Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

၁.၉.၂၀၁၁

ပြည်တွင်းသတင်းများ

  1. သံလမ်း အနိမ့်အမြင့် မတူညီမှုကြောင့် မြို့ပတ်ရထား တိမ်းမှောက်
  2. ဒေါ်လာငွေဈေးမြင့်တက်စေရန် ပုဂ္ဂလိကသို့ မော်တော်ယာဉ်တင်သွင်းခွင့်ပြုမည်
  3. မြန်မာ-ဘင်္ဂလားဒေ့ရှ် ရေပြင်ပိုင်နက် အငြင်းပွားမှု စတင် စစ်ဆေးတော့မည်
  4. စည်ပင်၊ ရဲတို့နှင့် ဈေးသည်များ ရုန်းရင်းဆန်ခတ်ဖြစ်ပွားမှု၊ ဈေးသည်နှစ်ဦး ဖမ်းဆီးခံရ
  5. လျှပ်စစ်ကဏ္ဍ မြှင့်တင်ရေး ဂျပန်နိုင်ငံမှ စိတ်ဝင်စားလျက်ရှိ

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. ဗုံးသတိပြုရန် သတိပေးချက်များ ထုတ်ပြန်
  2. မြန်မာနိုင်ငံ၌ ဒီမိုကရေစီနေ့ ကျင်းပမည်

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

ဆောင်းပါးကဏ္ဍ

  1. ဒီမိုကရက်တိုက်ဇေးရှင်းနှင့် စီးပွားရေးအတက်အကျ

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ပြည်တွင်းသတင်းများ

သံလမ်း အနိမ့်အမြင့် မတူညီမှုကြောင့် မြို့ပတ်ရထား တိမ်းမှောက်

ရန်ကုန်၊ စက်တင်ဘာ ၁။

အင်းစိန်မှ ရန်ကုန်သို့ မောင်းနှင်လာသော မြို့ပတ်ရထားသည် ကမာရွတ်နှင့်လှည်းတန်း ဘူတာကြား တိမ်းမှောက်မှုကြောင့် လေးဦး ဒဏ်ရာ ရရှိကာ ရန်ကုန်ဆေးရုံကြီးသို့ အရေးပေါ်တင်ပို့ ကုသနေကြောင်း သိရသည်။

စက်တင်ဘာ ၁ ရက် မွန်းလွဲ ၂ နာရီ ၅၅ မိနစ်ခန့်တွင် အင်းစိန်မှရန်ကုန်ဘက်သို့ မောင်းနှင်လာသော စက်ခေါင်း အမှတ် DI- 936 အပါအဝင် ရထားတွဲ ၆ တွဲပါရှိသည့် မြို့ပတ်ရထားသည် ကမာရွတ်ဘူတာနှင့် လှည်းတန်းဘူတာကြား ကမာရွတ် ၃ရပ်ကွက်နှင့် ၄ ရပ်ကွက် ရွှေပုံးညှက်ရိပ်မွန် နောက်တွင် နောက်ဆုံး ရထားတွဲ၏ တွဲချိတ်ပြုတ်ကျန်ခဲ့ကာ ရထားတွဲတိမ်းမှောက်သွားခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

“ရထား အရှိန်ပြင်းတော့ ကွန်ကရစ်ဇလီဖာတုံးတွေ ပြတ်သွားတာရှိတယ်။ ရထားအရှိန်ကြောင့်လည်း ရထားလမ်းဘေးက လမ်းခင်းကျောက်တွေ လွင့်စင်တာရှိတယ်”ဟု ရထားတိမ်းမှောက်သည့် မြင်ကွင်းအား မြင်တွေ့လိုက်ရသူ အမှတ်(၃)ရပ်ကွက်နေသူတစ်ဦးက ဆိုသည်။

ရထားတွဲပေါ်  လိုက်ပါလာသည့်ဦးရဲဝင်းနှင့် ဦးလှဦးတို့သည် ခြေထောက်တွင် လည်းကောင်း၊ အင်းစိန်ဘူတာ ရုံပိုင်ဦးကျော်ရွှေမှာ ခါးတွင် လည်းကောင်း၊ ဒေါ်နော်လီခင်မှာ နဖူးတွင် လည်းကောင်း ဒဏ်ရာရရှိခဲ့ကြကြောင်း သိရသည်။

“ဒီရထားတိမ်းမှောက်မှုမှာ တာဝန်ရှိတာက မြန်မာ့မီးရထားဌာနရဲ့ လက်အောက်က မြို့ပြရယ်၊ စက်မှုရယ်မှာ အဓိက တာဝန်ရှိတာပါ။ ဒီဌာန နှစ်ခုထဲက ဘယ်ဌာနမှာ အဓိက တာဝန်အရှိဆုံးဆိုတာ စစ်ဆေးနေပါတယ်”ဟု ရန်ကုန် တိုင်းဒေသကြီး၊ တိုင်း(၇)သွားလာရေး မန်နေဂျာက ဆိုသည်။

တိမ်းမှောက်သွားသော ရထားတွဲအား ညနေ ၅ နာရီအချိန်ခန့်တွင် မလွှကုန်းစက်ခေါင်းစက်ရုံမှ ကရိန်းတွဲ ရောက်ရှိလာကာ ပြန်လည် တည့်မတ် ခဲ့ပြီး၊ ရထားတွဲ အရှိန်ကြောင့် ပျက်စီးသွားခဲ့သည့် ဇလီဖာတုံးနှင့် သံလမ်းအစိတ်အပိုင်းအချို့ကို မြန်မာ့မီးရထား၊ မြို့ပြဌာနမှ ဝန်ထမ်းများက ပြန်လည် ပြင်ဆင်နေကြောင်း သိရသည်။

နောက်ဆုံးရရှိသော စစ်ဆေးချက်များအရ ရထားသံလမ်း၏ လက်ယာဘက်ခြမ်းနှင့် လက်ဝဲဘက်အခြမ်းသည် အနိမ့်အမြင့် အနည်းငယ် ကွာခြားနေကြောင်း သိရှိရသည်။

အဆိုပါ တိမ်းမှောက်သောတွဲသည် နောက်ဆုံးတွဲဖြစ်ပြီး မွန်းလွဲပိုင်းဖြစ်သောကြောင့် ခရီးသည် (၁၅) ဦးခန့်သာ စီနင်းလိုက်ပါ လာခဲ့ကြောင်းလည်း ပြောကြားချက်အရ သိရသည်။ယင်း ရထားတိမ်းမှောက်မှုကြောင့် မြို့ပတ်ရထား ခရီးစဉ် အချို့ယာယီရပ်ဆိုင်းခဲ့ရကြောင်း သိရသည်။

YC(KS)

-----------------------------------------------------------------------------------------------------------------------------------

ဒေါ်လာငွေဈေးမြင့်တက်စေရန် ပုဂ္ဂလိကသို့ မော်တော်ယာဉ်တင်သွင်းခွင့်ပြုမည်

ဒေါ်လာငွေလဲလှယ်နှုန်းမြင့်တက်လာစေရန် ပုဂ္ဂလိကအား မော်တော်ယာဉ်တင်သွင်းခွင့် ပြုမည်ဖြစ်ကြောင်း စီးပွားရေး လုပ်ငန်းရှင်ကြီးများက ပြောကြားသည်။

ဈေးကွက်အတွင်း၌ ဒေါ်လာအသုံးပြုမှု များပြားလာအောင်ပြုလုပ်ပြီး ဒေါ်လာငွေလဲလှယ်နှုန်းကို ဆွဲတင်သွားရန် အစိုးရက ကြိုးစား ဆောင်ရွက်လျှက် ရှိကြောင်း အထက်ပါပုဂ္ဂိုလ်များက ပြောကြားသည်။

“ဒါကတော့ ရေတိုကုထုံးပဲ။ အဲဒီအတွက်ဆိုးကျိုးတွေလဲ ပြန်ခံစားရမှာပါ”ဟု စီးပွားရေးပညာရှင်တစ်ဦးက ပြောဆိုသည်။ မည်သို့မည်ပုံဖြင့် ပုဂ္ဂလိကအား လုပ်ကိုင်ခွင့်ပြုသွားမည်ကို မသိရှိရသေးကြောင်း သိရသည်။ မြို့ပတ်ရထားလုပ်ပိုင်ခွင့်ပြုသလို ထင်သာမြင်သာဖြင့် မည်သူမဆို ဝင်ရောက် ယှဉ်ပြိုင်နိုင်သည့် လုပ်ထုံးလုပ်နည်းများဖြစ်ချထားပေးရန်လိုအပ်ကြောင်း ယင်းပညာရှင်က သုံးသပ်ခဲ့သည်။

ဒေါ်လာဈေးကို ဆွဲတင်ရန်အတွက် ဇုန်ကားများ၏ ဒဏ်ကြေးငွေက ဒေါ်လာဖြင့်ပေးဆောင်ရမည်ဟု ကြေငြာလိုက်မှုအပေါ် ဇုန်ကားပိုင်ရှင်များ မကျေမနပ်ဖြစ်နေသည့်အပြင် ဇုန်ကားဈေးများလည်း ထိုးကျလျက်ရှိကြောင်း ဇုန်ကားပိုင်ရှင်များက တညီတညွှတ်တည်း ပြောကြားသည်။

ဒေါ်လာလဲလှယ်နှုန်းကိုဆွဲတင်ရာတွင် တစ်ဒေါ်လာလျှင်မြန်မာငွေ ၉၀၀ကျပ်မှ ၁၀၀၀ကြားအထိ ဆွဲတင်သွားမည်ဖြစ်ကြောင်း အမှတ်၁နှင့် အမှတ်၂စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ၂၈ရက်နေ့က မီဒီယာများနှင့် နေပြည်တော်တွင် တွေ့ဆုံစဉ် ပြောကြားခဲ့ကြောင်း သိရသည်။ ယင်းကဲ့သို့ ဆွဲတင်ပြီးနောက် ဒေါ်လာလဲလှယ်နှုန်းကို ငြိမ်နေအောင်ထိန်းညှိပေးထားရန် လိုအပ်ကြောင်း ပညာရှင်များက ပြောကြားသည်။

ရေရှည်တည်ငြိမ်ရေးအတွက် အရန်ဆန်များထားသကဲ့သို့ အရန်နိုင်ငံခြားငွေများထားပြီး ဈေးကွက်အတွင်းတွင် ဝင်ရောက် ထိန်းညှိပေးရန် လိုအပ်ကြောင်း၊ ယင်းအတွက် အရန်နိုင်ငံခြားငွေ ၂ဘီလီယံခန့်ထားရှိရန်လိုအပ်ကြောင်း ယင်းပညာရှင်များက ပြောဆိုသည်။

ယခုကဲ့သို အစိုးရ၏လုပ်ဆောင်ချက်များသည် ဒေါ်လာငွေလဲလှယ်နှုန်းကို ရိုက်ခတ်လျှက်ရှိပြီး ဒေါ်လာငွေလဲလှယ်နှုန်းမှာ တက်ရိပ်ပြနေကြောင်း သိရသည်။

 Peace Press

-----------------------------------------------------------------------------------------------------------------------------------

မြန်မာ-ဘင်္ဂလားဒေ့ရှ် ရေပြင်ပိုင်နက် အငြင်းပွားမှု စတင် စစ်ဆေးတော့မည်

မြန်မာနိုင်ငံနှင့် ဘင်္ဂလာဒေ့ရှ်နိုင်ငံအကြား ဧရာမ သဘာဝဓါတ်ငွေ့သိုက်ကြီးများ ရှိနေသည်ဟု ယူဆနေကြသည့်  အငြင်းပွားနေသော ရေပြင် ပိုင်နက်ကို လာမည့် စက်တင်ဘာလ (၈) ရက်နေ့ တွင် ကုလသမဂ္ဂမှ စတင် ကြားနာ စစ်ဆေးတော့မည် ဖြစ်ကြောင်း သတင်းရရှိသည်။

အဆိုပါ ကြားနာ စစ်ဆေးမူကို ဂျာမဏီနိုင်ငံ ဟန်းဘက်ဂ်မြို့ရှိ ကုလသမဂ္ဂရဲ့ အိုင်တီအယ်လ်အိုလို့ အတိုကောက်ခေါ်သည့် International Tribunal for the law of Sea ဌာနချုပ်တွင် ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံကို စက်တင်ဘာလ ၈ ရက်၊ ၉ ရက်၊ ၁၂ ရက်နှင့် ၁၃ရက်နေ့များတွင် စစ်ဆေးမည် ဖြစ်ပြီး မြန်မာနိုင်ငံကို စက်တင်ဘာ ၁၅၊ ၁၆၊ ၁၉နှင့် ၂၀ ရက်နေ့များတွင် ကြားနာ စစ်ဆေးမည်ဟု သိရသည်။

မြန်မာနိုင်ငံဘက်ကမှ တရားသူကြီးအဖြစ်ဆောင်ရွက်ရန် ပင်လယ်သမုဒ္ဒရာနှင့် ရေကြောင်းပညာရပ် ကျွမ်းကျင်သူ ပါမောက္ခ ဘာနက်အိပ်ခ်ျ Bernard H Oxman ကို အဆိုပြု တင်ပြထားပြီး ဘင်္ဂလာဒေ့ရှ်နိုင်ငံမှ ဂါနာ နိုင်ငံသား Tho mas Mensah ကို အဆိုပြုထားကြောင်း သိရသည်။

အဆိုပါ နိုင်ငံအကြား ရေပြင်ပိုင်နက် အငြင်းပွားမူမှာ ၂၀၀၈ ခုနှစ် နိုဝင်ဘာလတွင် စတင် ဖြစ်ပွားခဲ့ပြီး ယင်းကြောင့် နှစ်ဘက် စစ်သင်္ဘောများကို အငြင်းပွားရာ ရေပြင်ပိုင်နက်ထဲသို့ စေလွှတ်ခဲ့ကြသည့်အတွက် နှစ်နိုင်ငံအကြား ပြဿနာတင်းမာခဲ့သည်။   နောက်ပိုင်းတွင်  နှစ်နိုင်ငံစလုံးက ပြဿနာကို ဆွေးနွေး အဖြေရှာကြရန် သဘောတူညီခဲ့သဖြင့် ပြဿနာမှာ ပြေအေးသွားခဲ့သည်။

ဆက်လက်၍ ကုလသမဂ္ဂ၏ အောက်တွင် ရေပြင်ပိုင်နက် အငြင်းပွားမူကို ဖြေရှင်းရန် သဘောတူခဲ့ကြသဖြင့် ကုလသမဂ္ဂကမှ ယခုကဲ့သို့ ခုံရုံးဖွဲ့စည်းပေးခဲ့ခြင်း ဖြစ်သည်။

ယခု အငြင်းပွားရာ ရေပြင်ပိုင်နက်မှာ ဘင်္ဂလားဒေ့ရှ် မြန်မာနယ်စပ်တွင်ရှိပြီး ဧရာမကြီးမားသော သဘာဝ ဓါတ်ငွေ့သိုက်ကြီးတွေ ရှိနေသည်ဟု ယူဆနေကြသည့် အတွက် မြန်မာကရော၊ ဘင်္ဂလာဒေ့ရှ် ကပါ အဆိုပါ ရေပြင်ကို လက်လွှတ်မခံဘဲ လိုချင်နေကြသည်။

YC(Moe Z)

-----------------------------------------------------------------------------------------------------------------------------------

စည်ပင်၊ ရဲတို့နှင့် ဈေးသည်များ ရုန်းရင်းဆန်ခတ်ဖြစ်ပွားမှု၊ ဈေးသည်နှစ်ဦး ဖမ်းဆီးခံရ

ရန်ကုန်၊ စက်တင်ဘာ ၁။

စက်တင်ဘာ ၁ရက်နေ့ နေ့လည်တစ်နာရီခွဲခန့်က ပန်းဘဲတန်းမြို့နယ်၊ မဟာဗန္ဓုလလမ်း သိမ်ကြီးဈေး ၂၆လမ်း ထိပ်တွင် ဈေးမရောင်းရန် တားမြစ်သော စည်ပင်နှင့် ဈေးသည်များ အချင်းများရာမှ ရဲများပါ ပါဝင်လာပြီး ရုန်းရင်းဆန်ခတ် ဖြစ်ပွား၍ ဈေးသည်အမျိုးသားနှစ်ဦး ဖမ်းဆီးထိန်းသိမ်း ခံခဲ့ရ ကြောင်း သိရသည်။

ဖြစ်ပွားပုံမှာ ပလက်ဖောင်းပေါ်တွင် ဈေးမရောင်းရန် တားမြစ်သော စည်ပင်ဝန်ထမ်းကို ဈေးသည်က မချေမငံ ပြန်လည်တုံ့ပြန်ခဲ့ကြောင်း၊ စည်ပင်က ဈေးဗန်းကို သိမ်းဆည်း၍ ဈေးသည်က ပြန်လှန်ဆွဲရာမှ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ကြောင်း၊ မကြာမီ ရဲကားရောက်လာပြီး ရဲများနှင့်ပါ ဈေးသည်နှင့် အချင်းများခဲ့ကြောင်း၊ ဈေးသည်အမျိုးသားနှစ်ဦးကို ရဲကားပေါ်သို့ ဖမ်းဆီးတင် ဆောင်သွားခဲ့ကြောင်း မျက်မြင်သက်သေတစ်ဦးက ပြောကြားသည်။

“ အမှန်ကတော့ ဈေးရောင်းခွင့်မရှိတဲ့နေရာကို ရောင်းတာကိုး၊ အရင်က စည်ပင်နဲ့ ပြေပြေလည်လည်ပြောရင် ရပါတယ်၊ စည်ပင်က သိမ်းသွားဦး တောင်မှ တောင်းတောင်းပန်ပန်နဲ့ ညှိနှိုင်းလိုက်ရင် အဆင်ပြေပါတယ်၊ အခုဟာက ဈေးသည်ကလဲ သွားပြီး ကလန်ကဆန် ပြန်လုပ်တော့ စည်ပင်က ရဲကို ခေါ်လိုက်တာ ၊ အဲ့ဒီမှာ ဆွဲကြရမ်းကြနဲ့ ပန်းသီးဗန်းတွေ မှောက်ကုန်တယ်၊ ပန်းသီးရောင်းတဲ့ အမျိုးသားနှစ်ယောက် အဖမ်းခံလိုက်ရတယ်” ဟု မာလကာသီး ရောင်းသူ အသက် ၃၀ အရွယ် အမျိုးသားတစ်ဦးက ဖြစ်ပွားပုံ အသေးစိတ်ကို ရှင်းပြသည်။

“ ဟိုနေ့ကလည်း စည်ပင်ဝန်ထမ်းကို ဈေးသည်က ရိုက်လိုက်တာ၊ သွေးထွက်သံယိုဖြစ်သွားလို့ ဈေးသည်တစ်ယောက် အဖမ်းခံလိုက်ရတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ယမန်နေ့က ( ၃၁ရက်နေ့၊ သြဂုတ်လ) ကလည်း လသာ ၁၇လမ်းရှိ ရွှေဂုဏ်သူ မုန့်ဟင်းခါးဆိုင်အနီးတွင် စည်ပင်အမှိုက်သိမ်းယာဉ်မှ ဝန်ထမ်း များက အမှိုက်များလာရောက်ချ၍ မုန့်ဟင်းခါးဆိုင်ပိုင်ရှင် ဦးအောင်ဖေမြင့်က ကန့်ကွက်ပြောဆိုရာမှ စည်ပင်ရဲများနှင့် အချင်းများခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေကြီး အစိုးရ တာဝန်ယူချိန်မှစ၍ လမ်းဘေးပလက်ဖောင်းများတွင် ညနေ ၃နာရီမှ ၈ နာရီအထိသာ ပျံကျဈေးသည်များ ဈေးရောင်း ခွင့်ပြုတော့သော်လည်း ဝန်ကြီးနှင့်၊ မြို့တော်ဝန် စစ်ဆေးသည့်အချိန်မှလွဲ၍ ကျန်ချိန်များတွင် စည်ပင်ဝန်ထမ်းများနှင့် နားလည်မှု ယူရောင်းချ၍ ရသည်ဟု ဈေးသည်များ၏ ပြောကြားချက်အရ သိရှိရသည်။

YC

-----------------------------------------------------------------------------------------------------------------------------------

လျှပ်စစ်ကဏ္ဍ မြှင့်တင်ရေး ဂျပန်နိုင်ငံမှ စိတ်ဝင်စားလျက်ရှိ

မြန်မာနိုင်ငံ၏ လျှပ်စစ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်နိုင်ရန် ရည်ရွယ်၍ ဂျပန်နိုင်ငံမှ လျှပ်စစ်စွမ်းအားစီမံကိန်းများ ပြုလုပ်ရန် စိတ်ဝင်စားလျက်ရှိကြောင်း Apani Network Ins(USA) က တာဝန်ရှိသူတစ်ဦးက ၂၀၁၁ ခုနှစ် သြဂုတ်လ ၂၈ ရက်နေ့ တွင် အင်းယားလိတ်ပိာုတယ်၌ ပြုလုပ်ခဲ့သည့် MEDO ကုမ္ပဏီ ဖွင့်ပွဲနှင့် နည်းပညာသစ်မိတ်ဆက်ပွဲတွင် ပြောကြားခဲ့သည်။

ဖွံ့ဖြိုးဆဲနိုင်ငံတစ်နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံသည် လျှပ်စစ်ကဏ္ဍတွင် နောက်ကျလျက် ရှိနေသေးသည့်အတွက် ဂျပန်နိုင်ငံမှ လျှပ်စစ်စွမ်းအား စီမံကိန်းများ ပြုလုပ်၍ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးစနစ်ကို အသုံးပြု၍ ကွန်ပျူတာ IT နည်းပညာနည်းတူ စွမ်းအင်စနစ် ပိုမိုဖွံ့ဖြိုးတိုးတက် လာနိုင်စေရန် ဂျပန်နိုင်ငံ မှ ကူညီပေးသွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အား သုံးစွဲမှုပမာဏမှာ နှစ်စဉ် ၁၅ ရာခိုင်နှုန်းခန့် တိုးတက် လျက် ရှိကြောင်း သိရသည်။ ၁၉၉၈ ခုနှစ်တွင် မြန်မာနိုင်ငံသည် လျှပ်စစ်ဓာတ်အားပေးစက်ရုံ နှစ်ရုံ၊ သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ ခုနှစ်ရုံသာ ရှိခဲ့ရာမှ ယခုအခါ နိုင်ငံတော်မှ ရေအားလျှပ်စစ်စီမံကိန်း ၆၃ ခု၊ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ စီမံကိန်း သုံးခု၊ စုစုပေါင်း လျှပ်စစ်ဓာတ်အားပေးရေး စီမံကိန်း ၆၆ ခု ရှိခဲ့ပြီး ထုတ်လွှတ်လျက်ရှိ သည့် စက်တပ်ဆင်အားမှာ ၄၅၃၀၃၅ မဂ္ဂါဝပ် ရှိကြောင်း သိရသည်။

ထို့ပြင် ကမ္ဘာနိုင်ငံအသီးသီးတွင် လျှပ်စစ်မြို့တော်ကြီးများအဖြစ် တည်ဆောက်၍ နည်းပညာသစ်၊ ထုတ်လုပ်မှုအသစ်များဖြင့် နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပြည်ပနိုင်ငံများတွင် ပညာသွားရောက်သင်ကြားခြင်းနှင့် အလုပ်သွားရောက်လုပ် လျက်ရှိသော မြန်မာနိုင်ငံသားများအနေနှင့်လည်း ၎င်းတို့ သွား ရောက်သင်ယူသည့် နိုင်ငံများမှ နည်းပညာ၊ အချက်အလက်များကို မိမိနိုင်ငံတွင် ပြန်လည်အသုံးချနိုင်ရန် လိုအပ်ကြောင်း (A.N.I) က တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

                                                                                                                Ref: မြန်မာပို့စ်(ဂလိုဘယ်)

××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ           

ဗုံးသတိပြုရန် သတိပေးချက်များ ထုတ်ပြန်

အစိုးရအဖွဲ့ဝင်များကို ဗုံးဖောက်ခွဲရန် လုပ်ကြံမှုများရှိနိုင်သည့်အတွက် အစိုးရဌာနများတွင် ဗုံးအန္တရာယ် သတိပြုရန်အတွက် သတိပေးချက်များ ထုတ်ပြန်ထားကြောင်း သိရသည်။

"သြဂုတ်လဆန်းကတည်းက သတိပေးချက် ထုတ်ပြန်ထားတယ်။ ဒီသတိပေးချက်ကို သက်ဆိုင်ရာဌာနတွေကို အကုန်ပို့ထားတယ်"ဟု ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ဖုန်းဟန်းဆက်များကို လက်ဆောင်ပေးဟန်ဆောင်၍ ယင်း ဟန်းဆက်နားကြပ်ပေါက်များအတွင်း ပေါက်ကွဲစေသည့်အရာများ ထည့်ကာ အဝေးထိန်းစနစ်ဖြင့် ဖောက်ခွဲနည်းအား လည်းကောင်း၊ ဆိုင်ကယ်မိုင်းလစ်ကြိုးများအတွင်း ယမ်းထည့်၍ ဖောက်ခွဲနည်းအား လည်းကောင်း အသုံးပြုကာ  အစိုးရအဖွဲ့ဝင်များနှင့်ဌာနဆိုင်ရာများကို အထိနာစေရန် လုပ်ဆောင်မည် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

"ဗုံးဖောက်ခွဲဖို့ နယ်စပ်ကလူတွေလည်း အထဲရောက်နေတယ် ကြားတယ်။ သူတို့ရဲ့ ဓာတ်ပုံတစ်ချို့ကိုလည်း ရထားတာရှိတော့ လုံခြုံရေးအရ အရေးကြီးတဲ့ တိုင်းဒေသကြီးနဲ့ပြည်နယ်တွေမှာ ဖြန့်ဝေထားတယ်"ဟု မန္တလေးတိုင်း ဒေသကြီးမှ ရဲအရာရှိတစ်ဦးက အတည်ပြုပြောကြားသည်။

မြန်မာနိုင်ငံဒေသအနှံ့အပြားတွင် ဗုံးဖောက်ခွဲမှုများ ဖြစ်ပွားနေသည်မှာ ကာလကြာမြင့်ပြီ ဖြစ်ပြီး နိုင်ငံတော်၏ အေးချမ်းတည်ငြိမ်ရေးကို ပျက်စီး စေနိုင်သဖြင့် ယခုကဲ့သို့ လုံခြုံရေးတင်းကြပ်ရခြင်း ဖြစ်ကြောင်း အထက်ပါ ပုဂ္ဂိုလ်က အတည်ပြုပြောကြားသည်။

အစိုးရဌာနများ၏ အဝင်အထွက်များကို လုံခြုံရေးတင်းကျပ်စွာ စီမံထားရန်နှင့် ခေတ်မီနည်းစနစ်များ ကျင့်သုံးကာ ဗုံးဖောက်ခွဲသူများ၏ အန္တရာယ် ကို ကာကွယ်ရန် စီစဉ်ထားပြီးဖြစ်ကာ လူစည်ကားရာ လမ်းဆုံလမ်းခွများတွင် ရဲတပ်ရင်းမှ တပ်ဖွဲ့ဝင်များနှင့် နယ်မြေခံ ရဲတပ်ဖွဲ့ဝင်များ ပူးတွဲကာ လုံခြုံရေး အတွက် တာဝန်ချထားပြီး ဖြစ်ကြောင်းသိရသည်။

မြန်မာနိုင်ငံ အနှံ့အပြားတွင် ဗုံးဖောက်ခွဲမှုများ ဆက်တိုက် ဖြစ်ပွားနေပြီး ယင်းဗုံးဖောက်ခွဲမှုများ၏ ၇၀ ရာခိုင်နှုန်း မှာ အမည်မဖော်လိုသည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်း များ၏လက်ချက် ဖြစ်ကြောင်း သိရှိရသည်။

               YC(KS)         

-----------------------------------------------------------------------------------------------------------------------------------

မြန်မာနိုင်ငံ၌ ဒီမိုကရေစီနေ့ ကျင်းပမည်

စက်တင်ဘာလ ၁၅ ရက်နေ့တွင် ကျရောက်တော့မည့် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့အား မြန်မာနိုင်ငံတွင်ပါ ကျင်းပသွားမည်ဖြစ်ကြောင်း အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ပြောကြားခဲ့သည်။

၎င်း ပြောကြားချက်အား မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူ မစ္စတာ သောမတ်အိုပေား ကွင်တားနားနှင့် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်တို့ တွေ့ဆုံပွဲ၌ ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၌ ၂၀၁၀ ရွေးကောက်ပွဲတွင် ပြည်သူများရွေးချယ်ခဲ့သည့် အရပ်သားအစိုးရ ပေါ်ပေါက်လာခြင်းသည် မှန်ကန်သည့် ဒီမိုကရေစီ လမ်းကြောင်းပေါ်သို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်ပာု မစ္စတာကွင်တားနားက ပြောကြားခဲ့သည်။

ထို့ပြင် မြန်မာနိုင်ငံအစိုးရသစ်အနေနှင့် ကျန်ရှိနေသေးသည့် လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များ၊ လွှတ်တော်အတွင်းရှိ ကိုယ်စားလှယ်များ အဆိုများ၊ မေးခွန်းများကို လွတ်လပ်စွာ တင်သွင်းခွင့် ရရှိရေး၊ အခြေခံဥပဒေအရ အပ်နှင်းထားသည့် အခွင့်အာဏာများအား အသုံးပြု၍ မြန်မာနိုင်ငံရှိ ပြည်သူများအတွက် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များကို လုပ်ဆောင်သွားရန် လိုအပ်ကြောင်း ၎င်းက အကြံပြု ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၌ ပထမဆုံးအကြိမ်အဖြစ် ဒီမိုကရေစီနေ့ကျင်းပခြင်းမှာ ကောင်းမွန်သည့် အပေါင်းလက္ခဏာ ဆောင်ကြောင်း၊ ယခုကဲ့သို့ ဒီမိုကရေစီနေ့အဖြစ် ကျင်းပရုံဖြင့် နိုင်ငံအတွင်း ဒီမိုကရေစီရရှိသွားမည်မပာုတ်ကြောင်း၊ နိုင်ငံတစ်နိုင်ငံ အနေနှင့် စစ်မှန်သည့် ဒီမိုကရေစီစနစ် ဖော်ဆောင်ရန် ဆိုသည်မှာ တရားဥပဒေစိုးမိုးရေး၊ တရားစီရင်ရေးနှင့် အရပ်ဘက် လူ့အဖွဲ့အစည်းများမှာ အားကောင်းနေရမည်ဖြစ်ပြီး တရားမျှတမှုရှိသည့် ရွေးကောက်ပွဲ ဖြစ်လာနိုင် စေရန် လိုအပ်ကြောင်း၊ အစိုးရနှင့် ပြည်သူများ ကျရာအခန်းကဏ္ဍမှ တာဝန်ကျေရန်လိုအပ်ကြောင်း၊ ဒီမိုကရေစီနေ့အဖြစ် ကျင်းပခြင်းအား ကြိုဆို ထောက်ခံကြောင်း နိုင်ငံရေးလေ့လာသူတစ်ဦးက ပြောကြားခဲ့သည်။

                                                                                                                              Ref: ပြည်သူ့ခေတ်

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယ ပုံမှန်အစည်းအဝေး စတုတ္ထနေ့၌ သင်္ဃန်းကျွန်းမဲဆန္ဒနယ်မှ ဦးသိန်းညွှန့်တင်သွားသော ‘၁၉၂၆ ခုနှစ် တရားရုံးများကို မထီမဲ့မြင်ပြုမှုအက်ဥပဒေ (The Contempt of Courts Act. , Act XII 1926) အား ရုပ်သိမ်းပေးရန်’ အဆိုကို ကချင်ပြည်နယ်၊ အင်ဂျန်းယန် မဲဆန္ဒနယ်မှ ဒေါ်ဒွဲဘူက ဆွေးနွေးခဲ့သည်။

“ဒီဥပဒေကို မဆွေးနွေးခင်မှာ ဒီဥပဒေရဲ့ ရည်ရွယ်ချက်ကို အရင်သိရှိဖို့လိုအပ်ပါတယ်။ ဒီဥပဒေဟာ တရားရုံးနဲ့ တရားသူကြီးကို ကာကွယ်ဖို့မဟုတ်ပါ။ အများပြည်သူကို ကာကွယ်ဖို့ပြုထားတဲ့ဥပဒေဖြစ်ပါတယ်။ အဆိုရှင် ဦးသိန်းညွှန့်ပြောသွားတဲ့ ‘ဥပဒေရဲ့ အထက်မှာ တရားသူကြီးတွေရှိနေတယ်’ ဆိုတဲ့ စကားကလည်း မပြောသင့်ပါဘူး။ မကောင်းတဲ့ တရားသူကြီး ရှိခဲ့ရင်လည်း ဦးဖြူမကောင်းရင် ဦးဖြူ၊ ဦးမဲမကောင်းရင် ဦးမဲလို့ပဲ ပြောသင့်ပါတယ်။ အခုလို အထောက်အထားမဲ့ မပြော ဆိုသင့်ပါဘူး”

စက်တင်ဘာ ၂ ထုတ် မြန်မာတိုင်းမ် အတွဲ (၂၇)၊ အမှတ် (၅၃၃) တွင်ပါသည့် “ဥပဒေ၏ အထက်တွင် တရားသူကြီးရှိကြောင်း မပြောသင့်” သတင်းမှ ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

မေး- တခြား မြန်မာကုမ္ပဏီတွေက အများပိုင်ပြုဖို့ မသွက်လက်တာလည်း ဘာကြောင့်လို့ သုံးသပ်မိပါသလဲ။

ဖြေ- ဒါကြီးက အဲဒီလုပ်တဲ့ဘက်မှာ ခေတ်မစားသေးတာပေါ့။ နိုင်ငံတော်က လုပ်ငန်းကြီးကြီးမားမားကြီးတွေကို လုပ်ဖို့ဖွင့်ပေးတဲ့အချိန်ကျရင် လူတွေလည်း စိတ်ဝင်စားလာမယ်လို့ ဆရာတို့လည်း ထင်ပါတယ်။ စိတ်ဝင်စားလာမှာပါ။ လုပ်ငန်းကြီးကြီး တခြားနိုင်ငံတွေနဲ့ ပူးပေါင်းလုပ်ကြမှာ တခြား ကုမ္ပဏီကြီးတွေနဲ့ ပူးပေါင်းလုပ်ကြမှာ ဒီအဆင့်မျိုးကို လူတိုင်း စိတ်ဝင်စားမယ်လို့ ထင်ပါတယ်။ ကြီးချင်တဲ့လူတွေအတွက်ပေါ့။

စက်တင်ဘာ ၂ ထုတ် မြန်မာတိုင်းမ် အတွဲ (၂၇)၊ အမှတ် (၅၃၃) တွင်ပါသည့် “စီးပွားရေးတံခါးကို လျင်လျင်မြန်မြန် နဲ့ ရဲရဲတင်းတင်း ဖွင့်ပစ်လိုက်” ဒေါက်တာစိုင်းဆမ်ထွန်နှင့် အင်တာဗျူးကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

လွှတ်လပ်ရေးမရမီ ကိုလိုနီခေတ်က ဆောက်လုပ်ခဲ့သည့် သက်တမ်းရင့် ဘူတာရုံများကို ပြန်လည်ပြင်ဆင်သွားရန်အတွက် ပြင်ပပုဂ္ဂလိက လုပ်ငန်းရှင် များအား တင်ဒါခေါ်ယူထားပြီး ကန်ထရိုက်ပေးစနစ်ဖြင့် ပြန်လည်ပြင်ဆင်မှုများ ပြုလုပ်သွားမည် ဖြစ်သည်။ ဘူတာရုံများအားလုံး၏ သန့်ရှင်းရေး၊ တွဲဆိုင်းများနှင့် ဘူတာပြင်ဆင်ခြင်းတို့အတွက် ကန်ထရိုက်ပေးစနစ် ဖြင့်ပြန်လည်ပြင်ဆင်မှုများ ပြုလုပ်သွားမည်ဖြစ်သည်။ ဘူတာရုံများအားလုံး၏ သန့်ရှင်းရေး၊ တွဲဆိုင်းများနှင့် ဘူတာပြင်ဆင်ခြင်းတို့အတွက် ကန်ထရိုက်ပေးစနစ်ဖြင့် ပြင်ဆင်သွားမည်ဖြစ်သည်။ အသစ်ဆောက်လုပ်ရန် လိုအပ်သော ဘူတာများကိုလည်း အသစ်ဆောက်လုပ်စေမည်ဖြစ်ပြီး ဦးစားပေး အစီအစဉ်အနေဖြင့် လွတ်လပ်ရေးမတိုင်မီကိုလိုနီခေတ်တွင် တည်ဆောက်ခဲ့သည့် ဘူတာရုံများကို ဦးစားပေး အလိုက် ပြုပြင်စေမည်ဟု သိရသည်။

စက်တင်ဘာ ၂ ထုတ် BiWeekly ELEVEN အတွဲ (၄) အမှတ် (၂၂) တွင်ပါသည့် “ကိုလိုနီခေတ်က ဆောက်လုပ်ခဲ့သည့် ဘူတာရုံကြီး ၄၀၀ ကျော်ကို ပြန်လည်ပြင်ဆင်စေမည်” သတင်းမှ ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

“နိုင်ငံသားတွေ တရားဝင်စုဆောင်းရရှိထားတဲ့ နိုင်ငံခြားငွေကြေးနဲ့ ပြည်ပမှ မော်တော်ယာဉ်တင်သွင်းခွင့်ကို လက်ရှိ အခြေအနေမှာ ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်တွေအတွက် ခွင့်ပြုထားပါတယ်။ မော်တော်ယာဉ်တင်သွင်းခွင့်ကို လက်ရှိ အခြေအနေမှာ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်းတွေအတွက် ခွင့်ပြု ထားပါတယ်။ မော်တော်ယာဉ် တင်သွင်းခွင့်ကို ကုမ္ပဏီ တည်ထောင်ပြီး ပို့/သွင်းလုပ်ငန်းရှင်မှတ်ပုံတင်လျှောက်ထားရယူပြီး တရားဝင်နိုင်ငံခြား ငွေကြေးနဲ့ တင်သွင်းခွင့် လျှောက်နိုင်ပါသည်။ ကုမ္ပဏီ မထောင်လိုတဲ့သူတွေကလည်း စုဆောင်းထားတဲ့ နိုင်ငံခြား ငွေကြေးကို ပို့/သွင်းမှတ်ပုံတင် ရှိတဲ့ လုပ်ငန်းရှင်နဲ့ အကျိုးတူဆောင်ရွက်နိုင်တယ်”

စက်တင်ဘာ ၂ ထုတ် The HOT NEWS အတွဲ (၂) အမှတ် (၅၅) တွင်ပါသည့် “တရားဝင်နိုင်ငံခြားငွေရှိသူ နိုင်ငံသားများ မော်တော်ယာဉ် တင်သွင်းခွင့်လျှောက်ထားနိုင်” သတင်းမှ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ဆောင်းပါးကဏ္ဍ

ဒီမိုကရက်တိုက်ဇေးရှင်းနှင့် စီးပွားရေးအတက်အကျ

ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် အစိုးရသစ်တက်လာပြီးနောက်ပိုင်း ဖြေရှင်းရန်ခက်ခဲပြီး လူမှုစီးပွားရေးအပေါ် ကြီးကြီးမားမား အကျိုး သက်ရောက်နိုင်သည့်အရာမှာ ငွေးကြေးလဲလှယ်နှုန်းဖြစ်လေသည်။ အစိုးရမှ ဝင်ရောက်ထိန်းသိမ်းပေးပြီး မြန်မာငွေကို ကျားကန်ပေးနိုင်မှုမရှိပါက ဈေးကွက်ပေါက်ဈေး ၆၀၀ ရောက်သည်နှင့် သွင်းကုန်-ထုတ်ကုန်၊ အထည်ချုပ်၊ ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းတော်တော်များ ရှင်သန်ဖို့ ခက်ခဲသွားပေမည်။

ဒီမိုကရေစီ အကူးအပြောင်း အတွေ့အကြုံများကို လေ့လာရာ၌ ရုတ်ခြည်းပြောင်းလဲမှု(revolutionary change) နှင့် တစ်ဆင့်ခြင်းပြောင်းလဲမှု (Grudual Change) တို့ရှိလေသည်။ ယင်း ဒီမိုကရက်တစ် အပြောင်းအလဲကို ရုရှနိုင်ငံ တစ် နိုင်ငံတည်းကို လေ့လာရုံဖြင့်သိမြင်နိုင်လေသည်။ ဂိုဗာချော့စ် လက်ထက် ဆိုဗီယက်ယူနီယမ်ကြီးကို ပြုပြင်ပြောင်းလဲမှု ပြုလုပ်ရာတွင် ဂိုဗာချော့စ်မှာ ပွင့်လင်းမှုနှင့် ပြုပြင်ပြောင်းလဲမှုဟူ၍ အယူအဆနှစ်ခု ဖော်ထုတ်ခဲ့ပြီး နိုင်ငံကို ထိုလမ်းစဉ် အတိုင်းပင် ဆောင်ရွက်စေခဲ့ပါသည်။ သို့သော် ပွင့်လင်းမှု အရင်မလာဘဲ ပြုပြင်ပြောင်းလဲမှုများကို တရစပ် ဆောင်ရွက်စေခဲ့သည်။ အထူးသဖြင့် နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများကို ပုဂ္ဂလိကသို့ အထိန်းအကွပ်မရှိ လွှဲပြောင်းစေခဲ့သောကြောင့် လက်ဝါးကြီးအုပ် စီးပွားရေးလုပ်ငန်းရှင်ကြီးများ ပေါ်ပေါက်လာခဲ့လေသည်။ ဤသို့ စီးပွားရေးစီမံခန့်ခွဲမှုများ မှားယွင်းပြီး တိုင်းပြည်မှာ မငြိမ်မသက် ဖြစ်စေခဲ့ပါသည်။

ဤသို့နှင့် ယဲလ်ဆင်တက်လာခဲ့အပြီး တိုင်းပြည်ကို တည်ငြိမ်အောင် ထိန်းသိမ်းနိုင်ခဲ့လေသည်။ ပူတင်လက်ထက်မှာတော့ အာဏာပိုင် အုပ်စိုးမှုဆီသို့ တစ်ဖန်ပြန်လည်သွားလေမလားဟု မေးခွန်းများ ရှိလာခဲ့သည့်တိုင် တိုင်းပြည်မှာ တည်ငြိမ်ပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ပုံမှန်ရခဲ့လေသည်။ ပွင့်လင်းမှုနှင့် နိုင်ငံရေးလွတ်လပ်ခွင့်မှာ အနည်းငယ်တုန့်ဆိုင်း သွားသော်လည်း  ပြုပြင်ပြောင်းလဲမှုများကိုလည်း ဖြည်းဖြည်းမှန်မှန် ဆောင်ရွက်လျက် ရှိလေသည်။

တရုတ်နိုင်ငံသည်လည်း တိန်ရှောင်ဖိန်လက်ထက် လက်တွေ့ကျသော အပြောင်းအလဲများကြောင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ရယူနိုင်ခဲ့ လေသည်။ ယင်း၏ အကျိုးဆက်အဖြစ် ၁၉၉၀ တွင် နိုင်ငံရေးလွတ်လပ်ခွင့် ကိုတောင်းဆို သည့် တီရင်မန်အရေးအခင်းကို ဖြစ်ပွားခဲ့လေသည်။ ထိုအခါ တရုတ်အစိုးရသည် ပါးနပ်စွာနှင့်ပင် ကွန်မြူနစ်ပါတီ ပေါ်လစ်ဗျူရို၌ စီးပွားရေးလုပ်ငန်းရှင်များကို ပါဝင်ခွင့်ပေးစေခြင်းဖြင့် တောင်းဆိုမှုများကို လျော့ ပါးအောင် ဆောင်ရွက်ခဲ့လေသည်။ ဤသို့နှင့် တရုတ်နိုင်ငံမှာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုပင် အကောင် အထည်ဖော်လာလိုက်လေရာ ယခု တရုတ်နိုင်ငံ၏ စီးပွားရေးအင်အားကို အနောက်နိုင်ငံများက အထူးသတိပြု ဂရုထားမိလောက်အောင်ပင် ဖြစ်နေလေသည်။ သို့သော် နိုင်ငံရေးဘောဂဗေဒ အဆက်အစပ် အရ ဖွံ့ဖြိုးမှု၏ တစ်နေရာအရောက်တွင် နိုင်ငံရေးလွတ်လပ်ခွင့်ကို တောင်းဆိုစမြဲ ဖြစ်လေရာ သတင်းအချက်အလက်များ လွတ်လပ်စွာရရှိရေးပြဿနာ၊ လူ့အခွင့်အရေး အပြည့်အဝရရှိရေး ပြဿနာများကို ပေကျင်းအစိုးရအနေဖြင့် အမြဲလိုလို ရင်ဆိုင်နေကြရမြဲဖြစ်ပြီး ယင်းကို ဖြေရှင်းနိုင်သည့် အုပ်ချုပ်ရေး ယန္တရားသည်လည်း ကောင်းကောင်း မွန်မွန်ရှိလှသည်တော့မဟုတ်ပေ။ ဤသည်မှာ နောင် ပေးကျင်းအစိုးရမှ အဓိက ကိုင်တွယ် ဖြေရှင်းရမည့် နိုင်ငံရေး လွတ်လပ်ခွင့်ပြဿနာပင် ဖြစ်လေသည်။

မြန်မာနိုင်ငံသည်လည်း အစိုးရသစ်တက်လာပြီး နောက်ပိုင်း အပြောင်းအလဲများကို ထင်ထားသည်ထက်ပင် နိုင်ငံရေး အပြောင်းအလဲများ၊ စီးပွားရေး အပြောင်းအလဲများကို အလျင်အမြန်ပြုလုပ်လျက်ရှိလေသည်။ အုပ်ချုပ်ရေးယန္တရား၊ နိုင်ငံရေးပါတီများ၊ လွှတ်တော်များ၊ အရပ်ဖက် လူ့အဖွဲ့ အစည်းများရဲ့ စွမ်းဆောင်ရည်ကို ထည့်သွင်းမစဉ်းစားဘဲ အပြောင်းအလဲကို မြန်မြန်ထက်ထက်လုပ်ဆောင်ခြင်းဖြင့် အနာသိဆေးရှိမဖြစ်စေဘဲ၊ ဆေးအတွက်နှင့် လေးဆိုသလို ဖြစ်နေတော့မည်။ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးတွင် ဒီမိုကရက်တစ် အင်စတီကျူးရှင်းများ၊ အရပ်ဖက် လူ့အဖွဲ့အစည်းများ၏ စွမ်းဆောင်ရည်မှာ အလေးအနက်ထား ပြောဆိုရသည့်ကိစ္စပင် ဖြစ်လေသည်။ အာဏာပိုင်အုပ်ချုပ်ရေးမှ ဒီမိုကရေစီ အုပ်ချုပ်ရေးကို ပြောင်းလဲသည့်အခါတွင် power center များ အပြောင်းအလဲများကြောင့် နိုင်ငံရေး၊ စီးပွားရေး တည်ငြိမ်မှုမှာ အခိုက်အတန့်အားဖြင့်ကျသွားမည်ဖြစ်ပေ သည်။ ယင်းရိုက်ခတ်မှုကို အလှုပ်အယမ်းအနည်းဆုံးဖြင့် ခံနိုင်စေဖို့ရန်မှာ အင်စတီ ကျူးရှင်းများ၏ စွမ်းဆောင် ရည်နှင့် သက်ဆိုင်နေပေလိမ့်မည်။

ယခုကြုံတွေ့နေရသော ငွေကြေးအကျပ်အတည်း၌လည်း အစိုးရမှာ ချိတ်နှုန်းကို နှုန်းရှင် (သို့မဟုတ်) ဈေးကွက် ပေါက်ဈေးအတိုင်း တစ်ဆင့်ချင်း သွားသော စီမံခန့်ခွဲမှုနှင့်ယှဉ်သည့် ချိတ်နှုန်းကို ရွေးချယ်ရမည်ဖြစ်ပြီး၊ ကမ္ဘာ့ငွေကြေး ရန်ပုံငွေအဖွဲ့ (IMF) ၏ ပညာရှင်များနှင့်လည်း ညှိနှိုင်းဆောင်ရွက်ပြီး နိုင်ငံ၏ စီးပွားရေး တည်ငြိမ်အောင် ဆောင်ရွက်၍ ရနိုင်ပါသည်။ ထို့အပြင် နိုင်ငံ၏ ငွေကြေးမူဝါဒ ရေရှည်တည်ငြိမ်နေစေရေးအတွက် ငွေကြေးရေးရာ စီးပွားရေးပညာရှင် (monetarist economist) ကို ဗဟိုဘဏ် (သို့မဟုတ်) ဘဏ္ဍရေးနှင့် အခွန်ဝန်ကြီးဌာနတွင် တာဝန်ယူ ဆောင်ရွက်စေခြင်းမျိုးဖြင့် ဖြေရှင်း၍ရပါသည်။

ထိုအတွက်ကြောင့် ယခုအချိန်သည် အင်စတီကျူးရှင်းများကို အခိုင်အမာ တည်ဆောက်ရင်း ကြုံတွေ့နေရသော စီးပွားရေး အကျပ်အတည်း ကိုလည်း ကြံ့ကြံ့ခိုင်ရင်ဆိုင်ရမည့် ကာလဖြစ်ပေသည်။ အဓိကအရေး ကြီးသည်မှာ “ငါတို့” ဟူသော စိတ်ဓာတ်အခံဖြင့် အမျိုးသားရေး ပြဿနာများကို အတူတကွ ရင်ဆိုင်ဖြတ်သန်း ကြရပေလိမ့်မည်။ အထူးသဖြင့် အစိုးရနှင့် စီးပွားရေးလုပ်ငန်းရှင်များ ပူးပေါင်း၍ အခြား ရွေးချယ်စရာ အနည်းငယ်သာ ရှိသည့် ငွေကြေးလဲလှယ်နှုန်းကိစ္စကို မြန်မြန်ထက်ထက် ပြေလည်အောင် ဆောင်ရွက်ဖို့လိုအပ်ပါကြောင်း..။

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

yangonchronicle 2011
yangonchronicle 2011

၁.၉.၂၀၁၁

ဘာသာပြန်သတင်းများ

  1. ငွေလဲနှုန်းစနစ်ပြင်ဆင်ရန် မြန်မာနိုင်ငံကို IMF ကူညီမည်

(AFP သတင်းမှ 1 Sept 2011 ရက်စွဲပါ “IMF to help Myanmar reform exchange rate” သတင်းကို ဘာသာ ပြန်ဆိုသည်)

  1. ရုရှားစွမ်းအင်ကုမ္ပဏီကြီး Gazprom မြန်မာနိုင်ငံကို မျက်စိကျ

(DVB သတင်းကို ဘာသာ ပြန်ဆိုသည်)

  1. မြန်မာနိုင်ငံနှင့် အခွင့်အလမ်းများအပေါ် ထိုင်းတို့ အရယူသင့်

(1 September 2011 ရက်စွဲပါ The Nation မှ Nalin Vibomchart ရေးသားသော “Seize opportunities to regain Burma” ကို ဘာသာ ပြန်ဆိုသည်)

***************************************************************************************************

ငွေလဲနှုန်းစနစ်ပြင်ဆင်ရန် မြန်မာနိုင်ငံကို IMF ကူညီမည်

(AFP သတင်းမှ 1 Sept 2011 ရက်စွဲပါ “IMF to help Myanmar reform exchange rate” သတင်းကို ဘာသာ ပြန်ဆိုသည်)

                မြန်မာအစိုးရသစ်က စီးပွားရေးပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန် ကြိုးစားနေသည့် လက္ခဏာပြသနေ ခြင်းကြောင့် ယင်းနိုင်ငံ၏  ရှုပ်ထွေးသော ငွေလဲနှုန်းစနစ်ကို ခေတ်မှီအောင် အကူအညီပေးရန် နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ IMF ၏ စီးပွားရေးပညာရှင်များ မြန်မာနိုင်ငံသို့ သွားရောက်ကြ မည် ဟု IMF တာဝန်ရှိသူ တစ်ဦးက ပြောသည်။

                ကမ္ဘာတစ်လွှား Burma ဟု လူသိများသော အဆိုပါနိုင်ငံသို့ အောက်တိုဘာလ ဒုတိယအပတ်တွင် IMF ၏ နည်းပညာအဖွဲ့ သွားရောက် မည်ဖြစ်ကြောင်း ဝါရှင်တန်အခြေစိုက် ကမ္ဘာလုံးဆိုင်ရာ ငွေကြေးအဖွဲ့အစည်း IMF ၏ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီး Gita Bhatt က ပြောကြားခြင်း ဖြစ်သည်။

                မြန်မာအာဏာပိုင်တွေဆီကနေ သူတို့ရဲ့ ငွေလဲနှုန်းစနစ်ခေတ်မှီအောင် ပြင်ဆင်ပြောင်းလဲရာမှာ ငွေပေးချေ၊ လွဲပြောင်းမှုလုပ်လို့မရအောင် ကန့်သတ်ပိတ်ပင်ထားမှုတွေကို ဖယ်ရှားပေးဖို့ တောင်းဆိုချက်ကို ကျွန်မတို့ လက်ခံရရှိ ထားပါတယ်” ဟု သူမက ပြောကြားသည်။

                လာမည့် အောက်တိုဘာခရီးစဉ်နှင့် ပတ်သက်သည့် အသေးစိတ်အချက်များကို ဆက်လက်ပြောကြားရန် သူမကငြင်းဆိုထားသော်လည်း မြန်မာအစိုးရအာဘော် New Light of Myanmar သတင်းစာတွင် “မြန်မာတာဝန်ရှိသူ များက IMF နှင့် ဆက်သွယ်ဆွေးနွေးခဲ့ပြီး ထိပ်တန်းဦးစားပေး ဖြစ်သည့် ငွေလဲနှုန်းပြုပြင် ပြောင်းလဲရေးကို ဆောင်ရွက်ရန်အတွက် နိုင်ငံခြားသို့ လေ့လာရေးသင်တန်းသားများစေလွှတ်ထားကြောင်း ဖော်ပြခဲ့သည်ကို တွေ့ရသည်။

                နိုင်ငံတကာ ကုန်သွယ်ရေးတွင် အဓိကအတားအဆီးသဖွယ် ဖြစ်နေသည့် ငွေလဲနှုန်းကွာဟမှုပြဿနာကို ဈေးကွက်စီးပွားရေးစစ်မှန်စွာ ပြောင်းလဲခြင်းနှင့်အတူ ဖြေရှင်းသွားမည်ဟု ဘဏ္ဍာရေးဝန်ကြီး ဦးလှထွန်းပြောကြား သည့်အတိုင်း သတင်းစာက ရေးသားထားသည်။

                မြန်မာနိုင်ငံတွင် ဈေးကွက်ပေါက်ဈေးထက် များစွာတန်ဖိုးမြင့်သတ်မှတ်ထားသည့် တရားဝင်ငွေလဲနှုန်း အပါအဝင် ငွေခွန်စနစ်အမျိုးမျိုးကို အသုံးပြုလျက်ရှိသည့်အပြင် နိုင်ငံသားများ နိုင်ငံခြားငွေကိုင်ဆောင်ခြင်း မပြုရန် အစိုးရက ကန့်သတ်ချုပ်ချယ်ထားသည်။

                ၂၀၀၈ ခုနှစ်က IMF စီးပွားရေးပညာရှင်နှစ်ဦးရေးသားထုတ်ပြန်သော (အဖွဲ့၏ အာဘော်ကို အပြည့်အဝ ကိုယ်စားပြုခြင်း မရှိသည့်) အစီရင်ခံ စာတွင် “ငွေလဲနှုန်းစနစ်ကြောင့် မြန်မာနိုင်ငံ၏ ရလဒ်ဆုံးရှုံးမှုသည် ၎င်းနိုင်ငံ၏ ၂၀၀၆-၂၀၀၇ စီးပွားရေး ပမာဏာ၏ ၁၄ မှ ၁၇ ရာခိုင်နှုန်းအထိရှိသည်” ကို တွေ့ရှိထားကြောင်း ဖော်ပြခဲ့သည်။

                မြန်မာနိုင်ငံသည် IMF ၏ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်သောကြောင့် အဖွဲ့၏ စီးပွားရေးပညာရှင်များ တစ်နှစ်လျှင် တစ်ကြိမ်ခန့်သွားရောက်လေ့ ရှိပြီး ပုံမှန်ဆွေးနွေးတိုင်ပင်ခြင်းအတွက် ၂၀၁၀ ဖေဖော်ဝါရီလက နောက်ဆုံးအကြိမ် သွားရောက်ခဲ့ကြသည်ဟု Bhadd က ဆိုသည်။

                မြန်မာနိုင်ငံကို ၁၉၆၂ ခုနှစ်ကပင် စစ်တပ်(တပ်မတော်)က အုပ်ချုပ်လာခဲ့သော်လည်း မနှစ်ကနိုဝင်ဘာလ ရွေးကောက်ပွဲများအပြီးတွင် လွှတ်တော်သစ်ကို ခေါ်ယူစည်းဝေးကာ ယခုနှစ်အစောပိုင်းတွင် အရပ်ဖက်အစိုးရထံ နာမည်ခံ အာဏာ လွှဲပြောင်းပေးခဲ့သည်။

                ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သော ဒီမိုကရေစီလိုလားသည့် အတိုက်အခံများနှင့် အမေရိကန်ပြည်ထောင်စု က “မြန်မာအစိုးရ၏ ပြုပြင်ပြောင်းလဲပုံကို များစွာ စိတ်အနှောင့်အယှက် ဖြစ်မိကြောင်း တပ်မတော်က အာဏာဆက်လက်ချုပ်ကိုင်ထားမှုကြောင့် အပြောင်းအလဲများမှာ လုံးဝဟန်ဆောင် ဖန်တီးမှု ဟု ယုံကြည်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ကြသည်။

                မြန်မာတပ်မတော်က တိုင်းရင်းသား လက်နက်ကိုင်များကို တိုက်ခိုက်ရာတွင် အဓမ္မ ခိုင်းစေမှု(ပေါ်တာဆွဲမှု) နှင့် လိင်အကြမ်းဖက်မှုကို အသုံးပြု နေခြင်း အပါအဝင် မြန်မာနိုင်ငံ၏ စိုးရိမ်ဖွယ်ရာ လူ့အခွင့်အရေးချိုးဖောက်ညှင်းပန်း ခြင်း ကိစ္စများကြောင့် အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံအပေါ် ကျောက်မျက်စီးပွားရေး ကဏ္ဍအပါအဝင် စီးပွားရေး ပိတ်ဆို့ အရေးယူဒဏ်ခတ်သည့် အစီအစဉ်များကို ယခုတိုင် ဆက်လက်ချမှတ်ထားဆဲဖြစ်သည်။

**************************************************************************

ရုရှားစွမ်းအင်ကုမ္ပဏီကြီး Gazprom မြန်မာနိုင်ငံကို မျက်စိကျ

(DVB သတင်းကို ဘာသာ ပြန်ဆိုသည်)

ရုရှားနိုင်ငံပိုင် သဘာဝဓာတ်ငွေ့ကုမ္ပဏီကြီး Gazprom မှ တာဝန်ရှိသူများ မြန်မာနိုင်ငံ၊ မြို့တော်နေပြည်တော်သို့ ယခုလ သြဂုတ်လ အစော ပိုင်း ရက်သတ္တပတ်အတွင်း လာရောက်လည်ပတ်ခဲ့ကြောင်း International Oil Daily က ရေးသားဖော်ပြသည်။ Gazaprom ကုမ္ပဏီသည် အာရှ ဒေသ တွင်း သဘာဝဓာတ်ငွေ့တူးဖော်မှုလုပ်ငန်းများတိုးချဲ့လုပ်ကိုင်ရန်နည်းလမ်းရှာဖွေလျက်ရှိရာ မြန်မာနိုင်ငံရှိသဘာဝဓာတ်ငွေ့စီမံကိန်းများ၌ ပါဝင်လုပ်ကိုင် နိုင်ရေး အတွက် စိတ်ဝင်စားလျက်ရှိသည်။

ရုရှားနိုင်ငံသည် ကမ္ဘာပေါ်တွင် အရန်သဘာဝဓာတ်ငွေ့ပမာဏအများဆုံးပိုင်ဆိုင်ထားသည့်နိုင်ငံဖြစ်ရာ အဆိုပါ Gazaporm သည်လည်း သဘာဝ ဓာတ်ငွေ့ အမြောက်အမြားတူးဖော်သည့်စွမ်းအင်ကုမ္ပဏီကြီးတစ်ခုဖြစ်လာသည်။ ပြီးခဲ့သည့် ၂၀၁၀ ပြည့်နှစ်တစ်နှစ်တည်းအတွင်း သဘာဝ ဓာတ်ငွေ့ လုပ်ငန်းမှ အခွန်ဘဏ္ဍာငွေ အမေရိကန်ကန်ဒေါ်လာ ၁၇ ဒဿမ ၂ ဘီလီယံရရှိခဲ့သည်။ အဆိုပါပမာဏမှာ မြန်မာနိုင်ငံ စုစုပေါင်း ဂျီဒီပီ၏ သုံးပုံ တစ်ပုံနှင့်ညီမျှသည်။

ယခု နေပြည်တော်သို့လာရောက်လည်ပတ်ကြသည့် အရာရှိကြီးများမှာ Gazprom ၏နယ်သာလန်နိုင်ငံအခြေစိုက် နိုင်ငံတကာအဖွဲ့ခွဲဖြစ်သော Gazprom EU International မှတာဝန်ရှိသူများဖြစ်ကြသည်။ ယင်းကုမ္ပဏီသည် မြန်မာနိုင်ငံကိုစီးပွားရေးပိတ်ဆို့အရေးယူမှုများပြုလုပ်နေသည့် အီးယူ အဖွဲ့ဝင် နိုင်ငံတွင်မှတ်ပုံတင်ထားခြင်းလည်းဖြစ်သည်။ ဂျာမန်ကုမ္ပဏီတစ်ခုဖြစ်သော E.ON မှာလည်း Gazprom တွင် အစုရှယ်ယာ ထည့်ဝင် ထား ကြောင်း သိရသည်။

မြန်မာအစိုးရကမူ Gazprom မှ ဓာတ်ငွေ့တူးဖော်ရေးလုပ်ငန်းသုံးနည်းပညာနှင့် စက်ပစ္စည်းများ၊ သိုလှောင်ထိန်းသိမ်းရေးပစ္စည်းများ၊ ပိုက်လိုင်းများနှင့် ဘူမိဗေဒဆိုင်ရာ လေ့လာမှုများပြုလုပ်ပေးရန် ကမ်းလှမ်းမည့်အရေးကိစ္စကို စိတ်ဝင်စားလျက်ရှိသည်။ သတင်းပေးပို့ချက်များအရ Gazprom သည် စီးပွားရေးတိုးတက်မှုနှေးကွေးလျက်ရှိသည့် ဥရောပဒေသနှင့် ဝေးကွာသည့်နေရာများတွင် ဈေးကွက်သစ်များ ထပ်မံရရှိအောင် ကြိုးပမ်းလျက် ရှိကြောင်း၊ အကြောင်းမှာ စွမ်းအင်ဆာလောင်မွတ်သိပ်လျက်ရှိသည့် တရုတ်နိုင်ငံက လာမည့် ၂၀၃၀ ပြည့်နှစ်တွင် ဥရောပဒေသမှ ဈေးကွက် ဝယ်လိုအားမျာဖြစ်ပေါ်ရရှိအောင်ကြိုးပမ်းနေခြင်း ကြောင့်ဖြစ်ကြောင်းသိရသည်။ သို့သော် ယခုအခါ တရုတ်နိုင်ငံသည် ဗဟိုအာရှနိုင်ငံများနှင့် အိမ်နီးချင်းမြန်မာနိုင်ငံတို့မှ သဘာဝဓာတ်ငွေ့ရင်းမြစ်များရရှိရန် နည်းလမ်းပေါင်းစုံဖြင့်ကြိုးပမ်းနေရဆဲဖြစ်သည်။ မြန်မာအစိုးရကလည်း ရေနံနှင့်သဘာဝ ဓာတ်ငွေ့တူးဖော်ရေးအခန်းကဏ္ဍတွင် ပြည်တွင်အတတ်ပညာများ ပိုမိုဖြစ်ပေါ်ရရှိလာအောင် ကြိုးပမ်းလျက်ရှိသည်။

**********************************************************************

မြန်မာနိုင်ငံနှင့် အခွင့်အလမ်းများအပေါ် ထိုင်းတို့ အရယူသင့်

(1 September 2011 ရက်စွဲပါ The Nation မှ Nalin Vibomchart ရေးသားသော “Seize opportunities to regain Burma” ကို ဘာသာ ပြန်ဆိုသည်)

                တရုတ်သည် ကုန်သွယ်မှုတန်ဖိုးအရ မြန်မာနိုင်ငံ၏အကြီးဆုံး စီးပွားရေးပါတနာဖြစ်လာသည်။ တရုတ်သည် မြန်မာနိုင်ငံ၏ ဈေးကွက်စီးပွားရေး ဖွင့်သော မူဝါဒအပေါ်မှ အကျိုးအမြတ်များစွာရပြီး ထိုင်းနိုင်ငံနေရာကို ရယူခဲ့ခြင်းဖြစ်ကြောင်း မြန်မာနှင့်ထိုင်း စီးပွားရေးလုပ်ငန်းရှင်များရော ထိုင်းရင်းနှီး မြှုပ်နှံမှု ဘုတ်အဖွဲ့ BOI ကပါ ပြောကြားခဲ့သည်။

                ထိုင်း ရင်းနှီးမြှုပ်နှံသူများသည် အလားအလာကောင်းသော ဈေးကွက်များ အထူးသဖြင့် မြန်မာနိုင်ငံကို ထိုးဖောက်သင့်သည်။ အစိုးရကလည်း ထိုင်းကုမ္ပဏီများကို ယင်းတို့၏ လုပ်ငန်းများကို မြန်မာနိုင်ငံသို့ သာမကပဲ တရုတ်၊ အိန္ဒိယနိုင်ငံများသို့ ချဲ့ထွင်ရန် အားပေးမြှင့်တင်ပေးရန် လိုကြောင်း ဆွေးနွေး ပွဲတွင် ပြောကြားခဲ့ကြသည်။

                BOI ၏ နိုင်ငံတကာရေးရာ ဗျူရိုဒါရိုက်တာ ဖြစ်သူ Vasana Mututanont က “Thai Investors move forward in India and Burma” အမည်ဖြင့် ပြုလုပ်သော ဆွေးနွေးပွဲတွင် ပြောကြားခဲ့ရာတွင် ထိုင်းနိုင်ငံသည် 1988 မှ 2008 ထိ မြန်မာနိုင်ငံ၏ အကြီးဆုံးစီးပွားဖက် ဖြစ်ခဲ့ကြောင်း၊ သို့သော် လွန်ခဲ့သောနှစ် အနည်းငယ်အတွင်း တရုတ်ကို နေရာဖယ်ပေးခဲ့ရသည်ဟု ဆိုသည်။ တရုတ်သည် မြန်မာနိုင်ငံတွင် ဇွတ်အတင်း ဈေးကွက် ချဲ့ထွင်ခဲ့ရာ ယခု အခါ ဈေးကွက်အတွင်း၌ လူသုံးကုန်အများစု ရောက်နေပြီ ဖြစ်သည်။

                “ထိုင်း ရင်းနှီးမြှုပ်နှံသူတွေ အနေနဲ့ မြန်မာနိုင်ငံကို လစ်လျူရှု မနေနိုင်ပါဘူး။ မြန်မာနိုင်ငံမှာ ကြီးမားတဲ့ အခန်း ကဏ္ဍရဖို့ စဉ်းစားသင့်ပါတယ်” ဟု သူမက ပြောသည်။ “မြန်မာအစိုးရကလည်း လယ်ယာစိုက်ပျိုးရေး အဓိက နိုင်ငံကနေ ၂၀၃၀ မှာ စက်မှုနိုင်ငံဖြစ်ဖို့ ရည်မှန်းထားတယ်။ ဒီတော့ ရင်းနှီး မြှုပ်နှံမှုနဲ့ ကုန်သွယ်ဖို့ ပိုပြီး လိုအပ်လာပါတယ်။ ထိုင်းနိုင်ငံအနေနဲ့ ဒီ မူဝါဒအပေါ်မှာ အခွင့်အလမ်း ရှိနေပါတယ်” ဟု သူမက ပြောသည်။

                အဆိုပါဆွေးနွေးပွဲကို ထိုင်းကုန်သည်ကြီးများအသင်း တက္ကသိုလ်၏ စက်မှုစီးပွားရေးနှင့် နိုင်ငံတကာ ကုန်သွယ်မှု လေ့လာရေးဗဟိုဌာနမှ ကြီးမှူးကျင်းပခြင်း ဖြစ်ပြီး ထိုင်းကုမ္ပဏီများ အိန္ဒိယနှင့်  မြန်မာတွင် ရင်းနှီးမြှုပ်နှံနိုင်သည့် အခွင့်အလမ်းများ သုတေသနပြုချက်ကို ဖော်ထုတ် ဆွေးနွေးခဲ့ ကြသည်။

                မြန်မာနိုင်ငံ ငါးထွက်ကုန်နှင့် ပို့ကုန်အသင်း ဥက္ကဋ္ဌ ဦးမိုးမြင့်ကျော်က ပြောကြားရာတွင် မြန်မာနိုင်ငံသည် ပြီးခဲ့သည့်နှစ်က သွင်းကုန် အမေ ရိကန်ဒေါ်လာ (4.53) ဘီလီယံတင်သွင်းခဲ့ရကြောင်း၊ တရုတ်၊ ထိုင်းနှင့်စင်္ကာပူတို့မှ အများဆုံးတင်သွင်းရကြောင်းပြောသည်။ တရုတ်နိုင်ငံနှင့် ကုန်သွယ် မှု တန်ဖိုးမှာ အများဆုံး ဖြစ်ပြီး ဒေါ်လာ (9.5)ဘီလီယံ ဖြစ်ကြောင်း ပြောသည်။ ထို့နောက် ထိုင်းနိုင်ငံက ဒုတိယလိုက်သည်ဟု ဆိုသည်။

                ယင်းက ပြောကြားရာတွင် ထိုင်းစီးပွားရေး လုပ်ငန်းရှင်များသည် မြန်မာနိုင်ငံတွင် ငါးလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်း၊ အစားအသောက်၊ သစ်၊ ဘိလပ်မြေနှင့် အခြေခံ အဆောက်အဦကဲ့သို့သော ကဏ္ဍအမျိုးမျိုးတွင် ရင်းနှီးမြှုပ်နှံနိုင်သည့် အခွင့်အလမ်းများစွာ ရှိကြောင်း ပြောသည်။ သို့သော် ထိုင်းစီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် ရနိုင်သလောက် အကျိုးအမြတ် မရှိသေးပါ။ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်နေပါသေးသည်။

                “နှစ်နိုင်ငံအစိုးရဟာ ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိသင့်ပါတယ်။ ကျွန်တော်ထင်တယ်။ ဒီနေ့ထိတော့ ကောင်းနေတယ်လို့ ထင်ပါတယ်။ ကောင်းမွန်တဲ့ ပူးပေါင်း ဆောင်ရွက်မှုဟာ ရင်းနှီး မြှုပ်နှံသူတွေဟာ မြန်မာနိုင်ငံမှာ ခဏတာသာလုပ်ပြီး ပြန်ထွက်သွားတဲ့ပုံစံ hit-and-run style စီးပွားရေး ကိုပဲ စဉ်းစားတာ မဟုတ်တောပဲ ရေရှည်ကို စဉ်းစား လာပါလိမ့်မယ်” ဟု ယင်းက ပြောသည်။

                ထိုင်း စီးပွားရေးအနေဖြင့် မြန်မာနိုင်ငံသို့ ကုန်ပစ္စည်းရောင်းချရုံ စဉ်းစားခြင်းထက် ကျော်လွန်၍ ရင်းနှီးမြှုပ်နှံမှုများအတွက် စီစဉ်သင့်သည်ဟု ယင်းက ပြောသည်။ မြန်မာနိုင်ငံသည် ပစ္စည်းများအား နိုင်ငံခြား ဈေးကွက်သို့ တင်ပို့ရန် အကန့်အသတ်များ ရှိနေသည်။ ဆိပ်ကမ်းကဲ့သို့သော အထောက်အကူပစ္စည်းများ မရှိသော ထိုင်းနိုင်ငံသည် ကုန်ပစ္စည်း တင်ပို့မှု ဗဟို ဖြစ်ရန် လိုသည်။ မြန်မာနိုင်ငံမှ တိုက်ရိုက် တင်ပို့ခြင်းထက် ကုန်ကျမှု သက်သာနိုင်သည်။ ထိုင်းကုမ္ပဏီများသည် ထုတ်လုပ်မှုအတွက် မြန်မာနိုင်ငံမှ ကုန်ကြမ်းကို အသုံးပြုနိုင်သည်။ မြန်မာ ကုမ္ပဏီများသည် ထုတ်ပိုးမှုကို ထိုင်းနိုင်ငံတွင် ပြုလုပ်ပြီး ဖြန့်ဖြူးမှု ဗဟိုဌာနအဖြစ် အသုံးပြုနိုင်သည်။

                ထိုင်းကုမ္ပဏီဖြစ်သော Oriental Unique မှ မန်နေးဂျင်းဒါရိုက်တာ Vichai Kemtongkum က ပြောကြားရာတွင် ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံ နှင့် ထိုင်း ဘတ်ဘီလီယံချီ၍ ကုန်သွယ်သင့်သော်လည်း တရုတ်ကို ခွဲပေးခဲ့ရကြောင်း ပြောသည်။ ယင်း၏ ကုမ္ပဏီသည် မြန်မာနိုင်ငံတွင် 1994 ကတည်း က စီးပွားရေး လုပ်နေခဲ့သည်။ အတားအဆီးတစ်ခုမှာ မြန်မာ လုပ်ငန်းရှင်များနှင့် စီးပွားရေး လုပ်ရာတွင် လုံခြုံမှုနှင့် တည်ငြိမ်မှုကို မသိရှိရသဖြင့်ဟု ဆို သည်။

                “ကျွန်တော် သိသမျှတော့ မြန်မာနိုင်ငံမှာ ထိုင်းမှာထက် ပိုပြီး စိတ်ချရပါတယ်။ မြန်မာ လုပ်ငန်းရှင်တွေဟာ ယုံကြည်ရပါတယ်။ မြန်မာနိုင်ငံမှာ ကျွန်တော် စီးပွားရေးလုပ်လာတာ ကြာပြီ။ တစ်ခါမှ လိမ်တာမခံရပါဘူး” ဟု ယင်းက ပြောသည်။

                နိုင်ငံခြားရေးဝန်ကြီးဌာနမှ နိုင်ငံတကာ စီးပွားရေးဆိုင်ရာ ဒုညွှန်ချုပ် Surasak Chuasuknothing က ပြောကြားရာတွင် အိန္ဒိယနိုင်ငံသည် အခြေခံ အဆောက်အဦတွင် ဒေါ်လာ ၂ ထရီလီယံကျော် ရင်းနှီးမြှုပ်နှံရန် လိုအပ်နေခြင်းကြောင့် ထိုင်းကန်ထရိုက်တာများသည် အဆိုပါအခွင့်အရေးကို လက်လွှတ် မခံသင့်ဟု ဆိုသည်။

**********************************************************************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs