yangonchronicle2011 Op-Ed |
၁၁.၁၀.၂၀၁၂
ဆောင်းပါးကဏ္ဍ
- ဆင်ခြေမှုအခြေခံဖြင့်ဆုံးဖြတ်သော လူ့အဖွဲ့အစည်း
*****************************************
ဆောင်းပါးကဏ္ဍ
ဆင်ခြေမှုအခြေခံဖြင့်ဆုံးဖြတ်သော လူ့အဖွဲ့အစည်း
မိုးမြင့်ငြိမ်း
နှစ်ပေါင်း ၅၀ ကျော် နိုင်ငံရေးဖိနှိပ်မှုများဖြင့် နေထိုင်ခဲ့ရသည့် မြန်မာပြည်သူများအဖို့ ဖိနိုပ်မှုများမှ လွတ်မြောက်လိုသည့် အလိုဆန္ဒများ ကိန်း အောင်းနေမည်သာ ဖြစ်သည်။ ထိုကြောင့် နိုင်ငံရေးအပြောင်းအလဲများဖြင့် နိုင်ငံရေးလွတ်လပ်ခွင့်များ ရရှိလာသည့်အခါ မိမိတို့ဆန္ဒများအား ဖော်ထုတ်လာ ကြခြင်းကို အပြည့်အဝ နားလည်ပေး၍ရပါသည်။ သို့သော် မြန်မာ့လူ့အဖွဲ့အစည်းအတွင်း ယဉ်ကျေးမှုတစ်ခုလိုဖြစ်နေသည့် စိတ်လှုပ်ရှားခံစားမှုကိုသာ အခြေခံ (emotional base) ထား၍ ဆုံးဖြတ်ကြသည့် အခြေအနေမှ ရုန်းထွက်နိုင်းခြင်းမရှိကြသေးသည်ကို ဝမ်းနည်းစွာတွေ့မြင်ရသည်။ လူ့အဖွဲ့စည်း အတွင်း လူအများသည် အရာရာကို စိတ်လှုပ်ရှားခံစားမှုဖြင့်သာ ဆုံးဖြတ်နေသေးလျှင် ရင့်ကျက်သည့် ဒီမိုကရေစီပေါ်ပေါက်ဖို့ ခဲယဉ်းနေဦးမည် မဟုတ်ပါ လော။ ဆင်ခြေမှုအခြေခံဖြင့်(rational base)ဆုံးဖြတ်သည့် လူ့အဖွဲ့အစည်းဖြစ်အောင် တက်ညီလက်ညီ ကြိုးစားတည်ဆောက်ယူရပေဦးမည်။
ယခုတလော အမေရိကန်နိုင်ငံတွင် ကျင်းပနေသည့် သမ္မတရွေးကောက်ပွဲနှင့် ပတ်သက်ပြီး အပြိုင်အဆိုင် မဲဆွယ်စည်းရုံးမှုများ၊ စကားစစ်ထိုးပွဲ များကို စောင့်ကြည့်သောအခါ သူတို့၏ ဒီမိုကရေစီရင့်ကျက်မှု အထင်းသားတွေ့မြင်ရသည်။ အပြန်အလှန် ဝေဖန်တိုက်ခိုက်မှုများကြားတွင် ပုဂ္ဂိုလ်ရေးမပါ၊ အကြောင်းအရာအခြေပြုပြီးတော့သာ ပိုင်ပိုင်နိုင်နိုင် ငြင်းကြခုံကြခြင်းအပေါ် စာရေးသူဘဝင်တွေ့မိသည်။ မြန်မာနိုင်ငံအတွက် ဤခရီးမှာ ဝေးပါသေး သည်ဟု ဆိုရမလိုပင် ဖြစ်သည်။ သို့သော် စိတ်လှုပ်ရှားမှုမှ ဆင်ခြင်မှုဆီသို့ တက်လှမ်းသည့် ဖြစ်စဉ်မှာ ဖြတ်ကို ဖြတ်သန်းရမည်ပင် ဖြစ်သည်။ မြန်မာနိုင်ငံ ၏ ကမ္ဘာသိခေါင်းဆောင်းနှစ်ဦးဖြစ်သည့် သမ္မတဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ နိုင်ငံ့အရေးငြင်းခုံမှုများကိုကြည့်လျှင် လူပုဂ္ဂိုလ်ပေါ် ဝေဖန် ခြင်းထက်၊ အကြောင်းအရာပေါ် အလေးထားဝေဖန်ငြင်းခုံကြခြင်းကို မြင်တွေ့ရသည့်အတွက် မြန်မာနိုင်ငံရေးဖြစ်စဉ်သစ်အတွက် ဆင်ခြေမှုအပေါ် အခြေ ခံပြီး ဆုံးဖြတ်ကြဖို့ အလားအလာကောင်းများရှိနေပြီဟု သုံးသပ်မိပါသည်။
