နိုင်ငံတကာသတင်းများ
နိုင်ငံရေးစိန်ခေါ်မှုများကြားမှ ရေနံကဏ္ဍဖွံ့ဖြိုးလာ
(Statoil Energy Realities မှ 7 January 2014 ရက်စွဲပါ “Oil booms in Myanmar despite political challenges” သတင်းဆောင်းပါးကို ဘာသာပြန်ဆိုသည်)
ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်ရင်းမြစ်များနှင့် ကမ္ဘာလုံးဆိုင်ရာ နိုင်ငံရေးတို့သည် စက်မှုခေတ်ထွန်းသစ် လာပြီးချိန်မှစ၍ ခွဲ၍မရအောင် တွယ်ဆက်နေကြသည်။ ၎င်းတို့နှစ်ခုအကြားမှ ဆက်နွယ်မှုကို မြန်မာနိုင်ငံမှ လက်ရှိဖြစ်ပေါ် ပြောင်းလဲမှုများက ထပ်မံပြသလျက်ရှိသည်။
Burma ဟု အများက သိနေကြဆဲ မြန်မာနိုင်ငံကို ဖိနှိပ်ချုပ်ချယ်သော တပ်မတော် အစိုးရက ကျန်တစ်ကမ္ဘာလုံးနှင့် အဆက်ဖြတ်ကာ နှစ်ပေါင်းများစွာ အုပ်ချုပ်ခဲ့သည်။ တပ်မတော်အစိုးရ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကို အရေးယူသည့် အနေဖြင့် အနောက်အုပ်စုနိုင်ငံကြီးများက စီးပွားရေးပိတ်ဆို့မှု Sanctions များ ချမှတ်ခဲ့ကြရာ ယင်း Sanctions များကို တပ်မတော်အစိုးရ ရှောင်တိမ်းနိုင်အောင် ကူညီရာရောက်ခဲ့သော အနောက်အုပ်စုစွမ်းအင် ကုမ္မဏီအချို့ လူ့အခွင့်အရေး အုပ်စုများ၏ ပြစ်တင်ဝေဖန်မှုကို ခံခဲ့ကြရသည်။ မြန်မာနိုင်ငံ၏ စီးပွားရေးမှာလည်း ပိတ်လှောင်မွန်းကြပ် ပြိုလဲသွားခဲ့ပြီး သိသိသာသာ များပြားသော သဘာဝစွမ်းအင် ရင်းမြစ်များမှာလည်း မထုတ်ယူရသေးပဲ ကျန်ရှိနေသည်။
သို့သော် သမ္မတ အိုဘားမားကိုယ်တိုင် မနှစ်က နိုဝင်ဘာလ ခရီးစဉ်တွင် အသိအမှတ်ပြုခဲ့သော မြန်မာနိုင်ငံ၏ ပြုပြင် ဖြေလျော့မှုများက အကန့်အသတ်မရှိ ရေနံ ဓါတ်ငွေ့ရှာဖွေမှု၏ အစကို ဖြစ်ပေါ်စေခဲ့သည်။ မြန်မာနိုင်ငံ သည် လက်ရှိတွင် အသားတင် တင်သွင်းသူအဆင့်သာ ရှိသေးသော်လည်း ဒါဇင်အနည်းငယ်သာရှိသော ကမ္ဘာ့ထိပ်တန်း ထုတ်လုပ်သူများထဲတွင် ပါဝင်နိုင်လောက်အောင် ကြီးမားသော ရေနံနှင့်ဓါတ်ငွေ့သိုက်များ နှစ်မျိုးလုံးရှိနေသည်။
မြန်မာအစိုးရသည် ယခုအခါ စွမ်းအင်ရင်းမြစ်များကို ရှာဖွေထုတ်ယူခွင့်ပေးရန် ကုမ္မဏီများ ရွေးချယ်နေသော နောက်ဆုံးအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး ကြိုးပမ်းမှုများကို လူသိရှင်ကြားထုတ်ဖော် ချီးကျူးထားသော ဝါရှင်တန်၏ အားပေးမှုဖြင့် အမေရိကန်ကုမ္မဏီများက တင်ဒါခွင့်ပြုချက်ရရန် အားကြိုးမာန်တက် ကြိုးပမ်း နေကြသော်လည်း အခြားသူများကမူ ပိုမိုသတိထားဂရုစိုက်ရန် တိုက်တွန်းနေပါသည်။
သတိထားစရာတစ်ချက်မှာ မြန်မာစီးပွားရေးသည် ခရိုနီဝါဒဖြင့် ခြစားပျက်စီးနေသည်ဟု ဝိုင်းဝန်းသတ်မှတ်ခံ ရကြောင်း ဝေဖန်ဆန်းစစ်သူများက ပြောကြားကြခြင်းဖြစ်ပြီး ၎င်း ကန်ထရိုက်လုပ်ငန်းများသည် တိုင်းပြည်၏ ခရိုနီ ရေပေါ်ဆီ များကိုသာ အဓိက အလုပ်အကျွေးပြုသွားလိမ့်မည်ဟု အများစုက စိုးရိမ်ပူပန်နေကြသည်။ လူ့အခွင့်အရေး လှုပ်ရှားသူများဖက် တွင်မူ စိုးရိမ်ပူပန်မှုအသစ် တစ်မျိုးရှိနေသည်။ မြန်မာနိုင်ငံသည် ဗုဒ္ဓဘာသာ ကိုးကွယ်ကိုင်းရှိုင်းသူများ၏ နေရာဟု အများ သိထားကြသော်လည်း အမှန်တကယ်တွင်မူ နေရာဟု အများသိထားကြသော်လည်း၊ အမှန်တကယ်တွင်မူ လူမျိုးရေး၊ ဘာသာရေး တင်းမာမှုများ ပြည့်နှက်နေပြီး မကြာခဏ ပဋိပက္ခဖြစ်ပွားလေ့ရှိသော ရေနွေးငွေ့ပေါင်းအိုး တစ်လုံးဖြစ်သည်။ စွမ်းအင်စီမံကိန်း အကောင်အထည်ဖော်မှု ပုံစံသည် အချို့အုပ်စုများကို မျက်နှာသာပေးခြင်းအားဖြင့် ၎င်းတင်းမာမှုများကို ပိုဆိုးလာလိမ့်စေမည်ဟု အများက စိုးရိမ်ပူပန်လျက်ရှိသည်။
မြန်မာ့ရေနံဓါတ်ငွေ့ကဏ္ဍ၏ နောက်ထပ်ဖြစ်နိုင်ခြေ ရှုတ်ထွေးအချက်တစ်ခုမှာ ပြုပြင်ပြောင်းလဲရေးစတင် ပြီးနောက် လွှတ်တော်အမတ်ဖြစ်လာကာ ယခုအခါ ၂၀၁၅ တွင် သမ္မတနေရာအတွက် အလားအလာ ရှိသော အတိုက်အခံခေါင်းဆောင် ဒီမိုကရေစီလှုပ်ရှားသူ ဒေါ်အောင်ဆန်းစုကြည် ပင်ဖြစ်သည်။ သူမက မြန်မာနိုင်ငံတွင် ရေနံ၊ ဓါတ်ငွေ့ ကြီးကြီးမားမား ထုတ် လုပ်မှုကို သဘောကျအားပေးသော်လည်း တိုင်းပြည်၏ သယံဇာတအများစုကို ပြည်ပသို့တင်ပို့ရောင်းချခြင်းထက် ပြည်တွင်း၌ သုံးစွဲခြင်းကို ပိုမိုလိုလားသည်ဟု ဆိုပါသည်။ ဤအချက်သည် ရေနံရှာဖွေထုတ်လုပ်မှု စီးပွားရေးခွင်ကို ပြောင်းလဲသွားစေ နိုင်ပြီး အနည်းဆုံးအားဖြင့် အနောက်အုပ်စု ကုမ္မဏီများ၏ အမြင့်ဆုံးအသွင်ကို ပြောင်းလဲသွားစေနိုင်သည်။
အကျိုးဆက်မှာ မြန်မာနိုင်ငံနှင့် ကုန်သွယ်မှုကို မြန်မြန်ဆန်ဆန် တိုးမြှင့်လိုသော အာသီသသည် နိုင်ငံတိုင်းတွင် မရှိ နိုင်ပါ။ မြန်မာနိုင်ငံ၏ ဒီမိုကရေစီသည် အစစ်အမှန်ဖြစ်ပြီး နောက်ကြောင်း ပြန်မလှည့်တော့ဟူသော လက္ခဏာနှင့် နိုင်ငံ၏ အခြားတိုင်းရင်းသား လူမျိုးများအား အကာအကွယ်ပေးစောင့်ရှောက်မှု လက္ခဏာများ ပိုမိုထင်ရှားပီပြင်လာအောင် အများစုက စောင့်ဆိုင်းနေကြသည်။
သို့ရာတွင် မြန်မာနိုင်ငံနှင့် ပတ်သက်၍ မည်သို့ဖြစ်စေချင်သည် မည်သို့ မြင်တွေ့လိုသည် ဟူသောအချက်တွင်မူ အားလုံးနီးပါး အမြင်ချင်းတူညီကြသည်။
မြန်မာနိုင်ငံသည် ဗြိတိသျှအင်ပါယာအောက်သို့ ကျရောက်ခဲ့စဉ်ကာလ ၁၈၈၀ ခုနှစ်များတွင် ရေနံစိမ်းကို ပြည်ပသို့ ပထမဆုံး စတင်တင်ပို့ခဲ့သည့် သမိုင်းကြောင်းရှိခဲ့သော်လည်း ယခုအခါ လောင်စာဆီကုန်ချောကို ပြည်ပမှ ဝယ်ယူတင်သွင်း နေရသည်။ ထိုနည်းတူစွာ ဗြိတိသျှကိုလိုနီဘဝက ကမ္ဘာ့ဆန်အိုးကြီးအဖြစ် သရဖူဆောင်းခဲ့ဘူးသော်လည်း ထိုအဆင့်မှ လျှော့ကျခဲ့သည်မှာ ကာလများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။
ကမ္ဘာ့အဆင့်သို့ မြန်မာနိုင်ငံ မြန်မြန်ဆန်ဆန် ပြန်လည်တက်လှမ်းလာခြင်းကို အများစုက မြင်တွေ့ခြင်ကြ သော်လည်း လူ့အခွင့်အရေးနှင့် အခြားစိုးရိမ်စရာ ပြဿနာကိစ္စရပ်များကို ထည့်သွင်းဖြေရှင်းပြီးမှသာ ဖြစ်နိုင်ပေလိမ့်မည်။
မြန်မာနိုင်ငံကို စောင့်ကြည့်လေ့လာနေသူများကမူ “မြန်မာနိုင်ငံသည် အနောက်တိုင်းပုံစံ ဒီမိုကရေစီကို အတုယူကာ အနောက်တိုင်းပုံစံအတိုင်း စီမံခန့်ခွဲအုပ်ချုပ်မှသာလျှင် ကမ္ဘာ့အဆင့်သို့ မြန်မြန်တက်လှမ်းလာ နိုင်မည်ဖြစ်ပြီး၊ မြန်မာ့နည်း မြန်မာ့ဟန် ဒီမိုကရေစီ၊ မြန်မာ့နည်း မြန်မာ့ဟန် စီမံအုပ်ချုပ်မှု၊ မြန်မာ့နည်း မြန်မာ့ဟန် အဂတိလိုက်စားမှုများဖြင့် ဆက်လက် စခန်းသွားနေပါက ကမ္ဘာ့နောက်မြီးဆွဲအဆင့်နှင့် အာဆီယံနောက် ပိတ်ဆုံးအဆင့်မှ တက်လာရန်အလားအလာမရှိ” ဟု ပွင့်ပွင့်လင်းလင်း ဝေဖန်သုံးသပ်ထားကြသည်။