Transparency Myanmar

transparency.myanmar@gmail.com

From The Straits Times, 7th December 2010

အမေရိကန်မှ ငွေကြေး ထောက်ပံ့ထားသော Radio Free Asia (RFA) သည် အပတ်စဉ် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အမေးအဖြေကဏ္ဍ အစီအစဉ်ကို လွှင့်ထုတ်တော့မည် ဖြစ်သည်။

မြန်မာဘာသာဖြင့် လွှင့်ထုတ်မည့် အဆိုပါ အစီအစဉ်၏ ပထမဆုံးအဖြစ် နိုဝင်ဘာလ ၃၀ ရက်တွင် စတင်မည် ဖြစ်သည်။ နားဆင်သူများ အနေဖြင့် ရှားရှားပါးပါး ဒေါ်အောင်ဆန်းစုကြည်နှင့် မေးမြန်းခွင့်ရမည် ဖြစ်ပြီး၊ ပထမဆုံး အစီအစဉ်တွင် နားဆင်သူများ၏ မေးခွန်း ခြောက်ခု မေးမြန်းမည် ဖြစ်သည်။

"ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်သူများဟု အမည်ပေးထားသော အစီအစဉ်တွင် RFA နားဆင်သူများကို မည်သည့် အကြောင်းအရာမဆို မေးခွန်းများ မေးကြရန် ဖိတ်ခေါ်ပါတယ်။ အဆိုပါ မေးခွန်းတွေကို နိုဘယ်ဆုရှင် အတိုက်အခံ ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြန်လည် ဖြေကြားပေးမှာ ဖြစ်ပါတယ်" ဟု ကြေညာချက်တွင် RFA က ပြောကြားခဲ့သည်။

"ဆယ်စုနှစ် နှစ်ခုခန့် နေအိမ်အကျယ်ချုပ် ကျခံထားရသော်လည်း ဒေါ်အောင်ဆန်းစုကြည် သည် အများအတွက် မျှော်လင့်ချက်များအတွက် လမ်းပြကြယ် ဖြစ်လျက် ရှိနေပါသေးတယ်။ ကမ္ဘာကြီးအတွက်လည်း အားဖြစ်စေပါတယ်" ဟု RFA ဥက္ကဌ Libby Liu က ကြေညာချက်တွင် ပြောကြားထားသည်။

"သူမ၏ တိုင်းပြည်တွင် အများ၏ ချစ်ခင်လေးစားမှုကို နက်နက်ရှိုင်းရှိုင်း ရရှိထားသော်လည်း သူမ၏ အသံမှာ တိတ်သွားခဲ့ပါသည်။ ယခု RFA အစီအစဉ်တွင် ပြည်သူများသည် သူမနှင့် လွတ်လွတ်လပ်လပ် ပြောဆိုခွင့်ရမည် ဖြစ်သည်" ဟု ဆိုသည်။

RFA အစီအစဉ်များကို မြန်မာနိုင်ငံတွင် ဖမ်းယူ နားဆင်နိုင်သေးသည် ဖြစ်ရာ၊ မေးမြန်းလိုသော မေးခွန်းများကို email ဖြင့် RFA သို့ ပေးပို့ရမည် ဖြစ်ပြီး၊ သောကြာနေ့ ညနေတွင် ပြန်လည် လွှင့်ထုတ်ပေးမည် ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

By Wojciech Moskwa, Reuters, 4th December 2010

တရုတ်သည် ၎င်း၏ နိုင်ငံတွင်း၌ လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိနေသ၍ ရက်စက် ကြမ်းကြုတ်သော အစိုးရများ အပေါ် ထောက်ခံမှုများ ပြုလုပ်နေသ၍ ကမ္ဘာ့ခေါင်းဆောင် အစစ်အမှန် မဖြစ်နိုင်ကြောင်း ချက်သမ္မတဟောင်း Vaclav Havel နှင့် နိုဘယ် ငြိမ်းချမ်းရေးဆုရှင် Desmond Tutu တို့က ခေါင်းကြီးပိုင်း တစ်ခုတွင် ရေးသားခဲ့သည်။

ထို့အပြင် လာမည့် သောကြာနေ့ Oslo တွင် ကျင်းပမည့် နိုဘယ်ဆု ချီးမြှင့်မည့် အခမ်းအနား မတိုင်မီ နိုဘယ် ငြိမ်းချမ်းရေးဆုရှင် Liu Xiaobo အား လွှတ်ပေးရန်နှင့် ၎င်း၏ အမျိုးသမီးအား နေအိမ် အကျယ်ချုပ်မှ လွှတ်ပေးရန် ၎င်းတို့နှစ်ဦးက Beijing အား တိုက်တွန်းခဲ့သည်။

"တရုတ်ဟာ ရိုင်းစိုင်းတဲ့ အစိုးရတွေကို ထောက်ခံခြင်း၊ သူ့တိုင်းပြည်မှာ အစိုးရ ဆန့်ကျင်သူတွေကို နှိပ်ကွပ်ခြင်းတွေဟာ တရုတ်ကို နိုင်ငံတကာ အသိုင်းအဝိုင်းက ခေါင်းဆောင် အစစ်လို့ မြင်လာအောင် သိသာ ထင်ရှားတဲ့ ပြုပြင် ပြောင်းလဲရေး လိုအပ်ပါတယ်" ဟု Havel နှင့် Tutu က ဗြိတိန်နိုင်ငံ သတင်းစာ Observer တွင် တနင်္ဂနွေနေ့က ရေးသားခဲ့သည်။

၎င်းတို့က ထပ်လောင်း ပြောကြားရာတွင် တရုတ်၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကို နိုင်ငံတကာက အနီးကပ် စောင့်ကြည့်နေခြင်းသည် ၎င်း၏ ပြည်တွင်းရေးကို ဝင်ရောက် စွက်ဖက်ခြင်း မဟုတ်ကြောင်း ဆိုသည်။ လူတစ်ဦးချင်းစီ၏ မွေးရာပါ သိက္ခာရှိရေးနှင့် တန်းတူညီမျှမှုကို လေးစား လိုက်နာရေးအတွက် တရုတ်အနေဖြင့် ကတိကဝတ် ပြုနိုင်ရေးအတွက် ဖြစ်သည်ဟု ဆိုသည်။

အဆိုပါ ခေါင်းကြီးတွင် မြန်မာ၊ ဆူဒန်နှင့် မြောက်ကိုရီးယား အစိုးရများသည် ၎င်းတို့၏ ပြည်သူပြည်သားများ အပေါ် ရက်စက်စွာ နှိပ်ကွပ်မှုများ ရှိနေဆဲ ဖြစ်ကြောင်း၊ အဆိုပါ တိုင်းပြည်များသည် တရုတ်၏ ထောက်ပံ့မှုနှင့် လက်နက်များ ပံ့ပိုးမှုကြောင့် နိုင်ငံတကာ လုံခြုံရေးနှင့် ငြိမ်းချမ်းရေးကို ခြိမ်းခြောက်နေဆဲ ဖြစ်သည်ဟု ရေးသားထားသည်။

တရုတ်သည် နော်ဝေ နိုဘယ်ဆု ရွေးချယ်ရေး ကော်မတီက Liu အား ကမ္ဘာ့ထိပ်တန်းဆု ရွေးချယ်ပေးအပ်ခဲ့ခြင်း အတွက် စိတ်ဆိုးလျက် ရှိသည်။ Liu သည် တရုတ်နိုင်ငံတွင် ပါတီစုံစနစ်နှင့် လူ့အခွင့်အရေး တိုးတက်ရေးအတွက် ဖော်ပြသော ၂၀၀၈ ကြေညာစာတမ်း ရေးသားရာတွင် ကူညီခဲ့ခြင်းကြောင့် နိုင်ငံတော်အာဏာ ပျက်စီးစေမှုအတွက် ထောင်ဒဏ် ၁၁ နှစ် ချမှတ်ခံထား ရသည်။

Liu ၏ ကြေညာစာတမ်းသည် Havel နှင့် ၁၉၇၀ ခုနှစ်များက ချက် ကွန်မြူနစ် အစိုးရကို ဆန့်ကျင်ခဲ့ကြသော ချက်ကိုစလိုဗက် ပညာရှင်များ၏ စာပေါ်တွင် အခြေခံထားခြင်း ဖြစ်သည်။ Havel သည် Liu အား နိုဘယ် ငြိမ်းချမ်းရေးဆု အတွက် အမည်စာရင်း တင်သွင်းခဲ့သူလည်း ဖြစ်သည်။

ဘုန်းတော်ကြီး Tutu မှာလည်း တောင်အာဖရိကတွင် အသားအရောင် ခွဲခြားရေးစနစ် ချုပ်ငြိမ်းရေးအတွက် ငြိမ်းချမ်းသောနည်းဖြင့် ကြိုးပမ်းမှုကြောင့် ၁၉၈၄  ခုနှစ်တွင် နိုဘယ် ငြိမ်းချမ်းရေး ဆု ချီးမြှင့်ခြင်း ခံခဲ့ရသည်။

၎င်းတို့နှစ်ဦးသည် Liu ၏ နိုင်ငံတကာ အတွက် တရားဝင် ကိုယ်စားလှယ်ဖြစ်သော Freedom Now အုပ်စု၏ ဂုဏ်ထူးဆောင် ပူးတွဲသဘာပတိများ ဖြစ်ကြသည်။

Beijing သည် ဒီဇင်ဘာ ၁၀ ရက် နိုဘယ်ဆု အခမ်းအနားအား သပိတ်မှောက်ရန် သံတမန်များအား ဖိအားပေးလျက် ရှိသည်။ Liu အား ပေးအပ်ခဲ့ခြင်းမှာ တရုတ်အား စိတ်ဆိုးစေရန် တမင် မတရားပေးခဲ့ခြင်း ဖြစ်ကြောင်း ရှုတ်ချ ပြောဆိုခဲ့သည်။ ထို့ကြောင့် တရုတ်သည် နော်ဝေနှင့် လွတ်လပ်သော ကုန်သွယ်မှု သဘောတူညီချက် အတွက် ဆွေးနွေးမှုများကို ရပ်ဆိုင်းခဲ့သည်။

တရုတ်သည် Liu ၏ ဇနီး အပါအဝင် အစိုးရ ဆန့်ကျင်သူ အတော်များများကို နော်ဝေရှိ Oslo တွင် ဆုပေးပွဲ အခမ်းအနား မတက်ရောက်နိုင်အောင် နေအိမ် အကျယ်ချုပ် ချထားလျက် ရှိသည်။

"တရုတ် အတွက် ပထမဆုံးလှမ်းရမယ့် ခြေလှမ်းကတော့ Liu Xiaobo နဲ့ သူ့ဇနီးကို ခြွင်းချက်မရှိ လွှတ်ပေးဖို့ပါပဲ" ဟု Havel နှင့် Tutu က ရေးသားခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.