Transparency Myanmar

transparency.myanmar@gmail.com

Current News
Document

Snapshot of the item below:
Current News

ပြည်တွင်း နိုင်ငံရေး၊ စီးပွားရေး သတင်းစဉ်


မြန်မာနိုင်ငံ အတွင်းသို့ တရားမဝင်လက်နက်တင်ပို့မှုများ ရှိနေ

မြန်မာနိုင်ငံအတွင်းသို့ တရားမဝင်လက်နက်မှောင်ခိုတင်သွင်းမှုများ ရှိနေကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ်၊ နိုင်ငံဖြတ်ကျော်မှုခင်းဌာနမှ သြဂုတ်လ ၂၂ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော ထုတ်ပြန်ချက်များအရ သိရသည်။ ထိုသို့ လက်နက်မှောင်ခိုတင်သွင်းရာတွင် လက်နက်များမှာ ထိုင်းနိုင်ငံ၊ အိန္ဒိယနိုင်ငံတို့မှ ပမာဏအများဆုံးဖြစ်ပြီး ကမ္ဘောဒီးယား နိုင်ငံမှလည်း ဝင်ရောက်လျက်ရှိနေကြောင်း သိရသည်။ လက်နက်မှောင်ခိုတင်သွင်းရာလမ်း ကြောင်းများမှာ ထိုင်း - မြန်မာ နယ်စပ်ရှိ ဂိတ်နှင့် အိန္ဒိယ - မြန်မာ နယ်စပ်တို့မှ ဝင်ရောက်လာခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်၏ သတင်းထုတ်ပြန်ချက်များမှ သိရသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍  မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၊ နိုင်ငံဖြတ်ကျော်မှုခင်းဌာနမှ ရဲမှူးချုပ်စိုးမြိုင်က “လက်နက်ကိုင်အဖွဲ့အစည်းအချို့တွေကို အခြားအိမ်နီးချင်းနိုင်ငံတွေက လက်နက်မှောင်ခို ရောင်းချနေတာတွေရှိတယ်။ ဒါ့ပြင် ကမ္ဘောဒီးယားနိုင်ငံမှာ ကျန်ရှိနေတဲ့ စစ်ကျန်လက်နက်တွေကို မြန်မာနိုင်ငံ အတွင်းကို မှောင်ခိုပို့နေတာတွေလည်း ရှိတယ်။ ဒါကို သက်ဆိုင်ရာ နယ်မြေရဲတပ်ဖွဲ့တွေက စစ်ဆေးနေပါတယ်။ အများဆုံး လက်နက်မှောင်ခိုတင်သွင်းနေတဲ့ လမ်းကြောင်းတွေကတော့ အိန္ဒိယ - မြန်မာနယ်စပ်လမ်းကြောင်း နဲ့ ထိုင်း - မြန်မာ နယ်စပ်လမ်းကြောင်း တွေဖြစ်ပါတယ်” ဟုသြဂုတ်လ ၂၂ ရက်နေ့တွင် မှတ်ချက်ပြု ပြောကြားကြောင်း သိရသည်။

ထိုသို့ လက်နက်မှောင်ခိုတင်ပို့မှုများ အပါအဝင် အခြားတရားမဝင်ကုန်ပစ္စည်းများတင်သွင်းမှုအား စက်တင်ဘာ လ ၂ ရက်နေ့မှ စတင်၍ ထိရောက်စွာအရေးယူသွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်မှ ပြောကြားသည်။

“နယ်စပ်ဂိတ်များက ပစ္စည်းသွင်းနေတဲ့ ကုန်သည်တွေကို ပညာပေးကာလ ၂ နှစ်ထားပေးထားတယ်။ အခု စက်တင်ဘာလဆို ကုန်ပြီ စပြီးအရေးယူတော့မယ်” ဟု ဦးဝင်းမြင့်က ပြောသည်။

