Current News |
ပြည်တွင်း နိုင်ငံရေး၊ စီးပွားရေး သတင်းစဉ်
- သမ္မတဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ လယ်တောအိမ်၌် တွေ့ဆုံ
- သတင်းမီဒီယာ ဥပဒေနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတနှင့် စာနယ်ဇင်းကော်စီတို့တွေ့ဆုံ
- မြန်မာနိုင်ငံသို့ အမေရိကန်မှ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးနှင့် တရားဥပဒေရေးရာ တွဲဖက်အတွင်းရေးမှူး
- နိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောင်ခမ်းနှင့် KNU, RCSS/SSA တို့ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေး
သမ္မတဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ လယ်တောအိမ်၌် တွေ့ဆုံ
ပြီးခဲ့သည့် ၂၀၁၀ ခုနှစ်မှစတင်၍ နိုင်ငံတော် သမ္မတဦးသိန်းစိန်နှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD)ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့သည် အကြိမ်ကြိမ် နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုများပြုလုပ်လာခဲ့ပြီး ယခု လကုန် သြဂုတ် ၃၁ ရက်နေ့တွင်လည်း နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ၏ လယ်တောအိမ်တွင် ငါးကြိမ်မြောက် တွေ့ဆုံ ဆွေးနွေး မှု ပြုလုပ်ခဲ့ကြောင်း နိုင်ငံတော် သမ္မတရုံးမှ သိရသည်။
“သမ္မတကြီးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံကြတာမှန်ပါတယ်။ ဒါကိုတော့ သတင်းထုတ်ပြန်ပေးသွားမှာ မဟုတ်ပါဘူး”ဟု နိုင်ငံတော်သမ္မတရုံးမှ အဆင့်မြင့် အရာရှိကြီးတစ်ဦးက ပြောကြားခဲ့သည့်အပြင် နှစ်ဖက်တာဝန်ရှိသူ များကလည်း ၎င်းတို့နှစ်ဦး တွေ့ဆုံဆွေးနွေးမှုကို သတင်းထုတ်ပြန်သွားမည် မဟုတ်ကြောင်း နှစ်ဖက်တာဝန်ရှိသူများ အတည်ပြုပြောကြားခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်သည် လာမည့်ကာလများအတွင်း ၎င်း၏ဥရောပခရီးစဉ်များအဖြစ် ပိုလန်နိုင်ငံ၊ ဟန်ဂေရီ နိုင်ငံနှင့် ချက်သမ္မတနိုင်ငံတို့ကို သွားရောက်ရန်စီစဉ်ဆောင်ရွက်လျက်ရှိပြီး သတ္တမပုံမှန် လွှတ်တော် အစည်းအဝေးများ အပြီးကို စောင့်ဆိုင်းနေခြင်းဖြစ်ကြောင်း သိရသည်။ ထို့ပြင် စင်္ကာပူနိုင်ငံတွင် ကျင်းပမည့် ဒုတိယအကြိမ်မြောက် စင်္ကာပူထိပ်သီး ညီလာခံ အစည်းအဝေးတွင်လည်း တက်ရောက်မိန့်ခွန်းပြောကြားမည် ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ထံမှ သိရသည်။
YC
သတင်းမီဒီယာ ဥပဒေနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတနှင့် စာနယ်ဇင်းကော်စီတို့တွေ့ဆုံ
အမျိုးသားလွှတ်တော်မှ အတည်ပြုလိုက်သော သတင်းမီဒီယာဥပဒေကြမ်းနှင့် ပြည်တွင်းမီဒီယာလောက၌ ဖြစ်ပေါ်လျက်ရှိနေသည့် အခြေအနေမှန်တို့အား သိရှိနိုင်ရန်အတွက် မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ) နှင့် နိုင်ငံတော် သမ္မတဦးသိန်းစိန်တို့သည် စက်တင်ဘာလ ၁ ရက်နေ့တွင် ပထမဆုံးအကြိမ်အဖြစ် တွေ့ဆုံဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင် မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ)အနေဖြင့် မိမိတို့၏ တစ်နှစ်တာအတွင်း ဆောင်ရွက်ခဲ့သော လုပ်ငန်းစဉ်များနှင့် လက်ရှိပြည်တွင်း၌ ဖြစ်ပေါ်နေသည့် မီဒီယာအခြေအနေများကို နိုင်ငံတော် သမ္မတအား အသေးစိတ်တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။
“တစ်နှစ်တာအတွင်း ကောင်စီလုပ်ခဲ့တဲ့ လုပ်ငန်းစဉ်တွေ၊ မီဒီယာလောကတွင်း အခြေအနေတွေကို တတ်နိုင်သလောက် ပြည့်ပြည့်စုံစုံ ပြောမယ်။ မနေ့က(သြဂုတ် ၃၀)အထက်လွှတ်တော်မှာ အတည်ပြုလိုက်တဲ့ ဥပဒေကြမ်းအတွက် ကျွန်တော် တို့ အဆင့်ဆင့်ကြိုးစားသွားမှာပါ”ဟု မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)အတွင်းရေးမှူး ဦးကျော်မင်းဆွေက ပြောသည်။
ထို့ပြင် ယခင် ရေးဆွဲခဲ့သော သတင်းမီဒီယာ ဥပဒေကြမ်းပုဒ်မ ၆ (က) တွင် အများပြည်သူအကျိုးစီးပွားအတွက် ဥပဒေသုံးရပ် ကဖြစ်စေ၊ အမိန့်အာဏာတစ်ရပ်ဖြင့် ဖြစ်စေ ကန့်သတ်ထားသော အချက်ကို ပယ်ဖျက်လိုက်သည့်အတွက် ဥပဒေတွင် လွတ်လပ်သည့်အချက်နှင့် တားမြစ်သည့်အချက်များမှာ ဟန်ချက်ညီမှုမရှိတော့ကြောင်း ဦးကျော်မင်းဆွေမှ ဆက်လက်ဆိုသည်။
“သတင်းသမားတွေကို ကာကွယ်တဲ့ အချက်ကို ပယ်ဖျက်လိုက်တာ စိုးရိမ်စရာကောင်းပေမယ့် တစ်ဖက်မှာ လည်း ပုဒ်မ ၆(က) ကိုပြင်ဆင်လိုက်တော့ ဘယ်လျှို့ဝှက်ချက်မဆို တောင်းကြည့်နိုင်တယ်လို့ သဘောဖြစ်သွားတော့ ဥပဒေကို ဆွေးနွေးကြတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို ကျွန်တော်ဘယ်လို နားလည်ရမှန်းတောင်မသိဘူး”ပာု ၎င်းက ဆက်လက် ဆိုသည်။
ထို့ပြင် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီအနေဖြင့် နိုင်ငံတော်သမ္မတနှင့် တွေ့ဆုံပြီးပါက ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီနှင့်လည်း ဆက်လက်တွေ့ဆုံညှိနှိုင်းမှုများ ပြုလုပ်သွားမည်ဖြစ်သည်။
နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် ပြည်တွင်းမီဒီယာ ကိစ္စရပ်များနှင့်ပတ်သက်၍ ယခုကဲ့သို့ မြန်မာနိုင်ငံ စာနယ်ဇင်းကာင်စီ(ယာယီ)နှင့်သာမက မြန်မာဂျာနယ်လစ်ကောင်စီနှင့်တွေ့ဆုံရန် ရှိသေးကြောင်း သိရသည်။
YC
မြန်မာနိုင်ငံသို့ အမေရိကန်မှ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးနှင့် တရားဥပဒေရေးရာ တွဲဖက်အတွင်းရေးမှူး သံအမတ် လာရောက်မည်
မြန်မာနိုင်ငံနှင့် သံတမန်ဆက်ဆံရေး ဆယ်စုနှစ်နှစ်စုခန့်ကြာ ရပ်နားခဲ့ပြီးနောက် အသစ်ပြန်လည် စတင်ခဲ့သော အမေရိကန်-မြန်မာ နှစ်နိုင်ငံဆက်ဆံရေးသစ်အရ အမေရိကန်အစိုးရအဖွဲ့၏ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးနှင့် တရားဥပဒေရေးရာ တွဲဖက်အတွင်းရေးမှူး သံအမတ်ကြီး Mr.William Brownfield ကို မြန်မာနိုင်ငံသို့ စေလွှတ်မည် ဖြစ်ကြောင်း အမေရိကန် အစိုးရအဖွဲ့က သြဂုတ်လ ၃၀ ရက်နေ့တွင် တရားဝင် ကြေညာခဲ့သည်။
ယခုကဲ့သို့ အမေရိကန်အစိုးရအဖွဲ့၏ သံအမတ်ကြီးတစ်ဦးအား မြန်မာနိုင်ငံသို့စေလွှတ်ရခြင်းမှာ မြန်မာနိုင်ငံ၏ လတ်တလော အမျိုးသားလုံခြုံရေးအခြေအနေနှင့် လူ့အခွင့်အရေးအခြေအနေများကို ပြည်တွင်းရှိ အမျိုးသားရေး ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးလေ့လာသုံးသပ်နိုင်စေရန်အတွက် စေလွှတ်ရခြင်း ဖြစ်ကြောင်း ယင်းကြေညာ ချက်တွင် ဖော်ပြပါရှိသည်။
သံအမတ်ကြီး Brownfield အနေဖြင့် ၎င်း၏ ခရီးစဉ်အပြီး စက်ဘာလ ၆ ရက်နေ့တွင် ပြည်တွင်း ပြည်ပ မီဒီယာများနှင့် စားပွဲဝိုင်း ဆွေးနွေးပွဲတစ်ရပ် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ ပြီးခဲ့သည့် ၂၀၁၀ ပြည့်နှစ်တွင် ကျင်းပပြုလုပ်ခဲ့သည့် သမိုင်းဝင် ရွေးကောက်ပွဲအပြီး အစိုးရသစ်၏ နိုင်ငံရေး၊ စီးပွားရေးပြုပြင်ပြောင်းလဲမှုများအပေါ် နိုင်ငံတကာ အသိုင်းအဝိုင်းက ပြည်တွင်းလုံခြုံ ရေးနှင့် လူ့အခွင့်အရေး အကာအကွယ်ပေးမှုအပေါ်တွင် တိုင်းတာနိုင်ရန်အတွက် ပြည်တွင်း တိုးတက် ပြောင်းလဲမှုအခြေအနေကို လေ့လာနိုင်ရန် ယခုကဲ့သို့ အမေရိကန်အစိုးရအဖွဲ့၏ သံအမတ်ကြီးကို စေလွှတ်ရခြင်းဖြစ်ကြောင်း သိရသည်။
အမေရိကန်အစိုးရ နိုင်ငံခြားရေးဝန်ကြီး ချက်ခ်ဟေဂယ်လ်သည် ပြီးခဲ့သည့် အပတ်အတွင်းက ဘရူနိုင်းနိုင်ငံ၌ ကျင်းပခဲ့သော ဒေသတွင်းလုံခြုံရေးဆိုင်ရာ ညီလာခံတွင် မြန်မာအစိုးရခေါင်းဆောင်များနှင့်တွေ့ဆုံရာတွင် မြောက်ကိုရီး ယားနိုင်ငံနှင့် စစ်ရေးအရ ဆက်ဆံရေးမပြုလုပ်ရန် ထပ်မံတိုက်တွန်းပြောကြားခဲ့သည်။
YC
နိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောင်ခမ်းနှင့် KNU, RCSS/SSA တို့ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေး
ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဒေါက်တာစိုင်းမောင်ခမ်းနှင့် ပြည်တွင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များဖြစ်ကြသည့် KNU, RCSS/SSA အဖွဲ့မှ ငြိမ်းချမ်းရေးကိုယ်စားလှယ်တို့သည် သြဂုတ်လ ၃၁ ရက်နေ့ တွင် နေပြည်တော်၌ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း နိုင်ငံတော်အစိုးရ ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲထွဋ်၏ ပြောကြားချက်မှ သိရသည်။
အဆိုပါတွေ့ဆုံပွဲတွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လက်မှတ်ရေး ထိုးပြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် နိုင်ငံရေး ဆွေးနွေးမှုများ ပြုလုပ်ရန်အတွက် အဓိကထား ဆွေးနွေး ခဲ့ကြောင်း သိရသည်။
“ဒုတိယသမ္မတနဲ့ KNU, RCSS/SSA တို့တွေ့တာ မှန်ပါတယ်။ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူ ညီချက် လက်မှတ်ရေးထိုးရေးကိစ္စ၊ နောက်တစ်ဆင့် နိုင်ငံရေးဆွေးနွေးပွဲများပြုလုပ်ရေး ကိစ္စများနဲ့ ပတ်သက်ပြီး ဆွေးနွေး ခဲ့ပါ တယ်” ဟု ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲထွဋ်က ပြောသည်။
ထို့ပြင် ယင်းဆွေးနွေးပွဲ၌ သမ္မတ၏လမ်းပြမြေပုံတွင်ပါရှိသည့် တစ်ပြည်လုံး အတိုင်းအတာဆောင်သော အပစ်အခတ် လက်မှတ်ရေးထိုးပွဲနှင့် တိုင်းရင်းသားအားလုံးပါဝင်သည့် ကျယ်ပြန့်သော တိုင်းရင်းသားညီလာခံတစ်ရပ် ခေါ်ယူဆွေးနွေး ရေးနှင့် လက်ရှိအချိန်တွင် သမ္မတ၏လမ်းပြမြေပုံအား တိုင်းရင်းသားအားလုံးနှင့် မူအားဖြင့် သဘောတူညီမှု ရရှိထားပြီးသည့် ကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း သိရသည်။
“တွေ့ဆုံဆွေးနွေးတာတော့ ဟုတ်ပါတယ်။ ဒါပေမယ့် ဆုံးဖြတ်ချက်ချမယ့် ဆွေးနွေးပွဲတော့ မဟုတ်ပါဘူး။ ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ ဖြစ်သင့်ဖြစ်ထိုက်တဲ့ အပစ်အခတ်ရပ်စဲရေးကို လာမယ့် အောက်တိုဘာလမှာ လုပ်ဖို့ ရည်ရွယ်ထား တယ်လို့ သိရတယ်။ အခုဆွေးနွေးပွဲက အရမ်းကောင်းတယ်။ ကျွန်တော်တို့ အထူးအခွင့်အရေးတစ်ရပ် ရရှိပါတယ်။ ငြိမ်းချမ်းရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌကို ပထမဆုံးအကြိမ်တွေ့ရတာ၊ ဒီဘက်ကလည်း ခေါင်းဆောင်ကြီးတွေ တက်ရောက်ဆွေးနွေး တာဆိုတော့ အရမ်းကောင်းမွန်တဲ့ ဆွေးနွေးပွဲတစ်တစ်ခုပါ” ဟု RCSS/SSA မှဗိုလ်မှူးကြီး စိုင်းလှက ပြောသည်။
အဆိုပါဆွေးနွေးပွဲတွင် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောင်ခမ်းက မိမိတို့၏ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီအနေဖြင့် မြန်မာနိုင်ငံအတွင်းရှိ လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့အစည်းများနှင့် ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိနေသော်လည်း အောက်ခြေတွင် နှစ်ဖက်တပ်များအကြား ပစ်ခတ်မှုများ အနည်းငယ်ရှိ နေသေးကြောင်း ပြောကြား ခဲ့သည်။
“လက်နက်ကိုင် ပဋိပက္ခမှ ငြိမ်းချမ်းရေးရရှိစေရန် ဆောင်ရွက်ခြင်းမှာ အပြောလွယ်သလောက် အလုပ်ခက်တဲ့ ကိစ္စပင် ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေး ယူနေကြပြီ ဆိုပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ထိတွေ့ပစ်ခတ်မှုအနည်းနဲ့အများ ရှိနေသေး ကြောင်း၊ နှစ်ဖက်အဖွဲ့များ၏ စိတ်ရှည်သည်းခံမှုကို ဆက်လက်ရရှိနေပါကြောင်း၊ အဲ့ဒီအတွက် ဆက်လက် ထိန်းသိမ်းပေး ပါရန် မေတ္တာရပ်ခံလိုပါတယ်”ဟု ဒုသမ္မတက ပြောကြားသည်။
ပြည်ထောင်စုအစိုးရအနေဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် အပစ်အခတ်ရပ်စဲရေးကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ပြီးပါက ဒုတိယအဆင့်အနေဖြင့် နိုင်ငံရေးဆွေးနွေးမှု မူဘောင်ကို ချမှတ်ကာ နိုင်ငံရေး ဆွေးနွေးပွဲများပြုလုပ်နိုင်ရန် ရည်ရွယ်ထားကြောင်း သိရသည်။
ထိုပြင် ပြည်တွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအားလုံးနှင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုး နိုင်ခဲ့ပါက နိုင်ငံရေးဆွေးနွေးမှုလုပ်ငန်းစဉ်များကို လွှတ်တော်သို့လွှဲပြောင်းပေးအပ်မည်ကို စိုးရိမ်မိကြောင်း ညီညွှတ်သော တိုင်းရင်းသားများ ဖယ်ဒရယ်ကောင်စီအဖွဲ့ဝင် ကရင်အမျိုးသားအစည်းအရုံးက အထွေထွေအတွင်းရေးမှူး ဖဒိုစောကွယ် ထူးဝင်းက ဒုတိယသမ္မတ နှင့် တွေ့ဆုံရာတွင် တင်ပြပြောဆိုခဲ့သည်။
“သမ္မတရဲ့မိန့်ခွန်းထဲမှာ တကယ်လို့ အပစ်အခတ်ရပ်စဲရေး လုပ်ပြီးရင် နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုအတွက် လွှတ်တော်က ဖွဲ့စည်းထားတဲ့ အဖွဲ့က ဦးဆောင်လုပ်သွားဖို့။ ကျွန်တော်တို့နဲ့ အပစ်အခတ်ရပ်စဲရေး လုပ်ပြီးတော့ပြီး သွားပြီလို့ လုပ်သွားမှာ စိုးရိမ်တယ်” ဟု ဖဒိုစောကွယ်ထူးဝင်းက ပြောသည်။
အဆိုပါ တွေ့ဆုံပွဲသို့ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်မှူးကြီးဦးစိုးဝင်းနှင့် တပ်မတော်မှ ခေါင်းဆောင်များ၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့မှ ကိုယ်စားလှယ်များ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များဘက်မှ ကရင်အမျိုးသားအစည်းအရုံးဥက္ကဋ္ဌနှင့် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ ရှမ်းပြည် တပ်မတော် (RCSS/SSA) မှ ထိပ်ပိုင်းခေါင်းဆောင်များ တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ပြီးခဲ့သည့် နဝတအစိုးရ လက်ထက်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အများစုနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီခဲ့သော်လည်း နိုင်ငံရေးဆွေးနွေးမှုများ မပြုလုပ်နိုင်ခဲ့သဖြင့် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့သည်။
YC