Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011
yangonchronicle2011

၁၂.၁၀.၂၀၁၁

ပြည်တွင်းသတင်းများ

  1. သွေးနှောနိုင်ငံသားမိဘနှစ်ပါးမှ မွေးဖွားလာသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ရာတွင် မြန်ဆန်စေရန် စနစ်သစ်ဖြင့် ဆောင်ရွက်
  2. ဗဟိုဘဏ်နှင့် ဘဏ္ဍအခွန် နိုင်ငံဖွံ့ဖြိုးရေးအတွက် မူဝါဒများကို လွတ်လပ်စွာချမှတ်သွားမည်

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. သတင်းကျွတ်လပြည့်နေ့တွင် အကျဉ်းသား ၁၂၄၀ဦး လွတ်ငြိမ်းချမ်းသာခွင့်ရ
  2. တရားဝင်နိုင်ငံရေးပါတီအဖြစ် ပြန်လည် ရပ်တည်နိုင်ရေး ဆုံးဖြတ်ချက်မချရသေးဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား
  3. အထူးဒေသ(၄) ငြိမ်းချမ်းရေး ဆွေးနွေးမည့်အဖွဲ့နှင့် ငြိမ်းချမ်းရေးကိစ္စများ ဆွေးနွေး

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

ဆောင်းပါးကဏ္ဍ

  1. အပြောင်းအလဲအတွက် ခေါင်းဆောင်များကို ဝန်းရံကြ

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ပြည်တွင်းသတင်းများ

သွေးနှောနိုင်ငံသားမိဘနှစ်ပါးမှ မွေးဖွားလာသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ရာတွင် မြန်ဆန်စေရန် စနစ်သစ်ဖြင့် ဆောင်ရွက်

သွေးနှောနိုင်ငံသားမိဘနှစ်ပါးမှ မွေးဖွားလာသူများအား နိုင်ငံသားစိစစ်ရေး မှတ်ပုံတင်ပြုလုပ်ရာတွင် လျှောက်ထားသူမှ ပြည့်စုံမှန်ကန်သော အထောက်အထားများပါလာပါက ကြန့်ကြာခြင်းမရှိစေရန်နှင့် သတ်မှတ်အခကြေးငွေထက် ပိုမိုကောက်ခံခြင်း မရှိစေရန် စနစ်သစ်ဖြင့် အထူးကြပ်မတ် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

သွေးနှောမိဘနှစ်ပါးမှ မွေးဖွားလာသူများအား နိုင်ငံသားပြုရာတွင် ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေပုဒ်မ (၆) တွင် ဤဥပဒေ အာဏာ တည်သည့်နေ့တွင် နိုင်ငံသားဖြစ်ပြီးသူသည် နိုင်ငံသားဖြစ်သည်ဟု ပြဋ္ဌာန်းထားသည့်အတွက် ယင်းဥပဒေ အာဏာတည်သော ၁၉၈၂ ခုနှစ် အောက်တိုဘာလ ၁၅ ရက်တွင် နိုင်ငံသားအဖြစ် အသိအမှတ်ပြုပြီးသူများ သည် နိုင်ငံခြားလူမျိုးစစ်စစ်များ၊ တိုင်းရင်းသားနှင့် နိုင်ငံခြားလူမျိုးသွေးနှောများက ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ နိုင်ငံသားအဖြစ်ရရှိရန် လျှောက်ထားပြီး ဥပဒေအရ နိုင်ငံသားဖြစ်လာသူများကို ဆိုလိုသည်။

မွေးရာပါ နိုင်ငံသား မဟုတ်သည့်အတွက်ကြောင့် မဟုတ်မမှန်ဖော်ပြခြင်း၊ ဖုံးကွယ်ခြင်းများကြောင့် နိုင်ငံသား အဖြစ်ရရှိအောင် ဆောင်ရွက်ခဲ့ခြင်း ဟုတ်/ မဟုတ်တို့ကို စိစစ်ရန် မျိုးရိုးစဉ်ဆက်ဇယား၊ မွေးဖွားရာဒေသ ဇာတိတို့ကို စစ်ဆေးအတည်ပြုရန် လိုအပ်၍ အချိန်ယူဆောင်ရွက်ရသည့် လုပ်ငန်းတစ်ခုဖြစ်ကြောင်းသိရသည်။

သွေးနှောနိုင်ငံသားများ၏ နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးရာတွင် အမှားအယွင်းများ မပေါ်ပေါက်စေရန် ၂၀၀၅ ခုနှစ် နိုဝင်ဘာလမှစ၍ လမ်းညွှန်ချက်အရ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ်အဆင့်အထိ အဆင့်ဆင့်တင်ပြပြီး ထုတ်ပေးရေးကို ဆောင်ရွက်ခဲ့ကြောင်း၊ နောက်ပိုင်းတွင် တိုင်းဒေသကြီး/ ပြည်နယ်အဆင့် ဦးစီးမှူးများမှ အတည်ပြုလက်မှတ်ရေးထိုး ထုတ်ပေးသည့် စနစ်သို့ ပြောင်းလဲလျော့ချခဲ့ကြောင်း သိရသည်။

YC

-----------------------------------------------------------------------------------------------------------------------------------

ဗဟိုဘဏ်နှင့် ဘဏ္ဍအခွန် နိုင်ငံဖွံ့ဖြိုးရေးအတွက် မူဝါဒများကို လွတ်လပ်စွာချမှတ်သွားမည်

နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးမှုတွင် အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်သော ဗဟိုဘဏ်နှင့် ဘဏ္ဍအခွန်ကဲ့သို့သော စီးပွားရေးအင်စတီကျူးရှင်းကြီး နှစ်ခုမှာ ငွေကြေးနှင့် ဘဏ္ဍရေးမူဝါဒများချမှတ်ရာတွင် ယခင်ကထက်ပိုမို လွတ်လပ်စွာ ကိုင်တွယ် ဆောင်ရွက်မည်ဖြစ်ကြောင်း ဘဏ်နှင့် ဘဏ္ဍရေး အသိုင်းအဝိုင်း ထံမှ သိရှိရသည်။

“ယခုလက်ရှိကျင့်သုံးနေတဲ့ ဗဟိုဘဏ်က ချမှတ်ထားတဲ့ ဘဏ်စည်းမျဉ်းစည်းကမ်းအများစုဟာ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ်က ပုံစံမျိုးအတိုင်းပဲ ရှိသေးတယ်။ ဈေးကွက်စီးပွားရေးက ဖြစ်တာကြာပြီ ဘဏ္ဍရေးစနစ်က အခုအချိန်ထိ ပီပီပြင်ပြင်တည်ဆောက်ထားမှုမရှိသေးဘူး။ ဒါကလည်း နိုင်ငံရေးဆင်ခြင်တွေ အများကြီးပါပါတယ်။ ဒါပေမဲ့ နောက်ပိုင်း ဈေးကွက်စီးပွားရေးကို ပီပီပြင်ပြင် အကောင်အထည်ဖော်တော့မယ်ဆိုရင်တော့ ဘဏ်နဲ့ ဘဏ္ဍရေး အဖွဲ့အစည်းတွေကို စနစ်တကျဖွဲ့စည်းဖို့၊ အရင်းအနှီးဈေးကွက် (Stock market) ကိုပီပီပြင်ပြင်အကောင်အထည်ဖော်ဖို့၊ အများပိုင်ကုမ္ပဏီတွေ ဖွဲ့စည်းဖို့ ဥပဒေ၊ နည်းဥပဒေ၊  စည်းမျဉ်းစည်းကမ်းတွေကို ပြဋ္ဌာန်းပေးဖို့လိုပါတယ်” ဟု စီးပွားရေး လေ့လာသူတစ်ဦးက သုံးသပ်ပြောကြားသွားခဲ့သည်။

နိုင်ငံတကာတွင်ဗဟိုဘဏ်မှာ လွတ်လပ်သည့် အဖွဲ့အစည်းတစ်ခုဖြစ်ပြီး စီးပွားရေးကျွမ်းကျင်သူများ (အထူးသဖြင့် ငွေကြေး စီးပွားရေးပညာရှင် (Monetarist economist)များ) ဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း သိရသည်။ တိုးတက်ဖွံ့ဖြိုးသွားသည့် နိုင်ငံများကို ကြည့်လျှင်လည်း ဗဟိုဘဏ်နှင့် ဘဏ္ဍရေးဝန်ကြီးဌာနများတွင် စီးပွားရေး ကျွမ်းကျင် ပညာရှင် များ (Economic Technocracts) ခေါ်ယူခန့်အပ်ထားကြောင်း သိရသည်။

“မြန်မာနိုင်ငံမှာ အခု စီးပွားရေးပတ်သက်ပြီး အဓိကဖြေရှင်းရမယ့် ပြဿနာနှစ်ခုက စီးပွားရေး တုံ့ဆိုင်းမှုကို ဘယ်လိုဖြေရှင်းမလဲဆိုတဲ့အချက်နဲ့၊ ငွေကြေးဖောင်းပွမှုကို ဘယ်လိုလျော့ချမလဲဆိုတဲ့အချက်ပဲ၊ stagflationလို့ ခေါ်တာ ပေါ့၊ ဒီလက္ခဏာကို တိုက်ဖျက်နိုင်ဖို့ဆိုတာ ဗဟိုဘဏ်နဲ့ ဘဏ္ဍအခွန်တို့ဟာ တောင့်တင်းတဲ့ စီးပွားရေးမူဝါဒချမှတ်နိုင်တဲ့ အဖွဲ့အစည်း ဖြစ်နေရမယ်။ အဲဒါကြောင့် ကျွမ်းကျင်ပညာရှင် တွေရှိဖို့၊ ခန့်အပ်ထားဖို့လိုတယ်။ ကျွမ်းကျင်ပညာ ရှင်တွေရှိမှ မူဝါဒချမှတ်နိုင်စွမ်း(Policy Capcity) ရှိမှာ။ အဲဒါမှ မလိုလားအပ်တဲ့ စီးပွားရှော့တွေကို ဖယ်ရှားနိုင်မှာလေ” ဟု စီးပွားရေး မူဝါဒ လေ့လာနေသူတစ်ဦးက သုံးသပ်ပြောကြားသွားသည်။

