Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၈.၁၀.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. စီးပွားရေးပြုပြင်ပြောင်းလဲမှုနှင့် ဗဟိုဘဏ်

*****************************************

ဆောင်းပါးကဏ္ဍ

စီးပွားရေးပြုပြင်ပြောင်းလဲမှုနှင့် ဗဟိုဘဏ်

မိုးမြင့်ငြိမ်း

အမျိုးသားအဆင့် စီးပွားရေးတည်ငြိမ်မှုကိုရယူနိုင်သော နိုင်ငံများတွင် ဗဟိုဘဏ်သည် လွတ်လပ်သည့် အဖွဲ့အစည်းတစ်ခုအနေဖြင့် နိုင်ငံ၏ စီးပွားရေးကိုစီမံခန့်ခွဲကြရသည်။ ဗဟိုဘဏ်ကိုလွတ်လွတ်လပ်လပ် လုပ်ဆောင်ခွင့်ပေးမှသာလျှင် စီးပွားဖွံ့ဖြိုးတိုးတက်မှုကို ထိထိရောက်ရောက် ဆောင်ကြဉ်းနိုင်ရုံမျှမက စီးပွားရေးအကျပ်အတည်းများ ကြုံလာသော် အကျပ်အတည်းမှ လွန်မြန်အောင် မြန်မြန်ဆန်ဆန် စီမံခန့်ခွဲနိုင်မှာဖြစ်သည်။ လွတ်လပ်သည့် ဗဟိုဘဏ်မဖြစ်လျှင် ဈေးကွက်စီးပွားရေး အခန်းကဏ္ဍတစ်ရပ်အနေဖြင့် အထူးအရေးပါသော ဘဏ္ဍရေးရာအခြေအနေများ ရှုပ်ထွေး သွားနိုင်သည်။

ဈေးကွက်စီးပွားရေးတွင် အရင်းအနှီးစုဆောင်ထားနိုင်မှုမှာ နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့အရေး အလေးထားပြောကြားရသော အကြောင်းအရာ ဖြစ်သည်။ အရင်းအနှီးကို ပုံစံနှစ်မျိုးဖြင့်စုဆောင်းကြသည်။ မြေ၊ တိုက်တာအဆောက်အအုံ၊ အစရှိသည့် ရုပ်ဝတ္ထုများအသွင်ဖြင့် စုဆောင်းကြခြင်းမျိုး ရှိသလို ငွေသား၊ ငွေတိုက် စာချုပ်၊ ရှယ်ယာပုံစံများဖြင့် စုဆောင်ကြခြင်းမျိုးလည်း ရှိသည်။ အစိုးရအနေဖြင့် နိုင်ငံ၏ အရင်းအနှီးစုဆောင်းမှု တက်လာစေရန် နိုင်ငံသားများ စုဆောင်းလိုစိတ်ရှိအောင် မက်လုံးများဖြင့် မူဝါဒခင်းရသည်။ ထိုသို့ ဆောင်ရွက်သည့်အခါမှာ အရင်းအနှီးဈေးကွက် (capital market)တနည်း စတော့ဈေးကွက်ရှိမှ စနစ်တကျလုပ်ဆောင်နိုင်မည်ဖြစ်သည်။ ထိုသို့ စတော့ဈေးကွက်များမပေါ်မီ နိုင်ငံတွင် ပုဂ္ဂလိကဘဏ်များ၊ ရင်းနှီးမြုပ်နှံမှုဘဏ်များနှင့် အစိုးရဘဏ်များအား လုပ်ထုံးလုပ်နည်းများနှင့် ကျွမ်းကျင်သည့်ဘဏ္ဍရေး ဝန်ထမ်းများဖြင့် ခိုင်ခန့်အောင် တည်ဆောက်ထားဖို့ အစိုးရမှတိုက်တွန်းအားပေး ပူးတွဲဆောင်ရွက်ရမည်။ ထိုသို့ ပူးတွဲဆောင်ရွက်သည့်အလုပ်ကို အဓိကလုပ်ဆောင်သည့် ဘဏ္ဍရေး အဖွဲ့အစည်းမှာ လွတ်လပ်ပြီးအတွေ့အကြုံနှင့် ပညာရည်မြင့်မားသည့် စီးပွားရေးပညာရှင်များဖြင့် အဓိကဖွဲ့စည်းထားသည့် ဗဟိုဘဏ်ပင်ဖြစ်သည်။

