Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၁၀.၁.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. တရားဥပဒေစိုးမိုးမှု၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ဒီမိုကရေစီခိုင်မာရေး

*****************************************

ဆောင်းပါးကဏ္ဍ

တရားဥပဒေစိုးမိုးမှု၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ဒီမိုကရေစီခိုင်မာရေး

စာရေးသူတို့ Yangon Chronicle မှ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး အောင်အောင်မြင်မြင် ဖြတ်သန်းနိုင်ရန် စေတနာရှေ့ထား ရေးသားလာသည်မှာ တစ်နှစ်ပင် ကျော်လွန်သွားခဲ့ပြီဖြစ်သည်။ မြန်မာနိုင်ငံ လက်ရှိ ဒီမိုကရေစီအသွင်ကူးပြောင်းရေးမှာ ငြိမ့်ငြိမ့်ညောင်းညောင်းနှင့် အားလုံး ပါဝင်နိုင်သည့် နိုင်ငံရေးဖြစ်အောင် နိုင်ငံရေးအင်အားစုများအကြား ညှိနှိုင်းအဖြေရှာနိုင်ခဲ့သည့် နိုင်ငံခေါင်းဆောင်အချို့၏ နိုင်ငံရေးစေတနာကို စာရေးသူ အထူးပင် ကျေးဇူးတင်ပါသည်။ သို့သော် အဓိက နိုင်ငံရေး အသွင်ကူးပြောင်းမှုများကို ဆောင်ရွက်နိုင်သော်ငြားလည်း မြန်မာပြည်သူများစနစ် အသက်ဝင်ရေးအတွက်တော့ တိုက်တွန်း နှိုးဆော်ရမည့် ကိစ္စများစွာကျန်ရှိနေပါသေးသည်။  တနည်းဆိုရလျှင် ဒီမိုကရေစီ၏ အနှစ်သာရ ဖြစ်သော အချုပ်အခြာအာဏာသုံးရပ် ခွဲခြားကျင့်သုံးမှု ပီပြင်စေရေး အတွက် စာရေးသူတို့လို နိုင်ငံသားများများစွာ ကြိုးစားဆောင်ရွက်ရဦးမည်ဖြစ်သည်။

နိုင်ငံရေးတွင် အားလုံးပါဝင်နိုင်အောင် ဆောင်ရွက်အပြီး ပြည်သူများမှာ နိုင်ငံရေးနှင့် ပတ်သက်သည့် မျှော်လင့်ချက်များ ပြည့်ဝလာပြီဖြစ်ရာနောက်ထပ် အရေးကြီးသည့် အပြောင်းအလဲဖြစ်သော စီးပွားရေးတိုးတက်မှုကို အထူးလိုလားစောင့်မျှော်လျက်ရှိပါသည်။ ထို့အပြင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ဒီမိုကရေစီ ခိုင်မာအားကောင်းရေးသည့် များစွာဆက်စပ်မှုရှိသည့်အရာ ဖြစ်သည်။ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှ ဒီမိုကရေစီ ခိုင်မာအားကောင်းမည်ဟု ကံသေကံမပြောဆို မရနိုင်စေကာမူ ရင့်ကျက်သည့် ဒီမိုကရေစီကျင့်သုံးမှုရှိသည့် နိုင်ငံတိုင်းတွင်တော့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုရှိသည်ကို တွေ့မြင်ရသည်။ တနည်းဆိုရလျှင် ဒီမိုကရေစီခိုင်မာ အားကောင်းရေးဆိုသည်မှာ ပြည်သူများကြားတွင် ဒီမိုကရက်တစ်အလေ့အထများ ထုံကူးပြောင်းလဲပြီးတော့မှ ဖြစ်ပေါ်လာလျက်ရှိခြင်းကြောင့် ယင်းကို စိတ်ရှည်စွာ စနစ်တကျ တည်ဆောက်ယူရမည် ဖြစ်သည်။ သို့သော် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု မရှိသည့်နိုင်ငံများတွင်တော့ ဒီမိုကရက်တစ် အလေ့ အထများ ဖြစ်ပေါ်လာခြင်းမရှိဘဲ လူမှုစီးပွားရေးအကျပ်အတည်းများနှင့် အာဏာပိုင်စနစ်သို့ နောက်ကြောင်းပြန် လှည့်သွားသည်မျိုးလည်း ရှိပါသည်။ ထိုအတွက်ကြောင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုမှာ ဒီမိုကရေစီ ခိုင်မာရင့်ကျက်ရေး အတွက် ထောက်ကူ အားပေးမှုများရှိသည်ဟုဆို၍ရနိုင်ပါသည်။

ထိုကြောင့် မြန်မာနိုင်ငံ၏ ရရှိထားသော အမျိုးသားညီညွတ်မှုကို ရေရှည်ထိန်းသိမ်းထားနိုင်ရန် နိုင်ငံခေါင်းဆောင်များအနေနှင့် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုကို အလေးထားအာရုံစိုက်ရမည့် ကိစ္စပင်ဖြစ်သည်။ မြန်မာနိုင်ငံ၏ အသစ်ဖြစ်ထွန်းလာတော့မည့် ကုန်ထုတ်ဆက်ဆံရေးတွင် နိုင်ငံသားအားလုံး တန်းတူညီတူ ယှဉ်ပြိုင်နိုင်မည်ဟု စာရေးသူ များစွာမျှော်လင့်မိပါသည်။ ယခင် လက်ဝါးကြီးအုပ် လုပ်ပိုင်ခွင့်ရှာသည့် Rent- seeking စီးပွားရေးမှာ ဆင်းရဲချမ်းသာ ကွာဟမှု ကြီးမားပြီး နိုင်ငံသားများအားလုံးကို ချမ်းသာကြွယ်ဝမှုဆီသို့ ဆောင်ကြဉ်းသွားနိုင်ခြင်း မရှိသည့်အဖြစ်မှာ သင်ခန်းစာယူစရာပင် ဖြစ်သည်။ အခြား စက်မှု ဖွံ့ဖြိုးသည့် OECD နိုင်ငံများနည်းတူ စီးပွားရေးအကွက်အကွင်းချပေးရာ၌ နိုင်ငံသားတိုင်း ပါဝင်နိုင်မှုရှိအောင် ဆောင်ရွက်နိုင်မှုရှိအောင် Rent Free အနေအထား ထားရှိရန် ခက်ခဲနိုင်ပါသည်။ တနည်းဆိုရလျှင် မြန်မာနိုင်ငံ၏ စီးပွားရေးမူမှာ ယခင် တပ်မတော်အစိုးရ၏ တရားဥပဒေစိုးမိုးမှု အားနည်းခြင်းကြောင့် စီးပွားရေး အနေ အထားမှာ ဆိုးရွားစွာ ပုံစံပျက်ခဲ့ရသည်။ တားမြစ်ထားသော တရားမဝင်ရောင်းချသည့် ကုန်စည်များကြောင့် ယင်းဖြင့် ချမ်းသာကြွယ်ဝလာ သူများမှာ Rent Free အနေအထားတွင် စီးပွားရေး အကွက်အကွင်း တော်တော်များများကို လက်ဝါးကြီးအုပ်သွားမည့်သဘောမျိုးအပြည့်ရှိနေလျက်ရှိသည်။ ထိုအတွက်ကြောင့် နိုင်ငံ၏ နိုင်ငံရေးနှင့် စီးပွားရေးအပြောင်းအလဲများကို လိုလားသော နားလည်တတ်ကျွမ်းမှုရှိသည့် နိုင်ငံသားများကိုသာ ရွေးချယ်၍ economic rent ပေးအပ်သည့် မူဝါဒကောင်းများချမှတ်သင့်ပါသည်။

ထိုသို့ နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာ၌ တရားဥပဒေစိုးမိုးမှု အုပ်ချုပ်သူအစိုးရ၏ အဓိကလုပ်ဆောင်ရမည့် အရေးအရာပင် ဖြစ်သည်။ တရားဥပဒေစိုးမိုးမှုရှိမှသာ ပုဂ္ဂလိက ပိုင်ဆိုင်ခွင့်ကို အလေးထားနိုင်မည် ဖြစ်သည်။ ပုဂ္ဂလိကပိုင်ဆိုင်ခွင့်ဆိုသည်မှာ နိုင်ငံ၏ စီးပွားရေး ပါဝင်ပတ်သက် နေသည့် နိုင်ငံသားတိုင်း၏ မက်လုံးဖြစ်သည်။ ယင်းမက်လုံးကြောင့်ပင်လျှင် ယခင်ထက် အလုပ်များကိုပိုမိုလုပ်ကိုင်မည် ဖြစ်ပြီးစွန့်ဦးတီတွင် ယဉ်ကျေးမှုများ ထွန်းကားလာနိုင်မည်ဖြစ်သည်။ အမှန်စင်စစ် တရားဥပဒေစိုးမိုးမှုဆိုသည်မှာ နိုင်ငံတော်သမ္မတကြီးပြောသည့် ကောင်းမွန်သည့်အုပ်ချုပ်ရေး (Good governance) ပင်ဖြစ်သည်။ လွှတ်တော်တွင် ပြဋ္ဌာန်းလိုက်သည့် ဥပဒေကို အုပ်ချုပ်ရေးမှ ပြဋ္ဌာန်းလိုက်သည့် ဥပဒေအတိုင်း ကျင့်သုံး အကောင်အထည်ဖော်ခြင်း၊ အုပ်ချုပ်ရေးမှ ဥပဒေအတိုင်း ကျင့်သုံးမှု ရှိ၊မရှိကို လွှတ်တော်၏ ရေးရာကော်မတီများမှ ကြားနာစစ်ဆေးခြင်းနှင့် တရားစီရင်ရေးမှ ပြဋ္ဌာန်းလိုက်သည့် ဥပဒေသည် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ကိုက်ညီခြင်းရှိ၊ မရှိကို အဓိပ္ပယ်ဖွင့်လေ့လာခြင်း အစရှိသည့် အချုပ်အခြားအာဏာသုံးရပ်မှ အပြန်အလှန် ထိန်းကျောင်း ကြပ်မတ်မှသာလျှင် Rule of law မှာ ပီပီပြင်ပြင် ဖြစ်ထွန်းလာနိုင်ပါသည်။ ထိုအတွက်ကြောင့် စာရေးသူ အထက်ကဆိုခဲ့သလို စနစ်အသက်ဝင်ရေးမှာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အပါအဝင်၊ တရားဥပဒေစိုးမိုးမှု ရှိစေခြင်းနှင့် နောက်ဆုံး ဒီမိုကရေစီ ရင့်ကျက်ခိုင်မာစေရေးအတွက် အဆင့်ဆင့် အထောက်အကူပြုသည် ဖြစ်ရာ နိုင်ငံခေါင်း ဆောင်းများနှင့် နိုင်ငံသူ၊ နိုင်ငံသားအားလုံး စနစ်အသက်ဝင်အောင် အားထုတ်ကြိုးပမ်းရေးမှာ သမိုင်းပေး တာဝန်တစ်ရပ်ပင် ဖြစ်သည်။ ထိုသို့ စနစ်အသက်ဝင် ရေးအတွက် နိုင်ငံရေးစေတနာ ပြည့်ဝမှုကို လက်မလွှတ် တမ်းထိန်းသိမ်းထားမှုမှာလည်း နိုင်ငံခေါင်းဆောင်များ၏ သမိုင်းဝင်စေမည့် လုပ်ရပ်ဖြစ်ကြောင်းကိုလည်း အလေးအနက် နှလုံးသွင်းစေချင်ပါသည်။

*****************************************

 

 

 

 

 

 

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

yangonchronicle2011
yangonchronicle2011

၁၀.၁.၂၀၁၂

ပြည်တွင်းသတင်းများ

  1. ကူးတို့ဆိပ် မီးလောင်ပေါက်ကွဲမှုအား ဖော်ထုတ်ရန် အထူးခုံရုံးအဖွဲ့ ရုံးထိုင်
  2. နိုင်ငံခြားသားများအတွက် ခရီးသွားအာမခံ ဆောင်ရွက်မည်

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. ချင်းအမျိုးသားတပ်ဦး(CNF) ငြိမ်းချမ်းရေး ပဏာမ သဘောတူညီချက် လက်မှတ်ရေးထိုး
  2. ဟီလာရီ နောက်ဆက်တွဲ ဒဲရစ်မစ်ချဲလ် မြန်မာပြည်ရောက်ရှိ
  3. NLD မှ ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်များအား ဇန်နဝါရီလအတွင်း ရွေးချယ်မည်

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

*****************************************

ပြည်တွင်းသတင်းများ

ကူးတို့ဆိပ် မီးလောင်ပေါက်ကွဲမှုအား ဖော်ထုတ်ရန် အထူးခုံရုံးအဖွဲ့ ရုံးထိုင်

ရန်ကုန်တစ်မြို့လုံး တုန်လှုပ်ခဲ့ရသည့် မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ကူးတို့ဆိပ်ရပ်ကွက် မီးလောင်ပေါက်ကွဲမှုနှင့် ပတ်သက်၍ အထူးစုံစမ်း စစ်ဆေးရေး အဖွဲ့က ဇန်နဝါရီလ ၁၀ ရက်တွင် ခုံရုံးဖွဲ့၍ ရုံးထိုင်စစ်ဆေးမှု စတင်ခဲ့ကြောင်း သိရသည်။

ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်ရှိ အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာန၊ အင်းစိန်မှုခင်းတပ်ဖွဲ့နှင့် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာနအောက်ရှိ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ ဦးစီးဌာနတို့မှ ပြန်တမ်းဝင် အရာရှိကြီးများပါဝင်သည့် အထူးစုံစမ်းရေးအဖွဲ့သည် ရန်ကုန်မြို့ရှိ ပြည်ထဲရေး ဝန်ကြီးဌာနရုံးဟောင်း (ယခုပတ်စပို့ရုံး)တွင် ရုံးထိုင်ကာ ယင်းအမှုအား စစ်ဆေးနေကြောင်း အင်းစိန်မှုခင်းတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

“ဒီနေ့က တာမွေမီးသတ်က သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တွေရယ်၊ အရာရှိတွေရယ်ကို စစ်မေးတယ်။ သူတို့ရဲ့ဖြေကြားချက်တွေကို အဖွဲ့က လေ့လာ သုံးသပ်ပြီး မကြာခင် ထုတ်ပြန်မှာပါ”ဟု ယင်းရဲအရာရှိက ဆိုသည်။

ယင်းအဖွဲ့အနေဖြင့် အဆိုပါရပ်ကွက် အတွင်းနေထိုင်သူ ပြည်သူတစ်ချို့ကိုလည်း ခုံရုံးသို့ခေါ်၍ စစ်ဆေးမည်ဖြစ်ကြောင်း ယင်းရဲအရာရှိက ဆက်လက် ပြောကြားသည်။

ကူးတို့ဆိပ်မီးလောင်ပေါက်ကွဲမှုအား ဖော်ထုတ်ရန် ဒု-သမ္မတစိုင်းမောက်ခမ်းမှ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန ညွှန်ချုပ်နှင့် အင်းစိန်မှုခင်းတပ်ဖွဲ့ (အောက်မြန်မာနိုင်ငံ) ၏ ဒုတိယတပ်ဖွဲ့မှူး ရဲမှူးကြီး ဦးညိန်းအား တာဝန်ပေးထားကြောင်း သိရသည်။

“ခုံရုံးဖွင့်ရတယ်ဆိုတာကလည်း BSI က ညွှန်ချုပ်တောင်းဆိုလို့ပါ”ဟု မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ ဆိုသည်။

မီးလောင်ပေါက်ကွဲသည့်မြေနေရာတွင် အစိုးရချင်းသာ ချိတ်ဆက်ရောင်းဝယ်နိုင်ပြီး မီးလောင်ဗုံးနှင့် စိတ်ကြွဆေးများ ထုတ်လုပ်ရာတွင် အသုံး ပြုသည့်  Red Phosphrous များ တွေ့ရှိသည်ဟူသည့် သတင်းများ ထွက်ပေါ်လျက်ရှိသည်။

YC(KS)

-----------------------------------------------------------------------------------------------------------------------------------

နိုင်ငံခြားသားများအတွက် ခရီးသွားအာမခံ ဆောင်ရွက်မည်

မြန်မာနိုင်ငံအတွင်းသို့ လာရောက်လည်ပတ်မည့် နိုင်ငံခြားသားခရီးသွားများအတွက် ခရီးသွားအာမခံပေးရေး ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းဘုတ်အဖွဲ့(MTB) မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံအတွင်း ပြည်ပမှ လာရောက်လည်ပတ်သည့် နိုင်ငံခြားသားများအတွက် ခရီးသွားအာမခံ လုပ်ဆောင်ပေးရေးကိစ္စအတွက် လက်ရှိ အချိန်တွင် မြန်မာ့အာမခံလုပ်ငန်းနှင့် ညှိနှိုင်းလျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သည့် နိုင်ငံခြားသားများအတွက် ခရီးသွားအာမခံကိစ္စရပ်များ မရှိသေးသည့်အတွက် ဆောင်ရွက်ရခြင်းဖြစ်ပြီး လက်ရှိ လာရောက်လည်ပတ်နေသည့် နိုင်ငံခြားသားခရီးသွားများမှာ တစ်ဖက်နိုင်ငံ ကုမ္ပဏီ၏ အသက် အာမခံဖြင့်သာ လာရောက်ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် အစိုးရသစ်လက်ထက်မှ စတင်၍ ပြည်ပရင်းနှီးမြှုပ်နှံမှုများမှာ တရှိန်ထိုး ဝင်ရောက်လာသည့်နှင့်အညီ မြန်မာ့အာမခံလုပ်ငန်းများ တွင်လည်း ပြည်ပနိုင်ငံကုမ္ပဏီများမှ လာရောက်လုပ်ကိုင်ရန် စိတ်ဝင်စားလျက်ရှိပြီး မြန်မာနိုင်ငံအတွင်း ယခုနှစ်ဆန်းပိုင်းတွင် ဂျပန်ကုမ္ပဏီတစ်ခုမှ အာမခံရုံး ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။

လက်ရှိ မြန်မာ့အာမခံလုပ်ငန်းမှ ခရီးသွားအာမခံများအဖြစ် ရေကြောင်းအာမခံလုပ်ငန်းနှင့် လေကြောင်း အာမခံလုပ်ငန်းများတွင်သာ လုပ်ငန်းရှင်များမှ အာမခံထားရှိကြကြောင်း သိရသည်။

Ref:Venus

*****************************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

ချင်းအမျိုးသားတပ်ဦး (CNF) ငြိမ်းချမ်းရေး ပဏာမ သဘောတူညီချက် လက်မှတ်ရေးထိုး

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရ၏ ငြိမ်းချမ်းရေးဖိတ်ခေါ်ချက်အရ ငြိမ်းချမ်းရေး တည်ဆောက်ရန်အတွက် ချင်းပြည်နယ် အစိုးရ အဖွဲ့မှ ပြည်နယ်အဆင့် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် ချင်းအမျိုးသားတပ်ဦး (CNF) ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့တို့ ပဏာမ သဘောတူညီချက် လက်မှတ်ရေးထိုး ပွဲကို ဇန်နဝါရီလ ၆ ရက်က ချင်းပြည်နယ် အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ ပဏာမ သဘောတူညီချက် လက်မှတ်ရေးထိုးပွဲသို့  ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးရေး အဖွဲ့ခေါင်းဆောင် ရထားပို့ဆောင်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်း၊ ချင်းပြည်နယ် ဝန်ကြီးချုပ် ဦးဟုန်းငိုင်း၊ ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ကြီး ဗိုလ်မှူးကြီး ဇော်မင်းဦး၊ အနောက်မြောက် တိုင်းစစ်ဌာနချုပ် စစ်ဦးစီးမှူး (ပထမ တန်း) ဒုတိယဗိုလ်မှူးကြီး ကိုကိုကြီး၊ ပြည်နယ်ဥပဒေချုပ် ဦးကပ္ပတီအယ်လ်နှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ ချင်းအမျိုးသား တပ်ဦး (CNF) ငြိမ်းချမ်းရေး ဆွေးနွေးရေး အဖွဲ့မှ ဒေါက်တာရွှေခါး ဦးဆောင်သည့် အဖွဲ့ဝင်များ တက်ရောက် ကြသည်။

ရှေးဦးစွာ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးရေး အဖွဲ့ခေါင်းဆောင် ရထားပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်း၊ ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးဟုန်းငိုင်း၊ ငြိမ်းချမ်းရေး အကျိုးဆောင် အဖွဲ့တို့၏ ရှေ့မှောက်၌ ပြည်နယ်အဆင့် ငြိမ်းချမ်း ရေးဆွေးနွေးရေးအဖွဲ့နှင့် ချင်းအမျိုးသားတပ်ဦး (CNF) ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့ တို့သည် ပဏာမ ဆောင်ရွက်ရန် သဘောတူညီချက်အချို့အား လက်မှတ်ရေးထိုးကြပြီး အမှတ်တရလက်ဆောင်များ ပေးအပ်ကြကြောင်း သိရသည်။

ယင်းနောက် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနဝန်ကြီး ဗိုလ်မှူးကြီးဇော်မင်းဦးနှင့် ချင်းအမျိုးသားတပ်ဦး(CNF) ငြိမ်းချမ်းရေး ဆွေးနွေးရေး အဖွဲ့ခေါင်းဆောင် ဒေါက်တာရွှေခါးတို့သည် ပဏာမ သဘောတူညီချက်စာချုပ်ကို အပြန်အလှန်လဲလှယ်ကြပြီး ပြည်ထောင်စုဝန်ကြီးများနှင့် အတူ စုပေါင်း မှတ်တမ်းတင် ဓါတ်ပုံရိုက်ကြကြောင်း ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၉ ရက်နေ့ထုတ် မြဝတီသတင်းစာတွင် ဖော်ပြချက်အရ သိရသည်။

YC

-----------------------------------------------------------------------------------------------------------------------------------

ဟီလာရီ နောက်ဆက်တွဲ ဒဲရစ်မစ်ချဲလ် မြန်မာပြည်ရောက်ရှိ

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်နိုင်ငံ ကိုယ်စားလှယ် ဒဲရစ်မစ်ချဲလ်သည် မြန်မာနိုင်ငံသို့ လေးကြိမ်မြောက်ခရီးစဉ်အဖြစ် ဇန်နဝါရီ ၉ရက်နေ့တွင် ရောက်ရှိ လာကြောင်း သိရသည်။

မြန်မာနိုင်ငံရှိ ခြောက်သွေ့ဒေသများသို့ သွားရောက်ပြီး ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ပတ်သက်၍ လေ့လာသွားမည်ဟု အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်၏ မြန်မာပြည်ခရီးစဉ်အပြီး နောက်ဆက်တွဲ တိုးတက်မှုများကို လာရောက်လေ့လာသည့် အနေဖြစ် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် မူဝါဒညှိနှိုင်းရေးမှူး ဒဲရစ်မစ်ချဲလ်အပြင် လူကုန်ကူးမှု တိုက်ဖျက်ရေး သံအမတ် လူးဝစ်စီဒဲလ်ပါ ရောက်ရှိနေကြောင်း သိရသည်။

လူးဝစ်သည် လူကုန်ကူးမှုများ ဆက်လက်မဖြစ်ပွားနိုင်စေရန် လုပ်ဆောင်မည့်နည်းလမ်းများကို လာရောက်ရှာဖွေ လေ့လာခြင်းဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

အလုပ်သမား အခွင့်အရေး ပိုမိုကောင်းမွန်လာရေးအပါဝင် လိင်ပိုင်းဆိုင်ရာ လူကုန်ကူးမှုများ မြန်မာနိုင်ငံ၌ ပျောက်ကင်းစေရန်အတွက် မစ်ချဲလ်နှင့် မြန်မာအစိုးရ ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးသွားရန် အစီစဉ်ရှိကြောင်း အထက်ပါ ထုတ်ပြန်ချက်အရ သိရသည်။

အစိုးရမဟုတ်သော လူမှုရေးအဖွဲ့အစည်း၊ နိုင်ငံတကာ အဖွဲ့အစည်းတွေအပါအဝင် အမျိုးသား လူ့အခွင့်အရေး ကော်မရှင်နှင့်လည်း လူးဝစ်သည် သွားရောက်တွေ့ဆုံ ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

၎င်းအပြင် ဇန်နဝါရီလ ၁၂ ရက်နေ့တွင် မြန်မာနိုင်ငံအားစီးပွားရေး ပိတ်ဆို့အရေးယူမှုကို ထောက်ခံသူ အမေရိကန် လွှတ်တော်အမတ် ဂျိုလ်းခရော်လေး လာရောက်ပြီး အစိုးရအရာရှိအကြီးအကဲများ၊ တိုင်းရင်းသား/ နိုင်ငံရေးခေါင်းဆောင်များအပြင် ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း တွေ့ဆုံဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရသည်။

Peace Press

-----------------------------------------------------------------------------------------------------------------------------------

NLD ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်များအား ဇန်နဝါရီလအတွင်း ရွေးချယ်မည်

ဧပြီလ ၁ ရက်နေ့၌ ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်မည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ကိုယ်စားလှယ်လောင်း များကို ၂၀၁၂ ခုနှစ် ဇန်နဝါရီလ တတိယရက်သတ္တပတ်အတွင်း အပြီးသတ် ရွေးချယ်သွားမည်ဖြစ်ကြောင်း သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဦးကြည်တိုးက ပြောကြားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီအနေဖြင့် ကြားဖြတ်ရွေးကောက်ပွဲ အနိုင်ရရှိရေးအတွက် မြန်မာတစ်နိုင်ငံလုံးတွင် ပါတီဝင် လျှောက်လွှာများကို တစ်စောင်လျှင် တစ်ရာကျပ်နှုန်းဖြင့်  ဖြန့်ဝေမည် ဖြစ်ကြောင်း သိရသည်။

ကြားဖြတ်ရွေးကောက်ပွဲတွင် NLD ပါတီကိုယ်စားပြုအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည့်ပြည်နယ်နှင့် တိုင်းဒေသကြီးရှိ ပါတီဝင်များက ရွေးချယ်ထားသည့် ကိုယ်စားလှယ်လောင်းစာရင်းအား NLD ပါတီဗပိာုဌာနချုပ်သို့ ဇန်နဝါရီ ၁၁ ရက်နေ့ နောက်ဆုံးထား၍ စာရင်းပေးပို့ရမည်ဖြစ်ကြောင်း သိရသည်။

“၁၁ရက်နေ့မှာ အပြီးသတ်စာရင်းတင်ရမယ်ဆိုတော့ ၁၁ ရက်နောက်ပိုင်းမှာမှ အပြီးသတ်စာရင်း ထုတ်ပြန်နိုင်မှာပါ။ ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ကိုတော့ ကော့မှူးမှာ ပြိုင်ဖို့ လျာထားတာရှိပါတယ်”ဟု ဦးကြည်တိုးက ဆိုသည်။

ထို့ပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီ၏ ဇန်နဝါရီ ၂ရက်နေ့၌ ကျင်းပခဲ့သည့် ဗပိာုအောင်နိုင်ရေးအဖွဲ့ အစည်းအဝေးတွင် ကြားဖြတ် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် ကိုယ်စားလှယ်လောင်းများ ရွေးချယ်ရာ၌ ဒီမိုကရေစီရေးအား သစ္စာစောင့်သိသူ၊ ပညာအရည်အချင်းနှင့် အလုပ်အကိုင် အတွေ့အကြုံရှိသူ တိုင်းရင်းသားများ၊ အမျိုးသမီးများ နှင့် လူငယ်များကို ဦးစားပေးရွေးချယ်ရန် ဆုံးဖြတ်ချက်ချမှတ်ခဲ့ကြောင်း သိရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီသည် ၂၀၁၁ ခုနှစ်နိုဝင်ဘာလ ၁၈ရက်နေ့တွင် ဗပိာုအလုပ်အမှုဆောင် အစည်းအဝေးခေါ်ယူ၍ ပါတီ မှတ်ပုံတင်ရန်နှင့် ကြားဖြတ်ရွေးကောက်ပွဲဝင်ရန် ဆုံးဖြတ်ချက်ချမှတ်ခဲ့ပြီး ၎င်းအစည်းအဝေး၌ပင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီမှ လွှတ်တော်တွင်း လစ်လပ်မဲဆန္ဒနယ် (၄၈) နေရာလုံး၌ ဝင်ရောက်ယှဉ်ပြိုင် သွားရန် ကန့်ကွက်သူမရှိ တညီတညွှတ်တည်းဆုံးဖြတ်ခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအား ဇန်နဝါရီလ ၅ ရက်နေ့တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ နိုင်ငံရေးပါတီမှတ်ပုံတင်အမှတ် ၄၇ ဖြင့် ပါတီမှတ်ပုံတင်ခွင့်ပြုခဲ့ကြောင်း နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြပါရှိသည်။

YC

*****************************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

“ဒါပေမဲ့ အပြောင်းအလဲကာလတွေနဲ့အတူ ပြုပြင်ပြောင်းလဲရေးကို မြန်မြန်လုပ်ချင်သူတွေ၊ ပြီးတော့ ပိတ်ပင်ဟန့်တား ထားချင်တဲ့လူတွေ၊ ဒါ့အပြင် ဘာတွေပြောင်းလဲလာတယ်ဆိုတာကို မမြင်မတွေ့ရမချင်းခြံစည်းရိုး ခွထိုင်ပြီး အလယ်မှာ နေချင်သူတွေ အများအပြား ရှိကြတာကိုလည်း ကျွန်မတို့ သတိထားမိပါတယ်” လို့ ပြောခဲ့ပါတယ်။ ခြံစည်းရိုး ခွထိုင်နေတဲ့ လူတွေဟာ ဘယ်ခေတ်ဘယ်ကာလ၊ ဘယ်နိုင်ငံမှာမဆိုရှိတတ်ပြီး အခြေအနေ တွေကို အကဲခတ်ရင်း ကောင်းလာမှ၊ သာလာမှ စည်းရိုးပေါ်ကနေ သာတဲ့ဘက်ကို ခုန်ဆင်း၊ ခုန်ကူးကြတဲ့ သဘောသဘာဝတွေကို တွေ့ရလိမ့်မယ်။

ဇန်နဝါရီ ၉ ထုတ် Favourite News အတွဲ (၃) အမှတ် (၁၃၂) တွင်ပါသည့် ဆောင်းပါးရှင် ထက်ကျော်ရေးသားသည့် “စည်းရိုးပေါ် ခွမထိုင်နဲ့” ဆောင်းပါးမှ ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

ဒီလိုအခြေအနေမျိုးတွေမှာ နိုင်ငံသားတိုင်းအနေနဲ့ ပြုပြင်ပြောင်းလဲရေးတွေမှာ ပါဝင်ဖို့လိုနေပြီပေါ့နော်။

ဟုတ်ပါတယ်။ နိုင်ငံသားတိုင်းဆိုရာမှာ အစိုးရလည်း လူပဲ။ လူလည်း အစိုးရပဲ။ ဒီခေတ်က အစိုးရနဲ့ ပြည်သူ အတူတူဖြစ်သွားပြီ။ ဘာလို့လဲဆိုတော့ အစိုးရကို ပြည်သူက ရွေးချယ်တင်မြှောက်ထားတာ။ အခု အစိုးရနဲ့ ပြည်သူက အပြန်အလှန် ဖြစ်သွားပြီ။ အရင်က အစိုးရဆိုတာ အဖွဲ့အစည်းတစ်ခုက တာဝန်ယူ ထားတာ။ အခုကတော့ ဘယ်လောက်ပဲ တော်နေပါစေ။ ရွေးကောက်ပွဲဝင်မှ ပြည်သူက ရွေးချယ်မှဖြစ်မယ်။ စဉ်းစားကြည့်လေ ကိုယ်က ဝန်ကြီးဖြစ်ရင် ဖြစ်မယ်။ ဒါပေမဲ့ ဆေးရုံ ဆေးခန်းသွားရင် ကိုယ်က ပြည်သူတစ်ဦးပဲ။ အစိုးရသည် ပြည်သူ၊ ပြည်သူသည် အစိုးရ။ အပြန်အလှန် နားလည်မှု ရှိဖို့လိုတယ်။ အခုလို နှုန်းအမြန်နဲ့ သွားဖို့က အစိုးရရော ပြည်သူရော အားလုံးပြိုင်တူတွန်းမှရမယ်။ ကျွန်တော်တို့ဘက်က ပြောချင်တာကတော့ အခုပြင်ဆင်မယ့် ဥပဒေ တွေကို လွှတ်တော် နှစ်ရပ်စလုံးကလည်း သေသေချာချာ လေ့လာဝေဖန်ပြီးတော့ မြန်မြန်ဆန်ဆန်လည်း ဆုံးဖြတ်စေချင်တယ်။ တစ်ဖက်နဲ့တစ်ဖက် ညှိနှိုင်းပြီး လိုအပ်တဲ့ဥပဒေတွေကို မြန်မြန်ပြင်ဆင် ထွက်ပေါ်လာဖို့ မျှော်လင့်ပါတယ်။

ဇန်နဝါရီ (၁၀) ထုတ် The Street View အတွဲ (၁) အမှတ် (၁) တွင်ပါသည့် “တရားလွှတ်တော်ရှေ့နေ ဦးသန်းမောင်နှင့် အင်တာဗျူး” ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

“နိုင်ငံရဲ့ ဥပဒေအရပ်ရပ်ကို လေးစားလိုက်နာဖို့ကတော့ နိုင်ငံသူ နိုင်ငံသားတိုင်း နိုင်ငံအသီးသီးမှာ လက်ခံရတဲ့ အချက် တစ်ခု ဖြစ်ပါတယ်၊ ဒီတော့ ဒီဥပဒေတွေကို ပြုပြင်သင့်ရင်၊ ပြောင်းလဲသင့်ရင်တော့ ပြုပြင်ပြောင်းလဲနိုင်အောင် ကြိုးစားတဲ့ နိုင်ငံသားတိုင်း အခွင့်အရေးရှိမယ်လို့ ယုံကြည်ပါတယ်၊ ဒါကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ နိုင်ငံကို အကျိုးပေးတယ်လို့ မမြင်တဲ့အချက်တွေကို ပြုပြင်ပြောင်းလဲဖို့ ကြိုးစားသွားရာမှာလဲ နိုင်ငံသူ နိုင်ငံသား တိုင်းရဲ့ တာဝန်တစ်ခုအနေနဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ဆောင်ရွက်သွားရပါမယ်၊ ဒါဟာ အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ် မှတ်ပုံတင်တဲ့အခါမှာ လုပ်ဆောင်ရမယ့် အဓိက လုပ်ငန်းကြီးဖြစ်ပါတယ်”

ဇန်နဝါရီ ၁၀ ထုတ် ကုမုဒြာဂျာနယ် အတွဲ (၁) အမှတ် (၄၅) တွင်ပါသည့် “ဒေါ်အောင်းဆန်းစုကြည် လွှတ်တော်ထဲ ရောက်လာမယ် ဆိုရင်” သတင်းဆောင်းပါးမှ ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

*****************************************

 

 

 

                


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs