yangonchronicle 2013 |
* | * |
၂.၃.၂၀၁၃
နေ့စဉ်ထုတ်သတင်းလွှာ
- မြန်မာ့သစ်ထုတ်လုပ်မှုလုပ်ငန်းအခြေအနေများ EUလာရောက်စစ်ဆေးမည်
- ယခုဘဏ္ဍာရေးနှစ်ကုန်အထိ လယ်ယာမြေမှတ်ပုံတင်နိုင်
- ကာကွယ်ရေးအသုံးစရိတ် ထက်ဝက်ခန့်လျှော့ချ
- သမ္မတအား မိခင်ပါတီ လုပ်ငန်းများပါဝင်ဆောင်ရွက်ခွင့်မပြု အဆိုကို ခုံးရုံးအဆုံးအဖြတ်ခံယူမည်
**********************************************************************************
နေ့စဉ်ထုတ်သတင်းလွှာ
မြန်မာ့သစ်ထုတ်လုပ်မှုလုပ်ငန်းအခြေအနေများ EU လာရောက်စစ်ဆေးမည်
မြန်မာနိုင်ငံတွင် သစ်တောစီမံအုပ်ချုပ်ပုံများနှင့် ထုတ်လုပ်မှုအခြေအနေများအား မတ်လကုန်လောက် တွင် ဥရောပသမဂ္ဂ(EU)အဖွဲ့ဝင်နိုင်ငံများမှ ၎င်းတို့လိုအပ်ချက်၊ သတ်မှတ်ချက်များနှင့် ကိုက်ညီမှု ရှိမရှိ လာရောက်စစ်ဆေးရန် စီစဉ်နေသည်ဟု မြန်မာနိုင်ငံသစ်လုပ်ငန်းရှင်များအသင်း တွဲဖက် အထွေထွေအတွင်းရေးမှူး ဦးဘာဘာချိုက ပြောကြားသည်။
မြန်မာနိုင်ငံအနေဖြင့် ဥရောပက ကျင့်သုံးလျှက်ရှိသော ဥပဒေဘောင်အတွင်းမှနေ၍ နိုင်ငံတကာ သို့သစ်တင်ပို့ခြင်းများ လုပ်ဆောင်သွားရန် ရည်ရွယ်ပြီး EU မှ မြန်မာနိုင်ငံသို့ လာရောက်ရန် လက်ရှိတွင် ဆွေးနွေးနေသည်ဟု သိရသည်။
မြန်မာနိုင်ငံသည် သစ်အလုံးလိုက်တင်ပို့ရောင်းချခြင်းကို ၂၀၁၄ ခုနှစ်တွင် လုံးဝရပ်ဆိုင်းမည်ဖြစ်ကာ သစ်အချောထည်များ နိုင်ငံခြားသို့ တင်ပို့ရန် လိုအပ်သည့် Timber Certificate ရရှိအောင် လုပ်ဆောင်ကာ နိုင်ငံတကာစံချိန်စံညွှန်းနှင့်အညီ တင်ပို့သွားမည်ဖြစ်ကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန မြန်မာ့သစ်လုပ်ငန်းမှ အထွေထွေမန်နေဂျာ ဦးအေးကျော်က သုံးသပ်ထားကြောင်းလည်း သိရသည်။
မြန်မာနိုင်ငံမှ နိုင်ငံတကာသို့ သစ်တင်ပို့ရာတွင် ၂၀၀၀ ပြည့်နှစ်မှ ၂၀၁၀ အထိ ကုဗတန် ၁၈ သန်းအထိ တင်ပို့ခဲ့ပြီး အိမ်နီးချင်း တရုတ်နှင့် အိန္ဒိယနိုင်ငံသို့ သစ်လုံးများ အများဆုံးတင်ပို့နေသည်ဟု EIA ၏အချက်အလက်များအရ သိရသည်။
YC
-------------------------------------------------------------------------------------------
ယခုဘဏ္ဍာရေးနှစ်ကုန်အထိ လယ်ယာမြေမှတ်ပုံတင်နိုင်
တစ်နိုင်ငံလုံးရှိ လယ်ယာမြေများ မှတ်ပုံတင်ပြုလုပ်ပေးမည့် အစီအစဉ်ကို ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေး နှစ်ကုန်အထိ ဆက်လက်လုပ်ဆောင်ပေး သွားမည်ဟု လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာနက ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
ဖေဖော်ဝါရီလ ၂၅ နှင့် ၂၆ ရက်နေ့တွင် ကျင်းပသော မြန်မာနိုင်ငံလုံးဆိုင်ရာ တောင်သူလယ်သမား နှီးနှောဖလှယ်ပွဲတွင် တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၄ ခုမှ တက်ရောက်လာကြသော တောင်သူ လယ်သမားများက လယ်ယာမြေမှတ်ပုံတင်ခြင်းကိစ္စကို အကန့်အသတ်မရှိ ရက်ရွှေ့ဆိုင်းပေးရန် တောင်းဆို အပြီး နှစ်ရက်အကြာတွင် ယင်းကြေညာချက်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
သတင်းအချက်အလက် အလွယ်တကူမရောက်နိုင်သော ဒေသများမှ လယ်သမားများက လယ်ယာမြေ မှတ်ပုံတင် လုပ်ပေးနေခြင်းအား မသိရှိလိုက်ပါက ၎င်းတို့၏ တရားဝင်မှတ်ပုံတင်ခွင့် ဆုံးရှုံးနစ်နာမည်ဖြစ်သည်။
ထို့ပြင် အငြင်းပွားနေသော လယ်ယာမြေများရှိနေခြင်းကြောင့် မှတ်ပုံတင်ခွင့်အား ကုမ္ပဏီကြီးများက တရားဝင် ရရှိသွားလျှင် လယ်သမားများ လယ်မဲ့ဘဝရောက်နိုင်ကြောင်းကိုလည်း အလုပ်သမား၊ လယ်သမားအရေး ဆောင်ရွက်သူ ဥပဒေပညာရှင်တစ်ဦးက သုံးသပ်ပြသည်။
မူလက လယ်ယာမြေမှတ်ပုံတင်ပြုလုပ်ပေးမှုအား ယခု မတ်လအတွင်း အပြီးလုပ်ဆောင်ကာ ဧပြီလ၌ လယ်ယာမြေပေါင်နှံခွင့်ရရှိမည်ဟု လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ဇန်နဝါရီလအတွင်းက ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်းအား တောင်သူ လယ်သမား နှီးနှောဖလှယ်ပွဲအပြီးတွင် အထက်ပါအတိုင်း ပြည်သူ့ဆန္ဒနှင့်အညီ ပြောင်းလဲကြေညာခဲ့ခြင်းဖြစ်သည်။
YC
----------------------------------------------------------------------------
ကာကွယ်ရေးအသုံးစရိတ် ထက်ဝက်ခန့်လျှော့ချ
ပြည်ထောင်စုအစိုးရ၏ ဌာနဆိုင်ရာ အသုံးစရိတ်များအနက် အမြင့်ဆုံးဖြစ်သည့် ကာကွယ်ရေး ဝန်ကြီးဌာန ယခုနှစ်အသုံးစရိတ်ကို ယမန်နှစ်ထက် ထက်ဝက်ခန့် လျှော့ချလိုက်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ပြောကြားခဲ့သည်။
၂၀၁၂ - ၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် ကာကွယ်ရေးဝန်ကြီးဌာန၏ အသုံးစရိတ်မှာ ကျပ်သန်းပေါင်း ၂,၁၀၄,၁၉၈ ဒသမ ၄၆၉၈ သန်းရှိပြီး ယခုနှစ် ၂၀၁၃ - ၂၀၁၄ ဘဏ္ဍာရေးနှစ်၏ ကာကွယ်ရေးအသုံးစရိတ်မှာ ကျပ်သန်းပေါင်း ၁,၀၆၇,၃၆၅ ဒသမ ၆၀၄သန်း ရှိသဖြင့် ယမန်နှစ် အသုံးစရိတ်ထက် ထက်ဝက် လျှော့ချခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနမှ တင်သွင်းထားသည့် ၂၀၁၃ - ၂၀၁၄ ဘဏ္ဍာရေးနှစ် အမျိုးသားစီမံကိန်းအရ သိရသည်။
ကာကွယ်ရေးအသုံးစရိတ်သည် နိုင်ငံပိုင်အခန်းကဏ္ဍ ငွေလုံးငွေရင်းအသုံးစရိတ်၏ ၂၄ ရာခိုင်နှုန်းရှိနေသောကြောင့် ၁၇ ရာခိုင်နှုန်းခန့် လျှော့ချသင့်ကြောင်း အဆိုကို ချင်းပြည်နယ်မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစတီဗင်သာဘိက် ကပြည်ထောင်စုလွှတ်တော်တွင် တင်သွင်းခဲ့ရာ ထောက်ခံမဲ ၆၀၊ ကန့်ကွက်မဲ ၄၄၅၊ ကြားနေမဲ ခုနှစ်မဲဖြင့် ကန့်ကွက်သူများသဖြင့် ယင်းအဆိုမှာ ရှုံးနိမ့်ခဲ့ကြောင်း သိရသည်။
ကာကွယ်ရေးအသုံးစရိတ်ကို ယမန်နှစ်ကထက် လျှော့ချထားသဖြင့် တိုင်းဒေသကြီးအသီးသီးရှိ တပ်ရင်းတပ်ဖွဲ့များအနေဖြင့် ကာကွယ်ရေး အသုံးစရိတ်ကို မမှီခိုသည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်ရန် ၂၀၁၃ - ၂၀၁၄ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း၏ ကာကွယ်ရေးကဏ္ဍတွင် ထည့်သွင်းထားကြောင်း သိရသည်။
YC
--------------------------------------------------------------------------------
သမ္မတအား မိခင်ပါတီ လုပ်ငန်းများပါဝင်ဆောင်ရွက်ခွင့်မပြု အဆိုကို ခုံးရုံးအဆုံးအဖြတ်ခံယူမည်
နိုင်ငံတော်သမ္မတ (သို့) ဒုတိယသမ္မတများသည် နိုင်ငံရေးပါတီတစ်ခုခု၏ အဖွဲ့ဝင်ဖြစ်လျှင် နိုင်ငံတော် သမ္မတ (သို့) ဒုတိယ သမ္မတများအဖြစ် ရွေးချယ်တင်မြှောက်ခြင်း ခံရသည့်နေ့မှစ၍ မိမိရာထူး သက်တမ်းအတွင်း ယင်းပါတီအဖွဲ့အစည်း၏ ပါတီလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်း မပြုရ ဟူသည့် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်အား အနက်အဓိပ္ပာယ်ဖွင့်ဆိုပေးပါရန် တင်သွင်းခဲ့သောအဆိုကို ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံး၏ ဆုံးဖြတ်ချက်အတိုင်း ခံယူသွားမည်ဖြစ်ကြောင်း ပုသိမ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်က ဖေဖော်ဝါရီ ၂၆ ရက်နေ့က ပြောကြားခဲ့သည်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ယင်းအဆိုနှင့်ပတ်သက်၍ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဆောင်ရွက် ရမည်ဖြစ်သည့်အတွက် ယင်းအဆိုအား လွှတ်တော်တွင် မှတ်တမ်းတင်ထားရှိပြီး ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ဥပဒေဆိုင်ရာခုံရုံးသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အဓိပ္ပာယ်ဖွင့်ဆိုချက် တောင်းခံ သွားမည်ဖြစ်ပြီး ယင်းအဆို အား လွှတ်တော်အတွင်း ဆွေးနွေးမည်မဟုတ်ဘဲ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးပေါ်ပေါက်လာသည့် အခါတွင် ယင်းအဆိုအား ဆက်လက်တင်ပြဆွေးနွေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ပြည်ထောင်စုသမ္မတနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ( ၂၀၀၈ ခုနှစ် ) ပုဒ်မ ၆၄ နှင့် ပုဒ်မ ၂၃၂ (ဋ) တို့၏ ပြဋ္ဌာန်းချက်တွင်ပါရှိသော ယင်းပါတီအဖွဲ့စည်းများ၏ ပါတီလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်း မပြုရဟူသည့် ပြဋ္ဌာန်းချက်ကို တိကျရှင်းလင်းစွာ အနက်အဓိပ္ပာယ် ဖွင့်ဆိုပေးရန် အဆိုတင်သွင်းရ ခြင်းမှာ လက်ရှိဖွဲ့စည်းဥပဒေနှင့် မကိုက်ညီသောကြောင့် တင်သွင်းရခြင်းဖြစ်ကြောင်း ပုသိမ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က ထပ်မံပြောကြားခဲ့သည်။
YC
***********************************************
YC
*******************************************************************