နိုင်ငံတကာသတင်းများ
မြန်မာနိုင်ငံမှ ဘာသာရေးအရအကြမ်းဖက်မှုများ ဖြေရှင်းခြင်း
(12 Dec 2013 ရက်စွဲပါ Kurea Times မှ Nehginpao Kipgen ရေးသားသော Resdving seetarian violence in Myanmar ကို ဘာသာပြန်ဆိုသည်)
၂၀၁၂ တွင် မြန်မာနိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ်တွင် ဘာသာရေးအရ အကြမ်းဖက်မှုများဖြစ်ပွားခဲ့ပြီး ၂၀၁၃ ခုနှစ်တွင် ပိုမိုအရှိန်မြင့်လာကာ၊ မြန်မာနိုင်ငံ အလယ်ပိုင်းတွင်ပါ မွတ်ဆလင်များ နှင့် ဗုဒ္ဓဘာသာများ ပါဝင်ပတ် သက်လာကြ ရပါသည်။
ထိုအကြမ်းဖက်မှုများကြောင့် လူပေါင်း (၂၀၀) ခန့် အသက်ဆုံးရှုံးခဲ့ရပြီး လူပေါင်း (၁၄၀၀၀၀) ခန့် အိုးမဲ့ အိမ်မဲ့ ဖြစ်ကြရပါသည်။ မြန်မာနိုင်ငံသည် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးများ လုပ်ဆောင်နေသော်လည်း အသိုင်းအဝိုင်းနှစ်ခုကြား တင်းမာမှုများ ဆက်လက်ရှိနေဆဲ ဖြစ်သောကြောင့် နိုင်ငံတကာ အသိုင်းအဝိုင်းက စိုးရိမ်နေဆဲဖြစ်ပါသည်။
ထိုသို့ စိုးရိမ်နေမှုအတွက် မြင်သာသော ကိစ္စရပ်တစ်ခုမှာ အမေရိကန်၏ (၄၂) ဦး မြောက် သမ္မတဟောင်း Bill Clinton သည် မြန်မာနိုင်ငံသို့ ရုတ်တရက်လာရောက်ပြီး နိုဝင်ဘာ ၁၄ ရက်နေ့က မြန်မာ့ငြိမ်းချမ်းရေးစင်တာတွင် မိန့်ခွန်း ပြောခဲ့စဉ်က ဖြစ်ပါသည်။
ကလင်တန်က ၎င်း၏ မိန့်ခွန်းတွင် ဦးသိန်းစိန်အစိုးရ၏ မှတ်မှတ်ထင်ထင်ရှိသော နိုင်ငံရေးအရ အသွင်ကူးပြောင်းရေး လုပ်ဆောင်မှုများကို အသိအမှတ်ပြုခဲ့သည့်နည်းတူ တိုင်းပြည်တွင်းရှိ ဘာသာရေး အကြမ်းဖက်မှုများ ရပ်တန့်ရန် တောင်းဆိုခဲ့ပါသည်။
နိုင်ငံရေး၊ လူမှုရေးနှင့် ဘာသာရေး ခေါင်းဆောင်များ ပါဝင်သောပရိတ်သတ်ကြီးသို့ ကလင်တန်က မိန့်ခွန်းပြော ကြားရာတွင် “ကမ္ဘာကြီးဟာ မြန်မာနိုင်ငံက ကောင်းသတင်းမှန်သမျှကို ချီးကျူးခဲ့ကြပေမယ့်၊ ဘာသာရေးအရ အကြမ်းဖက်မှု တွေကို ဖတ်ရတဲ့ အခါတိုင်းမှာတော့ စိတ်ပျက်ကြရပါတယ်။ ဘာလို့လဲဆိုတော့ ကမ္ဘာပေါ်မှာ ကွဲပြားခြားနားမှုတွေ အပေါ်မှာ အခြေပြုပြီး တစ်ဦးနဲ့တစ်ဦး တိုက်ခိုက်နေတာတွေ၊ သတ်ဖြတ်နေတာတွေကို မြင်ရကြားရတာ လူတွေက ငြီးငွေ့လာကြပါပြီ” ဟု ဆိုပါသည်။
ကလင်တန်သည် မြန်မာနိုင်ငံသို့ ၎င်း၏ ဆင်းရဲသားများကို အကူအညီပေးသည့် အဖွဲ့ဖြစ်သော ကလင်တန် ဖောင်ဒေးရှင်းနှင့်အတူ လာရောက်ခဲ့ခြင်းဖြစ်ပြီး၊ သမ္မတဦးသိန်းစိန်၊ လွှတ်တော် ဥက္ကဌဦးရွှေမန်း၊ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တို့ဖြင့် တွေ့ဆုံခဲ့ပါသည်။
ကလင်တန် လာရောက်သည့် အချိန်တွင် ၎င်း၏ သတင်းစကားပြောကြားမှုမှာ အကြောင်းကိစ္စရပ်သုံးခုအတွက် အရေးကြီးပါသည်။ ပထမအချက်မှာ ဘီလ်ကလင်တန်မ သည် ၁၉၉၃ မှ ၂၀၀၁ အတွင်း ၎င်း၏ သမ္မတသက်တမ်း နှစ်ခု တွင်မြန်မာစစ်အစိုးရအပေါ် အရေးယူပိတ်ဆို့မှုများ ချမှတ်ခဲ့ပြီး ယခုပထမဆုံးအကြိမ် မြန်မာနိုင်ငံသို့ လာရောက်ခဲ့သူ ဖြစ်ပါ သည်။
ဒုတိယအချက်အားဖြင့် ကလင်တန်၏ ခရီးစဉ်သည် ဥရောပသမဂ္ဂအဖွဲ့ ကိုယ်စားလှယ်များ နိုဝင်ဘာ ၁၃-၁၅ ရက် အတွင်း ခရီးစဉ်နှင့် တိုက်ဆိုင်နေပါသည်။ ၎င်း အဖွဲ့ကို အီးယူ၏ နိုင်ငံခြားရေးရာ အကြီးအကဲ Catherine Ashton က ဦးဆောင်၍ ဥရောပကော်မရှင်နာမင်းကြီးများ၊ ဥရောပ ပါလီမန် အဖွဲ့ဝင်များ၊ စီးပွားရေးသမားများ နှင့် အရပ်ဖက်လူ့အဖွဲ့ အစည်းများမှ အဖွဲ့ဝင်များ ပါဝင်လာပါသည်။
တတိယအရေးကြီးဆုံး အချက်အနေဖြင့် ကလင်တန်၏ ခရီးစဉ်သည် အစ္စလာမ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) ကိုယ်စားလှယ်များ မြန်မာနိုင်ငံသို့ လာရောက်သည့်အချိန်နှင့် တိုက်ဆိုင်နေခြင်း ဖြစ်ပါသည်။ OIC ကိုယ်စားလှယ်အဖွဲ့တွင် အထွေထွေအတွင်းရေးမှူးချုပ် Ekmeleddin Insanoglu ခေါင်းဆောင်၍ မွတ်ဆလင် အများစု နေထိုင်သည့် အင်ဒိုနီးရှား၊ မလေးရှား၊ တူရကီ၊ ဆော်ဒီအာရေဗျ၊ အီဂျစ်၊ Djibouti နှင့် ဘင်္ဂလားဒေ့ရှ် တို့မှ ကိုယ်စားလှယ်များ လိုက်ပါလာကြပါသည်။
OIC ကိုယ်စားလှယ်အဖွဲ့၏ ရည်မှန်းချက်မှာ ဗုဒ္ဓဘာသာနှင့်ရိုဟင်ဂျာ မွတ်ဆလင်များအတွင်း ကာလရှည်ကြာ နေသော တင်းမာမှု အခြေအနေကို အကဲဖြတ်ရန် လာရောက်ခြင်း ဖြစ်သော်လည်း၊ ကိုယ်စားလှယ်အဖွဲ့ ရောက်လာချိန်တွင် ဗုဒ္ဓဘာသာဘုန်းကြီးများ အပါအဝင် ဗုဒ္ဓဘာသာဝင်များက ဆန္ဒပြခဲ့ကြပါသည်။ OIC အား ရိုဟင်ဂျာမွတ်ဆလင်များဖက်မှ ဘက်လိုက်သည်ဟု စွပ်စွဲခဲ့ကြပါသည်။
ဗုဒ္ဓဘာသာဝင် ဆန္ဒပြသူများက OIC အား မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ကြောင်း စွပ်စွဲ၍ ၁၉၈၂ နိုင်ငံသားဥပဒေကို ပြင်ဆင်ရေးအတွက် သြဇာပေးရန်ဟု ပြောဆိုဆန္ဒပြကြပါသည်။
၂၀၁၂ ခုနှစ်အောက်တိုဘာလက မြန်မာအစိုးရသည် OIC နှင့်ဘာသာရေးအကြမ်းဖက်မှုများကြောင့် ခံစားကြရသူ များကို လူသားချင်းစာနာသော အကူအညီများ OIC မှ ပေးနိုင်ရေးအတွက် နားလည်မှုစာချွန်လွှာရေးထိုးခဲ့ပြီး၊ မြန်မာနိုင်ငံတွင် OIC ရုံးဖွင့်လှစ်ရေးကိုမူ ခွင့်ပြုရန် ငြင်းဆိုခဲ့ပါသည်။
မြန်မာအစိုးရအနေဖြင့် ဗုဒ္ဓဘာသာနှင့် မွတ်ဆလင်များအတွင်း ဆက်ဆံရေးနှင့် ပတ်သက်၍ ချက်ခြင်း လွယ်လွယ် ကူကူ အဖြေရှာရန် မလွယ်သော်လည်း၊ နှစ်ဖက်ကြား ငြိမ်းချမ်းပြီး၊ သင့်တင့်လျှောက်ပတ်သော ဆက်ဆံရေးရရှိနိုင် ရေးအတွက် နည်းလမ်းများဆက်လက်ရှာဖွေသွားရမည် ဖြစ်ပါသည်။
မြန်မာအစိုးရအနေဖြင့် ပြဿနာ၏ အရေးကြီးသော အပိုင်းဖြစ်သည့် သီးသန့်ပြဿနာဖြစ်သော ရိုဟင်ဂျာပြဿနာ အတွက် ရေရှည်အဖြေရရှိရေး ကိုင်တွယ်လုပ်ဆောင်သင့်ပါသည်။ မြန်မာနိုင်ငံတွင် အခြား တိုင်းရင်းသားများနှင့် ဖြစ်နေသော ပြဿနာမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် ဖက်ဒရယ်စနစ်ကို ဗဟိုပြု၍ဖြစ်နေသော်လည်း၊ ရိုဟင်ဂျာများမှာမူ လူမျိုးဖြစ်တည်မှု ပြဿနာ (identity crisis) ကို ကြုံတွေ့နေရခြင်း ဖြစ်ပါသည်။
မြန်မာအစိုးရအနေဖြင့် ရိုဟင်ဂျာပြဿနာမှာ တချိန်မဟုတ် တချိန်တွင် ဖြေရှင်းရမည့် ပြဿနာဖြစ်ပြီး ယခု သော်လည်းကောင်း နောင်တွင်သော်လည်း ဖြေရှင်းရမည် ဖြစ်ပါသည်။ သို့သော် ရေတိုဖြေရှင်း သည့်အနေဖြင့် လူသားချင်း စာနာသော အကူအညီများ ပေးနိုင်သော်လည်း၊ ပြဿနာဖြေရှင်းရန်မှာမူ နိုင်ငံရေးအရအဖြေရှာ ရမည်ဖြစ်ပါသည်။
သို့သော် နိုင်ငံရေးအရ အဖြေရှာရမည်ဆိုရာဝယ် အုပ်စုတစ်ခုအပေါ် အသာစီးပေး၍ လုပ်ဆောင်ရမည်ဟု ဆိုလိုခြင်း မဟုတ်ပေ။ အခြေခံဥပဒေဖြင့် ပေးအပ်သော ဒီမိုကရေစီသည် ဖြစ်နိုင်သော မော်ဒယ်ပုံစံတစ်ခု ဖြစ်ပါသည်။ ထိုမော်ဒယ် ပုံစံတွင် မတူကွဲပြားခြားနားသော အုပ်စုများမှ အီလစ်များကို နိုင်ငံရေးအရ ပလက်ဖောင်းများပေးပြီး ဘုံအကျိုးစီးပွားကို ပါဝင် လုပ်ကိုင်ခွင့်ပေးခြင်း ဖြစ်ပါသည်။
ပြည်သူများသည် အခြားအုပ်စုတစ်ခု၏ ဖြစ်တည်မှုနှင့် ယဉ်ကျေးမှုကို လက်ခံ၍ လေးစားပေးမှု မပြုနိုင်မချင်း တင်းမာမှုများ ဆက်လက်ဖြစ်ပေါ်နေဦးမည် ဖြစ်ပါသည်။ ဤနေရာတွင် ရခိုင်ပြည်နယ်အစိုးရရော ပြည်ထောင်စု အစိုးရရော သည် နှစ်ဖက်စလုံးမှ ခေါင်းဆောင်များကို ပြန်လည်ပေါင်းစည်းရေး အစီအစဉ်များတွင်ပါဝင် ချိတ်ဆက်ရန် လုပ်ဆောင် ပေးရမည် ဖြစ်ပါသည်။
အကယ်၍ မြန်မာအစိုးရသည် အခြားတစ်ဦး၏ အကူအညီလိုအပ်ပါက အချိန်ဆိုင်း၍ မနေသင့်ပေ။ ပြဿနာ ၏ အတိမ်အနက်ကလည်း သိနေကြပြီး၊ နိုင်ငံတကာအသိုင်းအဝိုင်းကလည်း မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို အောင်မြင်စေလိုသော ဆန္ဒရှိကြခြင်းကြောင့် ထိုခက်ခဲသော ပြဿနာကို ဖြေရှင်းရာတွင် အခြားသူများ၏ ကူညီရန် ဆန္ဒရှိကြခြင်းကြောင့် ထိုခက်ခဲသော ပြဿနာကို ဖြေရှင်းရာတွင် အခြားသူများက ကူညီရန် ဆန္ဒရှိကြလိမ့်မည် ဖြစ်ပါသည်။
တချိန်တည်းမှာပင် OIC နှင့် မွတ်ဆလင်အများစု နေထိုင်သည့် နိုင်ငံများသည် အသိုင်းအဝိုင်းနှစ်ခုကြား အမုန်း တရားများကို ပိုမိုတိုးပွားစေမည့် လုပ်ဆောင်မှုများကို ရှောင်ကြဉ်သင့်ပါသည်။ မြန်မာအစိုးရအနေဖြင့် OIC ကို အကြမ်းဖက်မှုနှင့် ဒဏ်ခံရသော နယ်မြေများကို သွားရောက်နိုင်ရန် လိုအပ်သော ခွင့်ပြုချက်ပေးပြီးဖြစ်ရာ၊ OIC သည် လူမျိုးဘာသာမခွဲပဲ အကြမ်းဖက်မှုဒဏ်ခံရသူများကို ညီတူညီမျှကူညီသည့် မူဝါဒချမှတ်ရမည် ဖြစ်ပါသည်။
ထိုသို့သော ဘက်မလိုက်သည့် ဆက်ဆံရေးသည် ဗုဒ္ဓဘာသာနှင့် မွတ်ဆလင်ကြား နားလည်မှုနှင့် ယုံကြည်မှု တည်ဆောက်ရာတွင် အရေးကြီးပါသည်။ နှစ်ဖက်ယုံကြည်မှု တည်ဆောက်နိုင်ပါက မြန်မာအစိုးရ အနေဖြင့် နှစ်ဖက်လက်ခံ နိုင်မည့် အဖြေရှာရန် ပိုမိုလွယ်ကူလာနိုင်ပါသည်။ နှစ်ဖက်ယုံကြည်မှုမှာ OIC အတွက်လည်း ဗုဒ္ဓဘာသာအများစု ပါဝင်သည့် မြန်မာပြည်သူများနှင့် ကောင်းမွန်သော ဆက်ဆံရေးထူထောင်ရေးတွင် အရေးပါလှပါသည်။
တချိန်တည်းမှာပင် နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း မြန်မာနိုင်ငံမှ ဘာသာရေးပြဿနာများ၊ နိုင်ငံရေး ပြဿနာများ အဖြေရှာရေးနှင့် တည်ငြိမ်သော ဒီမိုကရေစီပေါ်ပေါက်ရေးအတွက် ဖြစ်နိုင်သော အကူအညီများ ပိုမိုတိုးချဲ့ ပေးအပ်၍ ဆက်လက်ကူညီ ရမည်ဖြစ်ပါသည်။