YC

××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

သတင်းကျွတ်လပြည့်နေ့တွင် အကျဉ်းသား ၁၂၄၀ဦး လွတ်ငြိမ်းချမ်းသာခွင့်ရ

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ကြေညာချက်ဖြင့် အောက်တိုဘာလ ၁၂ရက် (သတင်းကျွတ်လပြည့်နေ့)တွင် အကျဉ်းသားများ ၁၂၄၀ဦးအား ဒုတိယအကြိမ် လွတ်ငြိမ်းချမ်းသာခွင့်အရ သက်ဆိုင်ရာ အကျဉ်းထောင်များမှ လွှတ်ပေးခဲ့ကြောင်း သတင်းရရှိသည်။

ဒုတိယအကြိမ် လွတ်ငြိမ်းချမ်းသာခွင့်ကြောင့် လွတ်မြောက်လာသူများတွင် ၈၈ မျိုးဆက် ကျောင်းသားခေါင်း ဆောင်များ ဖြစ်ကြသော ကိုဌေးကြွယ်၊ ကိုမင်းကိုနိုင်၊ ကိုကိုကြီး (တောင်ဥက္ကလာ) တို့ မပါဝင် သေးကြောင်း၊ လွတ်ပေး သည့်စနစ်ကိုလည်း မသိရှိရသေးဘဲ အသုတ်လိုက် ခွဲလွှတ်သည့် စနစ်ဖြစ်ပါက နောက်ပိုင်း ရက်များတွင် လွတ်မြောက် လာနိုင်ဖွယ်ရှိကြောင်း နိုင်ငံရေး အသိုင်းအဝိုင်းမှ လေ့လာစောင့်ကြည့်သူများက ခန့်မှန်း ကြသည်။

ထိုသို့ ဒုတိယအကြိမ် လွတ်ငြိမ်းချမ်းသာခွင့်အရ လွှတ်ပေးရာတွင် ဘူးသီးတောင် အကျဉ်းထောင်တွင် ယုံကြည် ချက်ကြောင့် အကျဉ်းကျခံနေရသူများအနက်မှ ကိုသန်းထွန်းဇင်၊ ကိုကိုကြီး (စမ်းချောင်း)နှင့် အခြားတစ်ဦး စုစုပေါင်း သုံးဦး ပြန်လည် လွှတ်ပေးလိုက်ပြီ ဖြစ် ကြောင်း အဆိုပါ အကျဉ်းထောင်မှ သိရသည်။

အင်းစိန်အကျဉ်းထောင်မှ ယနေ့တွင် အကျဉ်းသား ၆၄၂ ဦး လွတ်မြောက်လာခဲ့သော်လည်း ယုံကြည်ချက် ကြောင့် အကျဉ်းကျခံနေရသူ ၇ ဦးသာ ပါဝင်ကြောင်း သိရသည်။

ရှမ်းပြည်နယ်အတွင်းရှိ တောင်ကြီး၊ ကျိုင်းတုံ၊ လားရှိုးထောင်များမှ အကျဉ်းသား ၄၆၄ ယောက်အား လွတ်ငြိမ်း ချမ်းသာခွင့်ပြုခဲ့ရာ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူ ၉ ယောက်သာ ပါဝင်ပြီး ကျိုင်းတုံထောင်မှ လွတ်မြောက် သူ များတွင် ဦးစိန်ဝင်းမောင်၊ ဦးသုတဉာဏ (ဦးသန်းဇော် - ရွှေပြည်သာ)၊ ဦးအိနြ္ဒိယ (ငွေကြာရံစာသင်တိုက် - ဦးအောင်သူ ငြိမ်း)၊ ဦးစိုးမင်းဦးတို့ ဖြစ်ကြသည်။ တောင်ကြီးအကျဉ်းထောင်မှ အကျဉ်းသား အယောက် ၂၀၀ ခန့် လွတ်ငြိမ်းချမ်းသာခွင့် ရရှိပြီး အသက် ၇၂ နှစ် ရှိပြီ ဖြစ်သော တောင်ကြီး NLD မှ ဦးကျော်ခင် ပါဝင်ကြောင်း သိရသည်။ လားရှိုးအကျဉ်းထောင်မှ အကျဉ်း သား ၉၂ ယောက် လွတ်ငြိမ်းချမ်းသာခွင့် ရရှိမည် ဖြစ်ပြီး လက်ရှိ အချိန်အထိ ယုံကြည်ချက်ကြောင့် အကျဉ်းကျသူ ၄ ဦး လွတ်မြောက်မည့် စာရင်းတွင် ပါဝင်လာကြောင်း သိရသည်။ ၎င်းတို့မှာ ဦးစိန္တိမာ၊ ဦးအောင်ဇော်ဦး (NLD)၊ ဦးအုန်းကျော် (NLD)၊ တင်တင်ချို (NLD) ဖြစ်ကြောင်း သိရှိရသည်။

အလားတူ ပူတာအို အကျဉ်းထောင်မှ ဒေါ်ဝင်းမြမြနှင့် ကသာအကျဉ်းထောင်မှ ဦးစောလှိုင် (အင်းတော် လွှတ် တော်အမတ် - NLD) တို့လည်း ပြန်လည် လွတ်မြောက်လာကြောင်းလည်း သိရသည်။

သာယာဝတီ အကျဉ်းထောင်မှ အကျဉ်းသား ၆၅ ဦး လွတ်ငြိမ်းချမ်းသာခွင့် ရရှိခဲ့ရာတွင် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူ ၂၉ ဦး ပါဝင်ပြီး ၎င်းတို့၏ အမည်စာရင်း အချို့မှာ အရှင် နန္ဒဝံသ၊ အရှင် တေဇိန္ဒ၊ ကိုကြည်လွင်၊ ကိုစိုးမြင့်၊ ကိုစိုးလှိုင်၊ မဇန်ဇန်၊ ကိုကျော်မျိုးဝင်း၊ ဦးညွန့်မောင်၊ ကိုလှဝင်း၊ မငယ်၊ ကိုမောင်ဇော်တို့ ဖြစ်သည်။

ကျိုင်းတုံ အကျဉ်းထောင်တွင် အကျဉ်းကျခံနေရသော ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်နှင့် တောင်ကြီး တောင်လေးလုံး အကျဉ်းထောင်တွင် အကျဉ်းကျခံနေရသော ကိုဇော်သက်ထွေးတို့မှာ လွတ်မြောက်သည့် စာရင်းတွင် ပါဝင်လာခြင်း မရှိသေးကြောင်း သိရသည်။

-----------------------------------------------------------------------------------------------------------------------------------

တရားဝင်နိုင်ငံရေးပါတီအဖြစ် ပြန်လည်ရပ်တည်နိုင်ရေး ဆုံးဖြတ်ချက်မချရသေးဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) သည် တရားဝင် နိုင်ငံရေးပါတီအဖြစ် ပြန်လည်ရပ်တည်နိုင်ရေးအတွက် ပါတီမှတ်ပုံတင်ရန်နှင့် ရွေးကောက်ပွဲ ဝင်ရန် မဆုံးဖြတ်ရသေးကြောင်း အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်မှ ပြောကြားခဲ့ကြောင်း သိရှိရသည်။

ရန်ကုန်မြို့သို့ရောက်ရှိနေသော နော်ဝေနိုင်ငံခြားရေးဝန်ကြီး H.E Mr.Espen Barth Eide နှင့် အောက်တိုဘာလ (၈) ရက်နေ့က တွေ့ဆုံအပြီးတွင် သတင်းထောက်များကို ဒေါ်အောင်ဆန်းစုကြည်မှ အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

စစ်ဖက်အုပ်ချုပ်ရေးမှ အရပ်ဖက်အုပ်ချုပ်ရေးစနစ်သို့ ကူးပြောင်းရန် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုး ရေးကောင်စီမှ ကျင်းပပေးခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှ အချို့သော အချက်အလက်များကို လက်မခံနိုင်သဖြင့် ပြီးခဲ့သည့်နှစ် နိုဝင်ဘာတွင် ကျင်းပခဲ့သော ရွေးကောက်ပွဲ တွင် ဝင်ရောက်ယှဉ်ပြိုင်ခြင်းမရှိခဲ့ပေ။ထိုအချိန်မှစ၍ NLD မှာ တရားဝင်နိုင်ငံရေးပါတီအဖြစ်မှ ပျက်ပြယ်သွားခဲ့ရသည်။

သမ္မတသစ်ဦးသိန်းစိန်သည် အပေါင်းလက္ခဏာဆောင်သော ပြုပြင်ပြောင်းလဲမှုကို အမှန်တကယ် လိုလားသူ ဖြစ်သည်ဟု သူမယုံကြည်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင် အောင်မြင့် ကလည်း ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ထဲသို့ ရောက်လာ မည်ဆိုလျှင် မိမိတို့အနေဖြင့် ကြိုဆိုကြောင်း ပြောကြားခဲ့သည်။ သို့ရာတွင် NLD မှာ နိုင်ငံရေးပါတီအဖြစ် ပြန်လည်မှတ်ပုံ တင်ရေးနှင့် ရွေးကောက်ပွဲဝင်ရေးတို့ကို ယခုတိုင် ဆုံးဖြတ်ချက် မချနိုင်သေးဘဲ ရှိနေသည်။

"အခြေခံဥပဒေထဲက အချက်တွေကို လက်မခံနိုင်လို့ပြင်ချင်တယ်ဆိုရင် လွှတ်တော်ထဲကို ရောက်မှသာပြင်လို့ ရမှာဖြစ်တယ်၊ လွှတ်တော်ထဲကို ရောက်ဖို့ဆိုတာဟာလဲ ရွေးကောက်ပွဲကို ဖြတ်သန်းပြီးမှသာ ရောက်မှာဖြစ်တယ်" ဟု နိုင်ငံရေးကျွမ်းကျင်သူပညာရှင်တစ်ဦးမှ ပြောကြားခဲ့သည်။

YC

-----------------------------------------------------------------------------------------------------------------------------------

အထူးဒေသ(၄) ငြိမ်းချမ်းရေး ဆွေးနွေးမည့်အဖွဲ့နှင့် ငြိမ်းချမ်းရေးကိစ္စများ ဆွေးနွေး

ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးမည့်အဖွဲ့မှ တောင်သာမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်းခေါင်းဆောင်သော အဖွဲ့ဝင် ၁၀ ဦးပါဝင်သော အဖွဲ့နှင့် အထူးဒေသ (၄) မှ ဦးစံပေ့ ခေါင်းဆောင်သော အဖွဲ့ဝင် ၁၀ ဦး ပါဝင်သော အဖွဲ့တို့သည် အောက်တိုဘာလ ၉ ရက်တွင် ကျိုင်းတုံမြို့၌ နှစ်ဖက်တွေ့ဆုံပြီး ငြိမ်းချမ်းရေး ကိစ္စများကို ပထမအကြိမ် ဆွေးနွေးကြကြောင်း သိရှိရသည်။

တွေ့ဆုံဆွေးနွေးပွဲတွင် အထူးဒေသ(၄)သည် ပြည်ထောင်စုအတွင်းမှ ခွဲထွက်မည် မဟုတ်ကြောင်း၊ နိုင်ငံတော်ကို ဆန့်ကျင်မှုများ ပြုလုပ်မည် မဟုတ်ကြောင်း၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် နယ်စပ်ဒေသ ဖွံ့ဖြိုးတိုးတက်စေရန် ပူးပေါင်းဆောင် ရွက်သွားမည်တို့ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

နှစ်ဦးနှစ်ဖက် ဆက်ဆံရေးရုံးများ ပြန်လည်ဖွင့်လှစ်ရေး၊ အထူးဒေသ(၄)တွင် ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ လမ်းပန်းဆက်သွယ်မှု ကောင်းမွန်ရေး၊ ဝန်ထမ်းများ ပြန်လည်တာဝန်ပေး စေလွှတ်ရေး၊ မူးယစ်ဆေးဝါး ပပျောက်ရေး ကိစ္စ များအပေါ် နှစ်ဦးနှစ်ဖက် ပူးပေါင်းဆောင်ရွက်ရေးတို့ကို ဆွေးနွေးညှိနှိုင်းပြီး သဘောတူညီချက်များကို လက်မှတ်ရေးထိုးခဲ့ ကြောင်း သိရှိရသည်။

အထူးဒေသ(၄)  အဖွဲ့နှင့် ရှမ်းပြည်နယ်အစိုးရမှ ဖွဲ့စည်းပေးသော ပြည်နယ်အဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့တို့သည် ၂၀၁၁ ခုနှစ် စက်တင်ဘာလ (၇) ရက်ကလည်း ကျိုင်းတုံမြို့၌ တွေ့ဆုံဆွေးနွေးခဲ့ပြီး ပဏာမ ငြိမ်းချမ်းရေး သဘောတူညီချက်များကို လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရသည်။

YC

××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

၁၁။ ယခုအချိန်သည် မြန်မာပြည်အတွက် အလွန်အရေးကြီးနေပါသည်။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ အုပ်ချုပ်ရေး စသည်တို့ကို အစက ပြန်စရမည့် အခြေအနေဖြစ်နေပါသည်။ ယခင် ပါလီမန်၊ ဒီမိုကရေစီခေတ်တွင်ရှိ သော Institution များကို Socialist Democracy ခေတ်တွင်ပြောင်းလဲ၍ တစ်မျိုး၊ ပယ်ဖျက်၍ တစ်ဖုံ၊ လုပ်ဆောင်ခဲ့ပါသည်။ အသစ်အသစ် သော အဖွဲ့အစည်းများကိုလည်း ဖွဲ့စည်းပြီး ဥပဒေအသစ်များကိုလည်း ပြဋ္ဌာန်းခဲ့ပါသည်။ တစ်ဖန် ယခုအခါ ဒီမိုကရေစီ စနစ်ကို ကျင့်သုံးမည် ဖြစ်ပါသည်။ ထို့ကြောင့် ယခင်ပါလီမန် ဒီမိုကရေစီခေတ်တွင် ရှိသော အဖွဲ့အစည်းများကို ပြန်လည် အသုံးပြုခြင်း၊ အခြေအနေနှင့် ကိုက်ညီအောင် ပြင်ဆင်ခြင်း၊ ခေတ်စနစ်နှင့်အညီ လိုအပ်သော အဖွဲ့အစည်းများ ကိုလည်း အသစ်ဖွဲ့စည်းရန် လိုအပ်လာမည်ဖြစ်ပါသည်။ ထိုကြောင့် အားလုံကို ခြုံငုံမိသော ရှေ့မီနောက်မီပုဂ္ဂိုလ်များ လိုအပ်နေသည်ဟု ယူဆပါသည်။ ဒီမိုကရေစီစနစ်ကို ကျင့်သုံးမည်ဆိုလျှင် မှန်ကန်သော ပညာပေးမှုလည်း ရှိသင့်ပါသည်။ ဒီမိုကရေစီ အခွင့်အရေးလည်း ပေးရန်လိုပါသည်။ များသောအားဖြင့် နိုင်ငံရေးအာဏာကိုသာ စိတ်ဝင်စားကြမည်မှာ သဘာဝ ကျပါသည်။ နိုင်ငံရေး အာဏာရရေးသည် ၎င်းတို့အတွက် အဓိကကျပါလိမ့်မည်။ အာဏာရမှလည်း တိုင်းပြည် အတွက် ထိရောက်စွာ လုပ်နိုင်ပါမည်။ အခြေအနေတွင် တိုင်းပြည်ပြု သုခမိန်များက ထိန်းညှိပေးရန်ရှိပါသည်။ နိုင်ငံရေး သုခမိန်များကသာ ပါတီအကျိုးထက် နိုင်ငံရေးအာဏာထက် နိုင်ငံအကျိုး သက်သက် အတွက်ကိုသာ ကြည့်နိုင်သူများ ဖြစ်ကြပါသည်။ ၎င်းအပြင် ဆိုရှယ်လစ် ဒီမိုကရေစီခေတ်တွင် ပညာရေးစနစ်ကို ပြင်ဆင်ပစ်လိုက်သဖြင့် Liberal Education ရှိသူများ နည်းပါးသွားဟန်တော့ ရှိပါသည်။

အောက်တိုဘာ ၁၃ ထုတ် ပြည်သူ့ခေတ်ဂျာနယ် အတွဲ (၂) အမှတ် (၆၃) တွင်ပါသည့် မြန်မာနိုင်ငံ ဝန်ထမ်း(ငြိမ်း) တစ်ဦး၏ ရေးသားသည့် “လူရွယ်နိုင်ငံရေးသမား အလိုရှိသည် ဆိုပါလျှင် လူကြီး Stateman များလည်း လိုပါသည်” ဆောင်းပါးမှ ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

“ကမ္ဘာလောကကြီးမှာ ဘာတွေဖြစ်နေသလဲဆိုတာကို စာနယ်ဇင်းတွေကတစ်ဆင့် ပြည်သူလူထုကြီးက သိရှိနေတာ။ ကိုယ့်နိုင်ငံတွင်းမှာ ဘာတွေဖြစ်နေတယ်။ ဘာတွေ ဖြစ်လာစရာ ရှိတယ် စတာတွေကို ပြည်သူလူထုကြီးက မကြွင်းမကျန် သိနေတာ။ စာနယ်ဇင်းတွေက တစ်ဆင့် ပြည်သူလုထုကြီးရဲ့ အသံတွေကို ဖော်ထုတ်နိုင်တာ။ သူ့ဆိုင်ရာ ဆိုင်ရာ ကဏ္ဍအလိုက် ပညာရှင်တွေ၊ နားလည်တက်ကမ်းသူတွေက တိုင်းပြည်တွင်းဖြစ်ပျက် နေတာနဲ့ပတ်သက်ပြီး အကဲခတ် အကဲဖြတ်ချက်တွေပေးနေတာကို စာနယ်ဖျင်းတွေက တစ်ဆင့်သိခွင့်ရတာ။ နိုင်ငံတွင်းမှာ  ဘယ်လို စီမံကိန်းတွေချမှတ် လုပ်ဆောင်နေသလဲဆိုတာကို စာနယ်ဇင်းတွေက သတင်းလိုက်ခွင့်ရ၊ သတင်းဖော်ပြခွင့်တွေ ရနေတာ။ အဲဒီလို စီမံကိန်းတွေ၊ အစိုးရရဲ့ လုပ်ငန်းကိုင်ငန်းတွေမှာ တိုင်းပြည် အုပ်ချုပ်နေတဲ့ အစိုးရမင်းများပင် ဖြစ်စေကာမူ၊ မဟုတ်တာလုပ်ရင် ပြည်သူ့သဘောထားနဲ့ ဆန့်ကျင်ရင် စာနယ်ဇင်းတွေ ကတစ်ဆင့် ဝိုင်းဝန်း ပြောဆိုခွင့်ရှာနေတာ။ အစိုးရ ပေါ်လစီကိုပဲ ဖြစ်ဖြစ် အကျိုးသင့်အကြောင်းသင့် ဝေဖန်နိုင် ခွင့်ရှိနေတာတို့ဟာ ထင်းရှားတဲ့ စာနယ်ဇင်းလွတ်လပ်ခွင့်တွေဖြစ်မှာပါ”

အောက်တိုဘာ ၁၃ ထုတ် ပြည်သူ့ခေတ်ဂျာနယ် အတွဲ (၂) အမှတ် (၆၃) တွင်ပါသည့် မောင်လင်း၏ “စာနယ်ဇင်း လွတ်လပ်ခွင့်နဲ့ ဒီမိုကရေစီအရေး” ဆောင်းပါးမှ ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

ရန်ကုန်တိုင်းမ်- အခုအစိုးရက နိုင်ငံတော်အကြံပေးအဖွဲ့တွေကိုလည်း ဖွဲ့ထားတယ်။ ပြီးတော့ အားလုံးရဲ့ အသံကိုလည်း နားထောင်နေပါတယ်လို့ တရားဝင် ပြောနေတယ်။ အထူးသဖြင့် စီးပွားရေးနယ်ပယ်မှာ လုပ်သာကိုင်သာရှိအောင် အပြောင်းအလဲအချို့ လုပ်ပေးနေတယ်လို့လဲ ယူဆရတဲ့ အရာတွေကို မြင်နေရတယ်ဆိုတော့ သိချင်တာက ဒါနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံဟာ အပြောင်းအလဲလမ်းကြောင်းပေါ်ကို အမှန်တကယ်လျှောက်နေပြီလားဆိုတဲ့အပေါ် ဆရာရဲ့ ကိုယ်ပိုင် သုံးသပ်ချက်ကို သိချင်ပါတယ်။

သင့်ဘဝဦးတင်မောင်သန်း- ကျွန်တော်ထင်ပါတယ်။ လုပ်နေတယ်လို့ ပြောကြပါတယ်။ ပထမခင်ဗျားမေးတဲ့ မေးခွန်း တစ်ခုကို အမှန်တကယ်လား၊ အစစ်လားဆိုတာနဲ့ပတ်သက်ပြီး နည်နည်းလေးရွှေ့လိုက်ကြရအောင်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့က လွတ်လပ်ရေးအတုလား အစစ်လား ဆိုတာကတည်းက စစ်တိုက်လာကြတာ။ လွတ်လပ်ရေးကိုသွားတဲ့ သူချင်းက လွတ်လပ်ရေးအစစ်လား အတုလားဆိုတာနဲ့ စစ်တိုက်တယ်။ ဆိုရှယ်လစ် အတုလား အစစ်လားဆိုတာနဲ့ စစ်တိုက်တယ်။ အဲဒါတွေအသာထားလိုက်ပြီးတော့ ကျွန်တော်တို့ ဘာလုပ်နိုင်ကြမလဲ စကြည့်ရအောင်နော်။ စပြောင်း နေတယ်။ ပြောင်းတာကို ကောင်းတယ်လို့ထင်တယ်။ လုပ်နေတယ်လို့ထင်တယ်။ အပြောင်းအလဲကိုလုပ်တယ်လို့ ထင်တာက အပြောင်းအလဲကို လုပ်ဖို့အတွက် ပြင်ဆင်နေတဲ့ အဆင့်မှာပဲရှိသေးတယ်။ အဲဒါကို ဒီဇိုင်းအနေနဲ့ ထုတ်ဖို့တောင်ဖြစ်ပြီလား၊ ကျွန်တော်သိပ်မသေချာဘူး။ ကျွန်တော်တို့က အပြောင်းအလဲသွားချင်တယ်။ ကျွန်တော်တို့ ပြောင်းမယ်။ ဒါကိုက မပြောင်းလဲဘဲ နှစ်ပေါင်းများစွာနေလာခဲ့တဲ့သူဆိုတော့) ဒါကိုက ကြီးမားတဲ့ အပြုသဘောဆောင်တဲ့ ခြေလှမ်း လို့ မြင်ပါတယ်။ အဲဒီတော့ အရေးကြီးတာက ဒီဖြစ်စဉ်အထဲမှာ ခင်ဗျားဘာလုပ်မှာလဲဆိုတာက ပိုအရေးကြီးတယ်လို့ ကျွန်တော် ထင်တယ်။ ဒါကို စစ်လား၊ မစစ်လား၊ ဟုတ်လား၊ မဟုတ်လားဆိုပြီး မေးနေတဲ့မေးခွန်တွေထက် ခင်ဗျားတို့က ဘာလုပ်မယ်ဆုံးဖြတ်ထားကြသလဲ။ အဲဒီအဖြေရှိရင် မြန်မာပြည်ဟာ သူပြောင်းမှာကို စဉ်စားနေတာထက် ကိုယ်စီ ကိုယ်စီမှာ ဘာလုပ်ကြမလဲဆိုတဲ့ အဖြေရှိလို့ရှိရင် မြန်မာပြည်ရှေ့ရောက်ဖို့ တော်တော်နီးစပ်နေပြီလို့ဆို ရမယ်။

အောက်တိုဘာ ၁၃ ထုတ် ရန်ကုန်တိုင်းမ် အတွဲ (၇) အမှတ် (၃၉) တွင်ပါသည့် “သင့်ဘဝ ဦးတင်မောင်သန်းနှင့် အင်တာဗျူး” ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

“လွတ်လပ်တဲ့ လွတ်မြောက်ခြင်းအတွက် အင်မတန်ဝမ်းသာတယ်။ ဒါကို ဆုံးဖြတ်ပေးတဲ့ နိုင်ငံတော်သမ္မတကြီး နဲ့ အစိုးရအဖွဲ့နဲ့ ပြည်သူ့လွှတ်တော်ကိုလည်း ကျေးဇူးတင်တယ်။ နောက်ထပ်လည်း ပိုပြီးတော့ ကောင်းမယ့် ခြေလှမ်း တစ်လှမ်းကို လှမ်းနိုင်လိမ့်မယ်လို့ ယုံကြည်မျှော်လင့်မိပါတယ်။ အဲဒီလို ပြီးပြည်စုံလာတဲ့အခါမှာ တိုင်းပြည်ရဲ့ စီးပွားရေးဟာ မျှခြေအဖြစ် ရောက်ရှိလာမယ်လို့ ယုံကြည်ပါတယ်။ အားလုံးဟာ အနာဂတ်အတွက် ရောင်ခြည်ကို တွေ့နေရပြီလို့ ခံစားရပါတယ်။ လှပတဲ့အနာဂတ်အတွက် တံခါးပွင်းသွားသလို ခံစားရပါတယ်”

အောက်တိုဘာ ၁၃ ထုတ် 7DAY News အတွဲ (၁၀) အမှတ် (၃၀) တွင်ပါသည့် “ယုံကြည်ချက်ကြောင့် အကျဉ်းကျခံ နေရသူများအတွက် မျှော်လင့်ချက်စကားသံများ” မှ ဦးချစ်ခိုင်(မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းအသင်းဥက္က)၏ ပြောကြားချက် အပေါ် ကောက်နှုတ်ချက်

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ဆောင်းပါးကဏ္ဍ

အပြောင်းအလဲအတွက် ခေါင်းဆောင်များကို ဝန်းရံကြ

မြန်မာနိုင်ငံသည် ကိုယ်တိုင်ပိတ်ဆို့ထားသော တံခါးများ၊ ပြင်ပမှ ပိတ်ဆို့ထားသော တံခါးချပ်ကြီးများကြောင့် နှစ် ပေါင်းများစွာ ကမ္ဘာ့အသိုင်းအဝိုင်းမှ ပြတ်ကျန်နေခဲ့ပြီဖြစ်သည်။ လတ်တလော ရရှိနေသော အခြေခံ အဆောက်အဦ၊ လူနေမှုအဆင့်အတန်းနှင့် နည်းပညာ တိုးတက်မှုများသည် နှစ်ပေါင်းများစွာ ပေးဆပ်ခဲ့ရသော အချိန်နှင့် ယှဉ်လျှင် မပြောပလောက်သည့် တိုးတက်မှုလေးများသာဖြစ်သည်။ အာရှတွင် လွတ်လပ်ရေးရပြီး နောက်ပိုင်း စူပါတန်းဝင်နိုင်ငံ တစ်နိုင်ငံ ဖြစ်လာ နိုင်သော မြန်မာနိုင်ငံသည် ယခုအခါ အိမ်နီးချင်း တိုင်းပြည်များကိုပင် လိုက်မမှီနိုင် သေးသောကြောင့် ဖြစ်သည်။ ဆိုရလျှင် ကွန်မြူနစ်လာအိုနှင့် ကမ္ဘောဒီးယားနိုင်ငံတို့သည်ပင် မြန်မာနိုင်ငံကို ကျော်တက်နိုင်နေပြီ ဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့် ခေတ်နောက်ကျ ကျန်ခဲ့ခြင်းမှာ နိုင်ငံရေး မတည်ငြိမ်မှုကြောင့်ဆိုသည့်အချက်မှာ လုံးဝငြင်း ဆို၍ မရသည့် ကိစ္စပင်ဖြစ်သည်။ လွတ်လပ်ရေးရပြီးတည်းက ဝါဒရေးရာကြောင့်ရော၊ တိုင်းရင်းသား အရေးကိစ္စကြောင့်ပါ ပြည်တွင်းစစ်နှင့် လုံးချာလည်နေခဲ့သည်။ ၁၉၈၈တွင် ကမ္ဘာကျော်လူထုအုံကြွမှုကြီးများ ဖြစ်လာပြီး  စစ်အစိုးရ၏ အာဏာ ပြန်လည်သိမ်းယူသွားမှုသည် ၂၃နှစ်ကျော်ကြာမြင့်သွားခဲ့သည်။ ထိုနှစ်တွေ အတွင်း တိုင်းရင်းသား လက်နက်ကိုင်အချို့နှင့် ငြိမ်းချမ်းရေးရခဲ့သည်။ ဗ.က.ပကို အနိုင်တိုက်နိုင်ခဲ့သည်။ သို့သော်ငြား ပြည်တွင်းစစ်တွေကတော့ ရပ်မသွားပေ။ လူမျိုးရေးကြောင့် တိုက်ပွဲဝင်နေသည့် တိုင်းရင်းသား လက်နက်ကိုင်တွေ အများကြီးရှိနေသည်။ ထို့အတူ စစ်အစိုးရ အုပ်ချုပ်သည့် ကာလတစ်လျှောက်လုံး ပြိုင်ဘက် နိုင်ငံရေး အင်အားစုတွေ လူမဆန်စွာ ညှဉ်းပမ်းနှိပ်စက်ခံရသည်။ တချို့ဆိုလျှင် ထောင်ထဲမှာ နှစ်ရှည်ပြစ်ဒဏ်တွေ၊ သူတို့အတွက် သေမှ ထောင်က ထွက်ရမည့် အခြေအနေပင်။ ထိုသို့ဖြင့် လူမဆန်သော အစိုးရကို ကမ္ဘာ့အသိုင်းအဝိုင်းက ကြဉ်သဖြင့် နောက်ဆုံးတွင် လောဘကြီးလွန်းသော တရုတ်၏ ထီးရိပ်သို့ရောက်ရကာ တရုတ်ကိုလိုနီ ဖြစ်မှန်းမသိ ဖြစ်လာရတော့သည်။  ထိုကာလအတွင်း နိုင်ငံကို ကယ်တင်နိုင်မည့် သူရဲကောင်းတစ်ဦး တစ်ယောက်မှ မပေါ်ခဲ့ပေ။ ပေါ်ခဲ့လျှင်လည်း ဘဝနာနာဖြင့်သာ ဇာတ်သိမ်းသွားရသည်မဟုတ်ပါလား။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ပင်လျှင် နေအိမ် အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံထားရ၍ အစိုးရအတိုက်အခံတွေ အမိမဲ့သား ရေနည်း ငါးကဲ့သို့ ကစဥ့်ကလျားဖြစ်နေခဲ့သည်။

ထိုသို့သော အခြေအနေတွင် မြန်မာနိုင်ငံအတွက် သူရဲကောင်းတစ်ဦးပေါ်လာခဲ့သည်။ ထိုသူရဲကောင်းမှာ ပြည်သူတွေ ထင်မှတ်မထားခဲ့သည့်ဘက်မှ ပေါ်ထွက်လာခဲ့ခြင်းဖြစ်သည်။ ထိုသူကား ယခုနိုင်ငံတော်သမ္မတ ဦးသိန်းစိန်ပင် ဖြစ် သည်။ ပြည်သူတွေမှာ ထင်မှတ်မထားသည့် ဖြစ်ရပ်တစ်ခုကို ကြုံလိုက်ရ၍ မယုံရဲယုံရဲဖြင့် ရင်တမမ ရှိနေကြသည်။ သို့ရာတွင် ဦးသိန်းစိန်သည် ၎င်း၏ သမ္မတကျမ်းကျိမ်ပွဲတွင်ပင် မြန်မာနိုင်ငံ၏ လက်ရှိပကတိ အခြေအနေမှန်များကို နားလည် သိရှိထားကြောင်းပြောကြားသွားခဲ့ပြီး အခြေမှစ၍ ပြုပြင်သွားနိုင်ရန် ကြိုးပမ်းသွားမည်ဟု ကတိပြုခဲ့သည်။ သမ္မတကြီး ဦးသိန်းစိန်သည် နှစ်ပေါင်းငါးဆယ်ကြာ ပိတ်ဆို့ထား၍  သံချေးအထပ်ထပ်တက်နေသော တံခါးချပ် ကြီးများကို တစ်ချပ်ပြီး တစ်ချပ်ဖွင့်ရန် ကြိုးစားလာခဲ့သည်။

ဦးသိန်းစိန်သည် အပြောင်းအလဲကို ခပ်ဖြေးဖြေးဖြင့်သာ စတင်ခဲ့သည်။ ကျမ်းကျိန်အပြီးမှာပင် အကျဉ်းကျနေသူများကို တစ်နှစ်လျော့ လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့သည်။ ထိုကိစ္စသည် သာမန်အားဖြင့် အားရဖွယ် မဟုတ်သော်လည်း စစ်အစိုးရ လောင်းရိပ်မှ ရုန်းထွက်နိုင်ရန် ကြိုးပမ်းရမည့် ဗိုလ်ချုပ်ကြီးဟောင်းအတွက်  ပထမဆုံး အားစမ်းလိုက်ရသည့် ကိစ္စပင်ဖြစ်သည်။ ပင်စင်လစာတွေ တိုးပေးလိုက်သည်။ မလိုအပ်သည့် ဌာနဆိုင်ရာတွေ လုပ်ထုံးလုပ်နည်းတွေ လျှော့ချလိုက်သည်။ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရန် ကြိုးပမ်းသည်။ ထိုကိစ္စတွေသည် နိုင်ငံတိုးတက်ဖို့အတွက် မဖြစ်မနေ လုပ်ရမည့် ကိစ္စတွေဖြစ်၍ ထူးဆန်းသည်ဟု မဆိုသာပါ။ တနည်းအားဖြင့် ပြည်ခိုင်ဖြိုး အစိုးရသည် သူတို့ဂုဏ်တက်အောင် လုပ်နေခြင်းဟုသာ မြင်နိုင်ပါသည်။ နိုင်ငံဖွံ့ဖြိုးတိုး တက်လာရုံမျှဖြင့် မြန်မာ့နိုင်ငံရေး ပြဿနာတွေ ပြေလည်သွားပြီဟု ပြောမရနိုင်ပါ။ မြန်မာလူထုသည် သည်းခံ ရောင့်ရဲတတ်သော လူမျိုး၊ မေ့လွယ်ပျောက်လွယ်သော လူမျိုးဖြစ်၍ ချောင်ချောင် လည်လည်ဖြစ်လာလျှင် ယခင်က ခံစားခဲ့ရတာတွေ မေ့သွားလိမ့်မည်ဟု လွယ်လွယ်တွေး၍ မရပေ။ တိုင်းပြည်တွင် မဖြေ ရှင်းနိုင်သေးသည့် ပြဿနာမှာ အမျိုးသား ပြန်လည်သင့်မြတ်ရေးပြဿနာပင်ဖြစ်သည်။ လက်နက်ကိုင်တိုက်ပွဲတွေနဲ့ လူထု လိုလားသည့် ခေါင်းဆောင်တွေ နိုင်ငံရေးတွင် ပါဝင်ခွင့်မရေသေးပေ။

စစ်တိုက်ရဲမှ၊ သေရဲမှ သူရဲကောင်းမဟုတ်၊ ခွင့်လွှတ်တတ်ခြင်းနှင့် သူရဲကောင်းကို မြှောက်စားခြင်းသည်လည်း သူရဲကောင်းတို့၏ ဝိသေသများ ဖြစ်သည်။ ထိုအချက်သည် သမ္မတဦးသိန်းစိန်နှင့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်တို့၏ တွေ့ဆုံဆွေးနွေးမှုဖြင့် မြင်သာသည့်အချက် ဖြစ်သည်။ လူထုခေါင်းဆောင်သည် ယခင်က နာကြည်းစရာတွေကို ခွင့်လွှတ်၍ သမ္မတကြီးနှင့် လက်ဆွဲနှုတ်ဆက်ခဲ့သည့် သူရဲကောင်းဖြစ်သလို သမ္မတကြီး အနေဖြင့်လည်း နိုင်ငံအတွက် တကယ်တန်ဖိုးရှိသည့် လူထုခေါင်းဆောင်ကို တိုင်းပြည်အတွက် လက်တွဲခေါ်ခဲ့သည်။ အမှန်ဆိုလျှင် နိုင်ငံ တကာကို အရပ်သားအစိုးရအဖြစ် တရားဝင်နေပြီဖြစ်ပြီး ဆက်လက် အုပ်ချုပ်သွားရန် သာရှိတော့သည်။ NLD သည် တရားမဝင် ပါတီဖြစ်နေပေပြီ။ သို့ရာတွင် သမ္မတကြီးအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ အစွမ်းအစကို ယုံသည်။ သူမသည် တိုင်းပြည်အတွက် တကယ်ပင် ကိုယ်ကျိုးစွန့် မည့်သူ အနစ်နာခံမည့်သူ ထိုသူမျိုးကို ရဲရဲဝံ့ဝံ့ လက်တွဲလိုက်ခြင်း ဖြင့် နိုင်ငံအတွက် မမှားနိုင်ဟု ယူဆခဲ့သည်။ ထိုသို့ဖြင့် နှစ်ပေါင်းများစွာ ရှိခဲ့သော အာဃာတတွေကို သင်ပုန်းချေ၍ အမျိုး သားပြန်လည်သင့်မြတ်ရေးအတွက် တံခါးတစ်ချပ်ကို စတင်ဆွဲဖွင့်လိုက်သည်။ သမ္မတကြီး၏ တံခါးဖွင့်သည့် လက်တွေကို လူထုခေါင်းဆောင်က ပါဝင်ကူညီခဲ့သည်။ ထို့အတူ ပြည်တွင်းငြိမ်းချမ်းရေးအတွက်လည်း လက်နက်ကိုင် အဖွဲ့အစည်း တွေကို ငြိမ်းချမ်း ရေးကမ်းလှမ်းသည်။ တိုင်းဒေသကြီး အစိုးရများမှတဆင့် နောင်တဆင့်တက်ဆွေးနွေးရန် ပြောဆိုထားသော်လည်း တိုင်းရင်းသားများဘက်က မလျော့သေး၍ ထိုကိစ္စမှာ မပြေလည်သေး၊ သို့ရာတွင် မကြာခင်မှာပင် ပြေလည် ဖွယ်ရှိပါသည်။

သမ္မတကြီးအနေဖြင့် ခက်ခဲပြီး အန္တရာယ်ရှိနိုင်သည့် တံခါးချပ်ကြီးတစ်ချပ်ကို ရဲရဲဝံ့ဝံ့ ဆွဲဖွင့်လိုက်ပြန်သည်။ မြစ်ဆုံကိစ္စကို တရုတ်နိုင်ငံအား အသိပေးခြင်းမရှိဘဲ ရပ်ဆိုင်းလိုက်သည့် ကိစ္စပင်။ ထိုကိစ္စသည် မြန်မာအပေါ် သြဇာကြီးပြီး ရိုးသားမှု မရှိသည့် တရုတ်နိုင်ငံကို အာခံခြင်းဖြစ်၍ အန္တရာယ် အလွန်ကြီးသည့် ကိစ္စပင်ဖြစ်သည်။ သို့ရာတွင် သမ္မတကြီးက ပြေလည်အောင်ဖြေရှင်းနိုင်ခဲ့သည်။ နှစ်ပေါင်းငါးဆယ်ကျော်အတွင်း ပြည်သူ့ အကျိုးကို ဆောင်ရွက်သည့် သမ္မတကို ပြည်သူတွေ ရရှိလိုက်ခြင်းဖြစ်၍ သမ္မတကြီးကို ပိုမိုယုံကြည်ကိုးစားလာ ကြပါသည်။ မြစ်ဆုံကိစ္စတွင် ဒုသမ္မ တင်အောင်မြင့်ဦး၊ သွားလေသူ ဗိုလ်ချုပ်မှူးကြီးသန်းရွှေတို့၏ အကျိုးစီးပွား အမြောက်အမြားပါဝင်နေသဖြင့်  သမ္မတကြီး အနေဖြင့် တရုတ်ရန်ကိုကသာမဘဲ အတွင်းရန်ကိုပါ အန္တရာယ်ကြီးစွာ ရင်ဆိုင်ခဲ့ခြင်းဖြစ်သည်။ ပိတ်နေသော တံခါးများ တွင် အန္တရာယ်အကြီးဆုံးနှင့် အခက်ခဲဆုံးလည်း ဖြစ်ပါသည်။

ယနေ့ သမ္မတကြီးက တံခါးတစ်ချပ်ထပ်မံ ဖွင့်လိုက်နိုင်ခဲ့ပြန်သည်။ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံ နေရသော နိုင်ငံရေးအကျဉ်းသားများ အပါအဝင် အကျဉ်းကျခံနေရသူများကို ပြစ်ဒဏ်များမှ လွတ်ငြိမ်းချမ်းသာ ခွင့်ပြုလိုက်ခြင်းပင် ဖြစ်သည်။ ထိုကိစ္စတွင် သမ္မတကြီးအပြင် အခြား ကျေးဇူးတင်ရမည့် ပုဂ္ဂိုလ်နှစ်ဦးကျန်နေပါ သေးသည်။ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီး သူရဦးရွှေမန်းနှင့် ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်ကြီးကိုကိုတို့ ပင်ဖြစ်ပါ သည်။ ယင်းပုဂ္ဂိုလ်နှစ်ဦးသည် အမျိုးသား ပြန်လည်သင့်မြတ်ရေး၏ တံခါးသုံးချပ်အနက်မှ တစ်ချက်ကို ကူညီပွင့် စေခဲ့သူများပင်ဖြစ်ပါသည်။ သမ္မတကြီး၏ တိုင်းပြည်အခြေပြုမိန့်ခွန်းတွင်ပင် နိုင်ငံ့အာဏာကို တရားနည်းလမ်းတကျ ရယူရန်၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်မခံသော အင်အားစုများကိုလည်း လက်ခံလာအောင် စည်းရုံး သွားပါမည်ဟု ထည့်သွင်း ပြောကြားခဲ့ပြီးဖြစ်၍ ယနေ့ကိစ္စမျိုး ပေါ်လာခြင်းဖြစ်ပါသည်။

ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများသည် နိုင်ငံအတွက် ၎င်းတို့၏ ဘဝများကို နှစ်ပေါင်းများစွာ ငရဲခန်း တွင် မြှပ်နှံခဲ့ရသူများဖြစ်ပြီး တိုင်းပြည်ကို ဦးဆောင်နိုင်စွမ်းရှိသူ၊ လူထုကို အကျိုးပြုနိုင်စွမ်းရှိသူ များပင် ဖြစ်ကြပါသည်။ ထိုသူများကို သူရဲကောင်းကို နေရာပေးတတ်သည့် သမ္မတကြီးက နိုင်ငံနှင့်လူမျိုးအကျိုးကို ရှေးရှုပြီး လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ပါသည်။ ရွေးကောက်ပွဲဝင်နိုင်ရန် ရွေးကောက်ပွဲဥပဒေတွေကိုလည်း ပြင်ဆင်ပေးခဲ့ပြီးဖြစ်သည်။ ထိုသူများကို လွှတ်ပေးရသည့်ကိစ္စမှာ လွယ်ကူသည့်ကိစ္စမဟုတ်ပါ။ ထိုသူရဲကောင်းများ ပြန်လည်လွတ်မြောက်လာမည်ကို ကြောက်သော စစ်အစိုးရ ဝန်ကြီးဟောင်းတချို့နှင့် လှေကြုံစီးနိုင်ငံရေးသမားများ အလွန်ကြောက်ပါသည်။  ရွေးကောက်ပွဲကာလမှ ပေါ်လာပြီး လူအထင်ကြီးအောင် လေလုံးထွားခဲ့သော သာကူးနိုင်ငံရေးသမားများ အနေဖြင့် နောင်တစ်ကြိမ် ရွေးကောက်ပွဲ များတွင် ထိုကဲ့သို့ နိုင်ငံရေး အစဉ်အလာကြီးမားသည့် ပုဂ္ဂိုလ်များနှင့် မည်သို့မျှ တန်းချင်း ယှဉ်နိုင်တော့မည် မဟုတ်သော ကြောင့်ပင်။ ထိုသို့သော နှစ်ဖက်ကျပ်တည်းသည့် အခြေအနေများမှ သမ္မတကြီးနှင့် ပြည်သူ့လွှတ်တော် ဥက္ကဌကြီး၏ ကြိုးပမ်းမှုကြောင့် ယနေ့ကဲ့သို့ နိုင်ငံရေးအစဉ်အလာကြီးမားသည့် ပုဂ္ဂိုလ်များ လွတ်မြောက်လာရပြီဖြစ်ပါသည်။ လွတ်မြောက် လာသည့် ပုဂ္ဂိုလ်များ အနေဖြင့်လည်း အခြေအနေကို သဘောပေါက်၍ သမ္မတကြီး၊ လူထုခေါင်းဆောင်တို့နှင့်အတူ နိုင်ငံနှင့် လူမျိုးအတွက် သဘောထားကြီးစွာ ပူးပေါင်းဆောင်ရွက်နိုင်ကြစေရန်လည်း ဆန္ဒပြုပါသည်။ သဘောထား ကြီးနိုင်လွန်းသော လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို အတုယူစေလိုပါသည်။ အကယ်၍ သမ္မတနှင့် လူထုခေါင်းဆောင် တို့၏ ကြိုးပမ်းမှုကို လျစ်လျူရှု၍ လူထုကို လမ်းပေါ်တက်စေမည့် လုပ်ရပ်များ ဆက်လက်လုပ်နေလျှင်လည်း လူထုခေါင်း ဆောင်အပါအဝင် မည်သည့် ပြည်သူတစ်ဦးတစ် ယောက်မျှ ထိုပုဂ္ဂိုလ်များ၏ နောက်တွင် ရှိနိုင်တော့မည်မဟုတ်ပေ။

ဆိုရလျှင် တိုင်းပြည်သည် အလွန်ကြီးမားသော အပြောင်းအလဲကြီးကို ဖြတ်သန်းနေရပါသည်။ ဟန်ချက် တစ်ချက်ပျက်လျှင် ချောက်ထဲ ရောက်သွားနိုင်သည့် အခြေအနေပင်ဖြစ်ပါသည်။ သမ္မတကြီး၊ လွှတ်တော် ဥက္ကဌကြီးနှင့် လူထု ခေါင်းဆောင်တို့သည် ကမ္ဘာ့အရပ်ရပ်နှင့်ဖြစ်ပေါ်နေသော အခြေအနေများကိုလိုက်၍ ပြောင်းလဲနိုင်ရန်၊ မြန်မာ နိုင်ငံကို ပိတ်ဆို့နေသော တံခါးများကို ဖွင့်လှစ်နိုင်ရန် အတူတကွ အားစိုက်ကြိုးပမ်းနေ ကြရပါသည်။ ထိုသို့သော အခြေအနေ မျိုးတွင် အတိတ်မှ ပုဂ္ဂိုလ်ရေးခံစားချက်များ၊ မိမိတို့၏ အတ္တများကို ဘေးဖယ်၍ အပြောင်းအလဲအတွက် ကြိုးပမ်းနေရသော သမ္မတကြီးနှင့် လူထုခေါင်းဆောင်တို့ကို အားပေး၍ တံခါးများဖွင့်ရန် ကြိုးပမ်း နေသည့် ၎င်းတို့ကို ဝန်းရံပေး ကြရန်သာ ဖြစ်ပါသည်။

××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

 

 

 

 

 

 

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

yangonchronicle 2011
yangonchronicle 2011

၁၂.၁၀.၂ဝ၁၁

ဘာသာပြန်သတင်းများ

  1. မြန်မာမှ အလားအလာကောင်းသော လက္ခဏာများကို ဝါရှင်တန် စောင့်ကြည့်နေကြောင်း ကလင်တန် ပြောကြား
    ( Reuters သတင်းမှ 12 Oct 2011 ရက်စွဲပါ “ Hillary Clinton : US ses promising singnals in Myanmar” သတင်းကို ဘာသာပြန်သည်)
  2. နိုင်ငံရေးအရ အကျဉ်းကျသူများ လွတ်ငြိမ်းချမ်းသာခွင့် စတင်မှုအဖြစ် ထင်ရှားသော အစိုးရဆန့်ကျင်ဝေဖန်သူကို မြန်မာအစိုးရလွှတ်ပေး
    ( AFP, Reuters မှ 12 Oct 2011 ရက်စွဲပါ “ Myanmar frees prominent  dissident as prisoner amnesty begins” သတင်းကို ဘာသာပြန်သည်)
  3. မူးယစ်ဆေးဝါးကိစ္စ မည်မျှကြာကြာခရီးဆက်လေဦးမည်နည်း။
    (10 October 2011 ရက်စွဲပါ Bangkok Post မှ ခေါင်းကြီးပိုင်းဖြစ်သော How Long can this go on? ကိုဘာသာပြန်ထားပါသည်။)

***************************************************************************

ဘာသာပြန်သတင်းများ

မြန်မာမှ အလားအလာကောင်းသော လက္ခဏာများကို ဝါရှင်တန် စောင့်ကြည့်နေကြောင်း ကလင်တန် ပြောကြား

( Reuters သတင်းမှ 12 Oct 2011 ရက်စွဲပါ “ Hillary Clinton : US sees promising singnals in Myanmar” သတင်းကို ဘာသာပြန်သည်။)

မြန်မာ့နိုင်ငံရေး ပြုပြင်ပြေင်းလဲမှု၏ အလားအလာကောင်းသသော လက္ခဏာများကြောင့် အမေရိကန်ပြည်ထောင်စုအနေဖြင့် ကျေနပ်အားတက်လျက် ရှိသော်လည်း ဝါရှင်တန်က တုန့်ပြန်မည့် ဆောင်ရွက်ချက်များကို ကြေညာရန် အချိန်စောလွန်းနေသေးသည်ဟု နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က အင်္ဂါနေ့တွင်ပြောကြားသည်။

ဆယ်စုနှစ်ချီ စစ်အုပ်ချုပ်ရေးနှင့် ဖိနှိပ်အုပ်ချုပ်မှုအပြီးတွင် နိုင်ငံရေးအလယ်အလတ်လမ်းစဉ် ကျင့်သုံးရန် လမ်းစများ ထွက်ပေါ်လျက် ရှိသော အရှေ့တောင်အာရှ တံခါးပိတ် မြန်မာနိုင်ငံမှ အဖြစ်အပျက်များကို ဝါရှင်တန်က အနီးကပ် စောင့်ကြည့်နေသည်ဟု ကလင်တန်က Reuters သတင်းဌာနနှင့် အင်တာဗျူးတွင် ပြောဆိုခဲ့သည်။ မြန်မာအာဏာပိုင်များက ဗုဒ္ဓဟူးနေ့တွင် လွှတ်ပေးတော့မည်ဟု မျှော်လင့်ရသည်။

“ ကျွန်မတို့ မြင်ချင်တာက လက်တွေ့ဆောင်ရွက်ပြသမှုတွေပါ။ တကယ်လို့ သူတို့ကသာ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးမယ်ဆိုရင်တော့ သိပ်ကို အပြုသဘောဆောင် ကောင်းမွန်တဲ့ လက္ခဏာတစ်ခုလို့ ဆိုရမှာပါ” ဟု ကလင်တန်က မှတ်ချက်ပေးသည်။

သို့သော် မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့ထားသော Sanctions များ ရုတ်သိမ်းပေးသည်အထိ အမေရိကန်ပြည်ထောင်စုက တုန့်ပြန် လိုက်လျောဖို့ ရှိသလားဟု Reuters က မေးမြန်းရာတွင် “ ကျွန်မတို့ လုပ်မှာလား၊ မလုပ်ဘူးလား ဆိုတာကို ကြေညာဖို့အတွက် အချိန်နဲနဲစောပါတယ်” ဟု ကလင်တန်က ဖြေကြားသည်။

သူမ ရည်ညွှန်းပြောဆိုသည့် အလားအလာကောင်းသော လက္ခဏာများတွင် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာအစိုးရတို့ ဆက်လက်ဆွေးနွေးနေခြင်း၊ ပြည်သူ့သဘောထားကို လိုက်လျောတုန့်ပြန်သည့်အနေဖြင့် ၃.၆ ဘီလျံ ဒေါ်လာ တရုတ်လုပ် ရေလှောင်တမံကို ရပ်ဆိုင်းထားခြင်း စသည့် ကိစ္စများ ပါဝင်သည်။

အဆိုပါ သိသာသော အပြောင်းအလဲများသည် မြန်မာခေါင်းဆောင်များဖက်မှ မဟာဗျူဟာမြောက် ပြောင်းလဲလာမှု၏ရလဒ်လား( သို့ ) နည်းဗျူဟာမြောက် အကွက်ရွှေ့ရုံလောက်ပဲလားဟု မေးမြန်းရာ၌ ‘ ဒီမေးခွန်းရဲ့ အဖြေကိုတော့ မသိပါဘူး’ ဟု ကလင်တန်က ပြောကြားသည်။

***************************************************************************

နိုင်ငံရေးအရ အကျဉ်းကျသူများ လွတ်ငြိမ်းချမ်းသာခွင့် စတင်မှုအဖြစ် ထင်ရှားသော အစိုးရဆန့်ကျင်ဝေဖန်သူကို မြန်မာအစိုးရလွှတ်ပေး

( AFP, Reuters မှ 12 Oct 2011 ရက်စွဲပါ “ Myanmar frees prominent  dissident as prisoner amnesty begins” သတင်းကို ဘာသာပြန်သည်)

နိုင်ငံရေးအရ ထိန်းသိမ်းထားသူများ ပါဝင်လိမ့်မည်ဟု မျှော်လင့်ရသော နိုင်ငံရေးအကျဉ်းသားများ လွတ်ငြိမ်းချမ်းသာခွင့် အစီအစဉ် စတင် ဆောင်ရွက်မှုအဖြစ် နာမည်ကျော်လူရွှင်တော်၊ ထင်ရှားသောနိုင်ငံရေးသမား ဇာဂနာကို မြန်မာအစိုးရက ဗုဒ္ဓဟူးနေ့တွင် လွှတ်ပေးလိုက်ပြီဖြစ်သည်။

မြန်မာနိုင်ငံ၌ နာမည်တစ်လုံးဖြင့် ထင်ရှားကျော်ဇောသူ ဇာဂနာသည် ၂၀၀၈ မေလက ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသတွင် စုစုပေါင်း ၁၄၀၀၀၀ ကျော် အသက်ဆုံးရှုံးခဲ့ရသော နာဂစ် မုန်တိုင်းအပြီး ကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်ရန် နှောင့်နှေးကြန့်ကြာနေသည့် ယခင်တပ်မတော်အစိုးရ ခေါင်းဆောင်များကို လူသိရှင်ကြား ပြစ်တင်ဝေဖန်ခဲ့ခြင်းကြောင့် ၂၀၀၈ ဇွန်လတွင် ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရခြင်းဖြစ်သည်။

ဒီမိုကရေစီလိုလားသော နိုင်ငံရေးလှုပ်ရှားသူများ၊ သတင်းထောက်များ၊ ဘုန်းကြီးများ၊ ရှေ့နေများ ပါဝင်သော နိုင်ငံရေးအကျဉ်းသား ခန့်မှန်းခြေ ၂၀၀၀ ခန့် လွတ်မြောက်ရေးကိစ္စကို မြန်မာနိုင်ငံအား အရေးယူပိတ်ဆို့ထားကြသည့် အနောက်နိုင်ငံများက ယခင်ကပင် အဓိကထားတောင်းဆိုခဲ့ကြသည်။

မည်သို့ပင်ဖြစ်စေ အကျယ်ချုပ်မှ မနှစ်က လွတ်မြောက်လာခဲ့သော အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အစိုးရဆန့်ကျင်ဝေဖန်သူများကို လိုက်လျောဆက်ဆံရန် ကြိုးစားလာသော မြန်မာအစိုးရသစ်လက်ထက် ပြုပြင်ပြောင်းလဲလာမှုများတွင် ယခုနိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးမှုသည် အထင်ရှားဆုံး လက္ခဏာတစ်ရပ်ပင် ဖြစ်လေသည်။

ဇာဂနာက Reuters နှင့် ပြောဆိုရာ၌ ဗုဒ္ဓဟူးနေ့တွင် လွှတ်ပေးမည်ဟု အာဏာပိုင်များက ပြောကြားထားသော အကျဉ်းသား ၆၃၅၉ ဦးအနက် ယုံကြည်ချက်ကြောင့် အကျဉ်းကျသူများဟု ခေါ်ဝေါ်သော နိုင်ငံရေးအကျဉ်းသားများ ပါဝင်လိမ့်မည်ဟု သိရှိထားသော်လည်း အကျဉ်းထောင် အသီးသီးမှ မည်မျှလွှတ်ပေးလိုက်ပြီဆိုသည်ကို အရေအတွက် အတိအကျ မသိသေးပါဟု ရှင်းလင်းပြောကြားသည်။

နိုင်ငံတော်တည်ငြိမ်မှုနှင့် ပြည်သူတို့၏ အေးချမ်းသာယာမှုကို ခြိမ်းခြောက်ခြင်း မရှိခဲ့သော အကျဉ်းသားများကို လွှတ်ပေးရန် အသစ်စက်စက် အမျိုးသားလူ့အခွင့်အရေးကော်မရှင်က သမ္မတကြီးထံ အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာများက အင်္ဂါနေ့တွင် ဖေါ်ပြခဲ့သည်။

သို့သော်လည်း နိုင်ငံရေးအကျဉ်းသားအားလုံးကို တစ်ကြိမ်ထဲနှင့် လွှတ်ပေးမှာလား ( သို့ ) အရေအတွက် မည်မျှ လွှတ်ပေးမှာလဲဆိုသည်ကိုမူ ယခုအချိန်ထိ သဲကွဲစွာ မသိရသေးပါ။

 ***************************************************************************

မူးယစ်ဆေးဝါးကိစ္စ မည်မျှကြာကြာခရီးဆက်လေဦးမည်နည်း

(10 October 2011 ရက်စွဲပါ Bangkok Post မှ ခေါင်းကြီးပိုင်းဖြစ်သော How Long can this go on? ကိုဘာသာပြန်ထားပါသည်။)

မြောက်ပိုင်းတွင် အသစ်ပေါ်ထွက်လာသော မူးယစ်ဆေးဝါးစစ်ပွဲများက ဝန်ကြီးချုပ် ယင်းလပ်ရှင်နာဝပ်ထရာအနေဖြင့် ပြီးခဲ့သည့်အပတ်က သူမပေးခဲ့သည့် အချိန်ထက်စာလျှင် ထိုကိစ္စကိုပိုမိုအချိန်ပေး လုပ်ဆောင်ရန် ရှင်းလင်းစွာ ပြသလိုက်ခြင်း ဖြစ်ပါသည်။

မဲခေါင်မြစ်တွင် မသိနားမလည်သူ (၁၂) ဦးသေဆုံးခဲ့ရခြင်းနှင့် မြစ်အတွင်း လုပ်ကိုင်စားသောက်နေသော ရိုးသားသော ပြည်သူများကို ကြောက်ရွံ့စေခြင်းကို လက်မခံနိုင်ပေ။ မြန်မာစစ်အစိုးရသည် ကာလရှည်ကြာကပင် ရှိနေခဲ့သောတရားမဝင် မူးယစ်ဆေးဝါး လုပ်ငန်းကိုခွင့်ပြုထားခဲ့ပါသည်။

ပြီးခဲ့သည့် ရက်သတ္တပတ်အကုန်က ဖြစ်ပွားခဲ့သောသွေးထွက်သံယိုမှုသည် မြန်မာအစိုးရအား မူးယစ်ဆေးဝါးဂိုဏ်းများကို တိုက်ခိုက်ရာတွင် ခပ်ပေါ့ပေါ့စဉ်းစား၍ မရတော့ကြောင်း ပြသလိုက်ခြင်း ဖြစ်ပါသည်။ ယခုအခါ မဆီမဆိုင် တရုတ်နိုင်ငံကပါ ထိုပြဿနာများတွင် ပါဝင်ပတ်သက်လာခဲ့ရရာ ဒေသတွင်းအနေဖြင့် ထိုပြဿနာကိုရှင်းလင်းပစ်ရန် မြန်မာနိုင်ငံအပေါ် ပိုမိုဖိအားပေးရတော့မည် ဖြစ်ပါသည်။

ယခုမြောက်ပိုင်းမှ သွေးထွက်သံယိုမှုများ၏ အရင်းအမြစ်နှင့် ထိုင်းနိုင်ငံရှိ မူးယစ်ဆေးဝါးကျူးလွန်မှုများ၏ မူလအရင်းအမြစ်မှာ အတူတူပင် ဖြစ်ပါသည်။ “ဝ” သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ခေါင်းဆောင်များသည် ၁၉၉၀ ခုနှစ်များအတွင်းက နိုင်ငံတကာ ပြစ်မှုကျူးလွန်ရေး အဖွဲ့ကို တည်ထောင်ခဲ့ပါသည်။ ၎င်းတို့သည် အဓိကမူးယစ်ဆေးဝါးထုတ်လုပ်ရေးစက်ရုံများကို မြန်မာနိုင်ငံအတွင်းတွင် တည်ထောင်ခဲ့ပါသည်။ အစပထမတွင် ၎င်းတို့သည် မူးယစ်ဆေးဝါးများကို ထိုင်းနိုင်ငံရှိလူငယ်များကို ရောင်းချရန် ပစ်မှတ်ထားခဲ့ကြပါသည်။

နှစ်အတန်ကြာသောအခါ “ဝ” ခေါင်းဆောင်များသည် ၎င်းတို့၏ မက်သာဖက်တမင်းများကို သယ်ယူရန် ထိုင်းနိုင်ငံရှိ ရာဇဝတ်မှုကျူးလွန်သူများနှင့် ဆက်သွယ်ခဲ့ပါသည်။ ထို့နောက် တိုင်ဝမ်အခြေစိုက် 14K ရာဇဝတ်မှု ကျူးလွန်သူများအုပ်စုနှင့် ပူးပေါင်း၍ နိုင်ငံခြားသို့ ဟီးရိုးအင်းများကိုသဘောင်္ဖြင့် တင်ပို့ခဲ့ပါသည်။

မကြာသေးမီက “ဝ” များသည် ၎င်းတို့၏ မူးယစ်ဆေးဝါးစက်ရုံများကို ထိုင်းနယ်စပ်မှ တရုတ်နှင့် နီးကပ်သောမြောက်ပိုင်းဒေသနေရာတစ်ခုသို့ ပြောင်းရွှေ့သွားကြောင်းသိရပါသည်။ ထိုင်းထောက်လှမ်းရေးနှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးတာဝန်ရှိပုဂ္ဂိုလ်များ၏ အဆိုအရတရားမဝင် မက်သာဖက်တမင်းထုတ်လုပ်နေသော ဗဟိုဌာနမှာရှမ်းပြည်နယ် လားရှိုးမြို့ အနောက်တောင်ရှိပန်ဆန်းတွင် ရှိသည်ဟုသိရှိရပါသည်။ ပန်ဆန်းမှာအကျင့်ပျက် ခြစားနေသော “ဝ” ခေါင်းဆောင်များအတွက် လုံခြုံရာနေရာဖြစ်ပြီး မူးယစ်ရာဇာများ၏ ငွေကြေးဗဟိုဌာနဖြစ်ပါသည်။ အရှေ့တောင်အာရှ တရားမဝင်မူးယစ်ဆေးဝါးရောင်းဝယ်ရေးနှင့် ပတ်သက်သည်ဟု မှတ်ယူထားသောဘဏ်ကြီးနှစ်ခု၏ အဓိကဘဏ်ခွဲများသည် ပန်ဆန်းတွင် ရှိပါသည်။

တရားမဝင် မူးယစ်ဆေးဝါးရောင်းဝယ်ရေး လမ်းကြောင်းမှာပန်ဆန်းတွင် စတင်သည်ဟုဆိုကြပြီး၊ ပစ္စည်းသယ်ဆောင်သူများသည် အရှေ့တောင်ဘက် ထိုင်းနိုင်ငံသို့ ဦးတည်သွားခဲ့ကြသည်ဟု သတင်းများကဆိုပါသည်။ ချင်းရိုင်ပြည်နယ် Chiang Saeတဖက်ကမ်းရှိကာစီနိုသည် ဘမ်းပြလုပ်ငန်းသာ ဖြစ်ပြီးမူးယစ်ဆေးဝါးရောင်းဝယ်သူများ၏ နေရာသာဖြစ်ကြောင်းအာဏာပိုင်များကယုံကြည်လျှက်ရှိပါသည်။

ပြီးခဲ့သည့် အပတ်ကထိုင်းနိုင်ငံအတွင်း မူးယစ်ဆေးပြားများ သန်းနှင့်ချီဝင်ရောက်မှုကို တားဆီးရန် စစ်ဆင်ရေးပြုလုပ်ခံရာ မူးယစ်ဆေးဝါးဂိုဏ်းများက မဲခေါင်မြစ်ပေါ်ရှိတရုတ်အလံတင်ထားသော သဘောင်္နှစ်စီးကို ပြန်ပေးဆွဲခဲ့ပါသည်။ သဘောင်္သားအားလုံးနီးပါး (12)ဦးအား သတ်ပစ်ခဲ့ပါသည်။ ထိုသို့သောလုပ်ဆောင်လာမှုများကို ရပ်ဆိုင်းပစ်ရမည် ဖြစ်ပါသည်။

၂၀၀၀ ပြည့်နှစ်က “ဝ” ခေါင်းဆောင် ပေါက်ယူချမ်းက မြန်မာစစ်အစိုးရအာဏာရှိပုဂ္ဂိုလ်တစ်ဦးဖြစ်သူ ဗိုလ်ချုပ် ခင်ညွန့်အား ၂၀၀၅ ခုနှစ်တွင် မူးယစ်ဆေးဝါးရောင်းဝယ်မှုများ အဆုံးသတ်မည်ဟုကတိပေးခဲ့ပါသည်။

သို့မဟုတ်ပါက “ကျွန်တော့်ခေါင်းကို ဖြတ်ပါ” ဟု ၎င်းက ပြောဆိုခဲ့ပါသည်။ ၎င်း၏ စကားအတိုင်းလုပ်ဆောင်နိုင်လျှင် ကောင်းလိမ့်မည် ဖြစ်ပါသည်။ အနည်းဆုံးအားဖြင့် ၎င်းအားဖမ်းဆီးထားရမည် ဖြစ်ပါသည်။ ထိုင်းနိုင်ငံနှင့် အမေရိကန်ပြည်ထောင်စုတို့တွင် ၎င်းအားဖမ်းဝရမ်းထုတ်ထားပြီး ဖြစ်ပါသည်။ အမေရိကန်နှင့် ထိုင်းအာဏာပိုင်များသည် “ဝ” စစ်ခေါင်းဆောင် Wei Hsueh-Kang နှင့်၎င်း၏ ထိုင်းပါတနာ SurachaiNgernthongfu တို့အားလည်းဖမ်းဝရမ်းထုတ်ထားပါသည်။

အဆိုပါ ပုဂ္ဂိုလ်များနှင့် အခြားသူများကို တရားဥပဒေအရအရေးယူနိုင်မည်ဆိုလျှင် တိုးတက်မှုများရှိလာနိုင်မည် ဖြစ်ပါသည်။ ယခုမူဖြေရှင်းရန် နည်းကောင်းတစ်ခုရှိနေပါသေးသည်။ မြန်မာအစိုးရသစ်သည် ပန်ဆန်းရှိရာဇဝတ်သားများနှင့် ၎င်းတို့၏ စက်ရုံများကို စတင်နှိမ်နင်းနိုင်မည် ဆိုပါကအများ၏ အသိအမှတ်ပြုမှုကိုခံရမည် ဖြစ်ပါသည်။ ထိုင်း၊ တရုတ်နှင့် သံတမန်များသည် ထိုအချက်အား မြန်မာအစိုးရသိစေရန် ရှင်းပြမည် ဖြစ်ပါသည်။ မြန်မြန်ဆန်ဆန် လုပ်ဆောင်နိုင်လေပိုကောင်းလေ ဖြစ်ပါသည်။

*************************************************************************************

 

 

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs