yangonchronicle2011 Op-Ed |
၁၉.၁၀.၂၀၁၂
ဆောင်းပါးကဏ္ဍ
- ဒီမိုကရေစီအကူးအပြောင်းနှင့် ထိပ်တိုက်ဆုံတွေ့လာသော။
*****************************************
ဆောင်းပါးကဏ္ဍ
ဒီမိုကရေစီအကူးအပြောင်းနှင့် ထိပ်တိုက်ဆုံတွေ့လာသော။
နိုင်မော်
မြန်မာနိုင်ငံသည် ခေတ်အဆက်ဆက် အချိန်ကာလအပြောင်းအလဲအမျိုးမျိုး၊ နိုင်ငံရေးစနစ်အမျိုးမျိုး၊ အစိုးရအမျိုးမျိုးတို့ကြားတွင် အခြေအနေ အမျိုးမျိုးတို့ဖြင့် ဒွန်တွဲ၍ရှိနေခဲ့သည်မှာ ယနေ့ထက်တိုင်ဖြစ်သည်။ မတူညီသော လူမျိုးများ၊ ယုံကြည်မှုများကြားတွင် နိုင်ငံတစ်နိုင်ငံ၏စနစ်ကို အကောင် အထည်ဖော်ရခြင်းဖြစ်ရာ ခေတ်အခြေအနေနှင့် လူတို့၏တန်ဖိုးထားမှုအရ နိုင်ငံရေးစနစ်၊ စီးပွားရေးစနစ်များကို ပြဋ္ဌာန်းကျင့်သုံးလာကြသည်။ ထို့ကြောင့် ပင် မြန်မာနိုင်ငံသည် ခေတ်စနစ် အချိန်အခါ၏ တိုက်တွန်းမှုတို့၊ မမြင်နိုင်သော တွန်းအားများ၏အလိုအရ ဒီမိုကရေစီစနစ်ကို ဖော်ဆောင်လာသည်။ ဒီမို ကရေစီသည် တစ်ဦးချင်းအနေဖြင့် မဖြစ်လာနိုင်၊ လိုလားတောင်းဆိုသူများရှိသလို အဆိုပါလိုလားမှုများကို ဖြည့်ဆည်းဆောင်ရွက်မှုမည့် အစိုးရများလည်း ရှိရမည်ဖြစ်သည်။
အဆိုပါကိစ္စသည် မြန်မာ့နွေဦးကိုကြည့်လျှင် သိနိုင်သည်။ မြန်မာနိုင်ငံတွင် သမ္မတဦးသိန်းစိန်ဦးဆောင်သော ပြည်သူ့အစိုးရတက်လာပြီးနောက် အတိုက်အခံအင်အားစုများနှင့် လက်တွဲသည်။ ငြိမ်းချမ်းရေးဆွေးနွေးမှုများ၊ နိုင်ငံရေးအကျဉ်းသားများလွှတ်ပေးခြင်း၊ နာမည်ပျက်စာရင်းသွင်းထားသော နိုင်ငံသား၊ နိုင်ငံခြားသားများကို နာမည်ပျက်စာရင်းမှ ပယ်ဖျက်ပေးခြင်းအစရှိသော နိုင်ငံရေးအပြောင်းအလဲများကို လုပ်ဆောင်ခဲ့သည်ကို တွေ့ရသည်။ အဆိုပါအပြောင်းအလဲများ လုပ်ဆောင်နေသည်နှင့် တစ်ပြိုင်တည်းတွင် ခေတ်ဟောင်းမှ သန္ဓေတည်ခဲ့သော ပြဿနာများ၊ အစိုးရ၏လုပ်ငန်းစဉ်တွင် မပါ သေးသော ပြဿနာသစ်များလည်း အစီအရီ ပေါ်ပေါက်လာခဲ့ပါသည်။