မြန်မာနိုင်ငံတွင်ကုန်လွန်ခဲ့သည့် ရက်ပိုင်းအတွင်းက နိုင်ငံ၏အကြီးဆုံးဘဏ်တစ်ခုဖြစ်သော ကမ္ဘောဇဘဏ်တွင် ပြည်သူများမိမိတို့ အပ်နှံထားသည့်ငွေများ တဖွဲဖွဲထုတ်ယူခြင်းမျိုး ဖြစ်သွားခဲ့သည်။ ကမ္ဘောဇဘဏ်နှင့်ပတ်သက်သည့် ကောလဟာလများကြောင့် ထိုသို့ ဖြစ်ပေါ်ခဲ့ရကြောင်း လည်း တာဝန်ရှိသူများက ဆိုကြသည်။ နိုင်ငံပိုင်မီဒီယာများမှလည်း ပြည်သူများအား ယင်းကောလဟာလကို မယုံကြရန်နှင့် ဘဏ္ဍရေးနှင့်ပတ်သက်ပြီး အကျပ်အတည်းများရှိလာလျှင် ဗဟိုဘဏ်မှပြည့်ပြည့်ဝဝတာဝန်ယူပါကြောင်း တရားဝင်ထုတ်ပြန်ကြေညာခဲ့သည်။ ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ အကြောင်းအရာနှစ်ရပ်ကို စာရေးသူ ဆင်ခြေသုံးသပ်မိသည်။ ပထမတစ်ခုမှာ မြန်မာနိုင်ငံ၏ အရှိန်အဟုန်တက်လာတော့မည့် စီးပွားရေးပြုပြင် ပြောင်းလဲရေးလှိုင်းတွင် ဘဏ္ဍရေး၏ အခန်းကဏ္ဍဖြစ်ပြီးကျန်တစ်ခုမှာယင်းအပြောင်းအလဲများ၏ စိန်ခေါ်မှုတို့ ဖြစ်သည်။

မြန်မာနိုင်ငံ၏ ဈေးကွက်စီးပွားရေးတွင် အရေးကြီးဆုံးလည်းဖြစ် အားအနည်းဆုံးလည်းဖြစ်သောအပိုင်းမှာ အရင်းအနှီးစုဆောင်းမှုဖြစ်သည်။ အရင်းအနှီးကို စနစ်တကျစုဆောင်းသည့် ဈေးကွက်ယန္တရားဆိုလို့ ဘဏ်များမှလွဲ၍ အရင်းအနှီးဈေးကွက်ဟူ၍ ပီပီပြင်ပြင်မရှိ။ Myanmar Securities Exchange Commission ဟူသော အများပိုင်ကုမ္ပဏီနှစ်ခုသာ စာရင်းတင်ထားသည့် အလုပ်သိပ်မဖြစ်သော အမည်ခံအရင်းအနှီး ဈေးကွက်လေးတော့ ရှိသည်။ ပုဂ္ဂလိကဘဏ်များမှာလည်း ငွေလွှဲသည့်လုပ်ငန်းမျိုးကဲ့သို့ အခြေအနေမပြတ် ပုံမှန်လည်ပတ်နိုင်သည့် လုပ်ငန်းမျိုးလောက်ကလွဲလျှင် အသေးစား၊ အလတ်စားစီးပွားရေး လုပ်ငန်းများကို လိုအပ်သည့်ငွေကြေး အရင်းအနှီးကိုချေးဌားခြင်းမျိုးကို မသေချာသည့်စွန့်စားမှုအဖြစ် မလုပ်လိုကြချေ။ ဈေးကွက်အနေအထားကိုကြည့်ပြန်တော့လည်း အသေးစား၊ အလတ်စားစီးပွားရေးလုပ်ငန်းများ တိုးချဲ့ရအောင် ဈေးကွက်က သေးနေရုံသာမက အစိုးရ၏အခန်းကဏ္ဍကလည်း တနည်းပံ့ပိုးပေးမှုကလည်း ဘယ်မျှမည်မည်ရရမရှိ။ အရင်းအနှီးဈေးကွက်ကို ဂျပန်နိုင်ငံ အကူအညီဖြင့် မကြာမီနှစ်များအတွင်း တည်ထောင်နိုင်ရန်အတွက် အစိုးရမှ ပုဂ္ဂလိကလုပ်ငန်းများအား အရင်းအနှီးဈေးကွက်တွင် ရှယ်ယာများ ထုတ်ရောင်းနိုင်ရန် အများပိုင်ကုမ္ပဏီများ တည်ထောင်ကြဖို့ တိုက်တွန်းအားပေးလျက်ရှိသည်။ ထိုအတွက်ကြောင့် အများပိုင်ကုမ္ပဏီ အနည်းငယ်ရှိလာပြီ ဖြစ်သည်။ နိုင်ငံရေး ရာသီဥတုနှင့် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုအလားအလာများကို စောင့်ကြည့်နေကြသည့် စီးပွားရေးလုပ်ငန်းများက ယခုအချိန်အခါတွင် အများပိုင် ကုမ္ပဏီအသွင်မပြောင်းကြသေးသော်လည်း နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများ ဝင်လာပြီးသည့်နောက်ပိုင်းတွင် စီမံခန့်ခွဲမှုဆိုင်ရာ နည်းစနစ်များရယူရင်း အများပိုင်ကုမ္ပဏီများအဖြစ် တဖြည်းဖြည်းပြောင်းလဲလာနိုင်ပေမည်။

ထိုသို့ မြန်မာနိုင်ငံတွင် အရင်းအနှီးဈေးကွက် မဖြစ်ပေါ်လာခင် ဘဏ်များကို စည်းမျဉ်းစည်းကမ်းနှင့်အညီ စနစ်တကျလည်ပတ် အလုပ်လုပ်နိုင်အောင် အသေအချာတည်ဆောက်ထားနိုင်ရမည် ဖြစ်သည်။ မြန်မာနိုင်ငံတွင် ဗဟိုဘဏ်နှင့် ပုဂ္ဂလိကဘဏ်များ၏ ပူးပေါင်းဆောင်ရွက်မှု အထူးပင်အားနည်းသည်ဟု ဆိုရမည်။ ဘဏ်များမှာလည်း ဘဏ်နှင့်ငွေရေးကြေးရေး အဖွဲ့အစည်းဥပဒေပါ လုပ်ခွင့်ပေးထားသည်များကို ဆောင်ရွက်ကြသော်ငြားလည်း ဗဟိုဘဏ်နှင့် စည်းဝါးမကိုက်ထားကြသဖြင့် အမြဲတမ်းလိုလို ဗဟိုဘဏ်နှင့် ပုဂ္ဂလိကဘဏ်များအကြား တင်းမာမှုလေးတွေ ရှိသည်။ ဗဟိုဘဏ်မှာလည်း ယခုအချိန်ထိတိုင် ဘဏ္ဍရေးနှင့် အခွန်ဝန်ကြီးဌာနအောက်မှာပင် ရှိသေးသည့်အတွက်ကြောင့် မူဝါဒများ လွတ်လွတ်လပ်လပ် ချမှတ်နိုင်ခြင်းမရှိသေးချေ။ ထို့အတွက်ကြောင့် ဗဟိုဘဏ်အား လွတ်လပ်သည့်အဖွဲ့အစည်းတစ်ခုဖြစ်အောင် ဦးစွာအကောင်အထည်ဖော်ရပေမည်။ ထိုသို့ စည်းမျဉ်းစည်းကမ်းနှင့်အညီ လွတ်လွတ်လပ်လပ်ဆောင်ရွက်နိုင်အောင်လည်း ဗဟိုဘဏ်ဥပဒေရှိမှ ဖြစ်ပေမည်။ လက်ရှိပုဂ္ဂလိကဘဏ်များ အပါအဝင်၊ မြန်မာနိုင်ငံတွင်း စတင်ရင်းနှီးမြုပ်နှံနေပြီဖြစ်သော ….capital၊…..capital အစရှိသည့် ပိုင်ဆိုင်မှုဆိုင်ရာစီမံခန့်ခွဲမှု(asset management firm) လုပ်ငန်းများက လွှတ်တော်အတွင်း ဗဟိုဘဏ်ဥပဒေ အမြန်ဆုံးရေးဆွဲနိုင်အောင် lobby လုပ်သင့်သည်။

မြန်မာနိုင်ငံသည် ကွန်မြူနစ်စနစ်မှ ဒီမိုကရေစီအသွင်ကူးပြောင်းခဲ့သည့် ရုရှားနိုင်ငံကဲ့သို့ ပွင့်လင်းမြင်သာမှုနှင့် ပြုပြင်ပြောင်းလဲရေးကို လုပ်ဆောင်ရမည်သာ ဖြစ်သည်။ သို့သော် ရုရှားလို ပြုပြင်ပြောင်းလဲမှုအရင်လာပြီးမှ ပွင့်လင်းမြင်သာမှုကို နောက်ချန်ထားခဲ့သည့်အတွက် အသွင်ကူးပြောင်းရေး အစောပိုင်းကာလများတွင် နိုင်ငံ၏အခြေအနေမှာ အတော်ပင်ကမောက်ကမနိုင်ခဲ့သည်။ မြန်မာနိုင်ငံတွင်တော့ နိုင်ငံရေးပွင့်လင်း မြင်သာမှုအရင်လာပြီးမှ စီးပွားရေးပြုပြင်ပြောင်းလဲမှုကို လုပ်ဆောင်နေသည့်အတွက် အထားအသိုမှန်ကန်မှုရှိသွားလေပြီ။ နိုင်ငံရေးအပြောင်းအလဲနှင့် စီးပွားရေး အပြောင်းအလဲ သိပ်မကွာအောင်သာ စီးပွားရေးအပြောင်းအလဲကို တွန်းတင်ရမည်ဖြစ်သည်။ ရုရှားတွင် စီးပွားရေးပြုပြင်ပြောင်းလဲမှုကို အရင် ဆောင်ရွက်ခဲ့သည့်အတွက် ခရိုနီအရှင်းရှင်စနစ် အားကောင်းလာပြီး နိုင်ငံစီးပွားရေး အတော်ကျဆင်းခဲ့ရသည်။ ဥပမာအားဖြင့် ရုရှားတွင် အစိုးရ၏ မူဝါဒဖြင့် အလုပ်သမားများအား ကုမ္ပဏီ၏ရှယ်ယာပိုင်ဆိုင်ခွင့် ပေးစေခြင်းမျိုးကို အမျိုးသားအကျိုးစီးပွားကို မကြည့်သော ခရိုနီများကတဖက်လှည့်ဖြင့် ပြန်လည်ဝယ်ယူစေခြင်းမျိုး ဖြစ်သည်။ နိုင်ငံရေးပွင့်လင်းမြင်သာမှု တစ်စုံတစ်ရာရှိနှင့်နေပြီဖြစ်သော မြန်မာနိုင်ငံတွင်တော့ စီးပွားရေးအပြောင်းအလဲတွင် ကြုံတွေ့ရတတ်သည့် ထိုသို့အဟန့်အတားမျိုးကို ကျော်လွှားသွားနိုင်လိမ့်မည်ဟု စာရေးသူ ယုံကြည်ပါသည်။

နောက်တစ်ခုမှာ စီးပွားရေးပညာရှင်များ၏ အခန်းကဏ္ဍပင်ဖြစ်သည်။ မြန်မာနိုင်ငံတွင် ပညာရှင်ရှားပါးမှုမှာ နိုင်ငံတည်ဆောက်ရေးတွင် ကြီးစွာသော အဟန့်အတားဖြစ်သည်ဟု စာရေးသူသုံးသပ်မိပါသည်။ အထူးသဖြင့် ဘဏ္ဍစီးပွားရေးနှင့်ပတ်သက်လျှင် ကျွမ်းကျင်သူ(financial economist)အမှန်တကယ်ပင် နည်းလွန်းပါသည်။ ထိုသို့သော အနေအထားမျိုးနှင့် ဗဟိုဘဏ်ကို လွတ်လွတ်လပ်လပ်စီမံခန့်ခွဲဖို့ အခက်အခဲရှိပါသည်။ နိုင်ငံခြားတိုင်းပြည်များနှင့် နိုင်ငံတကာအဖွဲ့အစည်းများတွင် လုပ်ကိုင်နေကြသော မြန်မာစီးပွားရေးပညာရှင်များအား မက်လုံးများ ပြန်ခေါ်နိုင်မည်လော၊ သို့တည်းမဟုတ် မြန်မာနိုင်ငံနှင့် ရင်းနှီးကျွမ်းဝင်ပြီးဖြစ်သော ဂျိုးဇက်စတင်ဂလစ်လို စီးပွားရေးပညာရှင်များကို ဌားရမ်းမည်လောဟူသည်မှာ ဦးသိန်းစိန် အစိုးရမှ မှန်မှန်ကန်ကန်ဆုံးဖြတ်ရမည့် အရာပင်ဖြစ်ပါကြောင်း…..။

****************************************


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive

0 comments:

Post a Comment