Transparency Myanmar

transparency.myanmar@gmail.com

ပါတီရှင်သန်ရေးမှသည် ဒီမိုကရေစီရှင်သန်ရေးသို့ အင်န်အယ်ဒီပါတီ၏အရွေ့
          သင်္ကြန်တွင်း အချိန်ရသလောက်မှာ အင်န်အယ်ဒီပါတီရဲ့ ခေါင်းဆောင်တဦးဖြစ်သူ ဟံသာဝတီဦးဝင်းတင်နဲ့ စကားပြောဖြစ်ပါတယ်။ မေးခွန်းတွေ မေးဖြစ်တယ်။ ပါတီရဲ့ အပြောင်းအလဲတွေ၊ ရပ်တည်မှုတွေနဲ့ ဆရာပြောခဲ့တဲ့ ခွင် ၄ ခွင်၊ ထောက် ၄ ထောက်ထဲက ပါတီတွင်း တည်ဆောက်ရေးအလားအလာကို ပြောဖြစ်ပါတယ်။
          မေလဆန်းဖို့ မပြောနဲ့ဦး၊ ဧပြီလတောင် မကုန်သေးခင်၊ သင်္ကြန်ကာလတွင်းမှာတောင် အင်န်အယ်ဒီနဲ့ ပတ်သက်ပြီး အပြင်ကရှုမြင်သုံးသပ်ပုံ မျိုးစုံကြားနေရချိန်မှာ - နိုင်ငံရေးပါတီအဖြစ်ထက် နိုင်ငံရေးပါတီအဖြစ်က လျှောကျသွားတဲ့ အင်န်အယ်ဒီ၊ နိုင်ငံရေး ဆက်မလုပ်နိုင်တော့တဲ့ အင်န်အယ်ဒီ၊ ပြိုကွဲတော့မယ် အင်န်အယ်ဒီလို့ တံဆိပ်ကပ်၊ ကင်ပွန်းမျိုးစုံ တပ်လာကြတာကိုတွေ့ရတဲ့အကြောင်း ထုတ်ဖော်ပြောဆိုဖြစ်ပါတယ်။
          ဆရာက မိုးမခကို ပြန်လည်ထောက်ပြရာမှာ နံမည်ပေး၊ ကင်ပွန်းမျိုးစုံတပ်ခံရတာဟာ အင်န်အယ်ဒီပါတီအတွက် အထူးအဆန်းမဟုတ်ကြောင်း၊ ယခင်က နှစ်ပေါင်းများစွာမှာ ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်ကျဖမ်းဆီးထိန်းသိမ်းခံထားရစဉ်ကတည်းက အင်န်အယ်ဒီကို အများက ကင်ပွန်းတပ်ခဲ့ကြတာက - "ပါတီရှင်သန်ရေးကိုသာ ဦးစားပေးရပ်တည်တဲ့ ပါတီ" ဆိုတာ ဖြစ်ကြောင်း၊ ဒ့ါအပြင် "စစ်အစိုးရရဲ့ အငြိုအငြင်ကို မခံနိုင်တဲ့ ပါတီ" တခုလို့လည်း ပြောကြသေးတဲ့အကြောင်း၊ ယခုလို မတ်လ ၂၉ မှာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အင်န်အယ်ဒီပါတီက ၂၀၁၀ ရွေးကောက်ပွဲဥပဒေကို လက်မခံနိုင်ဘူး၊ အဲသည်ဥပဒေအရ ထပ်မံမှတ်ပုံတင်မှာ မဟုတ်ဘူးလို့ တခဲနက်ဆုံးဖြတ်ချက်ချလိုက်ပြန်တော့လည်း နောက်ထပ် အခုလိုမျိုး တံဆိပ်ပေါင်းစုံ၊ ကင်ပွန်းအမည်စုံ ပေးကြပြန်လို့ အသစ်အဆန်း မဖြစ်ကြောင်း ပြန်လည် ပြောကြားပါတယ်။
          ဆရာက ပါတီရဲ့ ဖြတ်သန်းလာခဲ့ရတဲ့ လမ်းကြောင်းကို ပြန်လည် သုံးသပ်ပြရာမှာ -
"ပါတီရဲ့ ခေါင်းဆောင်မှုဟာ အရင်တုံးက အခြေအနေကို ပြန်ကြည့်မယ်ဆိုရင် ဟုတ်လား၊ စစ်အုပ်စုနဲ့ ထိပ်တိုက်မရင်ဆိုင်ဘူး၊ အာခံတာမျိုးတွေ၊ ဆန့်ကျင်တာမျိုးတွေကို ထုတ်ဖော်မပြသချင်ဘူး။ စစ်အစိုးရရဲ့ ဥပဒေဘောင်အတွင်းမှာပဲ ငြိမ်ငြိမ်ပဲ နေချင်တယ်ဆိုတာမျိုးတွေ ဖြစ်နေခဲ့တယ်။ ဒီသဘောမျိုးကို ၁၉၉၀ ရွေးကောက်ပွဲလွန်ကာလမှာ ကျင့်သုံးခဲ့တယ်။ ၁၉၉၅ မှာ ဒေါ်စု နေအိမ်အကျယ်ချုပ်က ပြန်လွတ်လာချိန်အတွင်းမှာတော့ ပါတီဟာ လှုပ်လှုပ်ရှားရှား ပြန်ဖြစ်လာတယ်။ နောက်ပြီးတော့ ၂၀၀၀ ကနေ ၂၀၀၂ ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်ပြန်ကျချိန်မှာ ပါတီမှာ ပြန်ပြီးတော့ ပါတီရှင်သန်ရေးတို့၊ စစ်အစိုးရနဲ့ ပြသနာမဖြစ်စေရေးတို့က အသံပြန်ကျယ်လာတယ်။ ၂၀၀၃ ဒီပဲယင်း အရေးအခင်းပြီးနောက်ပိုင်းမှာလည်း ပါတီရဲ့ ရည်တည်ချက်ဟာ ထိုအတိုင်းပဲ ပါတီရှင်သန်ရေးက အရေးကြီးတယ်၊ အစိုးရနဲ့ ပြသနာမဖြစ်စေနဲ့တို့က အဓိကဖြစ်နေခဲ့တာကို တွေ့ရတယ်" လို့ ပြောပြပါတယ်။
အဲသည်မှာ ဆရာဦးဝင်းတင်ကို မေးမိတဲ့ မေးခွန်းက အဲသည်လိုမျိုး ကန့်သတ်တဲ့ရပ်တည်ချက်နဲ့ ပါတီက ခေါင်းဆောင်မှုပေးနေချိန်မှာ ပါတီဝင်တွေ၊ တက်ကြွတဲ့ ပါတီခေါင်းဆောင်တွေ၊ အမျိုးသမီးတွေ၊ လူငယ်တွေဟာ အဲသည်ချမှတ်ထားတဲ့အတိုင်း မနေခဲ့ကြဘူး။ သူတို့နည်း သူတို့ဟန်နဲ့ အတိုက်အခံနိုင်ငံရေးမှာ တက်တက်ကြွကြွ လှုပ်ရှားခဲ့ကြတယ်။ လှုပ်ရှားခဲ့ကြလို့ သူတို့တတွေကို စစ်အစိုးရက အရေးယူတာအပြင်ကို ပါတီကလည်း အရေးယူခဲ့တာတွေ ရှိတယ်မဟုတ်လား ဆိုတဲ့ အချက် ဖြစ်ပါတယ်။
"ဟုတ်တယ်။ ပါတီက အရေးယူတဲ့နေရာမှာ ပါတီရဲ့ ရပ်တည်ချက်၊ လမ်းညွှန်ချက်၊ စည်းမျဉ်း စည်းကမ်းတွေ ဖောက်ဖျက်လို့၊ နားမထောင်လို့ ဆိုပြီးတော့ ပါတီကနေ ဖယ်ရှားတဲ့အထိ အရေးယူတာမျိုးတွေ ရှိခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်က ပြန်လွတ်လာတိုင်းမှာ အဲသည်လိုမျိုး အရေးယူခံရသူတွေကို ပြန်ပြီးတော့ ခေါ်တယ်၊ တွဲခေါ်တယ်။ ဆွေးနွေးညှိနှိုင်း ပြန်လည်တည်ဆောက်တာတွေ လုပ်လေ့ရှိတယ်။ ပါတီထဲမှာ ဘယ်လိုဖြစ်နေသလဲဆိုတော့ - ပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကိုယ်တိုင်အပြင်၊ တိုင်းကနေစလို့ မြို့နယ် ကျေးလက်အထိ ခေါင်းဆောင်တွေ၊ ပါတီဝင်တွေဟာ ပါတီစကားနားမထောင်လို့ ဆိုပြီး ဖယ်ရှားခံရတာတွေ၊ အရေးယူခံရတာတွေ ရှိတယ်။ တချို့ဆိုရင် အရေးယူပုံက ပါတီရုံးခန်းကို မလာရဘူးဆိုတာမျိုး အထိတောင် ရှိတယ်။ ဥပမာ - ထင်ရှားတဲ့သူတွေ ပြောရရင် နော်အုံးလှတို့၊ ဗိုလ်မှူးမောင်အေးတို့လို လူမျိုးတွေ ရှိတယ်။ အတော်များများ ရှိတယ်။ အဲသည်တော့ ပါတီမှာ အနည်းနဲ့ အများ စည်းရုံးမှု အားနည်းလာတာပေါ့ကွာ။ အယူအဆတွေ သီးခြားရှိလာတဲ့ လက္ခဏာတွေ ပေါ်ပေါက်လာတာမျိုးတွေ ဖြစ်လာတယ်။ ပါတီတွင်း ပါတီပြင်ပမှာ တယောက်တပေါက် ပြောသံ ဆိုသံတွေ ထွက်လာရတာပေါ့" လို့ ဆရာက ဖြေကြားပါတယ်။
အဲသည်မှာ ပါတီရဲ့ ခေါင်းဆောင်မှုအောက်ကကင်းကွာလာတဲ့ အင်န်အယ်ဒီပါတီဝင်တွေ၊ ခေါင်းဆောင်တွေရဲ့လှုပ်ရှားမှုတွေဆိုတာ ၂၀၀၇ သံဃာ့အရေးအခင်းမှာ အင်န်အယ်ဒီပါတီက လွှတ်တော်ကိုယ်စားလှယ်တွေက သံဃာတော်တွေနောက်က လွှတ်တော်ကိုယ်စားလှယ်အလံ ထောင်ပြီး ချီတက်လာတာမျိုးတွေ၊ အင်န်အယ်ဒီ လူငယ်တွေ၊ အမျိုးသမီးအဖွဲ့တွေက သူတို့အစီအစဉ်နဲ့ သူတို့ သံဃာ့သပိတ်မှာ ပါဝင်အားပေးဆောင်ရွက်မှုတွေကို ပြောနိုင်ပါသလား ဆိုတဲ့ မေးခွန်းကို ဆရာက ဖြေကြားရာမှာ -
" ဟုတ်တယ်။ ခေါင်းဆောင်ပိုင်းက အကန့်အသတ်တွေ ချမှတ်ထားတဲ့အခါ အင်န်အယ်ဒီပါတီတခုလုံးအနေနဲ့ ၂၀၀၇ မှာ မလှုပ်ရှားနိုင်ခဲ့ဘူး။ တညီတညွတ်တည်း မစဉ်းစားနိုင်ခဲ့ကြဘူး။ ပါတီရဲ့ ဦးဆောင်မှုက အားနည်းတော့ လူထုကလည်း လိုက်ပါသင့်သလောက် မပါလာတော့ဘူး။ အင်န်အယ်ဒီက အမတ်တွေက သီးခြားဝင်ရောက် လှုပ်ရှားလာကြရတယ်။ တော်တော်များများ ရှိတယ်။ သို့သော် မဖြစ်ခဲ့ဘူး။ အံတုဖို့ မလုပ်ချင်ဘူး။ စိုးရိမ်မှုတွေ၊ ကြောက်ရွံ့တဲ့ သဘောထားတွေက အားကောင်းခဲ့တယ် ပေါ့ကွာ။ အဲသည်မှာ ဒေါ်အောင်ဆန်းစုကြည်က သူလုပ်နိုင်တဲ့ အတိုင်းအတာနဲ့တော့ သူ ထွက်ပြီး ရပ်တည်ခဲ့တယ်။ ခြံထဲက ထွက်လာပြီး သပိတ်မှောက်သံဃာတော်တွေကို ရှိခိုးတယ်။ သူ့အိမ်ရှေ့ကို ရောက်လာတဲ့ သံဃာတော်တွေ၊ ပြည်သူတွေရဲ့ တောင်းဆိုချက်ကို အတတ်နိုင်ဆုံး လိုက်နာမှုပြသခဲ့တယ် လို့ ဆိုနိုင်တယ်။ ဒါကိုလည်း နည်းပညာတွေ ဆက်သွယ်ရေးတွေ ကောင်းလို့ ကမ္ဘာက မျက်မြင်သက်သေဖြစ်သွားရတာလည်း အရေးကြီးတဲ့ အချက်ပဲနော်။ အဲသည်လိုမျိုး လူတွေက မြင်နေရတာတောင်မှ ပါတီက ရှေ့တန်း မထွက်နိုင်ခဲ့ဘူး။ ပါတီရဲ့ ခေါင်းဆောင်ပိုင်းက သူတို့ ဆုပ်ကိုင်ထားတဲ့ ရပ်တည်ချက်နဲ့ ကွဲလွဲတဲ့ အရေးအခင်းကို လက်မခံနိုင်ခဲ့ဘူး။ အဲလိုပြောချင်တယ်။" လို့ ဆရာက ပြောကြားပါတယ်။
အဲသည်မှာ ဆရာ့ကို ဆက်ပြီး ဆွေးနွေးမိတာက ၂၀၀၇ အရေးအခင်းမှာ စစ်အစိုးရက သံဃာနဲ့ လူထုကို အကြမ်းဖက်ပြီး ရက်ရက်စက်စက် နှိမ်နှင်းပစ်ခဲ့တယ်။ အဲဒါပြီး မကြာဘူး၊ ၂၀၀၈ အခြေခံဥပဒေကို အတည်ပြုဖို့ ကြိုးစားတယ်။ အဲသည်မှာ ပြည်သူလူထုနဲ့ အင်န်အယ်ဒီပါတီကြားမှာ ကွာဟချက်က ထင်ရှားနေတဲ့အတွက်၊ ဒါ့အပြင် အင်န်အယ်ဒီပါတီကလည်း ထင်ရှားတဲ့ ဆုံးဖြတ်ချက်တခုချမှတ်ပြီးတော့ ပြည်သူလူထုကို ဦးဆောင်မှုမပေးနိုင်တဲ့အတွက် စစ်အစိုးရက နည်းမျိုးစုံ သုံးပြီးတော့ သူတို့ရဲ့ အခြေခံဥပဒေကို အတည်ပြုဖို့ ကြိုးစားတဲ့အခါမှာ ပြင်းပြင်းထန်ထန် ဝေဖန်မှုတွေကို ပါတီက မထုတ်ပြန်နိုင်ခဲ့ဘူး ဆိုတဲ့ အချက်ကို ပြောမိပါတယ်။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်ကတော့ သူလုပ်နိုင်တဲ့ အတိုင်းအတာထဲက ၂၀၀၈ အခြေခံဥပဒေဆန္ဒခံယူပွဲမှာ သူ့အနေနဲ့ ကန့်ကွက်မဲပေးခဲ့တယ်လို့ သိရတဲ့အကြောင်း ပြောပြမိပါတယ်။
"၂၀၀၈ အခြေခံဥပဒေမှာ အားလုံးက အဓိကအဆုံးအဖြတ်ပေးရမယ့် အင်န်အယ်ဒီပါတီရဲ့ ခေါင်းဆောင်မှုကို ၀ိုင်းကြည့်နေကြတာ၊ ၀ိုင်းပြီးတော့ စောင့်ကြည့်နေကြတာ ဖြစ်တယ်။ အဲဒီမှာလည်း ခုနင်က ပြောပြီးဖြစ်တဲ့ ပါတီ ရှင်သန်ရေးက အရေးကြီးတယ်၊ စစ်အစိုးရနဲ့လည်း အတိုက်အခံအဖြစ်မခံနိုင်ဘူးဆိုတဲ့ အယူအဆတွေ အားကောင်းနေတာတွေကြောင့် ဒီလိုပဲ ဖြစ်ခဲ့ရတယ်လို့ ပြောချင်ပါတယ်။" လို့ ဆရာ ဦးဝင်းတင်က မှတ်ချက်ပေးပါတယ်။
အဲသည်နောက် ၂၀၀၈ စက်တင်ဘာမှာ ဆရာဦးဝင်းတင် ထောင်က လွတ်မြောက်လာပါတယ်။ ထောင်က၊ အစိုးရက သူ့ကို လွှတ်ပေးလိုက်တာပါ။ သူကတော့ အဲသည်ကတည်းက နိုင်ငံရေးအကျဉ်းသားတဦး၊ ထောင်သားတဦးလို့ ရပ်တည်နေဆဲပါပဲ။ အဲသည်အတွက် ထောင်ဝတ်စုံ ရှပ်အက်ျီအပြာကြီးကို ဆက်လက် ၀တ်ဆင်နေဆဲပဲ ဖြစ်ပါတယ်။ ဆရာလွတ်မြောက်လာပြီးနောက် အင်န်အယ်ဒီပါတီမှာ ဆရာက မူလအတိုင်း ပါတီဝင်တဦး၊ ခေါင်းဆောင်တဦးအနေနဲ့ ဆက်လက်ရပ်တည် လှုပ်ရှားလာခဲ့တာကြောင့် ပါတီရဲ့ ခေါင်းဆောင်မှုနဲ့ ဆရာနဲ့ ကြားမှာ ဘယ်လို နားလည်မှုတွေ တည်ဆောက်ခဲ့ကြသလဲ ဆိုတာကို မေးဖြစ်ပါတယ်။
"ကျနော် ထောင်က ထွက်လာတယ်။ ထွက်ပြီး ၂ ရက် ၃ ရက်အတွင်းမှာ ဦးအောင်ရွှေ ကိုယ်တိုင်က လာရောက်ဖိတ်ခေါ်တယ်။ ပါတီမှာ မူလအတိုင်း ဆက်လက်ဆောင်ရွက်ကြဖို့။ ကျနော်က စီအီးစီတာဝန်တွေ၊ ရာထူးတွေက အသာထားလိုက်ပါ။ မလိုပါဘူး။ ကျနော်က ပါတီမှာ လုပ်စရာရှိတာနဲ့  နိုင်ငံရေးတွေ ဆက်လုပ်မယ်။ ပါတီအင်အားတောင့်လာအောင် ဆက်လုပ်မယ်။ စီအာရ်ပီပီ - ပြည်သူ့လွှတ်တော်ကိုယ်စားပြုအဖွဲ့နဲ့ ဆက်လုပ်မယ်။ သည်လိုမျိုး သဘောထားပေးလိုက်တယ်။ နောက်ပြီးတော့ ကျနော်က ဦးအောင်ရွှေတို့ကို မေတ္တာရပ်ခံတာက ပါတီတွင်း အရေးယူတာတွေကို ပြန်ပြီး စဉ်းစားကြပါ။ စည်းကမ်းထိန်းသိမ်းရေးအရ၊ လုပ်ငန်းစဉ်၊ မူဝါဒတွေကို ဆန့်ကျင်လို့ အရေးယူတာတွေကို ယူပါ။ သို့သော် ပါတီဝင်တွေကို ပြင်းပြင်းထန်ထန်ကြီး အရေးယူတယ်ဆိုတာ၊ ဖယ်ရှားတယ်ဆိုတာမျိုးတွေ မလုပ်ကြပါနဲ့။ ရန်သူတယောက်လိုမျိုး အရေးမယူပါနဲ့။ အဲသည်လိုမျိုး မေတ္တာရပ်ခံပါတယ်။"
ဆရာက ဆက်လက်ပြီး ဥပမာ ပေးရာမှာ -
" ပါတီဝင်တဦးက တာဝန်က ချတယ်။ တနှစ် အရေးယူတယ်။ ရပါတယ်။ ထားပါ။ သို့သော် သူ့ကို ပါတီက ပြန်လည် ထူထောင်ခွင့်၊ ပြန်လည်တည်ဆောက်ခွင့်တွေ ပေးရမယ်။ ပြန်ပြီးတော့ မိတ်ဆွေတွေ အချင်းချင်း လက်တွဲညှိနှိုင်းမှုတွေ ပြုကြရမယ်။ ကျနော်တို့ ပါတီတွင်းမှာ အာဏာရှင်ဆန်တဲ့အရေးယူမှုမျိုးအစား အားလုံးအတူတကွ ညှိညှိနှိုင်းနှိုင်း ဆွေးနွေး သင့်မြတ်မှုတွေနဲ့ တည်ဆောက်ကြဖို့ကို ကျနော်က မေတ္တာရပ်ခံပါတယ်။ နောက်ပိုင်းမှာ အဲသည်လိုမျိုး ပြေပြေလည်လည်တွေ ဖြစ်လာပါတယ်။ ၂၀၀၈ နောက်ပိုင်းမှာ အရေးယူမှုတွေ မရှိတော့ဘူးလားလို့တော့ မဟုတ်ဘူး။ ရှိတာပါပဲ။ အရေးယူတာတော့ ရှိပါတယ်။ ပါတီက ဖယ်ရှားတာတို့၊ ထုတ်ပယ်တာတို့မျိုးတွေ မရှိတော့ဘူးလို့ ပြောချင်ပါတယ်။"
၂၀၀၈ နှောင်းပိုင်းက စတင်ပြီး ဆရာဦးဝင်းတင် အကျဉ်းထောင်က လွတ်မြောက်လာပြီးတဲ့နောက် ပါတီတည်ဆောက်ရေးအတွက် ဘယ်လိုခြေလှမ်းတွေ၊ တိုးတက်မှုတွေ ထင်ရှားလာတာတွေ ရှိပါသလဲဆိုတဲ့ မေးခွန်းကို ပြန်လည် ဖြေကြားရာမှာ -
"ကျနော်လွတ်လာပြီးနောက် နှစ်ကုန်ပိုင်းမှာ အကျဉ်းသား ၆ ထောင်ကျော်ကို စစ်အစိုးရ လွှတ်ပေးပြန်ပါတယ်။ အဲသည်မှာ နိုင်ငံရေးအကျဉ်းသား ၁၀၀ ကျော် ပါတယ်။ အဲသည်မှာ ပါတီဝင်ရဲဘော်တွေကို ပြန်လည် ဖိတ်ခေါ်ခဲ့ကြတယ်။ ပြန်ပြီးလက်တွဲကြဖို့ကို လိုက်လံပြောဆိုကြတယ်။ ပါတီရဲ့ ခေါင်းဆောင်မှုမှာ သဘောထားပြောင်းလာတဲ့သဘောကို ထုတ်ဖော်ပြသ ဆောင်ရွက်ကြပါတယ်။ ယုံကြည်မှုအားနည်းနေသေးတဲ့အတွက် အကုန်အစင် အောင်မြင်တယ်လို့တော့ မဆိုနိုင်ပါဘူး။ နောက်ပြီးတော့ ပါတီကနေ ခပ်ခွာခွာနေပြီးတော့ သီးခြား စုဖွဲ့ လှုပ်ရှားမှုတွေကလည်း သူ့ဟာနဲသူ အားကောင်းနေတာတွေ ရှိတယ်။ ကျယ်ပြန့်လာတာတွေကိုလည်း အဲသည်တုန်းက တွေ့နေရတယ်။ နော်အုံးလှတို့ အင်္ဂါဆုတောင်းအဖွဲ့ဟာ မြို့နယ်တွေ အနှံ့ပြန့်လာတယ်။ ဗိုလ်မှုးမောင်အေးဆိုရင် နိုင်ငံရေးစာတမ်းတွေ ရေးတယ်၊ တင်သွင်းတာတွေ လုပ်နေတယ်။ ဒါတွေ သူ့ဟာနဲ့သူ ရှိနေတယ်။" လို့ ဆရာက ဖြေပါတယ်။
သို့သော်လည်း အဲသည်လိုမျိုး ပါတီမှာ ယုံကြည်မှုတည်ဆောက်ဖို့ကာလက အေးအေးဆေးဆေးရှိတဲ့ ကာလမဟုတ်သော်ငြား၊ အင်န်အယ်ဒီပါတီက ၂၀၀၉ ဧပြီမှာ ရွှေဂုံတိုင်ကြေငြာစာတမ်းကို ထုတ်ပြန်နိုင်ခဲ့ပါတယ်။ ၂၀၀၈ အခြေခံဥပဒေကို ပြန်လည်ဆွေးနွေးဖို့၊ ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုကြဖို့၊ နိုင်ငံရေးအကျဉ်းသားတွေ ဒေါ်စုအပါအ၀င် ပြန်လည် လွှတ်ပေးကြဖို့၊ စစ်အစိုးရနဲ့ အတိုက်အခံအင်အားစုတွေ တွေ့ဆုံဆွေးနွေးအဖြေရှာကြဖို့ကို မီးမောင်းထိုး တောင်းဆိုပြနိုင်ခဲ့တာကို တွေ့နိုင်ပါတယ်။ အဲသည်ဆောင်ရွက်ချက်တွေကြောင့် အင်န်အယ်ဒီကို ပြည်သူတွေက ယုံကြည်မှုပြန်လည်ရရှိမယ်လို့ မျှော်လင့်ချက် ရောင်ခြည်သန်းမယ် မကြံသေးခင်မှာပဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အိမ်ထဲကို အမေရိကန်နိုင်ငံသား ယက်တော ခိုးဝင် ကျုးကျော်ဖို့ ကြံစည်တဲ့ အမှုအခင်းဖြစ်ပွားပါတော့တယ်။ အဲသည်မှာ အင်န်အယ်ဒီပါတီက ဘယ်လိုမျိုး ဒေါ်အောင်ဆန်းစုကြည်အတွက်၊ ပါတီအတွက် ရင်ဆိုင် ဖြေရှင်းကြသလဲဆိုတဲ့ မေးခွန်း မေးစရာ ဖြစ်လာပါတယ်။ ဦးဝင်းတင်က ပြန်လည် ဖြေကြားရာမှာ -
"အဲသည်အရေးကိစ္စဖြစ်တဲ့အခါကျတော့ ပါတီရဲ့ ခေါင်းဆောင်မှုက အရင်တုံးကလို ပြန်ဖြစ်သွားတယ်။ ပါတီက စစ်အစိုးရနဲ့ ထိပ်တိုက်မရင်ဆိုင်လိုဘူး။ စစ်အစိုးရခွင့်ပြုထားတဲ့အတိုင်း တရားရုံးထဲမှာ သွားရင်ဆိုင်ကြမယ်။ သည်လို ဖြစ်လာတယ်။ အဲသည်မှာ ကျနော်က အင်းစိန်ထောင်ရှေ့မှာ ကျနော့်သဘောနဲ့ကျနော် ဒေါ်အောင်ဆန်းစုကြည်အတွက် မိမိဆန္ဒကို ဖော်ထုတ်တဲ့ အနေနဲ့ သွားပြီး ထိုင်တယ်။ အနီးဆုံး လမ်းဘေးမှာ သွားထိုင်တယ်။ ကျနော်နဲ့အတူ မိတ်ဆွေတွေ၊ ပါတီဝင်တွေကလည်း မိမိသဘောနဲ့ မိမိ လိုက်ပါလာကြတယ်။ ပါတီရဲ့ ခေါင်းဆောင်ပိုင်းက ဘာပြောသလဲဆိုတော့ ပါတီခေါင်းဆောင်တဦးက လမ်းဘေးမှာ သွားပြီး မထိုင်သင့်ဘူး။ နောက်ပြီးတော့ ပါတီရဲ့ အစုအဖွဲ့တွေဖြစ်တဲ့ လူငယ်တို့၊ အမျိုးသမီးတို့ကလည်း မသွားရဘူး။ ဒါမျိုးဖြစ်လာတယ်။"
လို့ ဆရာက ပြောပြပါတယ်။ အဲသည်အချိန်က ပြည်သူလူထုရဲ့ အခမ်းကဏ္ဍကို မေးကြည့်တဲ့အခါမှာ ဆရာက .
" လူတွေက လာနေတာပဲ။ ပါတီဝင်တွေကလည်း အဝေးကြီးကနေ လာကြတယ်။ ဘုန်းကြီးတွေလည်း လာကြတယ်။ ဈေးထဲကလူတွေက မုန့်တွေ ကျွေးတယ်။ ရေတွေ တိုက်ကြတယ်။ ကြံဖွံ့တွေက ငါတို့နား တံပျက်စည်းတွေ လာလှဲကြတယ်။ မျက်နှာတွေကို သဲတွေနဲ့ ပက်နေတဲ့ အတိုင်းပဲ။ မျက်နှာတွေ ကာထားရတယ်။ ရဲတွေ၊ မီးသတ်တွေက ငါတို့ရှေ့မှာ လာပိတ်တယ်။ နေရာလာလုတယ်။ အဲသည်ကြားထဲက ဆန္ဒထုတ်ဖော်ပြသရတာ ဖြစ်တယ်။ ငါက ပြောတယ်။ ဆန္ဒထုတ်ဖော်ခြင်းဆိုတာဟာ ပြည်သူတွေနဲ့ ပါတီက ဒေါ်အောင်ဆန်းစုကြည်နဲ့ တသားတည်း တသွေးတည်း ရှိတယ်ဆိုတာကို ထုတ်ဖော်ပြသတာ။ စည်းလုံးညီညွတ်တယ် ဆိုတာကို ထုတ်ဖော်ပြသတာ။ အဲသည်လိုမျိုး။ အဲသည်မှာ ပါတီနဲ့ လူထုဟာ နီးစပ်သွားတာပဲ။ လူထုနဲ့ ထိတွေ့တဲ့ အလေ့အထတခုကို ထုတ်ဖော်ပြသတဲ့ သဘောဖြစ်သွားတယ်။" လို့ ဖြေကြားပါတယ်။
အဲသည် ၂၀၀၉ မေလက စတင်တဲ့ ယက်တောအမှုအခင်းကိစ္စမှာ ဆရာဦးဝင်းတင်က ဆန္ဒပြဖို့ ဆူပူလှုံဆော်ဖို့ ကြံစည်ခဲ့တာ မဟုတ်ဘူးလား။ အဲသလိုမျိုး ပြင်ဆင်ခဲ့တာ မဟုတ်ဘူးလားလို့ မေးမိတော့ ဆရာက သည်လို ဖြေကြားပါတယ်။
" အဲဒီမှာ ကျနော့်ကို စွတ်စွဲကြတာက ၈၈ အရေးတော်ပုံကာလတုံးက ကျနော်တို့စာနယ်ဇင်းသမားတွေ ထုတ်ခဲ့တဲ့စာစောင် "ဆန္ဒဖော်သံ" ဆိုလား မသိဘူး၊ ရှိဖူးတယ်။ ကျနော်က အရေးတော်ပုံလေသံပစ်တယ်ပေါ့ဗျာ။ အဲသလိုမျိုး ကျနော့်ကို ပြောဆိုကြတယ်။ ဒါကတော့ ပါတီရှင်သန်ရေးဆိုတဲ့ အသံက ကြားရတဲ့သူတွေအတွက် နားဝင်ချိုတယ်ပေါ့ဗျာ။ နောက်ကွယ်က စစ်အစိုးရရဲ့ အငြိုအငြင်မခံနိုင်လို့၊ အာမခံနိုင်လို့ ဆိုတာကို ၀န်ခံလိုက်တာထက် ပါတီရှင်သန်ရေးလို့ ပြောလိုက်တာ၊ ဆင်ခြေပေးလိုက်တာက လူကြားလို့ကောင်း၊ လက်ခံချင်စရာ ကောင်းသလိုဖြစ်နေတယ်။ တကယ်က လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ခွဲခြားပစ်လိုက်တဲ့သဘော၊ ကန့်သတ်ပစ်လိုက်တဲ့သဘောဖြစ်သွားတယ်။ နောက်ပြီးတော့ ကိုကျော်ညွန့်ဆိုတဲ့ ပြည်သူတဦးက မခံမရပ်နိုင်ဖြစ်လွန်းလို့ ဆန္ဒပြတဲ့အထိ ဖြစ်ခဲ့တယ်။ ကျနော်နဲ့ ၂ ခါလောက် ဆုံပါတယ်။ ကျနော်က တားပါတယ်။ ကျနော်တို့ ဆန္ဒဖော်ထုတ်ပြသကြမယ်။ ဒီသဘောကိုပဲ ရှင်းပြတယ်။ မရဘူး။ သူက မခံမရပ်နိုင်ဖြစ်လွန်းတော့ တဦးချင်းထွက်ပြီး ဆန္ဒပြတော့တာပဲ။ ဒါမျိုးတွေ ရှိတယ်" လို့ ပြောပြပါတယ်။
အဲသည်လိုမျိုး ၂၀၀၈ နဲ့ ၂၀၀၉ ၂ နှစ် လုံးလုံးမှာ လူထုနဲ့ မနီးစပ်နိုင်၊ ပါတီဝင်အချင်းချင်း နားလည်မှု အင်အားတွေ တောင့်တင်းအောင် ထိထိရောက်ရောက် မလုပ်နိုင်ခဲ့တဲ့ ပါတီက ၂၀၁၀ မှာ စစ်အစိုးရရဲ့ ရာဇသံဖြစ်တဲ့ ၂၀၀၈ အခြေခံဥပဒေကို ထောက်ခံ၊ ၂၀၁၀ ရွေးကောက်ပွဲဥပဒေကို လိုက်နာပြီး ပါတီကို မှတ်ပုံတင်ဆိုတဲ့ တောင်းဆိုချက်ကို ပြတ်ပြတ်သားသား ပယ်ချနိုင်ခဲ့တာနဲ့ ပတ်သက်ပြီး ပါတီက ဘယ်လိုမျိုး အသွင်ပြောင်းလာလို့လဲလို့ မေးခွန်းထုတ်ဖြစ်ပါတယ်။
"ဒါတွေကတော့ စစ်အစိုးရနဲ့ တရားရင်ဆိုင်နေရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စံနမူနာကို ယူပြီးတော့ ပါတီဝင်တွေကော၊ ပြည်သူလူထုကပါ အမြင်ရှင်းလာတယ်လို့ မြင်ပါတယ်။ ၂၀၀၉ နှစ်ကုန်ကနေပြီးတော့ ၂၀၁၀ နှစ်ဆန်းက စပြီးတော့ အင်န်အယ်ဒီပါတီဟာ Reform ကို လုပ်လာခဲ့တယ်။
အဲသည်လို လုပ်ဖြစ်တာကလည်းဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ကလည်း အကျယ်ချုပ်ပြန်လည်ကျခံနေရသည့်ကြားက ဦးသန်းရွှေဆီ စာပို့တဲ့ဆီမှာ - တိုင်းပြည်ရဲ့ အကျိုးရှိရာအကြောင်းတွေကိုပဲ ဆွေးနွေးလိုပါတယ်။ ပါတီက အသက်ကြီးနေပြီ ဖြစ်တဲ့ လူကြီးတွေကို ကန်တော့ချင်တယ်။ ပြီးတော့ ပါတီရဲ့ စီအီးစီတွေနဲ့လည်း တွေ့ချင်တယ်လို့ မေတ္တာရပ်ခံခဲ့တယ်။ နောက် စစ်အစိုးရက စီစဉ်ပေးလို့ အင်န်အယ်ဒီက စီအီးစီက လူကြီး ၃ ဦးနဲ့ တွေ့တဲ့အခါမှာ ဒေါ်အောင်ဆန်းစုကြည်က ပါတီဟာ ပြန်လည် ဖွဲ့စည်းကြဖို့၊ ပြန်လည် ပြုပြင်ကြဖို့ အချိန်ကျပြီလို့ ယူဆတယ်လို့ ထင်မြင်ချက်ပေးပါတယ်။ အဲသည်အချက်ပေါ်မူတည်ပြီးတော့ ပါတီတွင်းမှာလည်း ဆွေးနွေးမှု၊ ငြင်းခုန်မှုတွေ ဖြစ်ခဲ့ပါသေးတယ်"
လို့ ဆရာက ဖြေပါတယ်။
အဲသည်မှာ မိုးမခက ၀င်ရောက် ဖြည့်စွက်ရာမှာ - အဲသည်တွေ့ဆုံကန်တော့ပွဲမှာ ဒေါ်စုက ပါတီပြန်လည်ပြင်ဆင်ဖွဲ့စည်းကြဖို့ မှာကြောင်း ဦးလွင်က ထုတ်ဖော်ပြောဆိုတယ်။ မီဒီယာများက တဆင့်။ သို့သော် ကျန်တဲ့ လူကြီး ၂ ဦးဖြစ်တဲ့ ဦးအောင်ရွှေနဲ့ ဦးလွန်းတင်တို့က စီအီးစီကို စာထုတ်ပြန်ပြီးတော့ ငြင်းခဲ့ပါတယ်။ အဲသည်အကြောင်းအရာက အချိန်အနည်းငယ်ကြာ အေးသွားခဲ့ပြီးမှ ၂၀၀၉ ဒီဇင်ဘာမှာ ဦးဉာဏ်ဝင်းနဲ့ ဦးဝင်းတင်ကတဆင့် ပြန်လည် လှုပ်ရှားမှုတွေ ဖြစ်လာတယ်လို့ ထင်တဲ့အကြောင်းကို ဆရာ့ကို မှတ်ချက်ပေးတော့ ဆရာက ပြောကြားရာမှာ -
"ဟုတ်ပါတယ်။ နောက်ပိုင်းမှာ Reform ကိစ္စက ဦးဉာဏ်ဝင်းက တဆင့် ကျနော့်ဆီကို ရောက်လာတယ်။ ကျနော်နားလည်တာကလည်း ဒေါ်အောင်ဆန်းစုကြည်ဟာ ပါတီကို ဦးဆောင်ရာမှာ၊ သဘောထားပေးရာမှာ အာဏာရှင်မဆန်ဘူး။ ဂရုလည်း စိုက်ပါတယ်။ သူလုပ်ချင်တာကို လူတွေ လိုက်နာခြင်း၊ မလိုက်နာခြင်းကို စောင့်ကြည့်နေပုံရပါတယ်။ အများသဘောကို လေးစား၊ အနည်းစုကိုလည်း နားထောင်ပြီး အစုအဖွဲ့နဲ့အတူ လုပ်ကိုင်တဲ့သဘောပါပဲ။ ဒါကြောင့် ကျနော်ကလည်း စီအီးစီတွေအားလုံး - ဦးအောင်ရွှေ၊ ဦးလွင်၊ ဦးလွန်းတင်အပါအ၀င် အားလုံးနဲ့ တင်ပြဆွေးနွေးပြီး အများလက်ခံအောင် ဆွေးနွေးပြီး သဘောတူကြလို့ ၂၀၁၀ နှစ်ဆန်းက စလို့ စီအီးစီတွေ၊ စီစီတွေစတဲ့ အစုအဖွဲ့တွေ ပေါ်ပေါက်လာကြတာ ဖြစ်ပါတယ်။"
          အဲသည်လိုမျိုး စီအီးစီတွေ၊ စီစီတွေ တိုးချဲ့ဖွဲ့စည်းလိုက်ပြီးတဲ့နောက်မှာ အားလုံးသိကြတဲ့အတိုင်း စစ်အစိုးရက ၎င်းတို့စိတ်တိုင်းကျ ချုပ်ချယ်ကန့်သတ်မှုတွေ အပြည့်နဲ့ ၂၀၁၀ ရွေးကောက်ပွဲဥပဒေတွေ ထုတ်ပြန်ပြီး ၎င်းတို့ရဲ့ ရွေးကောက်ပွဲအသစ်တခုကို ပြန်စဖို့ ခြေလှမ်း တိုးလိုက်ပါတော့တယ်။ အဲသည်အခါကျတော့လည်း အင်န်အယ်ဒီပါတီရဲ့ ဓာတ်ပြားဟောင်းကြီးဖြစ်တဲ့ ပါတီရှင်သန်ရေးနဲ့ စစ်အစိုးရကို အာမခံရေးဖက်က အသံတွေ၊ လှုပ်ရှားမှုတွေ ပြန်လည် ပေါ်ပေါက်လာခဲ့ပြန်တာပါပဲ။
သို့သော်လည်း သည်တကြိမ်မှာတော့ဖြင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှင်းလင်းပြတ်သားတဲ့ သင်္ကေတစကား (ဗူးသီး)၊ ပြီးတော့ ဒေါ်စုရဲ့ အာဏာရှင်မဆန်ဘဲ ဒီမိုကရေစီဆန်တဲ့ အမှာစကား (သူ့အနေနဲ့တော့ ပါတီကို မှတ်ပုံမတင်လို၊ သို့သော်ပါတီ ဆုံးဖြတ်ချက်ကို လိုက်နာမည်)၊ ပါတီဝင် ခေါင်းဆောင်များ၊ လူငယ်များ၊ အမျိုးသမီးများရဲ့ ရဲရင့်တဲ့ ဆုံးဖြတ်ချက်၊ ပြန်ကြားရေးတာဝန်ခံများနဲ့ ပါတီခေါင်းဆောင်အသီးသီးထံက (ဦးဝင်းတင်၊ ဦးခင်မောင်ဆွေ၊ ဦးဉာဏ်ဝင်း တို့အပါအ၀င်) လျို့ဝှက် မျိုသိပ်ခြင်းမရှိတဲ့ ပွင့်လင်းသော သဘောထားပြန်ကြားချက်များကို မြန်မာပြည်သူလူထုကိုယ်တိုင်ကပါ တလေးတစား အားပေးထောက်ခံမှုများပါဝင်လာတဲ့နောက်မှာ ၂၀၁၀ မတ် ၂၉ ပါတီရဲ့ ဆုံးဖြတ်ချက်ကို ချမှတ်နိုင်ခဲ့တာ ဖြစ်တယ်လို့ ထင်မြင်ယူဆမိပါကြောင်း၊ အဲသည်ရဲ့နောက် အင်န်အယ်ဒီပါတီရဲ့ အချိုးအကွေ့ကို ဘယ်လိုမျိုး ဆရာဦးဝင်းတင်အနေနဲ့ မှတ်ချက်ပေးလိုကြောင်း မေးမြန်းပါတယ်။
"အခု တောက်လျောက် ပြောဆိုဆွေးနွေးခဲ့ကြတဲ့ ပါတီရဲ့ လမ်းကြောင်းတလျှောက်လုံးကို ကြည့်ပြီးတော့ အခု အခြေအနေကို နှိုင်းယှဉ်လိုက်မယ်ဆိုရင် - တိုတိုကတော့ ပါတီဟာ အရင်တုံးကလိုမျိုး အာဏာရှင်ဆန်တဲ့ အပြုအမူတွေနဲ့ ကျင့်သားရနေရာကနေပြီး အခုချိန်ကစလို့ ဒီမိုကရေစီဆန်တဲ့ အပြုအမူတွေကို ပြောင်းလဲ ကျင့်သုံးရပ်တည်လာတာ ဖြစ်တယ်။ ပါတီဝင်နဲ့ ပြည်သူတွေအချင်းချင်းမှာ ကိုယ့်နဲ့မတူ ကိုယ့်ရန်သူလိုသဘောထားတာမျိုးကနေ မိတ်ဆွေတွေလိုမျိုး ဆက်ဆံမှု၊ အပြုသဘောပို ဖြစ်လာကြတယ်။
ဒီထက် တဆင့်တက်ပြီးပြောရရင် - အခု ပါတီကို မှတ်ပုံမတင်ဘူးလို့ ဆုံးဖြတ်လိုက်တဲ့နောက်မှာ နဂိုက အရင်ရှိနှင့်နေတဲ့ ခေါင်းဆောင်မှုတွေ၊ ဗဟိုဦးစီးမှုတွေ ပျက်ပြယ်သွားတာမဟုတ်သော်ငြား၊ ဒါတွေက မှေးမှိန်သွားပြီ။ စုဖွဲ့မှုတွေ ပြောင်းလဲသွားပြီ ဆိုတဲ့ သဘောဖြစ်သွားပါတယ်။ အရင်တုံးကလို ပါတီခေါင်းဆောင်တွေက တပိုင်း၊ ပါတီဘေးရောက်နေတဲ့ အစုအဖွဲ့တွေက တပိုင်း မဟုတ်တော့ဘဲ ရပ်ကွက်၊ ကျေးရွာ၊ မြို့နယ်၊ တိုင်းကနေ ဌာနချုပ်အထိ စည်းတွေ ခြားထားတာတွေ လျော့ကျသွားတယ်လို့ မြင်ရမှာ ဖြစ်ပါတယ်။ အားလုံးက အတူတကွ စုဝေးပြီး တိုင်ပင်ဆွေးနွေး ဖြေရှင်းလုပ်ကိုင်ကြဖို့ လမ်းတွေ၊ အမြင်တွေ ပွင့်သွားတဲ့ သဘောလို့ မြင်ပါတယ်။
အရင်က ကြွေးကြော်ခဲ့တဲ့ ပါတီရှင်သန်ရေး ကနေပြီးတော့ ကျနော်တို့တတွေက နိုင်ငံရေး ရှင်သန်ရေး၊ အရေးတော်ပုံ ရှင်သန်ရေး နဲ့ ဒီမိုကရေစီလိုလားတဲ့ လူထုရှင်သန်ရေးကို ရပ်တည်လိုက်တာဖြစ်တယ်လို့ ပြောချင်ပါတယ်။ အဲသည်အတိုင်းရပ်တည်လိုက်တဲ့အတွက် ပါတီဟာ ပြည်သူလူထုနဲ့ တသားတည်းမှာ အတူ ရှင်သန်နေမှာ ဖြစ်ပါတယ်။ အင်န်အယ်ဒီ ဆိုတဲ့ ဒီ/ချုပ်မှာ ဆိုရင် မိတ်ဆွေဟောင်း၊ မိတ်ဆွေသစ်တွေ အပြင်၊ အင်အားသစ်တွေ၊ မျိုးဆက်သစ်တွေရဲ့ အဖိုးတန်တဲ့ သယံဇာတတွေ - ဒီ/လှုပ်တွေ တိုးတက်လာတော့မယ်လို့ မြင်ပါတယ်။ အဲသည်လိုမျိုး ဆက်လက် ချီတက်ကြရမှာ ဖြစ်တယ်" လို့ ဆရာက ဖြေကြားပါတယ်။
နောက်ဆုံးအနေနဲ့ အင်န်အယ်ဒီပါတီနဲ့ ပါတီဝင်များ၊ ခေါင်းဆောင်များရဲ့ အခုလိုမျိုး ဆက်လက်ရပ်တည်ပြီး လျောက်လှမ်းသွားမယ့် လမ်းကြောင်းမှာ မလိုက်ပါလိုသူများ၊ လက်တွဲဖြုတ်လိုသူများနဲ့ ပတ်သက်ပြီး ဘယ်လိုမျိုး သဘောထားသလဲဆိုတာကို မေးမြန်းခဲ့ပါတယ်။
"၂၀၀၈ အခြေခံဥပဒေရဲ့ ဘောင်အတွင်းကနေပြီးတော့ ကျနော်တို့ကတော့ မရှင်သန်နိုင်ဘူး။ တချို့ကတော့ အဲသည်ဥပဒေဘောင်အတွင်းကနေ ရှင်သန်မယ်လို့ စဉ်းစားချင် စဉ်းစားကြလိမ့်မယ်။ အဲသည် ဥပဒေဘောင်အတွင်းက ဥပဒေလမ်းကြောင်းက ၀င်ချင်သူတွေလည်း ရှိနိုင်တာပါပဲ။ ဥပမာ ရှိတဲ့ လူ ၁၀ ဦးမှာ ၃ ဦးလောက်က ရွေ့သွားနိုင်ပါတယ်။ ပါတီရဲ့ ရပ်တည်ချက်က အစုအဖွဲ့ပုံစံ ပြောင်းသွားပြီဖြစ်တဲ့အတွက် ဒါမျိုးတွေလည်း ရင်ဆိုင်ရနိုင်တယ်ဆိုတာ စဉ်းစားထားရပါမယ်" လို့ ဦးဝင်းတင်က ဖြေကြားသွားပါတယ်။
ဆရာဦးဝင်းတင်နဲ့ အခါအခွင့်သင့်သလို မေးမြန်းမိတဲ့ မေးခွန်းတွေကို ဆက်လက်တင်ပြပါဦးမယ်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

