Transparency Myanmar

transparency.myanmar@gmail.com

From Hueiyen News Service, 7th December 2010

မြန်မာနိုင်ငံနှင့် အိမ်နီးချင်း ဆက်ဆံရေးကို အထောက်အကူပြုရန်နှင့် ဖွံ့ဖြိုးရေး လုပ်ငန်းများတွင် ကူညီရန် ဆက်လက် ကြိုးစားသည့် အနေဖြင့် အိန္ဒိယနိုင်ငံသည် မြေသယ် ယန္တရားများ၊ ပို့ဆောင်ရေးယာဉ်များ၊ အချက်အလက် ပို့ဆောင်မှုနှင့် ဆက်သွယ်ရေးဆိုင်ရာ ကိရိယာ မျိုးစုံကို မိုရေးမြို့ နေထွက်၊ လူငယ်ကလပ်တွင် ပြုလုပ်သည့် အခမ်းအနားတွင် မြန်မာအစိုးရထံ လက်ဆောင် ပေးအပ်ခဲ့သည်။

အိန္ဒိယ တပ်မတော် ဦးစီးချုပ် ကိုယ်စား တက်ရောက်ခဲ့သူ EOC 3 Corps မှ ဒုတိယ ဗိုလ်ချုပ်ကြီး NK Singh က ကာကွယ်ရေး ဦးစီးချုပ် ကိုယ်စား ပစ္စည်းများ ပေးအပ်ရသည်မှာ ကြီးမားသော ဂုဏ်ဒြပ်တစ်ခု ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

ယခုကဲ့သို့ လုပ်ဆောင်မှုများမှာ အနာဂတ် ဆက်ဆံရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေးကို ခိုင်မြဲစေလိမ့်မည် ဟူသော အချက်မှာ ၎င်း၏ ယုံကြည်ချက် ဖြစ်ပြီး၊ ယခု ပေးအပ်သည့် အကူအညီ အားလုံးသည် မြန်မာ့ တပ်မတော်နှင့် မြန်မာ ပြည်သူများထံ ပြန့်နှံ့သွားလိမ့်မည်ဟု ၎င်းက ဆက်လက် ပြောဆိုသည်။

မြန်မာတပ်မတော် ကိုယ်စားပြု တက်ရောက်သူ ဗိုလ်မှူးချုပ် စိုးလွင်ကလည်း အိန္ဒိယနိုင်ငံက ယခုကဲ့သို့ ကူညီခဲ့ည်မှာ ငါးကြိမ်ရှိပြီ ဖြစ်သည်ဟု ပြောကြားခဲ့သည်။ အိမ်နီးချင်း အိန္ဒိယနိုင်ငံသည် ယခုကဲ့သို့ အကူအညီပေးမှုများမှတဆင့် လမ်းတံတား၊ သယ်ယူပို့ဆောင်ရေး အခြေခံ အဆောက်အဦ ကဏ္ဍဖွံ့ဖြိုးရေးကို ကူညီခဲ့သည်ဟု ၎င်းက ဆက်လက် ပြောဆိုသည်။

အိန္ဒိယနိုင်ငံက ပေးအပ်သော အကူအညီ အားလုံးသည် လမ်းပန်းဆက်သွယ်မှု ခက်ခဲသော နယ်မြေများနှင့် နယ်စပ်ဒေသ ဖွံ့ဖြိုးရေးတွင် အသုံးဝင်မည် ဖြစ်သည်။

မြေထိုးစက် ၄ စီး၊ ကာကွယ်ရေး ဝန်ကြီးဌာနမှ ရသော မြေညှိစက် ၂ စီး၊ Bolero ၁ စီး၊ မော်တော်ဆိုင်ကယ် ၃ စီး၊ ကွန်ပြူတာ ၃ စုံ၊ 6 KV မီးစက်တစ်လုံး၊ လမ်းလျှောက်စကားပြောစက် ၆ လုံးကို ဒုတိယ ဗိုလ်ချုပ်ကြီး NK Singh က ဗိုလ်မှူးချုပ် စိုးလွင်ထံ လွှဲပြောင်း ပေးအပ်ခဲ့သည်။

အိန္ဒိယနိုင်ငံဖက်မှ ကိုယ်စားပြု တက်ရောက်ခဲ့သူများမှာ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယ သံအမတ်ကြီး ဒေါက်တာ VS Seshadril GOC 52 Mwntain Division မှ ဗိုလ်မှူးချုပ် DS Hooda IGAR (South) မှ ဗိုလ်ချုပ် C Krishnan နှင့် ဗိုလ်မှူးချုပ် SK Bhanol တို့ဖြစ်သည်။

မြန်မာနိုင်ငံဖက်မှ အနောက်မြောက် တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စိုးလွင်နှင့် ၎င်း၏ လက်အောက် ဝန်ထမ်းများ အခမ်းအနားသို့ တက်ရောက်ခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

From Associated Press, 6th December 2010

ကိုရီးယားကျွန်းဆွယ် တင်းမာမှုတွင် စိတ်ချုပ်တည်းကြရန် တရုတ်ခေါင်းဆောင်က တိုက်တွန်းနေချိန်တွင် ဘီဂျင်း၏ မဟာမိတ် မြောက်ကိုရီးယားထံသို့ "၎င်း၏ ရန်စ ကျူးကျော်မှုများမှာ လက်ခံနိုင်ဖွယ် မရှိ" ဟု ဖော်ပြသည့် အကြောင်းကြားစာ ပေးပို့ရန် သမ္မတ အိုဘားမားက တနင်္ဂနွေနေ့တွင် တရုတ်ခေါင်းဆောင်နှင့် တယ်လီဖုန်း ပြောဆိုရာတွင် တိုက်တွန်းလိုက်သည်။

ထိုသို့ ပြောဆိုမှုတွင် တရုတ် သမ္မတ ဟူကျင်းတောင်က ကျွန်းဆွယ် လတ်တလော တင်းမာမှု အပေါ် တရုတ်က အကြီးအကျယ် စိုးရိမ်ပူပန်နေကြောင်းနှင့် ပတ်သက်သူ အားလုံး တည်တည်ငြိမ်ငြိမ် ဆင်ခြင်တုံ တရားဖြင့် တုန့်ပြန်ကြရန် တောင်းဆိုကြောင်း ပြောကြားခဲ့သည်ဟု အစိုးရပိုင် ဆင်ဟွာ သတင်းဌာနက ထုတ်ပြန်သည်။

ကိုရီးယား ကျွန်းဆွယ်မှ ထိလွယ်၊ ခိုက်လွယ် လုံခြုံမှု အနေအထားကို အကယ်၍ မှန်မှန်ကန်ကန် ကိုင်တွယ်ခြင်း မရှိပါက တင်းမာမှုများ ဆက်လက် မြင့်မားသွားနိုင်သည့် အပြင် ပတ်သက်သော နိုင်ငံ အားလုံး၏ ဘုံအကျိုး စီးပွားဘောင်ထဲတွင် မရှိတော့ဘဲ ထိန်းချုပ် မရအောင် လွတ်ထွက်သွားသည်အထိ ဖြစ်လာနိုင်သည်ဟု ဟူကျင်းတောင်၏ ပြောဆိုမှုကို ဆင်ဟွာ သတင်းဌာနက ဖော်ပြထားသည်။

ဝါရှင်တန်တွင်မူ အိမ်ဖြူတော်က "ခေါင်းဆောင်များသည် အာရှတိုက် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးဆိုင်ရာ ၎င်းတို့၏ အကျိုးတူ ကိစ္စရပ်များ၊ ကိုရီးယားကျွန်းဆွယ် နျူကလီယာလက်နက် ကင်းစင်အောင် ပြုလုပ်ရေး၏ အရေးကြီးပုံ တို့ကို ပြောဆိုခဲ့ကြသည်" ဟု ထုတ်ပြန်သည်။

လူ ၄ ဦး သေဆုံးခဲ့ရသည့် တောင်ကိုရီးယားကျွန်းကို အမြောက် ပစ်ခတ်မှု အပါအဝင် ယူရေနီယမ် သန့်စင်ရေး အစီအစဉ်ကို မြောက်ကိုရီးယားက ဆက်လက် ဆုပ်ကိုင်ထားခြင်းကို သမ္မတ အိုဘားမားက ပြစ်တင် ရှုတ်ချလိုက်သည်ဟုလည်း သိရှိရသည်။

"မြောက်ကိုရီးယားကို သူ့ရဲ့ ကျူးကျော်ရန်စမှုတွေဟာ လက်သင့်ခံနိုင်ဖွယ် မရှိဘူးဆိုတဲ့ ရှင်းလင်းတဲ့ အကြောင်းကြားစာ ပေးပို့ဖို့ အတွက် အမေရိကန် အပါအဝင် အခြားနိုင်ငံတွေနဲ့ ပူးပေါင်း လုပ်ဆောင်ဖို့ တရုတ်နိုင်ငံကို အိုဘားမားက တိုက်တွန်းခဲ့ပါတယ်" ဟု အိမ်ဖြူတော်က ပြောကြားသည်။

တရုတ်နိုင်ငံသည် မြောက်ကိုရီးယား၏ အရေးကြီးဆုံး မဟာမိတ်ဖြစ်ပြီး၊ နိုဝင်ဘာ ၂၃ ရက် တောင်ကိုရီးယားပိုင်ကျွန်း ပစ်ခတ်မှု အပြီးတွင် ပြုံယမ်း အပေါ် ၎င်း၏သြဇာ အသုံးပြု ထိန်းချုပ်ရန် အမေရိကန် ပြည်ထောင်စုနှင့် အခြားနိုင်ငံများက ဖိအားပေးခဲ့ကြသည်။

ဘီဂျင်းကမူ ပြုံယမ်းအစိုးရ စိတ်ဆိုးခြင်း၊ မတည်ငြိမ်ခြင်းတို့ကို ဖြစ်ပေါ်စေနိုင်သည့် အတင်းအကျပ် အရေးယူမှုကို ပြုလုပ်ရန် မလိုလားပဲ မြောက်ကိုရီးယားက နျူကလီယာ ဖျက်သိမ်းရေး ၆ နိုင်ငံ ဆွေးနွေးများ ပြန်လည် စတင်ရေးကိုသာ ဦးစားပေး ပြောဆိုလျက် ရှိသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

ယခင် သြစတြေးလျ ခေါင်းဆောင်ဟောင်း Kevin Rudd က အကယ်၍ တရုတ် နိုင်ငံတွင် အစစ အရာရာ လွဲချော်မှုများ ဖြစ်ပေါ်လာပါက အင်အားသုံး ဖြေရှင်းရန် အသင့်ပြင် ထားသင့်သည်ဟု အမေရိကန် ပြည်ထောင်စုကို ပြောဆိုခဲ့ကြောင်း WikiLeaks က ထုတ်ဖော်လိုက်သော သံတမန် ကြေးနန်း တစ်ရပ်အရ သိရသည်။

မစ္စတာ Kevin Rudd နှင့် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်တို့ စကား ပြောဆိုရာတွင် တရုတ်နိုင်ငံအား ထိုင်ဝမ်နှင့် တိဘက်အပေါ် ယုံမှား သံသယ ဖြစ်လွန်းနေသော နိုင်ငံတစ်ခု အဖြစ် ညွှန်းဆိုကြကြောင်း၊ အာရှ-ပစိဖိတ် ဒေသအဖွဲ့ တစ်ခု ဖွဲ့စည်းရန် Kevin Rudd က တွန်းအား ပေးခဲ့ခြင်းသည် အာရှ ဒေသတွင်း တရုတ် သြဇာ လွှမ်းမိုးမှုကို ထိန်းချုပ်နိုင်ရန် ဖြစ်ကြောင်း WikiLeaks က ဆိုသည်။

မစ္စတာ Kevin Rudd နှင့် ဟီလာရီ ကလင်တန်တို့ ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်အတွင်း နေ့လယ်စာ စားသုံးခိုက် စကား ပြောဆိုရာတွင် မစ္စတာ Kevin က မိမိကိုယ်မိမိ တရုတ်အပေါ် ခက်ထန် ကြမ်းတမ်းသော ပကတိ ဝါဒီတစ်ဦး အဖြစ် သတ်မှတ် ပြောဆိုခဲ့သည်ဟု ဆိုသည်။

WikiLeaks ၏ အဆိုအရ မန်ဒရင်း ဘာသာ စကားလည်း ပြောဆိုတတ်သူ Kevin Rudd က တရုတ် နိုင်ငံတွင် ဘက်ပေါင်းစုံ ပါဝင်သော စေ့စပ် ညှိနှိုင်းမှုဖြင့် အပြန်အလှန် တက်ကြွသော ဆက်ဆံမှု တစ်ရပ် ပေါ်ထွန်းရေးကိစ္စကို ဟီလာရီ ကလင်တန်နှင့် အခြေအတင် ပြောဆိုခဲ့သည်။

ပေါင်းစည်းမှု အားကောင်းလာသော တရုတ်နိုင်ငံကို နိုင်ငံတကာ အသိုင်းအဝိုင်း ထဲသို့ ဆွဲခေါ်ပြီး ကြီးမားသော အခန်းကဏ္ဍမှ နေ၍ တာဝန်ယူနိုင်သူ တစ်ဦး ဖြစ်လာစေရန် ပြုလုပ်သင့်ကြောင်း၊ ထို့အတူ အကယ်၍ အစစ ရာရာ လွဲချော်မှုများ ဖြစ်ပေါ်ကာ ပြဿနာများ ထွက်ပေါ်လာပါက တပ်ဖွဲ့များ ဖြန့်ကြက်ထားရန်လည်း ပြင်ဆင် ထားသင့်ကြောင်း Rudd က ပြောဆိုခဲ့သည်။

အဆိုပါ သံတမန် ကြေးနန်း ပေါက်ကြားမှုနှင့် ပတ်သက်၍ သြစတြေးလျ အစိုးရက ထင်မြင် သုံးသပ်ချက် ပေးရန် ငြင်းပယ်ခဲ့သည်။ သံတမန် ကြေးနန်းများ အရ တရုတ်နိုင်ငံ အနေဖြင့် ကမ္ဘာလုံး ဆိုင်ရာ စီးပွားရေး အသိုက်အဝန်းတွင် ကြီးမားသော တာဝန်ရယူလာရန် အမေရိကန် ပြည်ထောင်စုက အလို ရှိနေသည်မှာ သေချာသည်။ ထို့အတူ တရုတ်အနေဖြင့် နိုင်ငံသားများ အတွက် လူမှု လုံခြုံရေး စနစ်ကောင်းများ တည်ဆောက် ပေးစေလိုသည်။

တရုတ်နိုင်ငံ စီးပွားရေး အင်အား ကောင်းမွန်မှုမှ ထွက်ပေါ်လာသော စိန်ခေါ်မှုများကိုလည်း ဟီလာရီ ကလင်တန်က ထုတ်ဖော် ပြောဆိုခဲ့သည်။ "ရှင့်ရဲ့ ဘဏ်လုပ်ငန်းရှင်ကြီး တရုတ်ကို
ဘယ်လိုနည်းနဲ့ ခပ်ပြတ်ပြတ် အပေးအယူ လုပ်မှာလဲ" ဟု ဟီလာရီ ကလင်တန်က မစ္စတာ Rudd ကို မေးခွန်း ထုတ်သည်။

မစ္စတာ Rudd ကလည်း တရုတ် ခေါင်းဆောင်များကို အကဲဖြတ် သုံးသပ်မှုများ ပြုလုပ်ခဲ့သေးသည်။ ယခင် တရုတ် သမ္မတများနှင့် လက်ရှိ သမ္မတ ဟူဂျင်တောင်ကို နှိုင်းယှဉ် သုံးသပ်သည်။ ဟူဂျင်းတောင်သည် ကျန်ဇီမင်း မဟုတ်ဟု မစ္စတာ Rudd က ဝေဖန် သုံးသပ်ပြီး
ဟူဂျင်းတောင်း နေရာတွင် Xi Jinping ဝင်ရောက်ဖွယ် ရှိသည်ဟု ထင်မြင် သုံးသပ်ချက် ပေးသည်။

ထိုင်ဝမ် အရေးကိစ္စ အပေါ် တရုတ် ခေါင်းဆောင်များက အလွန်အမင်း စိတ်လှုပ်ရှားကာ ကိုင်တွယ် နေသည်ဟုလည်း ၎င်းက သုံးသပ် ပြောဆိုသည်။ တိဘက် ကိစ္စအပေါ် တင်းတင်းကြပ်ကြပ် ကိုင်တွယ်ခြင်းသည် အခြားသော တိုင်းရင်းသား လူနည်းစုများ အပေါ် တစ်စုံတရာ သိရှိစေ လိုသောကြောင့် ဖြစ်သည်ဟု ဆိုသည်။

AFP သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

BBC News, 4th December 2010

မြန်မာ နိုင်ငံမှ ယခင်လ ရွေးကောက်ပွဲများ အပေါ် ကုလသမဂ္ဂ၏ ပြစ်တင် ဝေဖန်မှုများ ရှိနေသည့် ကြားမှ မြန်မာနိုင်ငံ ဆိုင်ရာ ကုလ အထူး ကိုယ်စားလှယ်က ၎င်းတိုင်းပြည်တွင် နိုင်ငံရေး အပြောင်းအလဲ ဖြစ်ပေါ်နေသည်မှာ အမှန်ပင် ဖြစ်သည်ဟု ပြောကြားလိုက်သည်။

ရွေးကောက်ပွဲများမှ ပေါ်ထွက်လာမည့် လွှတ်တော်သည် ယခုအခါ နိုင်ငံရေး နယ်ပယ် ကျယ်ပြန့် လာစေမည့် အခွင့်အလမ်းများကို ဖွင့်လှစ် ပေးနိုင်သည်ဟု ဗီဂျေးနမ်ဘီယာက ဘီဘီစီသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

တပ်မတော် နောက်ခံ အင်အားကြီး ပါတီ အနိုင်ရရှိခဲ့သော အဆိုပါ ရွေးကောက်ပွဲများကို ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ပါတီက ဝင်မပြိုင်ပဲ သပိတ် မှောက်ခဲ့သည်။ အစိုးရကလည်း သူမအား ရွေးကောက်ပွဲ ပြီးသည်အထိ လွှတ်ပေးခြင်း မရှိပေ။

"မြန်မာ နိုင်ငံမှာ အစိုးရ ဖွဲ့စည်းဖို့ စလုပ်နေပါပြီ။ ရွေးကောက်ပွဲကြောင့် ပေါ်လာတဲ့ လွှတ်တော်မှာ နေရာသစ်တွေ၊ လမ်းကြောင်းသစ်တွေ ပွင့်လန်းလာမယ်လို့ ကျွန်တော် ထင်ပါတယ်" ဟု မြန်မာ နိုင်ငံသို့ ယခင် အပတ်က သွားရောက်ခဲ့သော ဗီဂျေးနမ်ဘီယာက ဘီဘီစီ မြန်မာပိုင်း အစီအစဉ်သို့ ပြောကြားခဲ့သည်။

အဆိုပါ ရွေးကောက်ပွဲများကို ၎င်းက ကျယ်ကျယ် ပြန့်ပြန့် ပိုမို သက်ဆိုင် ပတ်သက်ရေး အတွက် နိုင်ငံရေး နယ်ပယ်ကို တိုးတက်စေမည့် သေးငယ်သော အခွင့်အလမ်းများဟု ပြောဆိုလိုက်သည်။

မြန်မာနိုင်ငံမှ ရွေးကောက်ပွဲများသည် လွတ်လပ်၊ မျှတခြင်း မရှိဟု ကုလသမဂ္ဂက ပြင်းပြင်းထန်ထန် ပြစ်တင် ဝေဖန်နေသည့် ကြားမှ ယခုကဲ့သို့ မစ္စတာ နမ်ဘီယာ၏ မှတ်ချက်များ ထွက်ပေါ်လာခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် အနှစ် ၂၀ အတွင်း ပထမဆုံး ကျင်းပသည့် ရွေးကောက်ပွဲများတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီက အနိုင်ရရှိသွားခဲ့သည်။ ထို့နောက် ၆ ရက် အကြာတွင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ် အကျယ်ချုပ်မှ လွှတ်ပေးခဲ့သည်။ လက်ရှိ ဖျက်သိမ်းခံ ထားရသော သူမ၏ NLD ပါတီသည် ၁၉၉၀ ခုနှစ် နောက်ဆုံး ရွေးကောက်ပွဲတွင် အနိုင် ရရှိခဲ့သော်လည်း အာဏာ လွှဲပြောင်း ယူခွင့် မရရှိခဲ့ပါ။

သူမက သူမအား ထောက်ခံသူများကို အပြောင်းအလဲ အတွက် မျှော်လင့်ခြင်းကို လက်မလျှော့ကြရန် တိုက်တွန်းလိုက်ပြီး သူမ ယခင်က ထောက်ခံခဲ့သည့် မြန်မာနိုင်ငံ အပေါ် အရေးယူ ပိတ်ဆို့မှုများကို ရုတ်သိမ်းရေး အတွက် အနောက်နိုင်ငံများနှင့် ဆွေးနွေးရန် ဆန္ဒရှိနေ သည်ဟုလည်း ပြောကြားခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.