Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၁၃.၁၀.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. ငွေကြေးနှင့် ဘဏ္ဍာရေးလောက အပြောင်းအလဲ

*****************************************

ဆောင်းပါးကဏ္ဍ

ငွေကြေးနှင့် ဘဏ္ဍာရေးလောက အပြောင်းအလဲ

ဇေယျသူ

(အောက်တိုဘာ ၁၃ရက်ထုတ် The Voice Weeklyဂျာနယ် အတွဲ (၈) အမှတ် (၄၁)မှ ထုတ်ယူဖော်ပြချက်။)

ယခုတစ်ပတ်အတွင်း သတင်းကြီးသုံးခုကြားလိုက်ရသည်။ တစ်ခုက ပြည်ပက၊ နှစ်ခုက ပြည်တွင်းကလာသည်။ သုံးခုလုံးက မြန်မာပြည်ငွေရေး ကြေးရေးကို ပြောင်းပစ်မည့် သတင်းများချည်း။ ကမ္ဘောဇဘဏ်သတင်း၊ ဘဏ္ဍာရေးအရေးယူပိတ်ဆို့မှု ဖယ်ရှားသည့်သတင်းနှင့် ဗဟိုဘဏ် လွတ်လပ်စွာ လှုပ်ရှားတော့မည့်သတင်း။

ကမ္ဘောဇဘဏ်နှင့် ပတ်သက်သည့် ကောလဟာလသည် ဥက္ကဋ္ဌဦးအောင်ကိုဝင်းနှင့်ဆက်စပ်ကာ ထွက်လာခြင်းဖြစ်သည်။ တအုံနွေးနွေးမေးမြန်း ကြရာမှ တစ်ယောက်ကအစတစ်ရာ ဆိုသလိုသတင်းတဖြည်ဖြည်း ပျံ့နှံ့သွားပြီး ကမ္ဘောဇဘဏ်တွင် ငွေစုထားသူအချို့ အပြေးအလွှား ထုတ်ကြသည်။ နောက်ဆုံး ဦးအောင်ကိုဝင်း ဘောလုံးပွဲကြည့်ရသည့်အဖြစ် ရောက်တော့သည်။ ဦးအောင်ကိုဝင်း ဘောလုံးပွဲကြည့်ရုံနှင့်မပြီး ဘဏ်လုပ်ငန်းရှင်များအသင်း နှင့် ဗဟိုဘဏ်တို့က သတင်းစားရှင်းလင်းပွဲလုပ်ကာ ဗဟိုဘဏ်က တာဝန်ယူသည်ဟု အာမခံလိုက်သည်။ ၅.၁၀.၂၀၁၂ သောကြာနေ့တွင် ကမ္ဘောဇဘဏ် များမှ ထုတ်သွားသောငွေမှာ သန်းကိုးထောင်ခန့်ရှိသည်ဟု ထုတ်ပြန်သည်။

ဦးအောင်ကိုဝင်း ဘောလုံးကွင်းထဲရောက်နေသည့် ပုံများ၊ သတင်းများကို မြင်နေရချိန်တွင် တိုက်တိုက်ဆိုင်ဆိုင်ပင် မြန်မာနိုင်ငံအား အမေရိကန် က ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှုများကို ရုတ်သိမ်းသည့်အမိန့်ကို သမ္မတအိုဘားမားက လကမှတ်ရေးထိုးနေသည့်ပုံနှင့် သတင်းများတက်လာပြန် သည်။ သတင်းက အားလုံးမျှော်လင့်စောင့်စားနေသည့် သတင်းကောင်း။ ယခုရုတ်သိမ်းမှုပါပေါင်းလိုက်လျှင် မြန်မာနိုင်ငံအားချမှတ်ထားသည့် ပိတ်ဆို့အ ရေးယူမှုများ အားလုံးလောက်နီးနီးကို အမေရိကန်အစိုးရက ရုတ်သိမ်းလိုက်ပြီ။ တစ်ကမ္ဘာလုံးက အုတ်အော်သောင်းနင်းစောင့်ကြည့်ခဲ့ရသည့် ဒေါ်အောင် ဆန်းစုကြည်ရော ဦးသိန်းစိန်ပါ အမေရိကန်ပြည်ထောင်စုသို့ ခရီးအလည်အပတ်အပြီး မြန်မာပြည်သို့ ခရီးဆိုက်ရောက်မတွပင် အိုဘားမားက ထိုအမိန့်ချ မှတ်လိုက်ပြီး အမေရိကန်ရွေးကောက်ပွဲမတိုင်ခင် လက်မှတ်ထိုးလိုက်ခြင်းလည်း ဖြစ်သည်။

တတိယသတင်းက မြန်မာနိုင်ငံဗဟိုဘဏ်ကို မကြာမီ လွတ်လပ်စွာ လှုပ်ရှားခွင့်ပေးတော့မည်ဟူသော ဗဟိုဘဏ်တာဝန်ရှိသူတစ်ဦးက ပြောကြား ခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင် ဗဟိုဘဏ်သည် ငွေကြေးမူဝါဒ (Monetary Policy) ကို ကိုင်တွယ်ရပြီး ဘဏ္ဍာအခွန်က ဘဏ္ဍာရေးမူဝါဒ (Fiscal Policy) ကိုတာဝန်ယူရသည်။ ငွေကြေးမူဝါဒကို ထိထိရောက်ရောက်ကိုင်တွယ်နိုင်လျှင် နိုင်ငံစီးပွားရေးငြိမ်အောင် ထိန်းနိုင်မည်။ မြန်မာနိုင်ငံတွင် ထိုသို့နှစ်ခုပေါင်း ထားသဖြင့် ဗဟိုဘဏ်အစွမ်းကို သိပ်မမြင်ရ။

အဆိုပါသတင်းသုံးပုဒ်လုံးက မြန်မာ့ငွေကြေးလောကနှင့် စီပွားရေးအခြေအနေနတို့ကို သတိပေးနေသည်။

ကမ္ဘောဇဘဏ်

ကမ္ဘောဇဘဏ် အဖြစ်အပျက်က မြန်မာနိုင်ငံသည် ကောလဟာလနှင့် ပတ်သက်လျှင် နုနယ်နေဆဲဟု အချက်ပေးသည်။ သတင်းများ ပွင့်ပွင့်လင်း လင်း ရေးမရခဲ့သည်မှာ ဆယ်စုနှစ်ချီ ကြာခဲ့ခြင်းကြောင့် လူတို့သည် သတင်းကို ကောလဟာလထင်၊ ကောလဟာလကို သတင်းထင်ခဲ့ကြသည်။

သတင်းလွတ်လပ်ခွင့်ရသော်လည်း သတင်းနှင့် ကောလဟာလ မကွဲသည်ကို အကျင့်ပါနေကြသောကြောင့် ချက်ချင်းဖျောက်မရ။ သတင်းဆို သည်မှာ ဖုံးထားဖိထားလေလေ၊ လွတ်ရာအပေါက်မှ ထွက်ကာ ကောလဟာလအသွင်ဖြင့် လိုတိုးပိုလျှော့ ကြီးထွားနိုင်လေလေ။ အတည်မပြုနိုင်ဖြင့် သတင်းဖြစ်ခွင့်မရသောကြောင့် ကောလဟာလအဖြစ် ကြီးချင်တိုင်းကြီး ဇာတ်နာသည်ထက် နာနိုင်ခွင့် ရရှိသွားခြင်းပင်။ ရေးမရသည့် ယခင်အချိန်မျိုးက ဆိုလျှင် ယခုအဖြစ်မျိုးသည် ကိန်ဂဏန်းများပိုတိုးကာ အခြေအနေ ပိုဆိုးသွားနိုင်သည်။ ယခုမူ ပွင့်ပွင့်လင်းလင်း မြန်မြန်ဆန်ဆန်ဖြင့် လူရှေ့ထွက်ရပ်၊ အင် တာဗျူးဖြေ၊ သတင်းစာရှင်းလင်းပွဲပြုလုပ်လိုက်သောကြောင့် ခပ်မြန်မြန်ရပ်တန့်သွားခြင်းဖြစ်သည်။ သန်းကိုထောင်ဆိုသည်မှာ သိန်းကိုးသောင်း။ သိန်း တစ်သောင်းတန်မြေကွက် ဆယ်ကွက်စာသာ ရှိသည်။ ဒေါ်လာဖြင့်ဆိုလျှင် ဆယ်သန်းခန့်။ ကမ္ဘောဇဘဏ်ကဲ့သို့ ဘဏ်ခွဲ၈၀ကျော်ရှိ ဘဏ်မျိုးအတွက် မထောင်းသာ။ သို့သော် ခပ်မြန်မြန်ရပ်တန့်သွားခြင်းမှာ အလွန်ကောင်းသည်။ ဘဏ်သည်ပြိုလျှင် ဆက်တိုက်ဖြစ်ပြီး၊ အခြားဘဏ်များပါ မနွယ်ငင်တစ်စင် ပါ ထိခိုက်သလို၊ ယုံကြည်မှု trust ပျောက်သောကြောင့် အတန်ကြာနလန်မထူဘဲ ရှိတတ်သည်။ ယခုကဲ့သို့ ATM ကတ်များ၊ ပြန်စ၊ တိုက်ခန်း၊ ကားတို့ ဝယ်ရာတွင် ဘဏ်များက စိုက်ထားပြီး အရစ်ကျငွေပေးစနစ်တို့ဖြင့် ဘဏ်တို့ အညွန့်စလူချိန်၊ တိုင်းပြည်စီးပွားရေး ပြန်ဆောင်ချိန်တွင် ယခုကဲ့သို့ ပြဿ နာ မြန်မြန်ရှင်းနိုင်ခြင်းမှာ မင်္ဂလာပင်။

နောက်ရငထောင့်မှ ကြည်လျှင် ကမ္ဘောဇဘဏ်အဖြစ်အပျက်ကြောင့် နောင်လာနိုင်သည့် အလားတူစိန်ခေါ်မှုမျိုးကို ရင်ဆိုင်ရန် ပြင်ဆင်ရပြီ ဖြစ် သည်။ ယခုအချိန် မြန်မာ့စီးပွားရေးသည် ဘဏ်စနစ်ကို စတင်ပြင်ဆင်စသာ ရှိသေးသည်။ နိုင်ငံတွင်းလည်ပတ်နေသော ငွေလုံးငွေရင်းလည်း နည်းပါး သေးသည်။ နေင်တစ်နှစ်၊ နှစ်နှစ်ခန့်ကြာလျှင် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံငွေများရော၊ အထောက်အပံ့ငွေကြေးများရော စီးပွားရေးပိုလုပ်လာကြသည့် အတွက်ရော လည်ပတ်ငွေလုံးငွေရင်းများစွာ တိုးလာနိုင်သည်။ ထိုအချိန်တွင် ကောလဟာလဒဏ်ခံရလျှင် ပြင်ဆင်ထားခြင်းမရှိပါက ယခုထက်များစွာ ထိခိုက်နိုင်သည်။ ယခုတစ်ကြိမ် ဖြစ်ခဲ့ပျက်ခဲ့သည်များကို သင်ခန်းစာယူနိုင်ကာ ကြိုတင်ကာကွယ် အစီအမံများ ချမှတ်နိုင်လျှင် များစွာ စိတ်အေးရပြီဖြစ် သည်။

ပိတ်ဆို့မှု ပယ်ဖျက်

အမေရိကန်နိုင်ငံက ချမှတ်ထားသော ဘဏ္ဍာရေးပိတ်ဆို့မှု ကြောင့် မြန်မာနိုင်ငံသည် နိုင်ငံတကာ ဘဏ္ဍာရေးအဖွဲ့အစည်းများထံမှ သက်သာ သော အတိုးနှုန်းဖြင့် ငွေချေးမရခဲ့။ မြန်မာနိုင်ငံကိုဖြတ်သည့် အာရှလမ်းမကြီးများ မြန်မာနိုင်ငံတွင်းတွင် မစရသေးခြင်းမှာ အာရှဖွံဖြိုးရေးဘဏ်ကဲ့သို့သော ငွေကြေးအဖွဲ့အစည်းများက မြန်မာနိုင်ငံကို ငွေမပေးသောကြောင့် အခြားနည်းလမ်းရှာရင်း အချိန်ကြာသွားခြင်းပင်။ ယခုအမေရိကန်နိုင်ငံက လမ်းဖွင့်ပေး လိုက်သည့် အတွက်ကြောင့် ကမ္ဘာ့ဘဏ်နှင့် အာရှဖွံ့ဖြိုးရေးဘဏ်နှစ်ခုပေါင်းသို့ မြန်မာကပေးရန်ရှိသည့် ဒေါ်လာသန်းကိုးရာကို ရှင်းပစ်ရန် ထိုဘဏ်နှစ်ခု လုံးက ဆောင်ရွက်ကြတော့မည်။

ပြန်ရမည့်အကြွေး ၂၀၁၃အစောပိုင်းလောက်တွင် ရှင်းသွားလျှင် ထိုဘဏ်တို့ထံမှ နောက်ထပ်ထပ်မံ ချေးယူနိုင်ပြီ။ ဘဏ္ဍာရေးအရေးယူပိတ်ဆို့မှု များနှင့် ပတ်သက်သည့် အဆီးအတားတို့လည်း ပျောက်ကွယ်တော့မည်။ ငွေချေးရန်၊ ငွေလွှဲရန်၊ ငွေလက်ခံရန် ဒုက္ခအားလုံး ပြယ်လွင့်တော့မည်။ နိုင်ငံ တကာသုံး Visa၊ Master Cardများလည်း သုံးနိုင်ရန် လမ်းပွင့်သွားပြီ။

ဗဟိုဘဏ်

ဗဟိုဘဏ်သည် နိုင်ငံတွင် အဓိက ဈေးနှုန်းများ တည်ငြိမ်ရေးအတွက် တာဝန်အပ်နှင်းခံရသော အဖွဲ့အစည်းဖြစ်ပြီး နိုင်ငံစီးပွားရေးတွင် အဓိက ကျလှသည်။ (ဥပမာ-ရွေးကောက်ပွဲတွင် အောင်နိုင်ရေးမူဝါဒများနှင့် မရောနှောအောင်)နှင့် စီမံခန့်ခွဲနိုင်မှ သူ့တာဝန်ကို အကောင်းဆုံး ထမ်းဆောင် အကောင်းဆုံး ဆုံးဖြတ်ချက်များ ချမှတ်နိုင်မည်ဖြစ်သောကြောင့် ဗဟိုဘဏ်ကို နိုင်ငံရေးသမားတို့လက်မှ လွတ်လွတ်လပ်လပ် ထားကြသည်။ ဗဟိုဘဏ်၏ အဓိကတာဝန်မှာ ငွေကြေးတည်ငြိမ်ရေးပင် ဖြစ်သည်။ လွတ်လပ်သည့်ဗဟိုဘဏ်သည် ဘဏ္ဍာအခွန်ဝန်ကြီးဌာနနှင့်မူ သတင်းအချက်အလက် အပြတ် တမ်း အပြန်အလှန် ဖလှယ်ရမည်ဖြစ်သည်။

ဗဟိုဘဏ်ဥက္ကဋ္ဌနေရာသည် တိုင်းပြည်အတွက် အလွန်အရေးကြီးသော နေရာဖြစ်သောကြောင့် စွမ်းဆောင်ရည်မြင့်သည့်၊ တိုင်းပြည်ကို သစ္စာရှိ သည့်၊ တော်လည်းတော် ကောင်းလည်းကောင် ပုဂ္ဂိုလ်မျိုးကို ရွေးချယ်ခန့်ထားရန် လိုသည်။ အမေရိကန်ပြည်ထောင်စုတွင် ဗဟိုဘဏ်ဥက္ကဋ္ဌအဖြစ် နှစ်၂၀ ခန့် တာဝန်ထမ်းဆောင်ခဲ့သည့် နာမည်ကျော် ဂရင်းစပန်(Alan Greenspan)သည် ဂုရုနာမည်ကြီးသလို လက်ရှိဥက္ကဋ္ဌ Ben DBernnke သည်လည်း နာမည်ကျော်စီးပွားရေးပညာရှင် ဖြစ်သည်။ အရွယ်ရောက်ပြီး စီးပွားရေးဖြစ်သည့် အမေရိကန်စီးပွားရေးကို ကိုင်တွယ်ကြသည့် ထိုသူတို့သည် ဉာဏ်ကြီး ရှင်များ ဖြစ်ကြသည်ဆိုလျှင် တက်သစ်စပြင်ဆင်တုန်း မြန်မာ့စီးပွားရေးကို ကိုင်တွယ်ရမည့် မြန်မာ့ဗဟိုဘဏ်ဥက္ကဋ္ဌသည် ဉာဏ်ကြီးရှင်ထက်ပင် သာလွန် သောသူ ဖြစ်ဖို့လိုသည်။ မြန်မာ့စီးပွားရေးသည် မသိကိန်းများပြားလှသည့်အပြင် ပြုပြင်ပြောင်းလဲရေးကာလအတွင်း အပြောင်းအလဲများ ကြီးမည်ဖြစ်သော ကြောင့် ဉာဏ်ပညာကြီးကြီး၊ နိုင်ငံရေးမလုပ် တိုင်းပြည်မျက်နှာကိုသာကြည့်သည့် ဗဟိုဘဏ်ဥက္ကဋ္ဌမျိုး လိုနေခြင်းဖြစ်သည်။

မြန်မာ့ငွေကြေးလောက၊ ဘဏ္ဍာရေးလောက၊ စီးပွားရေးလောကတို့သည် အပြောင်းအလဲကြီးများနှင့် တွေ့ကြုံနေရပြီ ဖြစ်သည်။ ကောင်းသော ပြောင်းလဲခြင်းများဖြစ်သည့်အတွက် နိုင်နိုင်နင်းနင်း အသွင်ကူးပြောင်းနိုင်လျှင် မြန်မာ့ဖွံ့ဖြိုးရေး အရှိန်အဟုန်ကောင်းကောင်းဖြင့် ရှေ့ဆက်နိုင်မည်။

****************************************


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive

0 comments:

Post a Comment