အဆိုပါပြဿနာများတွင် ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာကိစ္စသည် ထိပ်ဆုံးမှပါဝင်သည်။ အဆိုပါပြဿနာသည် မျှော်လင့်မထားသော ပြဿနာဟုပင် ဆိုရမည်ဖြစ်သည်။ အဆိုပါကိစ္စသည် အစိုးရသစ်အတွက် ဖြေရှင်းရခက်သည့် အနေအထားတွင် ရှိသည်။ အဆိုပါပြဿနာသည် သိမ်မွေ့နက်နဲသော ကိစ္စ ဟုပင် ဆိုရမည်ဖြစ်သည်။ မတူညီသော ပါဝင်ပတ်သက်သူ အကျိုးစီးပွားရှင်များ၊ ခြားနားသည့် လူမျိုးစုများမတူညီသော တန်ဖိုးထားမှု၊ မတူညီသော လူမျိုးရေး သရုပ်လက္ခဏာရပ်များ၊ လူ့အခွင့်အရေးနှင့် အမျိုးသားရေးတန်ဖိုးများအကြားတွင် အဆုံးအဖြတ်ပေးရမည့်သူ အစိုးရအတွက် ခက်ခဲနေသည်။ အဆိုပါကိစ္စတွင် ဘာသာရေးဆိုင်ရာ ကွဲပြားမှုများနှင့်လည်း ချိတ်ဆက်နေသည်။ အဆိုပါကိစ္စ၏ နောက်ဆက်တွဲအခြေအနေများလည်း ရှိနေသည်။ တစ် လောကကို ရန်ကျမ်းစာကို မီးရှို့မိသည့်ကိစ္စနှင့်ပတ်သက်၍ အိန္ဒိယ(ရာမူး)တွင် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းများ ဖျက်ဆီးခံခဲ့ရသည့်ဖြစ်ရပ်မျိုးရှိ သည်။ ထိုကဲ့သို့သော ကိစ္စများ ဆက်လက်ဖြစ်ပွားနိုင်သည်များလည်း ရှိသည်။
စတင်ဖြစ်ပွားချိန်က ဘာသာရေးမပါသော်လည်း ယခုနောက်ပိုင်းတွင် ဘာသာရေးသဘောဆောင်လာမည့် အခြေအနေကို ပြနေသည်။ ထိုသို့ ပြောရခြင်းမှာ အဆိုပါကိစ္စတွင် ဘုန်းတော်ကြီးများ ပါဝင်ပတ်သက်လာခြင်းကြောင့် ဖြစ်သည်။
နောက်တစ်ချက်က မြန်မာပြည်သူတို့၏ သဘောထားဖြစ်သည်။ မြန်မာပြည်သူတို့အနေဖြင့် အဆိုပါကိစ္စတွင် မည်သူ၏ ပူးပေါင်းပါဝင်မှုကို မျှဝေ မလိုလားသည့်သဘော ဖြစ်နေသည်။ ကျွန်တော်ထိုသို့ပြောရခြင်းမှာ အဆိုပါကိစ္စကို ညှိနှိုင်းဆောင်ရွက်မည့် အစ္စလာမ်ကမ္ဘာမှ ကိုယ်စားပြုအဖွဲ့အစည်း ဖြစ်သည့် (OIC) အဖွဲ့၏ ညှိနှိုင်းမှုကို မလိုလားသော ဆန္ဒပြမှုများ ရှိခဲ့သည်။ ထိုအခါ ပြည်သူ့အစိုးရတစ်ရပ်အနေဖြင့် ခွင့်မပြုကြောင်း ကြေညာလိုက်ရ သည့်ကိန်း ဆိုက်ရတော့သည်။
မှန်ပါသည်။ ယနေ့ခေတ်စနစ်အရလည်း ပြည်သူကို အလေးထားရသည်ဆိုတော့လည်း ထိုသို့ဆုံးဖြတ်လိုက်ရခြင်းဖြစ်သည်။ ယနေ့အချိန်အခါ တွင် အဆိုပါကိစ္စနှင့်ပတ်သက်၍ တိုင်းတစ်ပါး၏ ကြားဝင်ဖြေရှင်းမှုကို မြန်မာနိုင်ငံသားအများစုက မလိုလားခြင်းဖြစ်နေသည်။
ယခုကိစ္စသည် လူမျိုးရေး၊ ဘာသာရေး အကြောင်းအချက်များ ပါဝင်ရောယှက်နေသောကြောင့် အနည်းငယ်မျှ လှုံ့ဆော် သည်နှင့် ပေါက်ကွဲမှုရှိ နိုင်သည်။ ကျွန်တော့်အနေဖြင့် အဆိုပါပဋိပက္ခစသည့်အချိန်ကတည်းက မျက်ခြည်မပြတ် သတင်းများကို စောင့်ကြည့်ခဲ့ရာ အဆိုပါကိစ္စသည် နယ်စပ်လူဝင် မှုပြဿနာမှ လမ်းကြောင်းသွယ်ဖယ်ကာ လူမျိုးရေး၊ ဘာသာရေး လမ်းကြောင်းပေါ်သို့ ရောက်လာသည်ဟု တွေ့မြင်နေရသည်။ အခြားတစ်ဖက်တွင် နိုင်ငံ တကာက လူ့အခွင့်အရေး ချိုးဖောက်မှုဟု ပြောဆိုသုံးသပ်လာကြသည်။ကုလသမဂ္ဂ ကိုယ်စားလှယ် ကင်တားနားကိုယ်တိုင် လာရောက်ကြည့်ရှုပြီး လူ့အခွင့်အရေးချိုးဖော်မှုဟု ဆိုလိုက်ရာ မြန်မာပြည်သူများ (အထူးသဖြင့် ရခိုင်ဒေသခံများ)က မကျေနပ်မနပ် ဖြစ်လာရတော့သည်။ နိုင်ငံရေးပါတီအချို့ ကပင် ထိုသို့ပြောဆိုမှုကို ကန့်ကွက်မှုများ ရှိလာခဲ့သည်။ ကန့်ကွက်ဆန္ဒပြမှုများ ရှိလာခဲ့သည်။
ထိုသို့သော အခြေအနေများကြားတွင် အစိုးရက ရခိုင်ပြည်နယ်အရေးကိစ္စကို စုံစမ်းရန် စုံစမ်းစစ်ဆေးရေး ကော်မရှင်တစ်ရပ်ကို ဖွဲ့စည်း၍ စုံစမ်း စစ်ဆေးမှုများ စတင်ပြုလုပ်လာသည်ကို တွေ့ရသည်။
မည်သို့ပင် ဆိုစေကာမူ အဆိုပါကိစ္စသည် မတူညီသော တန်ဖိုးထားမှုများ၊ ယုံကြည်မှုများ အကြားတွင် ဖြေရှင်းရခက်နေသည်က အမှန်ပင်ဖြစ် သည်။ ပြည်သူက အစိုးရကိုထိန်းရမည်ဟူသော သဘာဝရှိသော်လည်း အစိုးရတစ်ရပ်၏ ဖြေရှင်းချက်ကို ပြည်သူကနားမလည်ဘဲ မိမိတို့အကျိုးစီးပွားကို ရှေ့တန်းတင်လျှင်မူ အစိုးရအတွက် အကြပ်ရိုက်စေသည့်အနေအထားမျိုးကို ရောက်သွားစေသည်ဖြစ်ရာ ထိရောက်မျှတသော မူဝါဒများ ချမှတ်ဆောင် ရွက်ရေးတွင် နှောင့်နှေးကြန့်ကြာမှုများ ဖြစ်သွားစေမည်ဖြစ်သည်။
ထို့ကြောင့် အဆိုပါကိစ္စပြေလည်ရေးသည် သက်ဆိုင်သူများအနေဖြင့် ဖြစ်နေသောပြဿအပေါ် နိုင်ငံရေးအရ အမြတ်ထုတ်မှုများ၊ မိမိတို့ကိုယ် ကျိုးကို ရှေ့တန်းတင်မှုများနှင့် ရှေ့ဆက်သွားကြမည်ဆိုလျှင် ပြဿနာအမြစ်တွယ်ကာ နာတာရှည်ဖြစ်သွားနိုင်ကိုလည်း သတိထားရမည်ဖြစ်သည်။