ထိုသို့ တရားမဝင်ကုန်သွယ်မှု တားဆီးရာတွင် တင်သွင်းမှုပြုလုပ်နေသည့် ကုန်သည်များအပါအဝင် ထိုသို့ တင်သွင်းနိုင်ရန်အတွက် အခကြေးငွေယူကာ လာဘ်ပေးလာဘ်ယူပြုလုပ်နေသည့် ဝန်ထမ်းများကိုပါ တပါတည်းအရေးယူ သွားမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် ကုန်သွယ်မှုဆိုင်ရာ ဥပဒေများကိုလည်း ပြန်လည်သုံးသပ်ပြင်ဆင်သွားမည် ဖြစ်ကာ တရားမဝင်ကုန်သွယ်ရေးတားဆီးရန်အတွက် အားနည်းနေသည့် အစိုးရဌာနများကိုလည်း ပြန်လည် စစ်ဆေးသွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

“တရားမဝင် ကုန်သွယ်ရေးကို တားဆီးဖို့ အားနည်းနေတဲ့ ဌာနဆိုင်ရာတွေနဲ့ ဥပဒေတွေကိုပါ ပြန်လည်သုံးသပ် သွားမယ်” ဟု ဦးဝင်းမြင့်မှ ထပ်လောင်းရှင်းလင်းသည်။

တရားမဝင် ကုန်သွယ်မှု တားဆီးရေးအတွက် အရေးယူမှုများကို လက်ရှိ ထုတ်ပြန်ပြဋ္ဌာန်းထားသော ပို့ကုန်သွင်း ကုန်လုပ်ငန်း ဥပဒေအတိုင်း အရေးယူသွားမည်ဖြစ်ကာ မြန်မာနိုင်ငံအတွင်းသို့ ၂၀၁၃ - ၂၀၁၄ ဘဏ္ဍာနှစ်အတွင်း တရားဝင်ကုန်သွယ်မှု ပမာဏမှာ ယခင်နှစ်များထက် အမေရိကန်ဒေါ်လာ ၃၂ သန်းခန့်မြင့်တက်လာကြာင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက် စာရင်းဇယားများအရ သိရသည်။

YC


နိုင်ငံတော်သမ္မတ၏ သတင်းထုတ်ပြန်ချက်များသည် ဥပဒေပြုရေးနှင့် တရားစီရင်ရေးတို့ အပေါ် လွှမ်းမိုးစွက်ဖက်မှုများ ရှိနေသည်ဟူသည့် အစီရင်ခံစာ တစ်စောင် ဥပဒေ ကြမ်း ပူပေါင်းကော်မတီ ပြည်ထောင်စုလွှတ်တော်တွင် တင်သွင်း

သြဂုတ်လ ၂၂ ရက်နေ့က ကျင်းပခဲ့သော  ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် နိုင်ငံတော် သမ္မတ၏ သတင်းထုတ်ပြန်ချက်များသည် ဥပဒေပြုရေးနှင့် တရားစီရင်ရေး အပိုင်းများ အပေါ် လွှမ်းမိုးစွက်ဖက်မှုများ ရှိနေသည် ဟူသည့် အစီရင်ခံစာတစ်စောင်ကို  ဥပဒေကြမ်း ပူးပေါင်းကော်မတီက တင်သွင်းခဲ့သည်ဟု  သိရှိရသည်။

အဆိုပါ အစီရင်ခံစာကို ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီဥက္ကဋ္ဌ ဦးနန္ဒကျော်စွာက ဖတ်ကြားခဲ့ခြင်းဖြစ်ပြီး ပြည်ထောင်စုလွှတ်တော်သည် မိမိ၏ လုပ်ငန်းတာဝန်များကို ထမ်းဆောင်ရာ၌ ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် လည်းကောင်း၊ လွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများနှင့် ညီညွတ်စေရန် လည်းကောင်း အလေးထား ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့အတူ အုပ်ချုပ်ရေးအပိုင်းကလည်း ဥပဒေတစ်ရပ် ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်းတို့ကို ဆောင်ရွက်လိုပါက ဖွဲ့စည်းပုံအခြေခံဥပဒေ နှင့် အညီ လိုက်နာ ဆောင်ရွက်ရန် တာဝန်ရှိကြောင်း၊ ယခုကဲ့သို့ ဥပဒေပြုခြင်းကိစ္စများနှင့် စပ်လျဉ်းသည့် ဥပဒေများ၌ အကျုံးမ၀င်သော သ၀ဏ်လွှာများ၊ သတင်းထုတ်ပြန်ချက်များသည် အုပ်ချုပ်ရေးအပိုင်းက ဥပဒေပြုရေးရာ အပိုင်းနှင့် တရားစီရင်ရေးအပိုင်း အပေါ် လွှမ်းမိုးစွက်ဖက်ရာ ရောက်စေသည့် လုပ်ဆောင်ချက်များ ဖြစ်ကြောင်း တွေ့ရှိရသည်ဟု  အစီရင်ခံစာ ဖတ်ကြားစဉ် ထည့်သွင်းပြောကြားသွားခဲ့သည်။

ပြည်ထောင်စုလွှတ်တော် နာယကထံသို့ ၂၀၁၃ ခုနှစ် သြဂုတ်လ ၅ ရက် ရက်စွဲပါ ထံသို့ စာအမှတ် ၁၀၇ (၁)/၈/၂၀၁၃ သမ္မတရုံးနှင့် ၂၀၁၃ခုနှစ် သြဂုတ်လ ၇ ရက် ရက်စွဲပါ စာအမှတ်၊ ၁၀၇ (၁)/၈/ သမ္မတရုံးတို့ဖြင့် ပေးပို့သော နိုင်ငံတော်သမ္မတ၏ သ၀ဏ်လွှာများ၊ ၎င်းနှင့် ဆက်စပ်သည့် နိုင်ငံတော် သတင်းထုတ်ပြန်ရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက် (၁၄/၂၀၁၃) တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်ဆိုင်ရာ ဥပဒေအတွက် ဖော်ပြသည့် ထုတ်ပြန်ချက် နှင့် (၁၅/၂၀၁၃) အဂတိ လိုက်စားမှု တိုက်ဖျက်ရေးအတွက် ဖော်ပြသည့် ထုတ်ပြန်ချက်တို့ကို လွှတ်တော်ကိုယ်စားလှယ်များ သိရှိခြင်းမရှိဘဲ နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြ ထားခဲ့ကြောင်း ဥပဒေကြမ်း ပူးပေါင်းကော်မတီ၏ အစီရင်ခံစာတွင် ဖော်ပြထားချက်အရ သိရသည်။

ယခုကဲ့သို့ သတင်းထုတ်ပြန်ချက်သည် နိုင်ငံတော်သမ္မတ လိုက်နာရမည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ ပြဋ္ဌာန်း ချက်တွင် အကျုံးမ၀င်သည့် အပြင် ဥပဒေအရသော် လည်းကောင်း၊ ဥပဒေပြု လုပ်ငန်းဆိုင်ရာ ကျင့်ဝတ်နှင့် လည်းကောင်း လျော်ကန်သင့်မြတ်မှု မရှိပါကြောင်း ဆက်လက်၍ သုံးသပ်တင်ပြခဲ့သည်။

အဆိုပါ ထုတ်ပြန်ခဲ့သော ဥပဒေကြမ်းနှစ်ခု နှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတ၏ သ၀ဏ်လွှာနှစ်စောင်ကို လွှတ်တော်၌ မှတ်တမ်းတင်ရန် ဆောင်ရွက်နေစဉ် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက သ၀ဏ်လွှာနှင့် ထုတ်ပြန်ချက်များ သည် အများပြည်သူက ပြည်ထောင်စုလွှတ်တော် အပေါ် အထင်အမြင် လွဲမှားစေနိုင်သော ကြောင့် မှတ်တမ်းတင်မှုကို ကန့်ကွက်ခဲ့ပြီး လွှတ်တော်မှ ပြန်လည်စိစစ်ရန် အတည်ပြုခဲ့ပြီးနောက်တွင်   သြဂုတ်လ ၂၂ ရက်နေ့က ပြုလုပ်သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ ၎င်းအစီရင်ခံစာကို တင်ပြခဲ့ခြင်းဖြစ်သည်။ ယခု အစီရင်ခံစာကို နိုင်ငံပိုင် သတင်းမီဒီယာများမှ တစ်ဆင့် ထုတ်ပြန်ပေးရန် ထည့်သွင်း တင်ပြခဲ့ပြီး ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့ကြောင်း သိရသည်။

YC


တရုတ်နိုင်ငံမှ ချေးငွေယူရန် သမဝါယမဝန်ကြီးဌာန တင်ပြမှုအပေါ် လွှတ်တော်ကိုယ်စားလှယ်အချို့က ကန့်ကွက်နေ သော်လည်း ပြည်ထောင်စုလွှတ်တော်က အတည်ပြု

သမဝါယမဝန်ကြီးဌာနက တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပို့ကုန်သွင်းကုန်ဘဏ်မှ အမေရိကန်ဒေါ်လာ သန်းတစ်ရာ ချေးယူရေးအတွက် အတည်ပြုပေးရန် နိုင်ငံတော်သမ္မတက ပြည်ထောင်စုလွှတ်တော်သို့တင်ပြခဲ့ပြီး  သြဂုတ် ၂၂ ရက်နေ့က ကျင်းပသော ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးခဲ့ကြသည်။ လွှတ်တော်ကိုယ်စားလှယ်အချို့က ပေးရမည့်အတိုးနှုန်းမှာ အခြားနိုင်ငံများထက် များနေကြောင်းကို ထောက်ပြဆွေးနွေးပြီုး ကန့်ကွက်ကြနေသော်လည်း ပြည်ထောင်စုလွှတ်တော်တွင် မဲခွဲဆုံးဖြတ်၍ ချေးငွေယူရန် အတည်ပြုလိုက်ကြောင်း သိရသည်။

အသေးစား ချေးငွေလုပ်ငန်းနှင့် သမ၀ါယမ အသင်းများ အဆင့်မြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ပို့ကုန်သွင်းကုန်ဘဏ် (Exim Bank of China)မှ ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ရယူမည့် ကိစ္စကို လွှတ်တော်၏ အတည်ပြုချက် ရယူရာတွင် ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် အချို့က ကန့်ကွက် ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

''ချေးငွေရဲ့ အတိုးနှုန်းကလည်း များပါတယ်။ ၀န်ဆောင် စရိတ်များက များပြားနေပါတယ်။ ဒီထက်နည်းတဲ့ အတိုးနှုန်းနဲ့ ရရှိတဲ့ အခြေအနေမျိုးကို ဖန်တီးပြီး ဆောင်ရွက်သင့်ပါတယ်။ ဒီဆောင်ရွက်လို့ ရရှိလာတဲ့ ငွေကြေးကို ပြည်သူလူထုဘ၀ မြှင့်တင်နိုင်ရေး အတွက် ယခုအချိန်မှာ အမှားခံလို့ မရနိုင်ပါဘူး။ ဒီဆောင်ရွက်မှုဟာ မှားယွင်း သွားနိုင်စရာတွေ ရှိပါတယ်။ မိုက်ခရိုစနစ်နဲ့ ချေးတယ်ဆိုတာ အောင်မြင်နေတဲ့ အခြေအနေ အများကြီး ရှိပါတယ်။ ဒါပေမဲ့ သမ၀ါယမ ၀န်ကြီးဌာနကနေ လုပ်ဆောင်မယ့် စနစ်ကတော့ လက်တွေ့ဘ၀မှာ ပြည်သူလူထုတွေနဲ့ ကင်းကွာနိုင်ပါတယ်'' ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းက ဆွေးနွေးခဲ့သည်။ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ ဗဟိုအတိုင်ပင်ခံ၊ ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်းကလည်း အတိုးနှုန်း ၄ ဒသမ ၅ ရာခိုင်နှုန်း ဆိုတာ အနည်းငယ် များကြောင်းကို တင်ပြဆွေးနွေးသွားခဲ့သည်။

