yangonchronicle 2013 |
* | * |
၁၈.၂.၂၀၁၃
နေ့စဉ်ထုတ်သတင်းလွှာ
- ရခိုင်ပဋိပက္ခနှင့် လက်ပံတောင်းတောင်အရေး စုံစမ်းရန်ဖွဲ့စည်းထားသည့် ကော်မရှင်၏တွေ့ရှိချက်များ ထုတ်ပြန်ရန် ကြန့်ကြာလျှက်ရှိ
- အမျိုးသားစီမံကိန်းဥပဒေကြမ်းအား ပြည်သူ့ဆန္ဒနှင့်အညီ ပြင်ဆင်ရေးဆွဲရန် လွှတ်တော်ကိုယ်စားလှယ်များတိုက်တွန်း
- စစ်မှုထမ်းဟောင်းအများစုပါဝင်သည့် မိုင်းရှင်းလင်းကူညီရေးအသင်း ဖွဲ့စည်းမည်
- ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရန်၊ အသစ်ရေးဆွဲရန်တို့နှင့်သက်ဆိုင်သည်များကို တရားလွှတ်ရှေ့နေများဆွေးနွေး
**********************************************************************************
နေ့စဉ်ထုတ်သတင်းလွှာ
ရခိုင်ပဋိပက္ခနှင့် လက်ပံတောင်းတောင်အရေး စုံစမ်းရန်ဖွဲ့စည်းထားသည့် ကော်မရှင်၏တွေ့ရှိချက်များ ထုတ်ပြန်ရန် ကြန့်ကြာလျှက်ရှိ
ရခိုင်ပြည်နယ်တွင်း ပဋိပက္ခဖြစ်စဉ်များနှင့် လက်ပံတောင်းတောင်စီမံကိန်းနှင့်ပတ်သက်၍ အကြမ်းဖက်မှုများအပေါ် စုံစမ်းစစ်ဆေးရန် ဖွဲ့စည်း ထားသည့် ကော်မရှင်၏တွေ့ရှိချက်များကို ထုတ်ပြန်ချက်များ ထုတ်ပြန်နိုင်ရန် အချိန်ကြန့်ကြာလျက်ရှိကြောင်း ဝေဖန်မှုများဖြစ်ပေါ်လျက်ရှိသည်။
ရခိုင်ပြည်နယ်အတွင်း ဒေသခံများနှင့် ရိုပာင်ဂျာတို့၏ ပဋိပက္ခဖြစ်စဉ်များနှင့်ပတ်သက်၍ ကော်မရှင်မှ စုံစမ်းရန်ဖွဲ့စည်းပေးထားသည့် ကော်မရှင်မှ နိုဝင်ဘာလ နောက်ဆုံးပတ်တွင် သမ္မတထံ ကြားဖြတ်အစီရင်ခံစာတင်၍ အပြီးသတ်အစီရင်ခံစာတင်မည့်ရက်ကို တိုးမြှင့်ပေးရန်တောင်းဆိုခဲ့သော်လည်း ယနေ့ချိန်ထိတိုင် မည်သည့်ကြေညာချက် ကိုမှ ဆက်လက်ထုတ်ပြန်ခြင်း မရှိတော့ကြောင်း သိရသည်။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းရပ်ဆိုင်းပေးရန် ဆန္ဒပြသူများအပေါ် ရဲတပ်ဖွဲ့မှ အကြမ်းဖက်နှိမ်နင်းခဲ့သည့်ဖြစ်စဉ်များနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးရေးကော်မရှင်၏ လုပ်ဆောင်ချက်များနှင့် ကြားဖြတ်အစီရင်ခံစာသာ ထုတ်ပြန်ခဲ့သော်လည်း အဆိုပါထုတ်ပြန်ချက်များတွင် ပြည်သူများ သိရှိလိုသည့် အချက်အလက်များ ပါဝင်ခြင်းမရှိကြောင်း သိရသည်။
ထိုသို့ နိုင်ငံတွင်းဖြစ်ပေါ်လျက်ရှိသော ပဋိပက္ခနှင့်ပြဿနာများအတွက် စုံစမ်းစစ်ဆေးရန်ဖွဲ့ထားသည့် ကော်မရှင်များအနေဖြင့် ပွင့်လင်းမြင်သာမှု ရှိပြီး ပြည်သူများ၏ သဘောထားများနှင့်ထပ်တူကျသည့် ထုတ်ပြန်ချက်များ ထုတ်ပြန်နိုင်ရန် လိုအပ်သည်။
နိုင်ငံတော်သမ္မတနှင့်လွှတ်တော်တို့မှ ဖွဲ့စည်းပေးခဲ့သည့် စုံစမ်းစစ်ဆေးရေးကော်မရှင်နှင့်ကော်မတီများမှာ လက်ရှိအချိန်ထိတိုင် လုပ်ဆောင်ချက် များ အားနည်းလျက်ရှိသည့်အပြင် ပြည်သူများအနေဖြင့်လည်း ကော်မရှင်၊ ကော်မတီတို့၏ လုပ်ဆောင်ချက်များနှင့်ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ခြင်းမရှိသေးကြောင်း သိရသည်။
YC
-----------------------------------------------------------------------------------------------
အမျိုးသားစီမံကိန်းဥပဒေကြမ်းအား ပြည်သူ့ဆန္ဒနှင့်အညီ ပြင်ဆင်ရေးဆွဲရန် လွှတ်တော်ကိုယ်စားလှယ်များ တိုက်တွန်း
လက်ရှိ ကျင်းပလျက်ရှိသော ပြည်ထောင်စုလွှတ်တော်အစည်းအဝေးများတွင် ဆွေးနွေးလျက်ရှိသော ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်၏ အမျိုးသားစီမံကိန်း ဥပဒေကြမ်းအား ပြည်သူ့ဆန္ဒနှင့် ကိုက်ညီမှုများရှိစေရန် ပြန်လည်ပြင်ဆင် ရေးဆွဲရန်လိုအပ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် လွှတ်တော်ကိုယ်စားလှယ်အများစုက ပြောကြားခဲ့သည်။
အမျိုးသားစီမံကိန်းဥပဒေကြမ်းကို လွှတ်တော်မှ ရေးဆွဲခဲ့ခြင်းမပာုတ်သည့်အတွက် အဆိုပါဥပဒေကြမ်းတွင် ပြည်သူများ၏ဆန္ဒ၊ လွှတ်တော်၏ ဆန္ဒများပါဝင်မှုမရှိသည့်အတွက် ယင်းဥပဒေကြမ်းအား လွှတ်တော်၏ ဆန္ဒသဘောထားများနှင့် ကိုက်ညီမှုရှိစေရန် ပြန်လည်ပြင်ဆင်ရေးဆွဲ သင့်ကြောင်း သိရသည်။
အမျိုးသားစီမံကိန်းတစ်ခုရေးဆွဲရာတွင် ပြည်သူများ၏ဆန္ဒသဘောထားများနှင့် ကိုက်ညီမှုရှိသည့် မူဝါဒများ၊ လုပ်ငန်းစဉ်များနှင့် ရည်မှန်းချက်များ ပါဝင်ရန် လိုအပ်သည့်အပြင် ပြည်သူ့အသံ၊ ပြည်သူ့ဆန္ဒ၊ ပြည်သူ့သဘောထားနှင့် ပြည်သူ့ဆန္ဒများ ရာနှုန်းပြည့်ပါဝင်ရန်လိုအပ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ပြောကြားသည်။
ဝန်ကြီးဌာနများမှ လွှတ်တော်သို့ ပေးပို့လာသော အမျိုးသားစီမံကိန်းဥပဒေကြမ်းတွင် ၀န်ကြီးဌာနအချို့မှ ယခင်က အမျိုးသားစီမံကိန်းဥပဒေတွင် ပါရှိသောအချက်များကို အထက်အောက်လွှဲ၍ ပြန်လည်ပေးပို့ခဲ့ခြင်းဖြစ်ပြီး နိုင်ငံ၏ ၇၀ ရာခိုင်နှုန်းရှိသည့် တောင်သူလယ်သမားများနှင့်ပြည်သူများ၏ လိုအင်ဆန္ဒကို ထင်ဟပ်သည့် မူဝါဒများ၊ ရည်မှန်းချက်များ၊ လုပ်ငန်းစဉ်များကို သက်ဆိုင်ရာဝန်ကြီးဌာနအလိုက် ချမှတ်ထားသည်ကို မတွေ့ရသည့်အပြင် အဆိုပါဥပဒေကြမ်းရေးဆွဲရန် ဝန်ကြီးဌာနများရှိ သာမန်အရာထမ်း၊ အောက်ခြေအဆင့်ဝန်ထမ်းများကိုသာ ရေးဆွဲခိုင်းသည်ကို တွေ့ရှိခဲ့ရကြောင်း ရွှေပြည်သာမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ပြောကြားသည်။