ထို့ပြင် အဆိုပါကိစ္စသည် မူစလင်ကမ္ဘာမှ နိုင်ငံများ အပေါ်လည်း အနည်းနှင့်အများဆိုသလို ဂရုပြုမိစေခဲ့ပြီလည်း ဖြစ်သည်။ တူရကီမှ နိုင်ငံခြား ရေးဝန်ကြီး ရခိုင်ပြည်နယ်သို့ သွားရောက်စုံစမ်းမှုများ ရှိလာသည်။ မူစလင်ကမ္ဘာမှ နိုင်ငံများနှင့် ဖွဲ့စည်းထားသည့် အစ္စလာမ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ကလည်း မြန်မာနိုင်ငံတွင် လာရောက်စုံစမ်းရန်နှင့် အကူအညီပေးရန် မြန်မာနိုင်ငံနှင့် သဘောတူလက်မှတ် ရေးထိုးလာသည်များ ရှိလာသည်။ မြန်မာပြည် သူများက ကန့်ကွက်မှုများ ရှိလာသည်။
အမှန်တကယ်က သူတို့နှင့် ပူးပေါင်းဆောင်ရွက်ဖို့ အထူးလိုအပ်သည်။ သူတို့အနေဖြင့် အဖြစ်မှန်ကိုသိပါမှ ထင်မြင်ချက်များနှင့် တကယ့်အခြေအ နေကို နှိုင်းယှဉ်နိုင်မည်ဖြစ်သည်ကိုလည်း ထည့်စဉ်းစားဖို့လိုမည် ဖြစ်သည်။
ယခုအချိန်သည် မြန်မာနိုင်ငံနှင့် ကမ္ဘာကြီး၏ဆက်ဆံရေးကို ကောင်းမွန်အောင်တည်ဆောက်နေသည့် အကူးအပြောင်းကာလဖြစ်သည်။ ထို အချိန်တွင် မြန်မာသည် အမေရိကန်နှင့် သင့်မြတ်ရန်လိုသကဲ့သို့ တရုတ်နှင့်လည်း အဆင်ပြေဖို့လိုသည်။ ဥရောပသမဂ္ဂနှင့် ပူးပေါင်းဆောင်ရွက်ဖို့လည်း လိုမည်။ ထိုင်းနှင့်မိတ်ဖွဲ့ရန်လိုသကဲ့သို့ ဘင်္ဂလားဒေ့ရှ်နှင့်လည်း လက်တွဲဖို့လိုမည်။ အနောက်ကမ္ဘာနှင့်လည်း အဆက်အသွယ်မပြတ်သင့်သလို မွတ်စလင် ကမ္ဘာနှင့် လည်းညှိနှိုင်းဆောင်ရွက်ဖို့ စဉ်းစားကြရမည်၊ အဆုံးအစွန်အထိပြောရလျှင် အားလုံးနှင့်သင့်မြတ်ဖို့ လိုမည်ဖြစ်သည်။ ထို့ကြောင့် အမျိုးသားရေး ကို စွဲကိုင်သလို ငြိမ်းချမ်းစွာ အတူသင့်မြတ်နေထိုင်ရေးကို လည်းစဉ်းစားဖို့လိုသည်ဖြစ်ရာ ပြည်သူတစ်ရပ်လုံးက အဆိုပါအနေအထားကို ရိပ်စားမိဖို့လို မည်ဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ အနီးစပ်ဆုံး ပြဿနာ၏ ဗဟိုတွင်ရှိသည့် ရခိုင်လူမျိုးများနှင့် ဘင်္ဂါလီအနွယ်ဟုဆိုကြသည့် ရိုဟင်ဂျာများအကြား ရန်ငြိုးဖွဲ့ နေကြလျှင်သော်လည်းကောင်း၊ မုန်းစရှည်အောင် လှုံ့ဆော်သူများရှိခဲ့လျှင်သော်လည်းကောင်း အဖြေမထွက်ဘဲ မှန်းချက်နှင့် နှမ်းထွက်မကိုက်သည့်ကိန်း သို့ ဆိုက်သွားနိုင်ကြောင်း တင်ပြလိုက်ရပေသည်။
ရခိုင်ပြည်နယ်(ရိုဟင်ဂျာ)အရေးသည် ဒီမိုကရေစီခေတ် အပြောင်းအလဲများနှင့် ထိပ်တိုက်တွေ့လေပြီတကား။
***************************************