး နေတဲ့အချိန်မှာ စစ်ပွဲရဲ့ဘေးလွတ်ရာကို ပြေးလွှားနေကြရတာ အဲဒီကလေးသူငယ်တွေ အစာအာဟာရ မှီဝဲနေရချိန်မှာ အငတ်ငတ်အပြတ်ပြတ် ဖြစ်နေရ တာလည်း အဲဒီကလေးသူငယ်တွေပါပဲ။ ဒါတင်လားဆိုတော့ မဟုတ်သေးဘူး။ ရပိုင်ခွင့်ဆုံးရှုံးနစ်နာကြရတဲ့ကြားထဲ ကျောင်းတက်ခဲ့၊ ပညာသင်ကြားခွင့်ပါ စွန့်လွှတ်ခဲ့ကြရတာ၊ ညကမည်းမှောင်ပါတယ်ဆိုမှ သူတို့လေးတွေရဲ့ ဘဝညဥ့်နက်ခဲ့ရပြန်တယ်။ ဆုံးရှုံးနစ်နာမှုထဲမှာ ပညာသင်ကြားခွင့်မရတဲ့ သူတို့ အတွက် ပိုဆုံးရှုံးနစ်နာခဲ့ကြရတယ်။ ကူညီဖေးမကယ်ဆယ်ကြပေမယ့် တူးရင်းနက် တူးရင်းနစ်နေကြရပြန်တယ်။ ကျွန်တော်ငယ်စဉ်တုန်းက ရင်းရင်းနှီး နှီးကြားဖူးခဲ့တဲ့ စကားတစ်ခွန်း စာဖတ်သူများကို ဝေမျှပေးချင်တယ်။ “ငြိမ်းချမ်းရေးအတွက် တိုက်ပွဲဝင်နေတာ”တဲ့။ ငြိမ်းချမ်းရေးလည်း လိုချင်တယ်ပြော တယ်၊ လက်နက်ကိုင်ပြီး တိုက်ခိုက်နေကြသေးတယ်။ ငြိမ်းချမ်းရေးတည် ဆောက်နေကြတာလို့ပြောတယ်၊ လက်နက်ဝယ်ယူ စုဆောင်းနေကြသေးတယ်။ ငြိမ်းချမ်းရေးစားပွဲဝိုင်း ထိုင်ဆွေးနွေးကြတာလို့ပြောတယ်။ တစ်ယောက်နဲ့တစ်ယောက် သံသယဖြစ်နေကြသေးတယ်။ ခုဆိုရင် ပွင့်လင်းမြင်သာတဲ့အချိန် ဖြစ်နေပြီ။ လူတွေ၊ မူတွေ၊ စနစ်တွေ၊ ဥပဒေတွေလည်း ပြောင်းနေပြီ။ စိတ်ဓာတ်ပြင်ကြဖို့ တစ်ချက်လေးပဲလို့တော့တာ။ ပြောင်းလိုက် ရင် အားလုံး “အိုကေ နေပြီ”၊ ငြိမ်းချမ်းချင်သလား ငြိမ်းချမ်းမယ့်အကြောင်းကိုရှာ၊ ညီညွတ်ချင်သလား ညီညွတ်တဲ့လမ်းကိုဖောက်။ တန်းတူညီချင်သလား တန်းတူညီမယ့် အခွင့် အရေးကိုပေး လွတ်လပ်ချင်သလား၊ လွတ်လပ်ခြင်းအရသာဝေမျှ။ ဒါဆို အားလုံးကောင်းစားဖို့ ဖြစ်လာမယ်။ တစ်တိုင်းတစ်ပြည်လုံး ကိုယ်စိတ်နှစ်ဖြာ ကျန်း မာချမ်းသာလာနိုင်မယ်။ အထူးသဖြင့် တစ်နိုင်ငံလုံးမှာ ကလေးသူငယ်များကို ဘဝမြင့်မားစေချင်သလား၊ ငြိမ်းချမ်းရေးတံခါးတွေ ရဲရဲဖွင့်။ စစ်မက်ဖြစ်ပွား ခြင်းကို မြန်မြန်ရပ်။ အာဃာတအမုန်းတွေ သတ္တိရှိရှိ အဆုံးသတ်လိုက်ကြပါဗျာ။

****************************************


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive

0 comments:

Post a Comment