ထိုသို့ ဆင်ခြေမှုအခြေခံဖြင့် ဆုံးဖြတ်မှုအားနည်းရခြင်းကို လေ့လာကြည့်သည့်အခါ အရည်အသွေး (capacity) အခန်းကဏ္ဍ အရေးကြီးပုံကို တွေ့မြင်လာရသည်။ capacity ရှိမှသာလျှင် အကြောင်းအရာတစ်ရပ်၏ အတိမ်အနက်ကို မြင်အောင်ကြည့်တတ်မည်။ capacity အားနည်းနေလျှင် ပြဿနာတစ်ရပ်၏ နောက်ကွယ်က တိမ်မြုပ်နေသည့် အပိုင်းများ၊ ပြဿနာပေါ်ရခြင်း၏ အဓိကရင်းမြစ်ကို မြင်ဖို့ခဲယဉ်းသည့်အတွက် ပြဿနာအား ပြေ လည်အောင် ဖြေရှင်းနိုင်မည်မဟုတ်ပေ။ ထိုသို့ လူ့အဖွဲ့အစည်းအတွင်း လိုအပ်သည့် capacityကို အရပ်ဖက်လူ့အဖွဲ့အစည်းများမှ capacity building သင်တန်းများဖြင့် ဖြည့်ဆည်းလာခြင်းအပေါ် စာရေးသူအနေဖြင့် များစွာ ကျေနပ်အားရမိပါသည်။ အစိုးရခေါင်းဆောင်အပိုင်းကလည်း စနစ်သစ်နှင့် အံဝင် သည့် capacity ရှိလာဖို့ အရေးကြီးလာပြီဖြစ်ကြောင်းကို နားလည်သဘောပေါက်လာကြပြီ ဖြစ်သည်။ ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်ကလည်း မြန်မာ နိုင်ငံ၏လူငယ်များမှာ ပညာရေးကောင်းမရသဖြင့် capacity နိမ့်ပါရခြင်းဖြစ်ပြီး ပညာရေးစနစ်ကို ပြုပြင်ပြောင်းလဲမှ ဖြစ်မည်ဟု ကောက်ချက်ချ ပြောကြား သွားခဲ့သည့်အတွက် မြန်မာနိုင်ငံပြည် ပြန်လည်တည်ဆောက်ဖို့အရေး capacity မရှိမဖြစ်လိုအပ်သည်ဟု ဆိုလိုသွားခြင်းပင် ဖြစ်သည်။ ထိုသို့ မြန်မာ နိုင်ငံ၏ အရပ်ရပ်အခြေအနေကောင်းများ ဖြစ်ပေါ်လာဖို့ ခေါင်းဆောင်မှု၏ အခန်းကဏ္ဍမှာ အမှန်ပင်အရေးကြီးပါသည်။
ယခုအချိန်အခါဝယ် မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်စဉ်သစ်တွင် နိုင်ငံ၏ သမိုင်းကြောင်းကို သမိုင်းကောင်းရေးလိုသူများက အကောင်းဆုံး ရေးသား နေလျက် ရှိနေလေပြီ။ နိုင်ငံကိုဒီမိုကရေစီထွန်းကားအောင်နှင့် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ကြဉ်းသွားနိုင်သည့်သူများကို ကမ္ဘာကပင် လေးစားကြရ သည်။ တောင်ကိုရီးယားမှ ဗိုလ်ချုပ်ပတ်ချောင်ဟီး၊ တရုတ်မှ တိန်ရှောင်ဖိန်၊ တောင်အာဖရိကမှ နယ်လ်ဆင်မယ်ဒဲလ်လား၊ စင်ကာပူမှ လီကွမ်ယု၊ ချီလီမှ ဗိုလ်ချုပ် ပီနိုချေးတို့အား နိုင်ငံပြုပုဂ္ဂိုလ် (statesman) များအဖြစ် ကမ္ဘာက အသိအမှတ်ပြုကြသည်။ ဥပမာအားဖြင့် မြန်မာနိုင်ငံကို ၁၀ နှစ်အတွင်း အမီ လိုက်နိုင်အောင်ကြိုးစားမည်ဟု ကြွေးကြော်ခဲ့သော စင်ကာပူနိုင်ငံ၏ ပထမဦးဆုံးဝန်ကြီးချုပ် လီကွမ်ယုဆိုလျှင် မြို့ပြနိုင်ငံလောက်သာရှိသော မြေမှလွဲလျှင် သဘာဝသံယံဇာတဘာမျှမရှိသည့် နိုင်ငံကို နှစ်လေးဆယ်အတွင်းဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံဖြစ်အောင် ဦးဆောင်သွားနိုင်သည်။ ဝေဖန်သုံးသပ်သူများက တချို့သော နိုင်ငံပြုပုဂ္ဂိုလ်များကို အာဏာပိုင်စနစ်ကျင့်သုံးသူများအဖြစ်လည်းကောင်း၊ ဒီမိုကရေစီမျက်နှာဖုံးစွပ် အာဏာရှင်များအဖြစ်လည်းကောင်း စွပ်စွဲ မှုများ ရှိခဲ့သော်ငြားလည်း သူတို့လက်တွေ့ကျသည့် ခေါင်းဆောင်မှုအပေါ်တော့ ချီးကျူးကြစမြဲပင်ဖြစ်သည်။
ကံကောင်းစွာပင် မြန်မာပြည်သူများမှာ သမ္မတဦးသိန်းစိန်လို လက်တွေ့ကျပြီး ရိုးသားသည့် ခေါင်းဆောင်တစ်ဦးကို ရရှိခဲ့လေပြီ။ ထို့အပြင် ဒီမို ကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှာလည်း လက်တွေ့ကျကျ ဆုံးဖြတ်လာနိုင်သည့်အတွက် အမျိုးသားညီညွတ်ရေးလမ်းစကို တွေ့မြင်လာရပြီ ဖြစ်သည်။ ထိုသူနှစ်ဦး၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုမှာ အတော်ပင် ခရီးပေါက်ခဲ့ပြီဖြစ်သည်။ သို့သော် အစကောင်းခဲ့ခြင်းကို ရေရှည်ထိန်းသိမ်းဖို့အတွက်တော့ အချိန်များစွာ ယူရဦးမည်ဖြစ်သည်။ မြန်မာနိုင်ငံတွင် ဒီမိုကရက်တစ်အင်စတီကျူးရှင်းများကလည်း နုနယ်သေးရုံမျှမက တရားဥပဒေစိုးမိုးရေးမှာလည်း အခြေအနေဆိုးရွားပါသည်။ လွှတ်တော်ကို ယခုထက် ပိုမို အသက်ဝင်ဖို့ ကြိုးစားရဦးမည့်အပြင် နိုင်ငံရေးပါတီများအနေ ဖြင့်လည်း capacity building ကိုစနစ်တကျတည်ဆောက်ထားဖို့ လိုအပ်သည်။ အင်အားကြီးပါတီနှစ်ခုဖြစ်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးပါတီနှင့် အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်ပါတီတို့မှာ မိမိတို့၏ပါတီကို ယခုမှစတင်၍ ပြုပြင်ပြောင်းလဲမှုလုပ်ဆောင်မှသာလျှင် လာမည့်ရွေးကောက်ပွဲအတွက် အဆင်သင့် ဖြစ်နေမှာဖြစ်ပြီး ပြည်သူကိုလည်း မှန်ကန်သည့်ဦးဆောင်မှု ပေးနိုင်မှာဖြစ်သည်။ အမြော်အမြင်ရှိပြီး လက်တွေ့ကျသည့် ခေါင်းဆောင်မှုဖြင့်သာ capacity ရှိသည့် ဆင်ခြေမှုအခြေခံဖြင့် ဆုံးဖြတ်သော ပြည်သူများဖြစ်လာအောင် ဆောင်ကြဉ်းနိုင်မည်ဖြစ်ပါကြောင်း။
****************************************
Google Drive: create, share, and keep all your stuff in one place.