အာဏာလမ်းဝပေါ်က ပထမဆုံးနေ့များ
ဂါမဏိ
ရှုခင်း

အတိုက်အခံပါတီကြီးဟာ ရွေးကောက်ပွဲမှာ ရှင်းရှင်းလင်းလင်း အနိုင်ရခဲ့ပေမယ့် အာဏာရှင်တွေဟာ တော် တော်နဲ့ ရွေးကောက်ပွဲရလဒ်ကို မထုတ်ပြန်ပေးဘဲ နောက်ဆုံးမှာ မလွှဲသာလို့ ထုတ်ပြန်လိုက်ရပြီးနောက် ဒီရွေး ကောက်ပွဲဟာ အာဏာလွှဲမပေးလောက်သေးဘူး၊ နောက်ထပ် ရွေးကောက်ပွဲသစ်လုပ်ဖို့ လိုတယ်ဆိုပြီး ရွေး ကောက်ပွဲ ထပ်လုပ်ခဲ့ပါတယ်။ အာဏာရှင်ကြီးဟာ ရွေးကောက်ပွဲအသစ်မှာတော့ သေချာပေါက်အနိုင်ရအောင် အဘက်ဘက်က ပြင်ဆင်ခဲ့ပါ တယ်။ ရွေးကောက်ပွဲသစ်အကြိုကာလမှာ အတိုက်အခံပါတီကြီးကိုလည်း အမျိုး မျိုး နှိပ်ကွပ် ညစ်ပတ် အကြမ်းဖက်ခဲ့ပါတယ်။ ဒါကြောင့် အတိုက်အခံပါတီကြီးဟာ နောက်ဆုံးမှာ ရွေးကောက် ပွဲသစ်ကို မဝင်ဖို့ ဆုံးဖြတ်လိုက်ရပါတော့တယ်။ အတိုက်အခံမရှိတဲ့ ရွေးကောက်ပွဲမှာ အာဏာရှင်ကြီးဟာ မဲ (၈၅) ရာခိုင်နှုန်းကျော်နဲ့ အနိုင်ရသွားပါတော့တယ်။

အတိုက်အခံပါတီကြီးဟာ ရွေးကောက်ပွဲမဝင်လိုက်တဲ့အတွက် နောက်ဆုံးနေ့များ ရောက်သွားပြီ၊ နိဂုံးချုပ်သွား ပြီလို့ အာဏာရှင်အောက်ဆွဲတွေက ဝမ်းသာအားရ လက်ခမောင်းခတ်ခဲ့ကြပါတယ်။ ဒါပေမယ့် ဒီပါတီကြီးဟာ မိမိမူလရပ်တည်ချက်ပေါ်မှာပဲ ခိုင်ခိုင်မာမာ ဆက်လက်တိုက်ပွဲဝင်ခဲ့တဲ့အတွက် ရွေးကောက်ပွဲသစ်ပြီးလို့ (၃) လအကြာမှာ အာဏာခွဲဝေရေးစာချုပ်ချုပ်နိုင်ခဲ့ပြီး နောက်ထပ် (၆) လအကြာမှာတော့ အာဏာရပါတီနဲ့ အ တိုက်အခံပါတီတို့ရဲ့ အမျိုးသားညီညွတ်ရေး(ညွန့်ပေါင်း)အစိုးရကို အောင်မြင်စွာဖွဲ့စည်းနိုင်ခဲ့တဲ့အတွက် ဒီမိုက ရေစီလမ်းကြောင်းပေါ် စတင်ခြေချနိုင်ခဲ့ပါတော့တယ်။

"အခုလည်း ဗမာပြည်မှာ NLD က ၂၀၁၀ ရွေးကောက်ပွဲအတွက် မှတ်ပုံမတင်ဖို့ ဆုံးဖြတ်လိုက်တဲ့အတွက် ဆုံးဖြတ်ချက် မှားသွားပြီ၊ ရက် (၆၀) ပြည့်ရင် နိုင်ငံရေးပါတီအဖြစ်က ပျက်ပြယ်သွားတော့မယ်၊ ပါတီတခုအဖြစ် ရပ်တည်နိုင်မယ့် နောက်ဆုံးနေ့တွေကို ရောက်နေပြီလို့ စစ်ကျွန်အလံရှူးတွေ၊ အာဏာရှင်ပွဲစားတွေက ဟောင်သံပေးနေကြပါတယ်။ ဒါပေမယ့် အာဖရိကတိုက်က ဇင်ဘာဘွေနိုင်ငံမှာ အခုလို ရွေးကောက်ပွဲမဝင်တာ လုံးဝမှန်သွားပြီး နောက်ဆုံးမှာ အာဏာရှင်က လျှော့ခဲ့ရတာ သာဓက အထင်အရှား ရှိနေပါတယ်"
ဖြစ်စဉ်

အခုဖော်ပြခဲ့တဲ့ မြင်ကွင်းဟာ အာဖရိကတိုက်က ဇင်ဘာဘွေနိုင်ငံမှာ ၂၀၀၈ ခုနှစ်က တကယ်ဖြစ်ခဲ့ပါတယ်။ အတိုက်အခံ MDC ပါတီခေါင်းဆောင် စဗန်ဂီရိုင်က အာဏာရှင် မူဂါဘီကို ၂၀၀၈ ခုနှစ် မတ် (၂၉) ရက် ရွေး ကောက်ပွဲမှာ အနိုင်ရခဲ့ပေမယ့် မူဂါဘီက မဲလိမ်ပြီး MDC ပါတီဟာ မဲ (၅၀) ရာခိုင်နှုန်းကျော်မရလို့ဆိုကာ ဒုတိ ယအချီ ရွေးကောက်ပွဲကို ၂၀၀၈ ခု ဇွန် (၂၇) ရက်မှာ ပြန်လုပ်ခိုင်းခဲ့ပါတယ် (တကယ်တော့ စဗန်ဂီရိုင်ဟာ မဲ ၅၁ သို့မဟုတ် ၆၇ ရာခိုင်နှုန်းရခဲ့ပေမယ့် မူဂါဘီက ကလိမ်ကညစ်လုပ်ပြီး အတိုက်အခံက ၄၇.၉ ရာခိုင်နှုန်း၊ မူဂါ ဘီက ၄၃.၂ ရာခိုင်နှုန်းရတယ်လို့ ရွေးကောက်ပွဲပြီး တလအကြာ မေလ ၂ ရက်နေ့ကျမှ တရားဝင်ကြေညာ ခဲ့တာဖြစ်ပါတယ်)။

အဲဒီပထမရွေးကောက်ပွဲပြီးတော့ အတိုက်အခံပါတီဌာနချုပ်ကို ဝင်စီးနင်းပြီး ရုံးချုပ်မှာ ရှိနေသူအားလုံးကို ဖမ်း သွားတာ၊ လွှတ်တော်အမတ်တွေအပါအဝင် ပါတီဝင်တွေကို ဖမ်းတာ၊ ရိုက်နှက်တာ၊ သတ်ဖြတ်တာ (ပထမရွေး ကောက်ပွဲနဲ့ ဒုတိယရွေးကောက်ပွဲကြားမှာ အတိုက်အခံပါတီဝင် အနည်းဆုံး ၄၃ ယောက် အသတ်ခံခဲ့ရပါ တယ်)။ ရပ်ထဲရွာထဲ လျှို့ဝှက်ဗုံးခွဲတာတွေ၊ အတိုက်အခံကို မဲပေးခဲ့တဲ့ မဲဆန္ဒရှင်ပြည်သူလူထုတွေ တိုင်းရင်း သားလူမျိုးစုငယ်တွေကို နှိပ်စက်ညှဉ်းပန်းတာ၊ ခြိမ်းခြောက်အကျပ်ကိုင်တာတွေ အကြီးအကျယ်လုပ်ခဲ့တာ ကြောင့် ဇွန် (၂၂) ရက်မှာ စဗန်ဂီရိုင်ရဲ့ MDC ပါတီက ရွေးကောက်ပွဲမဝင်ဖို့ သမိုင်းဝင်ဆုံးဖြတ်ချက်ကို ချလိုက် ပါတယ်။ ဒီလိုနဲ့ ဒုတိယအကြိမ် ရွေးကောက်ပွဲမှာ အာဏာရှင် မူဂါဘီဟာ ပြိုင်ဘက်မရှိဘဲ မဲဆန္ဒ ၈၅.၅ ရာခိုင် နှုန်းရပြီး နိုင်သွားပါတော့တယ်။

နိုင်ငံတကာပိုင်းမှာတော့ ကုလသမဂ္ဂမှာ တရုတ်နဲ့ ရုရှားတို့က ဗီတိုအာဏာသုံး ကာကွယ်ပေးပေမယ့် ကမ္ဘာ့ နိုင်ငံတွေက ပြင်းထန်ထိရောက်တဲ့ စီးပွားရေးပိတ်ဆို့မှုတွေ ချမှတ်နိုင်ခဲ့ပြီး အဓိက ထောက်ခံပေးနေတဲ့ တောင် အာဖရိကနိုင်ငံကိုယ်၌က အင်တင်တင်ဖြစ်လာ၊ (အာဖရိကတိုက်ရဲ့အာဆီယံဖြစ်တဲ့) အာဖရိကသမဂ္ဂကလည်း ဖိအားပေး၊ အဓိက နိုင်ငံခြားငွေ ရှာပေးနေတဲ့ စိန်တွေလည်း ရောင်းမရအောင် ပိတ်ဆို့ခံရ၊ တနိုင်ငံလုံး ကာလ ဝမ်းရောဂါဖြစ်တာကလည်း အာဏာရှင်အစိုးရ ဘယ်လိုမှထိန်းမရသလို တရုတ်၊ ရုရှားလည်း မကယ်နိုင်ဖြစ်ခဲ့ ရပါတယ်။

ဒီလိုနဲ့ ဇွန်လ (၂၇) ရက်ရွေးကောက်ပွဲမှာ မူဂါဘီ မဲ "အပြတ်အသတ်" နဲ့အနိုင်ရပြီး သမ္မတဖြစ်ခဲ့ပေမယ့် MDC ပါတီက ပြင်းထန်လှတဲ့ အကြမ်းဖက်မှုကို ရင်ဆိုင်ပြီး ကြံ့ခိုင်တဲ့ရပ်တည်ချက်နဲ့ တိုက်ပွဲဝင်မှုကြောင့် မူဂါဘီ နိုင် ပြီး တလမပြည့်ခင် ဇူလိုင် (၂၅) ရက်မှာ အိမ်နီးချင်း တောင်အာဖရိကနိုင်ငံ ပရီတိုးရီးယားမြို့တော်မှာ အာဏာ ရအစိုးရနဲ့ အတိုက်အခံတွေအကြား ဒိုင်ယာလော့ စလုပ်ခဲ့ရပါတယ်။ တချိန်က မူဂါဘီကို ထောက်ခံခဲ့တဲ့ တောင်အာဖရိကသမ္မတ အမ်ဘီကီက ကြားဝင်စေ့စပ်ပေးခဲ့တာ ဖြစ်ပါတယ်။ စက်တင်ဘာ (၁၁) ရက်မှာတော့ မူဂါဘီဟာ ဆဗန်ဂီရိုင်နဲ့ အာဏာခွဲဝေရေးစာချုပ်ကို လက်မှတ်ထိုးလိုက်ရပါတော့တယ်။ ဒီစာချုပ်အရ မူဂါဘီ ဟာသမ္မတရာထူးကို ဆက်ယူထားပေမယ့် ဆဗန်ဂီရိုင်နဲ့ MDC ပါတီကို ဝန်ကြီးချုပ်ရာထူးနဲ့ အစိုးရဝန်ကြီးရာ ထူးအားလုံး ပေးလိုက်ရပါတော့တယ်။ ဒါပေမဲ့ မူဂါဘီက အမျိုးသားလုံခြုံရေးကောင်စီကို ဆက်ကိုင်ထားပြီး စစ် တပ်ကို ဆက်လက်ချုပ်ကိုင်ထားပါတယ်။ ၂၀၀၉ ဖေဖော်ဝါရီ (၁၃) ရက်မှာတော့ ဆဗန်ဂီရိုင်ဟာ ဝန်ကြီးချုပ် အဖြစ် ကျမ်းသစ္စာကျိန်ဆိုပြီး တရားဝင် ရာထူးလက်ခံခဲ့ပါတယ်။

အခုအချိန်မှာ ဇင်ဘာဘွေနိုင်ငံဟာ တင်းပြည့်ကျပ်ပြည့် ဒီမိုကရေစီနိုင်ငံ မဖြစ်သေးပါဘူး။ မူဂါဘီနဲ့ လက်ကိုင် တုတ် ကြံ့ဖွတ်တွေ၊ စစ်တပ်၊ ရဲ၊ လုံထိန်းတို့ဟာ လစ်ရင်လစ်သလို MDC ပါတီနဲ့ ပြည်သူပြည်သားတွေအပေါ် နှိပ်စက်တာ မတရားလုပ်တာတွေ ရှိနေပါသေးတယ်။ ဒါပေမယ့် ရွေးကောက်ပွဲမတိုင်မီကာလကနဲ့ စာရင်တော့ MDC ပါတီအတွက် အခွင့်အလမ်း အများကြီး ရသွားပါပြီ။ နိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှုတွေ ရုပ်သိမ်းပြီး ဝန် ကြီးချုပ် ဆဗန်ဂီရိုင် အစိုးရအဖွဲ့အနေနဲ့ စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေကို အတိုင်းအတာတခုအထိ အတော် အတန်လုပ်နိုင်လာပါတယ်။ မူဂါဘီအနေနဲ့ အာဏာရှင်စနစ်ကို ဆက်လက်ထိန်းသိမ်းဖို့ ကြိုးစားနေသော်လည်း ရာနှုန်းပြည့်လုပ်ချင်သလို လုပ်လို့ မရတော့ပါဘူး။ ဒီလိုနဲ့ အတိုက်အခံ MDC ပါတီရဲ့ နိဂုံးလို့ မဟာပညာကျော် များ တွက်ဆခဲ့တာဟာ အာဏာလမ်းမ နိဒါန်းအစဖြစ်နေတာ တွေ့ရပါတော့တယ်။

နောက်ခံ

ဇင်ဘာဘွေနိုင်ငံဟာ ၁၉၈၀ ခုနှစ်မှာ လက်ရှိသမ္မတမူဂါဘီ ခေါင်းဆောင်တဲ့ လက်နက်ကိုင်တော်လှန်ရေးနည်း အခြေခံနဲ့ အာဏာရလာပြီး လွတ်လပ်ရေးရလာခဲ့ပါတယ်။ တချိန်က မာ့က်စ်ဝါဒ မော်စီတုံးဝါဒတွေ ကြွေးကြော် တဲ့တော်လှန်ရေးသမားဖြစ်ခဲ့ပေမယ့် အာဏာရလာတဲ့အခါ ဇိမ်တွေ့သွားလို့ ကုလားထိုင်ပေါ်က မဆင်းတော့ ဘဲအတိုက်အခံတွေ တိုင်းရင်းသားလူမျိုးငယ်တွေအားလုံးကို ရက်ရက်စက်စက် နှိမ်နင်းခဲ့ပါတယ်။ (၁၉၈၂ နဲ့ ၁၉၈၅ ကြားမှာတင် လူ ၂၀,၀၀၀ ကျော် အသတ်ခံခဲ့ရတယ်။) တိုင်းပြည်ရဲ့ စည်းစိမ်ဥစ္စာအားလုံးကိုလည်း ကိုယ်ပိုင်လို သဘောထား သုံးဖြုန်းပစ်ခဲ့တဲ့အတွက် တချိန်က အာဖရိကတိုက်မှာ အချမ်းသာဆုံးစာရင်းဝင်ခဲ့တဲ့ ဇင်ဘာဘွေဟာ စီးပွားရေးဒလဟောကျဆင်းပြီး ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ နိုင်ငံရေး ဒုက္ခပေါင်းစုံဖိစီး လို့အာဖရိကတိုက်ရဲ့လူမမာကြီး ဖြစ်လာခဲ့ပါတယ် (တနိုင်ငံလုံး ထမင်းတွေငတ်၊ ကာလဝမ်းရောဂါတွေ ဖြစ် နေချိန်မှာ အာဏာရှင် သမ္မတ မူဂါဘီကတော့ အာဖရိကတိုက်မှာ အခမ်းနားဆုံး နန်းတော်ကြီးဆောက်ပြီး နေ ခဲ့ပါတယ်)။

တော်လှန်ရေးအောင်မြင်ပြီး နိုင်ငံလွတ်လပ်ရေးသက်တမ်း အနှစ် (၂၀) သို့မဟုတ် မူဂါဘီ အာဏာရှင်လုပ်နေ ခဲ့တဲ့အနှစ် (၂၀) လုံးလုံး ဘာမြေယာတော်လှန်ရေးမှ မလုပ်ခဲ့ဘဲ စီးပွားရေးတွေ ချွတ်ခြုံကျလာလို့ ကျောင်း သားတွေ၊ အလုပ်သမားတွေ၊ အစိုးရဝန်ထမ်းတွေ၊ တိုင်းရင်းသားလူနည်းစုတွေရဲ့ နိုင်ငံရေးမကျေနပ်မှုတွေ များသထက်များလာတဲ့ ၂၀၀၀ ပြည့်နှစ်ဝန်းကျင်ကျမှ လူထုကို အာရုံလွှဲဖို့ လူဖြူမြေရှင်ကြီးတွေပိုင်တဲ့ မြေယာ တွေကိုသိမ်းယူ၊ မြေယာဝေခြမ်းရေးတွေလုပ်ပြီး တော်လှန်ရေးရဲဘော်ဟောင်းတွေ၊ ကျေးလက်လူထုတွေကို စည်းရုံးချွေးသိပ်ဖို့ လုပ်လာတာဖြစ်ပါတယ်။

ဒါပေမယ့် ငွေကြေးဖောင်းပွမှုက (ဒေါ်လာ သန်း ၁၀၀,၀၀၀ - 100 billion dollar တန် သို့မဟုတ် ၁၀၀,၀၀၀, ၀၀၀,၀၀၀ တန် ငွေစက္ကူတွေ ထုတ်ရလောက်အောင်) ရာခိုင်နှုန်း (၂၃၁) သန်း အထိတက်လာပြီး အလုပ် လက်မဲ့နှုန်းက (၉၀) ရာခိုင်နှုန်းကိုရောက်လာတော့ ဘယ်လိုဘဲ အလိမ်အညာမှိုင်းတွေတိုက်ပေမယ့် ဒီမိုကရေ စီလိုလားတဲ့ ပြည်သူ့ဘက်တော်သားတွေဟာ အကြမ်းဖက်ဖိနှိပ်မှုတွေ အပြင်းအထန် နှိပ်ကွပ်မှုတွေကြားက နေကြံ့ကြံ့ခံတိုက်ပွဲဝင်ခဲ့ကြရာက အခု နောက်ဆုံးမှာ ပြည်သူ့အစိုးရရှေ့ပြေး အာဏာခွဲဝေကြားဖြတ်အစိုးရအ ဆင့်ကို ရောက်လာပြီဖြစ်ပါတယ်။

လက်တွေ့

အခုလည်း ဗမာပြည်မှာ NLD က ၂၀၁၀ ရွေးကောက်ပွဲအတွက် မှတ်ပုံမတင်ဖို့ ဆုံးဖြတ်လိုက်တဲ့အတွက် ဆုံး ဖြတ်ချက် မှားသွားပြီ၊ ရက် (၆၀) ပြည့်ရင် နိုင်ငံရေးပါတီအဖြစ်က ပျက်ပြယ်သွားတော့မယ်၊ ပါတီတခုအဖြစ် ရပ်တည်နိုင်မယ့် နောက်ဆုံးနေ့တွေကိုရောက်နေပြီလို့ စစ်ကျွန်အလံရှူးတွေ၊ အာဏာရှင်ပွဲစားတွေက ဟောင် သံပေးနေကြပါတယ်။ ဒါပေမယ့် အာဖရိကတိုက်က ဇင်ဘာဘွေနိုင်ငံမှာ အခုလို ရွေးကောက်ပွဲမဝင်တာ လုံး ဝမှန်သွားပြီး နောက်ဆုံးမှာ အာဏာရှင်က လျှော့ခဲ့ရတာ သာဓက အထင်အရှား ရှိနေပါတယ်။ ဒါကြောင့် NLD ပါတီဝင်တွေ၊ ၉၀ ခုမှာ နိုင်ပြီးသား လွှတ်တော်ကိုယ်စားလှယ်တွေကသာ တကယ်လုပ်မယ်ဆိုရင် လက်ရှိကာ လဟာ NLD ရဲ့ အာဏာလမ်းဝက ပထမဆုံးနေ့များ ဖြစ်သွားပါလိမ့်မယ်။

ဂါမဏိ

ပြန်ခေါက်ထားပါ...

0 comments

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

ဒီမိုကရေစီနဲ့ အကြမ်းဖက်မှု

မြန်မာလူမျိုးများ အတွက် သင်္ကြန်ဆိုတာ နှစ်ဟောင်းက စိတ်ညစ်စရာများ၊ ဒုက္ခသုက္ခများ၊ မကောင်းမှုဒုစရိုက်များကို အတာရေနဲ့ ဆေးကြောကြ၊ ကောင်းမှုအသစ်များ ပွားများကြတဲ့ပွဲ၊ သင်္ကြန်ရေနဲ့ ပျော်ပျော်ပါးပါး ချစ်ချစ်ခင်ခင် အပြန်အလှန် ရေကစားကြတဲ့ပွဲ ဖြစ်ပါတယ်။ သင်္ကြန်ဟာ ဗုဒ္ဓဘာသာဝင်များ အတွက် သာမဟုတ် ကျန်တဲ့ ဘာသာဝင် အားလုံးကပါ ပျော်ပျော်ရွှင်ရွှင် ဆင်နွဲကြတဲ့ ပွဲလည်း ဖြစ်ပါတယ်။ အခုတစ်ခါတော့ ဒီပွဲတော်ဟာ သွေးစွန်းခဲ့ပါပြီ။ ငယ်ငယ်တုံးက သင်္ကြန် အကြိုနေ့မှာ ပြည်ပြေးလို့ခေါ်တဲ့ ဦးနုရဲ့ ပါလီမန် ဒီမိုကရေစီပါတီက သမ္မတ ရုပ်ရှင်ရုံနားမှာ လက်ပစ်ဗုံးခွဲတာ ကြုံခဲ့ဘူးပါတယ်။ အဲဒီတုံးကတော့ ဘေးကလူတွေ ၀ိုင်းလိုက်ပြီး ဖမ်းလိုက်တာ မှတ်မိပါတယ်။ အဲဒီ ကာလတုံးကလည်း ရုပ်ရှင်ရုံတွေ၊ ဈေးတွေမှာ ဗုံးခွဲလွန်းလို့ မသွားရဲ၊ မလာရဲ ဖြစ်ခဲ့ရတာ ဗုံးခွဲတဲ့လူ ဆေးရုံကြီးထဲ ၀င်ပြေးရင်း လိုက်ဖမ်းတဲ့ ရဲတွေကို လက်ပစ်ဗုံးနဲ့ ပြန်ပစ်တာမျိုး ရှိခဲ့တာလည်း မှတ်မိပါသေးတယ်။

ဒါပေမယ့် အခုတစ်ခါ ကတော့ သင်္ကြန်ကာလ အပျော်ဆုံး၊ လူအစည်ကားဆုံး အချိန်၊ အကြတ်နေ့မှာ ခွဲလိုက်တာ ဖြစ်လို့ အတော်ရက်စက်တဲ့ လုပ်ရပ် ဖြစ်တယ်လို့ ခံစားမိပါတယ်။ ဒီလိုလုပ်ရပ်တွေကို ဒီမိုကရေစီ ထွန်းကားတာကို မြင်ချင်ပါတယ် ဆိုတဲ့ ကျွန်တော်တို့ တစ်တွေ ဘယ်လို သဘောထားကြမလဲ။ တကယ်တော့ ၂၀၀၈ နောက်ပိုင်းက စပြီး ပြည်တွင်းမှာ ဗုံးခွဲမှုတွေ အတော်များများ ဖြစ်လာတာကို တွေ့ရပါတယ်။ တစ်ခါတစ်လေမှာ ဗုံးထောင်သူ ကိုယ်တိုင် လက်ထဲမှာ ဗုံးကွဲပြီး သေဆုံးတာလည်း တွေ့ရပါတယ်။ တစ်ချို့ ဗုံးဖောက်ခွဲမှုတွေကို သူတို့ လုပ်ပါတယ်လို့ ကြေညာတာရှိသလို တစ်ချို့ ဗုံးကွဲမှုတွေ ကတော့ လက်သည်မပေါ်ဘဲ ရှိတာကိုလည်း တွေ့ပါတယ်။ အစိုးရဘက်က ဖမ်းဆီးရမိတဲ့ ဖြစ်စဉ်တွေမှာတော့ သတင်းစာ ရှင်းလင်းပွဲ လုပ်ပြီး တရားခံတွေကို ဖော်ပြတာလည်း တွေ့ရပါတယ်။

သို့သော် ပြည်တွင်းမှာ နိုင်ငံရေး လှုပ်ရှားနေတဲ့ ပါတီများ၊ ပြည်ပမှာ လှုပ်ရှားနေတဲ့ အတိုက်အခံ အဖွဲ့အစည်းများ အနေနဲ့ အခုလို အကြမ်းဖက် တိုက်ခိုက်မှုတွေ အပေါ် ပြတ်သားတဲ့ ရပ်တည်ချက် မရှိတာကို စိတ်မကောင်းစရာ တွေ့ရပါတယ်။ တကယ်တော့ အပြစ်မဲ့တဲ့ ပြည်သူတွေ အပေါ် အစိုးရဘက်က အကြမ်းဖက်တာပဲ ဖြစ်ဖြစ်၊ အတိုက်အခံများ ဘက်က အကြမ်းဖက်တာပဲ ဖြစ်ဖြစ် ဆန့်ကျင်သင့်တယ်လို့ ရိုးသားစွာပဲ မြင်မိပါတယ်။ နယ်စပ်ဒေသ တိုင်းရင်းသား လက်နက်ကိုင် တွေရဲ့ ဒေသတွေ မှာနေထိုင်တဲ့ ပြည်သူများသာ မဟုတ် အစိုးရအုပ်ချုပ်တဲ့ မြို့ကြီးများမှာ နေထိုင်တဲ့ ပြည်သူများ ဟာလည်း လူ့အခွင့်အရေး ရှိပါတယ်။ ငြိမ်းချမ်းစွာ အသွင်ကူးပြောင်းရေး မဖြစ်နိုင်လို့ လက်နက်ကိုင် တိုက်ပွဲဆင်နွဲ ရပါတယ် ဆိုရင်လည်း အစိုးရ၊ တပ်မတော်တို့ကိုပဲ ပစ်မှတ်ထား တိုက်သင့်တာပေါ့။ ရေကစားနေတဲ့ ပြည်သူတွေကို ပစ်မှတ် မထားသင့်ပါဘူး။ အခုနောက်ပိုင်း ဖြစ်ပေါ်ခဲ့တဲ့ ဗုံးခွဲမှု အားလုံးဟာ ဘူတာ၊ ပန်းခြံ၊ ကားဂိတ်၊ ဘူတာရုံ၊ စက်မှုဇုံများကို ပစ်မှတ်ထား လုပ်လာတာ တွေ့နိုင်ပါတယ်။ ဒါဟာ အပြစ်မဲ့ ပြည်သူတွေ အပေါ် အကြမ်းဖက်မှုပဲ ဖြစ်ပါတယ်။ ဘယ်အဖွဲ့အစည်းက လုပ်လုပ် ဒီလိုအကြမ်းဖက်မှု ကို လက်ခံလို့ မသိချင်ယောင် ဆောင်နေလို့ မရပါဘူး။

တစ်ခါတစ်လေ ဒီဗုံးဖောက်ခွဲမှုကို အစိုးရကပဲ လုပ်သလိုလို မျက်နှာလွဲခဲပစ် ပြောလိုက်တဲ့ အပြောတွေလည်း တွေ့ရပါတယ်။ ဒီသီအိုရီဟာ ၉/၁၁ ကမ္ဘာ့ကုန်သွယ်ရေး အဆောက်အအုံ တိုက်ခိုက်မှုကို စီအိုင်အေနဲ့ မော့ဆက် ပေါင်းလုပ်တယ် ဆိုတဲ့ အယူအဆမျိုးထက် မပိုပါဘူး။ ဒီအတိုင်းဆိုရင် ထိုင်းတောင်ပိုင်း၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ အာဖဂန်၊ ပါကစ္စတန်နဲ့ အီရတ်မှာ ဖြစ်နေတဲ့၊ ရုရှားနဲ့ ဗဟိုအာရှ ဒေသမှာ ဖြစ်နေတဲ့ ဗုံးခွဲမှုတွေ၊ အစ္စရေး နိုင်ငံထဲမှာ ဖြစ်နေတဲ့ ဗုံးပေါက်ကွဲမှု တွေဟာ သက်ဆိုင်ရာ အစိုးရတွေက လုပ်နေတာလို့ ပြောရမလို ဖြစ်နေပါပြီ။ တကယ်တော့ ဘယ်နိုင်ငံမှာ ဖြစ်ဖြစ် အကြမ်းဖက် အဖွဲ့အစည်းများဟာ Soft Target လို့ခေါ်တဲ့ အရပ်သား ပစ်မှတ်တွေကို အဓိကထားပြီး တိုက်ပါတယ်။ ဘာလို့ ဒီလိုလုပ်ရ သလဲဆိုတော့

၁။ စစ်ဘက် ပစ်မှတ်တွေထက် စာရင် အကာအကွယ် နည်းတယ်။ တိုက်ရလွယ်တယ်။

၂။ ပြည်သူလူထု အနေနဲ့ လက်ရှိအစိုးရရဲ့ အာဏာ ခိုင်မြဲမှု၊ လူထုကို အကာအကွယ် ပေးနိုင်မှု အပေါ် သံသယတွေ ဖြစ်ပေါ် စေတယ်။

၃။ ရေရှည် တိုက်ခိုက်မှုတွေ လုပ်လာတာ နဲ့အမျှ အောက်ခြေလူထု အနေနဲ့ အကြမ်းဖက် အဖွဲ့အစည်းများရဲ့ အာဏာစက်ကို အသိအမှတ်ပြုလာတယ်။ နောင်မှာ အစိုးရ အုပ်ချုပ်ရေး ယန္တရားနဲ့ အပြိုင် ဖြစ်လာနိုင်တယ်။

၎။ အစိုးရက လုံခြုံရေးအတွက် တင်းတင်းကျပ်ကျပ် စစ်ဆေးမှုများ၊ ကန့်သတ်မှုများ လုပ်လာတဲ့အခါ ဒါကို အကြောင်းပြပြီး လူထုနဲ့ ထိပ်တိုက်တွေ့အောင် လှုံ့ဆော်နိုင်တယ်။

၅။ အစိုးရကို သိက္ခာကျအောင် လုပ်နိုင်တယ်။ လူထုထဲမှာ ကျီးလန့်စာစား ဖြစ်လာမယ်။ ကောလဟာလတွေ၊ ကြောက်လန့်မှုတွေ ဖြစ်လာမယ်။

၆။ အစိုးရ ကိုယ်တိုင်က မိမိရဲ့ လုံခြုံရေး စွမ်းအား အပေါ် သံသယ ဖြစ်လာတယ်။ အစိုးရ ရပ်တည်ရေးမှာ အဓိက ဒေါက်တိုင်ဖြစ်တဲ့ လုံခြုံရေး ဒေါက်တိုင်ကို ယိမ်းယိုင် သွားစေနိုင်တယ်။

ဒါဟာ မြို့ပေါ် ပြောက်ကျားစစ်ကို ဆင်နွဲနေတဲ့ အဖွဲ့အစည်း အားလုံးရဲ့ မဟာဗျူဟာ ရည်မှန်းချက်ပဲ ဖြစ်တယ်။ ဒီနေ့ ပြည်တွင်းမှာ ဗုံးဖောက်ခွဲမှုများ ပြုလုပ်နေတဲ့ အဖွဲ့အစည်းများ ဟာလည်း ဒီရည်ရွယ်ချက်နဲ့ပဲ လုပ်နေတာ ဖြစ်ပါတယ်။ အထူးသဖြင့် စစ်အစိုးရများရဲ့ အားနဲ့ ဂုဏ်သိက္ခာဟာ အခြေအနေ အားလုံးကို သူတို့ ထိန်းထားနိုင်တယ်။ လုံခြုံမှုနဲ့ တည်ငြိမ်မှု အပြည့်အ၀ ရအောင် လုပ်နိုင်တယ် ဆိုတဲ့ အချက် အပေါ်မှာ မူတည်ပါတယ်။ ဒီလို ဗုံးကွဲမှုတွေ ဖြစ်တိုင်း၊ ဖြစ်တိုင်း အစိုးရသိက္ခာ ကျဖို့ပဲ ရှိပါတယ်။ ဒါ့ကြောင့် အစိုးရက ဗုံးခွဲတာပါလို့ ပြောဆိုချက်များဟာ အဖြစ်မှန်နဲ့ ကွဲလွဲနေတယ် လို့ပဲ ယုံကြည်ပါတယ်။

နောက်တစ်ခါ အစိုးရကို ဆန့်ကျင် လှုပ်ရှားနေတဲ့ အဖွဲ့အစည်းများ အနေနဲ့လည်း ငါ့ရန်သူရဲ့ ရန်သူဟာ ငါ့မိတ်ဆွေ ဖြစ်တယ်၊ ဒီအချိန်ဟာ အစိုးရကို ဆန့်ကျင်နေသူတွေ အချင်းချင်းကြားမှာ တစ်ယောက်နဲ့ တစ်ယောက် ဝေဖန်တိုက်ခိုက် ရမယ့် အချိန် မဟုတ်ဘူး လို့လည်း ယူဆထားတာ ဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း အခုလို့ အကြမ်းဖက်မှုမျိုး သာမက ဒီနေ့ ဖြစ်ပေါ်နေတဲ့ အတွင်း ပြဿနာများနဲ့ ပတ်သက်ရင် တစ်ဦးနဲ့ တစ်ဦး ဝေဖန် ထောက်ပြတာ မရှိသလောက် ဖြစ်နေတာကို တွေ့နိုင်ပါတယ်။ ယုတ်စွအဆုံး အတိုက်အခံများ ထူထောင်ထားတဲ့ မီဒီယာတွေ တောင်မှာ လွတ်လပ်သော မီဒီယာ ဆိုတာ အစိုးရကို ဝေဖန်ဖို့သာ ဖြစ်တယ်၊ အချင်းချင်း အတွက် အချိန် မကျသေးဘူးလို့ အယူအဆ ရှိနေတာပါ။

သာမန် မူဝါဒဆိုင်ရာ သဘောထား ကွဲလွဲမှုတွေနဲ့ ပတ်သက်ရင် အထက်ပါ ရပ်တည်ချက်ကို နားလည် ပေးနိုင်ပေမယ့် အကြမ်းဖက်မှု အပေါ်မှာ အဲဒီမူဝါဒ ဆိုင်ရာ သဘော ကွဲလွဲမှုတွေ၊ ပုဂ္ဂိုလ်ရေး အားနည်းချက်တွေလို သဘောမထား သင့်ဘူး လို့ထင်ပါတယ်။ အကြမ်းဖက်မှုဟာ ဘယ်နေရာမှာ လုပ်လုပ်၊ ဘယ်သူ့ဘက်က လုပ်လုပ် အကြမ်းဖက်မှုပဲ ဖြစ်ပါတယ်။ ဒါကို Double Standard ထားပြီး ခွင့်လွှတ်လို့ မရပါဘူး။ ကုလသမဂ္ဂ အထွေထွေ ညီလာခံကတော့ ၁၉၉၄ ခုနှစ်က စပြီး အကြမ်းဖက် ၀ါဒကို အခုလို အဓိပ္ပါယ် ဖွင့်ထားပါတယ်

"Criminal acts intended or calculated to provoke a state of terror in the general public, a group of persons or particular persons for political purposes are in any circumstance unjustifiable, whatever the considerations of a political, philosophical, ideological, racial, ethnic, religious or any other nature that may be invoked to justify them."

ဒီဖွင့်ဆိုချက် အရ ပြည်သူလူထု အပေါ် ကျူးလွန်တဲ့ အကြမ်းဖက်မှုကို နိုင်ငံရေးကြောင့်၊ အယူဝါဒကြောင့်၊ လူမျိုးရေး၊ ဘာသာရေးကြောင့် စသည်ဖြင့် ဘာအကြောင်းနဲ့မှ တရားပါတယ် ဆိုပြီး ဆင်ခြေပေးလို့ မရဘူးဆိုတာ တွေ့နိုင်ပါတယ်။ ဒါ့ကြောင့် ငြိမ်းချမ်းစွာ ဒီမိုကရေစီ စနစ်ကို ဖော်ဆောင်ချင်ပါတယ်၊ အကြမ်းဖက်မှုကို မလိုလားပါဘူးလို့ ခံယူထားတဲ့ အဖွဲ့အစည်းများ အနေနဲ့ ဒီလို အကြမ်းဖက်မှု တွေကို ၀ိုင်းဝန်းရှုံ့ချ၊ ကာကွယ် တားဆီးဖို့က လွဲပြီး အခြားနည်းလမ်း မရှိဘူး၊ လက်မ မကောင်း လက်မ၊ ခြေမ မကောင်း ခြေမဆိုသလို ကိုယ့်ထဲက ပါနေရင်လည်း ဖော်ထုတ်ဖို့ လိုနေပြီလို့ ဆိုချင်ပါတယ်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

အတိုက်အခံခေါင်းဆောင်ဦးဝင်းတင်နဲ့ မေးခွန်းများ

မိုးမခ

ဧပြီ ၁၃၊ ၂၀၁၀

 

လူမှုရေးနဲ့ နိုင်ငံရေးလှုပ်ရှားမှု အတိုင်းအတာ

 

အင်န်အယ်ဒီရဲ့ ဗဟိုပါတီကော်မီတီဝင်၊ အတိုက်အခံခေါင်းဆောင်၊ အနှစ် ၂၀ နိုင်ငံရေးအကျဉ်းသား၊ (ခုချိန်ထိ နိုင်ငံရေးအကျဉ်းသားတဦးလို နေထိုင်နေဆဲမို့ - အကျဉ်းသားဟောင်းလို့ မဆိုချင်)၊ သက်ကြီးဝါရင့် စာနယ်ဇင်းသမား ဦးဝင်းတင်နဲ့ မေးခွန်းတွေ ဆက်မေးဖြစ်တဲ့အထဲက ခုချိန်မှာ ရေပန်းစားတဲ့ မေးခွန်းတခုကို မေးဖြစ်ခဲ့ပါသေးတယ်။ အင်န်အယ်ဒီက နိုင်ငံရေးဆက်လုပ်မှာလား။ ဒါမှမဟုတ် လူမှုရေးလုပ်တဲ့ အဖွဲအစည်းအဖြစ်ကို "ဦးလှည့်" သွားတော့မှာလား ဆိုတဲ့ မေးခွန်းပါ။ ဆရာဦးဝင်းတင်က အခုလို ပြန်ပြောပြပါတယ်။

"ဒီနေရာမှာ ပြန်ပြီး ရှင်းပြချင်တဲ့အချက်က၊ မီဒီယာတွေမှာလည်း ပြောပြီးပါပြီ။ မတ်လ ၂၉ အင်န်အယ်ဒီပါတီရဲ့ ဆုံးဖြတ်ချက်က ဘာအဓိပ္ပါယ်လဲ ဆိုတဲ့အချက်။ ကျနော်က ဘာပြောခဲ့သလဲဆိုတော့ - ကျနော်တို့က အခုဒီလိုဆုံးဖြတ်လိုက်ကြတာလဲဆိုတော့ နိုင်ငံရေးမှာ ခေါင်းပြတ်မခံနိုင်လို့ ဆိုတာ ဖြစ်တယ်။ ခြေပြတ်၊ လက်ပြတ်တာကို ခံနိုင်မယ်။ ခေါင်းပြတ်သွားတာကို မခံနိုင်ဘူး။ ခြေပြတ် လက်ပြတ်ရင်တောင်မှ အစားထိုးပြီး ရှင်သန်လို့ရတယ်။ ခေါင်းပြတ်သွားရင် ခြေလက်တွေ ကောင်းနေသည့်တိုင် ဘာမှ အသုံးမ၀င်တော့ဘူး။ ဒါကြောင့် မတ် ၂၉ ဆုံးဖြတ်ချက်ဆိုတာ အင်န်အယ်ဒီသည် နိုင်ငံရေးဆက်လုပ်မယ့် ဆုံးဖြတ်ချက်၊ ခေါင်း အပြတ်မခံနိုင်ဘူးဆိုတဲ့ အဓိပ္ပါယ်ဖြစ်တယ် ဆိုတာကို ထင်ရှားစေချင်တယ်။ နားလည်ကြစေချင်ပါတယ်။"

 

အဲသည်မှာ ဆရာ့ကို ထပ်ပြီး မေးခွန်းထပ်ထုတ်တာက - ပါတီတွင်းမှာ အချို့က ပါတီ မရှိတော့ရင်၊ ပါတီအဖြစ် ဆက်လက် မရပ်တည်နိုင်တော့ရင် ဆိုတဲ့ အချက်တွေပေါ်မှာ အခြေခံပြီးတော့ အင်န်အယ်ဒီပါတီက အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတခုလို၊ အင်န်ဂျီအိုတွေလိုမျိုး ရပ်တည်လာမယ် အစရှိသဖြင့် ထင်မြင် ယူဆ မှန်းချက်ထုတ် ပြောဆိုကြတဲ့ အချက်ကို ရှင်းလင်းပေးနိုင်ရန် မေးခွန်းမေးတာ ဖြစ်ပါတယ်။

 

"ဒီနေရာမှာ ပြောချင်တာက ကျနော်တို့တတွေဟာ နိုင်ငံရေးမပါဘဲနဲ့ လူမှုရေးတွေချည်းပဲ လုပ်နေလို့ မရဘူး ဆိုတာ ဖြစ်ပါတယ်။ လူမှုရေးဆိုတာကလည်း လူထုနှင့် တသားတည်း ရင်းနှီး ထဲဝင်ဖို့ အလွှာတခုအနေနဲ့ ရှိနေရမယ်။ ရှိနေတယ်။ ဒါ့ထက်မကတဲ့ နိုင်ငံရေးလုပ်ငန်းဆောင်တာတွေကို ဆက်လုပ်ဆောင်သွားရမှာ ဖြစ်တယ်လို့ ပြောချင်ပါတယ်။ ခုနင်က ပြောခဲ့သလို (ယခင်အင်တာဗျူးဆောင်းပါး - ဒီ/ချုပ်၊ ဒီ/လှုပ် ဆောင်းပါး) အင်န်အယ်ဒီရဲ့ ဂွင် လေး ဂွင်၊ ဒေါက်လေးဒေါက်မှာ ပြည်သူလူထု ဆိုတာက တခု ပါပြီး ဖြစ်နေတယ်။

ပါတီတွင်း တည်ဆောက်ရန်၊ မဟာမိတ်များနှင့် လက်တွဲရန်၊ နိုင်ငံတကာမှာ အားလုံးနှင့် ဆက်သွယ်ရန်၊ ပြည်သူလူထုနှင့် အတူတကွ ရှိရန် ဆိုတဲ့ အတွက် လူထုကို မျက်နှာမူတဲ့ နိုင်ငံရေးလုပ်ကြမယ်။ အဲသည်မှာ အလုပ်သမားအရေး၊ လယ်သမားအရေး၊ HIV လူနာတွေ၊ ကလေးစစ်သား၊ ရဟန်းသံဃာအရေး စတာတွေ အကုန်လုံး ပါဝင်လာမှာပဲ။ ဒါတွေကိုလည်း  ခပ်ခွာခွာမနေဘဲနဲ့ ပါဝင် လက်တွဲ ဆောင်ရွက်တာတွေ လုပ်ရမှာ ဖြစ်ပါတယ်။ အဲသည်လိုမျိုး နားလည်ကြစေချင်တယ်။ နောက်ပြီးတော့ ဒီအလုပ်တွေဟာ အင်န်အယ်ဒီရဲ့အလုပ်၊ အစကတည်းက လုပ်နေတဲ့၊ လုပ်နေရမယ့်အလုပ်တွေ ဖြစ်လို့ ဒါတွေဟာ အကြမ်းဖက်တဲ့အလုပ် မဟုတ်ပါ။ ပြီးတော့ ယူဂျီအလုပ်လည်း မဟုတ်ပါဘူး ဆိုတာကိုလည်း ထပ်ပြောချင်တယ် …"

လို့ ဆရာက ပြန်လည် ဖြေကြားပါတယ်။

 

လူမှုရေးနဲ့ နိုင်ငံရေးအကြောင်းကို အဓိကထားတဲ့ စကားပြောဝိုင်းဖြစ်နေတော့ မိုးမခကနေပြီးတော့ ဆရာ့ကို တင်ပြမိကြတာက ပြည်ပက၊ အမေရိကန်ပြည်ထောင်စုရောက် မြန်မာမိသားစုတွေရဲ့ မြို့နယ်အလိုက် စုစည်းပြီး ဆောင်ရွက်လာတဲ့ ပြည်သူ့ဂုဏ်ရည်လို့ အမည်ပေးထားတဲ့ စေတနာဝန်ထမ်းလူမှုလုပ်ငန်း စွမ်းဆောင်သူတွေကို ဂုဏ်ပြုရန် စီစဉ်နေတဲ့ အကြောင်း ဖြစ်ပါတယ်။ ဆရာဦးဝင်းတင်ကလည်း မျက်မှောက်ခေတ်ကို မျက်ခြေပြတ်မခံသူပီပီ အဲသည် ပြည်သူ့ဂုဏ်ရည်အစီအစဉ်အကြောင်း ကြားပြီးပြီ ဖြစ်တဲ့အကြောင်း၊ သဘောကျ အားပေး ထောက်ခံပါကြောင်း မှတ်ချက်ပေးသွားပါတယ်။

 

"အဲသည်မှာ လူမှုရေးလုပ်တဲ့နေရာမှာ သတ္တိရှိရှိနဲ့၊ ရဲရဲဝံ့ဝံ့နဲ့ စွန့်စားပြီး၊ စွန့်လွှတ်ပြီးတော့ အနစ်နာခံပြီး လုပ်ကြရတာကို ပြောချင်ပါတယ်။ အဲသည်လို လုပ်ကြတဲ့သူတွေ ရှိလာ များလာတဲ့အခါမှာ ပြည်သူတွေက အားတက်လာတယ်။ အားရှိလာတယ်။ ဥပမာဆိုရင် - ကိုဇာဂနာလိုမျိုး ဆောင်ရွက်သွားတာမျိုးတွေကို ကျနော်တို့က အသိအမှတ်ပြုရမယ်။"

လို့ ဆရာက သူ့အမြင်ကို ပြောပါတယ်။

 

          ဆရာ့ကို ဆက်ပြောဖြစ်ပြန်တာက အဲသည်ပြည်သူ့ဂုဏ်ရည်ဆုပေးဖို့ မြန်မာအမျိုးသားအချင်းချင်း ကြိုးစားဆောင်ရွက်ကြတဲ့နေရာမယ် ဂုဏ်ပြုရန်အမည်စာရင်း တင်သွင်းခံရသူ ၂၄ ဦး ရရှိတယ်လို့ ဆိုတဲ့အကြောင်း၊ အဲသည်ထဲမှာ ကိုဇာဂနာအပါအ၀င် ကိုကျော်သူတို့လို အနုပညာသမားတွေအပြင် နိုင်ငံရေးနဲ့ အင်န်အယ်ဒီနယ်ပယ်ထဲက မဖြူဖြူသင်း၊ ဦးမြင့်အေး၊ ဦးအေးမြင့်၊ ဦးအောင်သိန်း စတဲ့ရှေ့နေအစုအဖွဲ့တွေ ပါဝင်လာကြသလို လူမှုရေးအသင်းကြီးတွေ၊ ဘာသာရေးအဖွဲ့တွေ၊ ဆရာတော်တွေရဲ့ အမည်တွေ ပါဝင်လာတဲ့အကြောင်း တွေ့ရသည်များကို တင်ပြမိပါသေးတယ်။ ဆရာကလည်း သူနေထိုင်မကောင်းစဉ်က မိတ်ဆွေများက ပေးပို့ကူညီကြတဲ့ ငွေကြေးတွေကို ခွဲဝေပြီးတော့ အဲသည်က လူမှုလုပ်ငန်း စေတနာ့ဝန်ထမ်းစွမ်းဆောင်သူတွေထံ ပေးပို့ လှူဒါန်းတဲ့အကြောင်း၊ မိမိနဲ့ ဘ၀တူ နိုင်ငံရေးအကျဉ်းသားတွေ၊ မိသားစုတွေကို ကူညီအားပေးရန် သုံးစွဲတဲ့အကြောင်းတွေ ၀မ်းသာရအောင် ပြန်ပြောင်း ပြောပြပါတယ်။

         

          "ခုနင်ကလို ဖြူဖြူသင်းတို့ စောင့်ရှောက်နေတဲ့ လူနာတွေရဲ့ လုပ်ငန်းတွေက မနည်းဘူးပဲ။ အများကြီး။ အစက ကိုယ်က အဲသလောက်လို့တောင် မထင်မိဘူး။ နောက်ကျတော့မှ သိလာရတာလေ။ လူတွေက ဘယ်လောက် အားကိုးတကြီး ဖြစ်ကြသလဲဆိုတာ သိသာပါတယ်။ ဥပဒေအထောက်အကူအဖွဲ့တွေ ဆိုတာလည်း အရေးပါတယ်ဆိုတာ တွေ့ရပါတယ်။ လူတွေက ဥပဒေကြောင်းအရ ကူရာမဲ့၊ ကယ်ရာမဲ့ ဖြစ်နေရတာတွေ အများကြီး ရှိတယ်။ ဒါတွေကို သူတို့တတွေ လုပ်နိုင်ကြဖို့ လိုအပ်ပါတယ်။ နာရေး၊ ကျန်းမာရေး၊ ပညာရေးတွေမှာ လိုအပ်နေတာတွေ ရှိပါတယ်။"

 

          အဲသည်မှာ မေးဖြစ်တဲ့ မေးခွန်းကတော့ အင်န်အယ်ဒီကသာ ဒီနေရာတွေမှာ အင်န်ဂျီအိုတွေလိုသာ ၀င်ရောက်လုပ်ကိုင်လာမယ်သာဆိုရင် ဘယ်လိုမျိုး တုန့်ပြန်ချက်တွေ ရလာနိုင်သလဲ ဆိုတဲ့ မေးခွန်းဖြစ်ပါတယ်။ အဲသည်မှာ ဆရာဦးဝင်းတင်ရဲ့ ပြောပြချက်အရ အင်န်အယ်ဒီကသာ အဲသည်လိုရပ်တည်မယ်သာဆိုရင် ဘယ်လိုမျိုး အကူအညီတွေ၊ အထောက်အပံ့တွေ ပေးရမလဲလို့ ကမ်းလှမ်းလာကြတာတွေ ရှိတဲ့အကြောင်း၊ ဆရာအနေနဲ့ကတော့ ဒါမျိုးတွေကို စိတ်မ၀င်စားတဲ့အကြောင်း၊ မိမိတို့မူလ ရပ်တည်ချက်များ၊ ဆောင်ရွက်စရာများကို ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ဖြေကြားသွားပါတယ်။

         

          ဆရာဦးဝင်းတင်ရဲ့ သဘောထားများအရ နိုင်ငံရေးလုပ်ငန်းများကို ဆက်လက် ဆောင်ရွက်ဖို့ ဒီ/ချုပ်နဲ့ ဒီ/လှုပ်တွေမှာ ခိုင်မာညီညွတ်တဲ့ ရပ်တည်ချက်တွေ ရှိတယ် ဆိုတဲ့အတွက် မေးမိတဲ့ မေးခွန်းနောက်တခုကတော့ မြန်မာပြည်မှာ ပါတီတွေ၊ ခေါင်းစဉ်တွေ မရှိဘဲနဲ့ ရပ်တည်ခဲ့တဲ့ နိုင်ငံရေးလှုပ်ရှားမှုတခုကို ကောက်နုတ်ပြဖို့ဖြစ်ပါတယ်။

          "၁၉၅၀ ခုနှစ်တွေတုန်းက ဆရာကြီးသခင်ကိုယ်တော်မှိုင်းကို ၀န်းရံပြီး လှုပ်ရှားခဲ့တဲ့ ပြည်တွင်းငြိမ်းချမ်းရေးလှုပ်ရှားမှုကြီးကို သာဓကပြချင်ပါတယ်။ အဲသည်မှာ ဆရာကြီးသခင်ကိုယ်တော်မှိုင်းကို မဏ္ဍိုင်ပြုပြီး နိုင်ငံရေးသမားတွေ၊ စာပေအနုပညာရှင်တွေ၊ လူငယ်တွေ၊ တသီးပုဂ္ဂလတွေ၊ အလုပ်သမား၊ လယ်သမား လူတန်းစားအလွှာစုံက ပြည်တွင်းငြိမ်းချမ်းရေးအတွက် ၀ိုင်းရံဆောင်ရွက်ကြတာတွေကို တွေ့နိုင်ပါတယ်။ အဲသည်မှာ ပါတီတွေ၊ ခေါင်းစဉ်တွေ၊ ရာထူးတွေ ဆိုတာမျိုး အကန့်အသတ်တွေ မရှိကြဘူး။ အားလုံးမှာ လုပ်စရာ အလုပ်တွေပဲ ရှိတယ်။ ခုချိန်မှာလည်း အဲသည်လိုမျိုး အားလုံးဝိုင်းရံကြရမယ့် မဏ္ဍိုင်ကို အားလုံးက ၀ိုင်းရံပြီး လုပ်ကြရမယ့် သဘောမျိုးလို့ ပြောချင်ပါတယ်။"

 

          ဒီစကားဝိုင်းမှာ ပြောမိကြတဲ့ ခေါင်းစဉ်ဖြစ်တဲ့ လူမှုရေးနဲ့ နိုင်ငံရေး လှုပ်ရှားမှုနဲ့ အတိုင်းအတာများအကြောင်းကတော့ ဒီလောက်ပါပဲ။ မေးစရာ ကျန်သေးတဲ့ မေးခွန်းတွေနဲ့ စီစဉ်နိုင်သေးရင် စီစဉ်တင်ဆက်ပါဦးမယ်။

 

/ချုပ်ရဲ့ ဒီ/လှုပ်တွေရဲ့ လူထုကို မျက်နှာမူတဲ့ နိုင်ငံရေး

 

မတ်လ ၂၉ ရက် အင်န်အယ်ဒီပါတီက ၂၀၁၀ ရွေးကောက်ပွဲဥပဒေအလိုအတိုင်း ပါတီကို ထပ်ပြီး မှတ်ပုံတင်နေစရာမလိုဘူးလို့ ဆုံးဖြတ်တယ်။ အဲသည်တော့ ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရပါတီ အင်န်အယ်ဒီက စစ်အစိုးရ ထပ်မံကျင်းပဦးမှာ ဖြစ်တဲ့ ၂၀၁၀ ရွေးကောက်ပွဲကို ငြင်းပယ်လိုက်တာ ဖြစ်ပါတယ်။

အဲသည်နောက်မှာ မိုးမခမှာ မောင်ရစ်က မြန်မာပြည်သူတွေရဲ့ ခေါင်းဆောင်၊ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပါတီရဲ့ သဘောထားဟာ တထပ်တည်းကျတယ်။ လူထုရဲ့ သဘောထားကို ထင်ဟပ်တယ်။ အဲသည် မတ် ၂၉ ဆုံးဖြတ်ချက်ဟာ ဦးဝင်းတင်ပြောသလို မြန်မာပြည်ဒီမိုကရေစီရေးအတွက် အောင်ပွဲတခုဖြစ်တယ်လို့ ဆိုတာကို ကောက်နုတ်တယ်။ ပြီးတော့ ဒေါ်စု၊ ပါတီ၊ ပါတီဝင်နဲ့ ပြည်သူတွေရဲ့ အများစုဆန္ဒကို ကြားထဲကနေပြီး ၀င်နှောက်နေစရာ၊ သံသယသွေးထိုးစကားတွေ ပြောနေစရာမလိုဘူး ဆိုပြီး ဆောင်းပါးက ရေးထားပါသေးတယ်။

နောက် မိုးမခမှာပဲ နောက်ဆောင်းပါးတခုမှာ (မိုက်ခဲစိန်) က အင်န်အယ်ဒီပါတီရဲ့ ပြည်သူလူထုထံ ပြန်ကြားချက် ( အနှစ် ၂၀ လုံးလုံး ဒီမိုကရေစီရေးကို စွန့်လွှတ်အနစ်နာခံပြီး ဆောင်ရွက်ခဲ့ကြတဲ့ အင်န်အယ်ဒီပါတီဟာ ပြည်သူလူထုကို တောင်းပန်ပါတယ် ဆိုတဲ့စာ) ကို ပြန်ပြီး သုံးသပ်ပြရာမှာ အင်န်အယ်ဒီပါတီဟာ စစ်အစိုးရကမ်းလှမ်းခဲ့တဲ့ ၁၉၉၀ ရွေးကောက်ပွဲလမ်းကြောင်းကို လက်ခံပြီး စစ်အစိုးရရဲ့ စကားအတိုင်း ရွေးကောက်ပွဲဝင်ခဲ့တယ်၊ အနိုင်ရတဲ့နောက်ပိုင်းမှာလည်း စစ်အစိုးရနဲ့ တွေ့ဆုံဆွေးနွေး အဖြေရှာဖို့ အမြဲကြိုးစားတယ်။ အနှစ် ၂၀ လုံးလုံး မှာ စစ်အစိုးရချပေးတဲ့ ရွေးကောက်ပွဲလမ်းကြောင်းဟာ မအောင်မြင်တဲ့ လမ်းကြောင်း၊ ဆုံးရှုံးနစ်နာမှုနဲ့ ထိခိုက်ပျက်စီးစေတဲ့ ငရဲလမ်းကြောင်းပဲ ဖြစ်တယ်ဆိုတာကို အင်န်အယ်ဒီက မီးမောင်းထိုးပြပြီးတော့ သတ္တိရှိရှိနဲ့ စစ်အစိုးရရဲ့ ငရဲလမ်းကြောင်းကနေ လမ်းခွဲလိုက်တာဖြစ်လို့ တောင်းပန်နေစရာမလိုပါလို့ ဆိုထားခဲ့ပါတယ်။

အဲသည်အချိန်ကာလ မတ် ၂၉ ကနေ ယခု ဧပြီ ၁၀ ရက်အတွင်း ၁ ပတ်ကျော်ကာလအတွင်းမှာ အင်န်အယ်ဒီပါတီရဲ့ ခြေလှမ်းအပေါ်မှာ အမျိုးမျိုးသော တုန့်ပြန်ချက်တွေ၊ ဝေဖန်မှုတွေ၊ အာဘော်တွေ မျိုးစုံ တွေ့ရ ကြုံရ ကြားရပါတယ်။ အဓိကကတော့ အင်န်အယ်ဒီဟာ စစ်အစိုးရ ဖြစ်စေချင်သလို ကိုယ့်တပ်ကို ကိုယ် ဖျက်သိမ်းလိုက်တယ် ဆိုတဲ့ အသံတချို့လည်း ပါဝင်ပါတယ်။

ဖြစ်ချင်တော့ တိုက်တိုက်ဆိုင်ဆိုင် အင်န်အယ်ဒီက ပါတီခေါင်းဆောင်အချို့ကနေပြီးတော့ ပါတီကို စနစ်တကျဖျက်သိမ်းနိုင်ရေးအတွက် ဦးတင်ဦးဦးဆောင်ပြီး စီမံခန့်ခွဲရေး အထူးကော်မီတီဖွဲ့လိုက်တယ်လို့ ထုတ်ပြန်လာပါတယ်။ အတိုက်အခံခေါင်းဆောင်ဦးတင်ဦးကလည်း ပါတီပိုင် ပစ္စည်းတွေ၊ စာရင်းတွေကို စနစ်တကျဖြစ်အောင် ပြင်ဆင်တယ်လို့ ဆိုလိုက်ပါတယ်။ အဲသည်မှာ ပါတီကို ဖျက်သိမ်းဖို့ ပြင်ဆင်တာမဟုတ်၊ ပါတီက ဆက်လက်မှတ်ပုံတင်မှာ မဟုတ်လို့ ပြေပြေလည်လည်ဖြစ်အောင် ဆိုပြီး ပြင်ဆင်တာလို့ ပြောထားတော့ အဲသည်ကိစ္စဟာ တဖက်က ထောက်ပြစရာ၊ အင်န်အယ်ဒီရဲ့ တည်ရှိမှုကို မေးခွန်းထုတ်စရာ ဖြစ်လာပါတော့တယ်။

အဲသည်အတွက် ပါတီရဲ့ ခေါင်းဆောင်များထဲက လွတ်လပ်ပွင့်လင်းစွာ ပြောဆိုလေ့ရှိသူ ဦးဝင်းတင်အတွက် မေးခွန်းတွေကို မေးမြန်းပြီး အဖြေရှာကြရန် ကြိုတင်ပြင်ဆင်ကြပါတယ်။ ပါတီက မေလ ၆ ရက်တောင် မရောက်သေးခင်မှာ အစောကြီးကတည်းက ကြိုပြီးတော့ ပစ္စည်းစာရင်းတွေ လုပ်နေရပြီလား။ ဘာလဲ၊ ဘယ်လဲ ဆိုတဲ့ မေးခွန်းပါ။ ပါတီဟာ ၁၉၉၀ မတိုင်ခင် ၁၉၈၈ စက်တင်ဘာ ၂၇ မှာကတည်းက မှတ်ပုံတင်ထားတဲ့ ပါတီဖြစ်တယ်။ ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရထားတဲ့ အတိုက်အခံပါတီကြီးတခုလည်း ဖြစ်နေတယ်။ ၂၀၁၀ ရွေးကောက်ပွဲဥပဒေက တောင်းဆိုနေတဲ့အတိုင်း မှတ်ပုံ ထပ်မံတင်နေစရာမလိုဘူးလို့ သဘောထား ထုတ်ပြန်ထားတာမျှသာ ဖြစ်ပါတယ်။ ဥပဒေစကားအရ ကပ်ပြီး ပြောကြကြေးဟေ့ ဆိုရင် မှတ်ပုံထပ်တင်စရာ မလိုလို့ ပြောရုံနဲ့ တင်ပြီးသား မှတ်ပုံတင်ကို ပြန်အပ်လိုက်ပြီ၊ ရုတ်သိမ်းလိုက်ပြီ ဆိုတာမျိုး ပြောဆိုတာမျိုးလည်း မသက်ရောက်ပါ။ ဒါတွေက ဘာသဘောလဲ။ ပါတီဝင်တွေနဲ့ ပြည်သူတွေက ဘယ်လို နားလည်မှာလဲ ဆိုတဲ့ မေးခွန်းပါ။

ဆရာကို မေးခွန်းမေးဖို့ တွေ့ဆုံရန် ကြိုးစားနေစဉ်ကာလမှာပဲ မိုးမခရဲ့ အတည်မပြုနိုင်တဲ့ သတင်းအရ အဲသည် စီမံခန့်ခွဲရေးကော်မီတီကို စေခိုင်းသူက ပါတီဥက္ကဋ္ဌ ဦးအောင်ရွှေ ဖြစ်တဲ့အကြောင်း၊ ပစ္စည်းစာရင်းလုပ်ဖို့ သိမ်းကြ ဆည်းကြဖို့အတွက် ဦးတင်ဦးနဲ့ အဖွဲ့တဖွဲ့ ထူထောင်ပြီး လုပ်တာကို ဒေါ်အောင်ဆန်းစုကြည်နဲ့ အချို့သော ပါတီခေါင်းဆောင်တွေက သဘောထားပေးကြရာမှာ နိုင်ငံရေးပါတီတရပ်ဟာ စတင်ဖွဲ့စည်းထားစဉ်ကအတိုင်း မူလအတိုင်းရပ်တည်မယ်လို့ ဆိုထားတဲ့အတွက် ဒီအလုပ်တွေ လုပ်နေစရာ မလိုဘူး၊ ပါတီဟာ လက်ရှိ လုပ်ငန်းစဉ်များ၊ လှုပ်ရှားမှုများ၊ အလံတော်များ၊ ဆိုင်းဘုတ်များအတိုင်း ဆက်လက် ရပ်တည် ရှိမြဲ နေမြဲအတိုင်း နေရမှာ ဖြစ်တယ်လို့ ၀ိုင်းဝန်းပြောဆိုကြတဲ့အတွက် အဲသည် စီမံခန့်ခွဲမှုကော်မီတီစခန်းလည်း ရပ်တန်းက ရပ်သွားတယ် ဆိုတဲ့အကြောင်း ကြားသိရပါတယ်။

ဆရာ့ကို အထက်က မေးခွန်းကို မေးရန် ရည်ရွယ်ထားတဲ့အတိုင်း မေးတဲ့အခါမှာတော့ ဆရာက ဒီကိစ္စတွေကို အကျယ်တ၀င့် အသေးစိတ်မပြောနေတော့ဘဲ အခုလို သဘောထားကို ပေးပါတယ်။

"အခုအချိန်မှာ အင်န်အယ်ဒီဟာ အဖွဲ့အစည်းအမည်အားဖြင့် ဒီ/ချုပ် - ဒီမိုကရေစီအဖွဲ့ချုပ် ဖြစ်တယ်။ ဒီ/ချုပ်မှာ ပါဝင်ကြတဲ့သူတွေဟာ ဒီမိုကရေစီရေး လှုပ်ရှားသူတွေ - ဒီ/လှုပ် တွေ ဖြစ်တယ်လို့ ပြောချင်ပါတယ်။ ဒီ/ချုပ် ပဲ ဖြစ်ဖြစ်၊ ဒီ/လှုပ် ပဲ ဖြစ်ဖြစ် ဒီမိုကရေစီအရေးအတွက် လုပ်စရာတွေက အများကြီး ရှိနေပြီး ဖြစ်တယ်။ ပါတီရဲ့ ရွှေဂုံတိုင်ကြေငြာချက်ကို မူတည်ပြီးတော့၊ ပြီးတော့ ပါတီရဲ့ မူလရပ်တည်ချက်တွေဖြစ်တဲ့ ဒီမိုရေစီရေး၊ ငြိမ်းချမ်းရေး၊ တွေ့ဆုံဆွေးနွေးအဖြေရှာရေးအတွက် ထောက်ရမယ့် ဒေါက်တွေကိုလည်း ဆက်လက် တည်တံ့ခိုင်ခန့်အောင် လုပ်နေရမှာ ဖြစ်တယ်။

ပါတီအဖွဲ့အစည်းရဲ့ ပါတီတွင်း ပြန်လည်တည်ဆောက်ရမယ်၊ တိုးတက်အောင်လုပ်ရမယ်။ ပါတီရဲ့ မဟာမိတ်တွေဖြစ်တဲ့ စီအာရ်ပီပီနဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေ၊ မိတ်ဆွေတွေနဲ့လည်း ဆက်လက် လက်တွဲ ဆောင်ရွက်သွားရမယ်။ ပြီးတော့ နိုင်ငံတကာက မိသားစုတွေ၊ သံတမန်တွေ အားလုံးနဲ့ အရှေ့ အနောက် အားလုံးနဲ့ အပြုသဘောအဖြစ် ဆက်ဆံသွားရမယ်။ တိုးချဲ့ရမယ်။ တပြိုင်နက်တည်းမှာပဲ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးလိုလားတဲ့ မြန်မာပြည်သူတွေရဲ့ အရေးကိစ္စတွေအတွက်လည်း ပိုပြီးတော့ ထဲထဲဝင်ဝင် ရင်းရင်းနှီးနှီးနဲ့ ၀ိုင်းဝန်းဆောင်ရွက်ရမှာ ဖြစ်တယ်။ ဒါတွေကို ခွင်လေးခွင်၊ ဒေါက်လေးဒေါက်လို့ ပြောပြချင်ပါတယ်။"

အဲသည်မှာ ထပ်မေးတဲ့ မေးခွန်းကတော့ - အဆုံးစွန်ဆုံး တွေးကြတာက ပါတီခေါင်းစဉ်မရှိတော့ဘူး။ ပါတီအလံတော် မရှိတော့ဘူး။ ပါတီဖွဲ့စည်းပုံတွေ၊ ခေါင်းဆောင်မှု အဆင့်ဆင့်တွေ မရှိတော့ဘူးလို့ လူတွေက ယူဆလိုက်တဲ့အခါမှာ အင်န်အယ်ဒီနဲ့ အင်အယ်ဒီအဖွဲ့ဝင်တွေရဲ့ လမ်းကြောင်းက ဘာလဲ ဘယ်လဲ ဆိုတဲ့ မေးခွန်းဖြစ်ပါတယ်။ မြန်မာနိုင်ငံရေးသမိုင်းမှာ အစဉ်အမြဲ ပြောဆိုကြတဲ့ လှုပ်ရှားမှု - ယူဂျီ ဆိုတဲ့ မြေအောက်လှုပ်ရှားမှုတွေ ဖြစ်သွားမှာလား ဆိုတဲ့ မေးခွန်း ဖြစ်ပါတယ်။

"ဒီ/ချုပ် ရဲ့ ဒီ/လှုပ်တွေထဲမှာ အထင်ရှားဆုံး ဥပမာကတော့ ဒေါ်အောင်ဆန်းစုကြည်ပဲ။ ပါတီ ရှိနေတာ၊ မရှိတာက သူ့အတွက် အရေးမကြီးဘူး။ သူ့ရဲ့ ရပ်တည်မှုနဲ့ ဆောင်ရွက်ချက်တွေကပဲ အရေးကြီးတယ်။ ဒါကိုပဲ ပြည်သူတွေနဲ့ နိုင်ငံတကာက ထောက်ခံရပ်တည်ကြတာ ဖြစ်တယ်။ အခု အဲဒီသဘောက ပါတီနဲ့ ပါတီဝင်တွေအားလုံးပေါ်ကို အဲသည်လိုအခွင့်အရေး ညီတူညီမျှ ကျရောက်လာပြီ ဖြစ်တယ်။ အဲသည်လိုမျိုး ပါတီခေါင်းစဉ်တွေ၊ ပါတီအလံတော်တွေ ရှိနေတဲ့ကြားက သူတို့သဘောနဲ့ သူတို့ ရပ်တည်ပြီးတော့ ဒီမိုကရေစီရေးလှုပ်ရှားမှုတွေ လုပ်ကြတဲ့သူတွေ ပါတီဝင်တွေ ရှိကြတယ်။ စုစုနွေးတို့၊ ဖြူဖြူသင်းတို့၊ ဥပဒေပညာရှင်အစုအဖွဲ့တွေ။ တချို့ဆိုရင် ပါတီကို ထိခိုက်မှာစိုးလို့ဆိုပြီး ပါတီနဲ့ ခပ်ခွာခွာနေပြီး လုပ်ကိုင်ကြရတာတွေရှိတယ်။ အရင်တုံးကဆိုရင် အဲသည်လို အပြုအမူတွေအတွက် ပါတီရဲ့ အရေးယူခံရတာတွေတောင် ရှိတယ်။ အခုချိန်မှာ သည်လိုမျိုး အတားအဆီးတွေ၊ အဟန့်အတားတွေ မရှိတော့ဘူးပေါ့။ ဒီ/ချုပ်က ဒီ/လှုပ်တွေ တစုတစည်းတည်း ညီညီညွတ်ညွတ်နဲ့ ပိုပြီး လုပ်ကိုင်နိုင်ကြဖို့သာ ရှိပါတယ်။ အဲသည်လူတွေမှာ ပြီးခဲ့တဲ့ အဲသလိုအချိန်တွေမှာတုံးက  ပါတီခေါင်းစဉ်တွေ၊ ပါတီရုံးခန်းတွေ၊ ပါတီကျောထောက်နောက်ခံတွေ ရှိခဲ့သလား။ မရှိဘူး။ ဒါပေမယ့် ပြည်သူလူထုကို မျက်နှာမူတဲ့ နိုင်ငံရေးကို လုပ်ခဲ့ကြတာဖြစ်တယ်။ အကြမ်းဖက်လုပ်ငန်းတွေ မလုပ်ဘူး။ နေ့စဉ် ပုံမှန် သွားလာရင်း လုပ်ကိုင်ကြတာဖြစ်တယ်။ ခုချိန်နဲ့ ဘာမှထူးခြားသွားတာ၊ ပြောင်းလဲသွားတာတွေ မရှိတဲ့အတွက် မြေအောက်လှုပ်ရှားမှုတို့၊ ယူဂျီတို့ ဖြစ်သွားစရာလည်း မရှိဘူး လို့ ပြောချင်ပါတယ်။"

ဆရာဦးဝင်းတင်ရဲ့ ဖြေကြားချက်ထဲမှာ ဒီ/လှုပ်တွေ ဆိုတဲ့ အသုံးအနှုံးအသစ်တခု ပါလာပါတယ်။ အဲသည် ဒီ/လှုပ် ဆိုတာက နိုင်ငံတကာမှာ ခေတ်စားတဲ့ Activist ဆိုတဲ့ တက်ကြွလှုပ်ရှားသူ ဆိုတဲ့ သဘောထားနဲ့များ တူသွားသလား။ အဲဒါကို ထပ်မေးဖြစ်ပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံတကာက Activist နဲ့ အဖွဲ့တွေဆိုတာက နိုင်ငံရေးပါတီဆိုတဲ့ အဆင့်မှာ မရှိဘူး။ အာဏာရှိ၊ သြဇာရှိတဲ့ အစိုးရ သို့မဟုတ် လုပ်ငန်းရှင်ကျောရိုးကြီးများရဲ့ မူဝါဒ၊ သဘောထားနဲ့ လုပ်ငန်းစဉ်တွေရဲ့ အချက်တခုသို့မဟုတ် အချက်အချို့တွေပေါ်မှာ သဘောမတူသည့်အပေါ်မှာဖြစ်စေ၊ သဘောတူသည့်နေရာတွင်ဖြစ်စေ ကန့်ကွက်တဲ့ အလုပ်၊ ထောက်ခံတဲ့ အလုပ်တွေ ဆောင်ရွက်ခြင်း၊ လူထုလှုပ်ရှားမှုများပြုလုပ်ခြင်း၊ အစီရီခံစာများ၊ ရန်ပုံငွေလှုပ်ရှားမှုများ ပြုလုပ်ခြင်းတို့နဲ့ ၎င်းတို့ အာဘော်တွေကို ခေတ်စားအောင်လုပ်တဲ့ နေရာကဏ္ဍမှာသာ ရပ်တည်တွက်အတွက် Activist ဆိုတဲ့ တက်ကြွလှုပ်ရှားသူ အဆင့်ကို မြန်မာပြည်ရဲ့ အဓိကနိုင်ငံရေးပါတီကြီးက ပြောင်းလဲသွားပြီလား ဆိုတဲ့ မေးခွန်း ဖြစ်ပါတယ်။

"အခုချိန်မှာ အင်န်အယ်ဒီက ဆုံးဖြတ်ချက်ချပြီး ထုတ်ပြန်တာက နိုင်ငံရေးပါတီအဖြစ် ထပ်မံ မှတ်ပုံမတင်တော့ဘူးဖြစ်တယ်။ အတိုက်အခံနိုင်ငံရေး အင်အားစုတခုအနေနဲ့ မူလကတည်းက ချမှတ်ထားပြီးသား မူဝါဒတွေ၊ သဘောထားတွေနဲ့ ကြေငြာချက်တွေကို ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်တယ်။ နိုင်ငံရေးလုပ်တယ်ဆိုတာ ပါတီမူဝါဒတွေ၊ လမ်းကြောင်းတွေကို ဖော်ဆောင်ရတာ။ ဒါ့ထက် အရေးကြီးတာက တိုင်းပြည်တပြည်လုံးရဲ့ လူထုအားလုံးကို ကိုယ်စားပြုတဲ့ လူ့အရေး၊ နိုင်ငံ့အရေးတွေ လုပ်နေတာ ဖြစ်တယ်။ အဲသည်အလုပ်တွေဟာ ၂၀၀၉ ခုနှစ် ဧပြီ - ရွှေဂုံတိုင်ကြေငြာစာတမ်း ထုတ်ပြန်စဉ်က ပြောခဲ့တဲ့ ကျနော့်ရဲ့ စကားအတိုင်းပြောရရင် ပြည်သူကို မျက်နှာမူတဲ့ နိုင်ငံရေးကို လုပ်ကြဖို့ပဲ ဖြစ်ပါတယ်။ အခုလည်းပဲ အဲသည်အတိုင်း ဒီ/ချုပ်ရဲ့ ဒီ/လှုပ်တွေက ရပ်တည်နေကြတာကို မြင်တွေ့နိုင်ပါတယ်လို့ ပြောချင်ပါတယ်။"

              ဆရာဦးဝင်းတင်နဲ့ စကားပြောခဲ့သမျှထဲက ကောက်နုတ်ဖော်ပြလိုက်ပါတယ်။ ဆရာဦးဝင်းတင်နဲ့ မေးခွန်းများ ဆက်မေးဖြစ်သေးရင် ဆက်လက်ဖော်ပြပါဦးမယ်

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

ကိုဇာဂနာဖတ်ဖို့ ဟာသ
သင်္ကြန်စာ
 
ပျော်တော်ဆက်သာဂိ
ဧပြီ ၁၅၊ ၂၀၁၀
 ကိုဇာဂနာရေ …
သတိရစွာနဲ့ စာရေးလိုက်တယ်။ သင်္ကြန်တွင်းမှ ရေးတော့ သင်္ကြန်စာပေါ့ဗျာ။ ထူးထူးခြားခြား လာမည့်နှစ်မှာ အတာဘာစားမည်၊ ညာစားမည်၊ သကြားမင်းကြီး ဘာစီး ညာစီးလာမည်။ ဟိုဟာတွေ ဒီဟာတွေ မြူးလို့ ဘယ်ဟာတွေ ဟိုဥစ္စာတွေ ပေါများမည်တို့ ရေးမှာ မဟုတ်ပါဘူး။ အကျဉ်းကျနေသူ မိတ်ဆွေတွေ၊ မိသားစုတွေဟာ သင်္ကြန်မှာ ဘယ်လိုမျိုး ပျော်ကြရမှာလဲ။
           မြန်မာပြည်ကို ဆင်းတယ်ဆိုတဲ့ သကြားမင်းကလည်း ခါးမှာ ဗြောက်ထိုးထားတဲ့ စစ်အာဏာရှင်သင်္ကြန်မှာ ခပ်ကုပ်ကုပ်နဲ့ ခွေးသားရေပိုဒ်တောင် မထုတ်ရဲ၊ အမြီးတော့ မလှုပ်ရဲနဲ့ ကျီးကြည့် ကြောင်ကြည့်နဲ့ ဖြစ်နေမှာပါ။ ဟိုးတုန်းက မြန်မာပြည်သင်္ကြန်မင်းသားတွေဖြစ်တဲ့ ကိုဇာဂနာတို့၊ ကိုမင်းကိုနိုင်တို့ကို သံချပ်စင်တွေမှာ လိုက်ရှာနေမှာလားလို့တော့ မထင်ပေါင်။
၂၀၀၆ သင်္ကြန်ကတည်းကပေါ့နော် ခင်ဗျားရဲ့ စစ်အာဏာရှင်သင်္ကြန်ကို ခပ်စပ်စပ်ဝေဖန်ချက်ကြောင့် ခင်ဗျားရဲ့ အနုပညာတွေကို ပိတ်ပစ်လိုက်ကြတယ်။ ခင်ဗျားရဲ့ လှုပ်ရှားမှုတွေကို လူထုကြားထဲမှာ ပိတ်ဆို့လို့မရခဲ့ဘူး။ ၂၀၀၇ ရွှေဝါရောင်မှလည်း ခင်ဗျားကို ပိတ်ဆို့ဖမ်းဆီးခဲ့တာပဲ။ ၂၀၀၈ နာဂစ်ကျတော့ ခင်ဗျားရဲ့ မြန်မာပြည်ကြီးရဲ့ ဒုက္ခသည်တွေကို ကယ်တင်တဲ့ စောင့်ရှောက်တဲ့ လှုပ်ရှားမှုတွေကို ဇာတ်သိမ်းပစ်ဖို့ လုပ်ကြတယ်။ ခင်ဗျားကို ထောင် ၃၅ နှစ် ချထားလိုက်ပြီ။ ဒါပေမယ့် ပြည်သူလူထုဟာ ဇာဂနာရဲ့ သတ္တိနဲ့ ပြောရဲ ဆိုရဲ လုပ်ရဲ ကိုင်ရဲတဲ့ အပြုအမူကို အတုယူကြလို့ ခင်ဗျားဟာ စံပြပုဂ္ဂိုလ်တဦးပဲဆိုတာ လွှမ်းပတ်ကမ္ဘာတည်စေသော်ဝ်ပေါ့ဗျာ။
၂၀၁၀ မှာ အမေရိကန်ရောက် မြန်မာတွေက ပြည်သူ့ဂုဏ်ရည်ဆိုတဲ့ ဂုဏ်ပြုအစီအစဉ်တခု စတင်လုပ်ကိုင်ကြတယ်ဗျ။ သူတို့တတွေ ရွေးချယ်တဲ့ လူမှုလုပ်ငန်း စေတနာ့ဝန်ထမ်း စွမ်းဆောင်သူတွေ ၂၄ ဦးထဲမှာ ခင်ဗျားအမည် ပါလာတယ်။ ပြီးတော့ ၅ ဦး ဆန်ကာတင်ရွေးကြတော့ ခင်ဗျားအမည်လည်း ကျန်ရစ်တယ်။ နောက် ခင်ဗျားနဲ့အတူ ဆန်ကာတင်ကြသူတွေကလည်း ခင်ဗျားချစ်ခင် လေးစား ကြည်ညိုတဲ့ မိတ်ဆွေတွေ၊ ပုဂ္ဂိုလ်တွေပဲ ဖြစ်နေပြန်တယ်။ ဆရာတော်ကြီး ဦးဉာဏိသရ (သီတဂူဆရာတော်)၊ ကိုကျော်သူ၊ မဖြူဖြူသင်း၊ ဦးအေးမြင့် စသည် … ၀မ်းသာစရာပါဗျာ။ သာဓုခေါ်လိုက်ပါရဲ့။
မြန်မာပြည်က တပ်မတော်အစိုးရကြီးခင်ဗျာ ၂၀၁၀ မှာ လုပ်ပေးမယ် ပြောထားတဲ့ ရွေးကောက်ပွဲကြီးအတွက် လူမိုက်တွေ၊ လူညံ့တွေ၊ လူပေါတွေ ရွေးလို့မှ မပြီးသေးဘူး၊ အင်န်အယ်ဒီပါတီကတော့ နင်တို့တွေနဲ့ပေါင်းပြီး မိုက်တွင်းနက်မနေနိုင်ဘူးလို့ ဆုံးဖြတ်ချက်ချလိုက်တော့ မင်းတြားကြီး ဗိုလ်သန်းရွှေတို့မှာ အတော် အကြပ်ရိုက်နေတယ် ကြားတယ်ဗျ။
သူတို့ဘက်က လူတွေ (လူတွေတော့ မဟုတ်ဘူးဗျ၊ ဗိုလ်တွေ ဗိုလ်တွေ … လူတွေအပေါ်က ဗိုလ်လုပ်မယ့်သူတွေကို လွှတ်တော်ထဲ လွှတ်မှာဗျာ …) မှာက အဆင်သင့်ဖြစ်နေပြီ။ သူတို့ အပင်းသွင်းပြီး ပယောဂနဲ့ ပြုစားထားတဲ့ ဘိုလိုတော့ ဇွမ်ဘီ ပေါ့ဗျာ … ဖုတ်ကောင်ကြီးတွေခင်ဗျာ အင်န်အယ်ဒီနဲ့ ပုခုံးချင်းတိုက်ပြီး လွှတ်တော်ထဲ ဖျာဝင်ခင်းမယ်လို့ ပြင်ထားတာ သူတို့လည်း တန်းလန်းကြီး ဖြစ်နေကြတယ် ပြောတယ်။
နေပြည်တော်က ငလျင်ကြောတည့်တည့်မှာ ဆောက်ထားတဲ့ လွှတ်တော်သစ်ကြီးကို ဗိုလ်သန်းရွှေက အပြီးဆောက်နေချိန်မှာ ဖက်ဆစ်အလိုတော်ရိ လွှတ်တော်ရူးသူ ဖုတ်ကောင်တွေကလည်း လွှတ်တော်မပြီးလည်း ကိစ္စမရှိဘူး တဲ့ … ခင်းထားတဲ့ဖျာ ခေါင်းပေါ်တင်ပြီး အမိုးလုပ်လို့ နေပါ့မယ်လို့ မျက်ရည်ခံ ထိုးနေကြတယ် ကြားတယ်ဗျာ။ သင်္ကြန်မှာတောင် မဲဆွယ်တဲ့အနေနဲ့ မဏ္ဍပ်တွေမှာ ဖုတ်ကောင်အက သွားကပြီး စည်းရုံးရေးဆင်းမယ်လို့ သူတို့တွေ ပြင်ဆင်ကြသေးတယ်လေ။ သင်္ကြန်တွင်းမှာ ရွေးကောက်ပွဲ နိုင်အောင် ယတြာချေတဲ့အနေနဲ့ နေပြည်တော်က လွှတ်တော်ကြီးမှာ အုတ်စီ သဲသယ် လုပ်အားသွားပေးနေကြတယ် ပြောတယ်ဗျ။ သနားစရာပါဗျာ …
ကျနော်ကတော့ ခင်ဗျားပေးခဲ့တဲ့ မြပုဏ္ဏမာ အဖွဲ့သားများရဲ့ ၁၉၉၀ သင်္ကြန် သံချပ်များ ရုပ်သံဗီစီဒီလေးနဲ့ ခင်ဗျားကို အလွမ်းဖြေပြီး ကြည့်နေမိတော့တယ်။  စစ်အာဏာရှင်တွေလက်ထက်မှာ သံချပ်တွေ မရှိတော့တဲ့နောက် ရွေးကောက်ပွဲကြီး ပြီးသွားရင်လည်း သံချပ်တွေ ပြန်လည် ပွင့်လင်းလာမယ် မထင်ပါဘူးဗျာ။ ဒီမိုကရေစီဆိုတာ စစ်အာဏာရှင်ရဲ့ ဘောင်းဘီအိတ်ကပ်ထဲမှာ ရှိတယ်လို့ ဘယ်ပညာရှိတွေက အရူးချီးပန်း ပြောလိုက်လေသလဲ မသိဘူး။ ယုံတဲ့သူတွေက ယုံပြီးတော့ စစ်ဗိုလ်တွေရဲ့ ဘောင်းဘီအိတ်ထဲ ၀င်နှိုက်ဖို့ ကြံစည်နေကြောင်း လူသိရှင်ကြား ထုတ်ဖော်ပြောဆိုနေကြတဲ့ ဖုတ်ကောင်တွေကိုတော့ ဂရုဏာသက်မိပါရဲ့။ ဒီမိုကရေစီ ဆိုတာကို စစ်အာဏာရှင်ရဲ့ ဘောင်းဘီအိတ်ထဲမှာ မတွေ့ဘဲ ကာလနာတွေ တိုက်ကုန်ကြမယ် ထင်ပါရဲ့။
         ကြံဖန်ပြီး ၀မ်းသာစရာပြောရရင်တော့ ဒီဖုတ်ကောင်ကြီးတွေနဲ့ အပေါင်းအပါတွေ၊ တတိယအုပ်စုတို့၊ ဘဲဥ ကြက်ဥ ငုံးဥ အစုအဖွဲ့တို့ဆိုတာတွေဟာ လွှတ်တော်ကြီးထဲမှာ စစ်အာဏာရှင်တွေအလိုကျ ငိုရ ရယ်ရ အသုံးတော်ခံဖို့ ပြင်ဆင်ကြရတော့မှာ ဆိုတော့ ကိုကျော်သူရဲ့ အခုလုပ်ပေးနေတဲ့ လိမ္မာယဉ်ကျေးစေတဲ့ သရုပ်ဆောင်သင်တန်းကိုတော့ မတက်မဖြစ် သွားတော့ တက်ကြရမှာပဲဗျ။
 ပြီးတော့လည်း စစ်အာဏာရှင်တွေရဲ့ မတရားကျင့်မှုကို ခံရတဲ့နောက် ရောဂါဘယတွေ စွဲကပ်လာတဲ့အခါမှာ နာတာရှည်လူနာတွေကို ကုသစောင့်ရှောက်ပေးနေတဲ့ ဖြူဖြူသင်းတို့ဆီကိုလည်း အပူလာကပ်ကြရလိမ့်မယ် ထင်တယ်။
မတရာအလုပ်ခံရပြီဆိုတာ သိတဲ့ လွှတ်တော်ထဲက ဖုတ်ကောင်ကြီးတွေဟာ အမြင်မှန် အသိမှန်ရပြီးတော့ စစ်အာဏာရှင်တွေကို ပြန်လည် အရေးယူဖို့ ကြံစည်တဲ့နေရာမယ် အားနည်းသူတွေကို ကူညီနေတဲ့ ဦးအေးမြင့်တို့လို ရှေ့နေ ရှေ့ရပ်တွေဆီမှာ မျက်ရည်လေး တစမ်းစမ်းနဲ့ ရောက်လာကြဦးမှာပေါ့ဗျာ။
နောက် ဒါ့အပြင် သူတို့တတွေရဲ့ ဘ၀တွေဟာ စစ်အာဏာရှင်ရဲ့ ကပ်ဆိုးကြီးအောက်မှာ အဖတ်ဆယ်မရအောင် ဆုံးရှုံးသွားရပြီဆိုတာ အားလုံးထက် နောက်ကျပြီးမှ သိရှိ နောင်တရချိန်မှာလည်း ဘ၀ကူးလေး ဘာလေး ကောင်းအောင် ဆရာတော်ကြီးတွေဆီက ပရိတ်ရည်လေး ဘာလေး တောင်းသောက်ကြလိမ့်မယ် ထင်ပါရဲ့။
ဘ၀တွေ မပျက်ဘဲနဲ့ အသိမှန် အမြန်ရကြလို့ လွှတ်တော်ထဲက မျိုးချစ်ဖုတ်ကောင်ကြီးတွေက စစ်အာဏာရှင်တွေကို နင်ပဲ ငဆ ပြန်လှန်ပြောဆိုမိလို့ မတော်မတည့် နိုင်ငံတော်ရဲ့ အကျဉ်းထောင်တွေထဲ ထောင်ဒဏ် ကမ္ဘာ ၁ သိန်းနဲ့ ထောင်ချခံရရင်လည်း ထောင်ထဲမှာ ရောက်နှင့်နေပြီဖြစ်တဲ့ မိတ်ဆွေကြီး ကိုဇာဂနာရဲ့ အရိပ်အောက်မှာ ခြေသုတ်ပုဆိုး မြွေစွယ်ကျိုးမျှ လာရောက် ဦးညွှတ်ခိုလှုံကြရမှာပေါ့လေ။
အဲသလိုမျိုးလေး သူတို့ကို အားမငယ်ကြဖို့ အားပေးလိုက်ချင်တာပါပဲလေ။ စစ်အာဏာရှင်တွေရဲ့ ရွေးကောက်ပွဲကြီးကိုဝင်၊ ဖက်ဆစ်လက်ပါးစေ လွှတ်တော်ကြီးပေါ်ကို တက်ပြီး နောင်တနေ့မှာ ခွေးကျ ၀က်ကျ ကျဆုံးကြရင်တောင်မှ ကျနော်တို့ဖက်ကတော့ အားနည်းသူတွေ၊ မတရားအလုပ်ခံရသူတွေကို ကူနေ၊ ကယ်နေ၊ စောင့်ရှောက်နေကြဖြစ်တော့ သူတို့တတွေ ခွက်လက်စွဲကာ တောင်းစားပါ၍ ခွေးဆွဲ၊ ၀ဲစွဲ၊ လဒဆွဲပြီးတော့ သေနာကျကုန်ရင်တောင်မှ ကိုကျော်သူ၊ မရွှေဇီးကွက်နဲ့ သန်းမြင့်အောင်တို့ရဲ့ နာရေးကူညီမှုအသင်းကြီးက သူတို့တတွေကို အသေဖြောင့်အောင် စေတနာဝန်ထမ်းပေးမှာ ဖြစ်ကြောင်း သတင်းကောင်းလေးတော့ ပေးလိုက်ချင်ပါရဲ့။ (အဟိ)
အေးဗျာ … ရေးတာကတော့ သင်္ကြန်စာပါပဲ။ သင်္ကြန်စာက ချောတောငေါ့ပြီး မေတ္တာစာ ဖြစ်သွားတယ် ထင်ပါ့။ စစ်အာဏာရှင်ရဲ့ နေ၀င်ချိန်ကတော့ ဘယ်သူမှ အချိန်မီ သိလိုက်မှာ မဟုတ်ဘူး ကိုဇာဂနာ။ သူတို့နေ၀င်ချိန်မှာ မြန်မာပြည်ကြီးက မီးပျက်နေတော့ သူတို့ကို ကူဖို့၊ ကယ်ဖို့အရေး  မျက်စိမှောက်ကုန်ကြတယ် လို့ ဆိုတာပဲ။
ကိုဇာဂနာနဲ့ နိုင်ငံရေးအကျဉ်းသားများ နှစ်သစ်မှာ ကျန်းမာ ချမ်းသာကြပါစေ။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Thursday, April 15, 2010

ဗုံးပေါက်ကွဲမှုနောက်ဆုံးသတင်း

အစိုးရမီဒီယာများမှာ ဖော်ပြခဲ့တဲ့ နောက်ဆုံးသတင်းများအရ သင်္ကြန်ဗုံးပေါက်ကွဲမှုမှာ သေဆုံးသူ အမျိုးသား ၅ ဦး၊ အမျိုးသမီး ၃ ဦး ပေါင်း ၈ ဦး ရှိပြီး ဒဏ်ရာရသူ အမျိုးသား ၁၂၅ ဦး၊ အမျိုးသမီး ၄၅ ဦး ပေါင်း ၁၇၀ ဦးရှိတယ်လို့ သိရပါတယ်။ အစိုးရမီဒီယာများမှာတော့ သင်္ကြန်ရေ ကစားသူများ လုံခြုံရေး သတိရှိဖို့နဲ့ အဖျက်သမားများ သတင်းများရရှိရင် ချက်ခြင်းသတင်းပေးကြဖို့ နှိုးဆော်ထားပါတယ်။

ရန်ကုန်ဗုံးပေါက်ကွဲမှုနောက်ဆုံးသတင်း

အစိုးရ ရုပ်မြင်သံကြားသတင်းက ညနေ ခြောက်နာရီသတင်းမှာ ကရ၀ိတ်အနီး ကန်တော်ကြီး စောင်း ရေကစားမဏ္ဍပ်မှာ ဗုံးသုံးလုံး ပေါက်ကွဲပြီး အမျိုးသား ၃ ဦး၊ အမျိုးသမီး ၃ ဦး ပေါင်း ၆ ဦးသေဆုံးပြီး၊ အမျိုးသား ၅၉ ဦး၊ အမျိုး သမီး ၁၆ ဦး၊ စုစုပေါင်း ၇၅ ဦးဒဏ်ရာ ရတယ်လို့ ကြေညာသွားပါတယ်။ ပြီးခဲ့တဲ့လများအတွင်းက စက်မှုဇုန်တွေမှာ ဗုံးခွဲမှုတွေလုပ်ခဲ့တဲ့ သူတွေ ကိုဖမ်းမိခဲ့တုံးက နောက်ထပ် ဗုံးခွဲမယ့်အဖွဲ့တွေလွတ်နေသေးတယ်လို့ ရဲချုပ်က သတိပေးခဲ့ပြီးနောက် အခုတိုက်ခိုက်မှု ဖြစ်ပေါ်ခဲ့တာဖြစ်ပါတယ်။ ဒီတိုက်ခိုက်မှုဟာ ၂၀၀၄ ခုနှစ်က ကုန်တိုက်သုံးခုမှာ ဗုံးဖောက်ခွဲမှုဖြစ်ပြီးနောက်ပိုင်း အသေအပျောက် အများဆုံး တိုက်ခိုက်မှု ဖြစ်ပါတယ်။ မျက်မြင်သက်သေများကတော့ ဒဏ်ရာရသူတွေထဲမှာ လုံခြုံရေးတပ်ဖွဲ့ဝင် အချို့လည်းပါတယ်လို့ပြောသလို နောက်ထပ် မကွဲသေးတဲ့ ဗုံးတစ်လုံးလည်းရှာတွေ့တယ်လို့ ပြောကြပါတယ်။ ဘာပဲ ဖြစ်ဖြစ် အခုလို ပျော်ရွှင်ဖွယ်ရာသင်္ကြန်ကာလမှ လူတွေထိခိုက် သေဆုံး အောင် လုပ်ဆောင်ခဲ့တဲ့ တိုက်ခိုက်မှုကတော့ ဘယ်လိုမှ လက်မခံနိုင်တဲ့ရာဇ၀တ်မှုဖြစ်ပါတယ်။ ဒီလိုလုပ်ဆောင်ချက်ကို ငြိမ်းချမ်းစွာ ဒီမိုကရေစီ ဖော်ဆောင်ရေးကို လိုလားသူအားလုံးက ရှုံ့ချသင့်တယ်လို့လည်း ယုံကြည်ပါတယ်။

ရန်ကုန်သင်္ကြန် ဗုံးကွဲ

ဒီနေ့ နေ့လည် ၃ နာရီလောက်မှာ ကန်တော်ကြီး ကရ၀ိတ်နားမှာ ရှိတဲ့ မဏ္ဍပ်တစ်ခုတွင် ဗုံးတစ်လုံးပေါက်ကွဲကြောင်း သိရှိရပါတယ်။ အသေအပျောက်ရှိကြောင်း သိရပေမယ့် အရေအတွက် အသေးစိတ်ကိုတော့ မသိရှိရသေးပါဘူး။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

သင်္ကြန်ရေကစားပွဲတွေ လုံခြုံရေး တင်းတင်းကျပ်ကျပ်နဲ့ ကျင်းပ

14 April 2010

Party goers get  soaked underneath a mist of water during an annual water festival, to  celebrate the New Year in Yangon, Myanmar, Wednesday, April. 14,  2010-AP
ရန်ကုန်သင်္ကြန်ပွဲ ဆင်နွှဲနေသူအချို့။
ဧပြီ ၁၄၊ ၂၀၁၀။
ရန်ကုန်မှာ ဒီနှစ်တော့ ရေကစားမဏ္ဍပ်တွေ ခပ်ကျဲကျဲနဲ့ သိပ်စည်စည်ကားကား မရှိဘူးလို့ ရန်ကုန်မြို့ခံတွေက ပြောပြပါတယ်။ အပြည့်အစုံကို မသင်းသီရိက စုစည်းတင်ပြပေးထားပါတယ်။

"ကမ္ဘာအေး ဘုရားလမ်းရယ်၊ ပြည်လမ်းရယ် ဒါပဲ။ ကမ္ဘာအေးဘုရားလမ်းမှာ မဏ္ဍပ်အကြီးကြီးဆိုတော့ ၂ ခုပဲရှိတယ်။ ပြည်လမ်းမှာဆိုလည်း မဏ္ဍပ် အကြီးကြီးရှိတယ်။ သံချပ်တွေဘာတွေတော့ မထိုးဘူး။ သမီးသိတာတော့ ဗမာအကနဲ့ ပန်းကုံးတွေစွပ်ပြီးတော့ အဲဒီလိုမျိုးပဲ။ အရင်ကဆိုရင် တနေရာတည်းမှာ စုနေတာ။ အခုတော့ ဟိုနားနည်းနည်း၊ ဒီနားနည်းနည်း အဲလိုဖြစ်သွားတာပေါ့။"

"ပြည်လမ်းမှာတော့ နည်းနည်းဝေးတယ်။ ကန်တော်ကြီးမှာတော့ နည်းနည်းစည်တယ်။ ပြီးရင် မြို့ထဲဘက်ကို သွားရော။ မြို့ထဲမှာလည်း တော်တော်လှမ်းမှ တခု၊ တော်တော်လှမ်းမှ တခု။ နောက် သိမ်ဖြူလမ်းဘက်မှာ နည်းနည်းရှိတယ်၊ ကန်တော်ကြီးဘက် ဆက်လျက်ပေါ့။ အဲဒီဘက်တွေက နည်းနည်းစည်တယ်။ တခြားနေရာတွေမှာတော့ မရှိဘူး။ နေပူကြီးထဲမှာ ကားက မောင်းမောင်း၊ ပြီးတော့ မဏ္ဍပ်လေးတွေ့ရင် ရေပက်ခံ၊ မဏ္ဍပ်က ကျဲတော့။"

မနေ့က သင်္ကြန်အကြိုနေ့မှာတော့ နေပြည်တော်ဘက်မှာ မဟာသင်္ကြန် ရေသဘင်ပွဲ အခမ်းအနား ဖွင့်ပွဲတွေ ကျင်းပပြီး နာမည်ကြီး အဆိုတော် တော်တော်များများကိုလည်း နေပြည်တော်က မဏ္ဍပ်တွေက ငှားရမ်းထားတယ်လို့ ပြောကြပါတယ်။ မြန်မာစစ်အစိုးရထုတ်တဲ့ သတင်းစာထဲမှာတော့ ရန်ကုန် ပြည်သူ့ဆေးရုံကြီးနဲ့ အရေးကြီးတဲ့ တချို့နယ်မြေတွေကို ရေ ၂၄ နာရီ ပေးထားမယ်လို့ ရေးသားထားပါတယ်။ ဒါပေမဲ့ အများစု မြို့နယ်တွေက ရေသိပ်မရလို့ သိပ်မစည်ကားသလို ယူနီဖောင်းဝတ် အများအပြားကိုလည်း လုံခြုံရေးချထားတာ တွေ့ရတယ်လို့ မြို့ခံတဦးက ပြောပါတယ်။

"သူတို့က လုံခြုံရေးတွေ ချထားတာခင်ဗျ။ စွမ်းအားရှင်လိုပဲ၊ သူတို့က ယူနီဖောင်းတခု ၀တ်ထားတယ် အပြာတွေ။ တံဆိပ်မတပ်ထားတော့ ဘာယူနီဖောင်းမှန်းတော့ မသိဘူး။ မီးသတ်တို့၊ ရဲတို့ ချထားပါတယ်။ သူတို့လူတွေပဲ များပါတယ်။ ပြည်သူကတော့ အဲဒီထဲကို သိပ်မတိုးချင်ကြဘူး။ အပြာဝတ်တွေ များတယ်။ အရင်လို ပျော်ပျော်ပါးပါး သိပ်မရှိကြဘူး။ နှစ်သစ်ကူး အတာသင်္ကြန်မှာ အညစ်အကြေးတွေ ဆေးတဲ့ ရေကစားတဲ့ နေရာမှာ ရေကလည်း မလာတဲ့အခါကြတော့ တယောက်နဲ့တယောက် မူးပြီး သောက်စား၊ နောက်ပြောင်ပြီး သီချင်းတွေဆို၊ ကတယ်။ အဲဒါပဲရှိတယ်။ ဟိုးအရင်နှစ်တွေနဲ့တော့ မတူတော့ဘူးဗျ။"

ရန်ကုန်မြို့ခံတဦး ပြောပြခဲ့တာ ဖြစ်ပါတယ်။

အထူးသဖြင့် ဒီနှစ်တွေထဲမှာ စီးပွားရေး ကျပ်တည်းတာမို့ အလည်အပတ် သိပ်မရှိကြသလို ရပ်ကွက်နဲ့ မြို့နယ်တွေထဲမှာလည်း သင်္ကြန် အလှူဒါန ပြုတာမျိုး သိပ်မတွေ့ရဘူးလို့လည်း ပြောပါတယ်။

"မနှစ်ကနဲ့ စာရင်တော့ မစည်ဘူး၊ ဟိုးနှစ်တွေကနဲ့ စာရင်တော့ ပိုဝေးတာပေါ့။ အခုက ဘယ်လိုလဲဆိုတော့ ရေပက်ခံ ထွက်မယ်ဆိုလည်း ပိုက်ဆံနဲ့၊ ရေပက်မယ်ဆိုလည်း ပိုက်ဆံနဲ့၊ ရေပက်မဏ္ဍပ်မှာ ရေတက်ပက်ချင်ရင်လည်း တနေ့ကို ၃၀,၀၀၀၊ ၄၀,၀၀၀ အဲလိုမျိုးပေါ့။ ရေပက်ခံ ထွက်မယ်ဆိုလည်း ကားငှားရတာ ကားခက တသိန်းနဲ့ တသိန်းခွဲကြားမှာရှိတယ်။ အဲတော့ ရေပက်ခံထွက်မယ်ဆိုလည်း ပိုက်ဆံရှိမှ၊ ရေပက်ချင်ရင်လည်း ပိုက်ဆံရှိမှ အဲလိုဖြစ်နေတယ်။ မုန့်လုံးရေပေါ်တို့ ရွှေရင်အေးတို့ဆို ဒီနှစ် ဝေမယ့်လူ တယောက်မှမရှိဘူး။ ကျန်တဲ့ဟာ ဘယ်သူမှ လုပ်တာလည်း မတွေ့ဘူး၊ ဝေတာလည်း မတွေ့ဘူး။"

"သင်္ကြန် ရေကစားဖို့ ပစ္စည်းလေးတွေတောင်မှ ကျနော်တို့ ၀ယ်မပေးနိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျနော် ၀မ်းနည်းပါတယ်၊ ကျနော်တို့က စားဝတ်နေရေး လုံးပန်းနေရတဲ့အတွက် သင်္ကြန်မှာပျော်ဖို့ ကလေးတွေအတွက် မပံ့ပိုးနိုင်တာကို ကျနော်တို့ ၀မ်းနည်းပါတယ်။"

ရန်ကုန်သင်္ကြန်ပွဲအကြောင်း မြို့ခံတွေ ပြောပြသွားတာ ဖြစ်ပါတယ်။

မန္တလေးဘက်မှာဆိုရင်လည်း အရင်နှစ်တွေကလို ကျုံးဘေးမှာ သင်္ကြန်မဏ္ဍပ်အကြီးတွေ သိပ်မရှိပေမဲ့ ဒီနေ့ အကျနေ့မှာတော့ စည်စည်ကားကား ရှိခဲ့တယ်လို့ မန္တလေးမြို့ခံတွေက ပြောပါတယ်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

နာဂစ်ဒေသ ရေရရှိရေး NLD ကူညီ

15 April 2010

ပါတီကို ပြန်လည် မှတ်ပုံမတင်တော့တဲ့အတွက် ပါတီ ဖျက်သိမ်းခံရပြီး နိုင်ငံရေး လှုပ်ရှားမှုတွေ မလုပ်နိုင်တော့ရင် လူမှုရေး လုပ်ငန်းတွေ ဆက်ပြီး လုပ်သွားမယ်လို့ ပြောထားတဲ့ NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသဘက်မှာ ရေသန့်ရရှိရေး အပါအ၀င် လူမှုရေး လုပ်ငန်းတွေကို အခုကတည်းက လုပ်ပေးနေပါတယ်။ NLD ရဲ့ လူမှုရေး လုပ်ငန်းတွေအကြောင်း စုံစမ်းမေးမြန်းပြီး ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။

၂၀၀၈ ခုနှစ်က နာဂစ်ဒဏ် ခံခဲ့ရတဲ့ ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသတွေမှာ ပြီးခဲ့တဲ့နှစ် နွေရာသီအတွင်း ရေပြဿနာနဲ့ ကြုံခဲ့ရသလို ဒီနှစ်အတွက်လည်း သောက်ရေသန့် ပြဿနာနဲ့ ကြုံရနိုင်တာမို့ ရေရရှိရေး ကြိုးပမ်းကြဖို့ TCG အဖွဲ့က ပြီးခဲ့တဲ့လ အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။ ပွန်ဂျာခေါ် နာဂစ်ဒေသ လေ့လာမှုတွေအရ မြစ်ဝကျွန်းပေါ်ဒေသက ရေကန်အားလုံးရဲ့ ၄၃% ဟာ ရေငန်ဝင်ပြီး သောက်သုံးဖို့ မသင့်လျော်တဲ့အပြင် မိုးရေသိုလှောင်တဲ့ ဓလေ့ကလည်း ပြတ်သလောက် ဖြစ်သွားတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ကန်ရေကို အဓိက မှီခိုနေရတဲ့ ဒေသခံတွေရဲ့ ၇၀% ကျော်ကျော်အတွက် ရေရှည်ပြဿနာတွေနဲ့ ကြုံနေရတာ ဖြစ်ပါတယ်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က နာဂစ်ဒေသ ကူညီရေးအဖွဲ့ ဖွဲ့ပြီး ရေတွင်း ရေကန်တွေ တူးဖော် သန့်စင်ပေးခဲ့တဲ့အပြင် အခု မကြာသေးခင်ကပဲ သောက်ရေသန့် ဖူလုံစေဖို့အတွက် တူးပေးနေတဲ့ ရေတွင်းတွေထဲက နောက်ထပ် ၂ တွင်းကို ဒေသခံတွေလက်ထဲ အပ်နှဲခဲ့တယ်လို့ ကူညီရေးအဖွဲ့က ဒေါက်တာ ဒေါ်မေ၀င်းမြင့်က ပြောပါတယ်။

"ဘိုကလေးမြို့နယ် အထက်ဖူးညိုနဲ့ ကလီကြီးဆိုတဲ့ရွာမှာ သွားပြီး လှူခဲ့တာပါ။ အခုတူးနေတာက ဘိုကလေးမြို့နယ်ပဲ ကဒုံကနိဆိုတဲ့၊ သူကတော့ မြို့နီးပါးလောက် ကြီးပါတယ်။ အဲဒီမှာရှိတဲ့ ငွေအားနဲ့ နောက်တနေရာ၊ နှစ်နေရာမှာ တူးတယ်။ မော်ကျွန်းဘက်မှာလည်း အခု တူးနေတယ်။ ဟို၂ ခုကတော့ အပ်ပြီးသွားပြီ၊ ပြီးခဲ့တဲ့အပတ်က။ တတွင်းကျတော့ နည်းနည်း သံဓာတ်ပါတယ်၊ နောက်တနေရာကျတော့ တတွင်းကို pH7 အတိုင်းပဲ ရပါတယ်။

"အခု ကဒုံကနိမှာ တူးတဲ့ တွင်းကတော့ ဟိုတလောတုန်းက ရေသန့် ထွက်ပြီးတော့မှ၊ ရေချိုထွက်ပြီးတော့မှ တွင်းပြိုသွားလို့ အခု ပြန်တူးနေရတယ်။ မော်ကျွန်းဘက်မှာ တူးတဲ့ တွင်းအခြေအနေကတော့ မပြောနိုင်သေးဘူးပေါ့။ ကျမတို့ဆီက ဦးအုန်းကြိုင်နဲ့ ဦးကြည်ဝင်းနဲ့ သွားကြပြီ။ ကျမတို့ နောက်ထပ် အသစ်တူးနေတဲ့တွင်းပေါ့၊ အဲဒီတွင်းတွေ အခြေအနေကို သူတို့ သွားကြည့်တာပါ။"

ဒီဒေသတွေမှာ ကန်ရေကို အဓိကထား သုံးကြပေမဲ့ ရာသီဥတု ပူပြင်းတဲ့အတွက် ခန်းပြီး ရေလုံလုံလောက်လောက် မရဘူးလို့လည်း ပြောပါတယ်။

"အဲဒီမှာ ကန်တွေတွေ့တယ်။ သူတို့က မိုးရေကို အဓိကထားပြီး လှောင်တာပေါ့။ ဒါပေမဲ့ ကန်တွေက ခန်းနေပြီ။ သုံးတဲ့လူက များပြီးတော့ ကန်ကသေးလို့။ ကန်တကန်ကတော့ အောက်ခြေမှာ ပက်ကြားအက်နေတယ်။ အဲဒီ ပက်ကြားအက်တဲ့ ကြားထဲက လက်ယက်တွင်းလို ပုံစံမျိုးနဲ့ အောက်ခြေမှာ လေးငါးနေရာလောက် တူးပြီး သုံးနေတာ တွေ့ရတယ်။ ဆိုတော့ မလုံလောက်ဘူးဆိုတဲ့ သဘောပေါ့။ အဲဒီ ကဒုံကနိဆိုတာ၊ ပင်လယ်အ၀ဘက်မှာ။ ရေငန်တွေများပြီး ရေချိုမရှိတာ တွေ့ရတယ်။ အဲတော့ ဒီလို ကန်ရေနဲ့တော့ လောက်မှာ မဟုတ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ရွာက လူဦးရေက တိုးတက်လာတယ်၊  ပြီးတော့ နွေကျတော့ ခန်းသွားတော့ စက်တွင်းပဲ ပိုသင့်တော်တယ်လို့ ကျမ ထင်တယ်။"

ကုလသမဂ္ဂ ယူနီဆက်ဖ်နဲ့ တခြားအဖွဲ့တွေက ဒေသတွင်းမှာ ရေကန်ပေါင်း ၃,၈၀၀ ကျော်နဲ့ စက်တွင်းပေါင်း ၃,၀၀၀ ကျော် တူးပေးခဲ့တယ်လို့ စာရင်း ထုတ်ပြန်ခဲ့ပါတယ်။ အဖွဲ့အစည်း အသီးသီးက ဒီလို ကူညီမှုတွေ ရှိနေပေမဲ့ နာဂစ်ဒဏ်ခံရတဲ့ ဒေသတချို့မှာ အခုထိ သောက်သုံးရေ ဖူလုံမှု မရှိသေးပါဘူး။ NLD အဖွဲ့ကတော့ ရေတွင်းတူးသလို တွဲလျက် ရေကန်တွေပါ ဆောက်လုပ်ပေးခဲ့တယ်လို့ ပြောပါတယ်။

"တခြားသူတွေ လှူတာတော့ မသိဘူး၊ ကျမတို့ဆီက လှူတာတော့ စက်တွင်းတတွင်း တူးပြီးရင် ဘေးနားမှာ ရေကန်အကြီးကြီး၊ ဘေးနားမှာ လူတရပ်နီးပါးလောက် ရှိတဲ့ ကန်ပတ်လည်ပေါ့၊ အဲဒါကြီးကို တူးဖော်ပြီးမှ တခါတည်း ကန်ပါလှူလိုက်တာ ကျမတို့က။ သုံးတဲ့လူတွေကို တိုက်ရိုက်ပေးမခပ်ဘဲ ရေပိုသန့်အောင် စက်တွင်းထဲက ကန်ထဲကို တခါထည့်တယ်၊ ကန်ကမှ အောက်က ကော့ခ်လေးနဲ့ ထုတ်ပြီးတော့မှ ရွာသားတွေက ခပ်ကြတာပေါ့။ အဲတော့ ရေလည်း အလေအလွင့် မရှိဘူး၊ ပိုလည်း သန့်တာပေါ့။

"တခြားလူတွေ ပုံစံတော့ မသိဘူးပေါ့။ တခြားနေရာမှာ တခြား NGO တွေလည်း အများကြီး လှူနေတာ ရှိပါတယ်။ ဒါပေမဲ့ ကျမတို့ မြင်တာတော့ သူတို့ အခက်အခဲတွေ လာလာတင်ပြနေတာ ရှိတော့ သိပ်မလုံလောက်ဘူးလို့ပဲ သုံးသပ်လို့ ရပါတယ်။ ကမ်းနဖူးမဟုတ်ဘဲ ဟိုး အတွင်းဘက်တွေမှာတော့ အများကြီး ထပ်လုပ်ဖို့ လိုသေးတယ်လို့ ကျမအနေနဲ့ မြင်ပါတယ်။"

နာဂစ်ဒေသ ကူညီရေးအဖွဲ့က ဒေါက်တာ ဒေါ်မေ၀င်းမြင့် ပြောသွားတာ ဖြစ်ပါတယ်။




--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.