ထိုကဲ့သို့ ထောက်ပြဆွေးနွေးမှုအား သမ၀ါယမ ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းက ''ဒီလုပ်ငန်းနဲ့ ပတ်သက်ပြီးတော့ သမ၀ါယမ ၀န်ကြီးဌာနပေါ်မှာ ယုံကြည်ချက် မရှိဘူးဆိုတဲ့ ဆွေးနွေးချက် ဖြစ်ပါတယ်။ အတိတ်တုန်းက ဖြစ်ခဲ့တဲ့ အကြောင်းအရာတွေ ရှိပါတယ်။ ဒါကြောင့် အနာဂတ်ကို ဆက်သွားတဲ့ အခါမှာ ကနေ့ဘာတွေ လုပ်နေသလဲ ဆိုလို့ရှိရင် ဆွေးနွေးပွဲ လုပ်တာတွေရှိတယ်။ အကုန်လုံး လေ့လာသုံးသပ်ပြီးမှ လုပ်တာရှိပါတယ်။ ကျွန်တော်ဆီမှာ ဆက်ပြီးတော့ လုပ်နေတာက အနာဂတ်ကို သွားတဲ့အခါမှာ နံပါတ်တစ် အတိတ်ကို လေ့လာတယ်။ အတိတ်ကဖြစ်ခဲ့တဲ့ အားနည်းချက်တွေဟာ အနာဂတ်ရဲ့ အဖြေပဲဆိုပြီး လေ့လာပါတယ်။ နောက်တစ်ခါ လက်ရှိရှိနေတဲ့ အရှိတရား။ ကျွန်တော်ရဲ့ ၀န်ထမ်းတွေ၊ အသင်းသားတွေ၊ အမှုဆောင်တွေရဲ့ အရှိတရား။ ဒီအရှိတရားကို လေ့လာပြီး ဒီအရှိတရားကနေပြီးတော့ တကယ့် လမ်းမှန်ပေါ်ကနေ သွားနိုင်အောင် လျှောက်နိုင်အောင် ကျွန်တော်ကြပ်မတ် ဆောင်ရွက်နေပါတယ်။ နောက်တစ်ခုကလည်း တခြားနိုင်ငံတွေမှာ အောင်မြင်နေတယ်။ ကျွန်တော်တို့ နိုင်ငံမှာ သမ၀ါယမက မအောင်မြင်တာ။ အခြား နိုင်ငံတွေမှာ အံ့သြလောက်အောင် အောင်မြင်နေတယ်။ ဒီလိုအံ့သြလောက်အောင် အောင်မြင်နေတာဟာ ကျွန်တော်အတွက် အဖြေပါပဲ။ အဲဒီနိုင်ငံမှာ ရှိကြတာလည်း လူတွေပါပဲ။ လောဘ၊ ဒေါသ၊ မောဟ၊ အတ္တနဲ့ လူတွေပါပဲ။ သူတို့တောင် အောင်မြင်ပြီး ကျွန်တော်တို့ ဘာကြောင့် မအောင်မြင်တာလဲ။ ဆရာကြီး ဒေါက်တာအောင်ထွန်းသက်က Good Governance ကြောင့်လို့ ပြောပါတယ်။ ဒါကြောင့် ဒါတွေအားလုံးကို လေ့လာပြီးတဲ့ အခါမှာ ကနေ့သမ၀ါယမကို အောင်မြင်တဲ့ လမ်းကြောင်းပေါ် ရောက်အောင် ကျွန်တော်တို့ စီစဉ်ဆောင်ရွက်နေပါတယ်'' ဟု ပြန်လည် ရှင်းလင်း ပြောကြားသွားခဲ့သည်။

YC



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment