International Media |
ဘာသာပြန်သတင်းများ (၁)
(IG International မှ 22 Aug 2013 ရက်စွဲပါ “Damco secures Myanmar License ”သတင်းကို ဘာသာပြန်ဆိုသည်)
- တိုင်းရင်းသား၊ ဘာသာရေးအကြမ်းဖက်မှုများနောက်မှ မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးကို ကုလကိုယ်စားလှယ် အကဲဖြတ်
( 24 August 2013 ရက်စွဲပါ VOA News မှ UN envoy evaluates Burma rights following ethnic, religious violence ကို ဘာသာပြန်ဆိုသည်)
ကုန်စည်ပို့ဆောင်ရေးလုပ်ငန်း Damco မြန်မာနိုင်ငံတွင် တရားဝင်လိုင်စင်ရ
(IG International မှ 22 Aug 2013 ရက်စွဲပါ “Damco secures Myanmar License ”သတင်းကို ဘာသာပြန်ဆိုသည်)
ကမ္ဘာတစ်လွှား ကုန်စည်ပို့ဆောင်သော ဝန်ဆောင်မှုလုပ်ငန်း Damco သည် မြန်မာနိုင်ငံတွင် ၎င်း၏တရားဝင် ကိုယ်ပိုင်အမည်ဖြင့် အမြဲတမ်းလုပ်ကိုင်ခွင့်လိုင်စင်ရရှိသွားပြီပာု Logistics Manager က သတင်းထုတ်ပြန်သည်။
ယခုကဲ့သို့ခွင့်ပြုချက်ရရှိမှုကြောင့် Damco သည် မြန်မာဈေးကွက်အတွက် ဖောက်သည်များအား တိုက်ရိုက် ဝန်ဆောင်မှု ပေးနိုင်သော ပထမဆုံးနိုင်ငံတကာ ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းဖြစ်လာခဲ့သည်။
မြန်မာနိုင်ငံသည် လက်ရှိ အကောင်အထည်ဖော်နေသော ပြုပြင်ပြောင်းလဲရေးမူဝါဒအရ စီးပွားရေးကဏ္ဍကို တံခါးဖွင့်ပေးနေသောကြောင့် အမေရိကန်၊ ဥရောပနှင့် ကမ္ဘာတစ်လွှား ကုမ္ပဏီများအတွက် အာရှတိုက်၏ နောက်ဆုံး လက်ကျန် ဖူးသစ်စဈေးကွက်တွင် စီးပွားရှာရန်အခွင့်အလမ်းများ ထွက်ပေါ်လာနေသည်။
ထို့ပြင် မြန်မာနိုင်ငံသည် အလားအလာကောင်းသော လူဦးရေ သန်း ၆၀ ဈေးကွက်ကိုလည်း ပိုင်ဆိုင်ထားသည်။
သို့သော်လည်း တိုင်းပြည်စီးပွားရေးဖွံ့ဖြိုးမှုအတွက် အရေးကြီးသော လူလတ်တန်းစား အလွှာပျက်သုန်း သွားမှုကြောင့် မြန်မြန်ဆန်ဆန် စီးပွားရေးနလံထူရန် မဖြစ်နိုင်သေးပာု စီးပွားရေးအကဲခတ်များက ပြောကြားကြသည်။
လောလောဆယ်တွင် Damco သည် UK နှင့် ဒိန်းမတ်လူ့အခွင့်အရေးအဖွဲ့အစည်းများနှင့် အတူတကွလက်တွဲကာ မြန်မာနိုင်ငံတွင် ရေတို၊ ရေရှည်စီးပွားရေးလုပ်ငန်းများ အပြောင်းအလဲမြန်ဆန်မှုအန္တရာယ်ကို ကူညီလျှော့ချရန် လုပ်ဆောင်လျက်ရှိသည်။
ထို့ပြင် အတိုင်ပင်ခံ NGO များ ပြည်တွင်းကုမ္ပဏီများ၊ သံတမန်များပါဝင်ဆောင်ရွက်နေကြသော ပိုမိုကျယ်ပြန့်သည့် အချက်အလက်စုဆောင်းရေးမစ်ရှင်တွင်လည်း Damco ကုမ္ပဏီအနေဖြင့် ၂၀၁၂ မေလကတည်းက ပါဝင်လုပ်ဆောင်လျက်ရှိပါသည်။
ထိုသို့ စီးပွားရေးအခြေအနေကို လေ့လာရန်အတွက် Damco ထိပ်တန်းဖောက်သည်များနှင့် ဆက်ဆံနေသည့် အတွေ့အကြုံရင့်လုပ်ငန်းဖွံ့ဖြိုးရေး မန်နေဂျာကို တွဲဖက်ပေးထားသော resource center ကို ရန်ကုန်မြို့ British Council ရုံးတွင် မကြာသေးမှီက ဖွဲ့စည်းခဲ့ကြသည်။
Damco သည် မြန်မာနိုင်ငံတွင် လက်ရှိဖြန့်ကျက်ထားသော လုပ်ငန်းကို နောက်ထပ်နှစ်ပေါင်းများစွာ ဆက်လက်တည်တံ့နိုင်စေရန်အတွက် ရင်းနှီးမြှုပ်နှံမှုအစီအစဉ်ကို လောလောဆယ်အကောင်အထည်ဖော်လျက်ရှိသည်။
ထို့ပြင် ကုန်စည်ပို့ဆောင်ရေးဌာန ရှိပြီးသား ရန်ကုန်မြို့တွင် ၎င်း၏ ကုမ္ပဏီရုံးခန်းကိုဖွင့်လှစ်ရန် Damco ကုမ္ပဏီက ပြင်ဆင်နေသည်ပာုသိရှိရသည်။
တိုင်းရင်းသား၊ ဘာသာရေးအကြမ်းဖက်မှုများနောက်မှ မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးကို ကုလကိုယ်စားလှယ် အကဲဖြတ်
( 24 August 2013 ရက်စွဲပါ VOA News မှ UN envoy evaluates Burma rights following ethnic, religious violence ကို ဘာသာပြန်ဆိုသည်)
ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ် Tomas Ojea Quintena သည် ပြီးခဲ့သည့်အပတ်က မြန်မာနိုင်ငံသို့ ၁၀ ရက်ခရီးသွားရောက်ပြီး လွန်ခဲ့သောနှစ်အတွင်း တိုင်းရင်းသားနှင့် လူမျိုးရေးအကြမ်းဖက်မှုဖြစ်ပွားသည့် နေရာများသို့ သွားရောက်ခဲ့ပါသည်။ မိတ္ထီလာတွင် မတ်လကရန်ပွဲကြောင့် မူဆလင်အများစု ထောင်ပေါင်းများစွာ အိုးမဲ့အိမ်မဲ့ဖြစ် ရပါသည်။ အဆိုပါ မိတ္ထီလာတွင် Quintena က ၎င်းစီးလာသောကားကို လူ ၂၀၀ ခန့်က ဝိုင်းပြီး ထုနှက်ကန်ကျောက် ကြပြီး ရိုင်းစိုင်းစွာအော်ဟစ်ခဲ့သည်ဟု ဆိုပါသည်။ အဆိုပါမှတ်ချက်များသည် နိုင်ငံတကာ၏ အာရုံစိုက်မှုကို ဖြစ်စေသော် လည်း မြန်မာအစိုးရကမူ ၎င်းအား အကာအကွယ်ကောင်းပေးထားပြီး ၎င်းအား စာပေးရန်နှင့် တီရှပ်ပေးလို၍ ထုရိုက်ခြင်း ဖြစ်ကြောင်း ငြင်းဆိုပါသည်။
Quintena သည် ယခင်ကမရောက်ခဲ့သော ချင်းပြည်နယ်နှင့် နိုင်ငံရေးအကျဉ်းသားများထံသွားရောက် ကြည့်ရှုခဲ့ပါသည်။ ၎င်းသည် သောကြာနေ့နှောင်းပိုင်းက ဘန်ကောက်တွင် VOA နှင့်စကားပြောခဲ့ပါသည်။
မေး - မြန်မာနိုင်ငံရဲ့လူ့အခွင့်အရေးအခြေအနေအပေါ် သင်၏ ယေဘူယျ အကဲဖြတ်မှုနဲ့ ပြီးခဲ့တဲ့နှစ်က ဖြစ်ပျက်ခဲ့ တာတွေအပေါ် နိုင်ငံတကာအသိုင်းအဝိုင်းက ဘယ်လိုတုန့်ပြန်သင့်တယ်ဆိုတာ ပြောပြပါ။
ဖြေ - မြန်မာနိုင်င်ငံဟာ နယ်ပယ်အသီးသီးမှာ ရှေ့ကို ချီတက်နေပါတယ်။ လူ့အခွင့်အရေး အခြေနေတွေမှာလည်း တိုးတက်မှုတွေရှိတယ်လို့ ယေဘုယျပြောနိုင်ပါတယ်။ အနာဂတ်မှာလည်း လူ့အခွင့်အရေးအခြေအနေတွေ တိုးတက်လာဖို့ အလားအလာရှိပေမယ့်၊ ဒီမှန်ကန်တဲ့လမ်းကြောင်းပေါ်မှာ ဆက်လက်ချီတက်နိုင်ရေးကတော့ အစိုးရအတွက် စိန်ခေါ်မှုတစ်ခုရှိပါတယ်။ ဒီနေရာမှာ နိုင်ငံတကာအသိုင်းအဝိုင်းကလည်း အကူအညီပေးဖို့တာဝန်ရှိပါတယ်။ ကျွန်တော့် အမြင်မှာ အရေးကြီးဆုံးအနေနဲ့ ပြုပြင်ပြောင်းလဲရေး အစီအစဉ်မှာ လူ့အခွင့်အရေးကို ဆက်လက်ထည့်သွင်း ထားဖို့ပါပဲ။ ဒါကတော့ နိုင်ငံတကာအသိုင်းအဝိုင်းကို ပြောလိုတဲ့ကျွန်တော့ သတင်းစကားပဲဖြစ်ပါတယ်။
နယ်ပယ်အသီးသီးမှာ ကြီးမားသော ပြောင်းလဲတိုးတက်မှုတွေရှိတယ် ဆိုပေမယ့် အလေးအနက်ထားရမယ့် အမှားတွေ ရှိနေဆဲဖြစ်ပါတယ်။ ဒါကြောင့် ကုလသမဂ္ဂအထွေထွေညီလာခံမှာ အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်မှာ လူ့အခွင့်အရေးကို ဦးစာပေးအနေနဲ့ ဆက်ရှိနေနိုင်ဖို့ ကူညီရန် တာဝန်ရှိပါတယ်။
မေး - လူကြီးမင်းဟာ အလွန်ဝေးလံတဲ့ ချင်းပြည်နယ်ကို ပထမဆုံးအကြိမ် ရောက်သွားပါတယ်။ သင့်ရဲ့ထင်မြင်ချက်လေး ပေးပါဦး။
ဖြေ - ငါးနှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ချင်းပြည်နယ်ကို သွားခွင့်ရတာပါပဲ။ ဒီခရီးစဉ်အတွက် စီစဉ်ပေးတဲ့အစိုးရကို အသိအမှတ်ပြုပါကြောင်း ဖော်ပြလိုပါတယ်။ သယ်ယူပို့ဆောင်ရေးကို ပြောရရင် သိပ်ခက်ခဲပါတယ်။ ဒီနေရာမှာ အစိုးရကလည်း အစွမ်းကုန်ကြိုးစားနေတာတွေ့ရပါတယ်။ ချင်းပြည်နယ်ဟာ မြန်မာနိုင်ငံမှာ အရေးကြီးတဲ့ ပြည်နယ်တစ်ခု ဖြစ်ပါတယ်။ ချင်းပြည်နယ်နဲ့ပတ်သတ်ပြီး ကျွန်တော်ရဲ့ပထမဆုံးအကဲဖြတ်မှုပေးရရင် လုံးဝမတိုးတက်သေးတဲ့ဒေသလို့ ပြောရပါမယ်။ လျှပ်စစ်မီးမရှိဘူး။ သောက်ရေသန့်မရှိဘူး။ လမ်းတွေလည်းမရှိဘူး။ စစ်အစိုးရလက်ထက်ကတော့ ချင်းပြည်နယ်ကို တနည်းပြောရရင် ပစ်ထားတယ်လို့ ဆိုရပါမယ်။ အခု အစိုးရသစ်ရဲ့ အသွင်ကူးပြောင်းရေးကာလမှာ ချင်းပြည်နယ်က ပြည်သူတွေကို အလေးပေးဖို့ အချိန်ရောက်လာပါပြီ။ ချင်းပြည်နယ်က တခြားကိစ္စရပ်တစ်ခုကတော့ ဘာသာရေးလွတ်လပ်ခွင့်နဲ့ ပတ်သက်တဲ့မေးခွန်း ဖြစ်ပါတယ်။ ချင်းပြည်နယ်လူအများစုဟာ ခရစ်ယာန်ဘာသာ ကိုးကွယ်သူတွေဖြစ်ပါတယ်။ တချို့စွတ်စွဲမှုတွေအရ နယ်စပ်မှာရှိတဲ့ နတလကျောင်းတွေ လာတက်တဲ့ ကျောင်းသားတွေကို ဗုဒ္ဓဘာသာအဖြစ်ပြောင်းခိုင်းတယ်ဆိုတဲ့ စွပ်စွဲချက်ပါပဲ။ ကျွန်တော့်ခရီးစဉ်မှာတော့ ဒီကိစ္စနဲ့ ပတ်သတ်ပြီး တိကျတဲ့အထောက်အထားတော့ အတွေ့ခဲ့ရပါဘူး။ ဒါပေမယ့် ချင်းပြည်နယ်ကလူတွေရဲ့ ဘာသာရေးအရ လွတ်လပ်ခွင့်ကို အလေးပေးဖို့လိုတယ်လို့ ပြောချင်ပါတယ်။ ဘာလို့လဲဆိုတော့ အရင်ကာလတွေတုန်းက လက်ဝါးကပ်တိုင်တွေ ဖျက်ဆီးခံရတဲ့ သာဓကတွေ ရှိခဲ့ပါတယ်။ အခုတော့ အခြေအနေတွေ တိုးတက်လာပါပြီ။ ဒါပေမယ့် ဒါကို အလေးထားဖို့တော့ လိုပါတယ်။
မေး - ရခိုင်ပြည်နယ်မှာ အကြမ်းဖက်မှုတွေပြီးသွားတဲ့နောက် အဲဒီကအသိုင်းအဝိုင်းတွေ ပြန်လည်ပေါင်းစည်းရေးနဲ့ ပတ်သတ်ပြီး ဖြစ်နိုင်ချေတွေအပေါ် စိုးရိမ်မှုတွေကို ဖော်ပြခဲ့ပါတယ်။ ဒါကို အကျယ်ချဲ့ပြောပေးပါဦး။
ဖြေ- ဒီမစ်ရှင်အပြီးမှာ ကျွန်တော်တွေ့ရတာကတော့ အစမှာအကြမ်းဖက်မှုတွေ ထပ်မဖြစ်ရအောင် အသိုင်းအဝိုင်းတွေကို ခွဲခြားထားတဲ့မူဝါဒကို ကျင့်သုံးခဲ့ပါတယ်။ အခုဒီမူဝါဒဟာ အတည်လိုဖြစ်လာနေပါတယ်။ အဲဒီမှာ ပြဿနာက ဘာလဲဆိုတော့ အထိခိုက်ဆုံးက မူဆလင်အသိုင်းအဝိုင်းတွေကိုပဲ ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ စစ်တွေကရွာတွေ ဒါမှမဟုတ် IDP စခန်းတွေမှာရှိတဲ့ မူဆလင်အသိုင်းအဝိုင်းတွေကို လက်နက်ကိုင်အစောင့်တွေနဲ့ ဝိုင်းထားပါတယ်။ သူတို့ဘယ်ကိုမှသွားခွင့်မရှိပါဘူး။ ဒီမူဆလင်အသိုင်းအဝိုင်းတွေမှာ လွတ်လပ်စွာ ရွေ့လျားခွင့်မရှိတဲ့အတွက် သူတို့လူနေမှုဘဝအတွက် ဘာမှလုပ်လို့မရပါဘူး။ ဒါဟာ လူ့အခွင့်အရေး ရှုထောင့်ကကြည့်ရင် အလွန်စိုးရိမ်စရာ ကောင်းပါတယ်။ ဒါကြောင့် ကျွန်တော်ထင်ပါတယ်။ စိန်ခေါ်မှုကတော့ အသိုင်းအဝိုင်းတွေကို ခွဲခြားထားတဲ့မူဝါဒကနေ ဘယ်လိုရှေ့ဆက်မလဲပေါ့။ ဘာလို့လဲဆိုတော့ လူကြီးမင်းတို့ ခုနကပြောခဲ့သလို ပြီးခဲ့တဲ့နှစ် အကြမ်းဖက်မှုကတည်းက နှစ်ဖက်အသိုင်းအဝိုင်းကြားမှာ ယုံကြည်မှုပျောက်ဆုံးခဲ့တယ်ဆိုတော့လေ။ မြန်မာအစိုးရအနေနဲ့ ဒါကို ဘယ်လိုကျော်လွှား မလဲဆိုတာ စိန်ခေါ်မှုပါဘဲ။ ဒီအသိုင်းအဝိုင်းတွေ အတူတူပြန်ဖြစ်ဖို့ ဘယ်လိုအဖြေရှာမလဲဆိုတာ စိတ်ခေါ်မှုပါပဲ။
မေး- သမ္မတရဲ့ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဦးရဲထွဋ်က မိတ္ထီလာမှာ လူကြီးမင်းကြုံတွေ့ခဲ့ရတဲ့ လူအုပ်ကြီးကို ရဲတပ်ဖွဲ့က မကာကွယ်နိုင်ဘူးလို့ဆိုတာဟာ လူကြီးမင်းရဲ့ အဓိပ္ပာယ်ကောက်ယူမှုမှားယွင်းတယ်လို့ ဆိုပါတယ်။ လူကြီးမင်းက အကြမ်းဖက်မဲ့ လူအုပ်လို့ နားလည်မှုမှားယွင်းတယ်လို့ဆိုပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဘာများပြင်ဆင် ပြောလိုပါသလဲ။
ဖြေ- ကျွန်တော်ရဲ့ ကြေညာချက်ကို ပြန်လည်ညွှန်းဆိုလိုပါတယ်။ ကျွန်တော်ရဲ့ကြေညာချက်မှာ ဘာတွေဖြစ်တယ်ဆိုတာ ရေးထားတာ အလွန်ရှင်းပါတယ်။ နှစ်ချက်သုံးချက်လောက်ထောက်ပြလိုပါတယ်။ ပထမဆုံးပြောလိုတာက ဒါဟာ တိုက်ခိုက်မှုလို့ ကျွန်တော် တစ်ခါမှ မပြောခဲ့ပါဘူး။ နောက်ပြီး ကျွန်တော်ကားကို ဝိုင်းလာတာတဲ့ လူ ၂၀၀ ဟာလဲ ဗုဒ္ဓဘာသာဝင်တွေပဲလို့ ကျွန်တော်မပြောခဲ့ပါဘူး။ ကျွန်တော်ပြောလိုတာက အဲဒီအဖြစ်အပျက်မှာ ကျွန်တော် တစ်ယောက်တည်း မဟုတ်ပါဘူး။ မြန်မာနိုင်ငံမှာရှိတဲ့ ကုလသမဂ္ဂရဲ့ ဌာနေညှိနှိုင်းရေးမှူးရယ်၊ ကုလသမဂ္ဂရဲ့ ဌာနေညှိနှိုင်းရေးမှူးရယ်၊ ကုလသမဂ္ဂမှာ လုပ်တဲ့ ပုဂ္ဂိုလ်သုံးဦးလည်း ပါဝင်ပါတယ်။
မေး - ရဲတွေက လူကြီးမင်းတို့ကို အကာအကွယ်မပေးနိုင်ဘူးလို့ ယုံကြည်စေတဲ့ မြင်တွေ့ရတဲ့ အချက်က ဘာဖြစ်မလဲ။ သူတို့က ဘာမှ မလုပ်ပဲ ရပ်နေကြတာလား။
ဖြေ - ဟုတ်ပါတယ်။ ရဲတွေအနားမှာ ရပ်နေတာတွေ့ရပါတယ်။ လူအုပ်ကြီး လုပ်ဆောင်နေတာတွေကို ဘာမှ ဝင်ရောက် ထိန်းသိမ်းခြင်းမရှိပါဘူး။ အဲဒီမှာ ကျွန်တော်စိတ်ထဲမှာ ချက်ခြင်းခံစားလာရတာက မိတ္ထီလာအရေး အခင်းတုန်းကလည်း အကြမ်းဖက်မှု ဒဏ်ခံရတဲ့ လူတွေလည်း ဒီအခြေအနေတိုင်းဖြစ်မှာပဲလို့။ အဲဒီတုန်းက ရဲတွေကဘာမှ ဝင်ရောက် မထိန်းသိမ်းဘူးလေ။ သူတို့နာရီနဲ့ ချီပြီး၊ ဘာမှ မလုပ်ခဲ့လို့ အကြမ်းဖက်မှုတွေက ပိုမိုဆိုးရွားကုန်တာပေါ့။ ဒါကြောင့် အားလုံးကို သိစေလိုတာက မိတ္ထီလာက မှုဆလင်အသိုင်းအဝိုင်းလည်း ဒီအတိုင်းကြုံတွေ့ခဲ့ရလို့ လူပေါင်း ၄၈ ဦး ကျော် သေဆုံးရာတာတွေ အထိဖြစ်ခဲ့ရတယ်ဆိုတာပါပဲ။ ဒါဟာ အဓိက အချက်ပါပဲ။
မေး - လက်ရှိ ကချင်ပြည်နယ်က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အသိအမှတ်ပြုထိုက်တယ်လို့ ယုံကြည်ပါသလား။
ဖြေ - အမှန်ပါပဲ။ သမ္မတဦးသိန်းစိန်နဲ့ သူနဲ့အတူလုပ်ကိုင်နေသူတွေဟာ မြန်မာနိုင်ငံမှ စစ်ပွဲတွေရပ်ဆိုင်းသွားဖို့ စစ်မှန်တဲ့ ဆန္ဒပြင်းပြမှုတွေရှိပါတယ်။ ဒါကို ကုလသမဂ္ဂကိုယ်စားလှယ်တစ်ဦးအနေနဲ့ ထောက်ခံပါတယ်။ အပစ်အခတ်ရပ်စဲရေး အတော်များများလည်း သဘောတူသီချက်ရပြီးပါပြီ။ အချို့လည်း ညှိနှိုင်းမှုနေပါပြီ။ ဒါကိုကျွန်တော်တို့က ထောက်ခံကူညီဖို့ လိုပါတယ်။ ဘာလို့လဲဆိုတော့ မြန်မာနိုင်ငံဟာ အစိုးရတပ်မတော်နဲ့ လက်နက်ကိုင် အုပ်စုတွေကြား ပဋိပက္ခကြောင့် ဆယ်စုနှစ်များစွာ ခံစားခဲ့ကြရပါပြီ။ ဒီပြဿနာကို ဖြေရှင်းဖို့ အချိန်ရောက်ပါပြီ။ ကျွန်တော်ပြောနိုင်တာကတော့ သမ္မတဦးဆောင်လုပ်ကိုင်နေတဲ့ ဒီလုပ်ငန်းစဉ်နဲ့ အပြိုင်လုပ်ဆောင်ဖို့ လိုအပ်တာက အောက်ခြေလူတန်းစားကလည်း ဒီလုပ်ငန်းစဉ်ဟာ ပါဝင်နိုင်ဖို့ဖြစ်ပြီး ဒါမှာတာ ဒီလုပ်ငန်းစဉ်ဟာ စစ်မှန်တယ်။ ဒီလုပ်ငန်းစဉ်ဟာ အနာဂတ်သူတို့ဘဝတွေ အပြောင်းအလဲလုပ်ပေးနိုင်မယ် ဆိုတာယုံကြည်လာကြမှာဖြစ်ပါတယ်။ ကျွန်တော်မြန်မာနိုင်ငံ တစ်ဝှမ်းခရီးသွားခဲ့ပါတယ်။ ဒီအသိုင်းအဝိုင်းတွေက အပစ်အခတ်ရပ်စဲရေးလုပ်ငန်းစဉ်ကို အမှန်တကယ်မြင့်တွေ့ နေရပြီလို့ ရှုမြင်ဖို့ခက်ပါသေးတယ်။ ဒါကျွန်တော်ပြောခဲ့ပြီးပါပြီ။ ဒါပေမယ့် သူတို့က ဒီလုပ်ငန်းစဉ်ဟာ သူတို့ရဲ့ လူနေမှုဘဝကို အလေးပေးလုပ်ဆောင်တဲ့ ခြေလှမ်းတစ်ခုအဖြစ်တော့ မြင်နေကြပါတယ်။
မေး - လူကြီးမင်းဟာ မဲဆောက်ကိုလဲသွားခဲ့တယ်နော်။ ဒုက္ခသည်စခန်းကလူတွေနဲ့လည်း စကားပြောဖြစ်ခဲ့တယ်နော်။ ပဋိပက္ခ ပြီးသွားရင် သူတို့နေရပ်ပြန်ဖို့ ဘယ်လောက်ဖြစ်နိုင်မလဲ ခန့်မှန်းပေးပါဦး။
ဖြေ - အိမ်ပြန်ဖို့ အများကြီး မျှော်လင့်နေကြတယ်။ တချိန်းတည်းမှာလည်း။ ကြောက်ရွ့မှုတွေ အများကြီးရှိနေပါတယ်။ သူတို့ ဘာတွေဖြစ်ခဲ့လဲလို့ ထွက်ပြေးလာရတယ်ဆိုတာ ပြန်စဉ်းစားကြည့်ရင်၊ အစိုးရက အပစ်အခတ်ရပ်စဲရေး သဘောတူညီရပြီးတဲ့ လုပ်ငန်းစဉ်နဲ့ အတူ အခုအချိန်းမှာ ဘာတွေအမှန်တကယ် လိုအပ်တယ်ဆိုတာကတော့ အိမ်ပြန်ကြဖို့ ရှင်းလင်းပြတ်သားတဲ့ စီမံချက်တစ် လိုအပ်ပါတယ်။ ဘာလို့လဲဆိုတော့ မြေမြှုပ်မှိုင်းကိစ္စတွေ ရှိပါသေးတယ်။ သူတို့ မြေတွေ ပျောက်ဆုံးသွားတဲ့ လူတွေရှိပါတယ်။ ကြောက်ရွံ့မှုတွေရှိနေပါသေးတယ်။ ဒါကြောင့် စိန်ခေါ်မှုတစ်ခု ရှိနေဆဲဖြစ်ပါတယ်။ အစိုးရအနေနဲ့ကလည်း ဒုက္ခသည်တွေ အိမ်ပြန်ပို့ဖို့ ကုလသမဂ္ဂနဲ့ အတူတိကျတဲ့ စီမံချက်တစ်ခုနဲ့ စတင်လုပ်ဆောင်သင့်ပါပြီ။ ကုလသမ္ဂနဲ့ အခြားနိုင်ငံတကာ အေဂျင်စီတွေရဲ့ အကူအညီယူရပါမယ်။