ထို့ကြောင့် စီမံကိန်းကြီးများပါဝင်သော အမျိုးသားစီမံကိန်း ဥပဒေကြမ်းရေးဆွဲရာတွင် ၀န်ကြီးဌာနများအနေဖြင့် လွှတ်တော်ကိုယ်စားလှယ်များ၏ အကြံပြုချက်များကို အသေးစိတ်စဉ်းစား၍ လိုအပ်ချက်များကို ပြန်လည်ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်းများ ဆောင်ရွက်ရမည်ဖြစ်ကြောင်း အမျိုးသားစီမံကိန်း နှင့်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က ပြောကြားခဲ့သည်။
YC
------------------------------------------------------------------------------------------------------------
စစ်မှုထမ်းဟောင်းအများစုပါဝင်သည့် မိုင်းရှင်းလင်းကူညီရေးအသင်း ဖွဲ့စည်းမည်
မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အောင်မြင်တိုးတက်လာသည့်နည်းတူ မြေမြုပ်မိုင်း ရှင်းလင်းရေးနှင့် မြေမြှုပ်မိုင်း မြှု့ပ်နှံခံထားရသည့် ဒေသများ ဖွံဖြိုးတိုးတက်ရေးအတွက် အကူအညီများပေးနိုင်စေရန် စစ်မှုထမ်းဟောင်း အများစုပါဝင်သော မြေမြှုပ်မိုင်းအန္တရာယ် ရှင်းလင်းကူညီရေး အသင်းတစ်သင်းကို ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း ဗိုလ်ချုပ်ဦးစိုးဌေး(အငြိမ်းစား)က ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် ကမာရွတ်မြို့နယ် ရွာမကျောင်းလမ်း၌ ကျင်းပပြုလုပ်ခဲ့သော စိန်မမကုမ္ပဏီအစည်းအဝေးတွင် ပြောကြားခဲ့သည်။
အဆိုပါအသင်းတွင် သတ္တုတွင်းဝန်ကြီးဌာနမှ အငြိမ်းစားအရာရှိကြီးများ၊ စစ်မှုထမ်းအကြီးအကဲအငြိမ်းစား စုစုပေါင်း ၁၀ ဦးတို့မှ ဒါရိုက်တာ တာဝန်များကို ထမ်းဆောင်၍ ပြည်တွင်း၊ ပြည်ပမှ အလှူရှင်တို့၏ ကူညီထောက်ပံ့ငွေများဖြင့် ရန်ပုံငွေမတည်ကာ မိုင်းရှင်းလင်းရေးလုပ်ငန်းများ တရားဝင် စတင်နိုင်ရန် သက်ဆိုင်ရာမှ သတ်မှတ်ထားသော စည်းမျဉ်းများအတိုင်း မှတ်ပုံတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မိုင်းရှင်းလင်းကူညီရေးအသင်းသည် နိုင်ငံတကာမှ မြေမြှုပ်မိုင်းနှင့် ပတ်သက်သော အကြောင်းအရာများကို ပြည်သူလူထုအား အသိညာပေးခြင်း၊ မိုင်းရှင်းလင်းခြင်း၊ မိုင်းထိပြည်သူများ အသက်ရှင်နေနိုင်မှုအတွက် အကူအညီပေးခြင်း၊ မြေမြှုပ်မိုင်းတည်ရှိသော နေရာများကို ရှင်းလင်းဖျက်ဆီးခြင်းနှင့် ဒေသဖွံဖြိုးရေးလုပ်ငန်းများအတွက် သက်ဆိုင်ရာအာဏာပိုင်များပူးပေါင်းကာ ဆောင်ရွက်မည်သွားဖြစ်ကြောင်း အဆိုပါအသင်း၏ အတွင်းရေးမှူး ဗိုလ်ချုပ်စိုးဌေး(အငြိမ်းစား) မှပြောကြားခဲ့သည်။
လက်ရှိအချိန်တွင် အသင်း၌ ထည့်ဝင်လှူဒါန်းငွေအဖြစ် အမေရိကန်ဒေါ်လာ ၃၀၀၀ နှင့်မြန်မာကျပ်ငွေ သိန်း ၃၀ ကို လက်ခံရရှိထားပြီးဖြစ်သည်။ မိုင်းရှင်းလင်းရေးအကူအညီများကို အသင်းမှတ်ပုံတင်ပြီးစီးသည့်အချိန် နိုဝင်ဘာလတွင် စတင်ဆောင်ရွက်နိုင်မည်ဟု ရည်မှန်းထားပြီး မြန်မာနိုင်ငံရှိ ကရင်ပြည်နယ်၊ ကယားပြည်နယ်နှင့် မွန်ပြည်နယ် များတွင် လုပ်ငန်းစတင်အကောင်အထည်ဖော်မည်ဖြစ်ပြီး မိုင်းရှင်းလင်းရေးလုပ်သားများအတွက် အသက်အာမခံတစ်ရပ်ကိုလည်း ထားရှိပေးထားမည်ဖြစ်ကြောင်း သိရှိရသည်။
YC
------------------------------------------------------------------------------------------------------------
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရန်၊ အသစ်ရေးဆွဲရန်တို့နှင့်သက်ဆိုင်သည်များကို တရားလွှတ်ရှေ့နေများ ဆွေးနွေး
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရန်၊ အသစ်ရေးဆွဲရန်တို့နှင့်ပတ်သက်သည်များကို ဖေဖော်ဝါရီလ ၁၇ရက် မွန်းလွဲပိုင်း၊ ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ တော်ဝင်နှင်းဆီစားသောက်ဆိုင်၌ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဆွေးနွေးပွဲအမှတ်စဉ်(၂)တွင် တရားလွှတ်တော်ရှေ့နေများက ဆွေးနွေးခဲ့ကြောင်း သိရသည်။
၂၀၀၈ ခုနှစ်အခြေခံဥပဒေရေးဆွဲစဉ်က အမျိုးသားညီလာခံတွင်ဆောင်ရွက်နေသော ဥပဒေကို ဝေဖန်ပါက ထောင်ဒဏ် (၅) နှစ်မှ နှစ်(၂၀) အထိချနိုင်မည့်ဥပဒေရေးဆွဲကာ ပြည်သူများ၏ပြောရေးဆိုခွင့်ကို ပိတ်ပင်ခဲ့သည်မှာ ဒီမိုကရေစီစံညွှန်းများနှင့် ကိုက်ညီမှုမရှိကြောင်း တရားလွှတ်တော် ရှေ့နေ ဦးကိုနီမှပြောကြားခဲ့သည်။
နိုင်ငံရေးအရကြည့်ပါက ဒီမိုကရေစီနိုင်ငံရေးစနစ်နှင့်ဆန့်ကျင်နေသော ပြန်ဋ္ဌာန်းချက်များသည် လက်ရှိမြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပါဝင်နေသောကြောင့် ပြန်လည်ပြင်ဆင်ရန် သို့မဟုတ် အသစ်ပြန်လည်ရေးဆွဲရန် လိုအပ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
နိုင်ငံသားများ၏ အခွင့်ရေးများကို ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ရေးဆွဲပြဋ္ဌာန်းထားရုံဖြင့် မလုံလောက်ဘဲနိုင်ငံသားများ လက်တွေ့ခံစားနိုင်ရန်အပြင် နိုင်ငံသားများ၏ အခွင့်ရေးများကို ပိတ်ပင်ထားသူများကိုပါ အရေးယူနိုင်ရန်အတွက် ဥပဒေများ ပြဋ္ဌာန်းနိုင်ရေးလိုအပ်နေကြောင်း တရားလွှတ်တော်ရှေ့နေ့ ဦးကိုနီမှ ပြောကြားခဲ့သည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဆွေးနွေးပွဲကို နိုင်ငံရေးအကျဉ်းသားများအဖွဲ့မှ ဦးဆောင်ကျင်းပခဲ့ခြင်းဖြစ်ပြီး ဥပဒေပညာရှင်များ တက်ရောက် ခဲ့ကြကာ ဆွေးနွေးပွဲအား နှစ်ပတ်တစ်ကြိမ်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
YC
************************************************************************************