ဘာသာပြန်သတင်းများ
အိန္ဒိယ-မြန်မာ နယ်စပ်မပြေလည်မှုကို ဖြေလျှော့ကြည့်ခြင်း
(Bangkok Post မှ 21 Jan 2013 ရက်စွဲပါ Easing the India-Myanmar border tiff ကိုဘာသာပြန်ဆိုသည်)
အိန္ဒိယ-မြန်မာ အပြန်အလှန်ဆက်ဆံရေးသည် လွန်ခဲ့သည့် ဆယ်စုနှစ် ၂ ခုတာကာလအတွင်း တဖြည်းဖြည်းချင်းပြောင်းလဲလာခဲ့သည်။ နှစ်နိုင်ငံဆက်ဆံရေး၏ ကြီးမားသော အပြောင်းအလဲမှာ ၁၉၉၁ ခုနှစ်၊ အိန္ဒိယအစိုးရက “အရှေ့မျှော်မူဝါဒ” စတင်ကျင့်သုံးမှုမှစတင်ခဲ့ခြင်းဖြစ်သည်။
ယင်းအပြောင်းအလဲနှင့်အတူ အိန္ဒိယအစိုးရသည် ယခင်က မြန်မာ့ဒီမိုကရေစီအင်အားစုများကို ကျောထောက်နောက်ခံပြုခဲ့ရာမှ စစ်အစိုးရလိုလားသော အင်အားစုများကို ပြောင်းလဲထောက်ပံ့မှုပြုလာသည်။
ဒေသတွင်းပါဝါနိုင်ငံတစ်နိုင်ငံဖြစ်သော အိန္ဒိယသည် မြန်မာနှင့် ပြည့်ဝသော သံတမန်ဆက်ဆံရေး ထူထောင်လိုက်ခြင်းအားဖြင့် ၎င်း၏ လုံခြုံရေးနှင့် အမျိုးသားရေးနှင့်ပတ်သက်သော အကျိုးစီးပွားကို တိုးချဲ့ရန်ကြိုးပမ်း လာသလို အာရှဒေသတွင်း တရုတ်၏ မဟာဗျူဟာကျသော သြဇာလွှမ်းမိုးမှုကို တန်ပြန်ချိန်ခွင်လျှာမျှရန်ပါ လုပ်ကိုင်လာသည်။
အိန္ဒိယနှင့် မိုင် ၁၀၀၀ ရှည်လျားသည့် နယ်နမိတ်ချင်းထိစပ်နေသည့် တစ်ခုတည်းသော အရှေ့တောင် အာရှနိုင်ငံဖြစ်သည့် မြန်မာသည် အိန္ဒိယအတွက် အခြားသော အရှေ့တောင်အာရှနိုင်ငံ ၁၀ နိုင်ငံနှင့် ဆက်သွယ်ပေးမည့် ဂိတ်ပေါက်တစ်ခုသဖွယ်ဖြစ်နေသည်။
မြန်မာ-အိန္ဒိယဆက်ဆံရေးမှာ ငြိမ်းချမ်းမှုရှိခဲ့ပြီး အပြန်အလှန်အကျိုးဖြစ်ထွန်းမှုများပေါ်ထွန်းခဲ့သော်လည်း လတ်တလောအိန္ဒိယအရှေ့မြောက်ဘက် မဏိပူရပြည်နယ်တွင်း နယ်စပ်အငြင်းပွားမှုက ဒေသခံပြည်သူများသာမက ပြည်နယ်နှင့် ဗဟိုအစိုးရအရာရှိကြီးများအတွက် စိုးရိမ်ပူပန်စရာဖြစ်လာသည်။ အခြားသောနိုင်ငံများကြုံတွေ့နေရသလိုပင် အဆိုပါကိစ္စတွင် အငြင်းပွားစရာများကား ပြည့်နှက်နေသည်။
တောင်းဆိုမှုများနှင့် တန်ပြန်တောင်းဆိုမှုများက အခြေအနေကိုပိုမိုရှုပ်ထွေးစေသည်။ အဓိကပြဿနာမှာ နယ်နမိတ်တိုးချဲ့ရယူသည်ဟူသော စွပ်စွဲချက်နှင့်ပတ်သက်နေသည်။
အိန္ဒိယသည် ယင်းနယ်စပ်ဒေသတွင် ခြံစည်းရိုး တံတိုင်းတည်ဆောက်ခြင်းအားဖြင့် ကုန်ပစ္စည်း၊ လက်နက်၊ ငွေစက္ကူအတု ရောင်းဝယ်ဖောက်ကားမှု၊ မူးယစ်ဆေးမှောင်ခိုကူးမှု၊ ပုန်ကန်ထကြွမှုအပါအဝင် နယ်စပ်ဖြတ်ကျော် တရားမဝင်လုပ်ငန်းများကို ရပ်ဆိုင်းပစ်နိုင်လိမ့်မည်ဟု ယူဆထားသည်။
ထိုကဲ့သို့သော ဥပဒေဘောင်ပြင်ပမှ လုပ်ငန်းများ လတ်တလောနှစ်များအတွင်း တိုးပွားလာခြင်းကြောင့်လည်း ယင်းသို့ နယ်စပ်ခြံစည်းရိုးတံတိုင်းဆောက်ရန် ဆုံးဖြတ်ဖို့ဖြစ်လာခဲ့ခြင်းဖြစ်သည်။ ၂၀၀၁ ခုနှစ်နှင့် ၂၀၀၃ ခုနှစ်များအတွင်း အဆိုပါဒေသ၌ အိန္ဒိယလုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အရပ်သားများ သေဆုံးခဲ့မှုနှင့်ပတ်သက်၍ အိန္ဒိယလုံခြုံရေးတပ်ဖွဲ့က စိမ့်ဝင်နိုင်သည့် နယ်စပ်ဒေသကို ပြစ်တင်ပြောဆိုခဲ့ကြသည်။
ထိုသို့ ခြံစည်းရိုး တံတိုင်းတည်ဆောက်မှုမပြုမီ ပူးတွဲစစ်တမ်းတစ်ရပ်ကောက်ယူကြရန် အိန္ဒိယနှင့် မြန်မာအစိုးရ အရာရှိများသဘောတူညီခဲ့ကြသည်။ နှစ်နိုင်ငံပြည်ထဲရေးဝန်ကြီးဌာနတို့က ယင်းစစ်တမ်းကို ခြောက်လအတွင်း အပြီးသတ်ကောက်ယူခဲ့ပြီးနောက် နယ်စပ်ဒေသတွင် ခြံစည်းရိုးတံတိုင်းခတ်ရန် သဘောတူညီခဲ့ကြခြင်းဖြစ်သည်။
မည်သို့ပင်ဆိုစေ အဆိုပါခြံစည်းရိုးတည်ဆောက်သည့် လုပ်ငန်းမှာ ၂၀၀၄ ခုနှစ်၊ ကူကီတိုင်းရင်းသား လူမျိုးစုအပါအဝင် ဒေသခံပြည်သူများက ဆန္ဒပြမှုများပြုလုပ်လာချိန်တွင် ရပ်ဆိုင်းသွားခဲ့သည်။ ဒေသခံပြည်သူများ၏ အထူးစိုးရိမ်မှုမှာ ခြံစည်းရိုးတည်ဆောက်မှုကြောင့် ၎င်းတို့၏ မြေယာများ မြန်မာနိုင်ငံအတွင်းသို့ ရောက်ရှိသွားမည့်အရေး ကိစ္စပင်ဖြစ်သည်။ ထို့ပြင် ခြံစည်းရိုးတံတိုင်းကြောင့် ဒေသခံပြည်သူများ နှစ်ခြမ်းကွဲကာ တစ်နိုင်ငံစီနေထိုင်ကြရ မည်ကိုလည်း စိုးရိမ်ခဲ့ကြသည်။
၂၀၀၇ ခုနှစ်တွင်မူ အကဲဆတ်သည့် နယ်စပ်ခြံစည်းရိုးတံတိုင်းတည်ဆောက်သည့်အရေးကိစ္စမှာ နယ်စပ်ဒေသတစ်လျှောက်ရှိ တိုင်များပိုင်ဆိုင်မှုနှင့်ပတ်သက်၍ အငြင်းပွားမှုကြောင့် ပိုမိုရှုပ်ထွေးလာသည်။ မဏိပူရပြည်နယ်အစိုးရအနေဖြင့် ပြဿနာ၏ ဇစ်မြစ်ကိုသာကြည့်ရန် ဗဟိုအစိုးရက ညွှန်ကြားခဲ့ခြင်းကြောင့် မတူညီသော နိုင်ငံရေးပါတီများက ၂၀၁၃ ခုနှစ်တွင် ဒေသခံပြည်သူများ၏ ဆန္ဒပြမှုတွင် ပါဝင်ပူးပေါင်းခဲ့ကြသည်။ နိုင်ငံရေးပါတီများက ဒေသခံပြည်သူများ စိုးရိမ်ပူပန်ကြသကဲ့သို့ပင် မဏိပူရပြည်နယ်ရှိ ကျေးရွာပေါင်း ၁၈ ရွာကို ထိခိုက်လာစေနိုင်သည့် အဆိုပါခြံစည်းရိုးတံတိုင်းတည်ဆောက်မှုကို ပြင်းပြင်းထန်ထန်ဝေဖန် ဆန့်ကျင်ခဲ့ကြသည်။ နိုင်ငံရေးပါတီများအပြင် အစိုးရမဟုတ်သော အဖွဲ့အစည်းများကလည်း နယ်စပ်လမ်းမများအဖွဲ့(BRO)၏ ခြံစည်းရိုးတံတိုင်း ဆက်လက်တည်ဆောက်မှုကို ကန့်ကွက်ခဲ့ကြသည်။
၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက်နေ့တွင် ဝန်ကြီးချုပ် မန်မိုဟန်ဆင်းက ယင်းနယ်စပ်ဒေသမှ အိန္ဒိယပိုင်မြေ တစ်လက်မမျှပင် ထိပါးခြင်းခံမည်မဟုတ်ဟု နိုင်ငံရေးပါတီကိုယ်စားလှယ်များကို အာမခံပြောကြားခဲ့သည်။ နောက်တစ်နေ့
ဒီဇင်ဘာ ၄ ရက်နေ့တွင်ပြည်ထဲရေးဝန်ကြီးက BRO အနေဖြင့် ခြံစည်းရိုးတံတိုင်းတည်ဆောက်မှုကို မြန်မာအစိုးရနှင့် ရှင်းလင်းသော သဘောတူညီချက်မရရှိသေးသရွေ့ ဆက်လက်တည်ဆောက်မှုမပြုလုပ်ရန် ညွှန်ကြားခဲ့ပြန်သည်။
နယ်စပ်ဒေသ နယ်နမိတ်ပိုင်ဆိုင်မှု အငြင်းပွားရာတွင် တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန်တောင်းဆိုလေ့ရှိသည့် သဘောသဘာဝရှိပါသည်။ အိန္ဒိယနိုင်ငံသားများသာမက မြန်မာအာဏာပိုင်များနှင့် ဒေသခံပြည်သူများကလည်း အိန္ဒိယသည် အဆိုပါအငြင်းပွားဒေသတွင် နယ်နမိတ်ပိုမိုရယူထားသည်ဟု ပြောဆိုခဲ့ကြသည်။
ထိုသို့ နယ်နိမိတ်အငြင်းပွားမှုများ ဖြစ်ပေါ်နေစဉ် မြန်မာစစ်တပ်က မဏိပူရပြည်နယ်ရှိ Hollenphai ကျေးရွာတွင် ၂၀၁၃ စက်တင်ဘာလက ယာယီအခြေစိုက်စခန်းတည်ထောင်ခဲ့သည်။ ယင်းကျေးရွာတွင်းရှိ အချို့သောအိမ်များသည် မြန်မာနယ်နိမိတ်အတွင်း တည်ဆောက်ထားခြင်းဖြစ်သည်ဟု မြန်မာအာဏာပိုင်များက ပြောကြားသည်။
ထိုမျှမကသေးပေ။ မြန်မာစစ်တပ်က အိန္ဒိယအနေဖြင့် မိုးရေးတွင် စစ်ဆေးရေးစခန်းတည်ဆောက်နေမှုကို ရပ်ဆိုင်းရန် ပြောဆိုခဲ့ပြီး မိုးရေးသည် မြန်မာပိုင် နယ်နိမိတ်ထဲတွင်ရှိသည်ဟု ဆိုသည်။
၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာ ၂၄ ရက်နေ့တွင်မူ ဒေသခံပြည်သူများစွာက နမ့်ဖာလုံမှ တမူးသို့ ချီတက်လမ်းလျှောက်ကာဆန္ဒပြခဲ့ကြသည်။ အိန္ဒိယဆန့်ကျင်ရေး ဆောင်ပုဒ်များအော်ဟစ်ခြင်း၊ ဆောင်ပုဒ်ပါ စာတန်းများ ကိုင်ဆောင်ခြင်းတို့ပြုလုပ်ကာ ချီတက်လမ်းလျှောက်ခဲ့ကြခြင်းဖြစ်သည်။ အိန္ဒိယအစိုးရအနေဖြင့် နိုင်ငံတကာနယ်နိမိတ် အပေါ် လေးစားမှုပြုရန် ဆန္ဒပြသူများကတောင်းဆိုခဲ့ကြသည်။
ထိုနေ့က နယ်စပ်ဒေသကို ပိတ်ပင်ခဲ့ရာ ကုန်သွယ်ရေးနှင့် စီးပွားရေးလုပ်ငန်းများ ထိခိုက်ခဲ့ရသည်။
အဆိုပါ နိုင်ငံတကာနယ်နိမိတ် ပိုင်ဆိုင်မှုဆိုင်ရာအငြင်းပွားမှုသည် အိန္ဒိယ-မြန်မာနယ်စပ်ဒေသတစ်လျှောက်ရှိ ပြည်သူထောင်ပေါင်းများစွာအပေါ် ထိခိုက်နစ်နာစေခဲ့သည်။ အထူးသဖြင့် မဏိပူရနှင့် မိုးရေးပြည်နယ်မှ ပြည်သူများအပေါ် ထိခိုက်စေခဲ့သည်။ လက်ရှိအနေအထားတွင် နယ်စပ်ခြံစည်းရိုးတံတိုင်းတည်ဆောက်မှုကို ယာယီရပ်ဆိုင်းထားသော်လည်း နှစ်ဦးနှစ်ဖက် လက်သင့်ခံမည့် ဆုံးဖြတ်ချက်တစ်ရပ်ကိုမူ မထုတ်ဖော်နိုင်သေးပေ။ အဆိုပါ ခြံစည်းရိုးတံတိုင်းတည်ဆောက်ရခြင်း၏ မူလရည်ရွယ်ချက်မှာ တရားမဝင်လုပ်ဆောင်မှုများကို ထိန်းချုပ်ရန်ဖြစ်သော်လည်း အမှန်လက်တွေ့တွင်မူ နယ်စပ်ဒေသတစ်လျှောက် အခြေချနေထိုင်လျက်ရှိသော မိသားစုထောင်ပေါင်းများစွာကို ကမောက်ကမဖြစ်စေခဲ့သည်။
ခြံစည်းရိုးတံတိုင်းတည်ဆောက်ပြီးစီးပါက ရည်မှန်းထားသည့်အတိုင်း မှောင်ခိုကူးမှုများ၊ လက်နက်ရောင်းဝယ်မှု များ၊ ငွေစက္ကူတုရောင်းချမှုများ၊ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုများနှင့် ပုန်ကန်ထကြွမှုများကို အမှန်တကယ်ထိန်းချုပ်နိုင်မည်လောဟူသည်မှာလည်း ရှင်းရှင်းလင်းလင်းမသိနိုင်သေးပေ။
အဆိုပါခြံစည်းရိုးတံတိုင်းကြောင့် တရားဥပဒေစိုးမိုးရေးလုပ်ဆောင်နေသော အေဂျင်စီများအတွက် အလုပ်ရှုပ်သက်သာစေမည်မှာမှန်သော်လည်း အမှန်တကယ်တွင် အာဏာပိုင်များအနေဖြင့် တရားမဝင်မှောင်ခိုကူးမှုများ နှင့် ဥပဒေပြင်ပမှ လုပ်ဆောင်ချက်များ၏ ဂယက်ရိုက်ခတ်မှုများကို ဒေသခံပြည်သူများ သိရှိနားလည်အောင် ဆော်သြခြင်း၊ အလုပ်ရုံဆွေးနွေးပွဲများပြုလုပ်ခြင်းတို့ဖြင့် လုပ်ကိုင်ဆောင်ရွက်သင့်ပေသည်။
နှစ်နိုင်ငံစလုံးမှ ဒေသအာဏာပိုင်များသည် ဒေသခံပြည်သူများအကျိုးအမြတ်ဖြစ်ထွန်းစေမည့် အစီအစဉ်များကို ဒီဇိုင်းရေးဆွဲကာ အကောင်အထည်ဖော်လုပ်ဆောင်ပေးသင့်သည်ဟု ယူဆပါသည်။
ယင်းဒေသမှ ပြည်သူများမှာ ဆင်းရဲနွမ်းပါးလှသလို အရည်အသွေးမြင့်မားသည့် လုပ်သားများနှင့် ယှဉ်ပြိုင်ရာတွင်လည်း ပညာရေးမှာ အကန့်အသတ်ဖြင့်သာရှိထားသည်ကိုတွေ့ရသည်။
အရည်အချင်းရှိသူရော မရှိသူများပါ ရင်းမြစ်များကို တန်းတူရယူပိုင်ခွင့်ရှိလာချိန်တွင် ပြည်သူများက အာဏာပိုင်များလုပ်ဆောင်လျက်ရှိသည့် လုပ်ငန်းများတွင် ပါဝင်ပူးပေါင်းလာမည်သာဖြစ်သည်။ သို့မှသာ နယ်စပ်ဖြတ်ကျော် တရားမဝင်လုပ်ဆောင်ချက်များကို ထိန်းချုပ်လာနိုင်ပေမည်ဖြစ်သည်။