Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011- (1)
yangonchronicle 2011- (1)

၂၅.၁၁.၂ဝ၁၁

ဘာသာပြန်သတင်းများအပိုင်း(၁)

  1. မြန်မာနိုင်ငံသို့ ထောက်ပံ့မှု ပြန်လည် စတင်ရန် ဂျပန် ဆွေးနွေး
    (Japan Today မှ 25, Nov 2011 ရက်စွဲပါ "Japan in talks to resume Myanmar aid" သတင်းကို ဘာသာ ပြန်ဆိုသည်)
  2. အမေရိကန်- မြန်မာ အကျိုးစီးပွားပေါင်းဆုံရာ
    ( 24 Nov 2011 ရက်စွဲပါ Asia Times Online မှ David I Steinberg ၏ US - Myanmar : A convergence of interests ကို ဘာသာပြန်သည်)

*************************************************

ဘာသာပြန်သတင်းများ

မြန်မာနိုင်ငံသို့ ထောက်ပံ့မှု ပြန်လည် စတင်ရန် ဂျပန် ဆွေးနွေး

(Japan Today မှ 25, Nov 2011 ရက်စွဲပါ "Japan in talks to resume Myanmar aid" သတင်းကို ဘာသာ ပြန်ဆိုသည်)

တိုကျို၏ တရားဝင် ဖွံ့ဖြိုးရေး ကူညီထောက်ပံ့မှု ပြန်လည် စတင်ရေးကို ဆွေးနွေးရန် ဂျပန်နှင့် မြန်မာတာဝန်ရှိသူများ လာမည့်အပတ် နေပြည်တော်တွင် တွေ့ဆုံကြမည်ဟု ဂျပန် နိုင်ငံခြားရေးဌာန တာဝန်ရှိသူ တစ်ဦးက ကြာသပတေးနေ့တွင် ပြောကြားသည်။

သံတမန်ရေး အေးစက်မှု အပယ်ခံ အစည်းအဝေး အတွင်းမှ အထီးကျန် နိုင်ငံကို ထောက်ခံ ကြိုဆိုရန် ပြောင်းလဲလာကြပုံရသော နိုင်ငံတကာ၏ ထုတ်ဖော်ပြသမှု တသီတတန်းအနက် ယခုကိစ္စသည် နောက်ဆုံးတစ်ခု ဖြစ်သည်။

ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို မကြာခဏ ဖမ်းဆီးထိန်းသိမ်းခဲ့သော မြန်မာအစိုးရအပေါ် တိုကျိုက လူသားခြင်း စာနာမှုနှင့် အရေးပေါ် အထောက်အပံ့များကို ဆက်လက်ပေးကမ်း ကူညီခဲ့သော်လည်း ၂၀၀၃ ခုနှစ်တွင် ပုံမှန်စီးပွားရေး အကူအညီကို ရပ်ဆိုင်း ပစ်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် နောက်ဆုံးအကြိမ် ၇ နှစ် ဆက်တိုက် ထိန်းသိမ်းခြင်း ခံခဲ့ရပြီးနောက် မနှစ်က နိုဝင်ဘာလတွင် လွတ်မြောက် လာခဲ့ပြီး သူမ၏ ပါတီကလည်း ဆယ်စုနှစ်ချီ စစ်အုပ်ချုပ်ရေး အလွန် တရားဝင် မြန်မာနိုင်ငံရေး ရပ်ဝန်းတွင် ပြန်လည် လှုပ်ရှားတော့မည်ဟု ယခင် သီတင်းပတ်က ကြေညာလိုက်ပြီ ဖြစ်သည်။

မနှစ်က ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာပြီး နောက်ပိုင်း မြန်မာနိုင်ငံမှာ နိုင်ငံရေး အနေအထား တိုးတက် ပြောင်းလဲမှု အချို့ဖြစ်ပေါ်ခဲ့ပါတယ် ဟု ဂျပန် နိုင်ငံခြားရေး တာဝန်ရှိသူက ဆိုသည်။

၂၀၀၃ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် အဖြစ် တနင်္လာနေ့တွင် ကျင်းပကြမည့် အစည်းအဝေးတွင် မြန်မာနိုင်ငံသို့ ဂျပန် အကူအညီပေးမှု မရပ်ဆိုင်းခင်က အဆင့်ထိ ရောက်အောင် ပြန်လည် ထောက်ပံ့ရေး ကိစ္စကို ဆွေးနွေးကြမည်ဟု ယင်း တာဝန်ရှိသူက ပြောကြားသည်။

"မြန်မာတွေ ဆွေးနွေးလိမ့်မယ်လို့ မျှော်လင့်ရတဲ့ နောက်တစ်ချက်ကတော့ ရေအားလျှပ်စစ် စက်ရုံတည်ဆောက်မှု ပြန်လည် စတင်ရေး အလားအလာပဲ ဖြစ်ပါတယ်။ ဂျပန်နိုင်ငံအနေနဲ့ လုပ်ငန်းပြန်စဖို့ အဆင်သင့် ရှိပေမယ့် လုပ်ငန်း ရပ်ဆိုင်းထားတဲ့ အချိန် တော်တော်လေး ကြာနေပြီဖြစ်လို့ မြေပြင် သုတေသန တိုင်းထွာလေ့လာမှု ပြန်လုပ်ဖို့ လိုအပ်တယ်လို့ မြန်မာနိုင်ငံကို ပြောထားပါတယ်" ဟု အမည်မဖော်လိုသူ ဂျပန် တာဝန်ရှိသူက ဆိုသည်။

ဂျပန်နိုင်ငံသည် အဓိက အင်အားကြီး အနောက်နိုင်ငံများကဲ့သို့ မဟုတ်ပဲ မြန်မာတို့ကို ကုန်သွယ်မှု ဆိုင်ရာ ဆက်ဆံဆွေးနွေးမှုကို အမျှင်မပြတ်အောင် ထိန်းသိမ်းခဲ့ပြီး အကယ်၍ မြန်မာတို့အပေါ် တင်းမာ လွန်းပါက အဓိက နိုင်ငံရေး၊ စီးပွားရေး ပံ့ပိုး၍ စည်းရုံးနေသော အိမ်နီးခြင်း တရုတ်နှင့် နီးကပ်သွားအောင် တွန်းပို့ရာ ရောက်လိမ့်မည်ဟု သတိပေး ပြောဆိုနေသော နိုင်ငံဖြစ်သည်။

နိုင်ငံတကာ အသိုင်းအဝိုင်းသည် မြန်မာနိုင်ငံနှင့် ပြန်လည် ဆက်ဆံခြင်းကို မကြာသေးမှီ လပိုင်းများ အတွင်း စတင်ခဲ့ပြီ ဖြစ်သည်။

မြန်မာနိုင်ငံကို ထိုကဲ့သို့ သံတမန်ရေး ချီးမြှောက်ရန် အချိန်မတန်သေးဟု အချို့က စိုးရိမ်တကြီး သတိပေးနေကြသော်လည်း ဒေသအတွင်း ၁၀ နိုင်ငံ အာဆီယံ အဖွဲ့ဝင်များက ၂၀၁၄ အလှည့်ကျ ဥက္ကဌ နေရာကို မြန်မာတို့အား တာဝန်ပေးရန် ပြီးခဲ့သော သီတင်းပတ်က သဘောတူလိုက်ကြပြီ ဖြစ်သည်။

အမေရိကန် သမ္မတ အိုဘားမားက "နောက်လတွင် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရင်ကလင်တန် မြန်မာနိုင်ငံသို့ သွားမည်" ဟု သောကြာနေ့က ကြေညာလိုက်ပြီဖြစ်ရာ ဟီလာရီသည် နှစ်ပေါင်း ၅၀ အတွင်း ပထမဆုံး မြန်မာနိုင်ငံရောက် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဖြစ်လာပါလိမ့်မည်။

နှစ်ပေါင်းများစွာ စစ်အုပ်ချုပ်ရေး အဖိနှိပ်ခံ၊ နိုင်ငံတကာ အပယ်ခံ ဖြစ်ခဲ့ရသော နိုင်ငံတွင် ပေါ်ထွက်လာသော ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှု အရိပ်အယောင်များကို အားပေးမြှင့်တင်ရန် အတွက် ယခု ခရီးစဉ်ကို စီစဉ်ခြင်း ဖြစ်သည်ဟု အိုဘားမားက ဆိုသည်။

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းကလည်း မြန်မာအစိုးရ၏ ပြုပြင် ပြောင်းလဲလာမှုကို အားပေးရန် မြန်မာနိုင်ငံသို့ စောနိုင်သမျှ စောစော ရောက်အောင် သွားမည်ဟု စနေနေ့က ပြောကြားသည်။

*******************************************************************************

အမေရိကန်- မြန်မာ အကျိုးစီးပွားပေါင်းဆုံရာ

( 24 Nov 2011 ရက်စွဲပါ Asia Times Online မှ David I Steinberg ၏ US - Myanmar : A convergence of interests ကို ဘာသာပြန်သည်)

( David I Steinberg သည် ဂျော့တောင်းတက္ကသိုလ် School of foreign service မှ အာရှလေ့လာရေး ထူးချွန်သော ပါမောက္ခဖြစ်သည်)

အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် ဒီဇင်ဘာလတွင် မြန်မာနိုင်ငံသို့ သွားရောက်လည်ပတ်မည်ဟု ကြေညာချက်သည် သမ္မတ Barak Obama အစိုးရ၏ မြင်သာထင်သာသော ကြိုဆိုမှုတစ်ခုဖြစ်သည်။ နှစ်နိုင်ငံ အမျိုးသားအကျိုးစီးပွားအတွက် တိုးတက်သော ဆက်ဆံရေး လိုအပ်နေသည်ဟု နှစ်ဖက်စလုံးမှ တိုး၍သဘောပေါက်လာခြင်း၏ အသီးအပွင့်ဖြစ်ပြီး၊ နှစ်နိုင်ငံစလုံး၏ အတွင်းရော အပြင်ရော လှုံ့ဆော်မှုများ၏ ရလဒ်လည်းဖြစ်သည်။

Obama အစိုးရသည် ၎င်းစတင်တာဝန်ယူစဉ်က Bill Cliton နှင့် George W Bush တို့ လက်ထက်က မြန်မာနိုင်ငံတွင် အစိုးရပြောင်းလဲရေးကို ထောက်ခံသော မူဝါဒကို အမွေဆက်ခံခဲ့ရသည်။ သို့သော် ၎င်းသည် ၎င်းမူဝါဒကို စွန့်လွှတ်ခဲ့ပြီး တွေ့ဆုံဆွေးနွေးခြင်းဖြင့် ပြုပြင်ပြောင်းလဲရေးများကို အားပေးပြီး ဆက်ဆံရေး တိုးတက်ရေး ဖြစ်နိုင်သည့် နည်းလမ်းများကို ရှာဖွေခဲ့သည်။

နှစ်ဖက်စလုံးမှ အချက်ပြမှုများ ရှိခဲ့သည်။ အလယ်အလတ်အဆင့်ရှိ အမေရိကန်သံတမန်များသည် မြန်မာကက်ဘိနက်အဆင့် တာဝန်ရှိသူများနှင့် ပထမဆုံးအကြိမ်အဖြစ် ထိတွေ့ဆက်ဆံမှုများရှိခဲ့သည်။ ဝါရှင်တန်သည် ၁၉၉၇ ခုနှစ်က အာဆီယံသို့ မြန်မာ ဝင်ရောက်ခဲ့မှုကြောင့် လက်မှတ်မထိုးခဲ့သော အာဆီယံချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးစာချုပ်ကို လက်မှတ်ရေးထိုးခဲ့သည်။

အမေရိကန်ပြည်ထောင်စုသည် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးရန် လိုလားခဲ့ပြီး၊ မြန်မာအစိုးရကလည်း အရေးယူပိတ်ဆို့မှုများကို ဖယ်ရှားပေးစေလိုခဲ့သည်။

အားနည်းချက်များရှိသော်လည်း အရေးပါသည့် ရွေးကောက်ပွဲများအပြီး ၂၀၁၁ နွေဦး အရပ်သားအစိုးရ တာဝန်ယူလာပြီးနောက် ဝန်ကြီးချုပ်ဟောင်းနှင့် ဗိုလ်ချုပ်ကြီးဟောင်းဖြစ်သူ သမ္မတဦးသိန်းစိန်သည် ရာစုနှစ် တစ်ဝက်ခန့် မလုပ်ဘူးခဲ့သော အလုပ်များကို စတင် လုပ်ဆောင်ခဲ့သည်။ ဝေဖန်သုံးသပ်သူများက ပြောဆိုရာတွင် ယခင်ကလည်း မအောင်မြင်သော မပြောပလောက်သည့် ပြောင်းလဲမှုအတွက် ကြိုးပမ်းမှုများ ရှိခဲ့ဘူးသော်လည်း လက်ရှိပြောင်းလဲမှု၏ အတိုင်းအတာနှင့် အရေးပါမှုသည် ယခင်က ဖြစ်ပျက်ခဲ့ဘူးခြင်း မရှိသေးပေ။

ဆင်းရဲမွဲတေမှု မြင့်တက်နေခြင်း၊ အကျင့်ပျက်ခြစားမှုများနှင့် လူမှုရေးကဏ္ဍများအပေါ် လစ်လျူရှုခဲ့ကြောင်း သမ္မတ၏ ဝန်ခံခြင်းမှ အစပြု၍ နိုင်ငံရေး အကျဉ်းသားအချို့လွှတ်ပေးခြင်း၊ လူ့အခွင့်အရေးကော်မရှင်ဖွဲ့စည်းခြင်း၊ ပျော့ပြောင်းသော အလုပ်သမားဥပဒေသစ်များ၊ ဆင်ဆာများ လျော့ပေါ့ခြင်း၊ ယခင် အစိုးရဆန့်ကျင်သူများနှင့် ထိတွေ့ဆက်ဆံခြင်းများကို လုပ်ဆောင်လာခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲဝင်နိုင်ရန်နှင့် အမျိုးသားဒီမိုကရေအဖွဲ့ချုပ်အား မှတ်ပုံတင်နိုင်စေရန် ပါတီမှတ်ပုံတင်ရေးဥပဒေများကို ပြင်ဆင်ပေးခြင်းများ ပြုလုပ်ခဲ့သည်။

ဝေဖန်သုံးသပ်သူများက အဆိုပါ ပြောင်းလဲမှုအား အဘယ်ကြောင့် လုပ်ဆောင်ရသနည်းဟု မေးကြသည်။ အကြောင်းတစ်ခုမှာ ၂၀၁၄ ခုနှစ် အာဆီယံထိပ်သီးအစည်းအဝေးတွင် မြန်မာနိုင်ငံက ဥက္ကဋ္ဌနေရာ သေချာစေရေးအတွက် လုပ်ဆောင်ခြင်း ဖြစ်နိုင်သည်။ မကြာသေးမီက အာဆီယံ က ဥက္ကဋ္ဌနေရာအတွက် အတည်ပြုပေးခဲ့သည်။ သို့မဟုတ် တရုတ်အပေါ် အလွန်အကျွံမှီခိုမှုကို ချိန်ခွင်လျှာညှိရန် အမေရိကန်နှင့် ဆက်ဆံရေးတိုးတက်ရန် ကြိုးပမ်းခြင်းလည်းဖြစ်နိုင်သည်။

သမ္မတဦးသိန်းစိန်က ပြည်သူလူထု လိုလားချက်ကို တုန့်ပြန်သည့်အနေဖြင့် တရုတ်တို့ ဆောက်လုပ်နေသော အငြင်းပွားဖွယ် မြစ်ဆုံရေလှောင်တမံ စီမံကိန်းကို ရပ်ဆိုင်းခဲ့ခြင်းနှင့်အတူ အမေရိကန်အတွက် လမ်းဖွင့်ပေးခဲ့ခြင်းသည် မြန်မာနိုင်ငံ၏ နိုင်ငံခြားဆက်ဆံရေးကို ချိန်ညှိပေးသည့် အရေးပါသည့် ကြိုးပမ်းမှုဖြစ်ရာ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးကတည်းက နိုင်ငံခြားရေးမူဝါဒအတွက် မှတ်တိုင်ပင်ဖြစ်သည်။

မြန်မာစစ်တပ်သည် ပြည်ပမီဒီယာများတွင် ၎င်း၏ ပုံရိပ်သည် မကောင်းသော်လည်း ၎င်းတို့သည် မျိုးချစ်စိတ် မြင့်မားသူများဖြစ်ပြီး၊ ပြင်ပအင်အားကြီးနိုင်ငံများ၏ နယ်ရုပ်တစ်ရုပ် သို့မဟုတ် လက်အောက်ခံ မဖြစ်လိုပေ။ မြန်မာအစိုးရသည် အာဆီယံ၊ အရှေ့နှင့် အရှေ့တောင်အာရှတို့အပြင် အခြားနိုင်ငံများ၏ တရားဝင်အသိအမှတ်ပြုမှုကို ရှာဖွေနေသည်။

Obama အစိုးရ၏ ယခုနောက်ဆုံးလုပ်ဆောင်ချက်သည် အဆင့်နှစ်ဆင့်တွင် နိုင်ငံရေးအရ အကွက်မြင်မှု၊ လက်တွေ့ကျမှု၊ အခွင့်အရေးကို အသုံးချနိုင်မှုတို့ကိုပြသည်။ အမေရိကန်သည် မြန်မာနိုင်ငံအား ၎င်းတို့၏ ပြုပြင်ပြောင်းလဲမှုများအတွက် လေးလေးနက်နက် အပေါင်း လက္ခဏာဆောင်သော သြဘာပေးမှုကို ပြသသည်။ သို့သော် ဆက်လက်ဖြေလျော့ပေးရေးအတွက် ဆက်လက် တောင်းဆိုနေဆဲဖြစ်သည်။ ထို့ကြောင့် ပြုပြင်ပြောင်းလဲရေးသမားများကို အင်အားရှိအောင် လုပ်ပေးသည့်သဖွယ်လည်းဖြစ်သည်။ ၎င်းတို့သည် ပြည်တွင်းတွင် ဆန့်ကျင်သူ အများအပြားရှိနေသည်။ ယခု ပြုပြင်ပြောင်းလဲရေးများသည် ကမ္ဘာကြီးပေါ်တွင် အပေါင်းလက္ခဏာဆောင်သော သက်ရောက်မှုများရှိသည်ဟု သရုပ်ပြလိုက်သည့်သဖွယ်ဖြစ်သည်။

ထို့ကြောင့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များရပ်ဆိုင်းသွားရေးသည် ခက်ခဲလာမည်ဖြစ်သည်။ Obama ၏ လက်တွေ့ကျသော ဆက်ဆံရေးမူဝါဒသည် သေချာစွာသုံးသပ်ပြီးမှ ထွက်ပေါ်လာခြင်းဖြစ်ပြီး၊ အရေးယူမှုများ ဆက်လက်ထားရှိပြီး တွေ့ဆုံဆွေးနွေးမှုများ ဆက်လက် ဖြစ်ပေါ်စေခဲ့ခြင်းဖြစ်သည်။ အမေရိကန်၏ နိုင်ငံရေးအခင်းအကျင်းအရလည်း လက်တွေ့ကျသည်ဟု ဆိုနိုင်သည်။ အမေရိကန်တွင် အရေးယူပိတ်ဆို့မှုရော ဒေါ်အောင်ဆန်းစုကြည်ကိုရော ပါတီနှစ်ခုစလုံးက ပြင်းထန်စွာထောက်ခံသည်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း အရေးယူမှုများကို ဆက်လက်ထောက်ခံဆဲဖြစ်သည်။

ယခု နောက်ဆုံးလုပ်ဆောင်မှုအရ Obama အစိုးရအနေဖြင့် ၎င်းတို့၏ ထိတွေ့စကားပြောရေး မူဝါဒသည် ပို၍ အဆင့်မြင့်သော ပုဂ္ဂိုလ်အဆင့်သို့ ရောက်ရှိခဲ့ပြီဟု ပြောဆိုနိုင်ပြီဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း နိုင်ငံခြားရေးဝန်ကြီး ကလင်တန်၏ ခရီးစဉ်ကို ပုဂ္ဂိုလ်ရေးအရ သဘောတူညီထားရာ၊ အရေးယူမှုများ ရှိနေသော်လည်း အဆိုပါကိစ္စကို ယခုလောလောဆယ် ဘေးဖယ်ထားနိုင်သည်။

မြန်မာနိုင်ငံသည် ယခုလို အရေးကြီးသော လမ်းကြောင်းသစ်ပေါ်သို့ ရောက်ရန် ရာစုနှစ် တစ်ဝက်ခန့် အချိန်ယူခဲ့ရသည်။ လွန်ခဲ့သော နှစ် ၅၀ ကျော်က မြန်မာနိုင်ငံသည် အရှေ့တောင်အာရှတွင် အချမ်းသာဆုံးနှင့် ဖွံ့ဖြိုးတိုးတက်မှု အများဆုံးနိုင်ငံဖြစ်သည်။ စစ်တပ်မှ နှစ်ပေါင်း ၅၀ ခန့် ဆက်တိုက် အုပ်ချုပ်အပြီးတွင် အဆင်းရဲဆုံးနိုင်ငံဖြစ်လာခဲ့သည်။

ထိုနည်းတူစွာပင် အမေရိကန်ပြည်ထောင်စု အနေဖြင့်လည်း မြန်မာနိုင်ငံကို အထီးကျန်ပြုပြီး အစိုးရပြောင်းလဲရေးကိုသာ တောင်းဆိုနေမှုသည် အလုပ်မဖြစ်ကြောင်း သဘောပေါက်ရန် ဆယ်စုနှစ် နှစ်ခုခန့် အချိန်ယူခဲ့ရသည်။ နှစ်နိုင်ငံစလုံး၏ အကျိုးစီးပွားမှာ တစ်ခုနှင့် တစ်ခု ဒီဂရီတစ်ခုအထိ နွယ်ယှက်လျက် ရှိသော်လည်း ယခုအထိ အသိအမှတ်မပြုနိုင်သေးပဲ ရှိနေသည်။ ယခု အစပြုမှုအသစ်များသည် ဆက်ဆံရေးတိုးတက်ပြီး၊ ဆင်းရဲသော မြန်မာပြည်သူများ၏ လူနေမှုဘဝများ တိုးတက်ရေးကို ရှေးရှုနိုင်ပါစေဟု ကျွန်ုပ်တို့ မျှော်လင့်ယုံမှတစ်ပါး အခြားမတတ်နိုင်တော့ပေ။

 ***********************************************************************************************************

 

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၂၅.၁၁.၂၀၁၁

ဆောင်းပါးကဏ္ဍ

ဒီမိုကရေစီဘက်တော်သားများညီညွတ်ရေးနှင့် ဒီမိုကရေစီတိုးတက်မြင့်မားရေးဆီသို့

****************************************

ဆောင်းပါးကဏ္ဍ

ဒီမိုကရေစီဘက်တော်သားများညီညွတ်ရေးနှင့် ဒီမိုကရေစီတိုးတက်မြင့်မားရေးဆီသို့

မောင်းဆက်

(နိုဝင်ဘာ ၂၄ ထုတ် ပြည်သူ့ခေတ်ဂျာနယ် အတွဲ (၂) အမှတ် (၇၀) မှ ထုတ်ယူဖော်ပြသည်)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နိုင်ငံရေးပါတီအနေနှင့် မှတ်ပုံတင်တော့မည်ဆိုသည်က ယခုကာလများအတွင်း လူထုစိတ်အဝင်စားဆုံးသတင်း ဖြစ်နေခဲ့သည်။ အဖွဲ့ချုပ်ကို နိုင်ငံရေးပါတီအနေဖြင့် မှတ်ပုံမတင်စေလိုသူများ ရှိသလို၊ နိုင်ငံရေးပါတီအနေဖြင့် ရပ်တည်ပြီးကျယ်ပြန့်သော နိုင်ငံရေး စည်းရုံးရေး လှုပ်ရှားမှုများကို တစ်ပြည်လုံးအတိုင်းအတာနှင့် လုပ်စေချင်သူများလည်း ရှိနေသည်။

ပါတီအဖြစ် မှတ်ပုံမတင်စေလိုသူများမှာ ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို ယခုအတိုင်းထိန်းသိမ်းလိုသူများ၊ ၂၀၀၈ အခြေခံဥပဒေကို သဘော မတူသူများ ဖြစ်သည်။ ပြီးတော့ အဖွဲ့ချုပ်သည် မှတ်ပုံမတင်ဘဲရပ်တည်လို့ ရနိုင်သည်ဟုလည်း ယုံကြည်ကြသူများ ဖြစ်သည်။ ပါတီအဖြစ် မှတ်ပုံတင် လိုသူများက ရွေးကောက်ပွဲရလဒ်ကို ဆက်လက် အကောင်အထည်ဖော်ရန်နှင့် ကျယ်ပြန့်သော နိုင်ငံရေးလှုပ်ရှားမှုများ လုပ်နိုင်ရန်ဟူသော ရည်ရွယ် ချက်ကို ကိုင်စွဲထားသူများ ဖြစ်သည်။

ဆန့်ကျင်သော သဘောထားနှစ်ဖက် ရှိနေကြသော်လည်း ဒီမိုကရေစီ တိုးတက်မြင့်မာရေးနှင့် အစဉ် တည်တံ့ရေးဆီသို့ ချီတက်ရန်ဟူသည်မှာ နှစ်ဖက်စလုံး၏ တူညီသော သဘောထားဖြစ်သည်။ သည်နေရာမှာ ဦးဆောင် ဦးရွက်ပြု သူတို့၏ အခန်းကဏ္ဍက အရေးပါသည်။ ဒေါ်အောင်ဆန်း စုကြည်၊ ဦးဝင်းတင်တို့လို ခေါင်းဆောင်များက ရွေးချယ်သည့် ဆုံးဖြတ်ချက်နောက်ကို လိုက်ပါလုပ်ဆောင်ကြမည့်သူက အရေအတွက်အားဖြင့် ပိုများသည်ဟုထင်၏။ သည်တော့ ပါတီမှတ်ပုံတင်ဖြစ်ဖို့က အခွင့်အလမ်းပိုများနေသည်။

နောက်ဆွေးနွေးစရာ ခေါင်းစဉ်တစ်ခုက ပါတီမှတ်ပုံတင်ပြီးနောက် အဖွဲ့ချုပ်က ရွေးကောက်ပွဲ ဝင်၊မဝင်ဆိုသည့်အချက် ဖြစ်သည်။ တချို့က မှတ်ပုံတင်တာကို လက်ခံသည်။ သို့ရာတွင် အဖွဲ့ချုပ်ကို ဥပဒေအရမဝင်မဖြစ် ဝင်ရမည့်နေရာ သုံးနေရာသာ ဝင်စေချင်သည်။ အဖွဲ့ချုပ် အင်တိုက် အားတိုက် ရွေးကောက်ပွဲဝင်တာကို မလုပ်စေချင်။ အခုလာမည့် ရွေးကောက်ပွဲက ကြားဖြတ်ရွေးကောက်ပွဲမျှသာ ဖြစ်သောကြောင့်ဟူသော အကြောင်း ကြောင့်ဖြစ်သည်။ အဖွဲ့ချုပ်က ရွေးကောက်ပွဲအတွက် အင်တိုက်အားတိုက်လုပ်သော်လည်း လွှတ်တော်အတွင် အာဏာအဆုံးအဖြတ် နေရာကို ဘယ်လိုမှ ရစရာအကြောင်းမရှိဟုဆိုသည်။ တချို့ကမူ မှတ်ပုံတင်ရေး၊ မတင်ရေးကသာ ခက်ခဲသောအဆုံးအဖြတ်ဖြစ်၏။ မှတ်ပုံတင်ပြီး ဆိုမှဖြင့် အားလုံးသော နိုင်ငံရေးလှုပ်ရှားမှုများကို အရှိန်အဟုန်ပြင်းပြင်းဖြင့် လုပ်သင့်သည်ဟု ထင်သည်။ နိုင်ငံရေး ပါတီအဖြစ် မှတ်ပုံတင်မှတော့ နိုင်ငံရေးပါတီ တစ်ခု၏ စည်းရုံးရေးကိစ္စများ၊ နိုင်ငံရေးလှုပ်ရှားမှုများအားလုံကို ပြည်သူလူထုနှင့် လက်တွဲကာ လုပ်ဆောင်သင့်သည်ဟု ယူဆကြသည်။ ကြားဖြတ် ရွေးကောက်ပွဲ လစ်လပ်နေရာ အားလုံးကိုဝင်၍ အနိုင်ရအောင် လုပ်စေချင်သည်။ နှစ်ဖက်စလုံးရှိတူညီသော သဘောထားမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ပြည်သူလူထုအကြား ဂုဏ်သိက္ခာရှိရှိဖြင့် အင်အားကြီးမားကျယ်ပြန့်ရေးအရေးကြီးသည်ဟူသည့် သဘောထားဖြစ်သည်။

ရွေးကောက်ပွဲဝင်သင့်သည်ဟူသော အင်အားစုထဲတွင်လည်း နှစ်မျိုးကွဲပြားမှု ရှိနေတာကို တွေ့ရသည်။ တစ်စုက အဖွဲ့ချုပ် ရွေးကောက်ပွဲ ဝင်ရမည်။ ကြားဖြတ်လစ်လပ်သော နေရာအားလုံးကို ဝင်ရောက်ယှဉ်ပြိုင်နိုင်ရမည်။ သို့ရာတွင် ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းတင် အရှိသော ထိပ်တန်းခေါင်းဆောင်းများက ယခုအချိန်တွင် မဝင်သင့်၊ အဖွဲ့ချုပ်၏ အင်အားကျယ်ပြန့်ရေး၊ ကြီးမာရေးသာမက ကျစ်လစ်ခိုင်မာရေးအတွက် ပါတီစည်းရုံးရေးကိုသာ ဇောက်ချလုပ်သင့်သည်။ အဖွဲ့ချုပ်ဖွဲ့စည်းသည့် ၁၉၈၈ အောက်တိုဘာမှစ၍ ယခုအချိန်ထိအဖွဲ့ချုပ် အင်အားမှာ အလွန်ကြီးမား ခဲ့သည်ဟု ဆိုနိုင်သော်လည်း ကျစ်လျစ်ခိုင်မာသော ဖွဲ့စည်းမှုမျိုးမရှိသေး၊ နိုင်ငံရေးအားရှိသော ကေဒါသစ်များနှင့် ဗဟိုဦးစီးအဖွဲ့ဝင်သစ်များ၊ ဗဟို အလုပ်အမှုဆောင်သစ်များ လိုအပ်နေသည်။ ဒါကယခုအချိန်မှာဖွဲ့စည်းဖို့ အသင့်လျှော်ဆုံးဟု ယူဆကြသည်။ ကျန်တစ်စုက ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် လွှတ်တော်ထဲသွားသင့်သည်။ သည်လိုလုပ်လျှင် လွှတ်တော်ထဲမှာ အင်အားအရှိဆုံး အကျယ်လောင်ဆုံးစကားသံများ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ထွက်လို့ရမည်။ ဒါကအဖွဲ့ချုပ်၏ အင်အားပဲဖြစ်သည်။

ဤသို့ ကွဲလွဲမှုများရှိနေသော်လည်း အထက်ပါ ကွဲလွဲမှုများအားလုံး၏ တူညီသောဘုံရပ်တည်ချက်မှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ လူထုကြားမှာ ဂုဏ်သိက္ခာရှိရှိဖြင့် ကျစ်လျစ်ခိုင်မာပြီး အင်အားကြီးမားကျယ်ပြန့်ရေးပဲ ဖြစ်သည်။ ဒါက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ပတ်သက်သည့် သဘောထား။

သည်လိုအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ပြည်သူလူထုကအားကိုအားထား ပြုကြသည်မှာအဖွဲ့ချုပ်သည် ၁၉၈၈ ဒီမိုကရေစီရေးအုံကြွမှုကြီး၏ ရလဒ်ဟူ၍ သတ်မှတ်ထားသောကြောင့် ဖြစ်သည်။ အဖွဲ့ချုပ်၏ နိုင်ငံရေးလှုပ်ရှားမှုများသည် ၈၈ ဒီမိုကရေစီရေး၏ အဆက်ဖြစ်သည်ဟု ယူဆထား ကြတာ ဖြစ်သည်။ မဆုံးသေးသော ဒီမိုကရေစီခရီးကြမ်းကိုဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းတင်တို့ ခေါင်းဆောင်သော အဖွဲ့ချုပ်အင်အားဖြင့် ဆက်လက်ချီတက်ကြရမည်ဟု ယုံကြည်ကြတာ ဖြစ်သည်။ ဤအချက်သည်လည်းအထက်ပါ ကွဲလွဲမှုများရှိနေကြသူ အားလုံး၏ ဘုံရပ်တည်ချက်တစ်ခု ဖြစ်ပါလိမ့်မည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ကျစ်လျစ်ခိုင်မာသောကေဒါများဖြင့် အင်အားကြီးမားအောင် ဖွဲ့စည်းကာ ဒီမိုကရေစီ အစဉ်သဖြင့် ဆက်လက်တည်တံအောင် ထိန်းသိမ်းသွားနိုင်ရေးတို့ကို ပြည်သူလူထုနှင် လက်တွဲဆောင်ရွက်သွားရေးသည် ဘုံသဘောထားတစ်ခုပဲ ဖြစ်ပါသည်။ ဒါကမကွဲလွဲ။

အဖွဲ့ချုပ် အမျိုးသားပြန်လည်ရင်ကြားစေ့ရေး အဆိုပြုချက်ကို တောက်လျှောက်ဆုပ်ကိုင်ထားခဲ့ပြီး၊ ယခုအခါ  ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရအဖွဲ့သစ်၊ နိုင်ငံတော်သမ္မတဦးသိန်းစိန်တို့ တွေ့ဆုံကာ ရလဒ်ကောင်းများ ပေါ်ထွက်လာခြင်း အပေါ်မှာလူထုအနေနှင့် အားရမှု အတော်အတန် ရှိလာခဲ့တာဖြစ်သည့်အတွက် သည်နည်းလမ်းဖြင့် ဆက်လက် ချီတက်မည့် အပေါ်မှာလည်းကွဲလွဲမှု သိပ်မရှိပါ။ သည်လမ်းအတိုင်းဆက်လက် လျှောက်လှမ်းရန်မှာလည်း ဆက်လက်လျှောက်လှမ်းရန်မှာလည်း အဖွဲ့ချုပ်၏အင်အားက လိုအပ်သည်။ အဖွဲ့ချုပ်၏ နိုင်ငံရေးအင်အား၊ စည်းရုံးရေး အင်အား။

သည်တော့ အားလုံး၏ တူညီသော ဆန္ဒကိုအကောင်အထည်ဖော်ရန်အတွက် အဖွဲ့ချုပ်နှင့် ဒီမိုကရေစီအင်အားစုများ ခိုင်မာအင်အား ကြီးရေးက အရေးကြီးဆုံးနေရာမှာ ရှိနေသည်။ သည်ကိစ္စက နိုင်ငံရေးပါတီတစ်ခု ထူထာင်ပြီး အင်အားစုဆောင်းတာထက် အများကြီးပို၍ လေးနက် နေသည်။ အဖွဲ့ချုပ်၏ ဖွဲ့စည်းပုံကစပြီး စဉ်းစားစရာများ ရှိနေနိုင်သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟူ၍ စတင်ဖွဲ့စည်းခဲ့စဉ်က အဖွဲ့ချုပ်ပုံစံ ဖြစ်သည်။ ၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံမှ ပေါ်ထွက်လာခဲ့တော့ တက်သိပညာရှင်အစရှိသည့် ဒီမိုကရေစီအင်အားစုများ၊ တပ်မှူးကြီးများဖြင့် ဖွဲ့စည်း ထားသည့် မျိုးချစ်ကြီးများ၊ ဗိုလ်မှူးချုပ်အောင်ကြီးတို့၏ အင်အားစုများစသည့် အဓိကအင်အားစုသုံးစုဖြင့် အဖွဲ့ချုပ်ပုံစံဖွဲ့စည်းခဲ့တာ ဖြစ်သည်။ နောက်တော့ ဗိုလ်မှူးချုပ်အောင်ကြီးနှင့် အင်အားစုများနှင့် အဖွဲ့ချုပ် လမ်းခွဲသည်။ နောက်တော့ ၁၉၉၀ ရွေးကောက်ပွဲနောက်ပိုင်း နိုင်ငံရေး အပြောင်း အလဲမှာ မျိုးချစ် ရဲဘော်ဟောင်းများသည်လည်း အဖွဲ့အစည်းအနေနှင့် မရှိတော့။

လက်ရှိအဖွဲ့ချုပ်မှာ အမည်အားဖြင့်သာအဖွဲ့ချုပ် ဖြစ်သော်လည်း၊ ပုံသဏ္ဍာန်အားဖြင့် နိုင်ငံရေးပါတီကြီးတစ်ခုအနေနှင့် ရပ်တည်နေတာ ဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းတို့ ဖွဲ့စည်းသော ဖဆပလအဖွဲ့ချုပ်တွင် ဗမာ့တပ်မတော်၊ ကွန်မြူနစ်ပါတီ။ ပြည်သူ့အရေးတော်ပုံပါတီ (ဆိုရှယ်လစ် ပါတီ)နှင့် တစ်သီးပုဂ္ဂများ၊ တိုင်းရင်းသားကိုယ်စားလှယ်များ ပါဝင်သည်။ အဖွဲ့ချုပ်ကိုအတူလုပ်ကြသော်လည်းတစ်ဦးချင်းစီတွင် သီးခြားအယူအဆနှင့် သီးခြားပါတီများ ရှိနိုင်သည်။ ယခု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ပြန်လည်ဖွဲ့စည်းရာတွင် သည်လိုအဖွဲ့ချုပ် သို့မဟုတ် တပ်ပေါင်းစုစည်း မျဉ်းဖွဲ့စည်းပုံနှင့် ဖြစ်မည်လား၊ နိုင်ငံရေးပါတီကြီးတစ်ခုအနေဖြင့်ပဲ ဖွဲ့စည်းမည်လားဆိုတာကလည်း စိတ်ဝင်စားစရာဖြစ်သည်။ မြင်ရသလောက် ဆိုလျှင်မူ၊ နိုင်ငံရေးပါတီကြီးတစ်ခု၏ ဖွဲ့စည်းပုံနှင့်ပဲ သွားမည်ထင်ပါသည်။

သို့ရာတွင် ဒီမိုကရေစီရေးပန်းတိုင်သို့ လျှောက်လှမ်းရာတွင် ဒီမိုကရေစီမဟာမိတ်များ၊ ပါတီချင်းဆက်ဆံ ဆောင်ရွက်ရမှုများသည် ရှိနေဦးမည် ဖြစ်သည်။ သည်တော့ လုပ်ငန်းစဉ်ချင်းတူညီသည့် သို့မဟုတ် ဒီမိုကရေစီရေးကိစ္စရပ်များ ဆောင်ရွက်ရာတွင် အင်အာပိုမိုရရှိစေနိုင်မည့် နိုင်ငံရေး ပါတီများနှင့် ဆက်ဆံဆက်သွယ်ရေး၊ တစ်သီးပုဂ္ဂလများနှင့် ဆက်ဆံဆက်သွယ်ရေးတို့က လိုအပ်နေမှာဖြစ်သည်။ ဒီမိုကရေစီရေးဆိုင်ရာ မဟာမိတ်များ၊ ပူးပေါင်းဆောင်ရွက်ရမည့်သူများကို စိစစ် ရွေးချယ်ပြီးချဉ်းကပ်ဆက်ဆံရမည့် ကိစ္စရပ်များလည်း ရှိနေနိုင်သည်။ ဒါတွေအတွက် သာမက၊ ပါတီ၏ ကေဒါများအဖြစ် ရွေးချယ်စိစစ်ရာတွင်၊ ယခင်အဖွဲ့ချုပ် အဖွဲ့ဝင်ဟောင်းများအများအပြားကို ပြန်လည်ဆက်သွယ်ရမှာတွေ ရှိနေလိမ့်မည်။ အဖွဲ့ဝင်များ ထဲက တချို့က ဟိုတစ်ချိန်က နိုင်ငံရေးသဘောထားများအရ အဖွဲ့ချုပ်နှင့် ကင်းကွာနေသူတို့ရှိသည်။ တချို့က အခြားသောအကြောင်းများနှင့် အဖွဲ့ချုပ်နှင့် ဝေးနေတာတွေရှိမည်။ အချို့က အကျဉ်းထောင်ကမကြာမတင်ကမှ လွတ်မြောက်လာသူတွေ ဖြစ်နိုင်သည်။ အချို့က အကျဉ်းထောင် တွေထဲမှာ ကျန်ရှိနေသေးတာလည်း ဖြစ်နိုင်သည်။ ပန်းတိုင်နှင့် တူညီသော လုပ်ဆောင်နိုင်မှုများရှိသူ အားလုံးကို ပြန်လည်စည်းရုံးဖွဲ့စည်းရန် လိုမည်ထင်ပါသည်။

သည်လိုအခြေအနေမျိုးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြန်လည်ဖွဲ့စည်းမည်ဆိုလျှင် နိုင်ငံရေးအင်အား၊ စည်းရုံးရေးအင်အားရှိသူများနှင့် ပြန်လည်စတင်ရမှာ ဖြစ်သည်။ ပါတီ၏ စည်းရုံးရေး၊ နိုင်ငံရေးအင်အားသာမက၊ ဘဏ္ဍရေးကအစ စဉ်းစားလုပ်ဆောင်ရမှာတွေ ရှိနေမှာဖြစ်သည်။ ဒီမိုကရေစီခရီးကသွားရဦးမှာ ဖြစ်သည့်အတွက် တော်ရုံမတူညီမှုများ၊ မကျေနပ်မှုများကိုချေဖျက်၍  ညီညွတ်ရေးစိတ်ဓာတ် အရင်းတည်ကာ တည်ဆောက်ရမည်ဟု ယူဆပါသည်။ ဒီမိုကရေစီ ဘက်တော်သားများ၏ ညီညွတ်ရေးကိုအရယူကာ ဒီမိုကရေစီ တိုးတက်မြင့်မာရေး၊ အစဉ် တည်တံ့ရေး၊ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင်ဆီသို့ အဖွဲ့ချုပ်ကဖွဲ့စည်းဦးဆောင်ကာ ဆောင်ရွက်နိုင်လိမ့်မည်ဟု မျှော်လင့်မိပါ ကြောင်း။

*******************************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs