Transparency Myanmar

transparency.myanmar@gmail.com

အမေရိကန် စစ်တပ်နှင့် မီဒီယာများ ဆက်ဆံထိတွေ့မှု ပြုရေးနှင့် ပတ်သက်သော ဥပဒေသစ်များ ပြဋ္ဌာန်းရန် ကာကွယ်ရေးဝန်ကြီး ရောဘတ်ဂိတ်စ်က အမိန့် ထုတ်ပြန်လိုက်သည်။ မကြာသေးမီက Rolling Stones မဂ္ဂဇင်းတွင် အာဖဂန် နစ္စတန်မှ အမေရိကန် တပ်မှူး ဗိုလ်ချုပ်ကြီး Stanley McChrystal က အစိုးရအပေါ် ပြစ်တင် ဝေဖန်မှုများကို ကိုးကား ဖော်ပြများ ပါရှိလာသောကြောင့် ရာထူးမှ နုတ်ထွက်မှု ဖြစ်ပေါ်လာပြီးနောက် ယင်းသို့ မီဒီယာများနှင့် သက်ဆိုင်သော ဥပဒေများ ပြဋ္ဌာန်းရန် အမိန့် ထုတ်လိုက်ခြင်း ဖြစ်သည်။

ဗိုလ်ချုပ်ကြီး Stanley နှင့် သူ၏ လက်ထောက်များက အမေရိကန် အစိုးရ အရာရှိကြီး များအပေါ် ပြစ်တင် ဝေဖန်မှုများကို Rolling Stones မဂ္ဂဇင်းက ဖော်ပြခဲ့သည်။ ပင်တဂွန်မှ အခရာ ကျသော အရပ်ဘက်နှင့် စစ်ဘက် ဝန်ထမ်းများသို့ ပေးပို့သော မှတ်တမ်းတွင် မစ္စတာ ရောဘတ်ဂိတ်စ်က "လက်ရှိ ဖြစ်ရပ်သည် ပေါ့တီးပေါ့ဆ နိုင်လွန်းသော လုပ်ရပ်ဖြစ်သည်" ဟု ပြစ်တင် ဝေဖန်ထားသည်။

အမေရိကန် အစိုးရ အရာရှိများ အဆိုအရ အဆိုပါ ဥပဒေသစ်များဖြင့် တင်းကြပ်မည့် အစီအစဉ်သည် ဗိုလ်ချုပ်ကြီး Stanley ကိစ္စ မဖြစ်ခင်ကတည်းက စီစဉ်ထားခဲ့ခြင်း ဖြစ်သည်။ ယခု ကိစ္စသည် ပင်တဂွန်မှ အရာရှိကြီးများအား ရေငုံ နှုတ်ပိတ် နေစေလိုသောကြောင့် မဟုတ်ပါကြောင်း ဖြည့်စွက် ပြောဆိုသည်။

စာမျက်နှာ သုံးမျက်နှာ ရှိသော မှတ်တမ်း ရေးသားရာတွင် မစ္စတာ ရောဘတ်ဂိတ်က စစ်ဘက်နှင့် မီဒီယာ ဆက်ဆံရေးနှင့် ပတ်သက်၍ "ကာကွယ်ရေး ဝန်ကြီးဌာနသည် မီဒီယာများနှင့် ထိတွေ့ ဆက်ဆံရာ၌ ပေါ့ပေါ့တန်တန် သဘောမျိုး များပြားလာသည်ကို တွေ့ရသည့်အတွက် မိမိအနေဖြင့် စိုးရိမ်ပူပန်မိသည်" ဟု ဆိုသည်။ သို့ဆိုပါက စစ်မြေပြင်တွင် တာဝန် ထမ်းဆောင်နေသော တပ်ဖွဲ့ဝင်များအား မီဒီယာများနှင့် ပြောဆိုဆက်ဆံမှုကို လုံးလုံးလျားလျား ပိတ်ပင်တော့မည် ဟူသည့် သဘောမျိုးသို့ သက်ရောက်နေပြီလော ဟု မေးခွန်းထုတ်စရာ ဖြစ်နေသည်။

အမေရိကန် ဒုတိယ ကာကွယ်ရေး ဝန်ကြီး Douglas Wilson က "ကျွန်တော်တို့ ဌာနမှာ မီဒီယာတွေနဲ့ စည်းဘောင်ကျော်တဲ့ အထိ ထိတွေ့ ဆက်ဆံနေတဲ့သူတွေ အများကြီး ရှိပါတယ်။ တစ်ခါတစ်ရံမှာ သူတို့ ပေးတဲ့ သတင်း အချက်အလက်တွေက လွဲမှားနေတာကို တွေ့ရပါတယ်။ တကယ် သိတဲ့လူ၊ တကယ် တာဝန်ရှိတဲ့သူတွေက အတည် မပြုသေးတဲ့ သတင်းမျိုးတွေကို ဖြန့်ဝေနေတာမျိုးပါ" ဟုဆိုသည်။

မစ္စတာ ရောဘတ်ဂိတ်စ်ကမူ "လျှို့ဝှက် သတင်း အချက်အလက်တွေ ပေါက်ကြားတယ် ဆိုတာ ဥပဒေကို ဆန့်ကျင်တာပါပဲ။ ခွင့်လွှတ်လို့ မရပါဘူး။ အဲလို သတင်း အချက်အလက်တွေ ပေါက်ကြားအောင် လုပ်တဲ့ သူတွေကို ဥပဒေအရ အပြစ်ပေး အရေးယူခြင်း ခံရမှာပါ" ဟု ဖြည့်စွက် ပြောဆိုသည်။

သို့သော် ပင်တဂွန် ပြန်ကြားရေး အရာရှိ Geoff Morrell က မစ္စတာ ရောဘတ်ဂိတ်စ်သည် မီဒီယာများနှင့် ကာကွယ်ရေး ဝန်ကြီးဌာန ပွင့်လင်းစွာ ထိတွေ့ ဆက်ဆံမှုမျိုးကို လက်ခံထားဆဲပင် ဖြစ်ကြောင်း ပြောကြားသည်။

"ဒီအမိန့်က ကျွန်တော်တို့ ကာကွယ်ရေး ဝန်ကြီးဌာနကို ပိုပြီး စည်းမျဉ်းစည်းကမ်း ရှိတဲ့ အဖွဲ့အစည်း ဖြစ်လာဖို့ ဒီဇိုင်းဆင်ထားတာပါ" ဟု မစ္စတာ Morrell က ပြောသည်။ "အမေရိကန် တပ်ဖွဲ့ဝင်တွေ အနေနဲ့ သတင်းထောက်တွေနဲ့ ထိတွေဆက်ဆံမှု မပြုရဘူးဆိုတဲ့ သဘောမျိုး လုံးဝ မဟုတ်ပါဘူး" ဟု ၎င်းက ဖြည့်စွက် ပြောဆိုသည်။ မကြာသေးခင်က Rolling Stones မဂ္ဂဇင်းတွင် ဖော်ပြ ပါရှိလာသော ဆောင်းပါ၌ ဗိုလ်ချုပ်ကြီး Stanley က သမ္မတ အိုဘားမား၊ ဒုတိယ သမ္မတ ဂျိုးဘီဒန်၊ အမျိုးသား လုံခြုံရေးအကြံပေး ဂျိမ်းစ်ဂျုံး၊ အာဖဂန်နစ္စတန် ဆိုင်ရာ အမေရိကန် သံအမတ်ကြီး ကားလ်အီကန်ဘယ်ရီတို့ကို ပြစ်တင် ဝေဖန် သရော်သည့် ပြောဆိုမှုများအား ထည့်သွင်း ဖော်ပြခဲ့သည်။

အဆိုပါ မဂ္ဂဇင်း ထွက်ရှိပြီး မကြာမီမှာပင် ဗိုလ်ချုပ်ကြီးက ရာထူးမှ နုတ်ထွက်ခဲ့သည်။ ယခုအခါ ဗိုလ်ချုပ်ကြီး Stanley တာဝန်ယူရသော အမေရိကန်နှင့် နေတိုးတပ်ဖွဲ့များ၏ တပ်ရင်းမှူး ရာထူးကို ဗိုလ်ချုပ်ကြီး David Petraeus က ဝင်ရောက် တာဝန်ယူလိုက်ပြီ ဖြစ်ကြောင်း သိရသည်။ ယင်း အမေရိကန်နှင့် နေတိုးတပ်ဖွဲ့များသည် တာလီဘန် စစ်သွေးကြွများကို ချေမှုန်း တိုက်ခိုက်လျက် ရှိသည်။

BBC သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

ယခုအခါ ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီ ပါတီ (NLD) သည် ၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီ ပါတီ အမှတ်တံဆိပ် ဖြစ်သော ခမောက်ပုံနှင့် ပတ်သက်ပြီး အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ပါတီနှင့် အငြင်းပွားမှုများ ဖြစ်ပေါ်လျက် ရှိကြောင်း NLD မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။ NDF သည် NLD ပါတီဝင်ဟောင်းများ ဖွဲ့စည်း ထူထောင်ထားသည့် ပါတီသစ် တစ်ခု ဖြစ်ပြီး ပါတီ အမှတ်တံဆိပ်အဖြစ် ခမောက်ပုံကို အသုံးပြုခြင်းကြောင့် NLD နှင့် အငြင်းပွားမှုများ ဖြစ်ပေါ်နေခြင်း ဖြစ်သည်။

NLD သည် ၁၉၉၀ ပြည့်နှစ်၊ ဒီမိုကရေစီ ရွေးကောက်ပွဲ၌ အနိုင် ရရှိစဉ် ခမောက်ပုံ အမှတ်တံဆိပ်ကို ပါတီ၏ သင်္ကတအဖြစ် အသုံးပြုခဲ့ဖူးသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် သူမကို ထောက်ခံသူများကလည်း စစ်အာဏာရှင် စနစ်ကို တိုက်ဖျက်ရာ၌ မြန်မာ လယ်သမားတို့ ဝတ်ဆင်သော ခမောက်ကို ဆောင်းခဲ့ကြရာ ယင်းခမောက်သည် NLD ၏ မူပိုင် အမှတ်အသား တစ်ခု ဖြစ်ခဲ့သည်။

စစ်အစိုးရက ယခုနှစ် အတွင်း ရွေးကောက်ပွဲ ကျင်းပပေးမည်ဟု ကတိပေး ထားသည့်တိုင် NLD ပါတီက ဥပဒေများသည် ဒေါ်အောင်ဆန်းစုကြည်နှင့် အခြားသော နိုင်ငံရေး အကျဉ်းသားများ ဝင်ရောက် ယှဉ်ပြိုင်နိုင်ခြင်း မရှိအောင် ကန့်သတ် ပိတ်ပင်ထားသည့်အတွက် ဝင်ရောက် ယှဉ်ပြိုင်မှု မပြုဘဲ သပိတ်မှောက်ရန် ဆုံးဖြတ်ခဲ့သည်။ အဆိုပါ ဆုံးဖြတ်ချက်ကြောင့် NLD သည် ယခုအခါ တရားဝင် နိုင်ငံရေးပါတီ အဖြစ်မှ ပယ်ပျက်သွားပြီ ဖြစ်သည်။

သို့သော် NLD ပါတီ၏ ဆုံးဖြတ်ချက် သဘောထားနှင့် တိုက်ဆိုင်မှု မရှိသော ပါတီဝင် အချို့က ၂၀၁၀ ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ရန် ဆုံးဖြတ်ပြီး NDF ပါတီကို ထူထောင်ကာ ခမောက်ပုံကို ပါတီ အမှတ်တံဆိပ်အဖြစ် သတ်မှတ်လိုကြောင်း ရွေးကောက်ပွဲ ကော်မရှင်သို့ တင်ပြခဲ့သည်။

"အဲဒီ ဝါးခမောက်ပုံကို အသုံးပြုတာနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ NLD က ရွေးကောက်ပွဲ ကော်မရှင်ကို ကန့်ကွက်စာ ပေးပေို့မှာပါ" ဟု NLD ပါတီမှ စီနီယာ အဖွဲ့ဝင် တစ်ဦးဖြစ်သူ ဦးဉာဏ်ဝင်းက ရိုက်တာ သတင်းဌာနသို့ ပြောကြားသည်။

ကျင်းပမည့်နေ့ သတ်မှတ် ဖော်ပြခြင်း မရှိသည့်တိုင် အဆိုပါ ရွေးကောက်ပွဲသည် နှစ်ပေါင်း ၅၀ ကြာမျှ အုပ်ချုပ်လာခဲ့သည့် စစ်အာဏာရှင် စနစ်ကို သက်ဆိုးရှည်အောင် ဖန်တီးမှု တစ်ခုပင် ဖြစ်သည်ဟု နိုင်ငံရေး လေ့လာသူအများစုက ရှုမြင်ကြသည်။

သို့သော် NLD မှခွဲထွက်ပြီး NDF ပါတီကို ထူထောင်ခဲ့သူများတွင် တစ်ဦး အပါအဝင်ဖြစ်သော ဦးခင်မောင်ဆွေက ခမောက်ကိစ္စနှင့် ပတ်သက်၍ NLD ပါတီဝင်များ၏ ပြောဆို ကန့်ကွက်မှုများကို ပယ်ချခဲ့သည်။

"ဒီအမှတ် တံဆိပ်က NLD နဲ့ပဲ သက်ဆိုင်တာ မဟုတ်ပါဘူး။ NLD ဟာ ခမောက် တံဆိပ်အတွက် မူပိုင်ခွင့် လျှောက်ထားတာ မရှိခဲ့ပါဘူး" ဟု ဦးခင်မောင်ဆွေက ဆိုသည်။ ယခု NDF ၏ အမှတ်တံဆိပ် ဖြစ်သော ဝါးခမောက်ပုံသည် NLD ပါတီ၏ ဝါးခမောက်ပုံနှင့် ကွဲပြား ခြားနားကြောင်း၊ NDF ၏ ဝါးခမောက် အပေါ်ဘက်တွင် ကြယ်ပွင့် နှစ်ပွင့် ပါရှိကြောင်း ဖြည့်စွက် ပြောဆိုသည်။ "ခမောက် နှစ်ခုက လုံးဝ မတူပါဘူး" ဟုလည်း ၎င်းကပင် ဆက်လက် ပြောဆို လိုက်သည်။

Reuters သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Huffington Post, 29th June 2010

မြန်မာ အစိုးရသည် ကမ္ဘာ့ အရက်စက်ဆုံး အစိုးရများထဲတွင် ပါဝင်နေပြီး ဝမ်းနည်းဖွယ်ရာမှာ ၎င်းနိုင်ငံအပေါ် ကောင်းစွာ နားလည်ရန်လည်း မလွယ်ကူလှခြင်း ဖြစ်သည်။ မြန်မာနိုင်ငံသည် ကုန်သွယ်ရေး၊ ဆက်သွယ်ရေး စသော ကိစ္စရပ်များနှင့် ပတ်သက်၍ မြောက်ကိုရီးယားနှင့် နီးကပ်စွာ ဆက်ဆံနေပြီး တာလီဘန်ခေတ် အာဖဂန်နစ္စတန် နိုင်ငံနီးပါး အထီးကျန်စွာ နေထိုင်သည်။ ၎င်းနိုင်ငံ၏ လူ့အခွင့်အရေး ညှင်းပန်း နှိပ်စက်မှုများမှာလည်း ကျယ်ပြန့်၊ ကြီးထွားလာသည်။ မြန်မာအစိုးရသည် ကမ္ဘာ့ အဆိုးဝါးဆုံး ပုံရိပ်တစ်ခုပင် ဖြစ်သည်။ ၎င်းနှင့် ရင်းနီးသော မိတ်ဆွေလည်း အလွန်နည်းပါးကာ ၎င်း၏ မဟာမိတ် ဒေသတွင်း အင်အားကြီး တရုတ်နှင့် အိန္ဒိယသည်ပင် ကိုယ်ပေါင်းစိတ်ခွာ ဆက်ဆံကြခြင်းကြောင့် စစ်ဗိုလ်ချုပ်များ၏ နိုင်ငံရေး သဘောထားများကို ဖမ်းဆုပ်နိုင်ခြင်း မရှိကြပါ။

၂၀၀၇ ခုနှစ် အတွင်း လူထုလှုပ်ရှားမှု အမြင့်ဆုံးကို ရောက်ရှိစေခဲ့သော၊ သံဃာတော်များ ဦးဆောင်သည့် အကြမ်း မဖက်သော ရွှေဝါရောင် တော်လှန်ရေး မအောင်မြင်မှုကြောင့် ဖိနှိပ် အုပ်စိုးမှု အဆုံးသတ် သွားစေရေး အလှမ်းဝေးနေသေးသော်လည်း ၁၉၈၈ ကျောင်းသား လှုပ်ရှားမှုများ၏ နောက်ဆက်တွဲ "ဆက်ရန်'' လှုပ်ရှားမှုများမှာ ကျန်ရှိနေဆဲ ဖြစ်သည်။ ရဲရင့်သော လူ့အခွင့်အရေး၊ ဒီမိုကရေစီရေး လှုပ်ရှားသူများက ၎င်းတို့၏ ဘဝနှင့် ရင်းကာ နေ့စဉ် ပြည်တွင်းနှင့် ပြည်ပသို့ သတင်း အချက်အလက်များ ပေးပို့နေကြခြင်းမှာ ဇာခန်းစီးနောက်ကွယ်မှ ကြောက်မက်ဖွယ် အဖြစ်မှန်များကို ကမ္ဘာ့ပြည်သူများထံ တင်ပြနိုင်ရန် မျှော်လင့်ကြခြင်း ဖြစ်သည်။

လက်ရှိတွင် မြန်မာ အစိုးရသည် ယခုနှစ် အတွင်း တစ်ချိန်ချိန်တွင် ရွေးကောက်ပွဲများ ကျင်းပနိုင်ရန် စီစဉ်နေသည်။ (သံသယ များသည့် ဗိုလ်ချုပ်ကြီးများ၏ ကိန်းဂဏန်း၊ ဗေဒင်ယတြာ၊ သဘာဝလွန် အတတ်ဆန်းများ အပေါ် အစွဲကြီးမှုနှင့် ကိုက်ညီသည့်၊ ၁၀.၁၀.၁၀ ဖြစ်စေမည့် အောက်တိုဘာ ၁၀ရက် ဖြစ်ဖွယ် ရှိသည်ဟု မှန်းဆနေကြသည်)။ သို့သော်လည်း ၁၉၉၀ ရွေးကောက်ပွဲတွင် လွှတ်တော် ကိုယ်စားလှယ် နေရာ ၈၁ % အနိုင် ရရှိခဲ့သော NLD ပါတီ၏ ခေါင်းဆောင်၊ နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်မှာ ယခု အချိန်အထိ နေအိမ်တွင် အကျယ်ချုပ် ထိန်းသိမ်းခံနေရဆဲ ဖြစ်ပြီး ရွေးကောက်ပွဲတွင် မပါနိုင်အောင် အစိုးရက တားဆီးထားသည်။ ဤသည်ကို ကန့်ကွက်သည့် အနေဖြင့် NLD က ရွေးကောက်ပွဲကို သပိတ်မှောက် လိုက်သည်။ လွတ်လပ်စွာ ပြောဆို၊ ဖွဲ့စည်း၊ လှုပ်ရှားခွင့်ပြုသော ပွင့်လင်းသည့် လူ့အဖွဲ့အစည်း၌ပင် ဖြစ်နိုင်ခဲသည့် စွမ်းဆောင်မှု ဖြစ်သော၊ လာမည့် ၃ လ အတွင်း အတိုက်အခံ အင်အားစု တစ်စု စည်းရုံး ဖွဲ့စည်းရေးကို မြန်မာ ဒီမိုကရေစီသမားများ လုပ်ဆောင်နိုင်ခြင်း မရှိပါက လွတ်လပ်သော ဒီမိုကရေစီ မြန်မာနိုင်ငံ အတွက် သဘော ကွဲလွဲချက်၊ မျှော်လင့်ချက်များကို တင်ပြ လုပ်ဆောင်နိုင်ရေး ဟူသော အပြုသဘော ဆောင်သော အဓိပ္ပာယ်မှာ ပြည်သူ့တို့အတွက် အလွန် နည်းပါးသွားလိမ့်မည် ဖြစ်သည်။

သို့ဖြစ်ရာ ရွေးကောက်ပွဲတွင် အစိုးရကသာ အနိုင်ရပြီး ၎င်းတို့၏ အာဏာကို တောင့်တင်း ခိုင်မာအောင် ပြုလုပ်လိမ့်မည်ဟု သမာရိုးကျ ရှုမြင်ရန်သာ ရှိတော့သည်။ ဤသည်မှာ ရက်စက် ကြမ်းကြုတ်မှုနှင့် အာဏာမှာ အတူတူပင် ဖြစ်သည်ဟု အများစု၌ နက်ရှိုင်းစွာ အမြစ်တွယ်နေသည့် မှားယွင်းစွာ ယုံကြည်မှု အပေါ်တွင် အခြေခံသော အန္တရာယ် ကြီးမားသည့် ယူဆမှုတစ်ခု ဖြစ်သည်။ စစ်ဗိုလ်ချုပ်များသည် ရွေးကောက်ပွဲတွင် အနိုင်ရရန် သေချာသလောက်ပင် ဖြစ်သည်။ အကြောင်းမှာ ၎င်းတို့၏ ပြိုင်ဘက်များ ရွေးကောက်ပွဲတွင် မပါနိုင်အောင် ရိုက်နှက်၊ သတ်ဖြတ်၊ ထောင်ချ၊ အနိုင်ကျင့်မှုများ ပြုလုပ်ထားခြင်းကြောင့် ဖြစ်သည်။ ထို့အပြင် ရွေးကောက်ပွဲ လုပ်ငန်းစဉ်ကို အကြံအဖန် လုပ်ထားသော နေရာများတွင် ရလဒ်များမှာ တရားဝင် လိမ့်မည် မဟုတ်ပါ။ သို့ဖြစ်ရာ ရွေးကောက်ပွဲသည် အစိုးရ၏ အာဏာကို ခိုင်မာအောင် လုပ်ပေးမည် မဟုတ်ပါ။ အစိုးရတွင် အာဏာ အစစ်အမှန် ရှိသည်ဟု လိမ်ညာနေမှုကိုသာ ထင်ရှား ခိုင်မာအောင် ပြုလုပ်ပေးလိမ့်မည် ဖြစ်သည်။

နိုင်ငံရေးအရ တရားဝင်မှု ဆိုသည်မှာ ခြိမ်းခြောက်နေသော ပြိုင်ဘက် အင်အားစုများကို ဖယ်ရှားထားကာ ရပ်တည်နေရဆဲ အနေအထား တစ်ရပ် ဟု ဆိုပါက နားလည်လွယ်ပါလိမ့်မည်။ အကယ်၍သာ မြန်မာ စစ်ဖက်အစိုးရက လွတ်လပ်မျှတစွာ ယှဉ်ပြိုင်နိုင်သော ရွေးကောက်ပွဲများကို ခွင့်ပြုလိုက်ပါက ၎င်းတို့ ရှုံးနိမ့်သွားမည် ဖြစ်သည်။ ကြီးမားသော ကြံစည်မှု ဟုဆိုရမည့် ရွေးကောက်ပွဲများသည် လှည့်စားမှု တစ်ခုထက် မပိုပါ၊ ကြီးထွားလာသော နိုင်ငံတကာ အသိုင်းအဝိုင်း၏ ကန့်ကွက်မှုကို ၎င်းတို့ တရားဝင်ကြောင်း ပြသကာ လှည့်စား ဖြေဖျောက်ရန် ရည်ရွယ် ရေးဆွဲထားခြင်းသာ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဤ မြန်မာ အာဏာရှင်များသည် ကမ္ဘာပေါ်ရှိ ၎င်းတို့နှင့် အဆင့်တူ မျိုးတူ၊ အာဏာရှင်များထက်ပင် ပို၍ အမှန်တရားမှ ဖယ်ထုတ် စဉ်းစားရမည့်သူများ ဖြစ်နေခြင်းကြောင့်ပင် ဖြစ်သည်။ လာမည့် ရွေးကောက်ပွဲတွင် အစိုးရ၏ ဆန္ဒ အသာရမှု များပြားမည့် လက္ခဏာ ရှိနေသည်။ စစ်မှန်သော ဒီမိုကရေစီ ရွေးကောက်ပွဲများတွင် ဆန္ဒမဲ ၁၀ % ကျော် အသာ ရရှိရေးမှာ ဖြစ်နိုင်ခဲလှသည်။ အမျိုးသား ရွေးကောက်ပွဲများတွင် လက်ရှိ အာဏာရပါတီ (သို့) အစိုးရက ၇၀ % ကျော် အနိုင် ရရှိသည် ဆိုပါက အကြံအဖန် လုပ်ခြင်း သို့မဟုတ် မဲလိမ်ခြင်း ကျူးလွန်ထားသည်ဟု ရည်ညွှန်းခြင်းပင် ဖြစ်သည်။

ဒီမိုကရေစီ ရွေးကောက်ပွဲ၏ ရည်ရွယ်ချက်မှာ -

(၁) အကောင်းဆုံး လူမှု ရွေးချယ်မှုကို ဆန်းစစ်ရန်

(၂) ဥပဒေ ပြုရေး၊ အုပ်ချုပ်ရေး ဆိုင်ရာ အာဏာကို တရားဝင် အပ်နှင်းရန်  -   ဖြစ်ပါသည်။

အကယ်၍သာ ရွေးကောက် တင်မြှောက်မှု လုပ်ငန်းစဉ်ကို ကြိုးကိုင် ခြယ်လှယ်ခံရပါက အထက်ပါ ရည်ရွယ်ချက်များ တစ်ခုမှ ဖြစ်လာမည် မဟုတ်ပါ။ ရလဒ်မှာလည်း အဓိပ္ပာယ် ရှိမည် မဟုတ်ပါ။ ဤအချက်ကို နားလည်ပါက တရားဝင် ခွင့်ပြုသော မီဒီယာ အကဲခတ်များက ဤရယ်ရွှင်ဖွယ် ရွေးကောက်ပွဲကို တစ်စုံတစ်ခု ဖြစ်အောင် ပြုလုပ်ပေးလိမ့်မည် ဟု စဉ်းစားခြင်းမှာ စိတ်ပျက်စရာ ကောင်းသော်လည်း စစ်ဗိုလ်ချုပ်များသည် ၎င်းတို့၏ အဆိုးဆုံး အမူအကျင့်များဖြင့် ၎င်းတို့၏ ပြည်သူများကို ဖိနှိပ်နိုင်နေဆဲ ဟူသော ရင်နာဖွယ် တင်ပြမှုများမှာမူ ကမ္ဘာသို့ ပြန့်နှံ့သွားမည် ဖြစ်သည်။

မြန်မာ လူမျိုးတို့၏ ကိုးကွယ်ရာ ဗုဒ္ဓဘာသာ သံဃာတော်များ အပေါ် ရက်စက်မှုများကြောင့် မြန်မာ အစိုးရမှာ ပြည်သူတို့အပေါ် စိတ်ဓာတ်ရေးရာ လွှမ်းမိုးရေး နောက်ဆုံး ကြိုးပမ်းမှုများကို စွန့်လွှတ်လိုက်ရပြီ ဖြစ်သည်။ အဓိပ္ပာယ်မဲ့သော လာမည့် ရွေးကောက်ပွဲသည် ၎င်းတို့၏ နိုင်ငံရေး အရ တရားဝင်ရေး နောက်ဆုံး ကောက်ရိုးမျှင် အငွေ့ပျံသွားသည့် အထောက်အထားပင် ဖြစ်သည်။ ပျက်စီး ယိုယွင်းနေသည့် စနစ်တစ်ခု၏ နောက်ဆုံးထွက်သက် ဖြစ်သော မလွဲမရှောင်သာ အောင်ပွဲကို အနည်းဆုံး အနေဖြင့် အသိအမှတ်ပြုရန် နိုင်ငံတကာ အသိုင်းအဝိုင်းတွင် တာဝန်ရှိနေသည်။ စိတ်မကောင်းစရာမှာ စစ်ဗိုလ်ချုပ်များသည် ၎င်းတို့ တစ်ကိုယ်တည်း ဆင်းသွားရန် ရည်ရွယ်ထားခြင်း မရှိ ဟုပြသခဲ့ကြခြင်း ဖြစ်သည်။ နာကျင်မှု ဒုက္ခများကို တတ်နိုင်သမျှ ဝေးဝေးပြန့်အောင် ၎င်းတို့က ကြဲဖြန့်နေသည်။ သို့သော်လည်း ၎င်းတို့၏ ရက်စက်မှုတိုင်းက ၎င်းတို့ကို ဆန့်ကျင် ခုခံမည့် ပြည်သူတို့၏ ဆန္ဒကို စုစည်းပေးသလို ဖြစ်နေသည်။ ယခုအခါ စစ်အစိုးရက ၎င်းတို့၏ သက်တမ်းကို ထပ်မံ ဆွဲဆန့်ရန် ကြိုးစားသည့် ရွေးကောက်ပွဲများကို ၎င်းတို့၏ အစ နိဒါန်းဟု သာမက ၎င်းတို့ ကျဆုံးခြင်း၏ အစဟုလည်း ရှုမြင်သင့်ကြောင်း တင်ပြလိုက်ရပေသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

English.chosun.com, 5th July 2010

တရုတ်နိုင်ငံသည် ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် တောင်ကိုရီးယား စစ်သင်္ဘော Cheonan နစ်မြုပ်မှုနှင့် ပတ်သက်၍ မြောက်ကိုရီးယားအား တိုက်ရိုက် လက်ညှိုးထိုး ပြောကြားမှုများအား သိသာစွာ ပိတ်ဆို့ အကာအကွယ် ပေးလျက် ရှိသည်။

လုံခြုံရေးကောင်စီသည် မြောက်ကိုရီးယား အပေါ် ၎င်း၏ တော်ပီဒို တိုက်ခိုက်မှု အတွက် မည်သို့ ကိုင်တွယ်ရမည် ဆိုသည်ကို အခြေအတင် ဆွေးနွေးလျက် ရှိသည်။ တရုတ်နိုင်ငံက စွပ်စွဲမှုသည် ပြင်းထန်သည်ဟု မှတ်ယူပြီး၊ သာမန် မဟုတ်သော ဖြစ်ရပ်တစ်ခု အဖြစ်သာ ညွှန်းဆိုလိုဟန် ရှိသည်။

ကုလသမဂ္ဂရှိ တောင်ကိုရီးယား မစ်ရှင်၏ အဆိုအရ၊ လုံခြုံရေးကောင်စီတွင် ကြာသပတေးနေ့က အခြေအနေမှာ မျှော်လင့်သည်ထက် ပို၍ တင်းမာလျက် ရှိသည်ဟု ဆိုသည်။ တရုတ်နိုင်ငံသည် မြောက်ကိုရီးယား၏ သစ္စာအရှိဆုံး မဟာမိတ် ဖြစ်ပြီး၊ ဗီတိုအာဏာ ရှိသော လုံခြုံရေးကောင်စီ၏ အမြဲတမ်း အဖွဲ့ဝင်ဖြစ်ရာ၊ မြောက်ကိုရီးယားနှင့် ခိုင်မာစွာ ပြောဆိုရန် ကြိုးစားမှုများကို ကန့်ကွက်လျက် ရှိသည်။

ကုလသမဂ္ဂရှိ မြောက်ကိုရီးယား မစ်ရှင်က သာမန် မဟုတ်သော ဖြစ်ရပ် (Incident) ဟူသော စကားလုံးကိုသာ တွင်တွင် သုံးလျက် ရှိသည်။ တောင်ကိုရီးယားနှင့် တရုတ်တို့သည် စကားလုံး အသုံးအနှုန်းပေါ်တွင် လွန်ဆွဲလျက် ရှိပြီး၊ တရုတ်ကလည်း အဆိုပါ အဖြစ်အပျက်ကို အရေး မပါအောင် ကြိုးစားလျက် ရှိသည်။

သင်္ဘော နစ်မြုပ်မှု ကိစ္စအား ကုလသမဂ္ဂ လုံခြုံရေးကောင်စီသို့ တင်ပြခဲ့သည်မှာ တစ်လခန့် ရှိပြီ ဖြစ်သော်လည်း လုံခြုံရေးကောင်စီ၌ ယခုတိုင်အောင် မည်သည်ကိုမျှ လုပ်မပေးနိုင်သေးပေ။ တောင်နှင့်မြောက် ကိုရီးယား တို့သည် အဆိုပါ ကိစ္စကို သီးခြားစီ ရှင်းလင်းချက် ပေးခဲ့ပြီး ဖြစ်သည်။

တောင်ကိုရီးယားနှင့် ၎င်း၏ မဟာမိတ် နှစ်ဦးဖြစ်သော အမေရိကန်နှင့် ဂျပန်တို့သည် မြောက်ကိုရီးယားအား ရှင်းရှင်းလင်းလင်း ဝန်ခံစေလိုပြီး၊ သင်္ဘော နစ်မြုပ်မှုမှာ တိုက်ခိုက်မှု ရပ်ဆိုင်းရန် သဘော တူညီချက်ကို ချိုးဖောက်ပြီး၊ ရန်စသော လုပ်ရပ်အဖြစ် ဖော်ပြခဲ့ကြသည်။ မြောက်ကိုရီးယား၏ မဟာမိတ်များ ဖြစ်သော တရုတ်နှင့် ရုရှားတို့ကမူ ထိုကိစ္စကို အကာအကွယ် ပေးလျက် ရှိပြီး၊ ထပ်မံ စုံစမ်း စစ်ဆေးရန်နှင့် ငြိမ်းငြိမ်းချမ်းချမ်း ရှိကြရန် တိုက်တွန်းလျက် ရှိသည်။

သို့ရာတွင် ညှိနှိုင်း၍ အဖြေထွက်ခဲ့သည့်တိုင်၊ လုံခြုံရေး ကောင်စီ ဥက္ကဋ္ဌ၏ ကြေညာချက်သည် ထိထိရောက်ရောက် ရှိလိမ့်မည် မဟုတ်ဟု မျှော်လင့်ရသည်။

ကုလသမဂ္ဂရှိ တောင်ကိုရီးယား သံတမန်က ပြောကြားရာတွင် ကုလသမဂ္ဂထက် စာလျှင် G-8 ခေါင်းဆောင်များကပင် ပြင်းထန်သော ကြေညာချက် ထုတ်ရန် ဖြစ်နိုင်ခဲ့ကြောင်း၊ တရုတ်က G-8 အဖွဲ့ဝင် မဟုတ်၍သာ ဖြစ်ကြောင်း ဆိုသည်။ "လုံခြုံရေး ကောင်စီမှာကတော့ ခြားနားပါတယ်။ တရုတ်နဲ့ ရုရှားက အမြဲတမ်း အဖွဲ့ဝင် အနေနဲ့ မြောက်ကိုရီးယား ဖက်က ရပ်တည်နေပါတယ်" ဟု ၎င်းက ပြောသည်။

ဇွန်လ ၂၇ ရက်နေ့က ထုတ်ပြန်သော G-8 ခေါင်းဆောင်များ၏ ပူးတွဲ ကြေညာချက်တွင် လူ ၄၆ ဦး သေဆုံးသော မတ်လ ၂၆ ရက် သင်္ဘော နစ်မြုပ်မှုအား ဆိုးရွားသော လုပ်ရပ်အဖြစ် လက်မခံနိုင်ကြောင်း ဖော်ပြခဲ့ကြသည်။ နိုင်ငံတကာ စုံစမ်း စစ်ဆေးရေး အဖွဲ့မှ မြောက်ကိုရီးယားအား တာဝန်ရှိကြောင်း စွပ်စွဲချက်နှင့် ပတ်သက်၍ အဆိုပါ တိုက်ခိုက်မှုအား မိမိတို့ ရှုတ်ချကြောင်း ဆိုသည်။

ဝေဖန် သုံးသပ်သူများက ခန့်မှန်းရာတွင် တရုတ်သည် ကိုရီးယားကျွန်းဆွယ် တည်ငြိမ်မှု ထိန်းသိမ်းရေးကို အဓိက စိုးရိမ်နေပုံ ရကြောင်း ဆိုသည်။

ဆိုးလ်ကမူ တရုတ်နိုင်ငံ တဖြည်းဖြည်း ပြောင်းလာအောင် သံတမန် နည်းလမ်းဖြင့် ကြိုးစားလျက် ရှိပြီး၊ နိုင်ငံတကာ အဆင့်နှင့် ညီသော တာဝန်ယူမှု တစ်ခုတော့ ရှိရမည် ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ တောင်ကိုရီးယားသည် မြောက်ကိုရီးယား အနေဖြင့် ထိုသို့ ထပ်မံ မကျူးလွန်ရေး အတွက် နိုင်ငံတကာမှ ပြင်းထန်စွာ အရေးယူမှု ပြုလုပ်ရန် တိုက်တွန်းခဲ့သည်။

"ကျွန်တော်တို့ အနေနဲ့ အကောင်းဖက်ကရော၊ အဆိုးဖက်ကရော မမြင်သေးပါဘူး။ လာမယ့် အပတ် ညှိနှိုင်း ဆွေးနွေးမှု ဆက်လုပ်တဲ့အခါ ဘယ်သူ့ လွှမ်းမိုးမှုမှ မရှိစေရပါဘူး။ ညှိနှိုင်းမှု အောင်မြင်မှာပါ" ဟု ကုလသမဂ္ဂ သံတမန်က ပြောသည်။

ဇူလိုင်လ ၁ ရက်နေ့ မှစ၍ လုံခြုံရေးကောင်စီ ဥက္ကဋ္ဌ နေရာတွင် မက္ကဆီကို သံအမတ် Claude Heller အစား နိုင်ဂျီးရီးယား သံအမတ် Joy Oywu က အလှည့်ကျ တာဝန်ယူသွားမည် ဖြစ်သည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

စင်ကာပူသည် မြန်မာနိုင်ငံ၏ ပို့ကုန် အများဆုံး တင်ပို့ရာ နိုင်ငံတစ်ခုအဖြစ် ရပ်တည် နေချိန်မှာပင် မြန်မာနှင့် အိမ်နီးချင်း အိန္ဒိယ နှစ်နိုင်ငံ ကုန်သွယ်မှုမှာ ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်အတွင်း ၂၆ ရာခိုင်နှုန်းအထိ မြင့်တက်လာကြောင်း စုံစမ်း သိရှိရသည်။

မြန်မာ၊ အိန္ဒိယ နှစ်နိုင်ငံမှ ရရှိသော စာရင်းဇယားများအရ အမေရိကန် ပြည်ထောင်စုနှင့် ဥရောပသမဂ္ဂတို့က ပိတ်ဆို့ အရေးယူမှုများ တင်းတင်းကြပ်ကြပ် ပြုလုပ်ထားသည့်တိုင် မြန်မာ့ စီးပွားရေးတွင် နိုင်ငံခြား အကျိုးစီးပွား ပါဝင်မှုမှာ ကြီးထွားလျက် ရှိသည်။

Xinhua သတင်းဌာန၏ သတင်း ပေးပို့ချက်အရ ၂၀၀၉-၂၀၁၀ ခုနှစ်အတွင်း မြန်မာနှင့် အိန္ဒိယ ကုန်သွယ်မှု တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁ ဒဿမ ၁၉ သန်းအထိ ရောက်ရှိလာသည်။ သို့သော် အဓိက ကုန်သွယ်ဘက်များ ဖြစ်သော စင်ကာပူ၊ တရုတ်၊ ထိုင်း စသည့် နိုင်ငံများနှင့် ကုန်သွယ်မှု တန်ဖိုးကို အမီလိုက်နိုင်ခြင်း မရှိသေးပေ။ ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံ စစ်အစိုးရ၏ နိုင်ငံခြား ကုန်သွယ်ရေး အခန်းကဏ္ဍကို အဓိက အထောက်အကူ ပြုနေသည့် နိုင်ငံဖြစ်သလို တရုတ်နိုင်ငံကလည်း မြန်မာနိုင်ငံအပေါ် တင်းကြပ်သော စီးပွားရေး ပိတ်ဆို့ အရေးယူမှုများအား ကာကွယ် ဟန့်တားပေးနေသည့် နိုင်ငံကြီးတစ်ခု အဆင့်သို့ ရောက်ရှိလာပြီ ဖြစ်သည်။

ပြီးခဲ့သည့် ဇွန်လအတွင်း ဘေဂျင်း အစိုးရနှင့် နေပြည်တော် အစိုးရအကြား ကုန်သွယ်မှု သဘောတူညီချက် အသစ်များကို လက်မှတ် ရေးထိုးနိုင်ခဲ့ကြသည်။ ယင်း သဘော တူညီမှုများထဲတွင် တရုတ်နိုင်ငံမှ လက်နက် အဓိက ထုတ်လုပ်သော Norinco ကော်ပိုရေးရှင်းလည်း ပါဝင်သည်။ Norinco က မုံရွာ ကြေးနီသတ္တု တူးဖော်ရေး လုပ်ငန်းများတွင် ဝင်ရောက် ရင်းနှီးမြှုပ်နှံ လုပ်ကိုင်ရန် သဘောတူစာချုပ် ချုပ်ဆိုခဲ့ခြင်း ဖြစ်သည်။ ယင်း သဘော တူညီချက်အရ Norinco သည် မြန်မာနိုင်ငံရှိ အရည်အသွေး ပြည့်ဝပြီး များပြားလွန်းသော ကြေးနီသတ္တုများကို တူးဖော်ခွင့် ရရှိတော့မည် ဖြစ်သည်။

ပို၍ဆိုပါက မြန်မာနှင့် တရုတ်အကြား သွယ်တန်းရန် လုပ်ဆောင်လျက် ရှိသည့် ရွှေဓာတ်ငွေ့ ပိုက်လိုင်း စီမံကိန်းကြောင့် မြန်မာနိုင်ငံ အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ (SPDC) သည် လာမည့် နှစ်ပေါင်း ၃၀ အတွင်း အမေရိကန် ဒေါ်လာ ၃၀ ဘီလီယံ အထိ အသားတင် ရရှိတော့မည် ဖြစ်သည်။ ယင်း ဓာတ်ငွေ့ ပိုက်လိုင်းသည် မြန်မာနိုင်ငံ အနောက်ဘက်မှ တရုတ်နိုင်ငံ တောင်ပိုင်း ဒေသသို့ သွယ်တန်းမည် ဖြစ်သည်။

မြန်မာနိုင်ငံမှ တင်ပို့သော ကုန်ပစ္စည်းများကို ပိတ်ပင်မည့် ဥပဒေကို သက်တမ်း တိုးရန် အမေရိကန် လွှတ်တော်၌ ဇူလိုင်လ ၁ ရက်နေ့က မဲပေး ဆုံးဖြတ်ခဲ့ကြသော်လည်း မြန်မာနိုင်ငံတွင်း အမေရိကန် ရေနံတူးဖော်ရေး ကုမ္ပဏီကြီး ဖြစ်သော Chevron အနေဖြင့် ရတနာ ဓာတ်ငွေ့ တူးဖော်ရေး စီမံကိန်း၌ ဆက်လက် လုပ်ကိုင်ခွင့် ရရှိနေသည့် ကိစ္စမှာ အငြင်းပွားစရာ ဖြစ်လျက် ရှိသည်။ မြန်မာ စစ်အစိုးရ၏ လူ့အခွင့်အရေး ချိုးဖောက်မှုနှင့် မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားမှု တို့အပေါ် တုံ့ပြန် အရေးယူမှုများ လျော့နည်းနေသည်ကို ဖော်ပြလျက် ရှိသည်။

ရတနာ ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းသည် စွမ်းအင် ဆာလောင်လျက် ရှိသော ထိုင်းနိုင်ငံအတွက် များစွာ အထောက်အကူပြုမည် ဖြစ်သည်။ သို့သော် အဆိုပါ ဓာတ်ငွေ့ ပိုက်လိုင်းသည် စစ်ရေးဖြင့် လုံခြုံရေး တင်းကြပ်ထားသော တောင်ပိုင်း ဒေသမှ တစ်ဆင့် ကီလိုမီတာ ၄၀ ခန့် ဖြတ်သန်းသွားရန် လိုအပ်နေသောကြောင့် အငြင်းပွားစရာများ ဖြစ်ပေါ်လျက် ရှိသည်။

မြန်မာနိုင်ငံက သဘာဝ စွမ်းအင် တူးဖော်ရှာဖွေရေး အခန်းကဏ္ဍအား တိုးချဲ့ လုပ်ကိုင်ခြင်းသည် အိမ်နီးချင်း အိန္ဒိယအတွက် များစွာ မျက်စိကျစရာ ဖြစ်လာသည်။ အိန္ဒိယသည် နိုင်ငံတွင်း လူ့အခွင့်အရေး ပြဿနာများနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ကိစ္စများကြောင့် ရေအားလျှပ်စစ် ထုတ်လုပ်ရေး လုပ်ငန်းများ လုပ်ကိုင်ရန် အခက်တွေ့လျက် ရှိရာ မြန်မာနိုင်ငံတွင်း ဒေါ်လာ ၅ ဒဿမ ၆ ဘီလီယံတန်ဖိုးရှိ ရေကာတာ စီမံကိန်းကြီး နှစ်ခု၌ ဝင်ရောက် ရင်းနှီးမြှုပ်နှံရန်
နည်းလမ်း ရှာဖွေလျက် ရှိသည်။

မြန်မာအစိုးရ၏ ဗဟို စာရင်းစစ်ချုပ်ရုံး (CSO) က ထုတ်ပြန်သော စာရင်းဇယားများအရ ဒေါ်လာ ၁၃၇ သန်း တန်ဖိုး ရှိသော အိန္ဒိယနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုမှာ ၂၀၀၇ ခုနှစ် စက်တင်ဘာလတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ တူးဖော်ရေး အခန်းကဏ္ဍသို့ ရောက်ရှိခဲ့သည်။ လက်ရှိ စာရင်းများအရ ၂၀၀၉-၂၀၁၀ ခုနှစ်များအတွင်း အိန္ဒိယနိုင်ငံ၏ ရင်းနှီး မြှုပ်နှံမှုမှာ အမေရိကန် ဒေါ်လာ ၁၈၉ သန်းအထိ ရောက်ရှိနေပြီ ဖြစ်သည်။

မည်သို့ပင်ဆိုစေ မြန်မာ့ ရေအားလျှပ်စစ် စီမံကိန်းများတွင် အဓိက ရင်းနှီးမြှုပ်နှံသူမှာ တရုတ်နိုင်ငံ ဖြစ်သည်။ တရုတ်နိုင်ငံက အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသော ရေကာတာ တည်ဆောက်ရေး လုပ်ငန်းများကြောင့် မဲခေါင်မြစ်ရေ လျော့ကျများ ဖြစ်ပေါ်နေသည်ဟု သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အုပ်စုများက ပြစ်တင် ပြောဆိုလျက် ရှိသည်။

DVB သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

မြန်မာနိုင်ငံ လူဦးရေမှာ ၂၀၀၈ ခုနှစ်၊ မေလတွင် ၅၇ ဒဿမ ၃၇ သန်း ရှိခဲ့ရာမှ ပြီးခဲ့သည့် ၂၀၀၉ ခုနှစ် ကုန်ပိုင်းသို့ အရောက်တွင် ၅၉ ဒဿမ ၁၂ သန်းအထိ ရောက်ရှိလာကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနက ထုတ်ပြန်သော စာရင်းဇယားအရ သိရသည်။

၁၉၈၈ခုနှစ်တွင် မြန်မာ လူဦးရေမှာ ၃၉ ဒဿမ ၃ သန်းသာ ရှိခဲ့သည်။ လူဦးရေ စုစုပေါင်းတွင် အသက် ၁၈ နှစ် သို့မဟုတ် ၁၈ နှစ် အထက်ရှိသူ သန်း ၃၀ ခန့် ရှိသည်ဟု ဆိုသည်။ အမျိုးသား ဦးရေမှာ ၂၉ ဒဿမ ၃၉ သန်းရှိပြီး အမျိုးသမီး ဦးရေမှာ ၂၉ ဒဿမ ၇၃ သန်း ဖြစ်သည် ဟု ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်က ဆိုသည်။ မြန်မာနိုင်ငံ လူဦးရေသည် နှစ်စဉ် ၂ ဒဿမ ၀၂ ရာခိုင်နှုန်း မြင့်တက်လျက် ရှိသည်။

လူဝင်မှု ကြီးကြပ်ရေး ဌာနသည် ၁၉၇၃ ခုနှစ်နှင့် ၁၉၈၃ ခုနှစ် တွင်ရှိခဲ့သော သန်းခေါင် စာရင်းများကို အခြေခံပြီး ၂၀၀၇ ခုနှစ်တွင် လူဦးရေ သန်းခေါင် စာရင်းများကို ပြုစုခဲ့သည်။ ၂၀၀၇ လူဦးရေ သန်းခေါင်စာရင်း ကောက်ယူရာတွင် ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေအဖွဲ့ (UNFPA) ၏ နည်းပညာပိုင်း ဆိုင်ရာ ကူညီပံ့ပိုးမှုဖြင့် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံသည် UNFPA ၏ အကူအညီ အထောက်ပံ့ကြောင့်ပင် ၁၉၉၁ ခုနှစ်တွင် လူဦးရေ တိုးတက် ပြောင်းလဲမှုနှင့် မွေးဖွားမှု စစ်တမ်း ကောက်ယူခြင်းကို လုပ်ဆောင်နိုင်ခဲ့ပြီး ၁၉၉၇ ခုနှစ်နှင့် ၂၀၀၁ ခုနှစ်တို့တွင် မျိုးဆက်ပွားမှု ဆိုင်ရာ ကျန်းမာရေး စစ်တမ်းကိုလည်း ကောက်ယူနိုင်ခဲ့သည်။

ထို့ပြင် ၂၀၁၀ အတွင်း လယ်ယာ စိုက်ပျိုးမြေဆိုင်ရာ စာရင်းဇယားများ ကောက်ယူမှုကို ပြီးခဲ့သည့် မတ်လမှ စတင်ကာ ကမ္ဘာ့ စားနပ်ရိက္ခာအဖွဲ့ (FAO)၏ ပူးပေါင်း ဆောင်ရွက်မှုဖြင့် လုပ်ဆောင်လျက် ရှိသည်။ အဆိုပါ စီမံကိန်းမှာ တစ်နှစ်ခွဲခန့် ကြာမြင့်မည် ဖြစ်ပြီး၂၀၁၁ခုနှစ် သြဂုတ်လတွင် ပြီးဆုံးမည် ဖြစ်သည်။ ယင်းစီမံကိန်း ပြီးဆုံးပါက ၂၀၁၃ ခုနှစ်တွင် လယ်ယာ စိုက်ပျိုးရေးနှင့် မြေယာဆိုင်ရာ စာရင်းဇယားများကို ထုတ်ပြန် ကြေညာနိုင်မည် ဖြစ်သည်။

စတုတ္ထမြောက် မြန်မာ့ လယ်ယာ စိုက်ပျိုးရေးဆိုင်ရာ စာရင်းဇယားများ ပြုလုပ်ရာတွင် FAO က အမေရိကန် ဒေါ်လာ ၄၁၀၀၀၀ ကူညီ ထောက်ပံ့ခဲ့ရုံ သာမက ထိုင်း၊ ဖိလစ်ပိုင် အစရှိသော နိုင်ငံများမှ ပညာရပ်ပိုင်း ဆိုင်ရာ ကျွမ်းကျင်သူများကိုလည်း စေလွှတ်ပေးကာ ပြည်တွင်းမှ ကျွမ်းကျင်သူများနှင့် ပူးပေါင်း လုပ်ကိုင်နိုင်စေခဲ့သည်။

ထိုမျှမကသေး၊ FAO သည် စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် အမေရိကန် ဒေါ်လာ ၃ ဒဿမ ၁ သန်းရရှိရန် နိုင်ငံတကာ အလှူရှင်များကို ရှာဖွေပေးနိုင်ခဲ့သည်။ မြန်မာနိုင်ငံသည် ၁၉၉၃ ခုနှစ်တွင် နိုင်ငံတကာ အလှူရှင်များထံမှ ဒေါ်လာ ၂ ဒဿမ ၁၉ သန်း၊ ၂၀၀၃ ခုနှစ်တွင် FAO ထံမှ စိုက်ပျိုးရေး စာရင်းဇယား ကောက်ယူနိုင်ရန် ဒေါ်လာ ၂၉၇၀၀၀ လက်ခံ ရရှိခဲ့သည်။

မြန်မာနိုင်ငံ၏ စီးပွားရေးသည် စိုက်ပျိုးရေးကို အဓိက အခြေခံပြီး လူဦးရေ ၇၀ ရာခိုင်နှုန်းသည် စိုက်ပျိုးရေးနှင့် သက်ဆိုင်သော စီးပွားရေးကို လုပ်ကိုင်လျက် ရှိသည်။

Xinhua သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

မြန်မာနိုင်ငံနှင့် ဖြစ်ပွားလျက် ရှိသော ဘင်္ဂလား ပင်လယ်အော်အတွင်း ရေပိုင်နက် အငြင်းပွားမှု ပြဿနာနှင့် ပတ်သက်၍ ဘင်္ဂလားဒေ့ရှ် အစိုးရက နိုင်ငံတကာ ရေပိုင်နက် ဆိုင်ရာ တရားရုံး (ITLOS) သို့ အရေးပါသော စာရွက်စာတမ်းများ ပေးပို့ခဲ့ကြောင်း သတင်း ရရှိသည်။

"ဂျာမနီနိုင်ငံ၊ ဟမ်းဘဂ်မြို့ အခြေစိုက် ITLOS အဖွဲ့ဆီကို ဇူလိုင်လ ၁ ရက်နေ့ နောက်ဆုံးထားပြီး အရေးကြီးတဲ့ မှတ်တမ်း စာရွက်တွေ ကျွန်တော်တို့ ပေးပို့လိုက်ပြီ ဖြစ်ပါတယ်" ဟု ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ အမည် မဖော်လိုသူ အရာရှိကြီး တစ်ဦးက ပြောကြားသည်။

မြန်မာနိုင်ငံ အနေဖြင့် အဆိုပါ စာရွက်စာတမ်းကို တုံ့ပြန် ဖြေရှင်းချက် ပေးပို့ရမည့် နောက်ဆုံး သတ်မှတ်ရက်မှာ ၂၀၁၀ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်နေ့ ဖြစ်သည်။

ဘင်္ဂလားဒေ့ရှ် အစိုးရသည် နှစ်ဦးနှစ်ဖက် မျှဝေခံစားမှု စနစ်ကို အခြေခံပြီး ITLOS သို့ ဖြေရှင်းချက် စာရွက်စာတမ်းများ ပေးပို့ခဲ့ခြင်း ဖြစ်သည်ဟု အဆိုပါ ဘင်္ဂလားဒေ့ရှ် အရာရှိကြီးက ဆိုသည်။

မြန်မာနှင့် အိန္ဒိယ နိုင်ငံတို့နှင့် ၂၀၀၉ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သော အဆိုပါ ရေပိုင်နက် ပြဿနာအပေါ် ကုလသမဂ္ဂ အနေဖြင့် ဝင်ရောက် ဖြေရှင်းပေးရန် ဘင်္ဂလားဒေ့ရှ် အစိုးရက နည်းလမ်း ရှာဖွေခဲ့သည်။

ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံတို့သည် လာမည့်နှစ် မတ်လနှင့် ဇူလိုင်လတို့တွင် နောက်ဆုံးထားပြီး အဆိုပါ ကိစ္စအတွက် တုံ့ပြန် ဖြေရှင်းမှုများ ပြုလုပ်ရမည် ဖြစ်သည်။  မြန်မာနိုင်ငံ၏ လျှောက်လဲ တောင်းဆိုချက်ကို ချေပရာတွင် ITLOS မှ တရားသူကြီး ၂၁ ဦးမှ ၂၃ ဦးအထိ ပါဝင်မည် ဖြစ်သည်။ ထို့ပြင် နှစ်နိုင်ငံ စလုံးမှ ဥပဒေ အကျိုးဆောင် တစ်ဦးစီ စေလွှတ်ခွင့် ရရှိမည် ဖြစ်သည်။

ကုလသမဂ္ဂ၏ နိုင်ငံတကာ ရေပိုင်နက် ဆိုင်ရာ ဥပဒေ (UNCLOS) အရ ကမ်းရိုးတန်းနှင့် ထိစပ်သော မည်သည့် နိုင်ငံမဆို အဆိုပါ ကမ်းရိုးတန်းမှ ရေမိုင် ၂၁ မိုင် အကွာအဝေးအထိ နိုင်ငံ အချုပ်အခြာ ပိုင်နယ်နိမိတ်အဖြစ် သတ်မှတ်ခွင့် ရှိပြီး ၂၄ မိုင်အကွာကို ထိစပ်နေသော နယ်နိမိတ်အဖြစ် သတ်မှတ်ခွင့် ရှိသည်။ နောက်ထပ် ပူးတွဲ ယှဉ်ကပ်လျက် ရှိသော ရေမိုင် ၂၀၀ ကို စီးပွားရေးဇုန်အဖြစ် သတ်မှတ်ပိုင်ခွင့် ရှိသည်။

ယခု မြန်မာ၊ အိန္ဒိယ နှင့် ဘင်္ဂလားဒေ့ရှ်တို့ အကြားရှိ အချုပ်အခြာ အာဏာပိုင်နက် (ရေပိုင်နက်) နယ်နိမိတ်များမှာ အပြန်အလှန် တစ်ထပ်တည်း ကျသည့် အနေအထားမျိုးတွင် ရှိသောကြောင့် ရေပိုင်နက် အငြင်းပွားမှုမှာ ဖြေရှင်းရန် လွန်စွာ ခက်ခဲလိမ့်မည် ဖြစ်သည်။

The Star သတင်းစာမှ သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

မြောက်ကိုရီးယား အစိုးရက တောင်ကိုရီးယား နိုင်ငံနှင့် တိုက်ရိုက် စစ်ရေး ဆွေးနွေး ပြောဆိုမှုများ ပြုလုပ်လိုသည်ဟု အဆိုပြုလိုက်ပြီး ချိုနန်စစ်သင်္ဘော နစ်မြုပ်မှုအတွက် မြောက်ကိုရီးယား စုံစမ်း စစ်ဆေးရေးအဖွဲ့ စေလွှတ်ရန် တောင်းဆိုမှုကို လက်သင့်ခံ ပေးရန် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီသို့ တောင်းဆိုလိုက်သည်။

ဇူလိုင်လ ၂ ရက်နေ့ ရက်စွဲဖြင့် ကုလသမဂ္ဂသို့ ပေးပို့သော စာတွင် "ချိုနန် စစ်သင်္ဘော နစ်မြုပ်မှုနှင့် ပတ်သက်ပြီး နိုင်ငံတကာ စုံစမ်းစစ်ဆေးရေး အဖွဲ့၏ သုံးသပ်ချက်ကို မြောက်ကိုရီးယား နိုင်ငံ အနေဖြင့် လုံးဝကန့်ကွက်သည်" ဟု ရေးသားထားသည်။ နိုင်ငံတကာ စုံစမ်းစစ်ဆေးရေး အဖွဲ့က ချိုနန် စစ်သင်္ဘောသည် မြောက်ကိုရီးယား တော်ပီတိုဖြင့် တိုက်ခိုက်ခံရခြင်းကြောင့် နစ်မြုပ်ခဲ့ခြင်း ဖြစ်သည်ဟု အကဲဖြတ်ထားသည်။

အဆိုပါ သုံးသပ်ချက်နှင့် ပတ်သက်၍ မြောက်ကိုရီးယား နိုင်ငံက ထပ်ခါတလဲလဲ ငြင်းဆိုထားပြီး အဆိုပါ ကိစ္စအတွက် မြောက်ကိုရီးယား အထူးအဖွဲ့တစ်ဖွဲ့ စေလွှတ်ကာ စုံစမ်း စစ်ဆေးခွင့် ပြုရန်လည်း တောင်းဆိုထားသည်။

"ယခုကိစ္စအတွက် ကျိုးကြောင်းဆက်စပ်မှု ရှိသော ဖြေရှင်းခြင်းသည်သာ အကောင်းဆုံး ဖြစ်သည်ဟု မိမိတို့ ရှုမြင်သည်။ သို့အတွက်ကြောင့် မြောက်နှင့်တောင် ကိုရီးယား နှစ်နိုင်ငံ အတူ ပူးပေါင်းပြီး အမှန်တရားကို ဖော်ထုတ်ရန် လိုအပ်သည်" ဟု ကုလသမဂ္ဂ ဆိုင်ရာ မြောက်ကိုရီးယား သံအမတ်ကြီး Sin Son Ho က ရေးသားဖော်ပြသည်။

ဇွန်လ နောက်ဆုံးပတ်တွင် တောင်-မြောက် ကိုရီးယား နှစ်နိုင်ငံ စစ်ရေး ဆွေးနွေးမှုများ ပြုလုပ်ရန်နှင့် အလုပ်အတူ ပူးတွဲ လုပ်ကိုင်ရန် မြောက်ကိုရီးယားက အဆိုပြုခဲ့သည်။

လက်ရှိ မြောက်ကိုရီးယား နိုင်ငံ၏ အဆိုပြုချက်များအပေါ် လုံခြုံရေးကောင်စီ အနေဖြင့် အသိအမှတ်ပြု လက်ခံပေးရန် မစ္စတာ Sin Son Ho က တိုက်တွန်း ပြောဆိုထားသည်။ "ချိုနန် စစ်သင်္ဘော နစ်မြုပ်မှု ဖြစ်ရပ်မှန်ကို ဖော်ထုတ်ရာတွင် ဓမ္မဓိဋ္ဌာန် ကျကျ အကောင်အထည်ဖော် ဆောင်ရွက်ပေးစေလိုသည်။ တောင်ကိုရီးယားနှင့် အမေရိကန် ပြည်ထောင်စု တို့၏ တစ်ဖက်သတ် စုံစမ်းစစ်ဆေးမှု ရလဒ်ကို အသိအမှတ် မပြုမီ မြောက်ကိုရီးယား၏ အဆိုပြုချက်ကို အသိအမှတ် ပြုစေလိုသည်" ဟု သံအမတ်ကြီး Sin Son Ho က လုံခြုံရေးကောင်စီသို့ ပေးပို့သော စာတွင် ရေးသားဖော်ပြသည်။

ကိုရီးယား ကျွန်းဆွယ်ဒေသ တင်းမာမှုများ ဖြစ်ပေါ်နေစဉ်အတွင်း အမေရိကန်နှင့် တောင်ကိုရီးယားတို့ ပူးတွဲပြုလုပ်မည့် စစ်ရေး လေ့ကျင့်မှုသည် အလုံးစုံသော စစ်ပွဲကို ဖြစ်ပေါ်စေနိုင်သည် ဟု ပြုံးယမ်းအစိုးရက သတိပေးမှုတစ်ရပ် ထုတ်ဖော်ခဲ့ပြီးနောက် သံအမတ်ကြီး Sin Son Ho က ကုလ လုံခြုံရေးကောင်စီသို့ စာပေးပို့ခဲ့ခြင်း ဖြစ်သည်။

အမေရိကန်နှင့် တောင်ကိုရီးယား နှစ်နိုင်ငံသည် ချိုနန်စစ်သင်္ဘော နစ်မြုပ်သည့် ကိစ္စကို တုံ့ပြန်သည့် အနေဖြင့် ရေတပ် စစ်ရေးလေ့ကျင့်မှု ပြုလုပ်ရန် စီစဉ်လျက် ရှိသည်။ သို့သော် မည်သည့်နေ့တွင် လေ့ကျင့်မှု ပြုလုပ်မည် ဟူသည်ကို ထုတ်ဖော် ပြောဆိုခြင်း မရှိသေးပေ။

တောင်ကိုရီးယား အစိုးရက ချိုနန်စစ်သင်္ဘော နစ်မြုပ်မှုကို လက်တုံ့ပြန်မည် ဖြစ်ကြောင်း၊ လုံခြုံရေးကောင်စီ အနေဖြင့် မြောက်ကိုရီးယား၏ လုပ်ရပ်ကို လုံခြုံရေး ကောင်စီက ပြစ်တင် ရှုတ်ချပေးစေလိုကြောင်း ထုတ်ဖော် ပြောဆိုထားသည်။ မြောက်ကိုရီးယားက ချိုနန်စစ်သင်္ဘော နစ်မြုပ်မှုသည် မိမိတို့တွင် တာဝန်မရှိကြောင်း ငြင်းပယ်ခဲ့ပြီး အကယ်၍ လုံခြုံရေး ကောင်စီက ပြစ်တင် ဝေဖန်မှုများ ပြုလုပ်လာပါက မိမိတို့စစ်တပ်က တုံ့ပြန် အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောဆိုထားသည်။

မြောက်ကိုရီးယား နိုင်ငံအပေါ် လုံခြုံရေး ကောင်စီ၏ အရေးယူ ပြောဆိုမှုများ အားလုံးကို တရုတ်နိုင်ငံက ကျောထောက် နောက်ခံပြုခြင်း မရှိပေ။ ထို့အတူ အစဉ်အလာ မဟာမိတ် နိုင်ငံဖြစ်သော မြောက်ကိုရီးယားအပေါ် တရုတ်က ဝေဖန်ပြောဆိုမှု တစ်စုံတရာ မပြုလုပ်ပေ။

ကနေဒါနိုင်ငံတွင် ပြုလုပ်ခဲ့သော ဂျီ-၂၀ ထိပ်သီး ဆွေးနွေးပွဲ၌ အမေရိကန်သမ္မတ ဘားရက်အိုဘားမားက တရုတ်နိုင်ငံသည် မဟာမိတ်နိုင်ငံ ဖြစ်သော မြောက်ကိုရီးယား၏ လက်ခံနိုင်စရာ မရှိသော လုပ်ရပ်ကို မသိကျိုးနွံ ပြုလုပ်ထားကြောင်း စွပ်စွဲပြောဆိုသည်။

AFP သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Christian Science Monitor, 2nd July 2010

ပြင်ပကမ္ဘာနှင့် အဆက်ပြတ်လုနီးပါး၊ အိပ်ငိုက်နေသော မြန်မာကျေးရွာလေးတွင် ဆောက်လုပ်ရေး အဖွဲ့ကို တွေ့မြင်ခဲ့ရသည်မှာ လွန်ခဲ့သော ၆လက ဖြစ်သည်။ စွမ်းအင် ဆာလောင် မွတ်သိပ်နေသော မြို့တော်ဟောင်း ရန်ကုန် တည်ရှိရာ မြောက်ဖက်သို့ သွားရာလမ်းပေါ်ရှိ လယ်ကွင်းများ၏ အောက်သို့ ဆောက်လုပ်ရေးအဖွဲ့က အနက်ရောင် ပိုက်လိုင်းချနေသည်ကို ရွာသားများက စောင့်ကြည့်နေကြသည်။

တစ်ရက်လျှင် လျှပ်စစ်မီး ၆ နာရီ ရရှိ၍ ကံကောင်းသော အိမ်ထောင်စုများရှိရာ အကြီးဆုံး မြို့တော် (ရန်ကုန်) တွင် ချီးကျူးမှုခံယူရန် အဆိုပါ ပိုက်လိုင်းကို ဇွန်လ ၁၂ ရက်တွင် ဖွင့်လှစ်ခဲ့သည်။ ပိုက်လိုင်း လမ်းကြောင်းပေါ်ရှိ ရွာသားများ အတွက်မူ အကျိုးအမြတ် မရှိသည်မှာ အထင်အရှားပင် ဖြစ်သည်။ ကျေးရွာရှိ အိမ်ဆိုင်လေးတွင် ကားဘက်ထရီ အဟောင်းနှင့် ချိတ်ဆက်ထားသည့် မီးသီးတစ်လုံးမှ အလင်းရောင်သာ ထွက်ပေါ်နေသည်။ အိမ်တွင် လျှပ်စစ်မီး ရရှိသူ တစ်ဦးမှ မရှိပါ။ "ဓါတ်ငွေ့က ကျွန်တော်တို့ အတွက် မဟုတ်ပါဘူး'' ဟု လယ်သမား တစ်ဦးက ဆိုသည်။

သို့သော် ရွာသားများ ကံကောင်းခဲ့သည့် အချက်တစ်ခု ရှိသည်။ ပိုက်လိုင်းအတွက် လမ်းဖောက်ရန် လယ်ကွင်းများမှ ဖယ်ခိုင်းသည့်သူ တစ်ဦးမှ မရှိခြင်း ဖြစ်သည်။

လက်ရှိ အနောက်နိုင်ငံ ပိတ်ဆို့မှုများက ဟန့်တားနိုင်ခြင်း မရှိသော အာရှ ရေနံ ကုမ္ပဏီကြီးများကို ကြီးမားစွာ ဆွဲဆောင်နေသည့် စွမ်းအင်စီမံကိန်းများ အတွက် စစ်ဖက်အုပ်ချုပ်သော မြန်မာနိုင်ငံအတွင်း မည့်သည့်နေရာတွင် မဆို အာဏာပိုင်များကို လယ်မြေများကို သိမ်းယူလျက် ရှိသည်။ ရေနံနှင့် ဓါတ်ငွေ့တွင်းများ စတင် ဖွင့်လှစ်သည်နှင့် ထွက်လာသော စွမ်းအင်ရင်းမြစ်များကို ချမ်းသာသော နိုင်ငံများသို့ တင်ပို့ ရောင်းချခဲ့ကြပြီး ပြည်တွင်းဒေသခံ ပြည်သူများမှာမူ လယ်မဲ့ယာမဲ့ ဘဝဖြင့် အမှောင်ထုထဲတွင် ကျန်ရစ်နေဆဲ ဖြစ်သည်။

ထိုင်းနိုင်ငံ လျှပ်စစ်စွမ်းအင်အတွက် သီးခြားပိုက်လိုင်းမှ ဓါတ်ငွေ့ ၃၀ % ရောင်းချပေးနေသော ပြင်သစ် Total နှင့် အမေရိကန် Chevron တို့လုပ်ကိုင်နေသည့် ဓါတ်ငွေ့သိုက်မှ ဓါတ်ငွေ့များကို ယခု ရန်ကုန်သို့ သွယ်တန်းသည့် ပိုက်လိုင်းမှ တဆင့် မြန်မာပြည်သူများ ပိုမိုရရှိလာမည် ဖြစ်သည်။ Total နှင့် Chevron  သည် ဓါတ်ငွေ့များ တင်ပို့ရောင်းချမှု အတွက် သာမကပဲ ဒေါ်လာ ၁.၃ ဘီလီယံ ကုန်ကျသည့် ပိုက်လိုင်း တည်ဆောက်ရာတွင် လူ့အခွင့်အရး ညှဉ်းပန်းမှုများ ပြုလုပ်ခဲ့ကြောင်း မဆုတ်မနစ် စွပ်စွဲမှုများနှင့် ရင်ဆိုင်ခဲ့ကြရသည်။ လူ့အခွင့်အရေး ညှဉ်းပန်းမှုများတွင် ကြံရာပါ အပြစ်စွပ်စွဲထားသော သီးခြား အမှုတိုင်းမှာ တရားလိုများအား တရားရုံး ပြေငြိမ်းမှုရရှိရန် ၂၀၀၅ ခုနှစ်အတွင်း ကုမ္ပဏီများက လျော်ကြေး အမြောက်အမြား ပေးခဲ့ရသည်။

သို့သော် အဆိုပါ စီမံကိန်းသည် လက်ရှိ ပိုက်လိုင်း စီမံကိန်းသစ်နှင့် နှိုင်းယှဉ်လျှင် ပြောပလောက်ဖွယ် မရှိကြောင်း၊ တရုတ် ပိုက်လိုင်းသစ်မှာ ယခင် ပိုက်လိုင်းများထက် ပို၍ အဆများစွာ ကြီးမားသလို ပို၍ စည်းမဲ့ကမ်းမဲ့၊ ဗရမ်းဗတာ ဖြစ်မည့် အလားအလာများရှိကြောင်း အမေရိကန်နှင့် ထိုင်းအခြေစိုက် လူ့အခွင့်အရေး လှုပ်ရှားသူများက ဆိုသည်။

တရုတ်ပြည် တောင်ပိုင်းသို့ ရေနံစိမ်းနှင့် မြန်မာ သဘာဝဓါတ်ငွေ့ ပို့ဆောင်မည့် ပိုက်လိုင်း၂ခု စတင်ရာ ရခိုင်ပြည်နယ်မှ ရေနံတင် သင်္ဘောဆိပ်ကမ်းနှင့် ဓါတ်ငွေ့ ပို့လွှတ်မည့် စီမံကိန်းတွင် တရုတ်၊ တောင်ကိုးရီးယားနှင့် အိန္ဒိယ စွမ်းအင် ကုမ္ပဏီများက ရင်းနှီးမြှုပ်နှံလျက် ရှိသည်။ ၎င်းပိုက်လိုင်း စီမံကိန်းကို ၂၀၀၉ တွင် တည်ဆောက်မှု စတင်ပြီး ၂၀၁၃တွင် ပြီးစီးရန် မျှော်လင့်ထားသည်။

စီမံကိန်း လုပ်ငန်းများတွင် လယ်မြေများ ဆုံးရှုံးခဲ့သော မိသားစု ၁၀၀ ခန့်မှာ လျော်ကြေး အနည်းငယ်သာ ရရှိခဲ့ပြီး အချို့ လုံးဝ မရရှိခဲ့ကြ ဟု ပြောကြားသူမှာ ပိုက်လိုင်းစီမံကိန်း ဆန့်ကျင်ရေး ထိုင်းအခြေစိုက် " ရွှေဓါတ်ငွေ့ လှုပ်ရှားမှု အဖွဲ့ '' မှ ညှိနှိုင်းရေးမှူး ဝမ်အောင် ဖြစ်သည်။ ဤအစား ၎င်းတို့ ပြန်လည် အခြေချနိုင်မည့် အနီးအနား မြေလွတ်များကို ရှာဖွေနေကြရသည်ဟု ဆိုသည်။ ကုန်းပေါ် ပိုက်လိုင်းလမ်းကြောင်း တစ်လျှောက် နေထိုင်သူများစွာမှာ လယ်မြေ အသိမ်းခံရမည့် အန္တရာယ်၊ လုံခြုံရေးတပ်ဖွဲ့များ အဓမ္မ စေခိုင်းမည့် အန္တရာယ်တို့နှင့် ရင်ဆိုင်နေရသည်ဟု ဝမ်အောင်က သတိပေး ပြောကြားသည်။

"မြန်မာနိုင်ငံမှာ ပြည်သူတွေ အစစ်အမှန် ပါဝင်နိုင်တဲ့၊ ဒီမိုကရေစီ နည်းကျ တင်မြှောက်တဲ့ အစိုးရ ရှိလာတဲ့ အချိန်အထိ ကုမ္ပဏီတွေ အနေနဲ့ ပိုက်လိုင်း စီမံကိန်းကို ဆိုင်းငံ့ ထားစေချင်ပါတယ်'' ဟု ၎င်းက ဆက်လက် ပြောဆိုခဲ့သည်။

တန်ဖိုး ကြီးမြင့်လွန်းသည့် ပိုက်လိုင်း

ဘင်္ဂလားဒေ့ရှ် နယ်စပ်နှင့် နီးကပ်သည့် ရွှေဓါတ်ငွေ့ စီမံကိန်းကို တောင်ကိုးရီးယား ဒေဝူး အင်တာနေရှင်နယ်က လုပ်ကိုင် ဆောင်ရွက်နေခြင်း ဖြစ်သည်။ ၂၀၀၄ ခုနှစ်က တွေ့ရှိခဲ့သော ကြီးမားလှသည့် ကမ်းလွန် ဓါတ်ငွေ့သိုက်သည် အိန္ဒိယ အစိုးရကို ဆွဲဆောင်နိုင်ခဲ့ပြီး ၎င်းတို့က ဘင်္ဂလားဒေ့ရှ်ကို ဖြတ်သန်းကာ ကိုယ်ပိုင် ပိုက်လိုင်း သွယ်တန်းရန် အဆိုပြုခဲ့ကြသည်။ သို့ရာတွင် ဘင်္ဂလားဒေ့ရှ်သည် လုံခြုံစိတ်ချရသော လမ်းကြောင်းမဟုတ် ဟု စိုးရိမ်ပူပန်ခဲ့ကြသော အိန္ဒိယ တာဝန်ရှိ ပုဂ္ဂိုလ်များကြောင့် အဆိုပါ အစီအစဉ်မှာ ပျက်ပြယ်သွားခဲ့ရသည်'' ဟု စီမံကိန်းကို လေ့လာနေသော လန်ဒန် Chatham House မှ တွဲဖက်ပါမေက္ခ Marie Lall က ပြောကြားသည်။

ဤသို့ အိန္ဒိယက တွေဝေနေချိန် ၂၀၀၇ တွင် တရုတ်နိုင်ငံက အမွှာ ပိုက်လိုင်း ၂ ခုကို အဆိုပြုကာ အခွင့်အလမ်းကို လက်မလွှတ်တမ်း "ထိုးသုတ်'' သွားခဲ့သည်။ ပထမ ပိုက်လိုင်းမှာ ဒေဝူး လုပ်ကွက်မှ ဓါတ်ငွေ့များ သယ်ယူရန် ဖြစ်သည်။ ဒုတိယ ပိုက်လိုင်းမှာမူ ရေယာဉ်ကြောညှပ် မလက္ကာ ရေလပ်ကြားကို ဖြတ်သန်းနေရသော အာဖရိကနှင့် အရှေ့ အလယ်ပိုင်းမှ ရေနံတင် သင်္ဘောများ သယ်ယူလာသည့် ရေနံစိမ်းများကို တစ်ရက်လျှင် စည်ပေါင်း ၄၄၂,၀၀၀ခန့် နှုန်းဖြင့်ပို့ဆောင်ရန် ဒီဇိုင်းထုတ်ထားသည်။ ဘီဂျင်းသည် ၎င်း၏ မရှိမဖြစ် စွမ်းအင် ထောက်ပံ့မှု လမ်းကြောင်း အတွက် လျှော့ချလိုခြင်း ဖြစ်သည် ဟု လုံခြုံရေး အကဲခတ် လေ့လာသူများက ပြောကြားသည်။ အဆိုပါ ပိုက်လိုင်းများသည် လက်နက်ကိုင် သူပုန်များ ထိန်းချုပ်ရာနယ်မြေနှင့် တောင်တန်းဒေသများ အပါအဝင် မြန်မာပြည်အတွင်း မိုင် ၆၀၀ ခန့် ဖြတ်သန်းသွားမည် ဖြစ်သည်။ ၎င်းနှင့် ခြားနားစွာပင် Total ကမ်းလွန်ပိုက်လိုင်း၏ မြန်မာပြည်တွင်း အစိတ်အပိုင်းမှာ မိုင် ၄၀ ခန့်သာ ရှိသည်။

"တရုတ်နိုင်ငံက လုပ်ခဲ့ဖူးတဲ့ ပိုက်လိုင်းတွေထဲမှာ ဒီတစ်ခုက အရှုပ်ထွေးဆုံးနဲ့ အန္တရာယ်အများဆုံး ဖြစ်လာနိုင်ပါတယ်'' ဟု Lall က ဆိုသည်။

လူ့အခွင့်အရေး လှုပ်ရှားသူများ အရှိန်မြင့်

လတ်တလော နှစ်များအတွင်း မြန်မာစစ်တပ် အစိုးရ ဋ္ဌာနဆိုင်ရာများနှင့် ပုဂ္ဂလိက ကုမ္ပဏီများက အဓမ္မခိုင်းစေသော လုပ်သားများ အသုံးပြုနေခြင်းနှင့် ပတ်သက်၍ နိုင်ငံတကာ အလုပ်သမား အဖွဲ့ချုပ် ILOက မြန်မာနိုင်ငံကို ပြစ်တင်ဝေဖန်ခဲ့သည်။ လမ်းဖောက်လုပ်ခြင်း၊ ရေနံပိုက်လိုင်းသွယ်ခြင်း စသောကြီးမားသည့် အခြေခံ အဆောက်အဦး စီမံကိန်းများတွင် လုပ်ခ မပေးပဲ အတင်းအကျပ် ခိုင်းစေခြင်းကို ဒေသခံ နေထိုင်သူများ မကြာခဏ ရင်ဆိုင်ကြရသည်ဟု လူ့အခွင့်အရေး လှုပ်ရှားသူများက ပြောဆိုသည်။

အဆိုပါ လူ့အခွင့်အရေး ညှဉ်းပန်းမှုမျိုးကို သည်းခံမည် မဟုတ်ကြောင်း ပိုက်လိုင်းလမ်းကြောင်း တလျှောက်ရှိ ဒေသခံ အာဏာပိုင်များနှင့် ဒေသခံပြည်သူများကို အသိပေးရန် အဆိုအား အဆိုပြု တင်ပြထားသည် ဟု မြန်မာနိုင်ငံမှ ILO အရာရှိ Steve Marshall ပြောကြားသည်။ ဓါတ်ငွေ့စီမံကိန်း အကောင်အထည် ဖော်သူ ဒေဝူးနှင့်လည်း အလုပ်သမား ကိစ္စများကို ဆွေးနွေးခဲ့သော်လည်း ၎င်းတို့ စီမံကိန်းအပေါ်တွင် တိုက်ရိုက် အကြံပေးမှု တစုံတရာ မပြုလုပ်ခဲ့ပါဟု ၎င်းက ဆိုသည်။

မြန်မာနိုင်ငံကို သပိတ်မှောက်ရန် ၁၉၉၀ ခုနှစ်အတွင်း Nike နှင့် Pepsi စသော အနောက်နိုင်ငံ နာမည်ကြီး တံဆိပ်များကို အောင်မြင်စွာ စည်းရုံးနိုင်ခဲ့သော၊ နိုင်ငံအတွင်း လုပ်ကိုင်နေသော အနောက်ရေနံ ကုမ္ပဏီများ၏ ကျင့်ဝတ် အပေါ် မီးမောင်း ထိုးပြခဲ့ကြသော လူ့အခွင့်အရေး လှုပ်ရှားသူများ အတွက် ယခု အာရှ ရေနံ ကုမ္ပဏီများ၏ တက်သုတ်ရိုက်မှုက စိမ်ခေါ်မှု အသစ်များ ပေးနေသည်။ မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး ချိုးဖောက်မှု မှတ်တမ်းသည် ယခု ပိုက်လိုင်း လုပ်ငန်းရှင် တရုတ်နိုင်ငံပိုင် CNPC ကော်ပိုရေးရှင်းကို ဟန့်တားနိုင်မည့် အလားအလာ မရှိပါ။

လူ့အခွင့်အရေး လှုပ်ရှားသူများက "စီမံကိန်း အတွင်း တာဝန်ယူရေးနှင့် သာမန်မြန်မာပြည်သူတို့၏ လူ့အခွင့်အရေးကို လေးစားရေးတို့နှင့် ပတ်သက်ပြီး တောင်းဆိုနိုင်ရန် အာရှ၊ ဥရောပနှင့် အမေရိကန်ပြည်ထောင်စုရှိ ရင်းနှီးမြုပ်နှံသူများ၊ အခြား ရှယ်ယာရှင်များကို စည်းရုံး လှုံ့ဆော်နေသည်'' ဟု ပြောကြားသည်။

"ကုမ္ပဏီတွေ မှန်မှန်ကန်ကန် အလုပ်လုပ်လာစေမဲ့ နည်းလမ်းတွေ ကြံဆနေပါတယ်'' ဟု ဝါရှင်တန် အခြေစိုက် Earthrights International မှ ပြောရေးဆိုခွင့်ရှိသူ Matthew Smith က ပြောကြားသည်။ Earthrights International သည် မြန်မာနစ်နာသူများ ကိုယ်စား Total နှင့် Unocal ကို တရားစွဲခဲ့သည့် အဖွဲ့ ဖြစ်သည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Reuters, 2nd July 2010

အီရန်နိုင်ငံ၏ လောင်စာ တင်သွင်းမှုများကို ပိတ်ပင် တင်းကျပ်ရန်နှင့် နိုင်ငံတကာက ပစ်ပယ်ထားမှု ပိုမို ထိရောက်စေရန် ရည်ရွယ်၍ အဆိုပါ အစ္စလာမ်မစ် သမ္မတနိုင်ငံအပေါ် လက်တံရှည်ရှည် ဆန့်နိုင်မည့် အရေးယူပိတ်ဆို့မှု အသစ်များ ချမှတ်မည့် ဥပဒေကို အမေရိကန် သမ္မတ ဘားရက်အိုဘားမားက ကြာသပတေးနေ့တွင် လက်မှတ် ရေးထိုးလိုက်သည်။

ယခု အရေးယူမှု အသစ်သည် အမေရိကန် အောက်လွှတ်တော်က ထုတ်ပြန်ဖူးသမျှ အနက် အတင်းကျပ်ဆုံး ဖြစ်၍ အီရန် စီးပွားရေး၏ ပင်မ ကျောရိုး ဖြစ်သော ရေနံနှင့် ဓါတ်ငွေ့ကဏ္ဍ ခေတ်မီစေမည့် ပစ္စည်းများ၊ ဝန်ဆောင်မှုများ အပါအဝင် သန့်စင်ပြီး လောင်စာ ဝယ်ယူရာတွင် အီရန်အား အခက်တွေ့အောင် ပြုလုပ်နိုင်လိမ့်မည်ဟု အိုဘားမားက ဆိုသည်။

သံတမန် နည်းလမ်းအရ ညှိနှိုင်းရေးတံခါး ပွင့်နေဆဲ အချိန်တွင် သမ္မတ အိုဘားမားက "အီရန် အနေဖြင့် ၎င်း၏ ယူရေနီယမ် သန့်စင်မှု အစီအစဉ်ကို ရပ်ဆိုင်းရန် နိုင်ငံတကာ၏ တောင်းဆိုမှုကို ဆက်လက် အာခံနေမည် ဆိုပါက အကြီးမားဆုံး နိုင်ငံတကာ ဖိအားများ ကျရောက်လာလိမ့်မည်'' ဟု ပြောကြားလိုက်သည်။

အီရန်နိုင်ငံက ၎င်း၏ နျူကလီယာ အစီအစဉ်သည် ငြိမ်းချမ်းစွာ လျှပ်စစ်ဓါတ်အား ထုတ်လုပ်ရေး အတွက် ဖြစ်သည်ဟု ခုခံ ပြောကြားနေခဲ့သော်လည်း အမေရိကန် ပြည်ထောင်စုနှင့် ၎င်း၏ ဥရောပ မဟာမိတ်များက အီရန်သည် အနုမြူဗုံး ထုတ်လုပ်ရန် ကြိုးစားနေသည်ဟု သံသယ ရှိနေသည်။

အီရန်အပေါ် ကျယ်ပြန့်စွာ အရေးယူရေးနှင့် တားဆီး ပိတ်ပင်ရေး ဥပဒေကို အိမ်ဖြူတော်တွင် လက်မှတ် ရေးထိုးစဉ် အိုဘားမားက "အမေရိကန်ပြည်ထောင်စုနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းက အီရန်နိုင်ငံ နျူကလီယာ လက်နက်များ မပိုင်ဆိုင်အောင် တားဆီးရန် ဆုံးဖြတ်ထားသည်ကို သံသယ မရှိသင့်'' ဟု ပြောဆိုခဲ့သည်။

အီရန်၏ ငွေကြေးလုပ်ငန်း၊ ဘဏ်လုပ်ငန်း၊ အာမခံ လုပ်ငန်း၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းနှင့် စွမ်းအင် ကဏ္ဍများကို ပစ်မှတ်ထား ထပ်ဆောင်း ကိုင်တွယ်မည့် တင်းကျပ်သော ကုလသမဂ္ဂ အရေးယူ ပိတ်ဆို့မှုများကို ဥရောပ သမဂ္ဂ ခေါင်းဆောင်များက ယခင်လတွင် သဘောတူခဲ့ကြသည်။

ကုလသမဂ္ဂ လုံခြုံရေး ကောင်စီတွင် ဇွန်လက သဘောတူခဲ့သော အစီအစဉ်များထက် ယခု အမေရိကန်၏ အရေးယူ အစီအစဉ်သစ်များက များစွာ သာလွန်ပြီး အီရန်အား ၎င်း၏ အငြင်းပွားဖွယ် နျူကလီယာ အစီအစဉ်များနှင့် ပတ်သက်သည့် နိုင်ငံတကာ ဆွေးနွေးပွဲများသို့ ပြန်လည် တက်ရောက်အောင် ဆွဲဆောင်နိုင်ရန် အတွက် သီးသန့် ဦးတည် ဖိအားပေးရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။

အီရန်ကို လောင်စာဆီ ထောက်ပံ့နေသော ကုမ္ပဏီများ၊ အီရန်၏ သြဇာကြီး တော်လှန်ရေး အစောင့်တပ်ဖွဲ့ (သို့) ၎င်း၏ နျူကလီယာ အစီအစဉ်နှင့် ပတ်သက်နေသော နိုင်ငံတကာ ဘဏ်လုပ်ငန်း အဖွဲ့အစည်းများကို အမေရိကန် အရေးယူ ပိတ်ဆို့မှု အစီအစဉ် အရ ဒဏ်ခတ်မည် ဖြစ်သည်။

အဓိက အီရန်ဘဏ်များ (သို့) တော်လှန်ရေး အစောင့်တပ်ဖွဲ့နှင့် စီးပွားရေး ပူးပေါင်း လုပ်ကိုင်နေသော နိုင်ငံခြားဘဏ်များ အနေဖြင့် အမေရိကန် ငွေကြေးစနစ် အတွင်းသို့ ဝင်ရောက်ခွင့် ရမည် မဟုတ်ပါ။ အီရန်ကို ဓါတ်ဆီ တင်သွင်း ထောင်ပံ့နေသော ကမ္ဘာ့ ကုမ္ပဏီကြီးများ သည်လည်း အမေရိကန်ပြည်ထောင်စု အတွင်းရှိ အိမ်ခြံမြေ ရောင်းဝယ်ရေး၊ နိုင်ငံခြားငွေ လဲလှယ် ရောင်းဝယ်ရေး လုပ်ငန်းများနှင့် အမေရိကန် ဘဏ်စနစ် အတွင်းသို့ ဝင်ရောက်ခွင့် တားဆီးခံရခြင်းနှင့် ရင်ဆိုင်ရပါလိမ့်မည်။

အလှပစ်မည့် ငွေကျည်ဆံ မဟုတ်

"တခြားနိုင်ငံတွေနဲ့ အတူ လုပ်ဆောင်သွားမဲ့ အခုအရေးယူမှု အစီအစဉ်တွေဟာ နျူကလီယာ အစီအစဉ် ဖွံ့ဖြိုးအောင် ရံပုံငွေ တောင့်တင်းအောင် လုပ်နေတဲ့ အီရန် အစိုးရရဲ့ နှလုံးသား ဗဟိုချက်ကို ပစ်မှတ်ထား တိုက်ခိုက်နေတာပါ။ အီရန် အစိုးရကို သူတို့ရဲ့ လုပ်ဆောင်ချက်တွေကြောင့် အကျိုးဆက်တွေနဲ့ ရင်ဆိုင်ရမယ် ဆိုတာကို ပြနေတာပါ'' ဟု အိုဘားမားက ပြောကြားသည်။

"အခု အရေးယူမှု အစီအစဉ်သစ်တွေဟာ တီဟီရန်က သူ့ရဲ့ နျူကလီယာ အစီအစဉ်ကို ထာဝစဉ် စွန့်လွှတ်သွားအောင် သိမ်းသွင်းရာမှာ လိုအပ်တဲ့ ကရိယာတွေ အဖြစ် အထောက်အပံ့ ပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ်'' ဟုပြောကြားခဲ့သူမှာ ပိတ်ဆို့မှု အစီအစဉ်သစ် ချမှတ်ရေးတွင် ပါဝင် လှုပ်ရှားခဲ့သူ တစ်ဦးဖြစ်သည့် ဒီမိုကရက်တစ် အောက်လွှတ်တော် အမတ် Howard Berman ဖြစ်သည်။

အရေးယူမှု အသစ်များသည် အီရန်နိုင်ငံ အကြောက်ရွံ့ဆုံး ၎င်း၏ စွမ်းအင် ကဏ္ဍကို ထိခိုက်စေရန် ရည်ရွယ် ရေးဆွဲထားသည်။ ကမ္ဘာ့ ပဉ္စမ အကြီးဆုံး ရေနံစိမ်း ထုတ်လုပ်သူ အီရန်သည် လိုလောက်သော သန့်စင်နိုင်မှု စွမ်းရည်နှင့် ဓါတ်ဆီ လိုအပ်ချက် ၄၀ % တင်သွင်းမှုတို့ကို ဆုံးရှုံးတော့မည် ဖြစ်သည်။

၎င်း၏ ထိခိုက်နိုင်မှု အန္တရာယ်ကို သိရှိထားသည့် အီရန်သည် ၂နှစ် အတွင်း ဓါတ်ဆီ လုံလုံလောက်လောက် ကိုယ်တိုင် ထုတ်လုပ်နိုင်ရန် အစီအစဉ်များရေးဆွဲထားပြီး အစိုးရ ထောက်ပံ့ရေး အစီအစဉ်များ ရုတ်သိမ်းကာ ပြည်တွင်း လိုအပ်ချက်ကို လျှော့ချလျက် ရှိသည်။

ပိတ်ဆို့မှု အစီအစဉ်များ၏ ခြိမ်းခြောက်မှုကို အီရန် သမ္မတ မဟာမက် အာမက် ဒီနီဂျက်က ပယ်ချလိုက်ပြီး "အကယ်၍ လိုအပ်ပါက အီရန်သည် တစ်ပတ်အတွင်း ကိုယ်တိုင် လုံလောက်အောင် ထုတ်လုပ်နိုင်ကြောင်း'' ကြွေးကြော်လိုက်သည်။

၂၀၀၉ ဇန်နဝါရီလတွင် အိုဘားမား အာဏာ လွှဲပြောင်းယူပြီးနောက် "အီရန်ကသာ လက်သီးဆုပ် ဖြည်မည် ဆိုပါက သံတမန်ညှိနှိုင်းမှုများ အသစ် စတင်မည်'' ဟု ကတိပြုခဲ့သည်။ သို့သော် ကမ်းလှမ်းမှုကို အီရန် ခေါင်းဆောင်များက ခါးခါးသီးသီး ပယ်ချကာ ယူရေနီယမ် သန့်စင်မှုကို ဆက်လက် ပြုလုပ်ခဲ့သောကြောင့် စတုတ္ထ အချီမြောက် ကုလသမဂ္ဂ ပိတ်ဆို့မှုများ ချမှတ်ရေး အတွက် နိုင်ငံတကာ ထောက်ခံမှု ရရှိအောင် အိုဘားမား အနေဖြင့် စည်းရုံး လှုံ့ဆော်ခဲ့ရသည်။

စီးပွားရေး ပစ်မှတ်ထား ပိတ်ဆို့မှုများသည် နျူကလီးယား စွမ်းရည် ရရှိအောင် ကြိုးစားနေသည့် အီရန်ကို ဟန့်တားနိုင်လိမ့်မည် ဟု ပြောကြားခဲ့သော CIA ညွှန်ကြားရေးမှူး Leon Panetta ၏ အစောပိုင်း မှတ်ချက်များကို တုန့်ပြန်သည့် အနေဖြင့်  အိမ်ဖြူတော် ပြောရေးဆိုခွင့် ရှိသူ Robert Gibbs က ယခု အစီအစဉ်သစ်များ၏ ကမ်းလှမ်းမှုသည် ငွေကျည်ဆံ မဟုတ်ဟု ကြာသပတေးနေ့တွင် ပြောကြားလိုက်သည်။ အလှမပစ်၊ တကယ်ပစ်မည်ဟု ဆိုလိုခြင်း ဖြစ်သည်။

ယခုအခါ အရေးယူမှု အစီအစဉ်သစ်များသည် အီရန်ကို စတင် ကိုက်ဖဲ့ရန် အဆင်သင့် ဖြစ်နေပါပြီ။ အီရန်သို့ ဓါတ်ဆီ ရောင်းချမှု ရပ်ဆိုင်းသည့် ကုမ္ပဏီများ၏ နောက်တိုး စာရင်းတွင် ပြင်သစ်၏ Total လည်း ယခုအပတ် ပါဝင်လာသည်။ စပိန်၏ Repsol Pars ဓါတ်ငွေ့ စီမံကိန်း တစ်စိတ်တစ်ပိုင်းကို လုပ်ကိုင်နေသော ကန်ထရိုက်စာချုပ်ကို ရပ်ဆိုင်း ထွက်ခွာမည်ဟု ပြောကြားခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.